Chapter 151
ရှောင်ကျားရှုသာ မရှိပါလျှင် ကမ္ဘာတစ်ခုလုံးကို ဆုံးရှုံးပေလိမ့်မည်။
အနမ်းမှာ ကြာမြင့်သည့်တိုင် နူးညံ့လှသည့်အတွက် ရှောင်ကျားရှုလည်း ဖုန်းကိုချကာ နှလုံးသားတစ်ခုလုံးနှင့်အပြည့် ပြန်လည်တုန့်ပြန်လိုက်တော့သည်။ မိနစ်အနည်းငယ်အကြာတွင် ကျိမြန်၏ နှုတ်ခမ်းကို သူ့နှုတ်ခမ်းဖြင့် ဖိပိတ်လျက် မေးလိုက်သည်။
"ဖုန်းက ပြောလို့ ပြီးသွားပြီလား ..."
ထိုအခါမှ ကျိမြန်လည်း သတိပြန်ကပ်သွားကာ ခပ်ဖြည်းဖြည်း ပြုံးလိုက်တော့သည်။
"မပြီးသေးဘူး ပြောစရာတွေ နည်းနည်းလောက် ကျန်နေသေးတယ် ကိုယ့်ကို ထပ်စောင့်ပေးလို့ ရမလား ..."
သူ့အနေဖြင့် ရှောင်ကျားရှုကို အရင်အိပ်ခွင့် မပြုချင်။ အကယ်၍ ထိုသို့ အိပ်ခိုင်းသည့်တိုင် တစ်ဖက်သူက လက်ခံမည်မဟုတ်မှန်း သိနေ၍ဖြစ်သည်။ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ရှောင်ကျားရှုမှာ သူ၏ ပွေ့ဖက်မှုနှင့် အသက်ရှူသံကို နေသားကျနှင့်နေပြီဖြစ်သည်။ ချစ်စကြိုက်စ စုံတွဲနှယ် ချစ်ရေးချစ်ရာကိစ္စများကို အားတက်သရော ဆောင်ရွက်ကြသည့်အပြင် ကာလရှည်ကြာ လက်တွဲခဲ့သည့် လက်ထပ်ပြီးသား စုံတွဲကဲ့သို့လည်း ထုတ်ပြောစရာ မလိုဘဲ အပြန်အလှန် သဘောပေါက် နားလည်ကြပေသည်။
ရှောင်ကျားရှုက နာနာခံခံဖြင့် ခေါင်းငြိမ့်ပြလိုက်၏။ အနည်းငယ် အိပ်ချင်နေသေးသည့်တိုင် ကျေနပ်အားရသွားတော့သည်။ အကယ်၍ ကျိကောကသာ သူ့ကို အရင်အိပ်ခိုင်းပါလျှင် သူ့ကို မလိုအပ်တော့ဟုတွေးကာ အနည်းငယ် ဝမ်းနည်းမိသွားမည်ဖြစ်သည်။ သိူ့သော် ကျိကောက သူ့ကို စောင့်နေခိုင်းသည့်အတွက် အလွန် ဝမ်းသာသွားရတော့၏။
ကျိကောကလည်း သူနဲ့အတူတူ အိပ်ချင်နေတာပဲ ကောင်းလိုက်တာ ...
ပါးနှစ်ဖက်ကို ကျိမြန်၏ ကျယ်ပြန့်တောင့်တင်းလှသော ရင်အုပ်တွင် ဖိကပ်လျက် နှလုံးခုန်သံကို တိတ်တဆိတ် နားထောင်နေလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်များအားလုံး တိုးဝှေ့နီးကပ်သွားတော့၏။
ကျိမြန်က သူ၏ နက်မှောင်နေသည့် ဆံပင်ကို ပွတ်သပ်ကာ နဖူးကို ငုံ့နမ်းလိုက်ပြီးကာမှ တစ်ဖက်ကို ခပ်တိုးတိုး မေးလိုက်သည်။
"ဖန်ခွင်း ... ရှိနေသေးလား ..."
ဖန်ခွင်းမှာ ပြန်ဖြေရန်ပင် အားမရှိတော့။
"ကျိကော နိုင်ငံခြားကို ဆက်တဲ့ ဖုန်းတွေက အရမ်းဈေးကြီးတယ်နော် ဖုန်းဘေလ်ဖိုး ပြန်ပေးမှရမယ် ..."
ဖုန်းခေါ်နေရင်း တန်းလန်းနဲ့ကို "chu" ဆိုတဲ့ အသံတွေ ခဏခဏ ကြားနေရတာ ဘာအသံလဲ မသိဘူးများ ထင်နေလား သူလည်း ရည်းစားတွေ ထားခဲ့ဖူးပါတယ်နော် ကျိကောကို နမ်းနေတဲ့ ရှောင်ကျားရှုရဲ့ အသံတွေ နေမှာပေါ့ ကျိကောရဲ့ လေသံကလည်း ပိုပိုပြီးကို နူးညံ့လာလိုက်တာများ ထားစရာမရှိလောက်အောင်ကို ချစ်နေတဲ့ပုံနဲ့ သူ့တစ်ကိုယ်လုံး အချစ်နွံထဲ နစ်နေမှန်း အရမ်းကို သိသာနေတာပဲ ...
အရိုးသားဆုံး ပြောရပါလျှင် ဖန်ခွင်းတစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများထကာ ကျိမြန်၏ ပြောင်းလဲမှုကို လက်ခံရန် ခဲယဉ်းနေပေသေးသည်။ ယခင်က စီးပွားရေးအကြောင်း ပြောလေတိုင်း သူ့လေသံမှာ အေးစက်တင်းမာလွန်း၍ လူတိုင်း ခါးကို ဆန့်တန်းကာ ကြောက်လန့်မှုအပြည့်ဖြင့် နားကို စွင့်လျက် နားထောင်ကြရပေသည်။
အခုကျတော့ရော? ဖုန်းလေး တစ်ခါပဲ ခေါ်ပါတယ် ကြားထဲမှာ အပိုင်းပိုင်းအပြတ်ပြတ် စကားလေးမှ နည်းနည်းလောက် ပြောမယ် မကြံရသေးဘူး ဇာတ်လမ်းလေးက ပြန်ဆက်လိုက်ပြန်ပြီ မင်းတို့ကိုယ်မင်းတို့ တစ်နှစ်မှ တစ်ခါပဲ ပြန်တွေ့ရတဲ့ နွားကျောင်းသားနဲ့ ရက္ကန်းမယ်များ ထင်နေလား ...
ဖန်ခွင်းက စောဒကတက်လိုသည့် ဆန္ဒတို့ကို မြိုသိပ်ကာ ကျိမြန် ရှင်းပြသည့် ရုံးလုပ်ငန်းများကိုသာ အမြန် မှတ်ထားလိုက်တော့သည်။
ဤတစ်ကြိမ်တွင်တော့ ရှောင်ကျားရှု၏ နှောင့်ယှက်မှု မရှိတော့သည့်အတွက် ချောချောမွေ့မွေ့ပင် ပြီးစီးသွားတော့သည်။ ဆယ်မိနစ်ကြာပြီးနောက် ဖုန်းကို ချလျက် ခေါင်းတယမ်းယမ်းဖြင့် ရေရွတ်လိုက်တော့သည်။
"သွားပြီ ဒီတစ်ခေါက်တော့ ကျိကောလည်း တကယ်ကို ခြေချုပ်မိသွားပြီထင်တယ် ..."
ရှောင်ကျားရှုနှင့် ကျိမြန်တို့မှာ နေ့ရောညပါ အလုပ်များနေသည့်တိုင် အခြေအနေ အလွန်ကောင်းမွန်နေဆဲ ဖြစ်သည့်အတွက် "Prison Storm" ကို မျှော်မှန်းထားသည့်အချိန်ထက် တစ်ဝင်နီးပါးခန့် ပိုစော၍ ရိုက်ကူးပြီးစီးသွားတော့သည်။ နောက်ထပ်ရိုက်ရမည့် အခန်းမှာ "Road Chase" ဟူသည့် အခန်း ဖြစ်ပြီး ဝူချွမ်းရီနှင့် ရှောင်ကျားရှုတို့ နှစ်ဦးသာ ရိုက်ကူးရမည်ဖြစ်ကာ ကျိမြန်နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပေ။ သို့သော် သူက ရိုက်ကွင်းသို့ နေ့တိုင်းလာရောက်၍ ရှောင်ကျားရှု၏ အချိန်ပိုင်းလက်ထောက်အဖြစ်တစ်မျိုး၊ ကျောက်ချွမ်၏ လက်ထောက်ဒါရိုက်တာအဖြစ်တစ်ဖုံ ဆောင်ရွက်နေလိုက်သည်။
ထိုနေ့တွင် ရိုက်ကူးရေးအဖွဲ့က တံတားအား ယာယီပိတ်ဆို့ကာ တံတားပေါ်မှ ထွက်ပြေးသည့်အခန်းကို ရိုက်ကူးရန် ပြင်ဆင်လိုက်သည်။ ဇာတ်ညွှန်းထဲတွင် လုပ်ကြံသူတို့၏ ဝိုင်းရံခြင်းကို ခံလိုက်ရသော ဟန်သုံနှင့် ရှုထျန်းယုတို့သည် တံတားပေါ်မှ ခုန်ချကာ ရေထဲဆင်း၍ လွတ်မြောက်သွားသည်ဟု ရေးသားထားသည်။ ကျောက်ချွမ်က ဤအခန်းကို ရိုက်ကူးရန် အလို့ငှာ အမှန်တကယ် ဆင်တူလှသည့် တံတားနှစ်စင်းကို ရှာတွေ့ခဲ့သည်။ တစ်ခုက ခုနစ်မီတာ ရှစ်မီတာခန့်သာ မြင့်မားပြီး တံတားအောက်ခြေတွင်လည်း လုံခြုံရေးလေအိတ်နှင့် အခြား အကာအကွယ်ပစ္စည်းများ ထားရှိနိုင်လောက်အောင် ကျယ်ဝန်းကာ ကျန်တံတားတစ်ခုမှာမူ မီတာရာပေါင်းများစွာ မြင့်မားသည့်အပြင် အောက်တွင်လည်း ကြီးမားသည့် မြစ်တစ်စင်း စီးဆင်းနေသေးသည်။
ရိုက်ကူးရေး လုပ်နေစဉ်အတွင်း သရုပ်ဆောင်နှစ်ဦးက ပိုတိုသည့် တံတားပေါ်မှသာ ခုန်ချရန် လိုအပ်ကာ ကျောက်ချွမ်က သူတို့၏ မျက်နှာများကိုသာ အနီးကပ် ရိုက်ပြမည်ဖြစ်ပြီး မြင်ကွင်းကျယ် ရိုက်ချက်ကို ရိုက်ကူးရာတွင်မူ ပိုကြီးသည့် တံတားပေါ်မှ ခုန်ချရန် စတန့်အစားထိုးသရုပ်ဆောင်များကို အသုံးပြုမည်ဖြစ်သည်။ မီတာရာပေါင်းများစွာ မြင့်မားလှသည့် တံတားပေါ်မှ ခုန်ချခြင်းမှာ လွန်စွာ အန္တရာယ်များလှသည့်အပြင် စီးဆင်းသည့် ရေအရှိန်မှာလည်း အလွန် ကြမ်းတမ်းရာ ဤအခန်းများကို ပိုမိုအတွေ့အကြုံ များပြားလှသည့် ဝါရင့်စတန့်သမားများဖြင့် ရိုက်ကူးစေခြင်းက ပိုမိုအဆင်ပြေပေလိမ့်မည်။
"ရှောင်ရှု ရှောင်ရီ မင်းတို့နှစ်ယောက် ကားထဲကနေ ပြေးထွက်ပြီး ဒီလမ်းအတိုင်း ခြေကုန်သုတ် ပြေးလာခဲ့ တံတားလက်တန်းပေါ် တက်ပြီးတဲ့အခါကျရင် ကြောက်လန့်နေတဲ့ အမူအယာမျိုး လုပ်ပြီး လုပ်ကြံသူတွေကို ပြန်လှည့်ကြည့်လိုက် သူတို့တွေ သေနတ်ထုတ်တာကို တွေ့တဲ့အခါ သက်ပြင်းချပြီး ခုန်ချလိုက် ..."
ကျောက်ချွမ်က နှစ်သိမ့်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"မကြောက်နဲ့ သိလား ငါတို့ လိုအပ်တဲ့ အကာအကွယ်တွေ အကုန်လုံး ပြင်ဆင်ပေးပြီးသွားပြီ လေထိုးမွေ့ယာကလည်း သုံးမီတာလောက် ထူတယ် ဘေးနားမှာလည်း အကာအကွယ်တွေ အများကြီး ရှိထားပြီးသား ချွန်ထက်တဲ့ အရာတွေကိုလည်း ဖယ်ထားတယ် မင်းတို့ကို အောက်ကနေ သေချာပေါက် အမိဖမ်းပေးထားမယ် ခုန်ချတဲ့အခါသာ အော်ဖို့ မမေ့နဲ့ အမူအယာကို အတတ်နိုင်ဆုံးသာ လွန်လွန်ကျူးကျူး လုပ်လိုက် နားလည်လား ..."
"မင်း မပြောတောင် ငါက အော်ချမိမှာ သေချာတယ် ..."
ရှောင်ကျားရှုမှာ တည်ငြိမ်သည့် အမူအယာကို မနည်း ထိန်းသိမ်းထားရတော့သည်။ ဇာတ်ညွှန်း ရပြီးကတည်းက ဤအခန်းမှာ ရိုက်ကူးရန် အခက်ခဲဆုံး ဖြစ်နိုင်ကြောင်း သိထားပြီးဖြစ်သည်။ တံတားပေါ်မှ ခုန်ချရခြင်းသည် ဝါယာကြိုးဖြင့် ချိတ်ဆွဲခံထားရခြင်းနှင့် မတူညီလှ။တစ်ခုမှာ လှုပ်ရှားရုန်းကန်ရကာ ကျန်တစ်ခုမှာမူ ငြိမ်ငြိမ်သက်သက်သာ နေနေရပေသည်။
ကြောက်ရွံ့မိသည့်တိုင် ကင်မရာကတော့ သူ့လှုပ်ရှားမှု အလုံးစုံကို ရိုက်ကူးမှတ်တမ်းတင်ထားမည်ဖြစ်ရာ လုံလုံလောက်လောက်သာ သတ္တိမရှိပါလျှင် လူစားထိုး မသုံးပါက ဤအခန်းကို အောင်အောင်မြင်မြင် ရိုက်ကူးနိုင်ရန် မဖြစ်နိုင်လှချေ။
နိုး နိုး နိုး လူစားထိုးရှာလို့ မရဘူး ...
သူက ထိုအကြံကို ချက်ခြင်း လက်လျော့လိုက်သည်။
ဒီအခန်းက အနီးကပ် ရိုက်ရမယ့် အခန်းလေ ကျောက်ချွမ်က သူတို့ရဲ့ ဖော်ပြချက်တွေ၊ ခန္ဓာကိုယ် လှုပ်ရှားမှုတွေကို အဓိကထား ရိုက်ပြရမှာ တကယ်လို့ လူစားထိုးသာ သုံးလိုက်ရင် တစ်ဖက်သူက ဇာတ်လမ်းအတွက် လိုအပ်တဲ့ ရိုက်ချက်တွေကို သရုပ်ဆောင်ပြနိုင်မှာ မဟုတ်တော့ဘူး မူရင်းဇာတ်ကွက်ရဲ့ ရေးကြီးသုတ်ပျာ ဖြစ်မှုတွေ ပြီးတော့ အခက်ကြုံလာမှုတွေကလည်း ခပ်သော့သော့လေးနဲ့ပဲ ပြီးသွားပြီး ရုပ်ရှင်ရဲ့ အနှစ်သာရတစ်ခုလုံး ပျက်စီးသွားလိမ့်မယ် ...
ရှောင်ကျားရှုအတွက်မူ ဤဖြစ်ရပ်မျိုးကို သည်းမခံနိုင်ဆုံး ဖြစ်ပေသည်။ လက်သီးကို တင်းတင်းဆုပ်လျက် စိတ်ကို တိတ်တဆိတ် ပြန်လည်ပြင်ဆင်လိုက်တော့သည်။
ကျိမြန်က ချောကလက်ပူပူတစ်ခွက်ကို ကိုင်လျက် အနားရောက်လာကာ ပြောလိုက်သည်။
"ခံစားချက်တွေ ပြေလျော့သွားအောင် ချိုတာလေး တစ်ခုလောက် သောက်လိုက် ..."
"ကျိကော ကျွန်တော် နည်းနည်းလေး ကြောက်နေတယ် ..."
ရှောင်ကျားရှုက တစ်ငုံခန့် ကြိတ်မှိတ်သောက်ရင်း တီးတိုးပြောလိုက်သည်။
"အမှန်အတိုင်း ပြောရရင် ကျွန်တော်က အမြင့်ကြောက်တယ် ..."
သူတို့က လက်ထပ်ထားပြီးသား သက်ကြီးစုံတွဲလိုပဲဟာ ကျိကောကို ဒီအကြောင်း သေချာပေါက် ပြောပြရမှာပေါ့ ...
ကျိမြန်က သူ့ခေါင်းကို ပွတ်သပ်လျက် ပြောလိုက်သည်။
"တကယ်တမ်းတော့ ကိုယ်လည်း အမြင့်ကြောက်တယ် ..."
သူက ထိုအကြောင်းကို သိထားပြီး ဖြစ်သည့်တိုင် အံ့ဩသွားဟန်ဆောင်လိုက်သည်။ ထို့နောက် ကျိမြန်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လျက် ပြောလိုက်၏။
"ကျွန်တော် ခုန်ချတဲ့အပိုင်း ရိုက်နေတုန်း ဝေးဝေးမှာနေ အောက်ကိုလည်း ငုံ့မကြည့်နဲ့ မဟုတ်သေးဘူး တံတားပေါ်ကို မရပ်နဲ့ ကျွန်တော့်ကို တံတားအောက်ကပဲစောင့် ..."
ကျိကောက သူ့ကို အရမ်းချစ်တော့ ခုန်ချတဲ့အချိန်ဆို သေချာပေါက် ငုံ့ကြည့်မိမှာပဲ ဒါက မကောင်းဘူး သူ တစ်ယောက်ပဲ ကြောက်တယ်ဆိုရင်ကို လုံလောက်နေပြီ ကျိကောပါ ကြောက်နေရတာမျိုး မဖြစ်သင့်ဘူး ...
ထိုသို့ တွေးကာ လက်ထောက်တစ်ဦးကို လက်ယမ်းပြလိုက်သည်။
"ရှောင်ဝမ် အောက်ဆင်းမလို့လား ကျိကောကိုလည်း မင်းနဲ့အတူ ခေါ်သွားပေးပါလား ..."
တံတားအောက်သို့ဆင်းကာ လုံခြုံရေးကိရိယာများကို စစ်ဆေးမည့် လက်ထောက်က ခေါင်းငြိမ့်ပြလိုက်သည်။
"အိုကေ ဒါဆို သွက်သွက်လေး လိုက်လာခဲ့ပေးနော် ..."
"မလိုက်တော့ဘူး ကျေးဇူးတင်ပါတယ် ဒီနားကနေပဲ ကြည့်နေတော့မယ် ..."
ကျိမြန်က လက်ထောက်ကို ယဉ်ယဉ်ကျေးကျေး ငြင်းဆန်ကာ ထိုသူထွက်သွားပြီးနောက် ရှောင်ကျားရှုကို ပွေ့ဖက်လျက် နူးနူးညံ့ညံ့ ပြောလိုက်သည်။
"ခုန်ချဖို့က ခက်ခဲတယ်ဆိုတာ ကိုယ်သိပါတယ် ဒီလို အရေးပါတဲ့ အဆင့်မျိုးကို လုပ်ဖို့ဆို ပိုတောင် ခက်သေးတယ် ဒီလိုအချိန်မျိုးမှာ ဘာလို့ ကိုယ်က မင်းဘေးမှာ မရှိနေပေးရမှာလဲ ..."
"ကျိကော ..."
အရေးကြီးကိစ္စ၏ အဓိကလူဟု ပြောရလောက်မည့် ရှောင်ကျားရှုက ကျိမြန်ရင်ခွင်ထဲ ပြေးဝင်ကာ ခါးသွယ်သွယ်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလျက် အနက်ရှိုင်းဆုံးအထိ မြှုပ်နှံထားသော ကြောက်ရွံ့မှုအားလုံးကို ဖွင့်ဟပြလိုက်သည်။
"ကျွန်တော်က နည်းနည်းလေးပဲ ကြောက်တာ မဟုတ်ဘူး အများကြီး အများကြီးကို ကြောက်နေတာ ဒီအခန်းကို ဆက်မရိုက်နိုင်တော့မှာလည်း ကြောက်တယ် ရိုက်ကူးရေးတစ်ခုလုံးကို ဆွဲချမိသလို ဖြစ်သွားမှာကိုလည်း ကြောက်တယ် ကျိကော ဝူးဝူးဝူးဝူး ...."
ကျိမြန်၏ နွေးထွေးလှသည့် လည်တိုင်တွင် ခေါင်းမြှုပ်ကာ ဘယ်ညာယိမ်းခါလျက် နှာတရှုံ့ရှုံ့ဖြင့် ငိုကြွေးနေလိုက်သည်။ တဆတ်ဆတ်တုန်ရီနေသော ခန္ဓာကိုယ်မှာ နှင်းတောထဲ စွန့်ပစ်ခံလိုက်ရသည့် ခွေးပေါက်စတစ်ကောင်နှယ်ပင်။
ကျိမြန်က ဂျာကင်ကိုချွတ်ကာ သူ့ကို ခြုံပေးလိုက်ပြီး နောက်ကျောကို အဆက်မပြတ် ပွတ်သပ်ပေးနေလိုက်သည်။ ကြောက်ရွံ့နေသည့် ရှောင်ကျားရှုမှာ ပို၍ပင် ချစ်စရာ ကောင်းလှသည့်အတွက် သူ့ခံစားချက်တို့ နူးညံ့သိမ်မွေ့လာရတော့သည်။ သူ့ကို ဆက်မရိုက်တော့ရန် ဖြောင်းဖျလိုက်ချင်သော်ငြား သဘောတူမည် မဟုတ်ကြောင်းကိုလည်း ကြိုသိနေပေသည်။ ရှောင်ကျားရှုမှာ ပြီးပြည့်စုံမှုကို လွန်စွာလိုလားသူတစ်ဦး ဖြစ်ပေသည်။
ရှောင်ကျားရှုက သူ၏ အားပေးမှုကို လိုအပ်ကြောင်း သိနေသည့်အတွက် ကျိမြန်လည်း ဘာမှ ဆက်မပြောတော့ဘဲ သူ့ကိုသာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ စိတ်ရှည်မှုအပြည့်ဖြင့် နှစ်သိမ့်ချော့မော့ပေးလိုက်သည်။ ရိုက်ကူးရေး မစခင်အထိ သူ့ကို လွှတ်မပေးတော့။
ကျောက်ချွမ်ကလည်း ရှောင်ကျားရှုတွင် အမြင့်ကြောက်ရောဂါရှိကြောင်း သိထားသည့်အတွက် သူ့ကို အလျင်စလိုရိုက်ရန် တွန်းအားမပေး။ ရိုက်ကူးရေးဝန်ထမ်းများကိုသာ လုံခြုံရေး စစ်ဆေးပေးရန် ထပ်ကာထပ်ကာ ညွှန်ကြားနေလိုက်သည်။ မိနစ်လေးဆယ်ခန့်အကြာတွင် လုံခြုံရေးကိရိယာများကို အကြိမ် တစ်ဒါဇင်ထက်မနည်း စစ်ဆေးခဲ့သည့် မန်နေဂျာက စကားပြောစက်မှတစ်ဆင့် မေးလိုက်တော့သည်။
"အားလုံး အဆင်ပြေပါတယ် ဘာပြဿနာမှ မရှိတော့ဘူး ဒါရိုက်တာကြီး ရိုက်ကူးရေးစလို့ ရပြီလား ..."
"ရှောင်ရှု အဆင်သင့်ဖြစ်ပြီလား ..."
ကျောက်ချွမ်က ရှောင်ကျားရှုကို လှည့်မေးလိုက်သည်။
"အဆင်သင့်ဖြစ်ပြီ ..."
ရှောင်ကျားရှုက အသက်ကို ပြင်းပြင်းရှူရင်း ပြောလိုက်သည်။
"အိုကေ ဒါဆို ရိုက်ကူးရေးစမယ် ..."
သူ့စကားသံအဆုံးတွင် ဝူချွမ်းရီနှင့် ရှောင်ကျားရှုတို့က ဘေးနှစ်ဖက် ပိတ်ထားသည့် ကားတံခါးကို ဖွင့်ကာ တံတားလက်တန်းပေါ် ပြေးတက်လျက် တံတားအတိုင်း ပြေးသွားလိုက်သည်။ လုပ်ကြံသူများ၏ ပိတ်ဆို့မှုကြောင့် လွတ်မြောက်ရန် လမ်းပင် မရှိတော့ရာ တံတားလက်ရန်းပေါ်တက်ကာ ခုန်ချရန် ပြင်လိုက်တော့သည်။
သို့သော် လေထိုးမွေ့ယာပေါ် ပြုတ်ကျလာသူမှာ ဝူချွမ်းရီတစ်ယောက်တည်းသာပင်။ ရှောင်ကျားရှုကမူ စိတ်ဖိစီးနေသည့် မျက်နှာဖြင့် တံတားအစွန်းတွင် ရပ်နေဆဲဖြစ်သည်။
ကျိမြန်က အနားသို့ ချက်ခြင်းသွား၍ သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ သူ့နဖူးပေါ်ရှိ ချွေးစေးတို့ကို သတိပြုမိသွားကာမှ အရဲစွန့်နေရသော ရှောင်ကျားရှုကို ကြည့်နေရခြင်းမှာ သူကိုယ်တိုင် အရဲစွန့်ရခြင်းထက်ပင် ပိုမို ထိတ်လန့်ဖွယ်ကောင်းကြောင်း သဘောပေါက်သွားတော့သည်။ ရှောင်ကျားရှု သည်းမခံနိုင်ဘဲ ပြုတ်ကျသွားမည်ကို ကြောက်မိသလို လေထိုးမွေ့ယာပေါ် ပြုတ်မကျမည်ကိုလည်း ကြောက်ရွံ့မိသည်။ လေထိုးမွေ့ယာပေါ်မှ ကန်ထွက်ကာ မာကျောသည့် မြေပြင်ပေါ် ပြုတ်ကျသွားမည်ကိုလည်း ကြောက်ရွံ့မိပေသည်။
အတိုချုပ် ပြောရပါလျှင် သူစိတ်ပူရန် လိုအပ်သည့် ကိစ္စများ များပြားနေကာ ဖြစ်နိုင်ချေအသေးလေး တစ်ခုစီတိုင်းကပင်လျှင် သူ့နှလုံးသားအတွက် ဆူးချွန်တစ်ချောင်းနှယ်ပင်။
"ကျိကော ကျွန်တော် ခုန်ချလို့ မရဘူး ..."
သူ့အင်္ကျီကော်လံကို တင်းတင်းကြပ်ကြပ် ဖက်တွယ်လျက်
ပြောလာသည့် ရှောင်ကျားရှု၏ လေသံမှာ စိတ်ပျက်အားငယ်စိုးထိတ်မှုတို့ဖြင့် ပြည့်နှက်နေပေသည်။ သူ့ကိုယ်သူလည်း များစွာ စိတ်ပျက်နေမိတော့၏။
Xxxxxxxxx