အပိုင်း ၁၂၂
Viewers 57k

Chapter 122





ကျိမြန်၏ မျက်နှာမှာလည်း ရုတ်ချည်းပင် မဲမှောင်သွားတော့သည်။ သူက ရှောင်ကျားရှုကို အားကုန်သုံးကာ ဆိုဖာပေါ် ဆွဲချလိုက်ပြီး ညာဘက်ခြေကျင်းဝတ်ကို ကိုင်လျက် ခြေအိတ်ကို အမြန်ဝတ်ပေးလိုက်သည်။ ရှောင်ကျားရှု၏ နူးညံ့လှသည့် အသားအရေကို လက်ဖဝါးတစ်ခုလုံးနှင့်အပြည့် ထိတွေ့လိုက်ရသည့်အခါ မရယ်ဘဲပင် မနေနိုင်တော့။ 


"အခုအချိန်အထိ အမွေးချွတ်နေတုန်းပဲလား မင်းခြေထောက်ကိုလည်း ကြည့်ပါဦး မသိတဲ့သူသာဆို အမျိုးသမီးစတားတစ်ယောက်ရဲ့ ခြေထောက်လို့ ထင်မှာပဲ ..." 


"အမေပြောတာတော့ ချွတ်ထားတာ ပိုကောင်းတယ်တဲ့ ..." 


ရှောင်ကျားရှုက ခေါင်းကို အသားကုန် ငုံ့ထားသည့်အတွက် နီရဲနေသည့် နားရွက်တစ်စုံကိုသာ မြင်နေရတော့သည်။ 


ကျိမြန်က ဖျတ်ခနဲ ပြုံးကာ ခြေအိတ်နောက်တစ်ဖက်ကို ဝတ်ပေးလျက် သက်ပြင်းချလိုက်သည်။ 


"မင်းခြေဖဝါးက အရည်ကြည်ဖုတွေ ပျောက်ကုန်ပြီပဲ Adventures in the wilderness ကို ရိုက်ဖို့ ပြန်လာဦးမှာလား ..."



ရှောင်ကျားရှုသာ ပြန်မလာပါလျှင် သူနှင့် အဆက်အသွယ်လုပ်နိုင်မည့် နည်းလမ်း တစ်ခုတစ်လေမှပင် ရှိနိုင်တော့မည် မဟုတ်ချေ။ 


"မလာတော့ဘူး အခု ဒီမှာ ရိုက်ကူးရေး လုပ်နေတာဆိုတော့ အချိန်ဇယား မကိုက်ဘဲ နေလိမ့်မယ် ..." 


ရှောင်ကျားရှု၏ခေါင်းမှာ ပို၍ပင် ငုံ့သွားတော့သည်။ Adventures in the wilderness အကြောင်း စကားစပ်မိပါလျှင် လင်းလဲ့ယန်အကြောင်း အလိုလို တွေးမိလာသည့်အတွက် ချက်ခြင်းပင် ရုန်းကန်အားတို့ နိုးထလာကာ ကျိမြန်၏ ရင်ခွင်ထဲမှ ခြေထောက်ကို ဆွဲထုတ်လျက် ခပ်ဝေးဝေးသို့ သွားထိုင်လိုက်သည်။ 


သူ၏ ရှက်ရွံ့မှုကို သိုဝှက်ရန် အလို့ငှာ ပဝါအကြီးကြီးတစ်ထည်ကို ယူ၍ ဆံပင်များကို သုတ်နေလိုက်သည်။ 


ရင်ခွင်ထဲရှိ အလေးချိန် ရုတ်ချည်း ပျောက်ကွယ်သွားသည့်အတွက် ကျိမြန်၏ နှလုံးသားမှာလည်း လစ်ဟာသွားတော့သည်။ အစောပိုင်းက တည်ငြိမ်ပျော်ရွှင်ခဲ့ရသော်ငြား ယခုမူ ကသိကအောက်ဖြင့် စိတ်ဖိစီးလာရတော့သည်။ သို့သော် ထိုခံစားချက်များကို ရှောင်ကျားရှု၏ ရှေ့၌ ထုတ်ပြ၍ မရသည့်အတွက် ပဝါကို ဆွဲယူကာ ခပ်ပြုံးပြုံးဖြင့်သာ သူ့ဆံပင်များကို ကူသုတ်ပေးလိုက်ရတော့သည်။ 


သို့သော် ရှောင်ကျားရှုက သူ့ကို အထိမခံ၊ ခေါင်းကို စောင်းလျက် ရှောင်တိမ်းလိုက်ပြီး နီရဲနေသော နားရွက်ဖျားများလည်း ရုတ်ချည်း ဖြူလျော်သွားတော့သည်။ သူက ကျိမြန်ကို ရှောင်တိမ်းနေခြင်းဖြစ်ကြောင်း သံသယဝင်နေရန်ပင် မလို။ ကျိမြန်ကိုယ်တိုင်လည်း သဘောပေါက်သွားသည့်အတွက် အလွန်အမင်း စိတ်မသက်မသာ ဖြစ်သွားတော့သည်။ သူက အသက်ကို ပြင်းပြင်းရှူကာ ရှောင်ကျားရှု၏ ခေါင်းကို အားဖြင့် ဆွဲယူလျက် လက်ထဲရှိ ပဝါဖြင့် နှစ်ကြိမ်ဆက်တိုက် သုတ်ပေးလိုက်တော့သည်။ 


ဘယ်ညာရှောင်တိမ်းနေသော ရှောင်ကျားရှု၏ လှုပ်ရှားမှုတို့လည်း အေးခဲသွားကာ အချိန်အတော်ကြာကာမှ ပဝါစကို တင်းတင်းဆွဲလျက် မျက်နှာကို ဖုံးအုပ်ထားလိုက်တော့သည်။ ကျိကောထံမှ ဂရုစိုက်မှု အနည်းငယ်ကိုမှ လက်မခံလိုတော့။ သို့မဟုတ်ပါလျှင် သူ့နှလုံးသားကို ကာရံထားသည့် အရံအတားတို့ ပြိုပျက်သွားတော့မည်ဖြစ်သည်။ မျက်လုံးနှင့် နှာခေါင်းတို့ ချဉ်စူးလာကာ ဝမ်းနည်းလွန်း၍ ငိုချလိုက်ချင်သော်ငြား ထိုသို့ ငိုချလိုက်ပါလျှင်လည်း အင်မတန် အရုပ်ဆိုးမည်ဖြစ်ကြောင်း သိနေပေသည်။ 


ကျိမြန်က ပဝါစကို ဆွဲလိုက်သည့်အခါမှ ၎င်းကို ရှောင်ကျားရှုက ခပ်တင်းတင်းဆွဲထားကြောင်း သိလိုက်ရတော့သည်။ အပေါ်စီးမှ ငုံ့ကြည့်ပါလျှင် ပဝါအုပ်ထားသည့် ခေါင်းဖြူဖြူကိုသာ တွေ့ရမည်ဖြစ်သည်။ ရှောင်ကျားရှု ငိုနေကြောင်း သိနိုင်ရန် သူ့စိတ်တို့ကို ဝင်ဖတ်ကြည့်ရန်ပင် မလို။ သို့သော် သူကိုယ်တိုင်လည်း မသိချင်ပေ။ 


ရှောင်ကျားရှု ငိုသည်ကို ပထမဆုံး တွေ့ဖူးသည်မှာ ဆေးရုံကော်ရစ်ဒါတွင် ဖြစ်သည်။ ကလေးတစ်ယောက်နှယ် ကူကယ်ရာမဲ့နေကာ အမှတ်တရဆိုးများအကြား ပိတ်မိနေပြီး ပြန်လည် ရုန်းမထွက်နိုင်တော့။ ဒုတိယအကြိမ် သူကြားရချိန်မှာ ကုမ္ပဏီ၏ လှေကားနားတွင် ဖြစ်သည်။ ထိုစဉ်က မျက်ရည်များသာမက နှာရည်များပါ ကျဆင်းနေပြီး လွန်စွာ ရှက်ရွံ့ဖွယ်ရာပင်။ 


ထိုအချိန်က "ယောကျာ်းတစ်ယောက် ဖြစ်ပြီး ဘာလို့ ဒီလောက်အထိ ငိုနေရတာလဲ အခက်အခဲဆိုတာကို မကြုံဖူးလို့ နေမှာပေါ့" ဟု တွေးခဲ့ဖူးသော်ငြား ယခုမူ ဤကဲ့သို့ မတွေးနိုင်တော့ချေ။ ရှောင်ကျားရှု တစ်ဘဝလုံး အဆင်မပြေမှုတို့ ကြုံတွေ့ကာ ဝမ်းနည်းပက်လက် ဖြစ်ရမည့်အစား မှန်လုံအိမ်ထဲတွင်သာ နေသွားစေရန် မျှော်လင့်မိပေသည်။ အချို့လူများမှာ အလွယ်တကူပင် ချစ်ခင်ဖွယ် ဖြစ်နေရာ သူ့ကို လက်လွှတ်ရန် တွေးပင် မတွေးနိုင်တော့ချေ။ 


ရှောင်ကျားရှု၏ ခေါင်းကို အသာအယာ ဖက်လိုက်ကာ ကြားထဲတွင် ပဝါတစ်ထည် ခံနေသေးသည့်အတွက် သူ့ခေါင်းထိပ်ဖျားကို အသာအယာ ငုံ့နမ်းလိုက်သည်။ ထို့နောက် ဒုတိယအကြိမ်၊ တတိယအကြိမ် ... အကြိမ်ကြိမ် ထပ်ကာထပ်ကာ နမ်းရှိုက်ရင်း အတွေးစအချို့ သူ့စိတ်ထဲ ဖြတ်ပြေးလာတော့သည်။ 


ဒီကလေးကို ဝမ်းနည်းအောင် လုပ်တဲ့သူ ဘယ်သူမဆို အကြိမ်တစ်ထောင်လောက် အပိုင်းပိုင်း ခုတ်ထစ်ပစ်ရမယ် ... 


ဒါပေမယ့် မဟုတ်သေးပါဘူး အခု သူ့နှလုံးသားက နူးညံ့နေရင်တောင် အနာဂတ်မှာ ဘယ်လိုလုပ်သင့်လဲ တစ်လောကလုံးက လူတွေကိုပဲ လိုက်မေးကြည့်လိုက်စမ်းပါ မင်းရဲ့ အတွေးတွေကို တစ်ချိန်လုံး ထောက်လှမ်းနေတဲ့သူနဲ့ ဘယ်သူကရော တစ်သက်လုံး နေနိုင်မှာတဲ့လဲ လျှို့ဝှက်ချက်ဆိုတာ မရှိတော့တဲ့ ဘဝကြီးက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ ... 


သာမန်သူများ မဆိုထားနှင့်။ ကျိမြန်ပင်လျှင် သူ့ကိုယ်ပိုင် စွမ်းရည်ကို ကြောက်ရွံ့နေ‌မိပေသည်။ ရှောင်ကျားရှုကို နောက်ဆုံးအကြိမ် နမ်းရှိုက်ပြီးနောက် လက်ကိုလွှတ်ကာ တိတ်တဆိတ် ပြန်ထွက်သွားတော့သည်။ 


ကျိကော၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရသည့်အခါ ရှောင်ကျားရှုမှာ ချာချာလည်အောင် မူးဝေသွားတော့သည်။ အတော်ကြာကာမှ ပဝါကို ပင့်တင်လျက် မော့ကြည့်လိုက်သည့်အခါ အဝတ်လဲခန်းထဲ၌ မည်သူမှ မရှိတော့။ ထိုအခါ ပျော်ရွှင်မှုနှင့် ဆုံးရှုံးမှုကို တစ်ပြိုင်တည်း ခံစားလိုက်ရတော့၏။


ကျိကောလည်း တစ်ခုခု ခံစားလိုက်ရလို့ နေမယ် ဟုတ်တယ်မဟုတ်လား မဟုတ်ရင် တစ်ခွန်းမှ မမေးဘဲ တိတ်တိတ်လေးပဲ ဖက်နေမှာ မဟုတ်ဘူး ကျိကောက သူ့ရဲ့ အဆုံးမရှိတဲ့ နူးညံ့မှုတွေကို သုံးပြီးတော့ သူ့ရဲ့ ရှက်တဲ့စိတ်တွေကို နှစ်သိမ့်ပေးတာ နေမှာပေါ့ ဒါဆို သူတို့တွေ ချစ်သူမဟုတ်ရင်တောင် သူငယ်ချင်းတော့ ဖြစ်နိုင်သေးတယ် မဟုတ်လား ... 


မျက်လုံးထောင့်ကို ပဝါဖြင့် ပွတ်သပ်လိုက်သည့် ရှောင်ကျားရှု၏ အမူအယာမှာ ရှက်ရွံ့စိတ်နှင့် နွေး‌ထွေးမှုတို့ ရောယှက်နေပေသည်။ 


သူ ငေးငိုင်နေစဉ်မှာပင် ကျိမြန်၏ ကူကယ်ရာမဲ့နေသည့် အသံက တံခါးအပြင်မှ ထွက်ပေါ်လာတော့၏။ 


"ရှောင်ရှု ဘာလုပ်နေတာလဲ ဆံပင်ကို ခြောက်အောင်သုတ်လေ ..." 


ရှောင်ကျားရှုက ချက်ခြင်းပင် အသိပြန်ဝင်လာကာ တံခါးကို တွန်းဖွင့်လျက် တီးတိုးမေးလိုက်သည်။ 


"ကျိကော မပြန်ရသေးဘူးလား ..." 


"အပြင်ဘက်မှာ ဆေးလိပ်သောက်နေတာ ပြန်သွားပြီး မင်းဆံပင်ကို ခြောက်အောင် လေမှုတ်လိုက်တော့ ..." 


သူ့ပါးစပ်ထဲတွင် ဆေးလိပ်ကို ကိုက်ထားသည့်တိုင် မီးမညှိရသေး။ သူ့ပုံစံမှာ တစ်နေ့ထက်တစ်နေ့ ဆေးလိပ်ကို ပိုမိုစွဲလန်းလာဟန်ပင်။ ရှောင်ကျားရှုကို တွေ့လိုက်ရသည့်အခါ အနည်းငယ် ပြေလျော့သွားသော်ငြား အနည်းငယ်မျှသာ ဖြစ်ပေသည်။ သူ့နှလုံးသားအောက်ခြေတွင် အရာများစွာ သိုဝှက်ထားသည့်တိုင် တစ်ခုကိုမှ မဖြေရှင်းနိုင်သည့်အတွက် မေ့ဖျောက်နိုင်ရန် နီကိုတင်းဓာတ်ကိုသာ အသုံးချရပေတော့မည်။ 


"ဟုတ်ကဲ့ အခုပဲ ‌လုပ်လိုက်ပါ့မယ် ..." 


ရှောင်ကျားရှုမှာ ကျိကော၏ စကားများအား နားထောင်ရခြင်းကို အသားကျနေဟန်ပင်။ ချက်ခြင်းပင် အဝတ်လဲခန်းထဲရှိ စားပွဲပေါ် ထိုင်ကာ ဆံပင်ကို လေမှုတ်လိုက်တော့သည်။ 


ကျိမြန်က လှေကားတွင် မှီရပ်ရင်း ပိတ်သွားသည့် တံခါးကို ငေးကြည့်နေလိုက်သည်။ များမကြာမီ ကော်ရစ်ဒါတစ်လျောက် ခြေသံတို့ ဆူညံသွားတော့၏။ စတူဒီယို ဝန်ထမ်းများ ဖြစ်ဟန်ပင်။ 


"ငါကဖြင့် ဒုတိယသခင်လေးရှောင်ကို အရမ်းအင်အားကြီးတယ်လို့ ထင်နေတာ တကယ်တော့ သူက ဒါရိုက်တာနဲ့ ချိုးတုတို့ ကြိုးကိုင်တာကို အလွယ်လေးကို ခံနေရတာပဲ သူရောက်လာကာစတုန်းက ဒါရိုက်တာ ဘယ်လောက်အထိ ကြင်နာတတ်လဲ မင်းအမြင်ပဲ ဘယ်အခန်းမဆို ရိုက်တော့မယ်ဆိုတိုင်း သူ့အမြင်ကိုပဲ အရင်ဆုံး မေးတာလေ အခုတော့ဖြင့် ကြည့်ပါဦး ဒါရိုက်တာက သူ့ကို စိတ်တိုင်းကျကို အော်ငေါက်နေတာ တကယ်တမ်း ပညာရှင် မပီသတာက လူစားထိုးတစ်ယောက်လေ ဒါတောင်မှ သူမက သူ့ကို အမြဲ အပြစ်တင်လှောင်ရယ်နေလိုက်သေးတယ် ..." 


"လူကောင်းတွေက အနိုင်ကျင့်ခံရတာ ထုံးစံ‌ပဲလေ ရှောင်ကျားရှုက စိတ်ထားကောင်းလွန်းတဲ့အပြင် ဒါရိုက်တာကိုလည်း လေးစားလွန်းတာကို အဲဒါကြောင့် လူတွေက သူ့ကို အလေးအနက် မထားကြတော့တာ ဟို ကြွစောင်းစောင်းကောင် ချိုးတုကိုပဲ ကြည့်လေ ဒါရိုက်တာသာ သူ့ရိုက်ချက်တွေကို pass မပေးရင် တစ်နေကုန် ခွေးကောင်လို့ ခေါ်ပြီး ရှယ်ယာတွေ ပြန်ထုတ်မယ်လို့ ခြိမ်းခြောက်နေတာ ဒါရိုက်တာက ဒီလိုလူမျိုးကို အပြစ်ပြုရဲမယ်များ ထင်လား ဒီနေ့ ရေထဲဆင်းရမယ့်အခန်းကို ချိုးတုသာ သူကိုယ်တိုင်ရိုက်ရင် ဒါရိုက်တာက သူ့ကို အကြိမ် ၂၀ လောက် ပြန်ရိုက်ခိုင်းရဲမှာ မဟုတ်ဘူး တစ်ကြိမ်တည်းနဲ့ကို pass ပဲ ..." 


"မင်းစကားတွေက ယုတ္တိမရှိဘူးကွ ချိုးတုလား ရေထဲဆင်းတဲ့ အခန်းကို ကိုယ်တိုင်ရိုက်မှာ အိပ်မက်သာ မက်နေလိုက်တော့ ..." 


"ဟားဟားဟားဟား ဟုတ်သားပဲ အခုခေတ် သရုပ်ဆောင်တွေများ ပိုက်ဆံရှာနေတာ လွယ်လိုက်တာနော် သူတို့ပုံစံတွေကိုလည်း ကြည့်လိုက်ဦး သခင်ကြီးတွေလားကျလို့ ရှောင်ကျားရှုလို လူမျိုးက ရှားမှရှားပဲ ပြီးတော့ သူ့လိုလူမျိုးတွေပဲ အနိုင်ကျင့်ခံနေရတာ ငါတော့ လောကကြီးကို နားမလည်နိုင်တော့ဘူး ..." 


"ဘာလို့ နားမလည်နိုင်ရမှာလဲ ဟိုးတလောက လွှင့်တဲ့ ရသစုံရှိုးလေ "သရုပ်ဆောင်တို့၏ အရည်အချင်းများ" ဆိုလား ဘာလားပဲ သေချာတော့ မမှတ်မိတော့ဘူး အဲဒီ့မှာ သရုပ်ဆောင်တွေ အများကြီးကို သူတို့ရဲ့ အရည်အချင်းတွေ ထုတ်ပြဖို့ ဖိတ်ပြီးတော့ ဒိုင်တွေက အကဲဖြတ်ပေးရတာလေ အဲဒီ့မှာ အရည်အချင်းရှိတဲ့ လူသစ်တွေအားလုံး နာမည်ကြီးလာပေမယ့် ဝါရင့်သရုပ်ဆောင်တွေကတော့ အကုန် အမြှောက်စာတွေ ဖြစ်ကုန်တယ် ပြီးတော့ ဒိုင်တွေရဲ့ အပြစ်တင်တာကိုပါ ခံလိုက်ရတယ်လေ ဒါကမှ အနုပညာလောကရဲ့ တကယ့် သရုပ်မှန် အစစ်ပဲ သရုပ်ဆောင်အရည်အချင်းတွေ၊ စိတ်ပါဝင်စားမှုတွေဆိုတာ အလကား နာမည်ကြီးတာတွေ၊ နောက်ခံတွေကမှ တကယ့်ဘုရင်ပဲ ..." 


"ရှောင်ကျားရှုကလည်း နာမည်ကြီးတဲ့ အပိုင်းမှာရော နောက်ခံမှာရော ညံ့မှမညံ့တာ ဘာလို့ သူ့ကို ဒီလို ဆက်ဆံနေကြတာလဲ ..." 


"ရိုးသားလို့လေ ရိုးသားတဲ့သူတွေကို အနိုင်ကျင့်ရတာ မကြိုက်တဲ့သူ ဘယ်သူရှိလဲ ..." 


နှစ်ဦးသား လှောင်ရယ်ရင်း တစ်ဖြည်းဖြည်း ထွက်သွားလိုက်ကြတော့သည်။ 


ဆေးလိပ်ကို အမှိုက်ပုံးထဲ ပစ်လွှတ်လိုက်သည့် ကျိမြန်၏ မျက်နှာမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင်ပင် မည်းမှောင်နေတော့သည်။ အဝတ်လဲခန်းသို့ ပြန်လာသည့်အခါ ဝတ်စုံပြည့် ဝတ်စားဆင်ယင်အပြီး လက်ထောက်နှင့်အတူ နေ့လည်စာစားမည် ပြင်နေသည့် ရှောင်ကျားရှုအား တွေ့လိုက်၍ ထုတ်ပြောလိုက်မိတော့သည်။ 


"ဒီမှာ မစားနဲ့ သွားရအောင် မင်းနဲ့ ဒါရိုက်တာကို ယုရှန်စားသောက်ဆိုင်မှာ လိုက်ကျွေးမယ် ..."


"ယုရှန်စားသောက်ဆိုင်က အရမ်းဝေးလွန်းတယ် ပြီးတော့ နေ့ခင်းပိုင်းမှာ ရိုက်ကူးရေး ရှိသေးတယ်လေ ..." 


ရှောင်ကျားရှုက ချီတုံချီချဖြင့် ပြောလိုက်သည်။ 


"ဒါရိုက်တာလည်း လိုက်မယ့်ဟာကို ဘာတွေ ကြောက်နေတာလဲ ..." 


ကျိမြန်က သူ့ကို စကားတစ်ခွန်းမှ မပြောတော့ဘဲ ဆွဲခေါ်လာပြီး ဒါရိုက်တာနှင့် ထုတ်လုပ်သူများကိုပါ တစ်ပါတည်း ဖိတ်ကြားလိုက်သည်။ 


ကျိမြန်ဆိုတာ ထိပ်တန်းအရင်းအမြစ်တွေကို လက်ထဲ ထည့်ထားတဲ့ ရင်းနှီးမြှုပ်နှံသူလေ သူ့ဘက်ကနေစပြီး ဖိတ်ခေါ်တဲ့ဟာ ဘယ်သူကများ ငြင်းဆန်ရဲမှာလဲ ... 


ဤသို့ဖြင့် ရိုက်ကူးရေးအဖွဲ့သားအားလုံးကို ယုရှန်စားသောက်ဆိုင်သို့ ခေါ်လာနိုင်ရန် များစွာ အချိန်မပေးလိုက်ရ။ အားလုံးက ဖော်ရွေသည့် အပြုံးတို့ ဆင်မြန်းလျက် ရောက်လာကြပေသည်။ ကျိမြန်က နားရွက်တို့ နီရဲနေသော ရှောင်ကျားရှုကို သူ့အနား ဆွဲခေါ်လျက် ခွက်ကိုမြှောက်ကာ ပြောလိုက်သည်။ 


"ဒီရက်ပိုင်းတွေမှာ ရှောင်ရှုကို ဂရုစိုက်နေရတာနဲ့ အားလုံးလည်း အလုပ်များနေလောက်ပြီ ဒါကြောင့် ကျွန်တော်ကပဲ တစ်ခွက်သောက်ပေးပါ့မယ် ..." 


"မစ္စတာကျိက ယဉ်ကျေးလွန်းနေပါပြီ ..." 


လူတိုင်းက အလျင်အမြန် ခေါင်းငြိမ့်ပြလိုက်ကြသည်။ 


သူက ရှောင်ကျားရှု ကိုင်ထားသည့် ဝိုင်ခွက်ကို အောက်ပြန်ချလျက် တီးတိုးပြောလိုက်သည်။ 


"မင်းက မသောက်နိုင်ဘူးလေ မသောက်နဲ့တော့ ဒီနေ့ မင်းအစား ကူသောက်ပေးမယ် ဘာကိုမှ ဂရုစိုက်နေဖို့ မလိုဘူး ..." 


သူက လူတိုင်းကို ခွက်ချင်းလိုက်တိုက်ကာ ရှောင်ကျားရှုအား ဂရုစိုက်ပေးရန်၊ အကယ်၍ ပြဿနာ တစ်စုံတစ်ရာ ရှိလာပါက ကွမ်ရှစ်သို့ဖြစ်စေ၊ ကွမ်ရှီသို့ဖြစ်စေ လာရောက်ရှာဖွေနိုင်ကာ သူနှင့် ရှို့ချန်ယု နှစ်ဦးလုံးက ကူညီဖြေရှင်းပေးမည် ဖြစ်ကြောင်း လူတိုင်းကို လိုက်လံပြောကြားနေပေသည်။ ဤသည်မှာ ရှောင်ကျားရှု၏ နောက်တွင် သူရှိနေကြောင်း အသံတိတ် သတိပေးလိုက်သည့်နှယ်။ သူသည် ရှောင်ကျားရှု၏ သူဌေးလည်းမဟုတ်၊ အစ်ကိုလည်း မဟုတ်သည့်အတွက် ထိုကဲ့သို့ မဖြစ်မနေ လုပ်ဆောင်ရန် တာဝန်မရှိသော်ငြား ရှောင်ကျားရှုအတွက် တစ်ခုခု လုပ်ပေးလိုသည့် ဆန္ဒမျိုး ပြင်းပြနေပေသည်။ 


ထိုကဲ့သို့ ဆက်ဆံပြောဆိုရခြင်းကို မုန်းတီးခဲ့ဖူးသည့်တိုင် ယခုမူ မူးလာသည်အထိ ဝိုင်တစ်ခွက်ပြီးတစ်ခွက် မော့သောက်နေကာ ရှောင်ကျားရှု၏ စိုးရိမ်နေသည့် အကြည့်တို့ကို ဝိုးတဝါး မြင်လိုက်ရသည့်အခါတွင်မူ သူလုပ်ခဲ့သမျှအားလုံး ထိုက်တန်သည်ဟု ခံစားလိုက်ရတော့သည်။ သူ့အင်္ကျီစကို တိတ်တိတ်လေး လှမ်းဆွဲနေသည့် ရှောင်ကျားရှု၏ လက်ဖျားထိပ်များကို ငေးကြည့်ရင်း ကျေနပ်အားရစွာ ပြုံးလိုက်မိတော့သည်။ 


"ကိုယ် မမူးပါဘူး ..." 


သူက လည်စည်းကို ဖြေလျော့လျက် တီးတိုးပြောလိုက်သည်။ 


"သူတို့တွေ မင်းကို အနိုင်ကျင့်နေတာကို ထိုင်ကြည့်မနေနိုင်ဘူး မင်းက ရိုးသားတယ် အလုပ်ကို လေးစားတယ်

ဟိတ်ကြီးဟန်ကြီးနဲ့ အထက်စီးက‌ မနေဘူး ဒါတွေက မင်းကို အနိုင်ကျင့်လို့ရမယ့် အကြောင်းပြချက်တွေမှ မဟုတ်တာ ..."




Xxxxxxxx