အပိုင်း ၁၇၈
Viewers 57k

Chapter 178





ရှောင်ရှုနှင့် ပတ်သက်လာပါလျှင် ကျိမြန်၏ စိတ်ပါဝင်စားမှုသည် များစွာ တိုးများလာသည့်အတွက် ချက်ခြင်း ကွန်ပျူတာကိုဖွင့်ကာ "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" ၏ ပထမပိုင်းနှစ်ပိုင်းကို ကြည့်လိုက်သည်။ 


ပထမပိုင်းနှစ်ပိုင်းမှာ လွန်စွာ စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။ လီယွမ်ဟောက်သည် သူ့မိခင်ကို သတ်သွားသူမှာ ဇာတ်လိုက်မ၏ ဖခင်ဖြစ်ကြောင်း မတော်တဆ သိလိုက်ရသည့်အတွက် အမှောင်ဖုံးသွားသည့်အခန်း ဖြစ်ပေသည်။ ဇာတ်လိုက်မမှာမူ ထိုအကြောင်း မသိသေး၊ မနီးမဝေးရှိ ပေါင်းကူးတံတားပေါ် ရပ်လျက် သူ့ကို တောက်ပစွာ ပြုံးပြနေဆဲဖြစ်သည်။ 


မူရင်းဝတ္ထု၏ လီယွမ်ဟောက်သည် အကောင်းအဆိုး နှစ်မျိုးရောယှက်နေသည့် ဇာတ်ကောင် ဖြစ်ပေသည်။ မြင့်မြတ်သည့် မိသားစုတွင်ပင် အဆင့်အတန်း မြင့်မားလှသည့် ဂုဏ်ပုဒ်တစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်ကာ နာမည်ကြီး စာသင်သားတစ်ဦးနှင့်ပင် အလားသဏ္ဍာန် တူလှသေးသည်။ သိူ့သော် ရှောင်ကျားရှု၏ နေရာတွင် အစားထိုးလိုက်သည့် သရုပ်ဆောင်မှာ မိန်းမဆန်လွန်းလှ၏။ ရုပ်ရည်သွင်ပြင်မှာ ကြည့်ကောင်းသော်လည်း အမှောင်ဖုံးသည့် အပိုင်းတွင် မျက်စောင်းထိုး၍ အံကြိတ်လိုက်သည်မှာ စိတ်ဆိုးနေသည့် မိန်းမငယ်လေးတစ်ဦး အလားပင်။ မိစ္ဆာအငွေ့အသက်တို့ကို လုံးဝ မခံစားရ။ 


ချင်းယွင်ကျစ်ရှန့်၏ ပရိသတ်အများစုမှာ စတီးလို သံမဏိလို ဖြောင့်တန်းကြသည့် အဖြောင့်ကောင်များ ဖြစ်ကြရာ ထိုသရုပ်ဆောင်ချက်ကို လက်မခံနိုင်၊ မှတ်ချက်ကဏ္ဍတစ်ခုလုံးကို ဒေါသတကြီး သောင်းကျန်းလိုက်ကြတော့သည်။ 


[ဖာ့ခ် ဒါက ချင်းယွင်ကျမ်းဂန်ထဲက နတ်ဘုရားတွေကိုတောင် သတ်ခဲ့တယ်ဆိုတဲ့ လီယွမ်ဟောက်လား လီကွေ့ရီနဲ့ ဇာတ်လိုက်မကို အနိုင်တိုက်ခဲ့တဲ့ မိစ္ဆာလောကရဲ့ ပြိုင်စံကျော် ၊ ဒုတိယပိုင်းမှာ ဂြိုဟ်သားဘုရင်ကို အနိုင်ကျင့်ခဲ့တဲ့သူတဲ့လား ငါ့ရဲ့ ကို့ယို့ကားယား မျက်လုံးတွေကို မေ့လိုက်တော့ တကယ်ကို မကြည့်နိုင်တော့ဘူး] 


[ဇာတ်လိုက်မကို ကြည့်နေတာ ရပ်လိုက်တော့ မင်းက ယုန်တစ်ကောင် မဟုတ်ဘူးကွ မုန်းတီးတာကို ဖော်ပြတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ် မင်းက ဘာလို့ စိုက်ကြည့်ရုံပဲ ကြည့်နေရတာလဲ ] 


[လီယွမ်ဟောက်ကို သရုပ်ဆောင်မယ့်သူက ရှောင်ကျားရှုကနေ ဖန်ကျစ်ချန်း ပြောင်းသွားပြီလို့ ကြားလိုက်ရကတည်းကတော့ ဒါမျိုး ဖြစ်လာမယ်မှန်း သိပြီးသားပါ တကယ်တမ်းတော့ ငါလည်း အစက ရှောင်ကျားရှုကို သိပ်အထင်မကြီးဘူး ရိုင်းစိုင်းကောက်ကျစ်တဲ့ လီယွမ်ဟောက်ကို ကောင်းကောင်း သရုပ်ဖော်နိုင်ပ့ါမလားလို့ စိုးရိမ်ခဲ့တာ ဒါပေမယ့် 001 ကိုလည်း တွေ့ပြီးရော သူသာ စိတ်ရိုင်းဝင်လာရင် ဂြိုဟ်တစ်ခုကို ကန်ထုတ်ပစ်လို့ ရနိုင်တယ်လို့ကို ယုံကြည်မိလာရော သူ့သရုပ်ဆောင်စွမ်းရည်တွေက ဖန်ကျစ်ချန်းထက် အပုံကြီး သာတဲ့ဟာ ဘာလို့ သူ့ကိုပဲ သရုပ်‌မဆောင်ခိုင်းတာလဲ] 


[ပြောတာတော့ သူက ဇာတ်ညွှန်းကို ပြောင်းချင်တာ ဒါရိုက်တာက သဘောမတူလို့တဲ့ ] 


[ထားလိုက်ပါတော့ မူရင်းလက်ရာကို မလေးစားရင် ဘယ်လောက်ပဲ သရုပ်ဆောင်ကောင်းကောင်း လက်မခံနိုင်ဘူး] 


ထိုအကြောင်းအရာမှာ ချက်ခြင်းပင် ဖိနှိပ်ခံလိုက်ရတော့သည်။ တစ်ချို့က တအံ့တဩ ဆိုလာကြပြန်၏။ 


[ သူငယ်ချင်းတို့ရေ ငါ့ကို ကူကြည့်ပေးကြပါဦး ဇာတ်လိုက်မရဲ့ လည်ပင်းက အရမ်း ရှည်လွန်းပြီး ရှေ့ကို ကိုင်းကျနေသလိုပဲနော် ပြီးတော့ ခေါင်းနဲ့လည်း အဆက်အသွယ်ပြတ်နေသလိုပဲ ဆံပင်နားက အရိပ်တွေက ဘာတွေလဲ တည်းဖြတ်တာကို ရှင်းရှင်းလင်းလင်း မလုပ်လို့လား ] 


[Edit ကြီးဟေ့ လုံးဝကို edit ကြီး ဇာတ်လိုက်မ ထွက်လာကတည်းက ခေါင်းကြီးတင် မျောနေပြီး နောက်ခံတွေ ဝါးနေမှန်း သတိထားမိသားပဲ ဒါကသာ သရဲကားဆိုရင်တော့ ရှယ်ပဲနော် သူမနဲ့ လီယွမ်ဟောက်တို့ အပြန်အလှန် ကြည့်နေတဲ့အပိုင်းကို ကြည့်ကြည့်လိုက် မျက်လုံးဆုံချက်တွေက မတူကြဘူး မင်းက မင်းဘာသာပြော ငါလည်း ငါ့ဘာသာ ပြောမယ် ဇာတ်လမ်းတစ်ပုဒ်ကို အဆင်သင့် သရုပ်ဆောင်ကြတာပေါ့ ငါ သူမရဲ့ ခေါင်းကိုပဲ လိုက်ကြည့်မိနေလို့ ဇာတ်လမ်းကို အာရုံစိုက်လို့ မရတော့ဘူး] 


[တကယ်ကို ကာရိုက်တာနဲ့ လုံးဝကြီး ကွဲထွက်နေတာပဲ ဒီဇာတ်လမ်းကို ကြည့်ရတဲ့ ခံစားချက်ကြီးက ဆိုးဝါးလိုက်တာကို] 


ဇာတ်လိုက်မနှင့် လီယွမ်ဟောက်တို့ကို ကဲ့ရဲ့ပြစ်တင်ပြီးနောက် ချိုးတု သရုပ်ဆောင်ထားသည့် လီကွေ့ရီ ဇာတ်ကောင် ထွက်ပေါ်လာတော့၏။ သူသည် တောနက်တစ်နေရာတွင် စိတ်ဝိဉာဉ်သားရဲတစ်ကောင်နှင့် တိုက်ခိုက်နေခြင်းဖြစ်ကာ မလုံလောက်သည့် ဘဏ္ဍာငွေကြောင့် အထူးပြုလုပ်ချက်များမှာ လွန်စွာ ဆိုးဝါးလှပေသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာက ထွက်ရှိထားသည့် "အနောက်အရပ်သို့ ခရီးသွားမှတ်တမ်း" သည်ပင်လျှင် ယခုထက်ပိုကာ သဘာဝကျလှသေးသည်။ သို့သော် အမြင်အာရုံ ချို့တဲ့နေသည့် စိတ်ဝိဉာဉ်သားရဲက စခရင်ပေါ်တွင် ဘယ်ညာခုန်ပေါက်ကာ နုံချာလှစွာ ဟန်ရေးပြနေဆဲဖြစ်သည်။ 


[လုံးဝကို ဆက်မကြည့်‌နိုင်တော့ဘူးဟေ့ ဒီအစုတ်အပြတ်တွေကတော့ ငါ့စိတ်ထဲက "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" ကို ရစရာ မရှ်ိလောက်အောင်ကို ဖျက်ဆီးပစ်တာပဲ]


ပထမနှစ်ပိုင်းကို စိတ်ရှည်ရှည်ထား စောင့်ကြည့်ခဲ့သည့် ပရိသတ်အားလုံး ကျိန်ဆဲလိုက်ကြတော့သည်။ သိူ့သော် မူရင်းဝတ္ထုကို ချစ်မြတ်နိုးစိတ်ကြောင့် အနည်းငယ် တိုးတက်လာလေမလားဟု မျှေယ်တလင့်လင့်ဖြင့် စောင့်စားနေကြဆဲ ဖြစ်ပေသည်။ ကျိမြန်က ဝဘ်ဆိုဒ်စာမျက်နှာကိုပိတ်ကာ ခပ်ပေ့ါပေါ့ ပြောလိုက်သည်။ 


"အန်ကယ်ရှို့ အခု မလှုပ်ရှားနဲ့ဦး အပိုင်းတွေ ရုပ်သံလွှင့်မယ့် အချိန်အထိ စောင့်ဦး] 


Review site ကို ကြည့်လိုက်သည့်အခါ ဤရုပ်ရှင်၏ အဆင့်သတ်မှတ်ချက်မှာ 3.1 ဖြစ်ကြောင်း တွေ့လိုက်ရသည်။ မည်သည့်အရာတို့ ဆက်ဖြစ်လာမည်ကိုမူ သူလည်း မခန့်မှန်းတတ်သေးချေ။ 



ည ၁၁ နာရီခွဲသည့်အခါ ကျိမြန်က အချိန်ကျပြီဟု ခံစားရ၍ မတ်တပ်ထရပ်လိုက်သည်။ ရှို့ချန်ယုက သက်ပြင်းချလိုက်၏။ 


"ငါ့အတွက် သတိထားပေး မြောင်မြောင် မသိစေနဲ့ မဟုတ်ရင် နှစ်ယောက်လုံး သေလိမ့်မယ် ..." 


"နောက်ကျနေပြီ အန်တီရွှယ်လည်း အိပ်လောက်ပါပြီ ..." 


ကျိမြန်က ဖိနပ်ငုံ့စီးလိုက်သည်။ 


"သူမက ပုံမှန်ဆို ၁၀ နာရီခွဲရင် အိပ်ပေမယ့် ဒီနေ့က မတူဘူးလေ အခုထိ ဒေါသထွက်ချင် ထွက်နေမှာ ငါ သူမကို စာအရင်ပို့ကြည့်လိုက်ဦးမယ် ..." 


ရှို့ချန်ယုက ဖုန်းကို ထုတ်ကာ ပြောလိုက်သည်။ 


သူမရှိရာ တိုက်ခန်းဆီသို့ လာရာလမ်းပေါ် ရောက်သည်အထိ စာပြန်မလာ၊ သူနှင့် စကားမပြောချင်၍လား၊ အိပ်ပျော်နေ၍လားတော့ မခန့်မှန်းတတ်ချေ။ ပြန်စာတစ်စောင်မှ မရသည့် ရှို့ချန်ယုမှာ တစ်ဖြည်းဖြည်း ဝမ်းနည်းလာကာ ဖုန်းကိုသာ အကြာကြီး စိုက်ကြည့်နေလိုက်ကြတော့သည်။ 


စောင့်ဆိုင်းရခြင်းသည် ကမ္ဘာ့ အခက်ခဲဆုံး လုပ်ရပ်တစ်ခုပင် ဖြစ်ပေသည်။ လိုချင်သည့် ရလဒ် ရသည်အထိ စောင့်ဆိုင်းနိုင်မည်လား မသိသလို တစ်ဘဝလုံး စောင့်သည့်တိုင် လိုချင်သည့် ရလဒ်ကို ပိုင်ဆိုင်နိုင်လေမည်လားလည်း မသိနိုင်။ စောင့်ဆိုင်းခြင်းသည်လည်း ဝမ်းနည်းဖွယ် ဖြစ်ရပ်တစ်ခုပင် ဖြစ်ပေသည်။ 


ကျိမြန်က သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ 


"အန်ကယ်ရှို့ စိတ်အားထက်သန်သရွေ့ အောင်မြင်တယ်တဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်ကျ အန်ကယ့်ရဲ့ ပန်းတိုင်ကို ရောက်မှာပါ ..." 


ရှို့ချန်ယုက‌ ခေါင်းကိုယမ်းကာ ခါးသီးစွာ ပြုံးလိုက်သည်။ 


"တစ်ချို့အရာတွေက ကံကြမ္မာနဲ့ဆိုင်တာ ဇွဲကောင်းတာနဲ့ မဆိုင်ဘူး ဇွဲကောင်းလို့သာ အောင်မြင်ကြကြေးဆို ရှောင်ချီကျဲက အခွင့်အရေးတောင် ရလိုက်မှာ မဟုတ်ဘူး ထားပါ မင်းကရော မြောင်မြောင်ကို ဘယ်လို နားချဖို့ တွေးထားလဲ သူမကို ရုပ်ရှင်ရိုက်ခွင့် ပေးလိုက်ရုံနဲ့တင် သူမရဲ့ နှလုံးသားကို လှုပ်ခတ်စေနိုင်မယ် ထင်လား ဒီလို တွေးနေတာဆိုရင်တော့ နည်းလမ်းပြောင်းလိုက်ဖို့ပဲ အကြံပေးချင်တယ် အလုပ်ဖြစ်မှာ မဟုတ်ဘူး မြောင်မြောင့်ရဲ့ နှလုံးသားက ကျောက်နဲ့လုပ်ထားတာ ဆုံးဖြတ်ပြီးသွားရင် နွားဆယ်ကောင် ဆွဲလို့ကို ပြန်မရုန်းဘူး မင်းက သူမအပေါ် ပျော့ပျောင်းနေရင်တောင် သူမက မာကျောနေပြီး မင်းက ခက်ထန်ရင် သူမဘက်ကလည်း ခက်ထန်နေမှာပဲ ငါ ငယ်ငယ်က သူမကို ဘယ်လို ခေါ်ခဲ့လဲ သိလား ..."



"Female overload မဟုတ်လား ကျွန်တော့်ကို တစ်ခါ ပြောဖူးသေးတယ်လေ ..."

(Female overload က နားလည်သလို ရှင်းပြရရင် အခုခေတ်အခေါ် ထက်မြက်တဲ့မိန်းမဆိုတဲ့ ပုံစံမျိုးပါ) 


ကျိမြန်က ကားစတီယာတိုင်ကို ခပ်ဖွဖွတောက်ရင်း ပြောလိုက်သည်။ 


"ဟုတ်တယ် သူမက ဘေးပတ်ဝန်းကျင် အကုန်လုံးကို ဘော့စ်တစ်ယောက်လိုကို လွှမ်းမိုးနိုင်တဲ့ မိန်းမမျိုးပဲ အဲဒီ့အချိန်တုန်းက ငါ သူမကို ပြောခဲ့ဖူးသေးတယ် မြောင်မြောင် အနာဂတ်မှာ မင်းသာ အိမ်ထောင်ကျရင် မင်းယောကျာ်းနဲ့ သားကတော့ အတော်လေးကို အနေရကြပ်တော့မှာပဲလို့  သူမက ရှောင်ချီကျဲအတွက်နဲ့ နှစ်နှစ်ဆယ်ကျော် မာန်ကိုထိန်းပြီး ဇနီးကောင်း မိခင်ကောင်း ဖြစ်ပေခဲ့ပေမယ့် ကျန်တဲ့သူအပေါ် အထူးသဖြင့် သူမရဲ့ သားအရင်းအပေါ်ကအစ စိတ်ကို နည်းနည်းလေးမှ ပြောင်းမပေးနိုင်ခဲ့ဘူး သူမ တစ်ဘဝလုံးနဲ့ရင်းပြီး ချစ်ခဲ့ အခုထိလည်း ချစ်ဆဲဆိုတဲ့သူက ရှောင်ချီကျဲတစ်ယောက်ပဲ ရှိတယ် ..." 


ရှို့ချန်ယုမှာ ပြောရင်းပင် ပို၍ မသက်မသာ ဖြစ်လာတော့သည်။ အိတ်ကပ်ထဲရှိ ခရီးဆောင် အရက်ပုလင်းကို ထုတ်ကာ သောက်လိုက်ပြန်တော့သည်။ 


ငယ်ရွယ်စဉ်က အရာအားလုံးကို စွဲလမ်းခဲ့သော်လည်း အရက်နှင့် ပတ်သက်၍တော့ မစွဲလမ်းခဲ့။ ကြီးပြင်းလာသည့်အခါ အားလုံးကို ဖြတ်တောက်နိုင်သော်ငြား တစ်ဖြည်းဖြည်း အရက်ကို စွဲလမ်းလာတော့သည်။ 


လူတွေက ဘဝမှာ ရှင်သန်ရင်း တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ခုခုကိုတော့ စွဲလမ်းမှ ဖြစ်မှာပေါ့ မဟုတ်ရင် အသက်ရှင်ရတာ ဘယ်လိုလုပ် အဓိပ္ပါယ်ရှိတော့မလဲ... 


"သူမက ရှောင်ရှုကို ချစ်ပါတယ် မှန်ကန်တဲ့ နည်းလမ်းမျိုး မသုံးလို့သာ ..." 


ကျိမြန်က ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ 


"ကျွန်တော် မလှုပ်ရှားဘူး ရှောင်ရှုကိုပဲ ကျွန်တော်တို့ အနာဂတ်အတွက် တိုက်ခိုက်ခိုင်းမှာ သူမဘာသာသူမ သဘောပေါက်လာလိမ့်မယ်လေ ..." 


ရှို့ချန်ယုက လှောင်ရယ်လိုက်၏။ 


"မြောင်မြောင်က သူ့ဘာသာသူ သဘောပေါက်လာလိမ့်မယ် ဟုတ်လား မင်းကတော့ နေ့ခင်းကြောင်တောင်ကြီး အိပ်မက်မက်နေတာပဲ ..." 


"သူမသာ‌ ရှောင်ရှုကို ချစ်ရင် အလိုလို သဘောပေါက်လာပါလိမ့်မယ် စောင့်သာ စောင့်ကြည့်နေလိုက်ပါ ..." 


‌ကျိမြန်က ကားကို အရှိန်လျော့ကာ ပြောလိုက်သည်။ 


"သောက်တာရပ်ပြီး အန်ကယ့်ရဲ့ အိမ်ယာဝင်း ဝင်ခွင့်ကတ်ကို ထုတ်ထားဦး ..." 


ဒီကတ်ကြောင့်သာ မဟုတ်ရင် ရှို့ချန်ယုကို အချိန်အကြာကြီး အဖော်ပြုပြီး သောက်ပေးနေမှာကို မဟုတ်ဘူး ရှောင်ရှုက အောက်ထပ်ကို ကြည့်ရင်း မျှော်နေလောက်ပြီ ... 


ရှို့ချန်ယုက ကတ်ကိုထုတ်ကာ လုံခြုံရေးကို ပြလိုက်သည်။ မကြာခဏ ဝင်ထွက်သွားလာနေသည့် သူ့ကို လုံခြုံရေးက မျက်မှန်းတန်းမိနေပြီဖြစ်၍ ဂိတ်ကို ချက်ခြင်း ဖွင့်ပေးလိုက်တော့သည်။


ညသန်းခေါင်အချိန်ဖြစ်၍ အိမ်ယာဝင်းတစ်ခုလုံး တိတ်ဆိတ်နေ၏။ တောင်၏ တစ်ဖက်တစ်ချက်စီရှိ လမ်းမီးတိုင်အချို့သာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေရာ လွန်စွာ အထီးကျန်ဆန်ဖွယ်ပင်။ ရှို့ချန်ယုက သူ့ကို ဆက်တိုက် လမ်းညွှန်ပေးနေပြီး ရှေ့တည့်တည့်ရှိ အဆောက်အဦးကို ညွှန်ပြကာ ပြောလိုက်သည်။ 


"ဟေး ဒီတိုက်ရဲ့ အနောက်ဘက် ခုနစ်လွှာက မြောင်မြောင့်အိမ်ပဲ အပြင်ဘက်ဆုံးက ဝရန်တာကို တွေ့လား အဲဒါ ရှောင်ကျားရှုရဲ့အခန်း မီးလင်းနေတုန်းဆိုတော့ မအိပ်သေးဘူးထင်တယ် ..." 


အသုံးဝင်နေ၍သာ မဟုတ်ပါလျှင် ကျိမြန်သည် သူ့ကို အစောကြီးကတည်းကပင် ကန်ချခဲ့မည် ဖြစ်ပေသည်။ 


သူ့ဘဝကလည်း ဒုက္ခတစ်မျိုးပဲနော် ဘယ်လိုလူတွေနဲ့ လာဆုံနေရမှန်းကို မသိဘူး နောက်ဘုန်းကြီး နှစ်ချက်ခေါက်တွေ ... 


ကျိမြန်က ဂရုတစိုက် လေ့လာကာ တည်နေရာကို အတည်ပြုပြီးနောက် drone ကို လွှတ်တင်လိုက်သည်။ 


"မြန်မြန်လုပ် အိမ်ယာဝင်းထဲမှာ drone လွှတ်တာက အန္တရာယ်များတယ်ကွ ကင်းလှည့်တဲ့ လုံခြုံရေးတွေ မြင်ရင် သိမ်းသွားလိမ့်မယ် ..." 


ရှို့ချန်ယုက မိုးပေါ် မော့ကြည့်ကာ ပြောလိုက်သည်။ 


ကျိမြန်က သူ့ကို လျစ်လျူရှုထားပြီး ဝရန်တာပေါ်အထိ ရောက်အောင် ထိန်းချုပ်ကာ အချက်ပြမီးကို ဖွင့်လိုက်သည်။ 


အကျယ်ချုပ် ချထားခံရသည့် ရှောင်ကျားရှုက အိပ်ယာပေါ်တွင် သုန်မှုန်စွာ ထိုင်နေစဉ် ပြတင်းပေါက်အပြင်ဘက်မှ မီးရောင်အချို့ကို တွေ့လိုက်ရသည့်အတွက် အမြန်ထကြည့်လိုက်၏။ မတ်တပ်ရပ်နေရင်း တန်းလန်းမှာပင် ဤကဲ့သို့ တွေးမိလိုက်သေးသည်။ 


ဒါ ကျိကောပဲ ဖြစ်ရမယ် ကျိကောက သူ့ကို ဘယ်တော့မှ တစ်ယောက်တည်း ပစ်ထားမှာ မဟုတ်ဘူး ... 


ပြတင်းပေါက်ကိုဖွင့်ကာ ငုံ့ကြည့်လိုက်သည့်အခါ သူ့အတွေးအတိုင်း တစ်ထပ်တည်းပင် သူ့ကို လက်ယပ်ခေါ်နေသည့် ကျိကောအား တွေ့လိုက်ရ၏။ အကွာအဝေးမှာ လှမ်းလွန်းလှသည့်အပြင် အလင်းရောင်လည်း ကောင်းစွာ မရှိသည့်တိုင် သူ၏ နူးညံ့လှသည့် အပြုံးကို ခံစားမိနေပေသည်။ 


ကျိမြန်က သူ့ကို နောက်ဆုတ်ရန် အမူအယာ ပြလိုက်သည့်အခါ ပြတင်းပေါက်ကို အပြည့်အဝ ဖွင့်ပြီး သေတ္တာတစ်လုံး သယ်ထားသည့် drone ကို ဝင်ခွင့်ပေးလိုက်သည်။ ဖွင့်ကြည့်လိုက်သည့်အခါ ဖုန်းအသစ်တစ်လုံးနှင့် ချောကလက်တစ်ထုပ်ကို တွေ့လိုက်ရ၏။ 


ရတနာများ ရလာသည်နှင့် တစ်ပြိုင်နက် ရှောင်ကျားရှုက ချက်ခြင်းပင် ဖုန်းထဲရှိ တစ်ခုတည်းသော ဆက်သွယ်ရန် ဖုန်းနံပါတ်ကို video call ခေါ်လိုက်တော့၏။ 


"ရှောင်ရှု အဆင်ပြေရဲ့လား ..." 


ကျိမြန်၏ ညင်သာသည့်အသံ ထွက်ပေါ်လာ‌သည်။ 


"ဟင့်အင်း ..." 


ရှောင်ကျားရှုက ဆောင့်ကြီးအောင့်ကြီး ပြန်ဖြေရင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည့်အခါ မျက်ရည်စီးကြောင်းနှစ်ခု စီးကျလာတော့၏။ အင်္ကျီအနားစကို ပင့်မကာ အရှက်သည်းစွာဖြင့် မျက်ရည်သုတ်လိုက်သည့်ပုံမှာ လွန်စွာ သနားဖွယ်ပင် ကောင်းနေတော့သည်။ 


ကျိမြန်က ကားတံခါးကိုမှီကာ သက်ပြင်းချလိုက်၏။ 


"မငိုပါနဲ့ မင်းငိုရင် ကိုယ်လည်း နာကျင်ရလို့ ..." 


ရှောင်ကျားရှုက မျက်ရည်တို့ကို သုတ်ကာ နှာတရှုံ့ရှုံ့ဖြင့် ကင်မရာကို ပြန်ကြည့်လိုက်သည်။ 


"ကျွန်တော် မငိုတော့ဘူး ကျိကော ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ မားက အရမ်းခေါင်းမာလွန်းတယ် ဘယ်သူမှ သူမကို နားချလို့ရမယ် မထင်ဘူး သူမကို အကျိုးအကြောင်း ပြောပြတာလည်း နားမထောင်ဘူး အခု ကျွန်တော့်ကို အခန်းထဲ ထည့်ပိတ်ထားလိုက်ပြီ ..." 


"ဒီကိစ္စတွေအတွက် မပူနဲ့နော် ကိုယ် အားလုံး စီစဉ်ပြီးသား ကောင်းကောင်းအိပ် ကောင်းကောင်းစား အမေနဲ့ စကားမများနဲ့ ရက်နည်းနည်းလောက်နေရင် သူမက သာ့တုန်စတူဒီယိုကို ရုပ်ရှင်ရိုက်ဖို့ သွားလိမ့်မယ် အဲဒီ့အခါကျ မင်းလည်း သူမနဲ့အတူ လိုက်သွားပြီး လီရှန်းကျစ် ဇာတ်ကောင်ကို ရွေးလိုက်နော် မှတ်မိရဲ့လား ..." 


"မှတ်မိတယ် ..." 


ရှောင်ကျားရှုက ခေါင်းကို ထပ်ကာထပ်ကာ ငြိမ့်ပြလိုက်သည်။ 


ချစ်စရာကောင်းသည့် အမူအယာကို စခရင်မှတစ်ဆင့် မြင်လိုက်ရသည့် ကျိမြန်မှာ ထိန်းချုပ်၍ မရနိုင်စွာ ခပ်တိုးတိုး ရယ်မောလိုက်မိတော့သည်။ 


"ဘာလို့ မင်းကို ရုပ်ရှင်ရိုက်ခိုင်းတာလဲလို့ မမေးတော့တာလဲ ..." 


"မေးစရာမှ မလိုတာ ကောကို ယုံပြီးသား ..." 


ရှောင်ကျားရှုက အောက်ထပ်တွင် ရပ်နေသူကို လက်ဝှေ့ယမ်းပြလိုက်၏။ သူ့လေသံမှာလည်း ဒေါသတို့ ကပ်ငြိမနေတော့။ 


"ကောနဲ့ အချိန်တိုင်း အဆက်အသွယ် ရှိနေရင် စိတ်အေးအေးထားလို့ ရ

တယ် ကျိကော ကောလည်း အဲဒီ့ဇာတ်ကားကို ရိုက်မှာလား ရိုက်ကွင်းမှာ တွေ့ကြရမှာ မဟုတ်လား ..." 


"ဟုတ်တယ် ကိုယ် မင်းနဲ့ သေချာပေါက် အဖော်ပြုပေးမယ် ..." 



X Xxxxxxx