Chapter 166
ကင်မရာရိုက်ချက်က အရှေ့သို့ ရောက်လာကာ သူ့မျက်နှာကိုသာ ရိုက်ပြလိုက်သည်။ သူ့အောက်ပိုင်းခန္ဓာကိုယ်ကို သဘောကျနေသည့် ကြည့်ရှုသူ အမျိုးသမီးများက နောင်တ တပွေ့တပိုက်ဖြင့် သက်ပြင်းချလိုက်ကြကာ အမျိုးသားများပင်လျှင် ဒါရိုက်တာကို ကျင့်ဝတ် မသိတတ်ဟု မှတ်ချက်ချမိကြတော့သည်။
ဘာလို့ တကယ့်အပိုင်းကြီးကျမှ ဖြတ်ပစ်ရတာလဲ ...
မည်သို့ပင်ဖြစ်စေ သူတို့အားလုံးသည် ပြိုင်ဘက်ကင်း ချောမောလှသည့် မျက်နှာလေး၏ ဆွဲဆောင်မှုအောက် ကျရှုံးသွားကြတော့သည်။ ထင်ရှားလှသည့် မျက်နှာအချိုးအဆစ်တို့မှာ ဘုရားသခင်၏ ကောင်းချီးအဖုံဖုံကို အပိုင်စား ရခဲ့သည့်ကြောင့်နှယ်။ အလှအပစံနှုန်းများစွာဖြင့် ချိန်ကိုက်ကြည့်သည့်တိုင် အပြစ်အနာအဆာ တစ်နေရာမှ မတွေ့ရချေ။
001 ဇာတ်ကောင်မှာ ပို၍ပို၍ပင် သရုပ်ပေါ်လာတော့သည်။
သုတေသီအသင်းက သူ့ကို နှိုးသင့်မနှိုးသင့် ငြင်းခုန်နေကြစဉ် ကြည့်ရှုနေသူအားလုံး ရင်တမမ ဖြစ်နေရကာ အငြင်းပွားနေရင်း ရေကန်ကို တိုက်မိ၍ 001 ၏ ထူထဲလှသော မျက်တောင်ပေါ်သို့ ရေပူဖောင်းများ ကပ်ငြိသွားကြောင်း တွေ့လိုက်ရသည့်အခါ ကြည့်ရှူသူများမှာ အသက်ပင် ရဲရဲ မရှူရဲကြတော့။
ပညာရှင်က နိုးထစေခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်ပြီးနောက် 001က ရေကန်ထဲမှ ထွက်လာကာ လူတိုင်းကို စတင်တိုက်ခိုက်တော့သည်။ အိပ်မောကျနေစဉ်ကပင်လျှင် ကြောက်မက်ဖွယ် ကောင်းလှပြီ ဖြစ်နေရာ နိုးထပြီးနောက် သူ့ခွန်အားမှာ သာ၍ပင် ကြောက်မက်ဖွယ် ကောင်းလာတော့သည်။ သုတေသီအဖွဲ့အား ကျဉ်းမြောင်းသည့် ဥမင်တို့ထံ ဦးဆောင်ခေါ်လာကာ သူ့အမူအယာမှာ အမြဲလိုလို တည်ငြိမ်အေးစက်နေသည်။ ရန်သူကို ရှောင်ရှားကာ ကျိုးပဲ့နေသည့် ဥမင်ထဲ ခုန်ချပြီး သူ့ထံ ရောက်လာသည့် Zerg နှင့် သားရဲကောင်များကို လက်ဗလာဖြင့် ဆွဲဖြဲလိုက်တော့သည်။ သူ့ဘေးပတ်လည်တွင် သွေးနီစက်တို့ ပျံ့နှံ့နေသော်ငြား မြေပေါ် ပြန်ရောက်လာသည့် အခါတွင်မူ သူ့တစ်ကိုယ်လုံး သွေးတစ်စက်မျှပင် မရှိတော့ချေ။
လှပသည့် အချိုးအစားနှင့် တင့်တယ်သည့် ကိုယ်နေဟန်ထားတို့ကြောင့် သူ၏ တိုက်ခိုက်သည့် လှုပ်ရှားမှုတို့မှာ ထူးထူးခြားခြား ကြည့်ကောင်းလာတော့သည်။ သူ့ပုံစံမှာ ဇာ့ဂ်နှင့် သားရဲကောင်တို့၏ အသက်ကို လက်လွတ်စပယ် ရိတ်သိမ်းနေသည့် တစ္ဆေတစ်ကောင်နှယ်။ စစ်တပ်ကို သေမင်းထောင်ချောက်ထဲ မျှားခေါ်နိုင်သည်အထိ ရက်စက်ဟန် ပေါ်လှသော်ငြား အဆုံးတွင်မူ သူ့ကိုယ်သူ အနစ်နာခံရန်သာ ရွေးချယ်သွားခဲ့သည်။
"Zerg" ရုပ်ရှင်၏ ပထမနှစ်ပိုင်းတွင် တစ်ကိုယ်တော် သူရဲကောင်းဝါဒီမျိုး ထည့်သွင်းမထားသော်ငြား ယခုအပိုင်းတွင်မူ 001 ၏ သူရဲကောင်းဆန်မှုတို့ကို အထူးတလည် ရိုက်ကူးပြသထားသည်။ ၎င်းမှာ ဥရောပနှင့် အမေရိကရှိ ကြည့်ရှုသူတို့၏ အကြိုက်နှင့် တစ်ထပ်တည်းပင်။ သူ သတ်ဖြတ်နေသည့်ပုံစံ၊ သွေးမိုးတို့အကြား သူရဲကောင်းဆန်ဆန် လျှောက်လာပုံတို့ကို များစွာ သဘောကျကြကာ သူ့တစ်ကိုယ်လုံး ပေါက်ကွဲသည့် အပိုင်းတွင် ကြည့်ရှုသူအားလုံး မျက်လုံးများ နီမြန်းသွားကာ မျက်လုံးထောင့်စွန်းမှ ကျဆင်းနေသည့် မျက်ရည်စီးကြောင်းနှစ်ခုကိုသာ အတိုင်းသား ငေးကြည့်နေလိုက်ကြသည်။
"Zerg" ၏ သုံးထပ်ကွမ်း အောင်မြင်မှုမှာ စိတ်လှုပ်ရှားဖွယ် ဇာတ်ညွှန်း၊ လှပသည့် ရှုခင်း၊ လက်တွေ့ဆန်လှသည့် အထူးပြုလုပ်ချက်၊ ပြောင်မြောက်လှသည့် သရုပ်ဆောင်များ၊ ပြင်းထန်သည့် တိုက်ခိုက်ရေး ပြကွက်များနှင့် လူ့သဘာဝအကြောင်း ဆွေးနွေးချက်များကြောင့်ပင်ဖြစ်သည်။ ၎င်းမှာ သာမန် စီးပွားဖြစ် ရိုက်ကူးထားသည့် သဘာဝလွန် အက်ရှင်ဇာတ်ကား တစ်ကားသာ မဟုတ်၊ ပိုမိုနက်ရှိုင်းသည့် အဓိပ္ပါယ်တစ်ရပ်ကိုလည်း ပေးစွမ်းနေသေးသည်။
ကြည့်ရှုသူများသည် အကြမ်းကြုတ်ဆုံး 001 ထံမှ အလှပဆုံး လူသားဆန်မှု တစ်ပိုင်းတစ်စကို ရှာတွေ့လိုက်သည်။ အကာသယာဉ် တစ်ဖြည်းဖြည်း ရပ်တန့်သွားကာ ပညာရှင်အဖြစ် သရုပ်ဆောင်ထားသော ကျိမြန်၏ ပုံရိပ် ထွက်ပေါ်လာသည်။ ပြတင်းပေါက်ဘေး ရပ်ကာ ပင်မကြယ်ကို အကြာကြီး ငေးကြည့်နေသူမှာ 001 ကို တိမ်များကို ဖြတ်၍ တွေ့မြင်လိုဟန်ပင်။ သက်ပြင်းအရှည်ကြီး တစ်ချက်ကို ချလိုက်ပြီး တစ်ချိန်တည်းမှာပင် ကြည့်ရှုသူများကလည်း သူနှင့်အပြိုင် သက်ပြင်းချလိုက်ကြတော့သည်။
ထိုအခါမှ ဇာတ်ကြောင်း၏ ဆွဲခေါ်မှုနောက် မျောပါသွားသော ရှောင်ကျားရှု၏ ပရိသတ်များ သတိပြန်လည်လာတော့သည်။ အဆုံးမရှိသော ဂုဏ်ယူမှုတို့ တရစပ် ထွက်ပေါ်လာတော့၏။ သူတို့အိုင်ဒေါမှာ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ကြောင်း သိကြသည့်တိုင် ဤမျှအထိ လုပ်ဆောင်ပြနိုင်လိမ့်မည်ဟု မျှော်လင့်မထားမိ။ စက်ရုပ်အဖြစ် သရုပ်ဆောင်ရန်မှာ လွယ်ကူလွန်းကာ မျက်နှာသေဖြင့်သာ နေရန်လိုသည်ဟု ပြောလာပါလျှင် ထိုသူကို အရူးဟုသာ သတ်မှတ်ရပေလိမ့်မည်။
စက်ရုပ်ဟူသည် အသက်မရှိ၊ အေးစက်မှုနှင့် ခက်ထန်ရက်စက်မှုသာ ရှိပေသည်။ သူတို့နှလုံးသားထဲတွင် တစ်ချက်တစ်လေမျှ လှုပ်ရှားသွားပါလျှင်ပင် မျက်ဝန်းမှတစ်ဆင့် ကြည့်ရှုသူကို ချပြမိမည်ဖြစ်သည်။ ရှောင်ကျားရှုက 001 ၏ အေးစက်မှုကိုသာမက လူ့သဘော လူ့မနော၏ နွေးထွေးမှုကိုပါ ကောင်းကောင်းကြီး သရုပ်ပြသွားနိုင်ကာ အေးစက်မှုနှင့် နွေးထွေးမှုအကြား ပြောင်းလဲချက်နှင့် သူ့ကိုယ်သူ ပြန်လည်ချိုးနှိမ်မှုတို့က ဇာတ်ကောင်ကို အပြည့်အဝ ရသမြောက်သွားစေခဲ့တော့သည်။
အကြည့်တစ်ချက်လေးကိုပင် မထိန်းချုပ်နိုင်ပါလျှင် တလက်လက်တောက်ပနေသည့် အချက်အားလုံး ရုတ်ချည်း ချုပ်ငြိမ်းကာ 001 ကို ပျင်းစရာကောင်းကာ မယုံကြည်နိုင်ဖွယ် ဇာတ်ကောင်အဖြစ် ပြောင်းလဲသွားစေမည်ဖြစ်သည်။ ခက်ခဲမှုအဆင့်မှာ သာမန်သူတို့ စိတ်ကူးမယဉ်နိုင်လောက်အောင်ပင် ပြင်းထန်လွန်းလှသည်။ သိူ့သော် ရှောင်ကျားရှုကမူ အမြင့်ဆုံးအထိ လှမ်းတက်နိုင်ကာ သူ၏ ပြောင်မြောက်လှသော သရုပ်ဆောင်စွမ်းရည်က 001 ကို Zerg 3 ၏ အကြီးမားဆုံး highlight ဖြစ်စေခဲ့သည်။ သူ့သရုပ်ဆောင်စကေးမှာ လူတိုင်း မျှော်လင့်ထားသည်ထက်ပင် သာလွန်ကောင်းမွန်နေတော့သည်။
သူတို့၏ ရဲဘော်ရဲဘက်များ အသက်ရှင်ကျန်နိုင်ရန် အလို့ငှာ မြောက်များစွာသော လုပ်အားပေးများက မိန်းကလေး ကိုယ်ထဲမှ ထုတ်ယူထားသည့် ဗိုင်းရပ်စ်ပိုးကို သူတို့ခန္ဓာကိုယ်ထဲ ထိုးသွင်းကာ အင်းဆက်များ ရှိရာဂြိုဟ်သို့ အသေခံ သွားရောက်ခဲ့ကြသည်။ ထူထဲလှသည့် သွေးမြူတို့အကြား အဆက်မပြတ် ပေါက်ကွဲသံတို့၏ အလယ်တွင် ဇာ့ဂ်တို့၏ ဇာတ်သိမ်း ဆုံးခန်းတိုင်သွားပြီး အသက်ရှင်ကျန်ရစ်ခဲ့သူများမှာလည်း အာကာသပြင်တွင် ရပ်လျက်သာ ကျဆုံးသွားသူများ၏ ဈာပနကို လိုက်လံပို့ဆောင်ပေးလိုက်ရတော့သည်။
ငြိမ်းချမ်းရေးကို အလွန်အမင်း ရင်နာဖွယ် တန်ဖိုးတစ်ခုနှင့် လဲလှယ်ပြီးနောက်တွင်တော့ လူသားများသည် မိမိတို့၏ ဦးတည်ရာ ပန်းတိုင် ကမ္ဘာမြေသို့ ပြန်လည် ထွက်ခွါလာလိုက်ကြတော့သည်။
ဝမ်းနည်းဖွယ် ဇာတ်ဝင်သီချင်းနှင့်အတူ ပါဝင်သရုပ်ဆောင်သူတို့၏ နာမည်များ စခရင်ထက် ထွက်ပေါ်လာမှသာ ကြည့်ရှုသူများလည်း အသက်ကို ရဲရဲ ရှူရဲကြတော့သည်။ သူတို့၏ စိတ်နှလုံး တစ်ခုလုံး အံ့ဩမင်သက်သည့် ခံစားချက်တို့ဖြင့် ပြည့်နှက်သွားတော့၏။ ဇာတ်လမ်းတွဲများကို ရိုက်ကူးသည့်အခါ ပထမဆုံးရုပ်ရှင်က စိတ်ဝင်စားစရာ ကောင်းလေလေ ၎င်း၏ ဂုဏ်သတင်းကို ကျော်တက်နိုင်ရန် ခက်ခဲလေပင်ဖြစ်သည်။ သို့သော် ဤအချက်မှာ <<The Zerg Wars>> အတွက်မူ မှန်ကန်ဟန်မတူ။
ဒုတိယရုပ်ရှင်ကို ရိုက်ကူးစဉ်က ပထမရုပ်ရှင်၏ အောင်မြင်မှုမှာ ကြီးမားလွန်းသည့်အတွက် ဒုတိယရုပ်ရှင်က အမှီလိုက်နိုင်မည် မဟုတ်ဟု အများက ကောက်ချက်ချကြသည်။ သို့သော် လက်တွေ့တွင်မူ ဒုတိယရုပ်ရှင်၏ ရုံဝင်နှုန်းနှင့် တစ်ဆင့်စကား တစ်ဆင့်နားများမှာ ပထမရုပ်ရှင်ထက်ပင် သာလွန်ကာ အအောင်မြင်ဆုံး ဒုတိယရုပ်ရှင်ဟု မီဒီယာများ၏ ထောပနာပြုခြင်းကိုပင် ပိုင်ဆိုင်ခဲ့သည်။
ကျိမြန်က တတိယတစ်ပိုင်း ထပ်ရိုက်ရန် ဆုံးဖြတ်သည့်အခါ လူတိုင်းက သူ့ကို ရရှိထားသည့် အောင်မြင်မှုများအား ဖျက်ဆီးမပစ်ရန် အကြံပေးကြသည်။ အထူးသဖြင့် သူသည် တတိယရုပ်ရှင်တွင် မူရင်း သရုပ်ဆောင်များကို ကျော်လွန်ကာ ဇာတ်ကောင်အသစ် ထည့်သွင်းခဲ့သည်။ ထိုထည့်သွင်းမည့် ဇာတ်ကောင်မှာ ဥရောပ သို့မဟုတ် အမေရိကမှ နာမည်ကြီးစတားတစ်ယောက် ဖြစ်ပါလျှင်မူ ကိစ္စမရှိသော်ငြား အရှေ့တိုင်းမှ လူသစ်တစ်ဦးကို ရှာဖွေခြင်းမှာမူ လွန်စွာ အန္တရာယ်များလှသည့် အရွေ့တစ်ခု ဖြစ်ပေသည်။
အချို့က သူ့ကို အနှေးနှင့်အမြန် နောင်တရလျှင်ရ သို့မဟုတ်ပါလျှင် ရုပ်ရှင်ကို ကယ်တင်နိုင်ရန် အလို့ငှာ လူသစ်၏ အပိုင်းများကို ဖြတ်ထုတ်လိမ့်မည်ဟု တွက်ကိန်းထုတ်ခဲ့ကြသည်။ CROWN Universal Pictures မှ ထုတ်လွှင့်လာသည့် ပရိုမိုးရှင်း ဗီဒီယိုတွင် ထိုလူသစ်လေး၏အခန်းမှာ သုံးစက္ကန့်သာ ပါဝင်ပေသည်။ ထိုသို့ ပါဝင်သည့်တိုင် စာသားလည်း တစ်ခွန်းမှ မပြောရ၊ သုံးစက္ကန့်လုံးလုံး ကျိမြန်နှင့်သာ အကြည့်ချင်း ဆုံနေခဲ့ရသည်။
ကြည့်ရှုသူများမှာ သူ့ဇာတ်ကောင်ကိုပင် မခန့်မှန်းနိုင်ရာ သူနှင့်ပတ်သက်၍ လွယ်လင့်တကူ မေ့လျော့သွားကြတော့သည်။ ရုပ်ရှင်ကို ကြည့်ပြီးမှသာ ထိုသုံးစက္ကန့်သည် မည်သည်ကို ကိုယ်စားပြုကြောင်း သဘောပေါက်သွားတော့၏။ သုတေသီအဖွဲ့ကို ကယ်တင်ရန် အလို့ငှာ 001 က ထောင်ပေါင်းများစွာသော တပ်သားတို့ကို စွန့်လွှတ်ခဲ့ရပြီး ဤကဲ့သို့ ခက်ခဲကြမ်းတမ်းသည့် အခြေအနေအတွင်းမှာပင် ပညာရှင်နှင့် စကားပြောခန်းတစ်ခု ထွက်ပေါ်လာခဲ့၏။ ၎င်းမှာ လူသားမျိုးနွယ်မှာ မည်မျှအထိ အင်အားကြီးကြောင်းနှင့် သူ့တွင် မရှိသည့် အရာမှာ မည်သည့်အရာဖြစ်ကြောင်း သဘောပေါက်သွားသည့် အခိုက်အတန့်လည်း ဖြစ်ပေသည်။
ရလဒ်အနေဖြင့် လူသားဆန်မှုက သူ့အသိစိတ်ကြား တိုးဝင်လာကာ ၎င်းနှင့် ပတ်သက်၍ စိတ်ဖိစီးဝေဝါးနေစဉ်မှာပင် စိတ်နှလုံးသားထဲ၌ အမြစ်တွယ်ခွင့် ပြုလိုက်မိတော့သည်။ သူ၏ နိုးထလာမှုနှင့် စွန့်လွှတ်အနစ်နာခံမှုသည် လူသားမျိုးနွယ်နှင့် အခြား ဉာဏ်ရည်မြင့် မျိုးနွယ်တို့၏ အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်ပင် ဖြစ်ပေသည်။
ပရိုမိုးရှင်းဗီဒီယိုကို တစ်ဖန် ပြန်ကြည့်ရပါလျှင် သုံးစက္ကန့်အချိန်လေး အတွင်းမှာပင် 001 ၏ အကြည့်တို့က သူ့အတွင်းစိတ်၏ ရုန်းကန်မှုနှင့် ပြောင်းလဲမှုတို့ကို ထင်ထင်ရှားရှား ပြသသွားသည်။ ရှုပ်ထွေးနေသည့် ခံစားချက်တို့က အေးစက်မှုများကို ဆွဲဖယ်ကာ နောက်ဆုံးတွင် တည်ငြိမ်မှုဆီသို့ တစ်ဖန်ပြန်လည် အခြေကျသွားတော့သည်။ သူသည် ယခင်အတိုင်းပင် အေးစက်နေဆဲ စက်ရုပ်တစ်ရုပ် ဖြစ်ဟန်တူသော်ငြား တစ်ချိန်တည်းမှာပင်လျှင် အသစ်တစ်ဖန် ပြောင်းလဲသွားသည့်နှယ်။
ထိုအခိုက်အတန့်မှာ ရုပ်ရှင်တစ်ခုလုံး၏ အရေးအပါဆုံး ဇာတ်ကွက်ဖြစ်ရာ trailer တွင် သေချာပေါက် ထည့်သွင်းရပေမည်။ ရုပ်ရှင်ကို မကြည့်ဖူးသူများအဖို့ ဤအခန်းမှာ မည်မျှကောင်းမွန်လှကြောင်း ပြောနိုင်မည် မဟုတ်၊ သို့သော် အစအဆုံး ကြည့်ရှုပြီးသူတိုင်း နက်ရှိုင်းပြင်းထန်စွာ တုန်လှုပ်အံ့ဩကြရတော့သည်။
ဥရောပတိုက်သားနှင့် အမေရိကန်နိုင်ငံသားတစ်ဦးက ဤရုပ်ရှင်ကို စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အညွှန်းရေးလာ၏။
[ကောင်းပြီ အမှန်အတိုင်းပြောရရင် ပရိုမိုးရှင်း ဗီဒီယိုကို ကြည့်တုန်းက ရှောင်ကို လုံးဝ မမှတ်မိဘူး ဒါပေမယ့် ရုပ်ရှင်ကို အဆုံးအထိ ကြည့်ပြီးလို့ ပရိုမိုးရှင်းဗီဒီယိုကို ထပ်ကာထပ်ကာ ပြန်ကြည့်လိုက်ကာမှ ဘုရားရေ ငါ့အကြည့်တွေကတော့ ရှောင်ရဲ့ အကြည့်နောက်ကို လုံးဝ ဆွဲခေါ်ခံလိုက်ရပြီ စက်နဲ့လည်ပတ်တဲ့ ဘဝတစ်ခုကနေ စိတ်ဝိဉာဉ်ရှိလာတဲ့ ပုံစံမျိုးကို သုံးစက္ကန့်အတွင်း သရုပ်ဆောင်ပြနိုင်ဖို့ဆို ဘယ်လောက်ထိတောင် ပြောင်မြောက်တဲ့ အရည်အချင်းမျိုး လိုအပ်လိုက်မလဲ ဒီလိုအရည်အချင်းမျိုးဆိုတာ မျက်လှည့်နဲ့တောင် ယှဉ်လို့ ရနေပြီလေ ဟုတ်တယ် မဟုတ်လား ရှောင် သရုပ်ဆောင်ထားတဲ့ 001 က <<Zerg Wars 3>>မှာ အကောင်းဆုံးဇာတ်ကောင်ဆိုတာ ငြင်းစရာကို မရှိတော့ဘူး]
အခြားသူများကလည်း ဤသို့ ပြောလာကြပြန်၏။
[ရုပ်ရှင်ကို ကြည့်ပြီးတဲ့နောက် ငါ့စိတ်ထဲ ခဏခဏ ပေါ်လာတာက ခပ်မိုက်မိုက် မက်ဒီ မဟုတ်ဘဲ ရှောင်ရဲ့ အဝတ်မပါတဲ့ နောက်ကျောကြီး ဖြစ်နေတယ်ကွ ဘုရားရေ ငါတော့ ရှောင့်ကြောင့် ကွေးသွားပြီထင်တယ်]
ကြည့်ရှုသူများက ရုပ်ရှင်ကို သောင်းသောင်းဖျဖျ ချီးကျူးခဲ့ကြကာရှောင်ကျားရှု၏ သရုပ်ဆောင်မှုအပေါ် လွန်စွာ ကျေနပ်သဘောတွေ့ပြီး သူ ပါဝင်လာမှုမှာ <<Zerg 3>> ကို မဖျက်ဆီးသည့်အပြင် ပို၍ပင် တောက်ပစေသည်ဟု လက်ခံယုံကြည်လာကြတော့သည်။ တတိယရုပ်ရှင်တွင် 001 ဟူသည့် ဇာတ်ကောင် မပါဝင်ခဲ့ပါလျှင် သို့မဟုတ် အခြားသရုပ်ဆောင်တစ်ဦးက ဤဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့ပါလျှင် ယခုလောက်အထိ အောင်မြင်လိမ့်မည် မဟုတ်ဟု ယုံကြည်သူများပင် ရှိလာတော့သည်။
အနောက်တိုင်းသား သရုပ်ဆောင်များမှာ ကြီးကျယ်ခမ်းနားလှသည့် သရုပ်ဖော်ပြချက်များနှင့်သာ အသားကျနေရာ သူတို့၏ ဖော်ပြချက်၊ လှုပ်ရှားပုံနှင့် စာသားများမှာ များစွာ လွန်ကြူးချဲ့ကားလွန်းလှသည်။ အရှေ့တိုင်းသားများကမူ ပိုပြီး ညင်သာကာ ခံစားချက်အစစ်အမှန်ကို အသံတိတ် ဖော်ပြသည့် နည်းလမ်းကိုသာ အသုံးပြုကြသည်။ 001 ကိုယ်တိုင်သည်ကပင်လျှင် အလွန်တိတ်ဆိတ်ကာ ချုပ်တည်းတတ်သည့် ဇာတ်ကောင်မျိုး ဖြစ်သည့်အတွက် သူ့အတွင်းကမ္ဘာကို ပြည့်ပြည့်ဝဝ ဖော်ပြလိုပါလျှင် အကြည့် သို့မဟုတ် လှုပ်ရှားချက် အသေးအဖွဲလေးများအပေါ်တွင်သာ မှီခိုရမည်ဖြစ်သည်။
ဤကိစ္စနှင့် စပ်လျဉ်း၍ မည်သူကမှ ရှောင်ကျားရှုထက် ပိုမိုသာလွန်အောင် ဖော်ပြနိုင်မည် မဟုတ်ချေ။
မီးရောင်များ ပြန်လင်းလာသည့်အခါ အားလုံးက တစ်ညီတစ်ညာတည်း မတ်တပ်ရပ်လျက် သောင်းသောင်းဖျဖျ လက်ခုပ်ဩဘာ ပေးလိုက်ကြတော့သည်။ ဤရုပ်ရှင်မှာ လွန်စွာ အောင်မြင်ကာ ရှေ့ကရိုက်ခဲ့သည့် ဇာတ်လမ်းတွဲနှစ်ခုကို အမှီလိုက်နိုင်တော့မည်ဖြစ်ကြောင်း အငြင်းပွားနေရန်ပင် မလိုအပ်တော့ချေ။
ရှောင်ကျားရှုက ခပ်ဖြည်းဖြည်း မတ်တပ်ထရပ်ကာ ငွေရောင်ပိတ်ကားကို ရှုပ်ထွေးနေသော အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်၏။ သူရိုက်ခဲ့သည့် ရုပ်ရှင်များကို ရုပ်ရှင်ရုံထဲတွင် ပြန်လည်ကြည့်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့သည့်တိုင် စိတ်လှုပ်ရှားမှုက လျော့ပါးမသွားသေး။ ပြီးခဲ့သည့် အခေါက်များတွင် သူ မည်သည့်နေရာ၌ အားနည်းသွားကာ မည်သည့်နေရာ၌ တိုးတက်လာသည်ဟုသာ အာရုံစိုက်နေခဲ့သော်လည်း ယခုမူ ကျန်ကြည့်ရှုသူများနည်းတူ ဇာတ်ကြောင်းကိုသာလျှင် စီးမျောခံစားလိုက်သည်။
ရုပ်ရှင်ပြီးသွားပြီဖြစ်၍ သူ့ကိုယ်သူ အကဲဖြတ်နေရန် မလိုအပ်တော့၊ အကယ်၍ မှားယွင်းသည့်တိုင် သူ့အနေဖြင့် ပြင်ဆင်နိုင်တော့မည် မဟုတ်ရာ နောက်ထပ်တစ်ကား ထပ်ရိုက်ရုံသာ ရှိပေတော့သည်။ အကြည့်တို့ကို ရုတ်သိမ်းပြီး ကျိမြန်ရှိရာသို့ လှမ်းကြည့်လိုက်သည့်အခါ သူ့ကို လက်မထောင်ပြနေသူအား တွေ့လိုက်ရ၏။ ထိုအခါမှသာ သူ့မျက်နှာပေါ်တွင် အပြုံးခပ်ကြီးကြီးတစ်ပွင့် ထွက်ပေါ်လာတော့သည်။
ကျိမြန်က ဒါရိုက်တာနှင့် ထုတ်လုပ်ရေးအဖွဲ့၏ အဓိကအဖွဲ့ဝင်အများအပြားကို ဖြတ်ကျော်ကာ သူ့အနား ရောက်လာပြီး တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။
"ရှောင်ရှု ကိုယ် မင်းအတွက် အရမ်းကို ဂုဏ်ယူတာပဲ ..."
ရှောင်ကျားရှုကမူ ဘာမှ ပြန်မပြော၊ သူ့ကိုသာ တင်းကြပ်စွာ ပြန်လည်ပွေ့ဖက်ထားလိုက်တော့သည်။
"သွားရအောင် ဟိုတယ်ကိုပဲ ပြန်ကြရအောင် ..."
ကျိမြန်က သူ့ကောင်လေး၏ လက်ကိုဆွဲ၍ လူအုပ်ကြားမှ တစ်ဖြည်းဖြည်း ဖြတ်လာလိုက်သည်။ ဗျာများနေသော သတင်းထောက်များနှင့် ရုပ်ရှင်ပရိသတ်များကို တားဆီးရန် အလို့ငှာ မြောက်များစွာသော သက်တော်စောင့်များပါ ဘေးမှ လိုက်ပါလာရတော့သည်။
"အစောကြီး ပြန်မလို့လား ရုံတင်ပြီးရင် အင်တာဗျုးနဲ့ ဧည့်ခံပွဲ လုပ်ရဦးမယ် မဟုတ်လား ..."
ရှောင်ကျားရှုက ထိုသို့ မေးလိုက်သည့်တိုင် သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်လာဆဲဖြစ်သည်။
"ကိုယ် မသွားတော့ဘူး သူတို့ဘာသာ သူတို့ပဲ ကျင်းပကြပါစေ ဒီနေ့ ဘယ်သတင်းထောက်ကမှ မင်းကို အင်တာမဗျူးကြဘူး အမှန်အတိုင်း ပြောရရင် ကိုယ် အရမ်းစိတ်ပျက်တယ် သိလား ..."
ကျိမြန်က ကလေးဆန်မှုတစ်ရပ်ကို ရှားရှားပါးပါး ထုတ်ပြလိုက်သည်။
"အခုမှ လာပြီး အင်တာဗျုးချင်တယ်ပေါ့ ဟုတ်လား နောက်ကျသွားပြီ ကိုယ် မင်းအတွက် နာမည်အကြီးဆုံး အင်တာဗျူးအစီအစဉ်တွေ စီစဉ်ပေးမယ် သူတို့ရဲ့ သတင်းတွေကို ဂရုစိုက်မနေနဲ့ ..
."
ရှောင်ကျားရှုက ပြုံးကာ ပြောလိုက်သည်။
"အိုကေ သူတို့နဲ့ မပြောတော့ဘူး ..."
Xxxxxxx