အပိုင်း ၅၃
Viewers 57k

Chapter 53


"ကျိကော ..." 


နှစ်ယောက်သား သံပြိုင်အော်လိုက်ကြသည်။ 


ကျိမြန် စကားပြောမည်ကိုပင် မစောင့်ဘဲ ရှောင်ကျားရှုက တရစပ် မေးလိုက်သည်။ 


"ကျိကော ကောလည်း ဒီပါတီကို လာတာလား ..." 


"ဒီနားက ဟိုတယ်မှာ စီးပွားရေးကိစ္စ ဆွေးနွေးနေတာလေ အစည်းအဝေး ပြီးသွားတော့ ဒီဘက်ကို ဝင်မယ် လုပ်လိုက်တာ ဒီမှာ ဘာဖြစ်နေကြတာလဲ ..." 


သူက လင်းလဲ့ယန်ကို လှည့်ကြည့်လိုက်သည်။ 


ရှောင်ကျားရှုက လက်ကိုယမ်းကာ ပြောလိုက်သည်။ 


"ဘာမှ မဟုတ်ပါဘူး ကျွန်တော် ဝိုင်နည်းနည်းသောက်ပြီး မူးသွားလို့ လင်းလဲ့ယန်က ကျွန်တော့်ကို ပြန်ပို့ပေးမယ်ဆိုပြီး ပြောနေတာပါ အပြင်ဘက်လည်း ရောက်နေပြီဆိုတော့ ဒရိုင်ဘာတစ်ယောက်လောက်ပဲ ရှာလိုက်ပါ့မယ် ကျိကော ကျွန်တော် အရင် သွားနှင့်မယ်နော် ကောကပဲ လင်းလဲ့ယန်ကို ပွဲထဲ ပြန်ခေါ်ပေးသွားလိုက်ပါဦး ..." 


ကျိကော ရောက်နေပြီဖြစ်သည့်အတွက် စိတ်အေးသွားချေပြီ။ ကျိကော၏ စရိုက်မှာ ကိုယ့်ဝန်ထမ်းကို ရောင်းစားတတ်သည့် အလုပ်ရှင်စရိုက်မျိုး မဟုတ်နိုင်လောက်။ ရှောင်ကျားရှုမှာ အိမ်သို့ အလွန်အမင်း ပြန်ချင်စိတ် ဖြစ်ပေါ်နေကာ ဤကဲ့သို့ မျက်စိနောက်စရာကောင်းပြီး ဆူညံပွက်လောရိုက်နေသည့် ပတ်ဝန်းကျင်မျိုးကို မနှစ်မြို့လှပေ။ 


နှစ်ယောက်လုံးကို နှုတ်ဆက်ပြီးနောက် တက်စီတစ်စီးကို တားကာ ထွက်သွားလိုက်သည်။ အတော်ဝေးဝေး ရောက်ကာမှ ကျိမြန်ကို စာပို့လိုက်၏။ 


ကျိကော တင်းကျန်းက လင်းလဲ့ယန်ကို မျက်စိကျနေတာ ထင်တယ် ဂရုစိုက်လိုက်ပါဦး ... 


ထို့နောက် ဟွမ်မိန်ရွှမ်ကိုပါ စာပို့လိုက်သည်။ 


မိန်ရွှမ်ကျဲ ကျွန်တော် သွားနှင့်ပြီ ကားထားခဲ့တယ်နော် သောက်ထားရင်တော့ မမောင်းနဲ့ ကျွန်တော့်ကို ဖုန်းဆက်လိုက် လူလွှတ်ပြီး ကျဲကို လာကြိုခိုင်းလိုက်မယ် ညဉ့်နက်မှ ဒရိုင်ဘာ မငှားနဲ့ အဲဒါက အန္တရာယ်များတယ် ... 


စာကိုမြင်လိုက်သည့်အခါ ဟွမ်မိန်ရွှမ်၏ နှလုံးသားတစ်ခုလုံး နွေးထွေးသွားတော့သည်။ ကျိမြန်၏ ခံစားချက်တို့မှာမူ သူမနှင့် ဆန့်ကျင်ဘက်ပင်။ သူက လင်းလဲ့ယန်ကို စကားတစ်ခွန်းမှ မပြောဘဲ မြေအောက်ကားပါကင်အထိ မျက်နှာ ရှစ်ခေါက်ချိုးဖြင့် ဆွဲခေါ်လာလိုက်သည်။ ဤအဆောက်အဦးမှာ တင်းကျန်းခိုင်၏ အပိုင်ဖြစ်ကာ အနုပညာလောကသားများကို ဖျော်ဖြေရန် တည်ဆောက်ထားခြင်းဖြစ်သည့်အတွက် လုံခြုံရေး တင်းကြပ်လွန်း၍သာ တော်သေးသည်။ မဟုတ်ပါလျှင် မနက်ဖြန်မနက်ခင်းတွင် သူတို့နှစ်ယောက်အကြောင်း သတင်းစာခေါင်းကြီးပိုင်း၌ ပါလာတော့မည်ဖြစ်သည်။ 


အနောက်မှ တိတ်တဆိတ်လိုက်လာသော ချိန်ဖမ်းရှင်းမှာလည်း သူ့ဘော့စ်ကို တွေ့လိုက်ရသည့်အခါ သူတို့နှစ်ဦးကြားရှိ လေထုမှာ မူမမှန်ကြောင်း သတိထားလိုက်မိသော်လည်း အကြောင်းပြချက်ကိုတော့ မမှန်းဆနိုင်ချေ။ ရင်းရင်းနှီးနှီး မျက်နှာချိုသွေးလိုဟန်ဖြင့် ကျိမြန်၏ အင်္ကျီစကို လှမ်းဆွဲလိုက်သည့် လင်းလဲ့ယန်မှာ သူဌေးနှင့် ဝန်ထမ်းအကြား ဆက်ဆံရေးနှင့် မတူဘဲ ရန်ဖြစ်နေသည့် စုံတွဲနှင့်ပင် တူနေသေးသည်။ 


အကျိုးနည်း .. ဖြစ်နိုင်ပါ့မလား ... 


အလွန်အမင်း ထိတ်လန့်နေစဉ်မှာပင် ကျိမြန်၏ စကားသံကို ကြားလိုက်ရသည်။ 


"မင်း အရင်ပြန်နှင့်လိုက် လင်းလဲ့ယန်ကို ငါ လိုက်ပို့လိုက်မယ် ..." 


"ဟုတ်ကဲ့ပါ ကျိကော ..." 


ချိန်ဖမ်းရှင်းက သဘောတူလိုက်သည်။ သူ့အာရုံတို့ ပြန်ကပ်လာသည့်အချိန်တွင် ရုပ်ဖျက်ထားသော SUV ကားမှာ ထွက်သွားနှင့်နေပြီဖြစ်သည်။ 


ကျိမြန်မှာ အသံတိတ်နေဆဲဖြစ်သည့်အတွက် လင်းလဲ့ယန်တစ်ယောက် နေမထိထိုင်မသာ ဖြစ်လာတော့သည်။ လမ်းမထက်မှ နီယွန်မီးသီးများကိုသာ စိုက်ကြည့်နေရင်း အံ့ဩတကြီး မေးလိုက်၏။ 


"ကျိကော ဘယ်လိုလုပ် အဲဒီ့ကို ရောက်လာတာလဲ ကျွန်တော့်ကို လာကြိုဖို့ သီးသန့်ပဲလား ..." 


ကျိမြန်ကမူ အသံတိတ်နေဆဲပင်။ သူ့မျက်ဝန်းတို့ကအစ တုန့်ပြန်မလာခဲ့။ 


လင်းလဲ့ယန်၏ ဦးရေပြားတစ်ခုလုံး တင်းကြပ်သွားတော့သည်။ သူ၏ ရိုးသားမှုကို အသုံးချ၍ ကျိကော၏ ဒေါသကို ဖြေဖျောက်နိုင်စေရန် အလို့ငှာ သူက ဦးအောင် စောဒကတက်လိုက်သည်။ 


"ကောကို ရှောင်ကျားရှု ပြောသွားတာ မှားတယ်သိလား တကယ်တမ်းဆို သူက ကျွန်တော့်ကို အတင်းလိုက်ပို့ခိုင်းတာ ကျွန်တော့်ကို ပွဲထဲကနေ ဇွတ်အတင်း ဆွဲထုတ်လာပြီး သူမူးနေလို့ ကားမမောင်းနိုင်လို့ပါ ဆိုပြီးတော့ သူ့အစား မောင်းခိုင်းတာလေ ကျွန်‌တော်က သူ့ကို ပြောပါတယ် အလုပ်များနေလိုက်မပို့နိုင်ပါဘူးဆိုတာကို ဇွတ်အတင်း ဆွဲခေါ်လာတာ ကျွန်တော့်ကို သူ အာဏာပြလို့ရမယ့် ညီငယ်လေးများ ထင်နေလား မသိဘူး ဘယ်လိုဖြစ်ပြီး မထီမဲ့မြင်တွေ လာလုပ်နေရတာလဲ မဟုတ်သေးဘူး သူက အမြဲတမ်း ဒီအတိုင်းပဲ ကျွန်တော့်ကို ပစ်မှတ်ထားနေတာများလား ကောရောက်လာတော့ကျ သူ့ဘာသာသူ ပြန်ချင်တာပါဆိုပြီး ဖြစ်သွားပြန်ရော မျက်နှာနှစ်ဖက်နဲ့ ..." 


ထိုစကားများကို ကြားလိုက်သည့် ကျိမြန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 


"တော်လောက်ပြီ တစ်ခုခု ဖြစ်တိုင်း အကြောင်းပြချက်တွေပဲ ပေးမနေနဲ့တော့ မင်းသိလား ဘာလို့ ရှောင်ကျားရှုက မင်းကို ဆွဲထုတ်လာလဲ ဆိုတာကို မင်းက တင်းကျန်းရဲ့ မျက်စိကျတာကို ခံနေရလို့ကွ နောက်ဆုံးတစ်ခေါက်က သူမျက်စိကျသွားတဲ့ အနုပညာရှင် အခု ဘာဖြစ်နေလဲ သိလား ရူးသွားလို့ စိတ်ကျန်းမာရေးဆေးရုံကို ရောက်သွားပြီ ဝိုင်တစ်ခွက် ‌ငှဲ့ပေးလိုက်တာနဲ့ မင်းကြိုက်ကြိုက် မကြိုက်ကြိုက် သူ့ရဲ့သားကောင် ဖြစ်သွားပြီ မင်းရဲ့ အတွင်းရော အပြင်ကိုပါ သန့်စင်ပြီးတော့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ထားမှာ စဉ်းစားကြည့် ဒီနေ့ပြီးသွားရင် မင်းဘဝက ဘယ်လို ဆက်ဖြစ်မယ် ဆိုတာကို ..." 


လင်းလဲ့ယန်မှာလည်း ထိုအကြောင်းကို ပြည့်ပြည့်ဝဝ မြင်ယောင်နိုင်ပေသည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် တင်းကျန်းသည် သူ့ခန္ဓာကိုယ်ကိုသာမက စိတ်ဝိဉာဉ်ကိုပါ ဖျက်ဆီးကာ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုပါ နှစ်ရှည်လများ ထိန်းချုပ်ထားတော့မည်ဖြစ်သည်။ သူ့ကို အနောက်သွားခိုင်းပါလျှင် အရှေ့သို့ မသွားရဲ၊ မြေကြီးပေါ် တွားသွားကာ ခွေးတစ်ကောင်လို နေခိုင်းပါလျှင် မတ်တပ်ပင် မရပ်ရဲသည့် အဖြစ်မျိုးနှင့် ကြုံရမည်ဖြစ်သည်။ ဤအဖြစ်မျိုးကို ကြုံရမည့်အစား သေလိုက်သည်ကမှသာ ပို၍ သက်သာပေလိမ့်မည်။ 


ဖြစ်ပျက်ခဲ့သည်များကို သဘောပေါက်သွားပြီးနောက် လင်းလဲ့ယန်၏ တစ်ကိုယ်လုံး ချွေးအေးများဖြင့် စိုရွှဲသွားတော့သည်။ ရှောင်ကျားရှု၏ အပြုအမူအကြောင်း အပြစ်တင်ခဲ့သည့်အပြင် သူ့ကိုပင် မုန်းတီးခဲ့မိသေးကြောင်း သတိရလိုက်ချိန်တွင်တော့ သေလုမတတ် ရှက်ရွံ့သွားမိတော့၏။ 


ကျိကောက ဒီရောက်မလာခင် ရှောင်ကျားရှု ပြောနေတာတွေကို ကြားခဲ့မိမှာပဲ ဒါ‌တောင် သူက ရှောင်ကျားရှုကို အပြစ်ပြောခဲ့မိသေးတယ် ... 


တုန်ရီနေသော လက်များဖြင့် ဖုန်းကိုထုတ်ကာ WeChat မှတစ်ဆင့် ရှောင်ကျားရှုကို ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ 


ကျိမြန်က သူ့ကို စောင်းငဲ့ကြည့်ရင်း ဆက်ပြောလိုက်သည်။ 


"ဖန်ခွင်းကလည်း အဲဒီ့ပွဲမှာ ရှိနေတာ သူ ကိုယ့်ကို သတင်းပေးခဲ့တာ တကယ်လို့ သူနဲ့ ရှောင်ကျားရှုသာ မရှိရင် အခြေအနေတွေ ဘယ်လို ဖြစ်သွားမယ်ထင်လဲ ..." 


လင်းလဲ့ယန်မှာ တွေးပင် တွေးမကြည့်ရဲတော့။ 


"ကျိကော ကျွန်တော် မှားသွားပါတယ် ကောရဲ့ စကားကို နားထောင်ခဲ့သင့်တာပါ ..." 


"ဒါဆို ဘာလို့ နားမထောင်ခဲ့လဲ ဟင် ဒီပါတီကို ဘာလို့ ကိုယ့်သဘောနဲ့ကိုယ် လာခဲ့လဲ ..." 


ကျိမြန်က သူ့ကို စိုက်ကြည့်ရင်း အေးစက်သည့် လေသံဖြင့် မေးလိုက်သည်။ 


"ကျိကော ကျွန်တော့်လည်း ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်ပြီး ကြိုးစားချင်တယ် နေရာတကာ ကောကိုပဲ မှီခိုမနေချင်ဘူး ကျွန်တော်လည်း ယောကျာ်းတစ်ယောက်ပဲလေ ..." 


နောက်ဆုံးတွင်တော့ လင်းလဲ့ယန်၏ နှလုံးသားထဲတွင် နှစ်ရှည်လများ မြှုပ်နှံထားသည့် စကားလုံးတို့ ပေါက်ကွဲထွက်လာတော့သည်။ သူ့ဘဝတစ်သက်တာလုံးကို အလှပန်းအိုးအဖြစ် ကျိမြန်၏ အရိပ်အောက်တွင်သာ မကုန်ဆုံးလို။ သူ့ဘေးတွင်သာ ပုခုံးချင်းယှဉ်လျက် ရပ်တည်လိုပေသည်။ 


ကျိမြန်က အညှာအတာကင်းမဲ့စွာဖြင့် လှောင်ရယ်လိုက်သည်။ 


"မင်းက ကိုယ့်ကို မမှီခိုချင်ဘူး ဟုတ်လား ဒါဆို မင်းရဲ့ ကောလိပ်ဝင်ခွင့်၊ ကျောင်းစရိတ်၊ ပြီးတော့ အနုပညာလောကထဲ ဝင်ပြီး ရုပ်ရှင်ရိုက်နိုင်တာတွေကရော မင်းက ကိုယ့်ရဲ့ လက်တွဲဖော်လေ ကိုယ့်လက်တွဲဖော်ကို အကောင်းဆုံးအရာတွေ ပေးချင်တာ မှားလား မင်းက ကိုယ့်အကူအညီကို မလိုချင်ပါဘူးလို့ ငြင်းပေမယ့် တကယ်တမ်းမှာတော့ ဒီအကူအညီတွေကို ယူနေရတာပဲလေ ကိုယ့်ရဲ့ ‌ထောက်ပံ့မှုတွေပေါ်ကနေပြီးတော့မှ ဒါကို ပြန်ပေးချင်နေတာပေါ့ ကိုယ့်ကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ မင်းက ကိုယ့်ကုမ္ပဏီက အနုပညာရှင်တစ်ယောက် အဲဒါကြောင့် မင်းကို အရင်းအမြစ်ကောင်းတွေ၊ အဆင့်မြင့် အဆက်အသွယ်တွေ ပေးဖို့ ကြိုးစားတယ် ဟုတ်တယ်ဟုတ် ဒါပေမယ့် မင်းက ကိုယ်ပေးတာတွေကို မလိုချင်ဘူး အဲဒီ့အစား ပြင်ပက အကူအညီတွေကိုပဲ လိုက်ရှာတယ် လင်းလဲ့ယန် မင်းကိုယ်မင်းလည်း စဉ်းစားကြည့်စမ်းပါဦး လူတွေရှေ့မှာပဲဖြစ်ဖြစ် နှစ်ယောက်တည်း ရှိနေတဲ့ အချိန်မှာပဲဖြစ်ဖြစ် မင်းအပေါ် ကိုယ် ဘာအမှား လုပ်ခဲ့မိလို့လဲ ပြီးတော့ ဘယ်လို ပြန်ကျေးဇူးဆပ်မှာလဲ ကိုယ်က မင်းကို ချုပ်ခြယ်တယ် ယောကျာ်းတစ်ယောက်လို သဘောမထားဘူးလို့ တွေးနေမိရင် လင်းလဲ့ယန် မင်း အစောကြီးကတည်းက ကိုယ့်ကုမ္ပဏီနဲ့ စာချုပ်မချုပ်ဘဲ မင်းခွန်မင်းအားနဲ့ပဲ အနုပညာလောကထဲ ဝင်လာခဲ့သင့်တယ် ..." 


သူ့ကို လှည့်ကြည့်လာသည့် လင်းလဲ့ယန်၏ မျက်နှာမှာ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ 


ဒီစကားတွေ ပြောသွားတဲ့သူက ကျိကောရော ဟုတ်ရဲ့လား သူက ဘယ်တုန်းကမှ ဒီလိုမျိုး အေးစက်ပြီး လက်ပေါက်ကပ်တတ်တဲ့သူမျိုး မဟုတ်ခဲ့ပါဘူး ... 


ကျိမြန်ကမူ သူ့ကို လှည့်မကြည့်ဘဲ ဆက်ပြောလိုက်သည်။ 


"မင်းကို ကိုယ် ဘာပဲပြောခဲ့ပြောခဲ့ မင်းကတော့ အပေါ်ယံမှာပဲ လက်ခံချင်ယောင်ဆောင်ပြပြီး မျက်နှာလွှဲလိုက်တာနဲ့ ချက်ခြင်း မေ့ပစ်တယ် မင်းကို ရိုက်ကူးရေးကလွဲလို့ ဘာကိုမှ အာရုံမထားပါနဲ့လို့ ပြောခဲ့တယ် မင်းကို ကိုယ်စွမ်းသလောက် အကောင်းဆုံးတွေ ပေးခဲ့တယ် ဒါပေမယ့် မင်းကရော မင်းက ကိုယ့်ကို ဘာတွေ ပြန်ပေးခဲ့လဲ စိမ်းသက်မှုတွေ၊ သင်္ကာမကင်းမှုတွေ ပြီးတော့ ကိုယ့်ကိုတောင် အနုနည်းနဲ့ တော်လှန်လိုက်သေးတယ် လင်းလဲ့ယန် မင်းက ကိုယ့်ကို ဘာဖြစ်စေချင်နေတာလဲ ..." 


ထိုအခါ လင်းလဲ့ယန်လည်း ကျိကောမှာ စိတ်တိုလွန်း၍ ဤစကားမျိုး ပြောခြင်းဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ ဖန်ခွင်းနှင့် ရှောင်ကျားရှုသာ မရှိခဲ့ပါလျှင် ကျိကောက သူ့ကို ဟော်တယ်အခန်းထဲ ရောက်ပြီးမှသာ ရှာတွေ့နိုင်တော့မည်ဖြစ်သည်။ ထိုမြင်ကွင်းမှာ သည်းမခံနိုင်လောက်အောင်ပင် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလွန်း၍သာ သူ့ခံစားချက်တို့ အထိန်းအကွပ်မဲ့သွားခြင်း ဖြစ်ရမည်။ 


"ကျိကော ကျွန်တော် တကယ်ကို တောင်းပန်ပါတယ် ကျွန်‌တော် မှားမှန်းသိပါပြီ နောက်ဆို ဘယ်ပါတီမှ မသွားတော့ပါဘူး ရိုက်ကူးရေးပြီးတာနဲ့ အိမ်မှာပဲ လိမ်လိမ်မာမာလေး နေနေပါတော့မယ် ကောကို ဘာမှ မလုပ်စေချင်ပါဘူး ဒီတိုင်း ကျွန်တော်နဲ့ပဲ ရှိနေပေးပါ ..." 


သူက ဆို့နင့်စွာ ပြောလိုက်သည်။ 


ကျိမြန်က သူ့ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေလိုက်၏။ 


"မင်းက အမှားတွေသာ ဝန်ခံသွားတာ ကိုယ်မေးတဲ့မေးခွန်းကိုတော့ မဖြေပေးသေးဘူး ဒါဆိုလည်း ကိုယ်ကပဲ ဘာဖြစ်ချင်တယ်ဆိုတာ ပြောပြပေးတော့မယ် မင်းကို အကောင်းဆုံးတွေ ထောက်ပံ့ပေးတာကိုတော့ လိုချင်တယ် ဒါပေမယ့် မင်းကို ထိန်းချုပ်တာကိုတော့ မခံချင်ဘူး မင်းက ကိုယ် ဂရုစိုက်ပေးတာကို‌တော့ လိုချင်တယ် ဒါပေမယ့် ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူး ကိုယ်နဲ့အတူတူ ယှဉ်ရပ်နိုင်တဲ့အဆင့်အထိ ရောက်ချင်တယ် ကိုယ်တို့ရဲ့ ဆက်ဆံရေးကို ထုတ်ပြချင်လို့တော့ မဟုတ်ဘူး မင်းရဲ့ ‌ေ-ာက်အဓိပ္ပါယ်မရှိတဲ့ အရည်အချင်းတွေကို ထုတ်ပြချင်လို့လေ ဟုတ်တယ်မဟုတ်လား လင်းလဲ့ယန် ငါ မင်းကို ဘယ်တုန်းကမှ အထင်မသေးခဲ့ဖူးဘူး ငါနဲ့တန်းတူလိုပဲ သဘောထားခဲ့တာ ဒါပေမယ့် မင်းကရော မင်းကတော့ မင်းကိုယ်မင်းပဲ ကြည့်နေခဲ့တာလေ အရည်အချင်းရှိဖို့ဆိုတာ အရေးကြီးပါတယ် ဒါပေမယ့် များလွန်းသွားရင်တော့ ဘဝင်ရူး ဖြစ်သွားတတ်တယ် ဒါက သိမ်ငယ်တတ်တဲ့သူတွေရဲ့ သရုပ်သကန် မဟုတ်ဘူးကွ ..." 


ကားကို တိုက်ခန်းအောက်တွင် ရပ်ရင်း နွမ်းနယ်စွာဖြင့် ပြောလိုက်သည်။ 


"ပြန်စကြရအောင် ဒီဆက်ဆံရေးကို အရမ်းမြန်မြန်ကြီး စတင်ခဲ့မိတယ် ထင်တယ် နည်းနည်းလောက် ပြန်နှေးလိုက်ကြတာပေါ့ ..." 


"ကျိကော ဘာကို ဆိုလိုချင်တာလဲ ကျွန်တော်နဲ့ လမ်းခွဲချင်တာလား ..." 


အထိတ်ထိတ်အပျာပျာ ဖြစ်သွားသော လင်းလဲ့ယန်က ကားထဲမှထွက်ရန် အသည်းအသန် ငြင်းဆန်လိုက်တော့သည်။


"ကျွန်တော့်ကို တစ်ကြိမ်ပဲ အခွင့်အရေးပေးပါ ကျေးဇူးပြုပြီး ကျွန်တော်က ကောကို တကယ် ချစ်တာပါ ပိုက်ဆံကြောင့်လည်း မဟုတ်ဘူး နောက်ခံကြောင့်လည်း မဟုတ်ဘဲနဲ့ တကယ့် စိတ်ရင်းနဲ့ ချစ်တာပါ အဲဒါကြောင့်လည်း ကော ကျွန်တော့်ကို ဝယ်ပေးတဲ့ ပစ္စည်းတွေအပေါ် လေးပင်မိလို့ ဒီလို အမှားတွေ ဖြစ်လာခဲ့တာပါ အခုကနေစပြီး စကားနားထောင်မယ်လေ မရဘူးလားဟင် ..." 


ကျိမြန်က သူ့နဖူးကို အကြမ်းပတမ်း ပွတ်သပ်လိုက်သည်။ 


"ဒါဆို ချိန်ဖမ်းရှင်းကို အလုပ်ဖြုတ်ပေးဖို့ ပြောရင်ရော ..." 


လင်းလဲ့ယန်က တစ်ခဏမျှ အတွေးလွန်သွားတော့သည်။ 


"ကျိကော ဒါကလွဲလို့ ဘာမဆို လုပ်ပေးပါ့မယ် ကောက မစ္စတာရှို့ရဲ့ ကြင်နာပေးမှုတွေကို မမေ့ဖျောက်ပစ်သလို ကျွန်တော်လည်း အလားတူပဲလေ သူလည်း တင်းကျန်းအကြောင်း မသိလို့ပါ မဟုတ်ရင် ကျွန်တော့်ကို ဒီလို ဒုက္ခတောထဲ တွန်းချပါ့မလား ကျွန်တော် ကောင်းစားသွားကာမှ သူ့ကို စွန့်ပစ်လိုက်မယ်ဆိုရင် ကျိကော ဒါကြီးက အရမ်း အေးစက်လွန်းရာ မရောက်ဘူးလား ..." 


ကျိမြန်က သူ့ကို အတော်ကြာ စိုက်ကြည့်နေကာ လက်ယမ်းပြလိုက်သည်။ 


"မင်းအပေါ်မှာပဲ မူတည်တယ် ..." 


"ကျိကော ကျွန်တော် ဒီည ဒီမှာ မနေချင်ဘူး ကောရဲ့အိမ်ကို ခေါ်သွားပေးပါလားဟင် ..." 


လင်းလဲ့ယန်က နောက်ဆုံးတိုက်ကွက်ကို ထုတ်သုံးလိုက်သည်။ ကျိမြန်၏ ခွန်အားကြောင့် အိပ်ယာထဲတွင် သေဆုံးသွားရလျှင်ပင် သူနှင့် မပြတ်စဲနိုင်ချေ။ 


Xxxxxxx