Chapter 94
ရှောင်ကျားရှုက တစ်နေ့တာအတွက် လုပ်ဆောင်စရာရှိသည်များ အားလုံးကို အကုန်ချရေးထားပြီး အချိန်ဇယားကိုလည်း တင်းတင်းကြပ်ကြပ် ရေးဆွဲထားသည်။ နောက်တစ်နေ့မနက်တွင် gym သို့ ကိုးနာရီကွက်တိ၊ တစ်မိနစ်ပင် မစွန်းဘဲ ရောက်လာကာ သီးသန့်ထရိန်နာနှင့် ဆွေးနွေးနေလိုက်သည်။
နှစ်ဦးသား စကားပြောနေစဉ်မှာပင် ကျိမြန်ရောက်လာသည်။
“ဘာလို့ လေ့ကျင့်ခန်း မလုပ်သေးတာလဲ ဒီနေ့ ပရိုဂရမ်အတိုင်း လိုက်လုပ်ရဲ့လား ...”
ရှောင်ကျားရှုက ကော့တက်တော့မည့်ဟန် ပြင်နေသည့် နှုတ်ခမ်းထောင့်စွန်းတို့ကို မနည်းထိန်းချုပ်လျက် ညင်ညင်သာသာ ပြောလိုက်သည်။
“ကျိကော ကောင်းသော မနက်ခင်းပါ ကျွန်တော်တို့က ပရိုဂရမ်အတိုင်း လေ့ကျင့်ခန်းလုပ်ဖို့ ပြင်နေတာပါ ...”
ထိုအကြောင်းနှင့် ပတ်သက်၍ အခက်တွေ့နေသည့် ထရိန်နာက ချက်ခြင်း ဝင်ပြောကာ စောဒကတက်လိုက်သည်။
“မစ္စတာကျိ ကျွန်တော်တို့က တစ်ယောက်ချင်းစီရဲ့ အခြေအနေပေါ် မူတည်ပြီး လေ့ကျင့်ခန်းအစီအစဉ်တွေ ဆွဲပေးတယ်ဆိုတာ သိပြီးသား ဖြစ်မှာပါ ပြီးတော့ ဒါတွေက နေ့စဉ်နဲ့အမျှ ပြန်ပြီး ချိန်ကိုက်နေရမှာလေ မစ္စတာရှောင်က ကျွန်တော့်ကို ရှေ့သုံးရက်စာ အစီအစဉ် ဆွဲခိုင်းနေတယ် ပြီးတော့ လေ့ကျင့်ခန်းတစ်ခုစီကို ဘယ်နှကြိမ် လုပ်ရမလဲ ဆိုတာကြီးကအစ ဒါက ဘယ်လိုမှ ယုတ္တိမရှိဘူး လေ သူ့ကို အရမ်းဖိအားပေးမိရင် ဘယ်လိုလုပ်မလဲ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကိုတောင် မစစ်ဆေးရသေးဘဲနဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို လက်လွတ်စပယ် စီစဉ်မပေးရဲပါဘူး ...”
ကျိမြန်က နှိုင်းနှိုင်းဆဆ ပြောလိုက်သည်။
“ဒါဆိုလည်း အကြိမ်အရေအတွက် အနည်းဆုံးကနေ စလုပ်ခိုင်းလိုက်ပါ သုံးရက်လောက် လုပ်ပြီးရင် သူ့အခြေအနေကို သိလောက်ရောပေါ့ အဲဒီ့အခါကျမှ ပြန်ပြီး ချိန်ညှိပေးလိုက်လေ ...”
“ဒါပေမယ့် ဒီလိုလုပ်ပေးပြန်တော့လည်း လိုချင်တဲ့ ရလဒ်နဲ့စာရင် မထိရောက်မှာကို စိုးရိမ်ရတယ် တစ်လအတွင်း ကြွက်သားငါးကတ်တီ တိုးလာဖို့ဆိုတာ မလွယ်ဘူးလေ ဝိတ်ကျဖို့ဆိုတာကတော့ ပြောကို မနေနဲ့တော့ ...”
“ဒါဆိုလည်း အလယ်အလတ်အနေအထားလောက် ရှိတဲ့ ပလန်ကိုပဲ ပေးလိုက်ပါ ...”
ကျိမြန်က ညွှန်ကြားလိုက်သည်။
သူတို့နှစ်ဦး စကားပြောနေစဉ်အတွင်း ရှောင်ကျားရှုက တစ်လုံးတစ်ပါဒမှ ဝင်ရောက်ပြောဆိုခြင်း မရှိခဲ့။ ခံစားချက်တို့ ကင်းမဲ့နေကာ သူ့စိတ်အတွေးတို့ကအစ တည်ငြိမ်နေပေသည်။
ကျိမြန်မှာ ထိုတိတ်ဆိတ်မှုကို နေသားမကျသေး။ သူ့လက်ထဲရှိ မှတ်စုစာအုပ်လေးကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လျက် မေးလိုက်သည်။
“ဒါ မင်းလုပ်ထားတဲ့ ပရိုဂရမ်လား တစ်ချက်လောက် ကြည့်ကြည့်ရအောင် ...”
“ဟုတ်ကဲ့ ကျိကော ...”
ရှောင်ကျားရှုက စာအုပ်ကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။ အတွေးတို့ လွင့်ထွက်သွားကြောင်း သတိပြုမိလိုက်သည်နှင့် တစ်ပြိုင်နက် မေတ္တာသုတ်ကို ချက်ခြင်း ရွတ်ဆိုလိုက်တော့သည်။ “အနန္တတန်ခိုးတော်၊ မေတ္တာတော်နဲ့ ပြည့်စုံတော်မူတဲ့ ကွမ်ရင်မယ်တော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ ကြောက်ရွံ့မှုအပေါင်းကို ဖယ်ကြဉ်ရှောင်ကွင်းစေနိုင်တဲ့ အနှိုင်းမဲ့ မေတ္တာတော်ရှင် ကွမ်ရင်မယ်တော်ကို နေ့စဉ်မပြတ် ကိုးကွယ်ဆည်းကပ်ပါ၏။ သက်ရှိသတ္တဝါအပေါင်းတို့၏ အကျိုးကို ရှေးရှုလျက် ဤမန္တာန်တော်ကို ရွတ်ဖတ်ပူဇော်ပါ၏”
ကျိမြန် “...”
မှတ်စုများကို လှန်လှောဖတ်ရှုရင်း တအံ့တဩ မေးလိုက်၏။
“ဒီလောက်အထိကို အသေးစိတ်ကြီး ရေးထားတာလား ခြောက်နာရီခွဲမှာ အိပ်ယာထ၊ ခြောက်နာရီ သုံးဆယ့်ငါးမှာ မျက်နှာသစ် သွားတိုက်၊ ထမင်းစားပြီးရင် နွားနို့တစ်ခွက်သောက်၊ မနက် ရှစ်နာရီမှာ အပြေးလေ့ကျင့် ... ဒီလုပ်ငန်းစဉ်တွေအတိုင်း တိတိကျကျကို လိုက်လုပ်တာလား ...”
“ဟုတ်ပါတယ် ကျိကော ..”
ရှောင်ကျားရှုက ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက်တွင်တော့ စကားတစ်ခွန်းမှ ထပ်မပြောတော့။
သူ၏ အမူအယာကင်းမဲ့နေသော မျက်နှာကိုကြည့်ရင်း ကျိမြန်မှာ ဘာမှ ဆက်မပြောနိုင်တော့။ အဆုံးတွင်တော့ စာရွက်များကိုသာ ဆက်ပြီး လှန်ကြည့်နေလိုက်တော့သည်။ နောက်ဆုံးစာမျက်နှာ၌ စာကြောင်းတစ်ကြောင်းကို တွေ့လိုက်ရ၏။ “ကိုးနာရီခွဲမှာ ရေချိုးပြီး ငါးမိနစ်တိတိ အသက်အောင့်ထားရန် ဆယ်နာရီမှာ ဘုရားရှိခိုးပြီး ဆယ်နာရီခွဲလျှင် အိပ်ယာဝင်ရန်။ မှတ်ချက် - Weibo သုံးခြင်း၊ ဖုန်းကိုင်ခြင်း၊ game ဆော့ခြင်း၊ တောင်စဉ်ရေမရ လျှောက်တွေးခြင်းများအား ရှောင်ကြဉ်ရန်”
ရေချိုးရင်း အသက်အောင့်ထားတဲ့အပြင် ရေချိုးပြီးရင်လည်း ဘုရားစာ ရွတ်ရဦးမယ် ရှောင်ကျားရှုက ဘုန်းကြီးဝတ်တော့မလို့ ကြံနေတာလား ...
ကျိမြန်မှာ အင်မတန် စိတ်ဆိုးမိသည့်တိုင် တစ်ချိန်တည်းမှာပင် ရယ်မောသဘောကျမှုနှင့် ပြင်းပြင်းထန်ထန် တုန်လှုပ်မှုတို့ကိုပါ တစ်ပြိုင်တည်း ခံစားလိုက်ရတော့သည်။ ရှောင်ကျားရှုမှာ ဤဇာတ်ကောင်အတွက် စိတ်ရောကိုယ်ပါ နစ်မြှုပ်ထားခြင်း ဖြစ်ရာ ကျိမြန် အနေဖြင့် သူ့နေရာတွင် တရုတ်ပြည်ရှိ အခြားနာမည်ကြီး သရုပ်ဆောင်တစ်ဦးဦး အစားထိုးလိုက်ပါလျှင် ဤအဆင့်အထိ ရောက်လာနိုင်မည် မဟုတ်ချေ။ရှောင်ကျားရှုနှင့် ပူးတွဲဆောင်ရွက်ရာတွင် စိုးရိမ်ပူပန်နေရန် မလိုအပ်။ အလွန်အမင်း သရုပ်ဆောင်ကောင်းမွန်လွန်း၍ ထိုဇာတ်ကောင်မှ ရုန်းမထွက်နိုင်ဖြစ်ကာ သူ့ကိုယ်သူ ထိခိုက်အောင် လုပ်မိမည်ကိုသာ စိုးရိမ်ရပေသည်။
ကျိမြန်က မျက်နှာကို ပွတ်သပ်လျက် နုံးခွေဖျော့တော့စွာ ပြောလိုက်သည်။
“အရမ်းကြီး ခက်ခဲအောင်တော့ မလုပ်နဲ့ ...”
“ကောင်းပါပြီ ကျိကော ...”
ရှောင်ကျားရှုက စကားအပို တစ်ခွန်းမှပင် မပြော၊ စက်ရုပ်များကဲ့သို့ပင် လိုရင်းတိုရှင်းသာ ပြောလိုက်သည်။
ကျိမြန်က ဘာကြောင့် အသက်အောင့်သည့် လေ့ကျင့်ခန်းမျိုးပါ လုပ်ရကြောင်း မေးလိုသေးသော်ငြား သူ၏ တင်းမာလှသည့် မျက်နှာထားကို တွေ့လိုက်ရသည့်အခါ မေးလိုစိတ်တို့ ကုန်ခမ်းသွားတော့သည်။
တစ်ဖက်တွင်မူ သီးသန့်ထရိန်နာက လေ့ကျင့်ရေးပလန်တစ်ခုကို ပြင်ဆင်ပေးလိုက်သည်။ ရှောင်ကျားရှုက ထိုပလန်ကိုကြည့်ကာ အပေါ်ဝတ်အင်္ကျီကို ချွတ်လျက် စကားတစ်ခွန်းမှ မပြောဘဲ စတင်လေ့ကျင့်လိုက်တော့သည်။
အချိန်ဆွဲနေခြင်း အလျဉ်းမရှိ၊ လေ့ကျင့်ခန်း လုပ်နေစဉ်အတွင်းလည်း မည်သည်ကိုမှ တွေးမနေတော့ကြောင်း သိလိုက်ရသည့်အခါ ကျိမြန်မှာ မသက်မသာ ဖြစ်လာတော့သည်။ နေရာတွင်ရပ်ကာ သူ့ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် တိတ်တဆိတ် ပြန်လှည့်ထွက်လာလိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်နှစ်ဆယ် ကုန်ဆုံးသွားတော့သည်။ မသိလိုက် မသိဘာသာဖြင့်ပင် ရှောင်ကျားရှုမှာ စည်းစနစ် ကျနသည့် ဘဝဖြင့် နေသားကျသွားတော့သည်။ ဖုန်း၊ ကွန်ပျူတာနှင့် တီဗီကဲ့သို့သော လျှပ်စစ်ပစ္စည်းကိရိယာများအား အသုံးပြုခြင်းကို တစ်ဖြည်းဖြည်း ရှောင်ကြဉ်ကာ သူငယ်ချင်းများနှင့် တွေ့ဆုံပျော်ပါးခြင်း၊ အပြင်ထွက်လည်ပတ်ခြင်းလည်း မရှိတော့။ ဘုန်းကြီးတစ်ပါးကဲ့သို့ နေထိုင်ကာ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းတို့ တစ်ဖြည်းဖြည်း ကွယ်ပျောက်သွားပြီး ကြိုတင်စီစဉ်ထား သည့် လုပ်ဆောင်ချက်တို့သာ ကျန်ရစ်ခဲ့တော့သည်။
နားနေခန်းထဲတွင် ခါးကို ဆန့်တန်းထားလျက် နက်ရှိုင်းသည့် အကြည့်တို့ဖြင့် အချိန်ဇယားကို စူးစိုက်ကာ ကြည့်နေသည်။
ကျိမြန်က သူ့ကို လေယာဉ်လက်မှတ်တစ်စောင် ပေးကာ နွေးထွေးလှသည့် လေသံဖြင့် ပြောလိုက်သည်။
“အဲဒီကို ရောက်တဲ့အခါ နေ့တိုင်း တိုက်ခိုက်ရေးနည်းပြနဲ့ လေ့ကျင့်ရေး ဆင်းရတော့မှာ မင်းကို ယူခိုင်းတဲ့ ဒဏ်ကြေလိမ်းဆေးတွေ ယူလာရဲ့လား ...”
“ယူခဲ့ပါတယ် ...”
ရှောင်ကျားရှုက ယောင်ယောင်လေး ခေါင်းငြိမ့်ပြလိုက်သည်။ သူ့အကြည့်တို့မှာမူ အချိန်ဇယားပေါ်တွင်သာ ကပ်ငြိနေဆဲဖြစ်သည်။
“မစိုးရိမ်ပါနဲ့ လေယာဉ်က အချိန်မီ ထွက်ခွါမှာပါတဲ့ ငါမေးပြီးပြီ ...”
ကျိမြန်က သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
ရှောင်ကျားရှုကမူ မျက်စိစုံမှိတ်လျက် မေတ္တာသုတ်ကိုသာ ဆက်ရွတ်နေလိုက်သည်။ လေယာဉ်သာ နောက်ကျပါလျှင် သူ၏ ပြီးပြည့်စုံသည့် အချိန်ဇယားကို ဖျက်ဆီးမိသလိုဖြစ်၍ စက်ချို့ယွင်းသွားပေတော့မည်။
ကျိမြန်မှာ ဘာဆက်လုပ်ရမှန်းပင် မသိတော့။ သူ့နောက်ကျောကို ခပ်ဖွဖွ ပုတ်ပေးလျက် လက်ထောက်အား ဆားဗစ်စင်တာသို့ နောက်တစ်ခေါက် သွားမေးခိုင်းလိုက်သည်။
နောက်မကျလိုက်ပါနဲ့ မဟုတ်ရင် ဒီကလေးက ရူးတော့မှာ သူ့ရဲ့ လက်ရှိအခြေအနေက အတော်လေးကို အန္တရာယ် များနေတယ် ...
လက်ထောက်က အလျင်အမြန် ပြန်ရောက်လာကာ လေယာဉ်အချိန် နောက်ကျခြင်းမရှိ၊ ပုံမှန်အတိုင်းပင် ၁၁ နာရီခွဲ၌ ထွက်ခွါမည်ဟု ပြောလိုက်သည်။ ထိုအခါမှသာ ကျိမြန်လည်း စိတ်သက်သာရာ ရသွားတော့၏။ သူက အိတ်ကပ်ထဲရှိ ဆေးလိပ်ဘူးကို ထုတ်ကာ မေးလိုက်သည်။
“ဆေးလိပ်သောက်တဲ့နေရာကို သွားမလို့ အတူတူ လိုက်လာချင်လား ...”
ရှောင်ကျားရှုက လက်ကိုသာ ယမ်းပြလိုက်သည်။
“ဟင့်အင်း ..."
“ဒါဆို ငါတို့ သွားပြီနော် ...”
ကျိမြန်နှင့် ဖန်ခွင်းတို့ နှစ်ဦးသား ဆေးလိပ်သောက်ရန် သတ်မှတ်ပေးထားသည့် နေရာသို့ သွားကာ ဆေးလိပ်မီးညှိလိုက်ကြတော့သည်.
“ရှောင်ကျားရှုက ဘာဖြစ်နေတာလဲ ဟိုးအရင်ကဆို လူတွေကို တွေ့လိုက်တာနဲ့ ပြုံးပြတတ်တာ မဟုတ်လား အခုကျ မျက်နှာတည်ကြီးနဲ့ တစ်နေကုန်နေလို့လည်း စကားငါးခွန်း ပြည့်အောင်တောင် မပြောတော့ဘူး အလယ်တန်းကျောင်းသားလေးလို ပုံစံမျိုးနဲ့ နေဖို့က အသက်ကြီးလွန်းနေလို့ စတားတစ်ယောက်ပုံစံ ပြောင်းဖို့ ပြင်နေတာလား ...”
ဖန်ခွင်းမှာ နားလည်ရခက်နေဟန်ပင်။
“သူက ရိုက်ကူးရေးအတွက် ပြင်ဆင်နေတာ ...”
ကျိမြန်အဖို့ အခြားသူများအကြောင်းကို ပြီးစလွယ် ပြောရန် မသင့်တော်လှ။ ရုပ်ရှုင်၏ လွှမ်းမိုးမှုကြောင့် ပျက်စီးမသွားစေရန် ရှောင်ကျားရှုကို အာရုံစိုက်ကာ စောင့်ကြည့်ရမည်ဟုသာ တိတ်တိတ်လေး ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဆေးလိပ်ကို အမြန် လက်စသတ်ကာ ဒါရိုက်တာကို ဆက်သွယ်လိုက်သည်။
“Stisen … ဟုတ်တယ် မနက်ဖြန် မနက်ခင်း ရောက်မှာ လာကြိုဖို့ မလိုအပ်ပါဘူး အစီအစဉ် ရှိပြီးသား CT001 ရဲ့ အပိုင်းတွေကို အရင်ဆုံး ရိုက်ဖို့ စီစဉ်ပေးစေချင်လို့ အချိန်ဇယား ကြပ်လို့ မဟုတ်ဘူး ကိုယ်ရေးကိုယ်တာကိစ္စ တစ်ခုကြောင့် ဘယ်အချိန်လောက်ဆို ရိုက်ကူးရေး ပြီးလောက်လဲ ကူကြည့်ပေးပါဦး ...”
တစ်ဖက်မှ ဘာပြောလိုက်သည်မသိ၊ ကျိမြန်က မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။
“၂၆ ရက် ဟုတ်လား နည်းနည်းလောက်ပိုပြီး ရှေ့ထပ်တိုးပေးလို့ ရမလား ၁၉ ရက်? သေချာတာပေါ့ ၁၉ ရက်ဆိုလည်း အဆင်ပြေပါတယ် ငါ့အပိုင်းတွေက ကိစ္စမရှိဘူး CT001 ကိုပဲ အရင်ရိုက်လိုက်ပါ တကယ်လို့ မကျေနပ်တဲ့သူ ရှိရင် ငါ့ဆီကိုသာ တိုက်ရိုက် လာခိုင်းလိုက် ကောင်းပြီ နောက်မှ တွေ့ကြတာပေါ့ ...”
ဖုန်းကိုချကာ နားထင်ကို ပွတ်သပ်လျက် ဆေးလိပ်တစ်လိပ် ထပ်ထုတ်လိုက်သည်။
ဖန်ခွင်းမှာ အလွန်အမင်း အံ့ဩသွားတော့သည်။
“ရှောင်ကျားရှုကို အရင်ရိုက်ခိုင်းလိုက်ရင် မင်းအချိန်တွေ နှောင့်နှေးကုန်မှာပေါ့ ရှေ့လထဲမှာ အရေးကြီးကိစ္စတွေကို ဆွေးနွေးဖို့ ဘော်စတွန်ကို သွားရဦးမှာ မဟုတ်လား ...”
ဟောလိဝုဒ်တွင် ဒါရိုက်တာ၏ ဩဇာသက်ရောက်မှုက သိပ်ပြီး မကြီးမားလှ။ ထုတ်လုပ်သူကသာ ပြောရေးဆိုခွင့်ရသူ ဖြစ်သည်။ ကျိမြန်သည် “The Zerg Wars” ၏ ထုတ်လုပ်သူ ဖြစ်သည့်အတွက် ဤကိစ္စကို ချောချောမွေ့မွေ့ ပြောင်းလဲနိုင်ခြင်းဖြစ်သည်။ တရုတ်ပြည်တွင်သာ ဖြစ်ခဲ့ပါလျှင် ဒါရိုက်တာနှင့် အခြားသရုပ်ဆောင်များအားလုံး အခက်တွေ့ရတော့မည်ဖြစ်သည်။
“တစ်ချို့ကိစ္စတွေက ရွှေ့ဆိုင်းထားလို့ ရပေမယ့် တစ်ချို့ဟာတွေက နှောင့်နှေးသွားလို့ မရဘူး ...”
ဆေးလိပ်ငွေ့တို့ မှုတ်ထုတ်လိုက်သည့် ကျိမြန်၏ အမူအယာမှာ အလွန် စိတ်ဖိစီးနေဟန်ပင်။
လေယာဉ်က အချိန်မှန်ပင် ဆိုက်ရောက်ပျံသန်းခဲ့သော်ငြား ရှောင်ကျားရှု၏ အိပ်ချိန်မှာမူ ကမောက်ကမ ဖြစ်သွားတော့သည်။ နေ့စဉ်နေ့တိုင်း ၁၀ နာရီခွဲတွင် အိပ်လေ့ရှိသည့်အတွက် လေယာဉ်ပေါ်မှ ဆင်းလာချိန်တွင် အခြေအနေ မဟန်တော့။ ဟိုတယ်သို့ ရောက်သည့်အခါတွင်လည်း ချက်ခြင်းလှဲချကာ မအိပ်နိုင်။ နောက်တစ်နေ့ည ၁၀ နာရီခွဲသည်အထိ စောင့်ပြီးမှသာ အိပ်စက်ခဲ့သည့်အတွက် သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်လုမတတ် နာကျင်ကိုက်ခဲကာ ချာချာလည်အောင် မူးဝေနေတော့သည်။ ရိုက်ကူးရေးအဖွဲ့က သူတို့ကို သုံးရက် နားခိုင်းထား၍သာ တော်သေးသည်။ သို့မဟုတ်ပါလျှင် အမေရိကန်သို့ ဒေါင်လိုက် လာခဲ့သည့်တိုင် တရုတ်သို့ အလျားလိုက် ပြန်ပို့ခံရတော့မည်ဖြစ်သည်။
သူ့ကိုယ်သူလည်း တစ်ခုခု မှားယွင်းနေကြောင်း သိသည့်တိုင် ရေရေရာရာလည်း မထိန်းချုပ်နိုင်။ ရုပ်ရှင်ရိုက်ပြီးသည်အထိ ထိုအခြေအနေအတိုင်းသာ ဆက်နေနေရတော့မည်ဖြစ်သည်။
အလုပ်စဝင်သည့် နေ့မှာပင် သတင်းကောင်းတစ်ခု ကြားလိုက်ရသည်။ ဒါရိုက်တာ Stisen က သူ့အပိုင်းများကို ပထမဆုံး ရိုက်ကူးမည် ဖြစ်ကာ အခြားသရုပ်ဆောင်များကပါ လိုလိုလားလား ပူးပေါင်းပေးသည့်အတွက် ၁၉ ရက်သာ ကြာမြင့်မည်ဟု အသိပေးလာသည်။ လက်ထဲသို့ ရိုက်ကူးရေးအချိန်ဇယား ရောက်လာသည့်အခါ အချိန်အတော်ကြာ အပြုံးအရယ် မဲ့နေခဲ့သည့် ရှောင်ကျားရှု၏ နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်လာတော့သည်။
သူနှင့် ကျိမြန်မှာ အဝတ်လဲခန်းတစ်ခန်းတည်းကိုသာ မျှဝေသုံးစွဲရရာ သူ့အမူအယာအားလုံးကို ကျိမြန်က မှန်ထဲမှတစ်ဆင့် မြင်နေရပေသည်။ ထိုအခါမှ ကာလရှည်ကြာ ပူပန်ခဲ့သမျှ အနည်ကျသွားတော့သည်။
ကြည့်ရတာ ရှောင်ကျားရှုကို ရွေးဖို့ ဆုံးဖြတ်ခဲ့မိတာ မှန်သွားတဲ့ပုံပဲ ...
“နှစ်ယောက်လုံး မင်္ဂလာပါ ..."
ခပ်မိုက်မိုက် လူဖြူအမျိုးသမီးတစ်ယောက် ဝင်လာကာ ရှောင်ကျားရှုအနားတွင် ကိုယ်ကို တစ်ပတ်လည်လျက် စနောက်လိုက်သည်။
“မင်းက CT001 နေရာအတွက် သရုပ်ဆောင်လေးပဲ ဖြစ်ရမယ် နာမည် ဘယ်လိုခေါ်လဲ ...”
“ရှောင်လို့ ခေါ်လို့ ရပါတယ် ...”
ရှောင်ကျားရှုက ယဉ်ယဉ်ကျေးကျေး ပြန်တုန့်ပြန်လိုက်သည့်တိုင် အကြည့်တို့မှာမူ လှုပ်ခတ်ခြင်း အလျဉ်းမရှိ။
ထိုအမျိုးသမီးမှာ “The Zerg Wars” ၏ ဇာတ်လိုက်မင်းသမီးဖြစ်သည်။ နတ်မိမယ်ဆန်ဆန် ရုပ်ရည်နှင့် မိစ္ဆာသဖွယ် ညှို့အားပြင်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ မိန်းမလှလေးများ စာရင်းထဲတွင် ကြိမ်ဖန်များစွာ ပါဝင်ခဲ့သည်။ သူမကို မြင်လိုက်မိသည့် ယောကျ်ားတိုင်း လည်ပြန်ငေးကာ အရူးအမူး ချစ်ကြိုက်သွားကြပြီး ရှောင်ကျားရှုကဲ့သို့ စိတ်မဝင်စားလေသူမှာ လက်တစ်ဆုပ်စာပင် မရှိချေ။ သူ၏ တုန့်ပြန်ချက်မှာ သူမအတွက်တော့ ထူးထူးကဲကဲပင် မူမမှန်လှသည့် အတွေ့အကြုံမျိုး ဖြစ်ပေသည်။
“ဘုရားစူး နောက်ထပ် ဂေးတစ်ယောက်ပဲလားဟ ...”
သူမက မကျေမနပ် ရေရွတ်လိုက်သည်။
“ဒီမျက်နှာလှလှလေးနဲ့ကို ... နှမြောစရာ ကောင်းလိုက်တာ ...”
ရှောင်ကျားရှုက တစ်ခဏမျှ ကြက်သေသေသွားသော်ငြား ဇာတ်ညွှန်းကိုသာ ဆက်ဖတ်နေလိုက်သည်။ စိတ်ဆိုးဒေါသထွက်နေခြင်းလည်း မရှိသလို ထိုအကြောင်းကို ပြန်လည်ရှင်းပြနေရန် လိုအပ်သည်ဟုလည်း မခံစားရ။ စိတ်ခံစားချက်များအားလုံးကို သူ့နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာအထိ ဖိနှိပ်ထားပြီးဖြစ်သည်။
ကျိမြန်က စိတ်အနှောင့်အယှက် ဖြစ်လေဟန်ဖြင့် ပြောလိုက်သည်။
“မက်ဒီ ယောကျ်ားတိုင်းက မင်းရဲ့ ဆွဲဆောင်မှုအောက်မှာ နစ်မြောမသွားဘူးဆိုတာကို လက်ခံသင့်တယ် ရှောင်က ပုံမှန်ပဲ မင်းက လုံလောက်အောင် နှစ်လိုဖွယ် မကောင်းတာ အခု သွားလို့ရပြီ ငါတို့တွေ အဝတ်လဲတော့မလို့ ...”
မက်ဒီမှာ ထုတ်လုပ်သူကို ရန်မစရဲသည့်အတွက် မကျေမလည်ဖြင့်သာ ပြန်ထွက်သွားလိုက်ရတော့သည်။ သူမထွက်သွားပြီးသည်နှင့် တစ်ပြိုင်နက် အခန်းထဲသို့ ဒါရိုက်တာ ရောက်လာသည်။
Xxxxxx