Chapter 115
"ရိုက်ကူးရေး ပြန်စတော့မယ် အားလုံးပဲ တောင်ပေါ်ကို ပြန်သွားပေးကြပါ ..."
နာရီဝက်နားမည်ဟု ပြောထားသည့်တိုင် နားချိန်မှာ ဆယ်မိနစ်ပင် မပြည့်သေးသည့်အတွက် အားလုံးက စောဒကတက်လိုကြသော်လည်း ရိုက်ကူးရေးအဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာရန် အခကြေးငွေ ယူထားပြီး ဖြစ်သည့်အတွက် တောင်ပေါ်တက်ရန်သာ အချင်းချင်း အားပေးလိုက်ကြတော့သည်။ ရိုက်ကူးရေး ပြန်လည်စတင်ပြီးနောက် ကျိမြန်၏ အရှိန်အဝါများ ပြောင်းလဲသွားကြောင်း အနီရောင်အသင်းသားအားလုံး သတိထားမိလိုက်ပေသည်။ မျက်မှောင်ကို အမြဲတမ်း တွန့်ထားကာ မျက်နှာထားမှာ ခက်ထန်နေပြီး စကားပြောသည်မှာလည်း တိုပြတ်ပြတ်ပင်။ သူ့စကားကို ကောင်းစွာ နားမထောင်ပါလျှင် အေးစက်သော အကြည့်တို့ဖြင့် စိုက်ကြည့်နေမည်ဖြစ်သည်။ ယခုလက်ရှိ သူ့ပုံစံမှာ အနီရောင်အဖွဲ့၏ အသင်းသားနှင့် မတူဘဲ ကိုယ်ရေးကိုယ်တာ ခံစားချက်အားလုံးကို စွန့်လွှတ်ထားသည့် ခေါင်းဆောင်တစ်ဦးနှင့်ပင် ပို၍ တူနေတော့သည်။
ယခင်ကမူ ဟွမ်ရင်ရွှယ်က လမ်းမလျှောက်နိုင်တော့ပါဟု နှစ်ခါသုံးခါ ငြီးငြူပြလာလျှင် တစ်ခဏမျှ အနားပေးမည် ဖြစ်သော်ငြား ယခုမူ မကြားဟန်သာ ဆောင်နေတော့သည်။ မြေပြင်အထက် နှစ်မီတာအကွာတွင် ရှိနေသည့် သစ်လုံးအိမ်ကို ညွှန်ပြလျက် နက်ရှိုင်းသည့် အသံဖြင့် မေးလိုက်သည်။
"ဒါက မင်းတို့ရွေးထားတဲ့ အခြေစိုက် စခန်းပေါ့ ဟုတ်လား ဘယ်လောက်မြင့်တာလဲ ဒီလိုအိမ်မျိုးကို သစ်လုံးအိမ်လို့ရော ခေါ်နိုင်တယ် ထင်လား ကြိုးပုခက်နဲ့တောင် ပိုတူနေသေးတယ် ကြိုးပုခက်ကမှ ဒီဟာထက် ပိုမြင့်လိမ့်ဦးမယ် ..."
ယုပိုင်ရှို့က ပြန်ဖြေလိုက်သည်။
"ကပ္ပတိန် ဒါက ရှောင်ကျားရှု ရွေးခဲ့တာပါ သူပြောတာကတော့ ဒီအမြင့်လောက်က အနေတော်ပဲ တက်ဖို့ဆင်းဖို့လည်း အဆင်ပြေတယ်တဲ့ ..."
ကျိမြန်မှာ နားဝေတိမ်တောင် ဖြစ်သွားကာ အေးစက်နေသည့် မျက်နှာမှာလည်း ရုတ်ချည်း နူးညံ့သွားတော့သည်။ ရှောင်ကျားရှုသည် သူ(ကျိမြန်) ၏ အမြင့်ကြောက်ရောဂါအတွက် စဉ်းစားကာ ဤအမြင့်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း မှန်းဆနိုင်ပေသည်။ သို့သော် သူ့အရပ်သည်ပင် ၁၉၀ စင်တီမီတာကျော် ရှည်ရာ လေးငါးမီတာ အမြင့်အထိ ကောင်းစွာ ကိုင်တွယ်နိုင်ပေသည်။
တင်းကြပ်နေသည့် မျက်ခုံးတို့ ချက်ခြင်း ပြေလျော့သွားကာ နှလုံးသားထဲတွင်လည်း ထူးကဲလှသည့် အနွေးစီးကြောင်းတစ်ရပ် ဖြတ်သန်းသွားတော့သည်။
"ဒါဆိုလည်း ဒီမှာပဲ ဆောက်ကြတာပေါ့ အမြင့်က အနေတော်ပါပဲ သစ်လုံးတွေ သယ်မယ်ဆိုလည်း အဆင်ပြေတာပေါ့ ..."
ယုပိုင်ရှို့က အလျင်အမြန် ခေါင်းငြိမ့်ပြလိုက်ကာ ဟွမ်ရင်ရွှယ်ရှိရာဘက်သို့ လှည့်လျက် "ငါပြောသားပဲ" ဟူသည့် အကြည့်မျိုးဖြင့် စိုက်ကြည့်လိုက်သည်။
ကြည့်ပါ့လား ကျိကော ဘယ်လောက်ပဲ ဒေါသကြီးကြီး ရှောင်ကျားရှုအကြောင်း ထုတ်ပြောလိုက်တာနဲ့ ချက်ခြင်းကို စိတ်တိုတာ ပျောက်သွားတာ စောစောလေးကမှတင် ဒီလိုအိမ်မျိုးကို သစ်လုံးအိမ်လို့ ခေါ်မရဘူး ဘာညာနဲ့ ပြောနေတာကို အခု ရှောင်ကျားရှုရဲ့ အကြံလို့လည်း ကြားလိုက်ရော ချက်ခြင်းကို စိတ်ပြောင်းသွားတာလေ ရှောင်ကျားရှုသာ ဒီမှာ ရှိနေသေးရင် ကျိကောက ဆံပင်တောင် ပွတ်ပေးလိုက်လိမ့်ဦးမယ် ...
လင်းလဲ့ယန်ကလည်း ကျိမြန်၏ ခံစားချက်တို့ ရုတ်ချည်း ပြောင်းလဲသွားမှုကို သတိထားမိပေသည်။
ရှောင်ကျားရှု ထွက်သွားပြီးကတည်းက ကျိကော တအားကို စိတ်ဆတ်ပြီး ဒေါသကြီးလာတာပဲ သူတွေးထားသလိုများ ဖြစ်နေမလား ...
ကျိမြန်က သူ့ကို အေးစက်စက် စိုက်ကြည့်ကာ PD ကို လက်ဟန်ခြေဟန် ပြလိုက်သည်။ PD ကလည်း ဖုန်းဝင်မလာသေးကြောင်း ခေါင်းယမ်းပြလိုက်၏။ မစ္စတာကျိမှာ တစ်နာရီအတွင်းမှာပင် အကြိမ်ပေါင်း တစ်ဒါဇင်ထက်မနည်း မေးပြီးပြီးဖြစ်သည်။
မစ္စတာကျိနဲ့ ရှောင်ကျားရှုက ဆက်ဆံရေးကောင်းကြတယ်လို့ ကြားတော့ စစချင်းတုန်းက ရှောင်ကျားရှုက မစ္စတာကျိရဲ့ ကျော်ကြားမှုကို ကပ်ပြီး ယူချင်လို့လား ဒါမှမဟုတ် ကုမ္ပဏီရဲ့ အကြံအစည်တွေလားလို့ ထင်ခဲ့မိသေးတယ် ဒါပေမယ့် ကြည့်ရတာတော့ ရင်းနှီးတယ်ဆိုတာ တကယ်ပဲ ထင်တယ် ...
ကျိမြန်ကမူ PD ၏ စကားများကို ယုံကြည်ဟန်မတူ။ ဖုန်းကိုထုတ်လျက် ကိုယ်တိုင် ကြည့်ကြည့်လိုက်သည်။ missed call တစ်ခုမှ ရှိမနေကြောင်း တွေ့လိုက်ရသည့်အခါ နှလုံးသားတစ်ခုလုံး လစ်ဟာသွားတော့၏။ WeChat ကို ဖွင့်ကြည့်လိုက်သည့် အခါတွင်လည်း missed call တစ်ခုမှ ဝင်မထား။ ရှောင်ကျားရှု၏ ပူးပေါင်းပေးမှုမရှိ၊ အလွန်အကျူး ရင်တုန်စိတ်လှုပ်ရှားဖွယ် ပီယဝါစာစကားတို့ကို ကြားရခြင်း မရှိတော့သည့်အခါ ရိုက်ကူးရေးကာလမှာ သည်းမခံနိုင်လောက်အောင် ရှည်ကြာလာတော့သည်။
အခြေအနေကို ထိန်းသိမ်းချင်သော်ငြား သူ့နှလုံးသားတစ်ခုလုံး ငြိမ်းသက်၍ မရနိုင်တော့သည့် မီးတောက်များ တောက်လောက်နေသည့်သဖွယ် ပိုမိုပင်ပန်းလာကာ ရင်တစ်ခုလုံး ဝုန်းဒိုင်းကြဲနေတော့သည်။ တူးရွင်းကို ကိုင်လျက် တောအုပ်ထဲသို့ ဝင်သွားပြီး သူ့နောက်သို့ တိတ်တဆိတ် လိုက်လာသော လင်းလဲ့ယန်ကိုလည်း အေးစက်စွာ ပြောလိုက်သည်။
"မလိုက်ခဲ့နဲ့ ..."
ထိုစကားလုံးများမှာ ကြမ်းတမ်းရုံသာမက သူ့လေသံမှာလည်း အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်နေဟန်ပေါ်ကာ လင်းလဲ့ယန်မှာ လိုက်မလာရန် ချက်ခြင်း သတိပေးခံလိုက်ရသည်။
PD က ထိုအခန်းကို ဖြတ်ထုတ်ပစ်ရန်သာ တိတ်တဆိတ် ဆုံးဖြတ်လိုက်တော့သည်။
ကျိမြန်ကမူ ဂရုမစိုက်။ လင်းလဲ့ယန်ကို ခွါချခဲ့ပြီးနောက် တောထဲသို့ ဝင်လျက် ဝါးခုတ်သည့် လုပ်ငန်းစဉ်တွင်သာ စိတ်ကို နစ်မြုပ်ထားလိုက်တော့သည်။ ချွေးများစိုရွှဲနေသော မျက်နှာကို အနီးကပ်ရိုက်ကူးပြီးကာမှ PD လည်း သူ့ပုံစံမှာ မူမမှန်ကြောင်း သတိထားမိသွားတော့သည်။ မျက်နှာတစ်ခုလုံး ပူပန်စိတ်နှင့် ဒေါသတို့ ရောထွေးနေကာ လွန်စွာ ခက်ထန်တင်းမာနေသည်။
ဒါကြီးက ရုပ်သံလွှင့်ဖို့ အဆင်မပြေလောက်ဘူး ထင်တယ်နော် သေချာပေါက် ဖြတ်ပစ်မှရမယ် မစ္စတာကျိရဲ့ အခြေအနေက သိပ်မူမမှန်ဘူး ...
သူတွေးနေစဉ်မှာပင် အိတ်ကပ်ထဲရှိ ဖုန်းက နှစ်ကြိမ်တိုင် မြည်လာသည့်အတွက် အလောတကြီးထုတ်ကာ ကျိမြန်ကို လာပေးလိုက်သည်။
"မစ္စတာကျိ ဖုန်း ..."
တစ်ချိန်တည်းမှာပင် ရှောင်ကျားရှုကလည်း ဆေးရုံသို့ ရောက်ရှိလာကာ ခေါင်းအစ ခြေအဆုံး ဆေးစစ်ခြင်းကို ခံယူနေရတော့သည်။ ညပိုင်းသာ အဖျားတက်မလာပါလျှင် နောက်နေ့မနက်စောစောတွင်ပင် ဆေးရုံမှ ဆင်းနိုင်တော့မည်ဖြစ်သည်။ ဟွမ်မိန်ရွှယ်က လူနာကုတင်ဘေးတွင်ရပ်ကာ သူ့ကို ဖြောင်းဖျနေလိုက်သည်။
"ရှောင်ရှု ဒီရှိုးကို ဆက်မရိုက်ဘဲ နေကြရအောင် ဟုတ်ပြီလား နှစ်ရက်ပဲ ရှိသေးတာကိုတောင် ဒီလိုမျိုး ဖြစ်နေပြီ ငါ ရှုကျဲကို ဘယ်လိုမျက်နှာနဲ့ ရှင်းပြရတော့မှာလဲ သူမက မင်းကို ငါ့လက်ထဲ ယုံယုံကြည်ကြည် အပ်ထားတာကိုတောင် နှစ်ရက်သုံးရက်လောက်နဲ့ ဆေးရုံရောက်တဲ့အထိ ဖြစ်စေမိပြီ သူမကို ပြစရာမျက်နှာတောင် မရှိတော့ဘူး ပြီးတော့ မင်းကရော ဘာလို့ ဒီလောက်တောင် ကြိုးစားရတာလဲ ခြေထောက်တွေ ပေါက်ပြဲနေရင် ဘယ်မှမသွားဘဲ ငြိမ်ငြိမ်လေး ထိုင်နေလေ ဒါရိုက်တာက မင်းကို သေနတ်နဲ့ချိန်ပြီး ရိုက်ခိုင်းနေလို့လား တကယ်ပဲ ခေါင်းမာလိုက်တာကို ..."
ပြတင်းပေါက်အပြင်ဘက်ကိုသာ ငေးကြည့်နေသည့် ရှောင်ကျားရှုက ချက်ခြင်းပင် ခေါင်းပြန်လှည့်လာကာ အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။
"မိန်ရွှမ်ကျဲ ကျွန်တော် ဆက်မရိုက်တော့လို့ ရမလား ..."
"သေချာပေါက်ကို ရတာပေါ့ ..."
သူ အတွေးပြောင်းသွားသည်ကို တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် ဟွမ်မိန်ရွှမ်က အလောတကြီး ပြောလိုက်သည်။
"ငါလည်း အစတုန်းက ဒီရှိုးကို နည်းနည်း အန္တရာယ်များလို့ မင်းနဲ့ အဆင်မပြေလောက်ဘူးလို့ တွေးခဲ့မိသေးတယ် အဲဒါကြောင့် စာချုပ်ချုပ်တော့ တစ်ပိုင်းစာပဲ လက်မှတ်ထိုးခဲ့တာ မင်း ဆက်ရိုက်ချင်ရင် စာချုပ်ကို သက်တမ်းတိုး မရိုက်ချင်ရင် နုတ်ထွက်လိုက်ရုံပဲ ကိစ္စမရှိဘူး ..."
သူက အတော်ကြာ စဉ်းစားပြီးကာမှ ဂရုတစိုက် ပြောလိုက်သည်။
"မိန်ရွှမ်ကျဲ နုတ်ထွက်လိုက်ကြရအောင် ကျွန်တော် ဒီပရိုဂရမ်ကို ဆက်မရိုက်ချင်တော့ဘူး ..."
"အိုကေ အိုကေ ငါ အခုပဲ ကျိမြန်ကို ဖုန်းဆက်ပြီး နောက်တစ်ပိုင်းအတွက် လူရှာထားဖို့ ပြောလိုက်မယ် ဒီရှိုး ဘယ်လောက်နာမည်ကြီးကြီး လုံးဝ ဆက်မရိုက်တော့ဘူး မင်းရဲ့ လုံခြုံရေးက ပိုအရေးကြီးတယ် ..."
သူမက ကျိမြန်ကို ဖုန်းခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်သူကလည်း အမြန်ပင် ဖုန်းကိုင်လာသည်။ ထို့နောက် ဆိုလိုရင်းကို ချက်ခြင်း တန်းမပြောမီ ရှောင်ကျားရှုအခြေအနေနှင့် စပ်လျဉ်း၍ အနည်းငယ် ဆွေးနွေးနေလိုက်ကြသေးသည်။
ကျိမြန်၏ သက်တောင့်သက်သာဖြစ်သွားသော စိတ်အခြေအနေတို့ ရုတ်ချည်း တင်းမာသွားပြန်တော့၏။
"ရှောင်ကျားရှုက မရိုက်တော့ဘူး ဟုတ်လား ဘယ်လိုဖြစ်တာလဲ ..."
"မဟုတ်ဘူး ငါတို့က လုံခြုံရေးအတွက် ကျွမ်းကျင်ပညာရှင်တွေကို ငှားထားပြီးသားလေ နေရာတိုင်းကို စစ်ဆေးပြီးသား ပြီးတော့ ဆေးပစ္စည်း အထောက်အပံ့နဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေလည်း အလုံအလောက်ကို ပြင်ဆင်ပြီးသား လုံခြုံရေးနဲ့ ပတ်သက်ပြီး လုံးဝကို စိတ်ချလို့ရတယ် ပြီးတော့ ငါလည်း ရှောင်ရှုကို သေချာပေါက် ကာကွယ်ပေးမှာပါ ရှောင်ရှု ရှိနေလား သူ့ကို ဖုန်းပေးလိုက် ငါ သူနဲ့ ပြောလိုက်မယ် ..."
သူ့လေသံမှာ အလွန်အမင်း အလောကြီးနေဟန်ပင်။
"သူ အခုလေးတင်မှ အိပ်သွားတာဆိုတော့ ဖုန်းပြောဖို့ အဆင်မပြေလောက်ဘူး ..."
သူမအနေဖြင့်လည်း ထိုသူနှစ်ဦးကို ဖုန်းပြောခွင့် မပေးနိုင်။ ရှောင်ကျားရှုမှာ ကျိမြန်ကို အလွန်အမင်း လေးစားလှသူဖြစ်ရာ ရိုက်ကူးရေး ပြန်လုပ်ရန် သဘောမတူနိုင်ဟု တည့်တည့် မပြောနိုင်ချေ။
ရှောင်ကျားရှု၏ လက်ချောင်းထိပ်တို့ တဆတ်ဆတ် တုန်သွားကာ တွေးဆဆ ပြောလိုက်သည်။
"မိန်ရွှမ်ကျဲ ဒါမှမဟုတ် ကျွန်တော် ကျိကောနဲ့ စကားပြောကြည့်လိုက်ရင်ရော ..."
ဟွမ်မိန်ရွှမ်က သူ့လက်ထဲ ဖုန်းထဲပေးကာ လေထဲတွင် ကြက်ခြေခတ်ပုံ ဆွဲပြလျက် ပါးစပ်ကလည်း "ကျိကော" ဟု အသံတိတ် ပြောနေပြီး ကျိမြန်ပြောသည်များကို နားမယောင်ရန် အရိပ်အယောင် ပြလိုက်သည်။ ထိုစာကြောင်းတစ်ကြောင်းတည်း ကြောင့်ပင်လျှင် သူ့နှလုံးသားအောက်ခြေရှိ မကျေနပ်မှုနှင့် ရှက်ရွံ့မှုတို့ ဆန်တက်လာကာ လည်ချောင်းတစ်လျောက် ပိတ်ဆို့ထားလိုက်တော့သည်။
ကျိမြန်က စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။ ရှောင်ကျားရှုက ဖုန်းပြန်ဖြေရန် ဆန္ဒရှိနေသရွေ့၊ သူ့အသံကို ကြားနေရသရွေ့ ကျိမြန်၏ ပူပန်စိတ်တို့ လျော့နည်းသွားကာ အမူအယာမှာလည်း များစွာ ပြေလျော့သွားတော့သည်။
"ရှောင်ရှု ဟွမ်မိန်ရွှမ်ပြောတာတော့ မင်း ရှိုးကို ဆက်မရိုက်ချင်တော့ဘူးဆို ..."
"ဟုတ်ကဲ့ ..."
ရှောင်ကျားရှုက ခံစားချက်တို့ကို ချက်ခြင်း ပြင်ဆင်ကာ စကားဖြတ်ပြောလိုက်သည်။
"ကျိကော ကျွန်တော် ဆက်မရိုက်ချင်တော့ဘူး ..."
"ဒါပေမယ့် ငါတို့တွေ စာချုပ်မှာ လက်မှတ်ထိုးထားပြီးသားလေ ..."
ကျိမြန်မှာမူ သူ့အမူအယာ မည်မျှအထိ အလောသုံးဆယ်ဖြစ်နေကြောင်း သတိမထားမိသေး။
"မိန်ရွှမ်ကျဲ ပြောတာတော့ တစ်ပိုင်းစာပဲ လက်မှတ်ထိုးထားတာ နောက်တစ်ပိုင်း ဆက်မရိုက်လည်း အဆင်ပြေတယ်တဲ့ ကျိကော ကျွန်တော် ပင်ပန်းတဲ့ဒဏ် မခံနိုင်ဘူး ..."
သူက အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။
ချောင်းဆိုးသံ ခပ်ဖျော့ဖျော့ကို ကြားလိုက်ရသည့်အခါ ကျိမြန်၏ အာရုံတွင် ရှောင်ကျားရှု၏ ဝမ်းနည်းနေသည့် မျက်နှာလေးကို မြင်ယောင်လာမိသည့်အတွက် နားချမည့်စကား တစ်ခွန်းမှပင် ထွက်မလာနိုင်တော့ချေ။ သူက အားအင်ကုန်ခမ်းစွာဖြင့် ပြောလိုက်သည်။
"ရှောင်ရှု ဒီလိုတွေ မပြောနဲ့တော့ ဟုတ်ပြီလား သရုပ်ဆောင်စကေးတွေ တိုးတက်ဖို့အတွက် လမ်းဘေးမှာ ခြေသလုံးအိမ်တိုင်နဲ့နေ၊ ချဉ်သိုးနေတဲ့ စားစရာတွေကိုစား၊ ပန်းခြံထဲက ရေပိုက်ခေါင်းက ရေကိုသောက်၊ ဝိတ်ချ၊ ကြွက်သားတွေ ထွက်လာအောင် လေ့ကျင့်ခန်းလုပ်၊ ရေထဲ စိမ်တဲ့အပြင် အမြင့်ကနေလည်း ကြိုးနဲ့ တွဲလောင်းဆွဲခံခဲ့ရသေးတယ် အမြင့်ကြောက်တတ်တဲ့သူလို့တောင် မထင်ရလောက်အောင် ကြိုးစားခဲ့ပြီးကာမှ မင်းကိုယ်မင်း နာမည်မဖျက်နဲ့ မင်း မရိုက်ချင်ဘူး မဟုတ်လား မရိုက်နဲ့ ဒါပေမယ့် မင်း ဘာလို့ မရိုက်တော့တာလဲဆိုတဲ့ အကြောင်းပြချက်မျိုး အပြင်လူတွေ မျိုးစုံ ခန့်မှန်းလာမှာမျိုးတော့ မဖြစ်စေနဲ့ ပြန်ရောက်ရင် ဇာတ်လမ်းတစ်ပုဒ် ရွေးပြီး Weibo မှာ တင်လိုက် ငါလည်း ကူပြီး ရှင်းပြပေးမယ် မင်းပြောချင်တာ မှန်သမျှ ငါ့ကို အကုန်ပြောပြလို့ရတယ် ဒါပေမယ့် အပြင်လူတွေ ရှေ့မှာတော့ ဒီလို
အဓိပ္ပါယ်ကောက် လွဲသွားစေနိုင်တဲ့ စကားမျိုး မပြောနဲ့ ..."
သူက ဂရုတစိုက် အကြံပေးလိုက်သည်။
"အနုပညာလောကက တော်တော်ရှုပ်ထွေးပြီး လူပေါင်းစုံ ရောနှောနေတာ ဒီထက်နည်းနည်းလောက် ပိုပြီး သတိထားဦး ..."
ရှောင်ကျားရှုက ကွဲအက်နေသည့် အသံဖြင့်ပင် ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ ..."
ကျိမြန်က ဖုန်းကို မချဘဲ ဆက်ကိုင်ထားသည့်တိုင် ဘာဆက်ပြောရမည်မှန်း မသိတော့။ တစ်ဖက်သူ၏ အသက်ရှူသံကိုသာ ကြားနေရလျှင်ပင် ဘာမှ မကြားရခြင်းထက်တော့ သာပေသေးသည်။
လက်ကိုမြှောက်ကာ နာရီကြည့်နေသည့် PD ကို လှမ်းကြည့်လျက် အကျဉ်းချုံး ပြောလိုက်သည်။
"အိုကေ ဒါဆိုလည်း လှဲပြီး အနားယူလိုက်တော့ မင်း ဆေးရုံကဆင်းရင် ကိုယ့်ကိုပြောနော် တကယ်လို့ တရုတ်ကို ပြန်မယ်ဆိုလည်း လေယာဉ်လက်မှတ် ဖြတ်ပြီးရင် စာပို့ထားပေး မင်းဆီက ဘာသတင်းမှ မကြားရရင် ရှိုးကို စိတ်ဖြောင့်ဖြောင့်နဲ့ ဆက်မရိုက်နိုင်လောက်ဘူး ..."
ခေါင်းကိုခါယမ်းလျက် ခါးသီးစွာ ပြုံးလိုက်သည်။ ရှောင်ကျားရှုမှာ သူ့အပေါ် ဤမျှအထိ လေးနက်စွာ သက်ရောက်နိုင်ကြောင်း လက်ခံရပေတော့မည်။
"ကောင်းပါပြီ ..."
ရှောင်ကျားရှုက တောင်းဆိုချက်အားလုံးကို တစ်ခုပြီးတစ်ခု သဘောတူလိုက်ကာ ဖုန်းချပြီးသည်နှင့် တစ်ပြိုင်နက် ဟွမ်မိန်ရွှမ်ကို ပြောလိုက်သည်။
"မိန်ရွှမ်ကျဲ မနက်ဖြန် တရုတ်ကို ပြန်ကြရအောင် ကျွန်တော် အမေ့ကို လွမ်းနေပြီ ..."
တစ်ဖြည်းဖြည်း အလင်းမှိန်သွားသည့်ဖုန်းကို စိုက်ကြည့်နေရင်း ကျိမြန်၏ အကြည့်တို့မှာ ထိတ်လန့်မှုနှင့် တွေဝေမှုတို့ အနည်းငယ် ရောယှက်သွားတော့သည်။ သူ လုပ်နေသည့်အရာမှာ မှန်သလား မှားသလားပင် မပိုင်းခြားတတ်တော့။ လူတို့၏ နှလုံးသားကို ထောက်လှမ်းနိုင်ခြင်းမှာ အင်မတန် ကြောက်မက်ဖွယ်ကောင်းလှသည့် အတွေးတစ်ခုဖြစ်ကာ လူသားတို့အပေါ် ယုံကြည်မှု ကင်းမဲ့သွားစေရုံသာမက ဆက်ဆံရေးအသစ်တစ်ခု စတင်ရန်၊ ထိန်းသိမ်းရန်နှင့် ပျော်ရွှင်သည့် ဘဝဆီသို့ တစ်ဖြည်းဖြည်း ကူးပြောင်းသွားရန်ပင် ယုံကြည်ချက် မရှိတော့ချေ။
ဖုန်းကို တစ်ဖန် ပြန်ဖွင့်ကာ ရှောင်ကျားရှုအား စာပို့လိုက်သည်။
"ရှောင်ရှု ဘာကိုမှ တွေးမနေဘဲ ကောင်းကောင်းနားလိုက် ပြီးတော့ မင်း ဘယ်လောက်ပဲ အခက်ကြုံကြုံ ကိုယ့်ကို လာရှာလို့ ရတယ်နော် ဖုန်းကို ၂၄ နာရီလုံး စက်ဖွင့်ပေးထားတယ် ..."
"ဒီရက်ပိုင်းတွေမှာ ငါ့ဖုန်းကို မင်းလက်ထဲ အ
ပ်လိုက်ပြီ ဖုန်းပဲလာလာ စာပဲပို့ပို့ ချက်ခြင်း ပြောပေး ..."
သူက PD ကို ပြောလိုက်သည်။
PD က ဖုန်းကိုယူလျက် ခေါင်းငြိမ့်ပြလိုက်သည်။
Xxxxxxx