အပိုင်း ၁၆၅
Viewers 57k

Chapter 165




ဟွမ်ရင်ရွှယ်က မျက်နှာကို လက်ဖြင့်အုပ်ကာ တိတ်တိတ်လေး စောဒကတက်လိုက်သည်။ 


ခွေးလိုစုံတွဲတွေ ငါ မမြင်ဘူးနော် ... 


စဉ်းစားကြည့်ပြီးနောက်တွင်မူ သူမလည်း ရယ်လိုစိတ်ကို ထိန်းချုပ်ထား၍ မရတော့ချေ။ 


ညပိုင်းရောက်သည့်အခါ မိုးလေပြင်းထန်ကာ ဆောက်ထားသည့် တဲမှာလည်း ခိုင်မာမှု မရှိသည့်အတွက် တစ်စစီ ပျက်စီးသွားတော့၏။ ခန္ဓာကိုယ်ပေါ် ကျဆင်းနေသည့် မိုးသီးမိုး‌ပေါက်များမှာလည်း လွန်စွာ နာကျင်လှကာ ရုတ်ချည်း ကျဆင်းလာသော အပူချိန်မှာလည်း လွန်စွာ ကသိကအောက် ဖြစ်ဖွယ်ရာပင်။ ဟွမ်ရင်ရွှယ်နှင့် ယုပိုင်ရှို့တို့က ကပ္ပတိန် ဒေါသထွက်လာမည်ကို စောင့်နေသော်ငြား ငှက်ပျောရွက်တစ်ရွက် ခေါင်းပေါ်တင်လျက် အော်ပြောလိုက်သော ရှောင်ကျားရှု၏ အသံကိုသာ ကြားလိုက်ရတော့သည်။ 


"ကျိကော ဒီနားလာခဲ့လေ အတူတူ မိုးခိုကြရအောင်..."


နှစ်ယောက်လုံး ငှက်ပျောရွက်အောက်တွင် ပူးကပ်ရပ်နေကာ မိုးပေါက်ကျသံကို နားဆင်ရင်း မိုးရေစက်များကို ကြည့်နေလိုက်ကြသည်မှာ အလွန်အမင်း စိတ်ဝင်စားစရာ ကောင်းလှသည့် ရှားပါးအတွေ့အကြုံတစ်ခုကို ခံစားကြုံတွေ့နေရသည့်နှယ်ပင်။ 


ဒါကို ဘယ်လိုခေါ်ပါလိမ့် အချစ်နဲ့သာဆို ဓားတောင်ကိုပဲ ကျော်ရကျော်ရ မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ ဆိုတာမျိုးလား ... 


အမြဲလိုလို အပျိုကြီးဝါဒီကိုသာ လက်ကိုင်ထားသည့် ဟွမ်ရင်ရွှယ်ပင်လျှင် အချစ်ကို ကြုံတွေ့ ခံစားချင်စိတ်တို့ ဆထက်များစွာ ထွက်ပေါ်လာတော့သည်။ 


သုံးရက်သုံးညတိုင် ကြာပြီးနောက် ရိုက်ကူးရေး ပြီးဆုံးသွားတော့၏။ ဤနေ့ရက်များမှာ အချို့အတွက် ငရဲသဖွယ် ခက်ခဲကြမ်းတမ်းလှသော်ငြား အချို့အတွက်မူ ကောင်းကင်ဘုံသဖွယ် မိနစ်တိုင်း၊ စက္ကန့်တိုင်းက စိတ်သက်သာပျော်ရွှင်ဖွယ် ကောင်းလှပေသည်။ အစောပိုင်းတွင် အခြေအနေ ဆိုးနေခဲ့သည့် အနီအသင်းမှာ ရှောင်ကျားရှုရောက်လာပြီးနောက် လုံးဝဥဿုံ ပြောင်းလဲသွားတော့သည်။ သူရောက်လာသည်နှင့် တစ်ပြိုင်နက် မီးမွှေးနိုင်ကာ ရေလည်း ရလာပြီး မိုးသက်မုန်တိုင်းသည်ပင်လျှင် ပြဿနာ မဟုတ်တော့ချေ။ 


ကျိမြန်မှာ ကျွန်းပေါ်မှ ထွက်ခွါရမည်ကို အနည်းငယ် တုန့်ဆိုင်းနေမိတော့သည်။ သူက ပြုံးကာ ပြောလိုက်၏။ 


"နောက်တစ်ခေါက်ကျ အပန်းဖြေခရီး ထွက်ကြရအောင် ..." 


"ဟုတ်ကဲ့ ..." 


ရှောင်ကျားရှုက အားတက်သရော ပြန်ဖြေလိုက်သည်။ မည်သည့်နေရာပင် ဖြစ်ပါစေ ကျိကော ရှိနေသရွေ့ ကောင်းပြီးသား ဖြစ်ပေသည်။ နှလုံးသားချင်း နီးနေပါလျှင် ကြီးပွားတိုးတက်နိုင်သည်ဟူသည့် အဆိုကို အမြဲလိုလို ယုံကြည်ခဲ့သူဖြစ်ရာ ကျွန်းပေါ်သို့ အလည်တစ်ခေါက်က ဤစကား မှန်ကန်ကြောင်း သက်သေပြလိုက်သလိုပင်။ 


ဘဝဟူသည် လူသားတို့ ရှင်သန်နေထိုင်ရသည့် ကာလ ဖြစ်ရာ‌ ကောင်းခြင်းဆိုးခြင်းမှာ မိမိ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိပေသည်။ ငွေကြေးဂုဏ်ရှိန်အာဏာနှင့် မည်သို့မှ မသက်ဆိုင်။ အကယ်၍ ငွေကြေးကြွယ်ဝပါလျှင် ဇိမ်ခံကားစီးကာ အိမ်ကြီးရခိုင်တွင် နေထိုင်ပြီး ငွေကြေး ချို့တဲ့ပါလျှင် တဲအိမ်အသေးလေးတွင် နေထိုင်မည်ဖြစ်သည်။ ချစ်ခြင်းမေတ္တာနှင့် စိတ်အ‌ခြေအနေကသာလျှင် အရေးအပါဆုံးဖြစ်သည်။

သူ့အတွေးတို့ကို ကြားလိုက်ရသည့်အခါ ကျိမြန်က ဆံပင်ကို ပွတ်သပ်ပေးရင်း တောက်တောက်ပပ ပြုံးပြလိုက်သည်။ 


ရိုက်ကူးရေးအဖွဲ့မှ ခွဲထွက်လာပြီးနောက် <<Zerg Wars 3 Return to the earth>> ၏ ပွဲဦးထွက် တင်ဆက်မှုကို တက်ရောက်ရန် အမေရိကန် ပြည်ထောင်စုသို့ ထွက်လာလိုက်ကြသည်။ ပွဲဦးထွက် တင်ဆက်မှုကို ဟောလိဝုဒ်ရှိ တရုတ်ပြဇာတ်ရုံတစ်ခုတွင် ကျင်းပကာ နာမည်ကြီးစတား အမြောက်အများ လာရောက်ကြပေသည်။ ရှောင်ကျားရှုမှာ လူသစ်တစ်ဦး ဖြစ်သည့်အပြင် တရုတ်လူမျိုးလည်း ဖြစ်နေသည့်အတွက် မီဒီယာများက သူ့ကို များစွာ စိတ်မဝင်စားကြ။ အခြားသရုပ်ဆောင်များက အလုအယက် အင်တာဗျုးခံနေရချိန်တွင် သူသည် နေရာတွင် ထိုင်နေရင်း လူတိုင်းကိုသာ လိုက်ကြည့်နေရတော့သည်။ 


ထုတ်လုပ်သူသာမက အဓိကဇာတ်ကောင်ကိုပါ သရုပ်ဆောင်ထားသော ကျိမြန်မှာ အများဆုံး အာရုံစိုက်ခံရသူဖြစ်သည်။ အကြောင်းအရာများကို မတော်တဆဖြစ်စေ၊ တမင်တကာ‌ဖြစ်စေ သူ့ကောင်လေးထံ ဦးတည်ပေးလိုက်သော်ငြား ရှောင်ကျားရှုကမူ လက်ကို ယမ်းပြကာ သူ့ကြင်နာမှုကို အသံတိတ် ငြင်းဆန်လိုက်သည်။ 


ရှောင်ကျားရှုက သရုပ်ဆောင်တစ်ဦး၏ အကောင်းဆုံး လိပ်စာကတ်မှာ ကျော်ကြားမှုမဟုတ်၊ သရုပ်ဆောင်စွမ်းရည်သာ ဖြစ်သည်ဟု ယုံကြည်ထားပေသည်။ မီဒီယာက အာရုံစိုက်ခြင်း ရှိမရှိ၊ အင်တာဗျူး လုပ်မလုပ်မှာ အရေးမကြီး၊ မိမိ၏ သရုပ်ဆောင်စွမ်းရည်ကို ပရိသတ်က အသိအမှတ်ပြုလေသလား ဆိုသည်ကသာလျှင် အရေးပါပေသည်။ သရုပ်ဆောင်ကောင်းမည်သည် မီဒီယာ၏ ရွေးချယ်ခြင်းကြောင့် ရလာသည့် ဂုဏ်ပုဒ်လည်း မဟုတ်၊ ပရိသတ်များ၏ မြှောက်စားမှုကြောင့်လည်း မဟုတ်၊ မိမိကိုယ်တိုင် အားထုတ်ကြိုးပမ်းမှု၏ အသီးအပွင့်သာ ဖြစ်ပေသည်။ 


ပြောင်မြောက်လှသည့် အနုပညာလက်ရာတို့သည်သာ အနုပညာရှင်တို့ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မည့် အောက်ခံ‌များ ဖြစ်ပေသည်။ 


ဒီနေ့ခေတ်မှာ စတားတွေက ဘာလို့ ချက်ခြင်းလက်ငင်း ဒိတ်အောက်ကုန်တာလဲ သိလား နာမည်ကြီးစတားတစ်ချို့ဆိုလည်း သူတို့ရဲ့ အပေါ်ယံစရိုက်တွေ ပျက်စီးသွားတာနဲ့ တစ်ပြိုင်နက် ဘာလို့ ဒီလောကထဲကို ပြန်ပြီး ခြေမချနိုင်တော့တာလဲ သိလား အပြီးသတ် ကောက်ချက်ချရရင် သူတို့မှာ တည်မြဲတဲ့ အလုပ်ရယ် လုပ်နိုင်စွမ်းရည်ရယ် မရှိလို့ အဲဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေ လျော့နည်းကုန်ကြတာ ... 


လက်ရာကောင်းတွေ၊ စွမ်းဆောင်ရည်တွေ ရှိနေတဲ့ သရုပ်ဆောင်တွေဆို ဘယ်လောက်ပဲ ဖိနှိပ်ခံရခံရ ကိစ္စမရှိဘူး ပြောင်မြောက်တဲ့ ဇာတ်ကောင်တစ်ခုကို ရလိုက်တာနဲ့ တစ်ပြိုင်နက် နောက်တစ်ကြိမ် ပြန်ရပ်တည်နိုင်မှာပဲ ... 


ရှောင်ကျားရှုက ကျိကောကို မှီခိုရခြင်းအား ကြိုက်နှစ်သက်သည့်တိုင် သရုပ်ဆောင်ခြင်းနှင့် ပတ်သက်လာသည့် ကိစ္စများတွင်မူ သူ့ကိုယ်ပိုင် အတွေးအမြင်များ ရှိပေသည်။ ကျိကော သူ့ကို တမင်တကာ ချီးကျူးနေခြင်းအား မလိုအပ်။ နာမည်ကြီးခြင်း မကြီးခြင်းမှာလည်း သူ့အတွက် အရေးမပါလှ။ ဇာတ်လမ်းတိုင်းကို သူကိုယ်တိုင်အတွက်ရော ကြည့်ရှုသူအတွက်ပါ ထိုက်တန်စေရန်သာ အကောင်းမွန်ဆုံး သရုပ်ဆောင်သွားမည်ဖြစ်သည်။ 


ကျိမြန်က သူ့ကို နင့်နင့်နဲနဲ စိုက်ကြည့်ကာ သူ့အကြောင်း ပြောပေးခြင်းအား ရပ်တန့်လိုက်တော့သည်။ 


အင်တာဗျူးနေစဉ်အတွင်း ရှောင်ကျားရှုသည် နောက်ဆုံးအတန်းတွင်သာ ထိုင်နေရသော်ငြား ထုတ်လွှင့်မှုမှာ ကမ္ဘာနှင့်ချီ၍ ပြသခြင်းဖြစ်ရာ မြောက်အမေရိကတွင် စတင်ထုတ်လွှင့်သည်နှင့် တစ်ပြိုင်နက် တရုတ်တွင်လည်း တစ်ချိန်တည်း ထုတ်လွှင့်မည်ဖြစ်သည်။ တစ်နည်းဆိုရပါလျှင် တစ်ကမ္ဘာလုံးရှိ ကြည့်ရှုသူအားလုံး သက်ဆိုင်ရာ ပလက်ဖောင်းများမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှုကို အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်ပေသည်။ 


ရှောင်ကျားရှု၏ ပရိသတ်များက လွန်စွာ စိတ်မကောင်း ဖြစ်သွားကြကာ သူ့ကို တမင်တကာ ချန်လှပ်ထားသည့် ပွဲစီစဉ်သူများကို လူမျိုးရေး ခွဲခြားလွန်းသည်ဟု ဆိုလိုက်ကြသည်။ သို့သော် တရုတ်လူမျိုးတစ်ဦးပင်ဖြစ်သူ ကျိမြန်မှာမူ ထူးထွေကောင်းမွန်စွာ ဆက်ဆံခံနေရသည့်အတွက် ထိုလူမျိုးရေး ခွဲခြားသည်ဟူသည့် ကိစ္စကိုလည်း အတည်မယူနိုင်တော့ချေ။ 


Anti များ၊ မီးလောင်ရာ လေပင့်သူများနှင့် ရေတပ်များ ရောက်ချလာကာ သူ့ကို မညှာမတာ ပြောလိုက်ကြတော့သည်။ 


[ကမ္ဘာကျော် အနုပညာရှင်စတိုင် ဖမ်းပြီးတော့ အမေရိကမှာ ပဲငံပြာရည် လာဝယ်တဲ့ နောက်တစ်ယောက် ပေါ်လာပြန်ပြီ ဥရောပနဲ့ အမေရိက အနုပညာလောကက ရောနှောဝင်ရောက်ဖို့ အရမ်းကို လွယ်ကူတယ်များ ထင်နေလား မြန်မြန်သာ ပြန်လာစမ်းပါ အရူးလိုတွေ လုပ်မနေနဲ့ ] 


[ဒီလောင်ဇီကတော့ သူ့အစား ရှက်မိနေပြီကွာ အဲဒီမှာဘယ်လိုများ ထိုင်နေနိုင်တာလဲ မသိဘူး ငါ လောင်းရဲတယ် သိလား သူ အနောက်ပေါက်ကနေ တိတ်တိတ်လေး ခိုးထွက်သွားရင်တောင် သတင်းထောက်တွေ သတိထားမိလိုက်မှာ မဟုတ်ဘူး ဒါရိုက်တာကလည်း သူ့ဇာတ်ကောင်က ဘာဆိုတာကို သိပ်ပြီး ရှင်းပြချင်တဲ့ပုံ မပေါ်တော့ ငါပြောရဲတယ် သူက သုံးစက္ကန့်စာလောက် အခန်းလေး နှစ်ခန်းသုံးခန်းပဲ ပါရတာ ရှိမှာ ဒါမျိုးက တရုတ်အနုပညာရှင်တွေကြားမှာ ခဏခဏ ဖြစ်တတ်တယ်လေ ဟောလိဝုဒ်ကို ဝင်နိုင်ဖို့အတွက်နဲ့ မျက်နှာတောင် မလိုချင်ကြတော့ဘူး] 


[ပြီးခဲ့တဲ့ နှစ်ရက်လောက်က ကျန်းပင်းကျဲရဲ့ <<Robocop>>ကိုလည်း ပွဲဦးထွက် ထုတ်လွှင့်ခဲ့တယ်လေ ငါကြားတာတော့ သူမက အဓိက‌ဇာတ်ကောင် ပြီးတော့ အရမ်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံခံရတာတဲ့ ပြီးတော့ ဖရက်ဒ်နဲ့ အတူတူတွဲပြီးလည်း စိတ်လှုပ်ရှားစရာ အခန်းတွေ အများကြီး သရုပ်ဆောင်ရသေးတယ် ဖရက်ဒ်ကဆို သူမကို သဘောကျလွန်းလို့ လေးနက်တဲ့ ဆက်ဆံရေးတစ်ခု အစပျိုးချင်ပါတယ် ဆိုပြီးတောင် လူသိရှင်ကြား ထုတ်ပြောခဲ့တာလေ သူမက ငါတို့ကို မျက်နှာရစေသလောက် ရှောင်ကျားရှုကဖြင့် ... အိုက်ယား ဆက်မပြောတော့ဘူး မဟုတ်ရင် ငါ မျက်ရည်တွေ ကျလာတော့မှာ ] 


ထိုသူမှာ ကျန်းပင်းကျဲ၏ ရေတပ်ဖြစ်ကြောင်း အငြင်းပွားနေရန်ပင် မလိုအပ်ချေ။


ထိုမှတ်ချက် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရေတပ်များက Robocop နှင့် ကျန်းပင်းကျဲ၏ ကျော်ကြားမှုကို အရှိန်ထပ်ထည့်ပေးလိုက်တော့သည်။ တစ်ဖက်သူကို နင်းချေကာ ကျန်တစ်ဖက်အား မြှောက်စားသည့် နည်းလမ်းမှာ အလွန် ရှေးကျနေပြီ ဖြစ်သော်ငြား ရလဒ်မှာမူ ကောင်းမွန်လှပေသည်။ ကျန်းပင်းကျဲက သူ့ကို ရန်စကာ နှစ်ကြိမ်တိုင် ချနင်းသည်မှာလည်း အံ့ဩစရာတော့ မရှိ။ သူမနှင့် ရှောင်ကျားရှုသည်သာလျှင် ဟောလိဝုဒ်မှ အရေးပါသည့် ဇာတ်ကောင်နေရာကို ကမ်းလှမ်းခံရသော တရုတ်အနုပညာရှင်များ ဖြစ်ကြသည့်အပြင် အချိန်မှာလည်း တစ်ချိန်တည်းနီးပါး ဖြစ်နေသည့်အတွက် တစ်ယောက်ကို တစ်ယောက် ယှဉ်ပြိုင်ရမည် ဖြစ်ပေသည်။ 


သူမအနေဖြင့် ကျိမြန်ကိုတော့ မယှဉ်ပြိုင်ရဲ။ ထိုသူသည် အနုပညာရှင်ဟူသည့် အနေအထားတွင် ရှိမနေတော့။ အနုပညာ‌ရှင်တို့၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို စေစားနိုင်သည့် ရွှေသခင်ကြီးအဖြစ်သို့ပင် ရောက်ရှိ‌နေပြီဖြစ်ရာ သူနှင့် ယှဉ်ပြိုင်ရန်မှာ ဖြစ်လည်း မဖြစ်နိုင်၊ အဓိပ္ပါယ်လည်း မရှိလှချေ။ 


အကြိုထုတ်လွှင့်မှု အပြီးသတ်ကာ ရုံထဲရှိ အလင်းရောင်တို့ မှိန်ဖျော့သွားပြီး ရုပ်ရှင်ကို စတင်ပြသလိုက်တော့သည်။ 


တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲမှ ထွက်လာပြီးနောက် ရုပ်ရှင်လက်မှတ်ဝယ်ရန် ထွက်လာလိုက်ကြပြီး ထိုထဲတွင် ကျိမြန်နှင့် ရှောင်ကျားရှုတို့၏ ပရိသတ်များက အတက်ကြွဆုံး ဖြစ်ပေသည်။ သိူ့သော် လေ့လာစောင့်ကြည့်ဦးမည်ဟု စိတ်ပိုင်းဖြတ်ထားသူများကသာ ပိုမိုများပြားနေပေသည်။ 


ရုပ်ရှင်သာ နာမည်ကြီးသွားပါလျှင် ပါဝင်သူအားလုံး ချီးကျူးခံရမည် ဖြစ်ကာ မအောင်မြင်ပါလျှင်မူ ပြစ်တင်ရှုံ့ချမှုအားလုံး ရှောင်ကျားရှု၏ ခေါင်းပေါ်သို့သာ  ရောက်လာပေလိမ့်မည်။ 


သူ့ကို ဘယ်သူကရော လွယ်လွယ်လေး ဖျစ်ညှစ်လို့ရတဲ့ တည်သီးလေး ဖြစ်ခိုင်းလို့လဲ ... 


ရှောင်ကျားရှု၏ ပရိသတ်များက အမှောင်ထဲ ထိုင်ကာ စခရင်ကိုသာ မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေလိုက်သည်။ သူတို့လက်များမှာ စိုးရိမ်စိတ်ကြောင့် ချွေးများ စိုရွှဲလာတော့၏။ 


ဒီရုပ်ရှင်က သူ့အတွက် အရမ်း အရေးကြီးလို့ သေချာပေါက်ကို အောင်မြင်မှ ရမယ် သူက သရုပ်ဆောင်ကောင်း ပြီးတော့ လူကောင်းတစ်ယောက် အရမ်းလည်း ကြိုးစားတာကို ဘာလို့ အမြဲတမ်း သူ့ကိုပဲ အနိုင်ကျင့်နေကြတာလဲ ဒီလောကကြီးကတော့ ပိုပိုပြီးကို စိတ်ရှုပ်စရာ ကောင်းလာတာပဲ ... 


ကြီးကျယ်စိတ်လှုပ်ရှားဖွယ် အဖွင့်သီချင်း အဆုံးတွင် ဇာတ်ကြောင်းက တစ်ဖြည်းဖြည်း စတင်ထွက်ပေါ်လာတော့၏။ ကျိမြန်နှင့် အဓိကဇာတ်ကောင်များ၏ သရုပ်ဆောင်ချက်မှာ ကောင်းမွန်ဆဲ၊ တူညီသည့် အနှစ်သာရကို ခံစားမိနေရဆဲပင်ဖြစ်သည်။ သူတို့ချည်းသက်သက်သာ ဖြစ်ပါလျှင် ရုံဝင်ကြေးမှာ ကြီးမားလှသည့် ပြဿနာ မဟုတ်လှချေ။ အပြောင်းအလဲဟူ၍ ရှောင်ကျားရှု သရုပ်ဆောင်ထားသည့် ဇာတ်ကောင်အသစ်တစ်ခု ထည့်သွင်းခြင်းသာ ရှိပေသည်။ 


သူ့ဇာတ်ကောင်က ပိုသဘောကျစရာ ကောင်းပြီး ဇာတ်ညွှန်း မပျက်စီးသွားရင် ကောင်းမှာပဲ သူ့ဇာတ်ကောင်က မနှစ်မျို့ဖွယ် ကောင်းနေပြီးတော့ ဇာတ်ကြောင်းကို ဖျက်ဆီးပစ်မှာမျိုးကို ‌အကြောက်ဆုံးပဲ .... 


ရှောင်ကျားရှု၏ ပရိသတ်များ စိုးရိမ်စိတ်ကြောင့် ပေါက်ကွဲထွက်လုမတတ် ဖြစ်နေစဉ်မှာပင် သုတေသန အဖွဲ့သားများက အပျက်အစီးပုံ၏ အောက်ခြေအထိ စူးစမ်းကာ နစ်မြုပ်နေသော 001 ကို ရှာတွေ့ခဲ့သည်။ ကြည့်ရှုသူများက သူ့ကျောဘက်အခြမ်းကို နှစ်စက္ကန့်မျှသာ မြင်တွေ့ရသည့်တိုင် ထိုဖျတ်ခနဲ မြင်တွေ့ရသည်လေးကပင်လျှင် လူများစွာတို့ကို အံ့ဩမင်သက်စေခဲ့သည်။ 


နောက်ကျောကြွက်သားတို့မှာ တောင့်တင်းခိုင်မာကာ ချောမွေ့လှပသည့် ကောက်ကြောင်းတို့နှင့်အတူ အပြာရောင်အရည်များ၏ ဖုံးလွှမ်းခြင်းကို ခံနေရသည့်အတွက် သူ၏ ဖြူဝင်းနေပြီးဖြစ်သော အသား‌အရေကို ကြွေထည်သဖွယ် ပိုမို ဖြူဖွေးတောက်ပလာစေသည်။ ဤနောက်ကျောမှာ သန်မာမှု၊ အလှတရားနှင့် အသရေတင့်မှုတို့ကို ပေါင်းစပ်ထားကာ ကြည့်ရှုသူ၏ အမြင်အာရုံကို တိတိကျကျ ဖမ်းစားလိုက်တော့သည်။ 


ထိုအခါမှ ရှောင်ကျားရှု၏ ပရိသတ်များလည်း စိတ်သက်သာရာ ရသွားတော့၏။ သို့သော် တစ်ရုံလုံးအနှံ့ အံ့ဩမင်သက်သံများကို ကြားလိုက်ရသည့်အခါတွင်မူ မရယ်ဘဲပင် မနေနိုင်တော့ချေ။ ဂုဏ်ယူဝံ့ကြွားစွာဖြင့်ပင် ကြေငြာလိုက်ချင်သေးသည်။ 


ကြည့် ကြည့် ဒါ ငါတို့ရဲ့ အိုင်ဒေါလေ ဘယ်လောက်တောင် မိုက်လိုက်သလဲ .... 


ဥရောပနှင့် အမေရိကတွင်လည်း အလားတူပင်။ ဥရောပတိုက်သားနှင့် အမေရိကန်သားတို့သည် တရုတ်လူမျိုးများကို မလိုမုန်းထားမှု  အများဆုံးဖြစ်ကာ လက်ထပ်ရေးဈေးကွက်တွင် အနိမ့်ဆုံးအဖြစ် သတ်မှတ်လေ့ရှိသည်။ တရုတ်အမျိုးသားများမှာ အရပ်ပုကာ သတ္တိကြောင်သည့်အပြင် ပြောဆိုဆက်ဆံရန် မထိုက်တန်လှဟု တွေးခဲ့သမျှကို ရှောင်ကျားရှုက နောက်ကျောတစ်ခုတည်းဖြင့် အလဲထိုးလိုက်တော့သည်။ 


သူ့ခန္ဓာကိုယ်မှာ ဖြူဖွေးနူးညံ့ကာ ကျယ်ဝန်းသော ပုခုံး၊ သေးကျဉ်သော ခါး၊ ရှည်လျားသည့် ခြေတံတို့ကို ပိုင်ဆိုင်ထားသည်။ ပြီးပြည့်စုံလှသည့် ခန္ဓာကိုယ်အချိုးအစားနှင့် အသားအရေကြောင့် သူ့ပုံစံမှာ ဖက်ရှင်မောင်

အလားပင်။ သို့သော် စက်ရုပ်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ရမည်ဖြစ်၍ ၎င်းမှာ အဆင်ပြေပေသည်။




Xxxxxxx