အပိုင်း ၁၈၅
Viewers 57k

Chapter 185




မိတ်ကပ်ပြင်ပေးသူက သူ့ကို အောက်ခံမိတ်ကပ် အနည်းငယ်နှင့် highlight အချို့သုံးကာ ဖြူဖွေးနေပြီးသား အသားအရေကို ပိုမို ဆွတ်ဆွတ်ဖြူစေပြီး ပါးလျသည့် နှုတ်ခမ်းပါးကို ဖြူလျော်သည့် ပန်းရောင်ဆိုးဆေး ဆိုးပေးလိုက်သည့်အတွက် အားနည်းကာ ကျန်းမာရေး ချို့ယွင်းသည့် ရာဇဝင်ထဲမှ လီရှန်းကျစ်နှင့် တစ်ထပ်တည်း တူညီသွားတော့သည်။ ရှည်လျားလှသည့် ဆံနွယ်တို့ကို ကျောက်စိမ်းဆံထိုး တစ်ချောင်းတည်းဖြင့် ထုံးဖွဲ့ထားပြီး အချို့ကို ပုခုံးပေါ်သို့ ကပိုကရို ချထားသည်။ ညင်ညင်သာသာ လမ်းလျှောက်လေတိုင်း လေနှင့်အတူ ဆံနွယ်တို့ မျောလွင့်လာသည်မှာ ချောမောလှသည့် ရှေးခေတ်အမျိုးသားတစ်ဦး မျက်မှောက် ခေတ်သို့ လမ်းပျောက်ကာ အလည်ရောက်လာသည့်နှယ်ပင်။ 


သူဝင်လာသည့်အခါ အားလုံး သူ့ကိုသာ တအံ့တဩ ငေးကြည့်နေကြတော့သည်။


လျှိုရီလိန်က အနည်းငယ် ကြောင်အသွားကာ ထို့နောက်တွင်မှ လက်ကို ဆန့်ထုတ်၍ မိတ်ဆက်လိုက်သည်။


“ဟယ်လို ရှောင်ကျားရှု ငါက လျှိုရီလိန်ပါ လိရှန်းချန်ဇာတ်ကောင်ကို သရုပ်ဆောင်မယ့်သူပေါ့ တွေ့ရတာ ဝမ်းသာပါတယ် ...”


“အာ ကျွန်တော်သိပြီ ကျိုးလန်အဖြစ် သရုပ်ဆောင်ခဲ့တာကလည်း တကယ်ကို ရာဇဝင်ကို တစ်ခေတ်ဆန်းစေခဲ့တာနော် အလုပ် အတူတူ တွဲလုပ်ခွင့်ရတာ ဝမ်းသာပါတယ် ...”


အတူတူ အလုပ်တွဲလုပ်ရမည့် သရုပ်ဆောင်များသည် ဂုဏ်သတင်း ကောင်းမွန်ကြကာ ရုပ်ရည်သွင်ပြင်တွင် သာမက အရည်အချင်းပိုင်းတွင်ပါ ကောင်းမွန်ကြသည့်အတွက် ရှောင်ကျားရှုလည်း လွန်စွာ ဝမ်းမြောက်မိလာတော့သည်။ 


ပျော်ရွှင်စရာကောင်းတဲ့ ပူးပေါင်းမှုတစ်ခု ဖြစ်လာန်ိုင်လောက်တယ် ...


“ကျေးဇူးတင်ပါတယ် မင်းသရုပ်ဆောင်ထားတဲ့ 001 ကလည်း အတော်လေးကို အထင်ကြီးစရာပဲနော် ...”


လျှိုရီလိန်၏ လေသံမှာ အလွန်အမင်း စိတ်အားထက်သန်နေဟန်။


ရှောင်ကျားရှုက ရှက်ပြုံးပြုံးကာ စကားပြောနေရင်း သူ့ကို တိတ်တဆိတ် အကဲဖြတ်နေလိုက်သည်။ လူငယ်မျိုးဆက်သစ် သရုပ်ဆောင်များအနက် လျှိုရီလိန်အပေါ် အထင်အကြီးဆုံးဖြစ်ကာ လင်းလဲ့ယန်ထက်ပင် ပိုသာလှပေသည်။ အကြောင်းမှာ လူတိုင်းက သူသည် ကျိကောနှင့် ဆင်တူသည့်အပြင် သရုပ်ဆောင်စွမ်းရည်မှာလည်း ပြောင်မြောက်လှသည်ဟု ဆိုကြ၍ ဖြစ်သည်။ အနာဂတ်တွင် ကျိကော၏ အဆင့်သို့ ရောက်ကာ နောက်မျိုးဆက်၏ ရုပ်ရှင်ဧကရာဇ် ဖြစ်လာနိုင်သည်ဟုပင် မှန်းဆကြပေသည်။


သို့သော် လူကိုယ်တိုင် တွေ့လိုက်ရသည့်အခါ ထိုသူနှစ်ဦးမှာ လုံးဝ ကွဲပြားလှသည်ဟုသာ ခံစားမိတော့သည်၊၊လျှိုရီလိန်၏ သွင်ပြင်မှာ ကျက်သရေရှိသည့်ဟန် ဖြစ်သဖြင့် ကျိကောနှင့် ထပ်တူညီသည်ဟု ဆိုနိုင်သော်ငြား ဆံပင်ကို လှန်တင်ကာ စဉ်းလဲရက်စက်စွာ ပြုံးလိုက်သည်နှင့် တစ်ပြိုင်နက် ကျိကော၏ အရှိန်အဝါသည် ရုတ်ချည်း ပြောင်းလဲသွားပေသည်။ ကျိကောက မည်သည့်ဇာတ်ကောင် ကိုမဆို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သော်ငြား လျှိုရီလိန်ကမူ အနည်းငယ် အောင်မြင်ရန် လိုအပ်နေဆဲပင်။ ရှေးခေတ်ဇာတ်ကောင် များကိုသာလျှင် ရွေးချယ်သရုပ်ဆောင်ရာ သူ၏ တိုးတက်မှုကို ကြီးစွာ ဟန့်တားနေတော့သည်။


ဟေး မင်း ဇာတ်ကောင်မျိုးစုံကို သရုပ်ဆောင်ကြည့်နော် ကိုယ့်ကိုယ်ကို မဟန့်တားမိစေနဲ့ ...


သို့သော် ရှောင်ကျားရှုကမူ ထိုအကြောင်းနှင့် စပ်လျဉ်း၍ ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိမ့်မည် မဟုတ်ချေ။ ဤသည်မှာ မိတ်ဆွေတိုးမည့်အစား အမုန်းပင် ခံရပေလိမ့်မည်။ “နဂါးနှစ်ကောင်ရဲ့ ရာဇဝင်” ရိုက်ကူးရေးအဖွဲ့တွင် လုံလောက်သည်ထက် ပိုမိုစွာ အပုပ်ချခံရပြီးဖြစ်၍ သက်တူရွယ်တူများနှင့် ပြောဆိုဆက်ဆံရာတွင် သတိကြီးကြီးထားတတ်သည့် အကျင့်တစ်ခု တိုးပွားလာတော့သည်။


လျှို့ရီလိန်သည်လည်း အကွာအဝေးကို ကောင်းစွာသိသူ ဖြစ်သည့်အတွက် လောကဝတ်အချို့ ဖလှယ်ပြီးနောက် အဝေးသို့ ထွက်သွားတော့သည်။


အလင်းအမှောင် ချိန်ညှိနေသော ကင်မရာသမားက လက်ခုပ်တီးကာ ပြောလိုက်သည်။


“အားလုံး စုံပြီလား အကုန်စုံရင် စကြရအောင် မိန်းကလေးတွေ အရင်စလိုက်မယ်နော် ယောက်ျားလေးတွေက နောက်မှာ စောင့်နေ ပေးပါ ...”


“နျဲ့ကျားရွှမ် မရောက်သေးဘူး သူ့ကို စောင့်ရဦးမှာလား ...”


အမျိုးသားသရုပ်ဆောင်တစ်ဦးက လက်ကိုမြှောက်ကာ မေးလိုက်သည်။ 


ကင်မရာသမားက မန်နေဂျာကို လှမ်းကြည့်လိုက်လျှင် မန်နေဂျာက စာရင်းစာရွက်များကို လှန်လှောကြည့်ရင်း ထူးဆန်းစွာ ပြုံးလိုက်သည်။


“နျဲ့ကျားရွှမ်က အချိန်ဇယား မကိုက်လို့ စာချုပ်ကို ဖျက်လိုက်ပြီ သူ့နေရာမှာ အစားဝင်မယ့် သရုပ်ဆောင်တစ်ယောက် ရောက်လာလိမ့်မယ် ...”


“ဘယ်သူလဲ ...”


ရှောင်ကျားရှုက အမှုမဲ့ အမှတ်မဲ့ဖြင့် အသက်ကို အောင့်ထားလိုက်သည်။ 


ဝေ့ဝူကျိုးနေရာမှာ နောက်တစ်ယောက် ရောက်လာရမှာဆို အဲဒီ့သူကို ကျိကောပဲ ဖြစ်စေချင်တယ် ...


“ရောက်လာရင် သိပါလိမ့်မယ် အချိန်နီးနေပြီး ဆန်းရှောင်ရှောင် အရင်ရိုက်လိုက်ရအောင် …”


မန်နေဂျာက မိတ်ကပ်ပြင်ပေးသူကို လက်ယမ်းပြလိုက်သည်။


“သူမရဲ့ နှုတ်ခမ်းကို ပြင်ထားတာတွေက နည်းနည်း ကွက်နေပြီ ပြန်ပြင်ပေးလိုက်ဦး ...”


မိတ်ကပ်ပြင်ပေးသူက နှုတ်ခမ်းနီတောင့်ကို ထုတ်လိုက်သော်ငြား ဆန်းရှောင်ရှောင်က ပါးစပ်ကို လက်ဖြင့်အုပ်ကာ အံ့ဩတကြီး ရေရွတ်လိုက်သည်။ လူတိုင်း လှည့်ကြည့်လိုက်သည့်အခါ ခပ်ဖြည်းဖြည်း ဝင်လာသော ကျိမြန်ကို တွေ့လိုက်ရတော့သည်။ နှုတ်ခမ်းထောင့်စွန်းတို့ကို အနည်းငယ် ကော့ညွတ်လျက် အာရုံစူးစိုက်မှုအပြည့်ဖြင့် ဝင်လာသူကို တွေ့လိုက်ရသည့်အခါ ရှောင်ကျားရှု မှာ ကြောင်အသွားတော့သည်။ ထို့နောက်တွင်မှ အတင်း ပြေးဖက်လိုက်၏။ သူ့လက်မောင်းတို့မှာ လွန်စွာ သန်မာလှပေသည်။ အွန်လိုင်းပေါ်မှတစ်ဆင့် ချိန်းတွေ့ခြင်းသည် ပျော်စရာကောင်းသည့်တိုင် ကျိကောကို လွမ်းဆွတ်ရလွန်း၍ သူ့ကို တံခါးတွင် ဖိကပ်ကာ ပြင်းပြင်းရှရှ နမ်းရှိုက်ပြီး အဝတ်အစားများကို တစ်စစီ ဆွဲချွတ်ကာ လွှင့်ပစ်ချင်စိတ်များပင် ဖြစ်ပေါ်လာရတော့သည်။


ကျိမြန်က မျက်လွှာချကာ သူ့ချစ်သူလေးကို ပျော်ရွှင်စွာ ပြုံးလျက် ကြည့်လိုက်သည်။


လွမ်းဆွတ်နေရသူကို ပွေ့ဖက်ပြီးနောက် ရှောင်ကျားရှုက နှစ်ကိုယ်ကြား လေသံဖြင့် တီးတိုးပြောလိုက်သည်။ 


"ကျိကော ကောရောက်လာမယ်ဆိုတာ သိနေတယ် ..." 


သူ ကျိကောနဲ့ တစ်မိနစ်ကလေးတောင် ခွဲမနေချင်သလို ကျိကောကလည်း သူနဲ့ အကြာကြီး ခွဲရမှာကို မလိုလားဘူးပဲ ... 


"ကိုယ့်ရဲ့ ရှောင်ရှုလေးက ပိုပိုပြီးကို ထက်မြက်လာတာပဲ ..." 


ကျိမြန်က ခပ်တိုးတိုး ရယ်ကာ သူ့ခေါင်းကို ပွတ်သပ်ပေးလိုက်ချင်သော်ငြား ဆံပင်အတုနှင့် ဆံညှပ်တို့ ဝတ်ဆင်ထားကြောင်း တွေ့လိုက်ရသည့်အတွက် ထိုအကြံကို လက်လျော့လိုက်တော့သည်။ 


"ကျိလောင်ရှီး ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ ..." 


ဆန်းရှောင်ရှောင်က စိတ်လှုပ်ရှားစွာဖြင့် အပြေး လာနှုတ်ဆက်ကာ ကျန်သရုပ်ဆောင်များကလည်း တလေးတစား လာနှုတ်ဆက်လိုက်ကြတော့သည်။ သူတို့သည် ကျိမြန်နှင့် မရင်းနှီးရာ စကားပြောချင်သည့်တိုင် စကားစ ရှာမရချေ။ 


"ငါက ဝေ့ဝူကျိုး နေရာမှာ သရုပ်ဆောင်ရမယ့်သူလေ ..." 


သူက အကျဉ်းချုံး ‌ရှင်းပြလိုက်သည်။ လွှတ်ပေးသင့်နေပြီ ဖြစ်သည့်တိုင် သူ့လက်ဖဝါးတို့ကို ရှောင်ကျားရှု၏ နောက်ကျောဖြင့် ဖိကပ်ထားမိဆဲ ဖြစ်သည်။ 


သူတို့ လူချင်းခွဲသင့်နေပြီဖြစ်ကြောင်း ရှောင်ကျားရှုလည်း သဘောပေါက်ပေသည်။ သူငယ်ချင်းဟောင်းများသည်ပင်လျှင် တစ်ယောက်နှင့်တစ်ယောက် ပြန်တွေ့ရ၍ ဝမ်းသာသည့်တိုင် ဤမျှ ကြာရှည်စွာ ပွေ့ဖက်မထားချေ။ထိုသို့ သဘောပေါက်သည့်တိုင် ဖက်ထားသည်ကို မလွှတ်လို၊ လူချင်း မတွေ့ရသည်မှာ ဆယ်ရက်မျှသာ ရှိသေးသည့်တိုင် ဘဝပေါင်းများစွာ ဝေးကွာနေရသည့်နှယ် ခံစားရပေသည်။ သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲကာ ကျိကော၏ ခန္ဓာကိုယ်တွင် ရစ်ပတ်အမြစ်တွယ်မိရန်ပင် ဆုတောင်းမိတော့သည်။ သို့မှသာ မည်သူမှ သူတို့ကို မခွဲနိုင်တော့မည် ဖြစ်သည်။ 


သို့သော် သူသည် သစ်ပင်တစ်ပင် မဟုတ်သည့်အတွက် ကျိကောကို ပွေ့ဖက်ကာ နှစ်ကြိမ်ခန့် အသာအယာ ဖျစ်ညှစ်ပြီး ဘေးသို့ တစ်လှမ်းဆုတ်လိုက်ရတော့သည်။ 


ကျိမြန်မှာလည်း နူးညံ့ညင်သာသည့် မျက်နှာဖုံးကို မထိန်းနိုင်တော့လုနီးနီး ဖြစ်သွားတော့၏။ ရှောင်ကျားရှုကို ပြန်ဆွဲခေါ်ကာ အားရအောင် ပွေ့ဖက်ထားချင်စိတ်ကြောင့် လက်ချောင်းထိပ်တို့ တဆတ်ဆတ် တုန်ရီလာသော်လည်း စိတ်ကို မနည်းပြန်ထိန်းထားလိုက်ရတော့သည်။ ရှောင်ရှုကို နောက်တစ်ကြိမ် ထပ်တွေ့ရပါလျှင် သူ့ကို အလွန်အမင်း‌ တောက်ပသည့် အပြုံတစ်ပွင့် ပြုံးပြရင်း ဝမ်းသာအယ်လဲ ခုန်ပေါက်ကာ အော်ဟစ်နှုတ်ဆက်လေမည်လားဟု အမျိုးမျိုး အဖုံဖုံ စိတ်ကူးယဉ်ကြည့်ခဲ့ဖူးသည်။ သို့သော် ထိုစိတ်လှုပ်ရှားပျော်ရွှင်မှု အလုံးစုံတို့သည် သူ့နှလုံးသား ကမ်းပါးမှ လျှံကျလာသည့် အတွေးစတို့လောက် အဖိုးမတန်တော့ချေ။ ဝန်းရံထားသော အတွေးတို့က သူတို့နှစ်ဦး ခွဲခွါနေရသည့်တိုင် နှလုံးသားတို့ ထပ်တူကျနေဆဲဖြစ်ကြောင်း နားလည်စေသည့်အတွက် ခက်ခဲပင်ပန်းကာ စိတ်မရှည်မှုအားလုံး အနည်ကျသွားပြီး တသိမ့်သိမ့် ကြည်နူးမှုတစ်ရပ်အဖြစ် ပြောင်းလဲသွားတော့သည်။ 


ထိုလူငယ်သရုပ်ဆောင်များအကြောင်း ပြောနေစဉ်မှာပင် ရှောင်ကျားရှုကိုသာ ထပ်ကာထပ်ကာ ကြည့်မိနေကာ သူ့အာရုံစူးစိုက်မှု အလုံးစုံကို တစ်ယောက်တည်းကသာ သိမ်းကြုံးယူငင်သွားတော့သည်။ သို့သော် အပေါ်ယံတွင်မူ ဟန်ဆောင်ကောင်းလှသည့်အတွက် အခြားသူတို့ကို သိခွင့် မပေးခဲ့ချေ။ 


"ကျိလောင်ရှီး လောင်ရှီးက ဒီလောက် နာမည်ကြီးနေတာကိုတောင် <<ဧကရီဘုရင်မ>> ရိုက်ကူးရေးအဖွဲ့ထဲ လာသေးတယ်ပေါ့ ..." 


ဆန်းရှောင်ရှောင်သည် အတွေးထဲ ရှိသမျှ အလုံးစုံကို မကွယ်ဝှက်စတမ်း ထုတ်ပြောတတ်သည့် တည့်တိုးဆန်လှသူ ဖြစ်ပေသည်။ 


"<<ဧကရီဘုရင်မ>>က ထူးခြားတဲ့ ပရောဂျက်လေ ဒီလို ပါဝင်ခွင့် ရတာကိုက ငါ့အတွက် ဂုဏ်ယူစရာပါ ..." 


ကျိမြန်က သင့်‌တင့်စွာ ပြန်ဖြေလိုက်သည်။ အချက်ကျကျ ပြောရပါလျှင် သူ ပါဝင်လာမှုမှာ မထင်မှတ်ထားလောက်အောင် အံ့ဩစရာ ကောင်းသည်တော့ မဟုတ်ချေ။ ဟဲကျိမင်နှင့် အိုက်သဲရှန့်တို့ကဲ့သို့သော ဝါရင့် ရုပ်ရှင်စတားများလည်း ပါဝင်ကာ အဆင့်အတန်းချင်း နှိုင်းယှဉ်ရပါလျှင် တစ်ယောက်မှ သူ့ထက် မနိမ့်လှချေ။ ဤသည်မှာ ရှေးခေတ်လူအဖွဲ့အစည်း၏ အမြင့်ဆုံးနေရာအထိ တက်လှမ်းနိုင်ခဲ့သော အမျိုးသမီးတစ်ဦးအကြောင်း ရိုက်ကူးထားသည့် ဇာတ်လိုက်မ အသားပေး ရုပ်ရှင်တစ်ခု ဖြစ်ရာ အမျိုးသားအားလုံးမှာ ဧကရီ၏ အသုံးတော်ခံမျှသာ ဖြစ်ပေသည်။ 


အခြား ရုပ်ရှင်သရုပ်ဆောင် အမြောက်အများကို တွေးလိုက်မိသည့်အခါ ဆန်းရှောင်ရှောင်လည်း ရုတ်ချည်း အံ့ဩသွားတော့သည်။ 


ဘုရားရေ <<ဧကရီဘုရင်မ>> ရိုက်ကူးရေးအဖွဲ့ထဲ ပါဝင်ခွင့်ရပြီး ဧကရီရယ်၊ ရုပ်ရှင်စတား လေးယောက်လုံးရယ်နဲ့ တစ်ချိန်တည်း အလုပ်တွဲလုပ်ခွင့် ရတယ်ဆိုတာကလေ သူမတစ်ဘဝလုံး ကြွားနေဖို့ လုံလောက်တာထက်ကို ပိုနေပြီ ....



သရုပ်ဆောင်အချို့နှင့် လောကဝတ်စကားအချို့ ဖလှယ်လိုက်ပြီးနောက် စိတ်မရှည်တော့သော ရှောင်ကျားရှုက တမင်တကာ အသံကိုမြှင့်ကာ ပြောလိုက်သည်။ 


"ကျိကော ခဏနေရင် ဓာတ်ပုံရိုက်ရမှာ မဟုတ်လား ကျွန်တော် မိတ်ကပ်ပြင်ဖို့ ခေါ်သွားပေးမယ်လေ ..." 


"ဟုတ်တယ် ဒီကို ဓာတ်ပုံရိုက်ဖို့ ရောက်လာတာ ..." 


ကျိမြန်က လူတိုင်းကို နူးညံ့စွာ ပြုံးပြလိုက်သည်။ 


"အားလုံးပဲ အားနာလိုက်တာ ကျွန်တော့်ကို အရင် ခွင့်ပြုပေးကြပါဦးနော် ..."


"ကျိလောင်ရှီး လုပ်စရာရှိတာသာ သွားလုပ်ပါ ကျွန်တော်တို့လည်း သိပ်မကြာခင် ရိုက်ကူးရေး စရတော့မှာ ..." 


ထိုအခါမှ ဆန်းရှောင်ရှောင်နှင့် အခြားသူများလည်း လေးတိလေးကန်ဖြင့် လူစုခွဲလိုက်ကြတော့သည်။ 


"ကျိကော ကျွန်တော့်နောက် လိုက်ခဲ့ ..." 


ရှောင်ကျားရှုက သူ့ခါးကို ဆွဲဖက်ကာ အဝတ်လဲခန်းဆီသို့ ဆွဲခေါ်လာတော့သည်။ ကျိမြန်ကလည်း ကြည်လင်တောက်ပသည့် အပြုံးတစ်ပွင့် ဆင်မြန်းထားရင်း သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့၏။ 


အဝတ်လဲခန်းထဲ ရောက်သည်နှင့် တစ်ပြိုင်နက် ရှောင်ကျားရှုက တံခါးကို လော့ချကာ သူ့ခေါင်းကို ဆွဲဖက်ပြီး တတိတိ ကိုက်ဝါးရင်း ဗလုံး‌‌ဗထွေး ပြောလိုက်သည်။ 


"ကျိကော ဒီရက်ပိုင်းထဲ ကောကို အရမ်းလွမ်းနေတာ ကောင်းကောင်း နမ်းပါရစေဦး ..." 


ကျိမြန် ရိုက်ကွင်းကို ရောက်လာတယ်ဆိုတဲ့ သတင်းက ဒီလောက်တောင် ကြီးတာ သူ့အမေ မသိဘဲ နေမယ်တဲ့လား နောက်ထပ် မိနစ်နည်းနည်းလောက်နေရင် ဒီအခန်းထဲတောင် ရောက်ချင်ရောက်လာမှာ အခုမှ မနမ်းရင် ဘယ်အချိန် သွားနမ်းရတော့မှာလဲ ... 


ကျိမြန်က ခပ်တိုးတိုး ရယ်မောကာ သူ့ကို ပြန်လည်နမ်းရှိုက်လိုက်သည်။ 


"ကိုယ်လည်း မင်းကို လွမ်းနေတာ ..." 


"စကားမပြောနဲ့တော့ ..." 


ရှောင်ကျားရှုက လျာကို သူ့ပါးစပ်ထဲ ထိုးထည့်ရင်း ခက်ထန်စွာ အမိန့်ပေးလိုက်သည်။ 


"မရယ်နဲ့ ကျွန်တော့်ရဲ့ ပြင်သစ်အနမ်းကိုပဲ ခံစားလိုက် ..." 


ကျိမြန်က ရယ်ချမိလုမတတ် ဖြစ်သွားသော်လည်း စိတ်ကိုထိန်းကာ သူ့ချစ်သူကောင်လေး၏ ထိန်းမနိုင် သိမ်းမရ ဆိုးသွမ်းလှသည့် လျာဖျားကို အားတက်သရော စုပ်ယူလိုက်သ ်။ 


လနဲ့ချီပြီး လေ့ကျင့်တာတောင် ငါ့ချစ်သူလေးကတော့ ခွေးပေါက်လို အနမ်းနဲ့ ပြင်သစ်အနမ်း မကွဲသေးဘူးပဲ ဒါပေမယ့် ကိစ္စတော့ မရှိပါဘူး ဘယ်လိုအနမ်းပဲ ဖြစ်ဖြစ် သူ့အတွက် သန့်စင်ချိုမြိန်ပြီး ရီဝေယစ်မူးစရာတွေပဲ ... 


နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် မိနစ်များစွာကြာ ပွေ့ဖက်နမ်းရှုံ့နေကြသည့်အတွက် ခန္ဓာကိုယ်နှစ်ခုလုံး ပူပြင်းလောင်မြိုက်လာတော့သည်။ ရှောင်ကျားရှုက သူ့သစ်ပင်ပေါက်ကလေးကို ကျိမြန်၏ ဝမ်းဗိုက်အောက်ပိုင်းနှင့် ပွတ်သပ်ရင်း နူးညံ့စွာ ငြီးတွားလိုက်သည်။ 


"ကျိကော သူကလည်း ကောကို လွမ်းနေတာတဲ့ ..." 


ကျိမြန်က ခပ်တိုးတိုး ရယ်မောကာ ရှောင်ကျားရှု၏ တင်ပါးကို တင်းကြပ်စွာ ဆုပ်ကိုင်၍ အားတက်သရော ပွတ်သပ်လိုက်တော့သည်။ 


မိနစ်အနည်းငယ် ကြာပြီးနောက် အဝတ်လဲခန်း ရှိရာဆီသို့ ရွှယ်မြောင်တစ်ယောက် ဒေါသတကြီး ရောက်ချလာတော့သည်။ အထဲမှ ‌လော့ချထားဟန် မတူ၊ တံခါးကို ခေါက်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ပွင့်လာတော့၏။ အထဲသို့ ချက်ခြင်း ဝင်ကြည့်လိုက်သည့်အခါ မိတ်ကပ်ပြင်ဆရာက ကျိမြန်ကို မိတ်ကပ်လိမ်းပေးနေပြီး သူမ၏ သားက ဆိုဖာပေါ် ထိုင်ကာ tablet ကို ကြည့်နေကြောင်း တွေ့လိုက်ရတော့သည်။ အားလုံးမှာ ပုံမှန်အတိုင်းပင်။ 


"အန်တီရွှယ် ရောက်လာပြီလား ..." 


ကျိမြန်က ချက်ခြင်း မတ်တပ်ထကာ ရိုသေလေးစားမှု အပြည့်ဖြင့် ယဉ်ကျေးစွာ ပြောလိုက်သည်။ 


"ကျွန်တော် လက်ဖက်ရည်တစ်ခွက်လောက် ငှဲ့ပေးပါ့မယ် ..." 


"မလိုဘူး မင်းမိတ်ကပ်သာ ဆက်‌လိမ်းနေပါ ..." 


ရွှယ်မြောင်မှာ စကားတစ်ခွန်းမှ ဆက်မပြောလိုတော့။ အကြောင်းမှာ ပြောနေ၍လည်း အကျိုးမရှိ၍ဖြစ်‌သည်။ ရိုက်ကွင်းသို့ပင် လိုက်လာနိုင်ခဲ့ရာ သူမသာ အညှာအတာ ကင်းမဲ့စွာဖြင့် ဆေးရုံထဲ ထည့်ပိတ်မထားပါလျှင် ကမ္ဘာဆုံးသည်အထိ လိုက်လာနေဦးမည်ဖြစ်သည်။ 


"ရှောင်ရှု ဓာတ်ပုံရိုက်ရမှာ မဟုတ်ဘူးလား ဘာလို့ မသွားသေးတာလဲ..." 


သူမက ဒေါသတို့ကို အတင်းမျိုသိပ်ရင်း မေးလိုက်သည်။ 


"ဒါရိုက်တာက ကျွန်တော်နဲ့ ကျိကောကို အတူတူရိုက်ဖို့ ပြောထားလို့ ဇာတ်ကောင်တွေက ဆက်စပ်နေတော့ အတူတူ

ရိုက်လိုက်ရင် ပိုကောင်းတယ်တဲ့ ..." 


ရှောင်ကျားရှုက tablet ကို ကိုင်ထားရင်း လတ်တလော သူ လွန်စွာ စွဲလမ်းနေသည့်ဂိမ်းကိုသာ အလေးအနက် ဆော့နေလိုက်သည်။ 



Xxxcxxx