အပိုင်း ၉၃
Viewers 57k

Chapter 93


မှတ်ချက်များအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာမှ ရှောင်ကျားရှုလည်း သက်ပြင်းချကာ စိတ်အေးသွားရတော့သည်။ ကျိမြန်၏ ခြေထောက်နှစ်ဖက်ကြား မှီထိုင်လိုက်ရာမှ ပြန်မထနိုင်တော့။ ကျိမြန်၏ နဖူးပေါ်ရှိ သွေးကြောများ တဒုတ်ဒုတ်ခုန်လာကာ သူ့ကို ဆွဲထူပြီး ချုပ်တည်းနေရသည့် လေသံဖြင့် ပြောလိုက်သည်။


“ဒီနေ့ သိပ်ပြီး နေလို့မကောင်းလို့ လေ့ကျင့်ခန်း ဆက်မလုပ်တော့ဘူး နားနေခန်းထဲ သွားပြီး မင်း ယူလာတဲ့ အားဖြည့်ဟင်းလျာ တွေ စားကြရအောင် ...”


“ဟုတ်ကဲ့ ဒါဆို နည်းနည်း ပြန်နွှေးပြီး ပရိုတင်းနှစ်ခွက်ပါ ယူလာခဲ့မယ်နော် ...”


ရှောင်ကျားရှုကမူ မည်သည့် မူမမှန်မှုကိုမှ သတိပြုမိဟန်မတူ။ တစ်လောကလုံးကို ဥပေက္ခာပြုလျက် ပြေးထွက်သွားလိုက်တော့ သည်။


ကျိမြန်က တစ်ခဏမျှ ဆက်ထိုင်နေကာ မျက်နှာကို ပွတ်သပ်နေပြီးကာမှ ဖုန်းဆက်လိုက်သည်။ 


“ရိုင်နာ ဇာတ်ညွှန်းကို အပြီးသတ် ပြင်ဆင်လို့ ပြီးသွားပြီလား ငါ့ကို အခုချက်ခြင်း ပို့ပေးပါဦး အရေးတကြီး လိုနေလို့ ...”


တစ်ဖက်သူက စကား အကြာကြီး ပြောပြီးမှသာ ဇာတ်ညွှန်းအပြည့်အစုံကို သူ့ထံ ပို့ပေးလိုက်သည်။ သူကလည်း ချက်ခြင်းပင် ရှောင်ကျားရှုကို ပို့ပေးလိုက်၏။ ထိုကလေးအတွက် အလုပ်တစ်ခုခု ရှာမပေးထားပါလျှင် သူ့ကို ဆက်ပြီး သည်းခံနိုင်တော့မည် မဟုတ်ချေ။


ဇာတ်ညွှန်းဖိုင် ရောက်လျှင်ရောက်ချင်း အံ့အားသင့်နေသည့် အသံတစ်ခု နားနေခန်းအနှံ့ ပျံ့နှံ့လာတော့သည်။


“ကျိကော ကျွန်တော် ဇာတ်ညွှန်းရလာပြီ ဟားဟားဟားဟား နောက်ဆုံးတော့ ဖတ်နိုင်ပြီကွ ...”


ဒီလိုမျက်နှာမျိုးနဲ့များ စက်ရုပ်ဇာတ်ကောင်ကို ဘယ်လိုရော သရုပ်ဆောင်မှာလဲ ငါ ဘာတွေများ တွေးခဲ့မိပါလိမ့် ...


ကျိမြန်က ခါးကိုင်းကာ ကူကယ်ရာမဲ့စွာဖြင့်သာ မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်တော့သည်။


....


နောက်ဆုံးတွင်တော့ သူမျှော်လင့်စောင့်စားနေသည့် ဇာတ်ညွှန်းကို လက်ဝယ်ရခဲ့လေပြီ။ ရှောင်ကျားရှုမှာ အခြားအကြောင်းအရာ များပင် တွေးနေချိန်မရှိတော့။ ချက်ခြင်း ဒေါင်းလုဒ်ဆွဲကာ စားရင်းတန်းလန်း ဖတ်ကြည့်လိုက်တော့သည်။ အလွန်အမင်း ပျာယာ ခတ်နေသည့်အတွက် ပဲစိမ်းလုံးများကို နှာခေါင်းပေါက်ထဲပင် ခဏခဏ မှားထည့်လိုက်မိတော့သည်။ 


ကျိမြန်က ဖုန်းကို ဆွဲယူလိုက်သည်။


“မကြည့်နဲ့ အရင်စား ...”


“ဟုတ်ကဲ့ ...”


ရှောင်ကျားရှုက နာနာခံခံဖြင့်ပင် သဘောတူကာ ပန်းကန်ကို မ လျက် ပါးစပ်ကို ကျယ်ကျယ်ဟကာ အကုန်လုံး လောင်းထည့်လိုက် တော့သည်။ အကုန်လုံး ကုန်အောင်စားရန် သုံးမိနစ်သာ အချိန်ယူလိုက်ရသည်။


စောင့်ကြည့်နေသည့် ကျိမြန်၏ နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်သွားတော့၏။ သူ ကလေးဘဝက ကြားခဲ့ဖူးသည့် မိခင်ဖြစ်သူ၏ ခြိမ်းခြောက်စကားကိုပင် အမှတ်ရသွားတော့သည်။ “ကောင်းကောင်းစားရင်စား မစားရင် ခေါင်းကို အပေါက်ဖောက်ပြီး အကုန် လောင်းထည့်လိုက်မှာ” ထိုအချိန်က အဓိပ္ပါယ်ကို နားမလည်ခဲ့သော်ငြား ယခု ရှောင်ကျားရှု၏ လုပ်ရပ်ကို တွေ့လိုက်ရသည့်အခါ စားစရာများကို မဝါးဘဲ ပါးစပ်ထဲသို့ ဆက်တိုက် လောင်းထည့်၍ရကြောင်း လက်တွေ့ သဘောပေါက်သွားတော့သည်။ 


“ကျိကော ကျွန်တော် ပြီးသွားပြီ အေးအေးဆေးဆေး စားပါ ...”


ရှောင်ကျားရှုက ဖုန်းကို ကောက်ကိုင်ကာ အမောတကော ပြေးသွားတော့သည်။ ဇာတ်ညွှန်းကိုဖတ်ရန် မစောင့်နိုင်တော့။ ဖတ်နေရင်း တန်းလန်း မျက်မှောင်ကြုတ်လိုက်၊ ပြုံးလိုက်၊ ဝမ်းနည်းလိုက်ဖြင့် အမူအယာမျိုးစုံ ပြောင်းလဲနေသည့်အတွက် ဘေးနားရှိ ကျိမြန်ပင် ဇာတ်ညွှန်းဖတ်စရာ မလို၊ ဇာတ်ကြောင်းကို ခန့်မှန်းနိုင်နေတော့သည်။ 


“ကျိကော ဒီနေ့နေ့လည်ပိုင်းကို လေ့ကျင့်ခန်း မလုပ်လို့ ရမလားဟင် ဇာတ်ညွှန်းလေး ပြီးသွားအောင် အရင်ဖတ်လိုက်ချင်လို့ ...”


နာရီဝက်ခန့် အကြာမှသာ ရှောင်ကျားရှု၏ စကားသံ ထွက်ပေါ်လာတော့သည်။


“ရတယ် ဒီဇာတ်ကောင်ရဲ့ စရိုက်ကို ပုံဖော်နိုင်တဲ့အထိ ကြိုးစားကြည့်လိုက်လေ မေးစရာရှိရင် အချိန်မရွေး လာမေးလိုက် ...”


ကျိမြန်က အသာ ခေါင်းငြိမ့်ပြလိုက်သည်။ 


ရှောင်ကျားရှုက သူ့ပစ္စည်းများကိုသိမ်းကာ ကုမ္ပဏီမှ အလောတကြီး ပြန်သွားလိုက်တော့သည်။ ဇာတ်ညွှန်းကို ရပြီးကတည်းက တောင်စဉ်ရေမရ အတွေးစအားလုံး တည်ငြိမ်သွားကာ စိတ်အာရုံတွင် ဇာတ်ညွှန်း၊ ဇာတ်ကောင်နှင့် သရုပ်ဆောင်မှုတို့အကြောင်းသာ ကျန်ရစ်ခဲ့တော့သည်။ ဤရှုထောင့်တွင်မူ သူသည် အမှန်တကယ် ပညာရှင်ပီသလှသူဖြစ်သည်။


တစ်ညလုံး ဇာတ်ညွှန်းဖတ်ရင်း အချိန်ကုန်နေကာ ရောင်စုံဘောပင်တို့ကို သုံးကာ သူ့ထင်မြင်ချက်များကို စာအုပ်တစ်အုပ်ထဲ ချရေး ပြီးကာမှ ကုမ္ပဏီသို့ ပြန်လာလိုက်သည်။ ရုံးခန်းထဲသို့ ဝင်လာသူကို တွေ့လိုက်ရသည့်အခါ ကျိမြန်မှာ အံ့အားသင့်သွားရတော့သည်။


“မျက်လုံးက ဘာဖြစ်တာလဲ မျက်စိနာနေတာလား ...”


“မဟုတ်ဘူး မနေ့ညက တစ်ညလုံး မအိပ်လိုက်ရလို့ အဲဒါကြောင့် နည်းနည်းလေး နီနေတာ ...”


ရှောင်ကျားရှုက သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ ဇာတ်ညွှန်းကို ဖွင့်ပြီး အလေးအနက် ပြောလိုက်သည်။


“ကျိကော ကျွန်တော် ဒီဇာတ်ကောင်အကြောင်းလေး ပြောချင်လို့ ကျွန်တော့်အတွေးက မှန်လားမမှန်လား အကဲဖြတ်ပေးလို့ ရမလား ...”


“သေချာပေါက်ကို ရတာပေါ့ ...”


ထင်မြင်ချက်တို့ ပြည့်ကြပ်နေအောင် ရေးသားထားသည့် ဇာတ်ညွှန်းကို ဖတ်ကြည့်ရင်း ကျိမြန်၏ သံသယစိတ်တို့ တစ်ဝက်ခန့် လွင့်စင်ပပျောက်သွားတော့သည်။ သို့သော် ကျန်တစ်ဝက်မှာလည်း မယုံကြည်နိုင် ဖြစ်နေဆဲပင်။ သူက ပွင့်ပွင့်လင်းလင်း မေးလိုက် သည်။


“အရိုးသားဆုံး ပြောရရင် မင်းကို အမြင့်ကြီး မှန်းမထားမိဘူး ဘာလို့လဲ သိလား ...”


“ဘာလို့လဲ ...”


ရှောင်ကျားရှုမှာ သူ့ယုံကြည်ချက်တို့ကို ရိုက်ချိုးခံလိုက်ရသည်ဟု မခံစားရ။ နားစွင့်လျက် ဂရုတစိုက် နားထောင်လိုက်သည်။


“ဘာလို့လဲဆိုတော့ မင်းက အရမ်း ခံစားချက် များလွန်းလို့ ဒီဇာတ်ကောင်ကို ကောင်းကောင်းကိုင်တွယ်နိုင်ပါ့မလားလို့ စိုးရိမ်ခဲ့ဖူး တယ် မင်းလည်းသိပါတယ် မင်း သရုပ်ဆောင်ရမယ့် ဇာတ်ကောင်က စက်ရုပ်လေ ပရိသတ်က သူ့ကို အသက်ဓာတ်မရှိ၊ စိတ်ဝိဉာဉ် မရှိတဲ့ စက်ရုပ်လို့ ယုံကြည်သွားတဲ့အထိ အေးစက်မှုကို ပီပြင်အောင် သရုပ်ဆောင်ပြရမှာ ဒါပေမယ့် မင်းက အရမ်းကို တက်ကြွ လွန်းတယ် ...”


တက်ကြွခြင်းမှာ ရှောင်ကျားရှု၏ အကြီးမားဆုံး အားသာချက် ဖြစ်သော်လည်း ဤဇာတ်ကားအတွက် အဆိုးဆုံး အားနည်းချက်လည်း ဖြစ်ပေသည်။


“ကျိကော ဒီအချက်ကိုတော့ ကျွန်တော် သဘောမတူနိုင်ဘူး အစောပိုင်းတုန်းကတော့ ဇာတ်ကောင်က စက်ရုပ် ဆိုပေမယ့် နောက်ပိုင်းမှာတော့ အချိန်တိုလေးအတွင်းမှာ အသက်ဝိဉာဉ် ရှိလာတယ်လေ ...”


ရှောင်ကျားရှုက သူ့မှတ်စုများကို လှန်လှောရင်း ပြောလိုက်သည်။


“ခံစားချက် များပြားလွန်းတာက ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုအပေါ် အဟန့်အတား ဖြစ်နိုင်တယ် ဆိုတာကိုတော့ လက်ခံပါတယ် အဲဒါကြောင့် ကျွန်တော့်ရဲ့ ခံစားချက်တွေကို ထိန်းချုပ်ဖို့ အစီအစဉ်လေး လုပ်ထားတယ် ကျိကော ကျေးဇူးပြုပြီး ကူညီပေးပါ ...”


“ခံစားချက်တွေကလည်း ထိန်းချုပ်လို့ ရတာပဲလား ..."


ကျိမြန်က မျက်ခုံးတစ်ဖက်ကိုပင့်ကာ ပြောလိုက်သည်။


“သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့အတွက်ဆို ခံစားချက်ကို ထိန်းချုပ်နိုင်ဖို့ မရှိမဖြစ် လိုအပ်တယ်လေ …”


ရှောင်ကျားရှုက သရုပ်ဆောင်ကောင်းတစ်ယောက်၏ အရည်အချင်းများကို အပြည့်အဝ ဖော်ပြရင်း လုပ်ငန်းစဉ်ကို ညွှန်ပြလိုက် သည်။ 


“စက်ရုပ်တစ်ရုပ် လည်ပတ်နိုင်ဖို့ ဘယ်အပေါ်မှာ မှီခိုတာလဲ ပရိုဂရမ်အပေါ်မှာ မှီခိုတာလေ ပရိုဂရမ်ရဲ့ အရင်းအမြစ်ကရော အသေးစိတ် ညွှန်ကြားချက်ပေါ့ ပရိုဂရမ် ရေးတဲ့သူက အသေးစိတ်ညွှန်ကြားချက်ကို ရေးပေးပြီးတော့ စက်ရုပ်ကလည်း ဒီညွှန်ကြား ချက်တွေ အတိုင်းပဲ လည်ပတ်ရတာ အဲဒါကြောင့် ကျွန်တော်လည်း ကိုယ့်အတွက်ကိုယ် ဘယ်အချိန်မှာ စားမယ်၊ ဘယ်အချိန်မှာ အိပ်မယ်၊ ဒီနေ့ ဘာလုပ်မယ်၊ ဘယ်ရည်မှန်းချက်တွေ ပြည့်ဝရမယ်ဆိုတဲ့ ပရိုဂရမ် ရေးမလို့ နေ့တိုင်း ဒီပရိုဂရမ်အတိုင်းပဲ တစ်သွေမတိမ်း နေထိုင်ပြီး မလိုအပ်တဲ့ စကားတွေ၊ အတွေးတွေ၊ စိတ်ဆန္ဒတွေကို ဖယ်ထုတ်ပြီး တစ်ဖြည်းဖြည်း စက်ရုပ်တစ်ရုပ်လို ဖြစ်လာအောင် ပြောင်းလဲတော့မယ် ...”


သူက မရေမရာဖြင့် မေးလိုက်သည်။


“ကျိကော ဒါက ဖြစ်နိုင်လောက်တယ်လို့ ထင်လား ...”


ဤဇာတ်ကောင်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်မည် ဆိုပါလျှင် မည်သည့်အရာကိုမဆို လိုလိုလားလား လုပ်ဆောင်မည် ဖြစ်သည်။


သူ့ကို စူးစိုက်ကြည့်နေသည့် ကျိမြန်၏ အကြည့်တို့မှာ အဓိပ္ပါယ်ကောက်ရန် ခက်ခဲလှသည့် ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နှက်နေသည်။ အတော်ကြာကာမှ သက်ပြင်းချကာ ပြောလိုက်၏။


“အရင်ဆုံး စမ်းကြည့်ပေါ့ ဒါပေမယ့် သတိပေးလိုက်မယ်နော် အဲဒါက အရမ်း အန္တရာယ် များလွန်းတယ် အခန့်မသင့်ရင် OCD ပါ ဖြစ်သွားနိုင်တယ် ...” 


(OCD= obsessive compulsive disorder ဖတ်ကြည့်ရသလောက်တော့ စိတ်ရောဂါတစ်မျိုးပါ အသန့်ကြိုက်လွန်းတာ ပစ္စည်းတစ်ခုကို ထားနေကျနေရာမှ မထားရရင် မနေတတ်တာ၊ စာရွက်ဖြဲတာမျိုးကအစ ညီညီညာညာ မဖြစ်ရင် မနေတတ်တာမျိုးက ဒီရောဂါရဲ့ လက္ခဏာတွေပါတဲ့)


“အဆင်ပြေပါတယ် ကျွန်တော့်ကိုယ်ကျွန်တော် သေချာ ထိန်းသိမ်းပါ့မယ် ...”


အကယ်၍ ထိုရောဂါ ဖြစ်ပွားသည့်တိုင် စိတ်ရောဂါဆရာဝန်နှင့် ဆွေးနွေးကုသနိုင်ရာ သူ့အဖို့ ရုပ်ရှင်ကောင်းကောင်းရိုက်နိုင်ရန်ထက် ပိုပြီး အရေးကြီးသည့်အရာ မရှိတော့ချေ။ 


ကျိမြန်က မျက်မှောင်ကြုတ်ကာ နောက်တစ်ကြိမ် သတိထပ်ပေးလိုက်သည်။ 


“ Heath Ledger ကို သိလား Joker ဇာတ်ကောင်ကို သရုပ်ဆောင်နိုင်ဖို့အတွက် အခန်းကျဉ်းလေးထဲမှာ လတွေ အကြာကြီး သူ့ကိုယ်သူ လှောင်ပိတ်ထားတာလေ အဲဒီလိုမျိုး စိတ်ရောကိုယ်ပါ နှစ်ပြီး သရုပ်ဆောင်ခဲ့လို့ အကောင်းဆုံး ဇာတ်ရုပ်အတွက် အော်စကာဆု ရခဲ့ပေမယ့် Joker ဇာတ်ကောင်ကနေ ဘယ်‌တော့မှ ရုန်းမထွက်နိုင်ခဲ့တော့ဘူး တစ်ဖြည်းဖြည်း စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို သတ်သေလိုက်တော့တာပဲ အဲဒါကြောင့် ဒီလိုနည်းလမ်းတွေကို ငါ လက်မခံတာ ဒါမျိုးတွေက သရုပ်ဆောင်တွေအတွက် ကိုယ့်ရဲ့ မူလရင်းမြစ်ကို မေ့လျော့သွားစေတယ် ရှောင်ကျားရှု မင်းမှာလည်း ဒီလိုမျိုး ဖြစ်နိုင်တဲ့ အလားအလာမျိုး ရှိနေလို့ ငါ တကယ်ကို စိုးရိမ်တယ် ...”


“ Heath Ledger သေသွားတဲ့နောက်ပိုင်း နောက်ထပ် Joker ဆိုတဲ့ဇာတ်ကောင် မရှိ‌တော့ဘူး ကျိကော ဒါကမှ သရုပ်ဆောင်တစ်ယောက်အတွက် အကြီးမားဆုံး ချီးကျူးမှုလို့ မထင်ဘူးလားဟင် ကောရဲ့အိုင်ဒေါ Daniel Day Lewis လည်း အလားတူပဲလေ သူဆို ဇာတ်ကောင်စရိုက်ကို တစ်ထပ်တည်း သရုပ်ဆောင်ပြနိုင်ဖို့အရေး သူ့မိန်းမနဲ့ ကွာရှင်းခဲ့တဲ့အပြင် သူငယ်ချင်းတွေနဲ့ပါ အဆက်အသွယ် ဖြတ်ခဲ့တာ ပြီးတော့ သစ်တောထဲမှာလည်း တစ်ယောက်တည်း အကြာကြီး သွားနေခဲ့သေးတယ် သူတို့ကမှ တကယ်ကို သရုပ်ဆောင်ကောင်းတွေပဲ ...”


ရှောင်ကျားရှုက မှတ်စုစာအုပ်ကိုပိတ်ကာ ပြောလိုက်သည်။ 


“ကျိကော ကျွန်တော်က သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်တာ နာမည်ကြီးကြယ်ပွင့် မဖြစ်ချင်ဘူး အဲဒါကြောင့် နောက်ထပ်ဇာတ်ကောင်အတွက် ကျွန်တော် တတ်စွမ်းသမျှအားလုံးကို လုပ်သွားမှာ ...”


ဆုံးဖြတ်ချက် ပြတ်သားနေသည့် မျက်ဝန်းတို့ကြောင့် ကျိမြန်လည်း အလျော့ပေးလိုက်ရတော့သည်။ ထိုသို့သော အကြောင်းပြချက်ကြောင့်လည်း ‌‌ရှောင်ကျားရှုကို ‌‌ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူ့ဇာတ်ကောင်ကို အကောင်းဆုံး သရုပ်ဆောင်မည် ဖြစ်ကြောင်း သံသယဝင်နေရန် မလိုချေ။ 


“အိုကေ ဒါဆိုလည်း မင်းအစီအစဉ်အတိုင်းပဲ ဆက်လုပ်လေ ကိုယ် မင်းကို စောင့်ကြည့်နေပေးမယ် ...”


“ကျေးဇူးတင်ပါတယ် ကျိကော ...”


ထိုအခါမှ သူလည်း စိတ်အေးလက်အေးဖြင့် သက်ပြင်းချနိုင်တော့သည်။


“နောက်ထပ်တစ်ခု ရှိသေးတယ် မင်းသာ အစောပိုင်းဇာတ်ကောင်စရိုက်ထဲကို အရမ်းကြီး နစ်ဝင်သွားရင် အလယ်ပိုင်းနဲ့ နောက်ပိုင်း ဇာတ်ကွက်အပြောင်းအလဲတွေကို ဘယ်လို ကိုင်တွယ်မလဲ ဒီဇာတ်ကောင်က ရက်စက်ကြမ်းတမ်းရာကနေ အသိရှိတဲ့ပုံစံကို ပြောင်းလဲသွားမှာလေ မင်း သေချာရော သဘောပေါက်ရဲ့လား ...”


ကျိမြန်က ပင်မဇာတ်ကွက်တစ်ခုကို ညွှန်ပြလိုက်သည်။


“ သူ အသိစိတ် နိုးထလာတယ်ဆိုတာ ပညာရှိတစ်ဦး ရေရွတ်နေတဲ့ စကားသံကြောင့် စိတ်နှလုံး တုန်လှုပ်သွားလို့လေ အဲဒီ့ အလှည့်အပြောင်းကို သေချာသရုပ်ဆောင်နိုင်ပါ့မလား ဆိုတာက ကျိကော ကောရဲ့ လုပ်ရပ်အပေါ်မှာပဲ မူတည်တယ် ...”


သူက အလေးအနက် ပြောလိုက်သည်။


“ကျိကော ကောသာ ကောင်းကောင်း သရုပ်ဆောင်မယ်ဆိုရင် ကျွန်တော်လည်း ဇာတ်ကောင်စရိုက်ထဲကို ရာနှုန်းပြည့် နစ်ဝင်နိုင်တယ် ကောသာ အကောင်းဆုံး မလုပ်ခဲ့ရင် ကျွန်တော် ဘယ်လောက်ပဲ ကြိုးစားကြိုးစား ရလဒ်က အနည်းနဲ့အများ ယုတ်လျော့သွားမှာပဲ ရုပ်ရှင်ဆိုတာက ဖန်တီးသူတွေအားလုံး တစ်ပေါင်းတစ်စည်းတည်း အပင်ပန်းခံထားရတဲ့ ရလဒ်လေ တစ်ယောက်တည်းရဲ့ တစ်ကိုယ်တော်ပြကွက် မဟုတ်ဘူး... ကျိကော ပြိုင်ဘက်တစ်ယောက်ချင်းစီရဲ့ သရုပ်ဆောင်ချက် နောက်ကွယ်မှာ ကောရဲ့ အထောက်အပံ့လည်း ရှိနေသလို ကျွန်တော့်ရဲ့ အကူအညီလည်း ရှိနေတယ် တစ်ယောက်ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်က တစ််ခြားသူတွေကို လွှမ်းမိုးနိုင်နေတယ်ဆိုရင် ထွက်လာမယ့် ရလဒ်က ကောင်းမှာ မဟုတ်ဘူး ကောင်းမွန်တဲ့ အရည်အချင်းတွေကို ညီညီမျှမျှ နေရာချထားပြီး တွဲဖက်တွေက လိုက်ဖက်ညီနေရမယ်လို့ မထင်ဘူးလား ...”


ကျိမြန်မှာ အတော်ကြာသည်အထိ စကားပြန်မပြောနိုင်တော့။ ထို့နောက်တွင်မှ ခေါင်းငြိမ့်ကာ ပြောလိုက်သည်။


“မင်းပြောတာ မှန်တယ်... အိုကေ ဒီနေ့အတွက်တော့ ဒီလောက်ပဲ သွားအိပ်တော့ ...”


“ကောင်းပါပြီ ကျိကော ...”


ရှောင်ကျားရှုက သူ့ကို ကိုးဆယ်ဒီကရီ ဦးညွတ်ကာ လက်နှစ်ဖက်ကို ဆန့်တန်းထားပြီး တိုင်းတာထားသည့်နှယ် အကွာအဝေး တူညီလှသည့် ခြေလှမ်းတို့ဖြင့် ပြန်ထွက်သွားလိုက်တော့သည်။ လွှဲယမ်းနေသည့် လက်မောင်းနှစ်ဖက်ကအစ တိုင်းတာထားသည့် အတိုင်းပင်။ ယခုမှစကာ ပရိုဂရမ်ထဲသို့ ‌ဝင်ရောက်သွား‌‌တော့သည်။ 


ကျိမြန်က နဖူးကို ပွတ်သပ်လျက် သက်ပြင်းနက်နက် ချလိုက်သည်။


တံခါးကို တွန်းဖွင့်ကာ ဝင်လာသော ဖန်ခွင်းက စိုးရိမ်တကြီး မေးလိုက်၏။


“ဘာလို့ သက်ပြင်းတွေ ချနေရတာလဲ အခက်တွေ့စရာ အခြေအနေမျိုး ရှိနေလို့လား ...”


“လူငယ်မျိုးဆက်တွေက အရမ်းကို တော်လွန်းနေတာပဲ ငါတော့ ချက်ခြင်းလက်ငင်းကို စိတ်ဖိစီးမိနေပြီထင်တယ် ...”


ကျိမြန်က တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် အားရဝမ်းသာ ပြုံးလိုက်သည်။


ဖန်ခွင်း “...”


စကားပြောနေရင် အဲဒီ့အပြုံးကြီးကို ခဏလောက် သိမ်းထားပေးလို့ ရမလား အခုလက်ရှိ မင်းပုံစံကြီးက စိတ်ဖိစီးနေတဲ့ပုံ လုံးဝ လုံးဝ ကို မပေါ်ပါဘူးနော် ...


Xxxx