Chapter 116
PD က ဖုန်းကိုယူလျက် ခေါင်းငြိမ့်ပြလိုက်သည်။
"ကောင်းပါပြီ မစ္စတာကျိ ဒါဆို ရိုက်ကူးရေး ပြန်စကြတော့မလား ..."
ကျိမြန်က တူးရွင်းကို မြှောက်လျက် ဝါးပင်ကို ခုတ်လိုက်သည်။ ကျွန်း၏ ဂေဟစနစ် ပျက်စီးသွားမည်ကို စိုးရိမ်သည့်အတွက် ကျန်အပင်များကို မခုတ်ရဲ။ သို့သော် ဝါးပင်မှာမူ ကိစ္စမရှိချေ။ ဝါးပင်၏ ကြီးထွားနှုန်းမှာ အလွန်မြန်ဆန်ကာ အပင်ပေါက်တစ်ပင်မှ ဝါးရုံတောအဖြစ်သို့ ရောက်လာရန် ခြောက်လသာ အချိန်ပေးရသည်။ ၎င်းမှာ အပူပိုင်းဒေသတွင် ပိုပြီး ကြီးထွားနိုင်ကာ တစ်ရက်လျှင် တစ်မီတာနီးပါးအထိ ရှည်လာနိုင်ပေသည်။
ဝါးတို့ကို ခုတ်ကာ ကြိုးဖြင့် စည်းနှောင်ပြီးနောက် ခက်ခက်ခဲခဲ ဆွဲယူလာလိုက်သည်။ ထိုသို့ လျှောက်လာ၍ များစွာ မကြာသေးခင်မှာပင် ကောက်ကာငင်ကာ ပြောလိုက်ပြန်သည်။
"ငါ့ကို ဖုန်းပြပါဦး ..."
ရှောင်ကျားရှုကို စာပို့ထားရာ သူ ပြန်ပို့လေမလား သိချင်နေပေသည်။
PD က ကင်မရာကို ပိတ်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
"မစ္စတာကျိ ကျွန်တော်တို့တွေက ရသစုံရှိုး ရိုက်နေတာလေ အပြင်ကို ဖုန်းယူခွင့် ပေးနေတာကိုက စည်းကမ်းချိုးဖောက်ရာ ရောက်နေပြီ ဒါ ကျွန်တော်တို့အတွက်လည်း တော်တော်လေး ခက်ခဲတယ် ခင်ဗျားက ရင်းနှီးမြှုပ်နှံသူ ဖြစ်နေလို့သာ မဟုတ်ရင် ဒါရိုက်တာတော့ သေလောက်အောင်ကို ဒေါသထွက်နေလောက်ပြီ ..."
"ကြည့်ရုံလေးတင်ပါ ..."
ကျိမြန်က လက်အိတ်ကိုချွတ်ကာ ပြောလိုက်သည်။
PD ပေးလာသည့် ဖုန်းကိုယူ၍ WeChat ကို ကြည့်လိုက်သော်လည်း ရှောင်ကျားရှုထံမှ စာတစ်စောင်မှ ရောက်မထား။ သူသည် စက္ကန့်ပိုင်းအတွင်းမှာပင် စာပြန်ပို့တတ်သူ ဖြစ်သည်။
သူ လက်လျော့လိုက်တော့မယ်လို့ ပြောခဲ့တဲ့အတိုင်း ရိုးရိုးရှင်းရှင်းကို လက်လျော့ခဲ့တာပဲ ...
သူ့နှလုံးသားတစ်ခုလုံး လစ်ဟာသွားကာ ခံစားချက်အားလုံး နေရာလွတ်တစ်ခုသို့ ဆက်တိုက် ကျဆင်းသွားပြီး ဘက်မညီမှုတစ်ခုကို ခံစားလိုက်ရတော့သည်။ စိတ်ကိုငြိမ်ငြိမ်ထား၍ Weibo ကို ဖွင့်ကြည့်လိုက်သည့်အခါ ရှောင်ကျားရှုက သူနှင့် လင်းလဲ့ယန်၏ ဓာတ်ပုံကို like ပေးထားကြောင်း တွေ့လိုက်ရသည်။ ထိုလုပ်ရပ်ကြောင့် သူ့ကို မေးခွန်းထုတ်နေသူများလည်း အများအပြားပင်။ လင်းလဲ့ယန်က သူ့ကို ကွယ်ရာတွင် အပုပ်ချခဲ့ကြောင်း မေ့သွားလေသလားဟု မေးသူများလည်း မနည်းလှသည့်အပြင် နတ်ဘုရားကျိကို like ပေးခြင်းမှအပ အခြား မည်သည့်ရည်ရွယ်ချက်မှ မရှိဟု ပြောသူများလည်း ရှိနေပေသည်။
ဖုန်းကို စိုက်ကြည့်နေသည့် ကျိမြန်၏ အကြည့်တို့ ရုတ်ချည်းဆိုသလို နက်မှောင်လာတော့သည်။ အဆုံးတွင်တော့ ဘာတစ်ခုမှ မလုပ်တော့ဘဲ စက်ပိတ်၍သာ ဖုန်းကို ပြန်ပေးလိုက်တော့သည်။ စခန်းချရာ နေရာသို့ ပြန်ရောက်လာသည့်အခါ ရှိနေသင့်သည့် သစ်လုံးအိမ်အစား ကျောက်တောင်အနီးရှိ ချိုင့်ခွက်ထဲတွင် ဆောက်ထားသော တဲတစ်လုံးကိုသာ တွေ့လိုက်ရတော့သည်။ ငှက်ပျောရွက်တို့ကို ခပ်စောင်းစောင်း အုပ်မိုးထားသည့်အတွက် လေအေးတို့ တဟူးဟူး တိုက်ခတ်နေပေသည်။
ယုပိုင်ရှို့၊ လင်းလဲ့ယန်နှင့် ဟွမ်ရင်ရွှယ်တို့က တဲအတွင်း လဲလျောင်းလျက် အုန်းရည်သောက်နေကြပြီး သူတို့ပုံစံမှာလည်း အလွန် မသက်မသာ ဖြစ်နေကြဟန်ပင်။
ကျိမြန်က ချက်ခြင်းပင် ထိုနေရာအထိ လျှောက်သွားကာ ငှက်ပျောရွက်တို့ကို ဆွဲလျက် မေးလိုက်သည်။
"ဒါက ဘာတွေလဲ သစ်လုံးအိမ်ကရော ..."
အား အလွန်အကျွံ သုံးလိုက်မိသည့်အတွက် ချည်နှောင်ထားသည့် ငှက်ပျောရွက်တို့ ပြုတ်ထွက်ကာ တဲ၏ တိုင်များပင်လျှင် ပြိုကျလုမတတ် ဖြစ်သွားတော့သည်။
သု့အပြုအမူတို့မှာ ကြမ်းတမ်းလှသည့်အပြင် မျက်ဝန်းတစ်စုံမှာလည်း ဒေါသတို့ဖြင့် မီးဟုန်းဟုန်းတောက်နေသည့်အတွက် ဟွမ်ရင်ရွှယ်နှင့် ယုပိုင်ရှို့တို့ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကာ လင်းလဲ့ယန်က ဗလုံးဗထွေး ရှင်းပြလိုက်သည်။
"ကျိကော ကျွန်တော်တို့ စမ်းကြည့်ပြီးပါပြီ သစ်သားတွေကို ချည်တဲ့ လျှော်ကြိုးက သိပ်မခိုင်လို့ သစ်ပင်ခွကြားပေါ် တင်လိုက်တာနဲ့ တစ်ပြိုင်တည်း အကုန် ပြုတ်ကျကုန်တာ ကျွန်တော်တို့ရဲ့ လက်တွေကိုလည်း ကြည့်လိုက်ပါဦး အကုန် အရည်ကြည်ဖုတွေ ဖြစ်ကုန်ပြီ ..."
ကျိမြန်က သူ့ကို အေးစက်စွာ စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်တော့မည့် အချိန်မှာပင် ရှစ်ထင်းဟန်က ဝင်ရောက်ဖြန်ဖြေပေးလာ၏။
"လောင်ကျိ စိတ်ကိုလျော့ထား ဒီအပိုင်းတွေကို ဖြတ်ပစ်လို့ ရတယ်ဆိုပေမယ့် ငါတို့က ရသစုံရှိုး ရိုက်နေတာလေ ခံစားချက်တွေကို ဘေးဖယ်ထားပြီး စကားကောင်း တစ်ခွန်းနှစ်ခွန်းလောက် ပြောလိုက် ဟုတ်ပြီလား ..."
ကျိမြန်က ဒေါသစိတ်တို့ ပြေလျော့သွားသည်အထိ အသက်ကို အကြိမ်ကြိမ်အဖန်ဖန် ရှူသွင်းရှူထုတ်နေလိုက်သည်။
"ကောင်းပြီ မင်းတို့ ကြိုက်တဲ့နေရာမှာသာ အိပ် ..."
ထို့နောက် ဝါးလုံးတို့ကို သူတစ်ယောက်တည်းသာ ထိုင်ခွဲနေလိုက်တော့သည်။
ပရိုဂရမ် ရိုက်ကူးချိန်တွင် သဘောထားကွဲလွဲမှုနှင့် ပဋိပက္ခတို့ကို ရှောင်လွှဲ၍ မရသဖြင့် PD ကလည်း ဆက်လက်၍သာ ရိုက်ကူးနေလိုက်သည်။ ဒါရိုက်တာကလည်း cut ဟု မအော်သေး။ ရှိုးကို လူစိတ်ဝင်စားနှုန်း တိုးမြှင့်နိုင်ပါလျှင် ရင်းနှီးမြှုပ်နှံသူက ဖိအားမပေးသရွေ့ ထိုအခန်းကို ဖြတ်တောက်ပစ်မည် မဟုတ်ချေ။
ကျိမြန်က နာရီပေါင်းများစွာ ကြာသည်အထိ တိတ်တဆိတ် အလုပ်လုပ်နေကာ ထိုအချိန်အတွင်း ယုပိုင်ရှို့၊ ဟွမ်ရင်ရွှယ်နှင့် လင်းလဲ့ယန်တို့ ထပ်ကာထပ်ကာ လာပြီး နားချသည့်တိုင် အသုံးမဝင်ချေ။ အသံတိတ် ခေါင်းမာသူအဖြစ်သို့ ချက်ခြင်းလက်ငင်း ကူးပြောင်းသွားကာ သူ့ကိုယ်ပိုင်အစွမ်းအစဖြင့်ပင် အောင်အောင်မြင်မြင် frame ချနိုင်ကာ ငှက်ပျောရွက်တို့ဖြင့် အုပ်ကာထားလိုက်သည်။
ရှောင်ကျားရှု ရွေးထားသည့် ပျဉ်ချပ်တို့ပေါ် လှဲအိပ်ရင်း လစ်ဟာမှုတစ်ရပ်ကို ခံစားလိုက်ရတော့သည်။ သူ့အသင်းသားများမှာလည်း သူ့ကို ကြောက်လန့်နေဟန်ပင်။ တဲအတွင်း ပုန်းအောင်းလျက်သာ တီးတိုးပြောနေကြပြီး ကျန်သူများ မဆိုထားနှင့် လင်းလဲ့ယန်ပင် သူ့အနား မကပ်ရဲတော့ချေ။ ထိုအခါမှသာ ရှောင်ကျားရှုမှာ မည်မျှအထိ အန္တရာယ်များလှသော ရန်သူဖြစ်ကြောင်းနှင့် ကျိမြန်အပေါ် မည်မျှအထိ လွှမ်းမိုးနိုင်ကြောင်း သတိထားမိသွားတော့သည်။
ရှောင်ကျားရှု၏ ထွက်ခွာမှုက ကျိမြန်၏ စိတ်အခြေအနေကို ပြင်းထန်သွားစေဟန်ပင်။ ကင်မရာရှေ့တွင်ပင် ငြိမ်သက်အေးဆေးသည့် အမူအယာကို ထိန်းမထားနိုင်တော့။ ဤပရိုဂရမ်ကို စတင်ထုတ်လွှင့်သည်နှင့် တစ်ပြိုင်နက် သူ၏ မူမမှန်လှသော အမူအယာအပေါ် ထင်ကြေးပေးသူ များပြားလာကာ "နူးညံ့ယဉ်ကျေး၍ ပွင့်လင်းသော စိတ်ထားပိုင်ရှင်" ဟူသည့် ပုံရိပ်လည်း ချက်ခြင်း ပြိုလဲပျက်စီးသွားတော့မည်ဖြစ်သည်။
ထိုသို့ ပြိုလဲမှုမှာ အနုပညာရှင်တစ်ဦးအတွက်မူ ကပ်ဆိုးဝင်ခြင်းပင် ဖြစ်ကာ နာမည်ဂုဏ်သတင်း ကျဆင်းသည်အထိပင် ဆိုးဝါးသွားနိုင်ပေသည်။
ငါ အချိန်ရှာပြီး ကျိကောကို ဖျောင်းဖြလိုက်သင့်လား ...
လင်းလဲ့ယန်မှာ အတွေးထဲ နစ်မြောနေကာ မိုးသီးမိုးပေါက်တို့ ကျလာမှသာ ပြန်လည် ရုန်းထွက်နိုင်လာနိုင်တော့သည်။
အပူပိုင်းကမ်းရိုးတန်းရာသီဥတု၏ အထင်ရှားဆုံး ဝိသေသလက္ခဏာမှာ မိုးရွာသွန်းခြင်းပင် ဖြစ်သည်။ ခြောက်သွေ့သည့် ရာသီဟူ၍ မရှိ ၊ တစ်နှစ်လျှင် မိုးရေချိန် ၂၀၀၀ မီလီမီတာနှင့်အထက် ရွာသွန်းပြီး ကြည်လင်နေသော ကောင်းကင်ပြင်မှာ တစ်စက္ကန့်အတွင်း မိုးသည်းထန်လာနိုင်ပေသည်။ ကျိမြန်၏ အဆိုပြုချက်မှာ သွေးထွက်အောင်ပင် မှန်ကန်လွန်းလှသည်။ အိမ်ကို သစ်ပင်ခွကြားတွင် မဆောက်ပါလျှင် နေ့တွင်းချင်းပင် ရေမြောသွားမည်ဖြစ်ပြီး အထူးသဖြင့် ဤကဲ့သို့ ချိုင့်ခွက်ဒေသမျိုးမှာ အဆိုးဆုံးပင်ဖြစ်သည်။
အသင်းသားသုံးဦးလုံးမှာ ငိုချလိုက်ချင်သော်ငြား ကျိမြန်က သူတို့၏ လုပ်ရပ်များကို စိတ်ထဲမထားဘဲ သစ်လုံးအိမ်ပေါ်သို့ အမြန်ခေါ်သွားပေးလိုက်သည်။ ကျောက်ဆောင်ပေါ်တွင် အိမ်ဆောက်ထားသည့် ရှစ်ထင်းဟန်မှာမူ ထိုကိစ္စမျိုးကို မကြုံရ။ ရေသည် ကျောက်ဆောင်ပေါ်မှ မြေကြီးပေါ်သို့ နိမ့်ဆင်းသွားခြင်းဖြစ်ရာ ကြမ်းပြင်တို့ စိုစွတ်နေသည့်တိုင် ထူထဲလှသည့် ကောက်ရိုးပုံကြောင့် များစွာဒုက္ခမရောက်လှချေ။
"ကပ္ပတိန် ရှင့်စကားကို နားထောင်ခဲ့သင့်တာ ရေစီးထဲ မျောပါသွားတော့မလို့ အဝတ်အစားတွေလည်း အကုန်စိုကုန်ပြီ ..."
ဟွမ်ရင်ရွှယ်က ငိုကြွေးလိုက်သည်။
ကျိမြန်က နွမ်းနယ်စွာဖြင့် ပြောလိုက်၏။
"အမှားကနေ သင်ယူ အိတ်တစ်ခုလုံး ရေထဲ မြုပ်သွားတာဆိုတော့ လဲစရာ အဝတ်အခြောက်တွေတော့ ရှိတော့မှာ မဟုတ်ဘူး ဒီညတော့ ဒီတိုင်းပဲ နေလိုက် မနက်လင်းလို့ ရာသီဥတု သာယာမှ ဆက်ပြောကြတာပေါ့ ..."
သူ့အနားသို့ တမင်တကာ ချဉ်းကပ်လာသည့် လင်းလဲ့ယန်ကို ရှောင်ဖယ်ရင်း အပြင်ဘက်သို့ ထွက်လာလိုက်သည်။
မနေ့ကကဲ့သို့ တူညီသည့် အဖြစ်အပျက်မျိုး ထပ်မံဖြစ်ပွားလာပြန်သည်။ နောက်နေ့တွင် မိုးစဲသွားသည့်အတွက် အသင်းသားများလည်း အပြင်ထွက်ကာ စားစရာရှာလိုက်ကြပြန်၏။ ကျိမြန်က သူတစ်ယောက်တည်း လှုပ်ရှားနေသည့်တိုင် ဟွမ်ရင်ရွှယ်တို့ကို ရေတိုက်စားခံထားရသည့် အရိပ်အယောင် ရှိနေသော နေရာများအား မသွားရန် အထပ်ထပ်အခါခါ သတိပေးလိုက်သေးသည်။ သို့သော် မျက်နှာချင်းဆိုင် တောအုပ်ထဲရှိ သင်္ဘောသီးတို့ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် လင်းလဲ့ယန်က ချက်ခြင်း ပြေးခူးလိုက်ရာ ဟွမ်ရင်ရွှယ်လည်း ကပ္ပတိန်၏ သတိပေးစကားကို မေ့သွားပြီး တပျော်တပါး လိုက်သွားလိုက်တော့သည်။
သူတို့နှစ်ဦး ပြန်လှည့်လာတော့မည့် အချိန်မှာပင် သွေ့ခြောက်နေသော မြစ်ကမ်းပါးတစ်ခုလုံး ရေများဖြင့် ဖုံးလွှမ်းသွားကာ သူတို့နှစ်ဦးမှာလည်း ကျောက်ဆောင်အလယ်ရှိ ချိုင့်ခွက်တွင် ပိတ်မိသွားတော့သည်။ ထိုသတင်းကို ကြားလိုက်ရသည့်အခါ ကျိမြန်မှာ ပူပန်မှုနှင့် ဒေါသစိတ်တို့ ပြည့်နှက်လျက်ဖြင့်ပင် အသက်ကယ်ကြိုးကို ဆွဲယူလျက် သူတို့ကို ကယ်တင်လိုက်သည်။ သုံးဦးလုံး အမြင့်သို့ ရောက်လာချိန်တွင် ထိုချိုင့်ဝှမ်းတစ်ခုလုံးကို ရေဖုံးလွှမ်းနေပြီဖြစ်ပြီး ရေအားမှာလည်း တစ်စထက်တစ်စ များပြားလာပေသည်။
အားလုံး အမောတကော ပြေးလာလိုက်ကြကာ တောင်ပေါ်ရောက်ကာမှ ရပ်တန့်ရဲကြတော့သည်။ တဝုန်းဝုန်း စီးဆင်းနေသည့် ရေလှိုင်းလုံးများကို ကြည့်နေရင်း အသက်ဘေးမှ လွတ်မြောက်လာခဲ့သည့် ခံစားချက်ကြောင့် ချွေးအေးတို့ ကျဆင်းလာတော့သည်။
ထိုကဲ့သို့ ကြီးမားလှသည့် မတော်တဆမှုကြောင့် ရိုက်ကူးရေးကို ဆက်လုပ်၍ မရတော့။ ကျိမြန်က အားလုံးကို အခြေစိုက်စခန်းသို့ ပြန်ခေါ်လာကာ အေးစက်စွာ ပြောလိုက်သည်။
"မင်းတို့ကို ဒီနေရာနဲ့ ဝေးဝေးနေဖို့ မပြောလိုက်ဘူးလား တစ်ခါတစ်လေမှာ မုန်တိုင်းတွေ ဖြစ်လာတတ်တယ် ဒီကို မလာခင်တုန်းက အန္တရာယ် ကြိုတင်ကာကွယ်ဖို့ သတိပေးချက်တွေကို ဖတ်မလာခဲ့ဘူးလား မင်းတို့ကို ငါသာ အချိန်မီ ဆွဲမတင်နိုင်ခဲ့ရင် အခုအချိန် မင်းတို့ ဘာဖြစ်နေလောက်ပြီလဲ ရိုက်ကူးရေး အဖွဲ့ရော ဘာဖြစ်နေလောက်လဲ ဘယ်သူက ဒီဟာတစ်ခုလုံးကို တာဝန်ယူမှာလဲ ..."
ဟွမ်ရင်ရွှယ်မှာ ငိုသံ မထွက်ရဲတော့လောက်အောင်ပင် ကြောက်ရွံ့နေကာ လင်းလဲ့ယန်ကလည်း ဖြူဖျော့နေသည့် မျက်နှာဖြင့် ပြောလိုက်သည်။
"ကျိကော တောင်းပန်ပါတယ် ကျွန်တော်တို့ နောက်ထပ် မလုပ်ရဲတော့ပါဘူး ..."
ထိုစာကြောင်းက ကျိမြန်၏ ဒေါသစိတ်ကို အဆုံးအထိ ရောက်သွားစေနိုင်မှန်း မသိခဲ့ကြချေ။ သူက လင်းလဲ့ယန်ကို ငုံ့ကြည့်ကာ တင်းမာခက်ထန်စွာ ပြောလိုကိသည်။
"တောင်းပန်ပါတယ် ဆိုတာကလွဲလို့ မင်း ဘာပြောတတ်သေးလဲ လင်းလဲ့ယန် သူများ ပြောတာကို နားမထောင်ဘဲ မင်းလုပ်ချင်သလို လုပ်နေတာတွေကို ရပ်လိုက်လို့ မရဘူးလား ငါ နိုးလို့ ပြောရင် နိုးပဲ ဘာမှ လျှာရှည်နေစရာ မရှိဘူး နားလည်လား ..."
တဆတ်ဆတ်တုန်ရီနေသော လက်ချောင်းတို့ဖြင့် သူ့နှာခေါင်းနားအထိ လက်ညှိုးထိုးကာ တစ်လုံးချင်း ဖိပြောလိုက်သည်။
"အငြင်းခံရတဲ့ အဓိပ္ပါယ်ကို နားမလည်ရင် မင်းကို ချက်ခြင်း ထုတ်ပယ်ပေးလိုက်မယ် ငါ့ကို မသက်ညှာတတ်ဘူးလို့ လာအပြစ်မတင်နဲ့ မင်းကို လုံလုံလောက်လောက် ကြင်နာမှု ပေးထားလို့ မင်းက လောဘဇောတက်နေတာ နောက်အပိုင်းတွေ မင်း ဆက်ရိုက်စရာ မလိုတော့ဘူး စာချုပ်ဖျက်တဲ့အတွက် လျော်ကြေးကို ငါပေးလိုက်မယ် ..."
ကုလားထိုင်နောက်မီကို မှီလျက် လဲကျသွားသည့် လင်းလဲ့ယန်၏ ပုံစံမှာ အလွန်အမင်း သွေးပျက်သွားဟန်ပင်။ သူ၏ အဆင်အခြင်မဲ့ လုပ်ရပ်က ဤမျှအထိ အကျိုးသက်ရောက်မှု ကြီးသွားနိုင်မှန်း လုံးဝ ထင်မထားမိခဲ့ချေ။
သူ့ဘက်မှ ကူပြောပေးလိုသူများ ရှိခဲ့သော်ငြား ထိုစကားတို့ကို ကြားလိုက်ရသည့်အခါ တစ်ခုခု ရှိနေသည်ဟု ထင်မှတ်သွားကြတော့သည်။
မစ္စတာကျိက ဒီနေ့ဖြစ်ရပ်ကြောင့် ဒေါသထွက်နေတာ မဟုတ်မှန်း သိသာနေတာကြီးကို... သူ့ပုံစံက လင်းလဲ့ယန်ကို ဟိုးအစောကြီးကတည်းက မကျေမနပ်ဖြစ်နေတာနဲ့တောင် ပိုတူသေးတယ် မဟုတ်ရင် လောဘကြီးတယ်လို့ ပြောပါ့မလား လင်းလဲ့ယန်ကတော့ မစ္စတာကျိဆီကနေ အရင်းအမြစ်တွေ ထပ်ရဖို့ မျှော်မနေနဲ့တော့ပဲ ...
"ကျိကော ကျွန်တော်ပြောတာကို နားထောင် ..."
လင်းလဲ့ယန်က မျက်ရည်လည်ရွဲဖြင့် သူ့လက်ကို လှမ်းဆွဲလိုက်သော်လည်း အညှာအတာကင်းမဲ့စွာဖြင့် တွန်းထုတ်ခံလိုက်ရတော့သည်။
"ထွက်သွား ..."
သူက တံခါးကို လက်ညှိုးညွှန်ပြရင်း အော်ပြောလိုက်သည်။
"ချက်ခြင်း ..."
လင်းလဲ့ယန်က တစ်ခုခု ပြောလိုသေးသော်ငြား လက်ထောက်၏ ဆွဲထုတ်သွားခြင်းကို ခံလိုက်ရသည်။
ပြီးသွားပြီ အားလုံး ပြီးသွားပြီ ကျိကောရဲ့ ဒေါသကို သွားဆွလိုက်မိတာ သူ့မှာ ဘာအနာဂတ်မှ မရှိနိုင်တော့ဘူး ...
လူတိုင်း ယာယီရုံးခန်းထဲမှ ထွက်သွားကြပြီးနောက် ကျိမြန်က ပလက်စတစ်ဖြင့်ပက်ကာ အိတ်ကပ်ထဲထည့်ထားသည့် ဖုန်းကို စက်ဖွင့်လိုက်သည်။ WeChat နှင့် Weibo တို့တွင် မည်သည့်လှုပ်ရှားမှုမှ မရှိသေး။ missed call အချို့ ရှိသော်ငြား တစ်ခုကမှ ရှောင်ကျားရှုနှင့် မသက်ဆိုင်။ အိမ်သို့ ဘေးကင်းကင်း ပြန်ရောက်လျှင် အကြောင်းပြန်မည်ဟု ကတိပေးထားသည်ကိုလည်း မေ့လျော့သွားဟန်ပင်။
သူ၏ သည်းခံနိုင်စွမ်းမှာ ကြာရှည်ထိန်းထား၍ မရနိုင်တော့ရာ ယနေ့ကိစ္စ မဖြစ်ခဲ့လျှင်ပင် တစ်ချိန်မဟုတ်တစ်ချိန် ပေါက်ကွဲထွက်လာမည်ဖြစ်သည်။ Weibo ကိုဖွင့်ကာ ရှောင်ကျားရှု like ပေးထားသည့် ဓာတ်ပုံကို ချက်ခြင်း ဖျက်ပစ်လိုက်သည်။ ယခင်ကတည်းက ဖျက်ခဲ့သင့်သော်ငြား လင်းလဲ့ယန်အတွက် လမ်းအချို့ ချန်ပေးသင့်သည်ဟု တွေးမိ၍ မဖျက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုသူကမူ သူ့အတွက် တစ်ခုတစ်လေပင် ချန်မပေးခဲ့ချေ။
ထို့ကြောင့်လည်း လူသားတို့၏ စိတ်နှလုံးမှာ ထာဝစဉ် ပြောင်းလဲနေခြင်းဖြစ်သည်။ လူ့သဘော လူ့မနောမှာ အင်မတန် ကြောက်မက်ဖွယ်ကောင်းလှသည်။ တစ်ခါက နေရောင်သဖွယ် တောက်ပလင်းလက်ခဲ့သည့် လူငယ်လေးမှာလည်း စိတ်ကူးယဉ်ပုံရိပ်သဖွယ်။
သူ တံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်လာပြီး သက်ပြင်းကြီးစွာချ
လျက် ကြေငြာလိုက်သည်။
"ပထမပိုင်း ရိုက်ကူးရေး ပြီးဆုံးသွားပါပြီ အားလုံးပဲ အထုပ်သိမ်းပြီး အိမ်ပြန်ဖို့ ပြင်ပေးကြပါ ..."
Xxxxxxxx