အပိုင်း ၁၂၁
Viewers 57k

Chapter 121





ဖန်ခွင်းက ဖုန်းကို အုပ်ကာ သူ့လက်ထောက်ကို လှမ်းမေးကြည့်ပြီးကာမှ ပြန်ပြောလိုက်သည်။ 


"သူမက "Robocop" ကို ရိုက်နေတာတဲ့ ကျွန်တော်ကြားတာတော့ အဲဒီ့ဇာတ်လမ်းထဲမှာ သူမရထားတဲ့ ဇာတ်ကောင်က တော်တော်ကို ကြီးတယ်ဆိုပဲ အဲဒါကြောင့်လည်း ပြည်တွင်းက ဇာတ်လမ်းကို ဂရုမစိုက်တော့တာ နေမှာပေါ့ ..." 


"ကျန်းပင်းကျဲရဲ့ အရည်အချင်းနဲ့ဆို ဘယ်လိုဇာတ်ကောင်မျိုး သရုပ်ဆောင်နိုင်မှာတဲ့လဲ တရုတ်ပြည်နဲ့ ပတ်သက်ပြီး ဂရုမစိုက်ရအောင် သူမမှာ နိုင်ငံတကာ ပရိသတ်တောင် ရှိသေးလို့လား ..." 


ကျိမြန်က လှောင်ရယ်လိုက်သည်။ 


"တစ်ချို့လူတွေက ဘယ်လောက်ပဲ သရုပ်ဆောင်တာညံ့ညံ့ နာမည်ကြီး traffic star တွေ ဖြစ်နေတုန်းပဲလေ သူတို့ကို ထိန်းချုပ်လို့ ရမှာတဲ့လား ကော အခုတလော သွေးဆုံးချိန်ကို ရောက်နေတာလား ကောရဲ့ ဒေါသတွေက တစ်နေ့ထက်တစ်နေ့ကို ပိုပိုပြီး ကြီးလာနေပြီ   ..." 


သူ့စကားပင် မဆုံးသေး၊ ကျိမြန်က ဖုန်းကိုချကာ "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" ရိုက်ကွင်းရှိရာသို့ ထွက်လာခဲ့လိုက်တော့သည်။ သူရောက်လာချိန်တွင် ရှောင်ကျားရှု ပြောထားသည့် ရိုက်ကွက်ကိုပင် ရိုက်ကူးနေဆဲဖြစ်ကာ အနီးသို့လည်း တိုးမသွားရဲသည့်အတွက် ဦးထုပ်နှင့် နေကာမျက်မှန်တို့ကို ဝတ်ဆင်လျက်သာ  ထောင့်နားတွင် ရပ်လျက် ကြည့်နေလိုက်သည်။ အနားဝန်းကျင်တွင် နာမည်ကြီးများစွာ ရှိနေသည့်အတွက် ဤကဲ့သို့ ဝတ်ပုံစားပုံမျိုးမှာ မထူးဆန်း၊ ဖြတ်သန်းသွားသူများက တစ်ချက်သာ လှည့်ကြည့်ပြီး အနားသို့ တိုးမလာ၍သာ တော်သေးသည်။ 


ကျိမြန်ကမူ သူ့အကြည့်တို့မှာ မည်မျှအထိ လောဘစိတ်တို့ ပြည့်လျှံနေကြောင်း မသိသေးချေ။ ဓာတ်လှေကားရှေ့တွင် မြင်လိုက်ရသည်မှာ နောက်ဆုံးအကြိမ် ဖြစ်ကာ ရှောင်ကျားရှုနှင့် မတွေ့ရတော့သည်မှာ ၁၉ ရက်ပင် ရှိနေပြီဖြစ်သည်။ အနက်ရောင် ဝတ်စုံနှင့် ကြီးမားလှသော ကျောက်စိမ်းခါးပတ်ကို ဆင်မြန်းထားကာ ခြေထောက်တို့ကို ချဲ့ကားလျက် ထိုင်နေသည်။ ကောင်းမွန်စွာ ထွင်းထုထားသော ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး ဓားရိုးကို မေးတင်လျက် မျက်လွှာချထားသူမှာ အလွန်ပင်ပန်းနွမ်းနယ်နေဟန်ပင်။ 


မိစ္ဆာလမ်းကြောင်းသို့ ရောက်ရှိသွားသူတစ်ဦးအဖြစ် သရုပ်ဖော်ပြရန် အလို့ငှာ မိတ်ကပ်ပြင်ပေးသူကာ သေးသွယ်ကာ အပေါ်သို့ ကော့တက်နေသည့် eyeliner နှင့် မျက်ခုံးနှစ်ဖက်ကြားတွင် အနီရောင်မီးတောက်လေးတစ်ခုကို ဆွဲပေးထားသည်။ နက်မှောင်ရှည်လျားလှသည့် ဆံနွယ်တို့မှာလည်း ခါးထက်မှ မြေကြီးပေါ်သို့ ရေတံခွန်သဖွယ် စီးကျနေပေသည်။ 


သူ့ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်။ ကြမ်းပေါ်တွင် ပြီးစလွယ် ထိုင်နေသည့်တိုင် ထိုမြင်ကွင်းကပင်လျှင် လှလွန်းမက လှပနေပေသည်။ အချိန်တိုင်း တစ်စုံတစ်‌ယောက်က သူ့ကို တလက်လက်တောက်ပသော မျက်ဝန်းတစ်စုံဖြင့် တိတ်တိတ်လေး ခိုးကြည့်နေသည်။ 


ကျိမြန်က သူ့ရင်ထဲရှိ ပင်ပန်းနွမ်းနယ်မှုနှင့် ဂနာမငြိမ်မှုတို့ ပျောက်ကွယ်ကာ ဆန္ဒနှင့် အတွေးစအားလုံး ကျေနပ်နှစ်သိမ့်သွားသည်အထိ စိုက်ကြည့်နေပြီးကာမှ ခပ်တိုးတိုး ရယ်မောလိုက်တော့သည်။ ရှောင်ကျားရှုကို ဆက်ပြီး ကြည့်နေရဦးမည်မှာတော့ မုချပင်ဖြစ်သည်။ သူ့အကြည့်တို့ကို ရှောင်ကျားရှုထံမှ လုံးဝ မဖယ်ခွာနိုင်သေးချေ။ 


ထိုအချိန်တွင် ဒါရိုက်တာက အော်ပြောလိုက်၏။ 


"ရိုက်ကူးရေး စမယ် ရိုက်ကူးရေးစမယ် ရှောင်ကျားရှု အဆင်သင့်ဖြစ်ပြီလား မင်း စိတ်အခြေအနေ မကောင်းတာနဲ့ပဲ NG ဆယ်ကြိမ်ထက်မနည်း ရှိနေပြီကွ နည်းနည်းပါးပါးလောက် ပညာရှင်ဆန်လို့ မရဘူးလား ..." 


ရှောင်ကျားရှုကလည်း မကျေနပ်မှုအပြည့်ဖြင့် မတ်တပ်ထရပ်လိုက်သည်။ 


ဒီလူတွေကများ သူ့ကို ပညာရှင် ပီသဖို့လေး ဘာလေးနဲ့ ပြောရဲသေးတယ်ပေ့ါ အစားထိုးက စာသားတွေ မပြောတဲ့အပြင် ဘာအမူအယာမှ လုပ်ဖို့တောင် မလိုအပ်ဘူး ရောက်တာနဲ့ သူ့ဗိုက်ကို ဓားနဲ့ တန်းထိုးလိုက်ရုံပဲ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုလုပ်ပြီး မှန်ကန်တဲ့ အခြေအနေကို ရှာနိုင်တော့မှာလဲ အရင်ကထက်ပိုပြီး အများကြီးကို ကြိုးစားခဲ့တာတောင် ခံစားချက်ကောင်းတွေ မွေးမြူဖို့ ခက်ခဲနေ‌တုန်းပဲ ဒါတောင် အစားထိုးက  မျက်လုံးတွေ မှေး၊ လျာထုတ်ပြပြီးတောင် ရယ်လို‌က်သေးတယ် ဘယ်လိုလုပ်ပြီး သရုပ်ဆောင်နိုင်တော့မှာလဲ ... 


ရိုက်ကွင်းနေရာသို့ မသွားခင် သူ့မျက်နှာကို ခပ်ဖွဖွ ပုတ်ကာ ခေါင်းကို ခါယမ်းလျက် ကိုယ့်ကိုယ်ကို အားပေးလိုက်သည်။ အစားထိုး၏ မျက်နှာကို မကြည့်တော့ဘဲ သူတို့၏ ဆံပင်ကိုကြည့်ကာ စိတ်ကူးကို ပုံဖော်ကြည့်လိုက်မှသာလျှင် အောင်အောင်မြင်မြင် သရုပ်ဆောင်နိုင်သွားတော့သည်။ ထို့နောက် ဒါရိုက်တာကို မျှော်လင့်ချက်ကြီးစွာဖြင့် မေးလိုက်၏။ 


"ဒါရိုက်တာကြီး ကျန်းပင်းကျဲက ဘယ်အချိန်မှ ရိုက်ကူးရေးကို ပြန်လာနိုင်မှာလဲ ..." 


"ငါမသိဘူး မင်းရိုက်စရာ ရှိတာသာ ကောင်းကောင်းရိုက် ပြီးမှ မင်းလုပ်ချင်တာလုပ် ..." 


ဒါရိုက်တာက စိတ်မရှည်လက်မရှည်ဖြင့် လက်ကို ခါယမ်းပြလိုက်သည်။ 


"ချိုးတုကိုပဲ ကြည့်လေ သူဆို တစ်ခါမှ NG မဖြစ်သေးဘူး သူကမှ မင်းထက်ပိုပြီး ကျန်းပင်းကျဲနဲ့ chemistry မိသေးတယ် ..." 


ရှောင်ကျားရှု၏ နဖူးသွေးကြောတို့ ခုန်ထွက်လာတော့၏။


ဟုတ်တာပေါ့ နောက်ထပ် ဇာတ်လိုက်တစ်ယောက်ဖြစ်တဲ့ ချိုးတုက NG နည်းနည်းပဲ ရတယ်ဆိုတာ ဟုတ်တာပေါ့ ဒါပေမယ့် သူရိုက်ရတဲ့ အပိုင်းကလည်း နည်းတယ်လေ သူက ကျန်းပင်းကျဲထက် နည်းနည်းလေး ပိုပြီး ဝိရီယကောင်းတယ် ဆိုရုံလေးတင် ရိုက်ကွင်းကို မှန်မှန်လာတယ် ဆိုရုံလေးပဲ ဒါ‌တောင် လက်ထောက် တစ်ဒါဇင်လောက်နဲ့ လူစားထိုး ရှစ်ယောက်လောက် ခေါ်လာခဲ့သေးတယ် လက်ထောက်တွေကလည်း သူ့ဘေးကနေ ပူနေလား အေးနေလား ဗိုက်ဆာနေလားနဲ့ ပျာပျာသလဲ သူတို့ ဘိုးဘေးလား ကျနေတာပဲ တိုက်ခိုက်ရေးအခန်းတွေ မျက်နှာပြစရာ မလိုတဲ့ အခန်းတွေဆို သူ့အစားထိုးတွေကိုပဲ ရိုက်ခိုင်းတဲ့ဟာ ဒီနေရာကိုလာတာ သရုပ်ဆောင်ဖို့ မဟုတ်ဘဲ အနားယူဖို့လာမှန်း အသိသာကြီးကို ... 


ပြီးတော့ သူနဲ့ ပတ်သက်ပြီး ဒါရိုက်တာရဲ့ လိုအပ်ချက်ကလည်း သိပ်မများဘူးလေ ကြည့်ပျော်ရှုပျော် ဖြစ်ရင်ပြီးရော စည်းချက်ကိုက်ဖို့တွေ လှပနေဖို့တွေမှ မလိုတာ ရှောင်ကျားရှုနဲ့ မတူဘူးလေ ရှောင်ကျားရှုက သူစိတ်တိုင်းမကျမချင်း ပြန်ပြန်ရိုက်နေတော့ ဒါရိုက်တာကို စိတ်မရှည်တော့ဘူး ... 


ရှောင်ကျားရှုမှာလည်း တစ်ခါတစ်ရံ အံ့အားမသင့်ဘဲပင် မနေနိုင်။ 


ဒီရိုက်ကွင်းမှာ သူ ဘာလာလုပ်‌တာလဲ သရုပ်ဆောင်ဖို့လား ရိုက်ကူးဖို့လား ဒါမှမဟုတ် ပျော်ပါးဆော့ကစားနေဖို့လား ... 


သူက ခေါင်းငြိမ့်လျက် ပြောလိုက်သည်။ 


"အိုကေပါ ဒါရိုက်တာကြီး ကျွန်တော် အာရုံစိုက်လိုက်ပါ့မယ် ..." 


"ကောင်းပြီ မင်းအဆင်ပြေရင် ပြီးတာပဲ ..." 


ကွမ်ရှစ်၏ မြောက်များလှစွာသော ရင်းနှီးမြှုပ်နှံမှုကြောင့် ဒါရိုက်တာ၏ လေသံမှာ ရုတ်ချည်း နူးညံ့သွားတော့သည်။ 


"နောက်ရိုက်မယ့် အခန်းက ရေထဲမှာ ရိုက်ရမှာ မင်းရဲ့ လူစားထိုးကို အဆင်သင့် ပြင်ခိုင်းထားလိုက် ..." 


"လူစားထိုး မရှိဘူး ကျွန်တော်ကိုယ်တိုင်ပဲ ရိုက်မှာ ..." 


ဒါရိုက်တာ၏ အမူအယာမှာ အနည်းငယ် ထူးဆန်းသွားဟန်ပင်။ သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဒါဆိုလည်း သွားပြီး မိတ်ကပ်ပြင်တော့ ..." 


ရှောင်ကျားရှု မိတ်ကပ်ပြင်ပြီး၍ ရေကန်နားသို့ ရောက်လာသည့်အခါ ချိုးတု၏ လူစားထိုးမှာ ကြိုးများဖြင့်ပင် ရစ်သိုင်းပြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထို့နောက် နှစ်ဦးသား တိုက်ခိုက်ရန် လေပေါ် ပျံဝဲလိုက်ကြတော့သည်။ ရှောင်ကျားရှုမှာ သူ၏ အမြင့်ကြောက်စိတ်ကို ကျော်လွှားကာ ပုံမှန်အားဖြင့် မခဲယဉ်းလှသည့် တိုက်ကွက်များကို ပြီးပြည့်စုံအောင် သရုပ်ဆောင်ပြရမည်ဖြစ်သည်။ သတ္ထုကြိုးများဖြင့် ချည်ထားရသည့်အတွက် အရေပြားတစ်ခုလုံး ပြာနှမ်းနေကာ NG ပေါင်းများစွာကို နာကျင်မှု အပြည့်ဖြင့် ဖြတ်ကျော်လိုက်ရတော့သည်။ 


ဤသို့ဖြင့် လေထဲတွင် ထပ်ကာထပ်ကာ ချိတ်ဆွဲခံရကာ ရေထဲသို့ အကြိမ်များစွာ ဆင်းသက်လိုက်ရတော့၏။ မျက်လုံးတို့ ရဲရဲနီလာကာ အကြားအာရုံတို့ ထုံထိုင်းလာသည်အထိ စိတ်ကို မဖြေလျော့နိုင်သေး။ လုံခြုံရေး၏ ဆွဲခေါ်မှုဖြင့် ကမ်းစပ်သို့ ရောက်လာသည့်အခါ သူ့ကိုယ်သူ မည်သူမည်ဝါမှန်းပင် မသိတော့‌၊ ကမ္ဘာလောကတစ်ခုလုံး အိုးထိန်းစက်သဖွယ် ချာချာလည်လာတော့သည်။ 


မှောင်မဲတိတ်ဆိတ်လှသည့် ကမ္ဘာထဲသို့ နစ်မြောနေစဉ် သန်မာလှသည့် လက်မောင်းတစ်စုံက သူ့ကို နွေးထွေးသည့် ရင်ခွင်ထဲသို့ ဆွဲယူကာ ပွေ့ဖက်လိုက်တော့သည်။ ကြီးမားလှသည့် လက်တစ်ဖက်က သူ့နောက်ကျောကို ခပ်ဖွဖွ ပုတ်ပေးနေပြီး ကျန်လက်တစ်ဖက်က သူ့မျက်နှာပေါ် ကျဆင်းနေသည့် ဆံပင်တို့ကို နားရွက်ကြား ညှပ်ပေးလျက် နူးညံ့စွာ ပြောလိုက်သည်။ 


"အားလုံး အဆင်ပြေသွားပြီနော် ရှောင်ရှု မင်းက ကုန်းပေါ်ကို ရောက်လာပြီ မကြောက်နဲ့တော့နော် ဟုတ်ပြီလား ခဏလောက် နားနေလိုက် ..." 


ဘယ်သူလဲ ဘာလို့ ဒီအသံက ရင်းနှီးနေရတာလဲ ... 


ရေထဲသို့ ပြုတ်ကျသွားပြီးနောက် ရှောင်ကျားရှု၏ ခေါင်းတစ်ခုလုံး ချာချာလည်နေကာ ဘာတစ်ခုကိုမှ ရေရေရာရာ မတွေးနိုင်တော့။ သို့သော် သူ၏ အသိစိတ် ကပ်နေဆဲဖြစ်သော စိတ်တို့ကမူ ထိုသူမှာ မည်သူဖြစ်မှန်း သိနေသည့်အတွက် တစ်ဖက်သူ၏ အင်္ကျီကော်လာကို တင်းတင်းကြပ်ကြပ် ဆွဲကိုင်ကာ ဝမ်းနည်းပက်လက် ငိုကြွေး‌လိုက်တော့သည်။ 


ကျိမြန်က ရှောင်ကျားရှု၏ ဖျော့တော့နေသော ပါးနှစ်ဖက်ကိုသာ စိုက်ကြည့်နေလိုက်၏။ သူ့မျက်နှာတစ်ခုလုံး ရေများဖြင့် စိုရွှဲနေသည့်အတွက် မည်သည်က ရေစက်၊ မည်သည်က မျက်ရည်မှန်း မခွဲခြားတတ်သော်ငြား သူငိုနေခြင်းဖြစ်မှန်းတော့ သိနေပေသည်။ ရှောင်ကျားရှုမှာ အမြင့်ကိုကြောက်၍ ငိုခြင်းမဟုတ်။ ရှင်းမပြနိုင်လောက်သည့် လူတို့၏ စိတ်ထားများနှင့် မယုံနိုင်လောက်စရာ ဖြစ်ရပ်များကြောင့် ဖြစ်ပေသည်။ ယနေ့မတိုင်ခင်အထိ အနုပညာလောက၏ မျက်နှာအစစ်အမှန်ကို ကွဲကွဲပြားပြား မသိသေး။ လက်ခုပ်ဩဘာသံများ သောသောညံနေသည့်တိုင် မတရားမှုများ၊ လှောင်ရယ်မှုများဖြင့်လည်း ပြည့်နှက်နေပေသည်။ 


ရှောင်ကျားရှုအတွက် စိတ်သောကရောက်နေစဉ်မှာပင် ချိုးတုက အနားရောက်လာကာ သူ့ကို ပြောလိုက်၏။ 


"ကျိလောင်ရှီး ရှောင်ကျားရှုကို လူစားထိုးနည်းနည်းလောက် ကူရှာပေးလိုက်ပါလား သူက ဘာလို့များ ဒီလောက်အထိ ခေါင်းမာနေရတာလဲ ..." 


"လူစားထိုး မလိုဘူး ငါ့ဘာသာငါ ရိုက်နိုင်တယ် ..." 


ရှောင်ကျားရှုက မျက်လုံးစုံမှိတ်လျက်ပင် ကန့်ကွက်လိုက်သည်။ ထိုဇာတ်ကွက်ကို ကောင်းစွာ သရုပ်မဆောင်နိုင်ခြင်း မဟုတ်။ ရိုက်ကွင်းမှ ကမောက်ကမ ဖြစ်ရပ်များကြောင့် ဝမ်းနည်းနေခြင်းသာ ဖြစ်ပေသည်။


ကျိမြန်က သူ့မျက်နှာပေါ်ရှိ ရေစက်များကို ကူညီကာ သုတ်ပေးလျက် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ 


"အိုကေ အိုကေ လုံးဝ လူစားထိုး မသုံးဘူး ရှောင်ရှုရှုကိုယ်တိုင်ပဲ ရိုက်မှာ ..." 


ထို့နောက် လက်ထောက်ထံမှ ပဝါအကြီးတစ်ထည်ကို တောင်းယူကာ ရှောင်ကျားရှုကို ပတ်ပေးလျက် အဝတ်လဲခန်းထဲသို့ ခေါ်သွားပေးလိုက်သည်။ 


ရိုက်ပြီးသည်များကို ပြန်ကြည့်နေသော ဒါရိုက်တာကလည်း ရိုက်ချက်မှာ အဆင်ပြေသည့်အတွက် လက်ကိုယမ်းကာ ပြောလိုက်သည်။ 


"အိုကေ ဒီတစ်ခုလည်း ပြီးသွားပြီ နေ့လည်စာစားဖို့ ခဏနားကြရအောင် ..."



စိတ်ထဲရှိ တုန်လှုပ်မှုတို့ကို မောင်းထုတ်ပြီးနောက် ရှောင်ကျားရှုသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး ကျိမြန်၏ ရင်ခွင်ထဲ ရောက်နေကြောင်း သတိထားမိသွားတော့သည်။ တစ်ဖက်သူက သူ့ပုခုံးကို လက်တစ်ဖက်က ထိန်းထားလျက် ထိုင်ခုံပေါ် ထိုင်နေကာ ကျန်လက်တစ်ဖက်ကမူ အဝတ်အစား ကူလဲပေးရန် အလို့ငှာ ခါးပတ်ကို ဖြုတ်ပေးနေသည်။ 


"ကျိ ကျိကော ..." 


သူ့အင်္ကျီကော်လာကို အလျင်အမြန် ဆွဲလိုက်ကာ ဖြူလျော်နေသည့် ပါးနှစ်ဖက်မှာလည်း ရုတ်ချည်း နီမြန်းလာတော့သည်။ 


"ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ ..." 


"အခုတလော မင်းနဲ့လည်း မတွေ့ဖြစ်လို့ ဘာတွေ လုပ်နေသလဲ လာကြည့်တာ ..." 


သူက နောက်ကျောကို သဘာဝကျကျ ပုတ်ပေးလျက် ပြောလိုက်သည်။ 


"အဝတ်အစားတွေ ချွတ်ချပြီး မြန်မြန်လေး ရေချိုး‌လိုက် နွေဦး ရောက်ကာစ အပူချိန်က နိမ့်သေးတော့ အအေးမိဖို့ လွယ်တယ် ..." 


"အိုး ... ကောင်းပြီလေ ..." 


ရှောင်ကျားရှုက သူ့ပေါင်ပေါ်မှ ကမန်းကတမ်း ထရပ်လိုက်သည်။ 


"ကျိကော ကောကိုပါ စိုသွားပြီလား ကောလည်း ရေချိုးလိုက်ပါလား ကျွန်တော့်လက်ထောက်ကို အဝတ်အစားအသစ်တွေ ယူလာခိုင်းပေးမယ်လေ ..." 


ကျိမြန်၏ ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းသွားတော့သည်။ ထို့နောက်တွင်မှ လက်ကို ချက်ခြင်း ယမ်းပြလျက် ပြောလိုက်၏။ 


"မင်းခန္ဓာကိုယ်ကို ပဝါအကြီးကြီးနဲ့ ပက်ထားတာဆိုတော့ မစိုပါဘူး ..." 


ထိုသို့ ပြောနေရင်း သူ့ပေါင်ပေါ် တင်ထားသည့် ပဝါအသေးလေးကို ဖယ်ကာ ခြောက်သွေ့သန့်ရှင်းနေသည့် ဘောင်းဘီစကို ပြလိုက်သည်။ 


ထိုအခါမှ ရှောင်ကျားရှုလည်း စိတ်အေးသွားပြီး ရေချိုးခန်းထဲသို့ ဝုန်းဒိုင်းကြဲ ဝင်သွားတော့သည်။ ကျိကောက ရိုက်ကွင်းသို့ လိုက်လာကာ သူ့ကို နူးညံ့လှသည့် အသံလေးဖြင့် နှစ်သိမ့်ပေးလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားမိချေ။ သူ အချိန်အတော်ကြာ မြှပ်နှံထားရပါသည့် နက်ရှိုင်းသော ချစ်စိတ်တို့ ပြန်လည်ထကြွလာတော့မတတ်ပင်။ ထို့ကြောင့် ကျိကောအား သူ့ကို ထိခွင့် မပြုနိုင်။ သို့မဟုတ်ပါလျှင် သူ့ခွန်အား အားလုံး ကုန်ဆုံးသွားတော့မည်ဖြစ်သည်။ 


ရေချိုးနေရင်း ကစဉ့်ကလျား ဖြစ်နေသည့် နှလုံးခုန်သံတို့ မူလအတိုင်း ပြန်လည်တည်ငြိမ်လာရန် အလို့ငှာ စိတ်နှလုံးသန့်စင်သည့် မန္တာန်ကို ရွတ်ဖတ်လျက်ပင် တရားနှလုံးသွင်းလိုက်ရသေးသည်။ 


ကျိမြန်က အပြင်ဘက်တွင် ထိုင်နေကာ တသွင်သွင် စီးကျနေသည့် ရေသံတို့ကြောင့် အတိတ်ကာလ အမှတ်တရတို့ မတော်တဆ ပြန်လည်ထွက်ပေါ်လာတော့သည်။ 


အဝတ်ဗလာဖြင့် သူ့ရှေ့တွင် ခန္ဓာကိုယ်တစ်ခုလုံးကို ဆီသုတ်လိမ်းနေသည့် ရှောင်ကျားရှု၊ ရေကန်ထဲတွင် ပေါလောမျောနေသည့် ရှောင်ကျားရှု၊ ကြွက်သားတို့ တင်းတောင့်ကာ ခြေလက်တို့ကို ဆန့်တန်းလျက် သူ့ရင်ခွင်ထဲတွင် အိပ်မောကျနေသော ရှောင်ကျားရှု၊ ကြည်နူးဖွယ် အိပ်မက်နှင့်အတူ ခန္ဓာကိုယ်ကို အသာအယာ တွန့်လိမ်လျက် တီးတိုးရေရွတ်နေသည့် ရှောင်ကျားရှု ... 


သူ့စိတ်ထဲရှိ မီးတောက်တို့ တစ်ခုပြီးတစ်ခု တောက်လောင်လာသည့်အတွက် နှလုံးခုန်သံများ စည်းချက်ကပြောင်းကပြန်ဖြစ်ကာ သွေးများလည်း ဆူပွက်လာရတော့သည်။ 


ဆယ်မိနစ်အကြာ ရေချိုးခန်းထဲရှိ ရှောင်ကျားရှု ထွက်လာသည့်အခါ ပြတင်းပေါက်ဘေးတွင် ထိုင်လျက် ဖုန်းကြည့်နေသော ကျိမြန်ကို တွေ့လိုက်ရတော့သည်။ အနည်းငယ် စိုနေသည့် ပဝါတစ်ထည်ကလည်း သူ့ပေါင်ပေါ်တွင် ရှိနေဆဲဖြစ်သည်။ 


"ကျိကော ဒါကြီးကို ဘာလို့ တင်ထားသေးတာလဲ ဘောင်းဘီတွေ စိုကုန်တော့မယ် ..." 


ရှောင်ကျားရှုက ပူပန်တကြီး မေးလိုက်သည်။ 


ကျိမြန်လည်း ထိုအခါမှ အသိစိတ် ပြန်ကပ်သွားကာ ပဝါကို ဘေးသို့ ဖယ်ထားလိုက်တော့သည်။ သူ့အကြည့်တို့က ရှောင်ကျားရှု၏ တစ်ဝက်တစ်ပျက် ပေါ်ထွက်နေသော ရင်အုပ်နှင့် ခြေသလုံးသားတို့ထံ အပြန်အလှန် ဖြတ်ပြေးသွားကာ အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။ 


"ဘာလို့ နည်းနည်းလေးပဲ ဝတ်ထားတာလဲ ဒီနားလာခဲ့ မင်းကို ခြေအိတ်ကူဝတ်ပေးမယ် ..." 


သူက ဆိုဖာပေါ်ရှိ ခြေအိတ်အသစ်တစ်စုံကို ယမ်းပြလိုက်သည်။ 


အနားသို့ လျှောက်လာရမည့်အစား ရှောင်ကျားရှုက ခြေနှစ်လှမ်း နောက်ပြ

န်ဆုတ်သွားတော့သည်။ ကျိကော၏ ဤကဲ့သို့သော ပုံစံမျိုးကို အမှန်တကယ်ပင် ကြောက်ရွံ့လှပေသည်။ သူ သည်းမခံနိုင်လောက်အောင်ပင် ကောင်းမွန်လွန်းနေသည်။ 



Xxxxxxxx