အပိုင်း ၁၈၄
Viewers 57k

Chapter 184





လီယွမ်ဟောက်၏ ကူကယ်ရာမဲ့မှုနှင့် နက်ရှိုင်းသည့် အချစ်တို့ကို အပြည့်အဝ ဖော်ပြပေးကာ လက်တွင် သွေးများစွာ စွန်းထင်းနေသည့် မိစ္ဆာဘက်ခြမ်းကို အစစ်အမှန်နှင့် တစ်ထပ်တည်း တူလုနီးပါး သရုပ်ပြသွား၏။ ဤအခန်းကို ကြည့်မိသူတိုင်း သူ့ သရုပ်ဆောင်မှုကြောင့် ရင်ထဲထိရှသွားရမည်ဖြစ်သည်။ ဤဗီဒီယိုကို တည်းဖြတ်သူများက ကြင်နာစိတ်အပြည့်ဖြင့် အစားထိုး မင်းသမီး၏ မျက်နှာကို ဖြတ်ထုတ်ကာ ကျန်းပင်းကျဲ၏ မျက်နှာကို ပြန်ထည့်ပေးခဲ့ရာ ထိုသူနှစ်ဦးကြား အားပြိုင်မှုမှတစ်ဆင့် ကျန်းပင်းကျဲ၏ သရုပ်ဆောင်ချက် မည်မျှဆိုးရွားကြောင်း အတိုင်းသား မြင်နေရတော့သည်။ 


သို့သော် အကြီးမားဆုံး ဆုံးရှုံးခဲ့ရသူမှာ ကျန်းပင်းကျဲ မဟုတ်၊ ရှောင်ကျားရှု၏ နေရာတွင် အစားထိုးဝင်လာသည့် ဖန့်ကျစ်ချန်း ဖြစ်ပေသည်။ဇာတ်လိုက်မ၏ မိသားစု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် အပိုင်းကို အွန်လိုင်းပေါ်တွင် ပြသထားပြီးဖြစ်ရာ ကြည့်ရှုသူများက သူ့သရုပ်ဆောင်ချက်အပေါ် စိတ်တိုင်းမကျ၊ ရှောင်ကျားရှု သရုပ်ဆောင်ခဲ့သည်ကသာ ပိုပြီး မုန်းတီးဖွယ် ကောင်းသည်ဟု မြင်လာကြတော့သည်။


[နှိုင်းယှဉ်တာ မရှိလို့လည်း အကျိုးတော့ မယုတ်ပါဘူး ဒါပေမယ့် ရှောင်ကျားရှုရဲ့ ဗားရှင်းကိုသာ မမြင်ခဲ့မိရင် ဖန့်ကျစ်ချန်းကို မကြိုက်ရင်တောင် ဘာမှ လုပ်မိမှာ မဟုတ်ဘူး ဘာလို့ဆို ငါတို့က ကြည့်ရှုသူလေ ထုတ်လုပ်သူမှ မဟုတ်တာ ငါတို့မှာ ကြည့်ခွင့်ပဲ ရှိတယ် သရုပ်ဆောင်ကို ရွေးချယ်ခွင့် မရှိဘူး မဟုတ်လား ဒါပေမယ့် ဒီဗားရှင်းနှစ်ခုက ဘယ်လိုတောင် အကျိုးနည်းတာကြီးလဲဟ မျက်လုံးပါတဲ့သူ ဘယ်သူမဆို ရှောင်ကျားရှု သရုပ်ဆောင်ထားတဲ့ လီယွမ်ဟောက်ကမှ အန်ကယ်ချင်းယွင်ရဲ့ ဇာတ်ကောင်ဆိုတာ မြင်နေတာကြီးကို အေးစက်တယ် ကောက်ကျစ်တယ် တစ်ခါတစ်လေမှာ အမှန်တရား ဘက်တော်သား များသောအားဖြင့်ကတော့ နတ်ဆိုးဆန်ဆန်ပဲ ဒါပေမယ့် အမျိုးသမီးဇာတ်လိုက်ကိုတော့ ချစ်ကျွမ်းဝင်နေတုန်းပဲ သူ့ဇာတ်ကောင်က သဘောကျစရာ မကောင်းဘူးလား ရှောင်ကျားရှုက ငါတို့ကို တစ်ထပ်တည်းနီးပါး တူညီပြီး အရမ်းအရမ်းကို ပျော်စရာကောင်းတဲ့ သရုပ်ဆောင်မှုတစ်ရပ်ကို ပေးခဲ့တာလေ သူ့သရုပ်ဆောင်ချက်ကို မြင်လိုက်တဲ့အချိန်မှာ ငါတို့ကိုယ်တိုင်ကိုက ထျန်းယွမ်တိုက်ကြီးမှာ နေနေတဲ့သူတွေ ကျင့်ကြံရေးလောကရဲ့ စိတ်လှုပ်ရှားစရာ၊ ဂန္တဝင်မြောက်စရာ အဖြစ်အပျက်တွေ ပြီးတော့ ကျင့်ကြံရေး လောကသားတွေရဲ့ အနိမ့်အမြင့်အတက်အကျတွေကို ကိုယ်တိုင် တွေ့ကြုံခံစားနေရတဲ့ အတိုင်းပဲ ဖန့်ကျစ်ချန်းရဲ့ သရုပ်ဆောင်ချက်ကတော့ ထားပါ သရုပ်ဆောင်တယ်ပဲ သုံးလိုက်ကြရအောင် ငါ့ကို သွေးတစ်ပွက်လောက် အန်အောင်ကို လုပ်နေတဲ့ အတိုင်းပဲ ဇာတ်လိုက်မကို ဓားနဲ့ထိုးတဲ့ အခန်းမှာကွာ ဓားကို မြှောက်လိုက်ချလိုက်နဲ့ ခဏခဏ လုပ်နေတာ ဒါ ဘာကြီးလဲ မင်းက အကြာကြီး တုန့်ဆိုင်းနေပြီးတော့ ထွက်လည်း မသွားဘူး ဒီအစား ဇာတ်လိုက်မကို ဓားနဲ့ တည့်တည့်ထိုးရမှာလေ မင်းက လက်စားချေတာလား ကိုယ့်ကိုယ်ကို သတ်သေမလို့ ကြံနေတာလား ဇာတ်လိုက်မက ရင်ဘက်ကို ဓားနဲ့ ထိုးလိုက်တော့လည်း မိန်းကလေးထက်တောင် ပိုပြီး ငိုပြနေသေးတယ် ပြီးတော့ မင်းရဲ့ တဆတ်ဆတ် တုန်နေတဲ့ လက်တွေကို ဆန့်ထုတ်ပြီးတောင် သူမရဲ့ မျက်နှာကို ထိလိုက်သေးတယ် အဲဒါဘာလုပ်တာလဲ တစ်ခွန်းလောက် ပြောပါရစေနော် မင်းပုံစံကြီးကလေ တယုတယ ဖြစ်နေတာနဲ့ မတူဘဲ သွက်ချာပါဒ ဖြစ်နေသလိုပဲ အခုချက်ခြင်း ထွက်သွားလိုက်စမ်း ]


[ဒါရိုက်တာတွေကလေ ရှောင်ကျားရှုကိုကျော်ပြီး သူ့ကို ဘာလို့ ရွေးလိုက်မှန်း နားကို မလည်တော့ဘူး ဒီလောက်ကြီးအထိ ကောင်းကွက်ဆိုးကွက်တွေ သိသာနေတာကိုလေ ပြောတော့ ရှောင်ကျားရှုက ဇာတ်ညွှန်းကို ပြောင်းချင်တယ် မူရင်းစာရေးသူကို မလေးစားဘူးဆို အခု ဘာတွေဖြစ်နေလဲ ကြည့်လိုက်ပါဦး ဇာတ်ညွှန်းကို ပြောင်းလိုက်သမှ ဖခင်အရင်းဖြစ်တဲ့ အန်ကယ်ချင်းယွင်တောင် မမှတ်မိတဲ့အထိပဲလေ ဒီစကားက ယုံချင်စရာရော ကောင်းသေးရဲ့လား ] 


ထိုဗီဒီယိုကို ကြည့်ပြီးသူတိုင်း ရှောင်ကျားရှု၏ သရုပ်ဆောင်မှုသည် ဖန့်ကျစ်ချန်းထက် အဆတစ်ထောင်တစ်သောင်းမက သာလွန်ကောင်းမွန်သည်ဟု ဆိုလာကြတော့သည်။ သူ၏ လီယွမ်ဟောက်ဇာတ်ကောင်ကို ဖော်ပြနိုင်စွမ်းမှာ မူရင်းလက်ရာနှင့် တစ်ထပ်တည်းနီးပါးပင်။ အပေါ်ယံရုပ်သွင်က ချောမောသည့်တိုင် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်လောက်သော်ငြား ဝမ်းနည်းသည့် အကြည့်တစ်ချက်ဖြင့်ပင် ပရိသတ်အားလုံးကို ဇာတ်လမ်းထဲ ဆွဲခေါ်သွားနိုင်သည်။ ဤဇာတ်လမ်းကို ပြီးအောင် မရိုက်လိုက်ရ၍ သူက ဆုံးရှုံးမသွား၊ ရိုက်ကူးရေးအဖွဲ့နှင့် ကြည့်ရှုသူများကသာ ဆုံးရှုံးရပေသည်။


ဇာတ်လမ်းကို နာမည်ပြန်ဆယ်ရန် ငှားရမ်းထားသော ရေတပ်က ရှောင်ကျားရှုသည် ပင်ပန်းဆင်းရဲမှုများကို သည်းမခံနိုင်၊ ရေထဲ ပြုတ်ကျသည့်အခန်းကို မရိုက်ကူးနိုင်၍ ရိုက်ကွင်းမှ ထွက်သွားရခြင်း ဖြစ်သည်ဟု ပြောလာပြန်သည်။ ထိုအခါ ဈေးကွက်ရှာဖွေရေး အကောင့်က ရေထဲသို့ ကြိမ်ဖန်များစွာ ဆင်းနေရသော ရှောင်ကျားရှု၏ ဗီဒီယိုကို ထုတ်ပြလာပြန်သည်။ ရေထဲသို့ ပြုတ်ကျပြီးနောက် ကမ်းစပ်သို့ ကူးခတ်ကာ မျက်နှာပေါ်ရှိ ရေတို့ကိုပင် မသုတ်သေးဘဲ ဒါရိုက်တာအနား အပြေးသွားလျက် ရိုက်ကူးရေးရလဒ်၏ အနေအထားကို မေးမြန်းလိုက်သည်။ သူစိတ်တိုင်းမကျပါလျှင် တစ်ဖန် ပြန်ရိုက်ကူးကာ ဒါရိုက်တာက အဆင်ပြေပါသည်ဟု ပြောနေသည့်တိုင် သူပြန်ကြည့်၍ တစ်ခုခု အဆင်မပြေဟု ခံစားရလေတိုင်း ကြိမ်ဖန်များစွာ ပြန်လည်ရိုက်ကူးပြန်တော့သည်။ ထိုသည်သာမက ကြားထဲတွင်လည်း မိနစ်အနည်းငယ်ခန့် နားကာ ချိုးတု၏ လူစားထိုးနှင့် ဆွေးနွေးလိုက်သေးသည်။ 


ဤသည်မှာ သူနှင့်ချိုးတု အပြိုင်ရိုက်ကူးရမည့်အခန်း ဖြစ်သော်လည်း တစ်လျှောက်လုံး ချိုးတု၏ မျက်နှာကို တစ်ချက်လေးမှပင် မတွေ့ရချေ။ ရှောင်ကျားရှုနှင့် လူစားထိုးသရုပ်ဆောင်သာ ရိုက်ကူးနေရပြီး ငြီးငြူခြင်း လုံးဝ မရှိဘဲ အပြင်းအထန် ကြိုးစားခဲ့သည်။ နောက်ဆုံးတွင် ဒါရိုက်တာပင် စိတ်မရှည်တော့ချေ။


“ရှောင်ကျားရှု လျှောက်ပြီး ပတ်ပြေးမနေနဲ့တော့ ရလဒ်က ကောင်းသလောက်နီးနီး ရှိနေပြီ ...”


“ဒါရိုက်တာကြီး ဒီလိုပြောလို့ မရဘူးလေ ရုပ်ရှင်ရဲ့ အနှစ်သာရက စစ်မှန်မှုရှိတဲ့ပတ်ဝန်းကျင်လေထုလေ...ကောင်းသလောက်နီးနီး ရှိနေပြီဆိုတဲ့ စကားက အရမ်း တာဝန်မဲ့ရာ ကျတာပေါ့ ထပ်ရိုက်ကြရအောင်ပါ ကျွန်တော် ပိုကောင်းတဲ့ နည်းလမ်းတစ်ခု စဉ်းစားမိထားတယ် ...”


သူက ဒါရိုက်တာအနောက်မှ တကောက်ကောက်လိုက်ကာ ပြောနေသည့်အတွက် ဒါရိုက်တာ၏ အမူအယာမှာ စိတ်မရှည်သည့် အရိပ်အယောင်တို့ ပြည့်နှက်လာတော့သည်။


ထိုဗီဒီယိုက ဤနေရာတွင်ပင် အဆုံးသတ်သွားကာ ရှောင်ကျားရှုကို အလုပ်အပေါ် အလေးမထားဟု စွပ်စွဲခဲ့သည့် ရေတပ်အားလုံး အသံတိတ်သွားတော့သည်။ ကောလဟာလနှင့် ရေတပ်၏ စကားကို နားယောင်ကာ ရှောင်ကျားရှုအား စွပ်စွဲပြစ်တင်ခဲ့ကြသူအားလုံး အပြစ်မကင်းစိတ်ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာမုန်းတီးလာမိကြတော့သည်။ သူ့ကို အမြဲတမ်း ယုံကြည်ပေးခဲ့ကြသူများမှာမူ တိတ်တဆိတ်သာ နေနေလိုက်ကြတော့သည်။


သူတို့၏ အိုင်ဒေါအပေါ် လွန်စွာ ဂုဏ်ယူမိသည့်တိုင် စိတ်မကောင်းလည်း ဖြစ်မိရသည်။ အပြင်းအထန် ကြိုးစားသည့်တိုင် ဒါရိုက်တာ၏ အားပေးနားလည်မှုကို မရရှိ၊ “ကောင်းသလောက်နီးနီး ရှိနေပါပြီ” ဟူသည့် သဘောထားပိုင်ရှင်များအကြား သူတစ်ယောက်တည်းကသာ ပြီးပြည့်စုံမှုကို လိုလားသူ ဖြစ်နေရာ တစ်ဖွဲ့လုံး၏ ဖယ်ကြဉ်ခြင်းကို ခံလိုက်ရတော့သည်။


<<အများနဲ့တစ်ယောက် ကွဲထွက်နေလို့ အသတ်ခံရတယ်>> ဆိုတဲ့ ဇာတ်ကား ရှိတယ်လေ ရှောင်ကျားရှုကလည်း သူတစ်ယောက်တည်း ကွဲထွက်နေလို့ အပုပ်ချခံရတာပဲ ...


[လောကကြီးက စိတ်ပျက်စရာတွေ အပြည့်ပဲ]


သူတို့စိတ်နှလုံးထဲမှ ဒေါသကို စာလုံးရေ ထောင်သောင်းချီကာ အသုံးပြု၍ပင် ဖော်ပြနိုင်လိမ့်မည် မထင်။ ကြည့်ရှုသူများမှာ စိတ်ပျက်မိကြောင်း ဖော်ပြသည့် စကားလုံးများသာ ချန်ထားခဲ့နိုင်ကြတော့သည်။


ထိုဗီဒီယိုနှစ်ခု ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာပြီးနောက် ဟွမ်မိန်ရွှမ်က ချက်ခြင်း forward လုပ်လိုက်သည်။


[အမှန်တရားက နောက်ကျကောင်း နောက်ကျလိမ့်မယ် ဒါပေမယ့် မလာဘဲတော့ မနေဘူး]  


ရှောင်ကျားရှု၏ ပရိသတ်များက <<နဂါးနှစ်ကောင်ရဲ့ ရာဇဝင်>> ရိုက်ကူးရေး၏ အရှုပ်ထုပ်များအကြောင်း တင်ပြီး စက္ကန့်ပိုင်းအတွင်း ပြန်ဖျက်ချခံလိုက်ရသည့် ပို့စ်၏ screenshot များကို ချပြလာ၏။


ပထမတစ်ခုက ကျန်းပင်းကျဲရဲ့ အဖွဲ့ကို ပြောတာ သရုပ်ဆောင်ချက်အားလုံးက တည်းဖြတ်ရေးပေါ်ပဲ မှီခိုနေတယ်ဆိုတာလေ သူ့စကားက အမှန်ပဲ ပြီးတော့ ချိုးတု လူစားထိုးငှားတယ်ဆိုတာကလည်း အမှန် တတိယတစ်ခုက တစ်ချို့သရုပ်ဆောင်တွေ သူတို့ အခန်းကို မူရင်းနဲ့ အရမ်းကွဲလွဲတဲ့ အထိကို ပြင်ပစ်တယ်ဆိုတာကလည်း မျက်မြင် တွေ့ခဲ့ကြပြီးသား စတုတ္ထတစ်ခုက ...


တစ်ခုပြီးတစ်ခု သူပြောသမျှအားလုံး မှန်ကန်ကြောင်း သက်သေပြခံလိုက်ရတော့သည်။ သူက လုံးဝ လိမ်ညာခဲ့ခြင်း မရှိ၊ သို့သော် ကျန်းပင်းကျဲနှင့် အခြားသူတို့၏ ဖန်များကြောင့် တိုက်ခိုက်ခံလိုက်ရသည့်အပြင် ကောလဟာလများကြောင့် ပြဿနာတက်ကာ အနုပညာလောကထဲမှ ထွက်သွားရလုမတတ်ပင် ခံစားခဲ့ရသည်။


[ငါ နားမလည်တော့ဘူး သရုပ်ဆောင်ကောင်းတစ်ယောက်က ဒီလိုကြီး ခံလိုက်ရတယ်ပေါ့ တကယ်ကို လူတွေရဲ့ အတွေးကို နားမလည်တော့ဘူး စဉ်းစားကြည့်ကွာ ရှောင်ကျားရှုသာ နောက်ခံမတောင့်ဘူး အထောက်အပံ့ကောင်းတွေ မရှိဘူးဆို သူ နောက်တစ်ကြိမ် ပြန်ပြီး ရပ်တည်နိုင်ပါဦးမလား]


[အခု ပြန်စဉ်းစားကြည့်လိုက်မှ အရမ်းကို ရင်ထဲ ထိရှနေပြီ မစ္စတာကျိက ရှောင်ကျားရှုဘက်ကနေ ပထမဆုံး ရပ်တည်ပေးတာပဲ သူ့မှာ မှန်ကန်တဲ့ အမြင်တွေ ရှိနေခဲ့တာပဲနော် ]


အကြောင်းအရာက ကျိမြန်နှင့် ရှောင်ကျားရှုအကြား ဆက်ဆံရေးဘက်သို့ ရုတ်ချည်း ပြောင်းလဲသွားသည့်တိုင် လူစိတ်ဝင်စားမှုကတော့ လျော့ပါးမသွား။ လျှိုရီလိန်က hot search ကို ဖွင့်ကြည့်လိုက်သည့်အခါ လူကြိုက်အများဆုံး ခေါင်းစဉ်ဖြစ်သည့် <<ဘဲမွေးဖို့အတွက် အနုပညာလောကကနေ ရုတ်တရက်ကြီး အနားယူတော့မယ့် ရုပ်ရှင်ဧကရာဇ် ကျိမြန်>> ၏ အနောက်တွင်<<ရှောင်ကျားရှုက ကစားပွဲကို ပြောင်းပြန်လှန်ပြီး နဂါးနှစ်ကောင်ရဲ့ ရာဇဝင် အဖွဲ့ကို လှလှပပလေး အနိုင်ယူသွားပြီ >> နှင့် <<နဂါးနှစ်ကောင်ရဲ့ ရာဇဝင်ထဲက ရှောင်ကျားရှုရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်>> တို့ အသီးသီး ကပ်လိုက်နေကြောင်း တွေ့လိုက်ရတော့သည်။ နာမည်ကြီးခေါင်းစီး သုံးခုအနက် နှစ်ခုမှာ သူနှင့် သက်ဆိုင်နေရာ ရှောင်ကျားရှု၏ ကျော်ကြားမှု မည်မျှအထိ မြင့်မားကြောင်း သိသာလှပေသည်။


နာမည်အကြီးဆုံး ခေါင်းစီးသည်ပင်လျှင် သူနှင့် သက်ဆိုင်မှု ရှိသည်ဟု ဆိုနိုင်ပေသည်။ အကြောင်းမှာ သူနှင့် ကျိမြန်တို့သည် သံမဏိရဲဘော်များသဖွယ် ကိုယ်ချင်းဆက် အမြွာဟူသည့် အနေအထားသို့ပင် ရောက်နေပြီဖြစ်ရာ အနုပညာသတင်းတို့တွင် တစ်ယောက်ယောက် ပါဝင်လာပါလျှင် ပရိသတ်များက ကျန်တစ်ယောက်အကြောင်း အလိုလို မေးမိကြသည်အထိ သူတို့နှစ်ဦးကို တစ်ချိန်တည်း မွေးဖွားလာသူများဟုပင် လက်ခံထားကြတော့သည်။


“ရှောင်ကျားရှုရဲ့ ကျော်ကြားမှုက ငါ့ကိုတောင် အမှီလိုက်နေပြီပဲ ...”


လျှိုရီလိန်က Hot search ကို ဆက်မကြည့်တော့ဘဲ ရှောင်ကျားရှု၏ Weibo ကို ဝင်ကြည့်လိုက်သည်။ ထိုအခါ follower များ နောက်တစ်ဖန် တိုးလာပြန်ကာ ကျော်ကြားမှု အရှိန်အဟုန်သည် ဒုံးပျံထက်ပင် ပိုမိုမြန်ဆန်လာကြောင်း တွေ့လိုက်ရတော့၏။ 


“ဘာလို့ ထပ်တိုးလာပြန်တာလဲ ...”


လက်ထောက်၏ အမူအယာမှာ အနည်းငယ် ကြက်သေသေသွားသည့်ဟန်။ 


“သတိထားမိလား သူ အပုပ်ချခံရတဲ့ အချိန်တိုင်း ဆိုးဝါးတဲ့ အခြေအနေကနေ ပြန်ကန်ထွက်လာနိုင်တာကို ပိုပြီး ဆိုးဆိုးရွားရွား အပြောခံရလေ ပိုပြီး နာမည်ကြီးလာလေပဲ အဆင့် ၁၈ ကနေ ဒုတိယတန်းစား သရုပ်ဆောင်အဖြစ်ကို ခဏလေးနဲ့ ရောက်လာတာ ဒါပေမယ့် သူက ရုပ်လည်းချော၊ လက်ထဲမှာလည်း ထိပ်တန်းအရင်းအမြစ်တွေ အများကြီး ရှိနေတာဆိုတော့ နာမည်ကြီးလာတာ လည်း မဆန်းပါဘူး ...”


“ကြည့်ကောင်းရုံတင် မကဘူး သူ့ရဲ့ သရုပ်ဆောင်စကေးကလည်း မဆိုးဘူး ကြည့်ကြည့်လိုက် ...”


လျှိုရီလိန်က ဖုန်းကို လှမ်းပေးလိုက်သည်။


“ကျစ် ... ဒီသရုပ်ဆောင်စွမ်းရည်နဲ့သာဆို ဖန့်ကျစ်ချန်းကို စက္ကန့်ပိုင်းနဲ့တင် အလဲထိုးလို့ ရနေပြီ သရုပ်ဆောင်စကေးကို ထည့်မပြောဘဲ အပြီးသတ်မိတ်ကပ်ဓာတ်ပုံချင်းပဲ ယှဉ်ကြည့်လိုက်ဦး ရှောင်ကျားရှုနား ရပ်နေတော့ ဖန့်ကျစ်ချန်းက မိန်းကလေးပေါက်စလေးလားကျလို့ ဘာအရှိန်အဝါမှလည်း မရှိဘူး ဖန့်ကျစ်ချန်းက အရမ်းကို သတိမဲ့တာပဲ လီယွမ်ရွှမ်ဇာတ်ကောင် အတွက်နဲ့ ရှောင်ကျားရှုကို အသေကို နာမည်ဖျက်ပစ်တာ အခု ရှောင်ကျားရှုနောက်က အဖွဲ့ရဲ့ လက်ချက်ကို အလူးအလဲ ခံနေရတာ က သူဖြစ်နေပြီ အချိန်အကြာကြီး ထပ်ပြီး သရုပ်ဆောင်နိုင်တော့မှာ မဟုတ်ဘူး ...” 


လက်ထောက်က သက်ပြင်းချကာ ပြောလိုက်သည်။


လျှိုရီလိန်က ဖန့်ကျစ်ချန်း ကြုံနေရသည်များကို လုံးဝ စိတ်မဝင်စား။ မျက်ခုံးကိုတွန့်ကာ မေးလိုက်သည်။


“ငါနဲ့ ရှောင်ကျားရှု သရုပ်ဆောင်စွမ်းရည်ချင်း ယှဉ်ကြည့်ရင် ဘယ်သူက ပိုသာလောက်လဲ ...”


“သေချာပေါက်ကို မင်းပဲပေါ့ ...”


လက်ထောက်က မဆိုင်းမတွ ပြန်ဖြေလိုက်သည်။


လျှိုရီလိန်၏ မျက်ခုံးတို့ အနည်းငယ် ပြေလျော့သွားသော်ငြား အနည်းငယ် အတွေးလွန်မိနေဆဲ ဖြစ်ပေသည်။ 


“ဘယ်သူက တော်လဲ ညံ့လဲ ဆိုတာကတော့ သရုပ်ဆောင်ကြည့်မှပဲ သိရမှာပဲ ...”


သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် အသစ်ပြန်ပြင်ထားသော ဇာတ်ညွှန်းကို လာပို့ပေးပြီး အပြီးသတ်ဓာတ်ပုံရိုက်ကူးခြင်းကို ညနေ ၃ နာရီတွင် စတူဒီယို၌ ပြုလုပ်မည်ဖြစ်ကြောင်း အကြောင်းကြားလာသည်။ လျှိုရီလိန်က ဇာတ်ညွှန်းကို ချက်ခြင်း ဖွင့်ဖတ်ကြည့်ပြီး နောက် ချက်ခြင်း စိတ်ပျက်ဝမ်းနည်းသွားတော့သည်။ ပဉ္စမမင်းသား လီရှန်းချန်၏ ဇာတ်ကွက်တို့မှာ များစွာ မပြောင်းလဲ၊ ဆဌမမင်းသား လီရှန်းကျစ်နှင့် စစ်သူကြီး ဝေ့ဝူကျိုး၏ အခန်းတို့သာလျှင် တိုးများလာခဲ့သည်။ 


ဘယ်သူတွေ ဝမ်းသာလုံးဆို့နေမလဲဆိုတာကို မေးကြည့်နေစရာတောင် မလိုတော့ဘူး ...


ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းယမ်းလိုက်သော်ငြား သူ့မျက်ဝန်းတို့မှာမူ တစ်ဖြည်းဖြည်း မည်းမှောင်လာတော့သည်။


ညနေ သုံးနာရီထိုးသည့်အခါ မိတ်ကပ်ပြင်ဆင်ပြီးသော သရုပ်ဆောင်များ စတူဒီယိုသို့ အချိန်မှီ ရောက်လာကြတော့သည်။ ရှောင်ကျားရှုသည် ရွှေချည်ထိုး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာတို့ စီခြယ်ထားသော ခါးပတ်ကို ခါးထက်တွင် နှစ်ပတ်ခန့် ခပ်လျော့လျော့ ပတ်ထားသည်။ ထို့ကြောင့် သူ့ခါးသည် မိုးမခပင်သဖွယ် သေးသွယ်ကြောင်

း ပိုမို ထင်ရှားလာကာ တင့်တယ်လှသည့် ရုပ်သွင်ကို ပိုမိုပေါ်လွင်လာစေတော့သည်။



Xxxxxxx