Chapter 177
သူတို့နှစ်ဦးကို အကြာကြီး စကားပြောနေကြလိမ့်မည်ဟု မျှော်လင့်ထားရာ ယခုကဲ့သို့ ချက်ခြင်း ပြန်လာလိမ့်မည်ဟု လုံးဝ ထင်မထားမိချေ။
ကြည့်ရတာ သိပ် အဆင်မပြေခဲ့ပုံပဲ ...
"မောင်းတော့ ..."
ကားထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရွှယ်မြောင်က ကားမောင်းသူကို ညွှန်ကြားလိုက်၏။
"ဖုန်းပေး ..."
ရှို့ချန်ယုက ဖုန်းကို ပေးလိုက်လျှင် သူမက စကားတစ်ခွန်းမှ မပြောဘဲ စက်ပိတ်ကာ အိတ်ထဲထည့်လိုက်သည်။
"ပြန်ရောက်မှ မင်းကို ရှင်းလင်းမယ် ..."
ဦးတည်ရာနေရာသို့ ရောက်သည့်အခါ ရှို့ချန်ယုက ကားပြတင်းပေါက်မှ ခေါင်းထွက်လျက် ရွှယ်မြောင်ကို အော်ပြောလိုက်သည်။
"မြောင်မြောင် ငါ မင်းကိုပေးထားတဲ့ ဇာတ်ညွှန်းကိုလည်း ကြည့်ကြည့်လိုက်ဦး အဲဒါက တကယ်ကို ကောင်းတယ် ဖြစ်နိုင်ရင် ရှောင်ရှုကိုလည်း ဇာတ်ကောင်တစ်ခုလောက် ရွေးခိုင်းလိုက် ဒါက ငါတို့ကုမ္ပဏီရဲ့ အရေးအကြီးဆုံး ပရောဂျက်ပဲ သန်းတစ်ရာကျော် ရင်းနှီးမြှုပ်နှံထားတာ ဒီလို အခွင့်အရေးမျိုးဆိုတာ အရမ်းရှားတယ် ..."
ရွှယ်မြောင်က နောက်ပြန်လှည့်မကြည့်ဘဲ လက်ကိုသာ ယမ်းပြလိုက်သည်။ သူမ ကြည့်မည်မကြည့်မည်ကိုလည်း အကြောင်းမပြန်။ အိမ်ထဲ ရောက်သည်နှင့် တစ်ပြိုင်နက် သားဖြစ်သူကို အတင်းအကြပ် ဖိအားပေးလိုက်တော့သည်။
"အခုချက်ခြင်း ကျိမြန်နဲ့ လမ်းခွဲလိုက် ..."
"ဘာလို့လဲ..."
သူက ရဲရဲဝံ့ဝံ့ ပြန်မေးလိုက်သည်။
"ဘာလို့ဆို ငါက မင်းအမေ ဖြစ်နေလို့ ..."
"ကျွန်တော့်အမေ ဆိုတာနဲ့ပဲ ကျွန်တော့်ဘဝကို ဝင်စွက်ဖက်လို့ ရသွားရောလား ကျွန်တော်က မားရဲ့သားနော် တစ်ဘဝလုံး ထားရာနေ စေရာသွား ကြိုးဆွဲရာ ကရမယ့်သူ မဟုတ်ဘူး ကျွန်တော်လည်း အရွယ်ရောက်နေပြီ ကိုယ်လိုချင်တဲ့ဘဝကို ရွေးချယ်ပိုင်ခွင့် ရှိတယ် ..."
ကျိမြန်နှင့် တစ်လေသံတည်း ထွက်လာသည့် သားဖြစ်သူကြောင့် ရွှယ်မြောင်၏ ဒေါသတို့ အမျက်ခြောင်းခြောင်း ထွက်လာတော့သည်။
"မင်းက အခုမှ အသက် ၂၀ ပဲ ရှိသေးတာ ဘာသိလို့လဲ လိင်တူကြိုက်တယ်ဆိုတာ ဘာလဲ သိလို့လား ဒီလမ်းကို လျှောက်ရင် ဘာတွေ ကြုံရမလဲဆိုတာ သိရဲ့လား မင်း သူငယ်တန်းတုန်းက ဘေးခုံက ကလေးမလေးကို သဘောကျတယ်ဆိုပြီး ပြောဖူးတာကို မှတ်မိပါသေးတယ် မင်းက မိန်းကလေးတွေကိုပဲ ကြိုက်တတ်မှန်း အရမ်း ရှင်းလင်းနေတဲ့ဟာ ကျိမြန်ရဲ့ လွှမ်းမိုးမှုတွေကို ခံလိုက်ရလို့သာလေ သားဘဝမှာ ဘယ်နှကြိမ်လောက် ချစ်ဖူးကြိုက်ဖူးလို့လဲ မားရဲ့ စကားကို နားထောင်ပြီး သူနဲ့ လမ်းခွဲလိုက်ပါ အချိန်တွေ ကြာလာရင် သားရဲ့ အဲဒီ့အချစ်ဆိုတာကြီးတွေက ထင်ယောင်ထင်မှား ဖြစ်တာထက် ဘာမှ မပိုဘူးဆိုတာ သိလာလိမ့်မယ် အခုတော့ သားကိုယ်သား ဘာတွေလုပ်နေလဲ သိဦးမှာ မဟုတ်ဘူး ..."
"မဟုတ်ဘူး မား အမေမှားနေပြီ ..."
ရှောင်ကျားရှုက အလေးအနက် ပြန်ပြောလိုက်သည်။
"အရင်တုန်းက ကျွန်တော့်ကိုယ်ကျွန်တော် ဘာဖြစ်ချင်လဲ မသိခဲ့ဘူး ကျိကောကို မတွေ့ခင်အထိ ဘဝကို ကောင်းကောင်း မဖြတ်သန်းခဲ့ရဖူးဘူး ကျွန်တော် မွေးလာကတည်းက မားက ကျွန်တော့်တစ်ဘဝလုံးကို ထိန်းချုပ်ခဲ့တယ် ကျွန်တော်က စန္ဒရားတီးရတာ မြင်းစီးရတာကို မကြိုက်မှန်း သိရဲ့လား မား သိလား မားက သိပါတယ် မသိချင်ယောင် ဆောင်နေတာ ကျွန်တော့်ကို သင်စေချင်မှတော့ ကျွန်တော်လည်း သင်ရုံပဲ ရှိတော့တာပေါ့ ကျွန်တော့်အသက် ၁၀ နှစ်တုန်းက နိုင်ငံခြားကို မပို့ပါနဲ့လို့ ငိုယိုပြီး တောင်းပန်ပေမယ့် မားက သဘောမတူဘူး ဘာလို့လဲဆို အမေရိကန်မှာမှ ကျွန်တော့်ရောဂါကို အကောင်းဆုံး ကုသပေးနိုင်တဲ့ စိတ်ကျန်းမာရေးဆရာဝန်တွေ ရှိတယ်လို့ ထင်လို့လေ ဒါပေမယ့် ကျွန်တော် တကယ် လိုအပ်နေတာက မိသားစုရဲ့ နွေးနွေးထွေးထွေး ထွေးပွေ့မှုဆိုတာကိုတော့ မား မသိခဲ့ဘူး မားကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ဖို့ နာမည်ကြီးကျောင်းကို ဝင်ခွင့်ရအောင် အသားကုန် ကြိုးစားခဲ့ရတယ် ဘဏ္ဍာရေးမေဂျာကို ပြောင်းခဲ့ရတယ် အကုန်လုံးက မားကို ပျော်ရွှင်စေနိုင်ဖို့ပဲ မား ကျွန်တော့်ဘဝရဲ့ အချိန်အများစုကို မားအတွက် အသက်ရှင်ပေးရင်း၊ အဖေ့ရဲ့ သဘောကျတာကို ခံရဖို့ ကြိုးစားရင်းပဲ နေခဲ့ရတာ ကျွန်တော် တကယ် လိုချင်တာ ဘာလဲဆိုပြီး တစ်ခါမှ မတွေးခဲ့ဖူးဘူး ..."
ထိုသို့ ပြောနေရင်းပင် ရှောင်ကျားရှုမှာ မျက်ရည်တို့ ရစ်သိုင်းစပြုလာတော့သည်။
"နောက်ပိုင်း တရုတ်ကို ပြန်လာတော့လည်း အဖေ့ရဲ့ ကုမ္ပဏီကို မဝင်နိုင်ဘူးလို့ သိရော အမေက ကျွန်တော့်ကို ရုပ်ရှင်ရိုက်ခိုင်းတယ် ကျိကောနဲ့ မတွေ့ခင်အထိ မားလုပ်ခိုင်းသမျှကိုပဲ လုပ်ခဲ့ရတာ အနာဂတ်မှာ ဘယ်လိုနေမယ်လို့လဲ စိတ်ကူးမရှိ ဘဝကြီးကို ဝေဝေဝါးဝါးနဲ့ပဲ ဖြတ်သန်းနေခဲ့ရတာ နောက်ပိုင်း ကျိကောနဲ့ တွေ့ပြီးမှ ကျွန်တော်က ရုပ်ရှင်ရိုက်ရတာ ကြိုက်တယ် သူ့လို သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်တယ်ဆိုတာကို နားလည်သွားတာ ဝေဝါးမှုတွေ၊ ဘဝကို ရေစုန်မျောလိုက်ချင်စိတ်တွေ မရှိတော့ဘူး ကျွန်တော့်မှာ ရည်မှန်းချက် ရှိလာပြီ တစ်ဘဝလုံးကို ရင်းနှီးမြှုပ်နှံပြီး ရုပ်ရှင်ရိုက်ရတာကို ကြိုက်လာပြီ ပြီးတော့ ဒါကမှ ကျွန်တော် တကယ်လိုချင်တဲ့ ဘဝမျိုးပဲ ..."
မျက်ရည်လည်ရွှဲဖြစ်နေသော သားဖြစ်သူကို ငေးကြည့်ရင်း ရွှယ်မြောင်၏ ရင်အစုံလည်း နာကျင်ကိုက်ခဲလာတော့၏။ သို့သော် သူမက အလျော့မပေးလိုသေးပေ။
"မင်း ဘာသိလို့လဲ မင်းသာ ဆက်ပြီး သရုပ်ဆောင်ချင်သေးရင် ကျိမြန်နဲ့ လမ်းခွဲမှ ရမှာ ဒီလောကက လိင်တူချစ်ခြင်းကို လုံးဝ လက်မခံဘူး လူတိုင်းက သားတို့ကို ငြင်းဆန်ပြီး ဂြိုဟ်သားတွေလို ရောဂါပိုးမွှားတွေလို ခါးခါးသီးသီး ငြင်းဆန်ကြလိမ့်မယ် ဘယ်နေရာသွားသွား ဘေးထိုင်ဘုပြောသူတွေရဲ့ အရွဲ့တိုက်စကားကို ကြားရ အင်တာနက်ပေါ်က လူတွေရဲ့ အပြင်းအထန် တိုက်ခိုက်ပြစ်တင်တာတွေကို ခံရလိမ့်မယ် ဒီလိုပြောနေတာ သားကို ကြောက်သွားစေချင်လို့ မဟုတ်ဘူး တရုတ်ပြည်ထဲ ကြည့်ကြည့်လိုက်ပါ ဘယ် စတားတွေကများ သူတို့က ဂေးတွေပါဆိုပြီး ထုတ်ပြောရဲလဲ အခု မားလုပ်နေတဲ့ လုပ်ရပ်တွေဆိုတာ ဘာမှတောင် မဟုတ်သေးဘူးနော် မင်းအဘိုးသာ သိကြည့်ပါလား အရေခွံတောင် ခွါပစ်လိမ့်မယ် ..."
သူမက သက်ပြင်းနက်နက်ချကာ ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် မားကတော့ သဘောမတူနိုင်ဘူး ကျိမြန်နဲ့ အမြန်ဆုံးသာ လမ်းခွဲလိုက် မားက သားကို ဂရုစိုက်လို့ ပြောနေတာ အခုအချိန်မှာတော့ သားရဲ့ စိတ်ဓာတ်က ပြင်းထန်ကောင်း ပြင်းထန်နေလိမ့်မယ် ဒါပေမယ့် အပြင်လောကကို ရင်ဆိုင်လိုက်ရတဲ့အခါ မရေမတွက်နိုင်လောက်အောင်ကို များပြားတဲ့ ဝေဖန်တိုက်ခိုက်မှုတွေ၊ ဖိအားတွေကို သည်းခံနိုင်မှာတဲ့လား သားက စိတ်ကျရောဂါ ရှ်ိခဲ့ဖူးတဲ့လူ စိတ်အခြေအနေဆိုတာလည်း စိုးရိမ်လောက်အောင်ကို မတည်မငြိမ် ဖြစ်ခဲ့တာ ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ လူတိုင်းက ပြန့်ပြူးတဲ့ အနာဂတ်ခရီးတွေ ပိုင်ဆိုင်နေတဲ့ အချိန်မှာ မင်းနဲ့ ကျိမြန်ကတော့ ကြိုးတန်းပေါ် လမ်းလျှောက်နေရမှာလေ သားကိုယ်သားတော့ ရဲရင့်တယ်လို့ ထင်ကောင်းထင်လိမ့်မယ် ဒါပေမယ့် ချော်ချလိုက်တာနဲ့ တစ်ပြိုင်နက် အောက်မှာ အသူတစ်ရာချောက်နက်ကြီးက စောင့်နေမှာ ..."
"မား မားရဲ့ စကားတွေက အရမ်းကို ချဲ့ကားလွန်းနေပြီ တကယ်လို့ ဒီအခြေအနေအထိ ရောက်လာရင်လည်း ကျွန်တော်နဲ့ ကျိကော နှစ်ယောက်လုံး အနုပညာလောကကနေပဲ ထွက်သွားလိုက်မယ်လေ သိပ်ကြီးတဲ့ ကိစ္စမှ မဟုတ်တာ ..."
ရှောင်ကျားရှုသည် စိတ်ပိုင်းဖြတ်ပြီးဖြစ်၍ မည်သူက အကြံပေးလာပါစေ စိတ်ကူးပြောင်းတော့မည် မဟုတ်ချေ။
"ရုပ်ရှင်ရိုက်ရတာ ကြိုက်တယ်ဆို ဘာလို့ ဒီလောကကနေ ထွက်မှာလဲ ဒါလား မင်းကိုယ်မင်း ဘာဖြစ်ချင်လဲ သိတယ်ဆိုတာ ..."
ရွှယ်မြောင်က သရော်လိုက်သည်။
"ရိုက်ကူးရေးနဲ့ ကျိကောဆို ကျိကောက ပိုအရေးကြီးတယ် ..."
"ဒီ ကလေး ..."
ရွှယ်မြောင်က သူ့ကိုရိုက်ရန် လက်မြှောက်လိုက်သော်ငြား မရိုက်ရက်နိုင်။ အင်တာနက်ကို ဖြတ်ကာ အခန်းတံခါး ပိတ်ချပြီးနောက် ခပ်နက်နက်အသံဖြင့် ပြောလိုက်သည်။
"ဒီရက်ပိုင်း အိမ်မှာပဲနေ ဘယ်မှ မသွားနဲ့ ..."
"အရမ်းကို နိုင့်ထက်စီးနင်း လုပ်လွန်းတယ် မားကမှ တကယ်ကို အာဏာရှင်အစစ်ပဲ ..."
ရှောင်ကျားရှုက စောင်ကိုဖက်ကာ အိပ်ယာထဲ လူးလှိမ့်ရင်း ဒေါသအစိုင်အခဲတို့ကို မျက်ရည်ပေါက်အဖြစ် အရည်ဖျော်ချလိုက်တော့သည်။
အလျော့ပေးမိမည်ကို စိုးရိမ်စိတ်ဖြင့် ရွှယ်မြောင်လည်း တီဗီကို အသံအကျယ်ဆုံးအထိ ဖွင့်ထားကာ ဇာတ်ညွှန်းစာရွက်ကို စိတ်မပါလက်မပါ ဖတ်နေလိုက်သည်။ သားသမီးဟူသည် အကြွေးရှင်ဟူသည့် စကားကိုပင် သတိရသွားတော့၏။ အမြဲလိုလို လိမ္မာနာခံတတ်သော သားဖြစ်သူသည် ရုတ်ချည်း ပုန်ကန်ထကြွလာသည့်အတွက် သူမလည်း မည်ကဲ့သို့ ကိုင်တွယ်ရမည်မှန်းပင် မသိတော့။ သို့သော် မည်သို့ပင်ဖြစ်စေ ကျိမြန်နှင့် လုံးဝ ခွင့်ပြုပေးမည် မဟုတ်ချေ။ အမျိုးသားနှစ်ယောက်သည် လက်လည်း လက်မထပ်နိုင်၊ ကလေးလည်း မရနိုင်ရာ ဤဆက်ဆံရေးမျိုးသည် မည်သို့မှ ကြာရှည်ခံမည် မဟုတ်ချေ။
..........
ရှို့ချန်ယုက ကျိုးလျန်လျန်ကို အိမ်ပြန်ပို့ပေးပြီးနောက် ကျိမြန်၏ အိမ်သစ်ဆီသို့ ထွက်လာလိုက်သည်။ တစ်အိမ်လုံးအနှံ့ လှည့်ပတ်ကြည့်ကာ ပြောလိုက်၏။
"ရို့ အိမ်က အရမ်းကို နွေးထွေးပြီး သက်တောင့်သက်သာ ရှိနေပါ့လား ဘဝကို ဘယ်လို ကောင်းကောင်းနေရမလဲ ဆိုတာကိုတော့ သိသားပဲ ..."
ရှောင်ကျားရှုနှင့် အတူနေရန် ကျိမြန်က ဤကဲ့သို့သော တိုက်ခန်းကျဉ်းမျိုးကို ရွေးလိမ့်မည်ဟု လုံးဝ ထင်မထားချေ။ ဧည့်ခန်းအပါအဝင် တစ်အိမ်လုံး ပေါင်း၍ပင် ၁၂၀ စတုရန်းမီတာမပြည့်။ ဧည့်ခန်းနှင့် ထမင်းစားခန်းမှာ တစ်ဆက်တည်းဖြစ်ကာ မျက်နှာချင်းဆိုင်တွင် အိပ်ခန်းနှင့် စာကြည့်ခန်းတစ်ခန်း ရှိသည်။ အခန်းများစွာ ကန့်ထားခြင်း မရှိသည့်အပြင် အရောင်ကိုလည်း နွေးထွေးသည့် ခံစားချက် ပေးစွမ်းသည့် အရောင်များသာ ရွေးချယ်ထားပြီး အစိမ်းရောင်သစ်ပင်အချို့ကို ကျပန်း စိုက်ပျိုးထားသေးသည့်အတွက် အိမ်ဟူသည့် ခံစားချက်ကို များစွာ ပေးစွမ်းနေပေသည်။
ကော်ဇောပေါ်ထိုင်ကာ ဝိုင်သောက်နေသည့် ကျိမြန်သာ ရှိမနေပါလျှင် ရှို့ချန်ယုသည် ဤအိမ်မှာ သူ့အိမ်လေလားဟုပင် အထင်မှားမိမည်ဖြစ်သည်။
"အိမ်က ကျဉ်းတယ်နော် ရှောင်ရှုက နေသားကျပါ့မလား ..."
ချန်းယုက စနောက်လိုက်သည်။
"မင်းက အရမ်း မတွန့်တိုလွန်းဘူးလား ..."
ကျိမြန်က နူးညံ့စွာ ပြုံးလိုက်သည်။
"ဒါက ရှောင်ရှု ရွေးထားတဲ့အိမ် သူပြောတာတော့ သူက ပျော်ရွှင်ရတဲ့ မိသားစုသေးသေးလေးတွေကို သဘောကျတယ် တစ်အိမ်တည်း အတူနေတဲ့အခါ ဘယ်နားရောက်နေရောက်နေ တစ်ယောက်ရဲ့ တည်ရှိမှုကို ကျန်တစ်ယောက်က ခံစားနေလို့ရရင် အကောင်းဆုံးပဲတဲ့ အန်ကယ်ရှို့ သိလား သူ့အတွေးထဲက အိမ်ကလေ ကျွန်တော့်အိပ်မက်တွေနဲ့ တစ်ထပ်တည်းပဲ သူဖြစ်ချင်တာက ကျွန်တော်ဖြစ်ချင်တာ သူ ပေးချင်တာက ကျွန်တော် သူ့ကို ပေးချင်တာနဲ့ ထပ်တူပဲ ကျွန်တော်တို့ တစ်ယောက်ချင်းစီက တစ်ယောက်အတွက် တစ်ယောက် နောက်ထပ် ထပ်မရှိနိုင်လောက်တော့တဲ့ ပြိုင်ဘက်ကင်း လက်တွဲဖော် ဖြစ်နေပြီ ..."
ရှောင်ယုက ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
"ရှောင်မြန် မင်းနဲ့ ရှောင်ရှုက အတည်လား ..."
"ကျွန်တော်တို့က လက်ထပ်ပြီးသွားပြီ အခုရော အတည်လို့ ထင်သေးလား ..."
ကျိမြန်က စားပွဲပေါ်ရှိ လက်ထပ်မှတ်ပုံတင်ကို ညွှန်ပြလိုက်သည်။
ရှောင်ရှုက သူ့ကို အကြာကြီး ငေးစိုက်ကြည့်နေကာ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်သည်။
"မင်းကတော့ တကယ့်ကို တကယ့်ကို ခြေတစ်လှမ်း စောသွားပြီပဲ တော်သေးတာပေါ့ ဒီမှာ မြောင်မြောင် ရှိမနေလို့ မဟုတ်ရင် မင်းကြောင့် သေချာပေါက် ယမ်းပုံမီးကျ ဖြစ်သွားမှာ ..."
"အန်ကယ်ရှို့ အန်ကယ်ကရော ဘဝသက်တမ်းတစ်ဝက်လောက် စောင့်နေခဲ့တဲ့ဟာ ဘာကို ထပ်စောင့်နေဦးမှာလဲ ..."
ကျိမြန်က ခါးသီးစွာ ရယ်လိုက်သည်။
"ဘာကိစ္စပဲဖြစ်ဖြစ် လွဲချော််လို့ မရတဲ့သူဆိုတာ ရှိတယ်နော် ဒီလိုလုပ်ရတဲ့အတွက် အန်တီရွှယ်အပေါ် အားနာမိပေမယ့် လုံးဝ နောင်တမရဘူး အန်ကယ်ရှို့ ကျွန်တော့်ကိုလည်း အန်ကယ့်လို အမှားမျိုး ထပ်မဖြစ်စေချင်ဘူး မဟုတ်လား ..."
ရှို့ချန်ယုက ဝိုင်တစ်ခွက်သောက်ရင်း အံကိုကြိတ်ကာ ပြောလိုက်သည်။
"ရှောင်မြန် မင်းကို ငါ့ဘဝနဲ့ရင်းပြီး ကူညီပေးထားတာ ငါ့ကို တစ်ပတ်ရိုက်ဖို့ မကြိုးစားနဲ့ ..."
"မစိုးရိမ်ပါနဲ့ အန်ကယ်ရှို့ ကျွန်တော် မလုပ်ရဲပါဘူး ..."
ကျိမြန်က စကားပြောနေရင်း တန်းလန်းပင် ရှောင်ကျားရှု၏ဖုန်းကို လှမ်းဆက်လိုက်သည်။ ရွှယ်မြောင်က သူနှင့် ရှောင်ရှုကို အဆက်အသွယ်လုပ်ခွင့် ပေးလိမ့်မည် မဟုတ်ကြောင်း သိသည့်တိုင် လက်မလျော့ချင်သေး။ ခွဲခွါရသည်မှာ တစ်နာရီသာ ရှိသေးသော်ငြား ရှောင်ရှုကို လွမ်းဆွတ်မိနေပြီဖြစ်သည်။ အိမ်ထဲတွင် ရှောင်ရှု မရှိသည့်အခါ အေးစက်ပြီး ဗလာဖြစ်ကာ အထီးကျန်မှုကိုသာ ခံစားလိုက်ရတော့သည်။
သူ့အနေဖြင့် ရှောင်ရှုကို မည်သည့်အကြောင်းပြချက်နှင့်မျှ အဆုံးရှုံး မခံနိုင်။
"ဒီတစ်ကြိမ် မင်းတို့ကို ကူညီပေးမယ် အနာဂတ်မှာ ငါ့ကို ပြန်ကူညီပေး ..."
ရှို့ချန်ယုက စိတ်ပျက်အားငယ်စွာ ပြောလိုက်သည်။
"လူငယ်ဘဝမှာ ပေါ့ပျက်ပျက် မနေဖူးတဲ့သူ ဘယ်သူရှိလို့လဲ မြောင်မြောင့်ကို တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ငါ ချက်ခြင်း ပြောင်းလဲခဲ့တာဟာကို ဘာလို့ မီဒီယာတွေက ဒီအကြောင်းကိုပဲ ဆက်ရေးနေကြတာလဲ စောက်ကျိုးနည်းကွာ သူတို့က ငါ့ကို ဒုက္ခပေးလိုက်တာပဲ မြောင်မြောင်က ငါ့ကို မိန်းမရှုပ်တယ်လို့ ထင်လို့သာ မဟုတ်ရင် ဟို ကြောင်သူတော်ကောင် ရှောင်ချီကျဲနဲ့ ကြိုက်မှာတဲ့လား ငါ သူမကို နှစ်နှစ်ဆယ်ကျော် စောင့်ခဲ့ပေမယ့် လုံးဝ နောင်တမရဘူး တစ်သက်လုံး ဖြစ်ပါစေဦး စောင့်နေဦးမှာပဲ ..."
နောက်ထပ်ဝိုင်တစ်ခွက်ကို မော့သောက်လိုက်သည့်အခါ မျက်ဝန်းထောင့်စွန်းမှ မျက်ရည်စတို့ တလက်လက် တောက်ပလာတော့သည်။
"အန်ကယ်ရှို့ လျော့သောက်ဦး ..."
ကျိမြန်က နားချလိုက်သည်။
"ရပါတယ် ဝိုင်တစ်ပုလင်းလောက်နဲ့တော့ မမူးပါဘူး ..."
ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ဖုန်းကို ရုတ်ချည်း ကောက်ကိုင်လိုက်သည်။
"ဟုတ်သားပဲ ငါ့ကို မြောင်မြောင် လုပ်ခိုင်းထားတဲ့ဟာ မလုပ်ရသေးဘူး ..."
"ဘယ်ဟာလဲ ..."
ကျိမြန်က သူ့ကို ဝိုင်ဖန်ခွက်တစ်ဝက် ငှဲ့ပေးရင်း မေးလိုက်သည်။
"ချိုးတုနဲ့ <<နဂါးနှစ်ကောင်ရဲ့ ရာဇဝင်>> ကို ဆွဲချဖို့ ..."
သူ
က ဖုန်းကို ဖွင့်ကြည့်ရင်း လှောင်ရယ်လိုက်သည်။
ရှောင်ရှု မပါဘဲနဲ့ ချိုးတုနဲ့ ဝမ်အန်း ဘယ်လိုရုပ်ရှင်မျိုး ရိုက်နိုင်မလဲ ကြည့်ကြသေးတာပေါ့ ...
Xxxxxxx