Chapter 52
The Lovers သည် နိုင်ငံခြားမှ သည်းထိတ်ရင်ဖို စာရေးဆရာ Steven Abel ၏ နာမည်ကြီး လက်ရာမွန်ဖြစ်ကာ မူရင်း ထုတ်ဝေမှုအပြီး တစ်ကြိမ်သာ ပြန်လည် ထုတ်ဝေခဲ့သော်ငြား တစ်ကြိမ်တည်းဖြင့်ပင် ကော်ပီ သန်း ၈၀ နီးပါးအထိ ရောင်းနိုင်ခဲ့သည်။ ကမ္ဘာအနှံ့တွင် ပရိသတ် သန်းတစ်ရာကျော် ရှိသည်အထိ ဝတ္ထု၏ လွှမ်းမိုးမှုမှာ ကြီးမားရာ ဤဝတ္ထုမျိုးကိုပင် မူပိုင်ခွင့် ဝယ်ယူနိုင်ခဲ့သည်မှာပင် ဒါရိုက်တာဟူမင်၏ ခွန်အားကို သက်သေပြနေပြီးသား ဖြစ်ပေသည်။
"ဟုတ်တယ် အဲဒါပဲ သွားချင်လား ..."
ဇာတ်လိုက်နံပါတ်တစ် ဇာတ်ကောင် ဖြစ်နေသည့်တိုင် ဟွမ်မိန်ရွှမ်ကတော့ ထိုအခွင့်အရေးကို များစွာ တပ်မက်မနေ။ သို့သော် ရွှယ်ကျဲက ရှောင်ကျားရှုကိုယ်တိုင် တိုးတက်လာနိုင်စေရန် အလို့ငှာ သူရိုက်ကူးလိုသမျှတိုင်းကို ဟန့်တားခြင်းမပြုဘဲ ခွင့်ပြုပေးရမည်ဟု မှာကြားထားသည်။ သို့သည့်တိုင် ရှောင်ကျားရှုက လူကြီးရုပ်ရှင်ကဲ့သို့သော အမျိုးအစားများကို ရိုက်ကူးချင်ပါလျှင်မူ သူမပင် လက်တစ်ချက် မြှောက်နေရန်မလို၊ ရွှယ်ကျဲကိုယ်တိုင် သူ့ခြေထောက်ကို ရိုက်ချိုးပစ်မည်ဖြစ်သည်။
(လူကြီးရုပ်ရှင်ဆိုတာ 18+ ဇာတ်ကားတွေကို ပြောတာပါ)
"ဟုတ်တယ် သွားချင်တယ် "The Lovers" ကို ကျွန်တော် တကယ်ကို သဘောကျတာ ..."
ရှောင်ကျားရှုက အလျင်အမြန် သဘောတူလိုက်သည်။
"ဒါရိုက်တာဟူနဲ့ စကားပြောပြီးရင် အဲဒီ့နေရာကနေ တန်းထွက်လာခဲ့ တင်းကျန်းက ငတ်ပြတ်နေတဲ့ နေရာမှာ နာမည်ကြီး မကောင်းဆိုးဝါးပဲ သူက သရုပ်ဆောင်လေးတွေနဲ့ ကစားရတာကို အကြိုက်ဆုံးပဲ ပြောကြတာတော့ သူက လူသစ်လေးတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ ထောက်ပံ့ပေးပေမယ့် အဲဒီ့လူသစ်တွေရဲ့ ဘဝတစ်ဝက်လောက်က အဖျက်ဆီးခံလိုက်ရတယ်တဲ့ ..."
ရှောင်ကျားရှုက သူ၏ ချောမောလှသော မျက်နှာလေးကို ထိတွေ့ရင်း စိုးရိမ်တကြီး မေးလိုက်သည်။
"မိန်ရွှမ်ကျဲ ကျွန်တော်ရော အန္တရာယ်နဲ့ ကြုံလောက်လား ..."
"သူမလုပ်ရဲပါဘူး မင်းမိဘတွေနဲ့ အစ်ကိုကြီးကို ထည့်မပြောနဲ့ဦး ရှို့ကျုံတစ်ယောက်တည်းနဲ့တင် သူ့ကို နှစ်ခြမ်းဖြဲပစ်ဖို့ လုံလောက်နေပြီ ..."
ခေါင်းကို ခါယမ်းလိုက်သည့် ရှောင်ကျားရှု၏ အမူအယာမှာ စိတ်ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နှက်နေသည်။
"မိန်ရွှမ်ကျဲ အနုပညာလောကက ရှုပ်ထွေးလိုက်တာနော် ကျွန်တော်တော့လေ ဒီလောကထဲကို နက်နက်ရှိုင်းရှိုင်းကြီး မဝင်ချင်တော့ဘူး ရုပ်ရှင်လေးပဲ ကောင်းကောင်းမွန်မွန် ရိုက်ချင်တော့တယ် ..."
"အိုကေ ဒါဆိုလည်း ရုပ်ရှင်ပဲ ကောင်းကောင်းရိုက် ကျန်တာအကုန် ကျဲတာဝန် ထားထားလိုက် သွားရအောင် မင်းအတွက် အနောက်တိုင်းဝတ်စုံတွေ သွားဝယ်ပေးမယ် ..."
ဟွမ်မိန်ရွှမ်က ကားကို စက်နှိုးလိုက်ပြီး ခြောက်နာရီခွဲကာမှပင် ဆိုင်ထဲက ထွက်လာနိုင်တော့သည်။
ရှောင်ကျားရှုမှာ လက်တစ်ဖက်လျှင် အိတ်ခြောက်လုံးနှုန်းဖြင့် ဆွဲလာရသော်ငြား ဟွမ်မိန်ရွှမ်မှာမူ ပေါ့ပါးသွက်လက်နေပေသည်။ သူမ၏ မျက်နှာမှာလည်း ရွှင်လန်းမှုတို့ ပြည့်နှက်နေ၏။
ဒီလိုကောင်းတဲ့ ကလေးမျိုးလေး ဘယ်နေရာကများ သွားရှာလို့ ရဦးမှာလဲ အထုပ်တွေကို ကူဆွဲပေး၊ ငွေရှင်းပေးတဲ့အပြင် အရမ်းကို အသုံးဝင်တဲ့ အကြံပြုချက်တွေကိုပါ ပေးလိုက်သေးတယ် သူ့ရဲ့ အလှအပကို ခံစားတတ်ပုံကလည်း ပုံမှန်အဖြောင့်ကောင်တွေနဲ့ လုံးဝကို မတူဘူး တကယ်ကို မိန်းမတွေအတွက် အကောင်းဆုံး သူငယ်ချင်းလေးပဲ ...
"ညစာစားပွဲကို သွားလိုက်ရအောင် ..."
ဟွမ်မိန်ရွှမ်က စကတ်အသစ်ကို ဝတ်ဆင်ရင်း ကားပါကင်သို့ ပေါ့ပေါ့ပါးပါး ထွက်သွားလိုက်သည်။
ရှောင်ကျားရှုမှာမူ ရွေ့လျားတတ်သည့် အဝတ်စင်ကြီးနှယ် ရုန်းကန်ရင်း ပြေးလိုက်သွားရတော့သည်။ အိတ်များမှာ များပြားလွန်း၍ ကားထဲ ထည့်ရန်ပင် မနည်း ကြိုးစားလိုက်ရသည်။ ဧည့်ခံပွဲသို့ အချိန်မီ ရောက်သွားကာ စားပွဲထိုး၏ လမ်းညွှန်မှုနှင့်အတူ ပွဲကျင်းပရာ အခန်းထဲသို့ ဝင်လာလိုက်ကြတော့သည်။
အပြစ်အနာအဆာ ကင်းစွာ လှပသော ရှောင်ကျားရှုကို တွေ့လိုက်ရသည့်အခါ တင်းကျန်း၏ မျက်လုံးတို့မှာ ရုတ်ချည်း လင်းလက်သွားတော့သည်။ သို့သော် သူက ချက်ခြင်း မလှုပ်ရှားဘဲ ဘေးနားရှိ လက်ထောက်ကို တီးတိုး မေးလိုက်သည်။
"ဟွမ်မိန်ရွှမ် ခေါ်လာတဲ့ တစ်ယောက် ဘယ်သူတဲ့လဲ သူ့နောက်ခံကရော ..."
"တင်းကျုံ သူက ရှောင်တင်းပန်းရဲ့ ညီလေးပါ သူ့ကို သွားထိလို့ မရပါဘူး ..."
လက်ထောက်က အသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။
ရှောင်တင်းပန်းက သူ့လက်ချောင်းများကို ဖြတ်တောက်ပစ်သည့် ပုံရိပ်အား စိတ်ကူးယဉ်ကြည့်လိုက်သည့်အခါ တင်းကျန်း၏ လက်ချောင်းတို့ ထုံကျင်သွားတော့သည်။
အဲဒီ့ကောင်က အညှာအတာကင်းမဲ့တဲ့နေရာမှာတော့ ဆရာကြီးပဲ သူတို့နှစ်ယောက်က အဆက်အသွယ် လုပ်လို့ ရတယ်ဆိုပေမယ့် အဆင့်အတန်းချင်းကတော့ လုံးဝ တူမနေဘူး ဒါပေမယ့် ဘယ်လိုဖြစ်လို့ သူ့ညီလေးကို အနုပညာလောကထဲ ဝင်ခွင့်ပြုထားတာလဲ တရားမဝင်သားများလား ရှောင်မိသားစုမှာ သခင်လေးနှစ်ယောက် ရှိတယ်လို့လည်း တစ်ခါမှ မကြားဖူးပါဘူး ...
"တရားမဝင် ကလေးလား ..."
သူက မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။
"မဟုတ်ပါဘူး မိသားစုထဲမှာပဲ မွေးလာခဲ့တာပါ ဆယ်နှစ်သားကတည်းက နိုင်ငံခြားကို ထွက်သွားပြီး ဒီနှစ်မှ ပြန်လာတာပါ ..."
ရွှယ်ယုမဟုတ်ဘဲ ရှောင်ချီကျဲရဲ့ ပင်မအိမ်တော်ကပေါ့ ...
တင်းကျန်းက ညစ်ပတ်သည့် အတွေးစအားလုံးကို ဖျောက်ပစ်လိုက်တော့သည်။ ရှောင်တင်းပန်းနှင့် ရှောင်ချီကျဲကို မဆိုထားနှင့် ၊ ရွှယ်ယုကိုပင်လျှင် သူအပြစ်မပြုရဲချေ။ ကွမ်ရှစ်၊ လွေ့ရွှေ့နှင့် ကျားဟဲမှ လူများမှာ သူပင် အပြစ်မပြုရဲလောက်သူများ ဖြစ်ပေသည်။
နောင်တအပြည့်ဖြင့် ခေါင်းကိုယမ်းကာ နောက်ပြန်လှည့်လိုက်စဉ် ရှပ်အင်္ကျီအဖြူတစ်ထည်နှင့် ဂျင်းဘောင်းဘီကိုသာ ဝတ်ထားသော အသက် ၂၅ နှစ်အရွယ် အနုပညာရှင်တစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူ၏ ရုပ်ရည်မှာ အင်မတန် လှပကာ သူရယ်လိုက်ပါလျှင် ပန်းများ ပွင့်လန်းသွားတော့မည့်နှယ်ပင်။ မြင်မြင်ချင်း သဘောကျသွားသည့်အတွက် လက်ထောက်ကို တီးတိုးမေးလိုက်သည်။
"သူကရော ဘယ်သူလဲ ..."
"ကျွန်တော်လည်း မသိသေးပါဘူး မစ္စတာတင်းကျန်း သွားစုံစမ်းကြည့်လိုက်ပါ့မယ် ခဏလောက် စောင့်ပေးပါ ..."
လက်ထောက်က အလျင်အမြန် ထွက်သွားလိုက်သည်။ တင်းကျန်းလည်း ခွက်ချင်းတိုက်ကာ အခမ်းအနားကို စတင်လိုက်ပြီဖြစ်ကြောင်း ကြေငြာလိုက်၏။
လင်းလဲ့ယန်က ရှောင်ကျားရှုကို တွေ့လိုက်သော်ငြား ရှောင်ကျားရှုကမူ သူ့ကို မတွေ့သေး။ သက်လတ်ပိုင်းအရွယ် ဂင်တိုတို အမျိုးသားတစ်ဦးနှင့် စကားလက်ဆုံ ကျနေကာ ဟွမ်မိန်ရွှမ်က မကြာမကြာ အရွှန်းဖောက်နေလိုက်သည်။
ချိန်ဖမ်းရှင်းက သူ့အနားရောက်လာကာ တီးတိုး ပြောလိုက်သည်။
"ရှောင်ကျားရှုလည်း လာတယ် တွေ့လား သူနဲ့ စကားပြောနေတဲ့သူက ဒါရိုက်တာ ဟူမင်လေ သူက The Lovers အတွက် မူပိုင်ခွင့်ဝယ်ထားတာ ရှောင်ကျားရှုက နံပါတ်တစ်ဇာတ်လိုက်နေရာကို လိုချင်နေမှန်း ငါ့အသက်နဲ့ ရင်းပြီးတောင် လောင်းကြေးထပ်ရဲတယ် အဆက်အသွယ်ဆိုတာ ဒါမျိုးကို ပြောတာ ငါ မင်းကို မလိမ်ဘူး မဟုတ်လား တင်းကျန်းရဲ့ ညစာစားပွဲကနေ လူတွေအများကြီးနဲ့ တွေ့ပြီး အခွင့်အရေးတွေ အများကြီး ရနိုင်ပါတယ်ဆိုနေ လာ လှည့်ပတ်ကြည့်ရအောင် ..."
လင်းလဲ့ယန်မှာ ပကာသနဖက်သည့် ဧည့်ခံပွဲများသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ရာ ခန်းမအနှံ့ ဦးတည်ရာမဲ့ လျှောက်သွားနေလိုက်သည်။ မိတ်ဆက်ပေးမည့်သူ မရှိသောကြောင့် နာမည်ကြီး ဒါရိုက်တာများကလည်း သူ့ကို အမှုမထား၊ အကြည့်တစ်ချက်ပင် စွန့်ကြဲမလာကြပေ။
စိတ်ပျက်လက်ပျက် ဖြစ်သွားသည့်တိုင် တိုက်ခိုက်လိုစိတ်များလည်း ထိုးထွက်လာတော့သည်။ ရှောင်ကျားရှုကဲ့သို့ မိဘနောက်ခံ မရှိသည့်တိုင် သူ့ထက်ပိုပြီး အလုပ်ကြိုးစားနိုင်ပေသည်။
အချို့လူများနှင့် အဆက်အသွယ်လုပ်ရန် ကြိုးပမ်းနေစဉ်မှာပင် ထူးဆန်းသည့် ပုံပန်းသဏ္ဍာန်ဖြင့် အမျိုးသားတစ်ဦး ရောက်လာကာ သူ့ကို ကြင်ကြင်နာနာ ပြုံးပြ၍ မေးလိုက်သည်။
"ဒါ ကိုယ့်ရဲ့ ဧည့်ခံပွဲကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား ..."
ကိုယ့်ရဲ့ ဧည့်ခံပွဲ? သူက တင်းကျန်းလား ...
လင်းလဲ့ယန်၏ နှလုံးသားတစ်ခုလုံး ခုန်ပေါက်သွားသော်ငြား မျက်နှာပြင်မှာမူ ယခင်အတိုင်း တည်ငြိမ်နေဆဲဖြစ်သည်။
"ဟယ်လို မစ္စတာတင်း ဒါက ကျွန်တော့်အတွက်တော့ တကယ်ကို ပထမဆုံးအကြိမ်ပါ ..."
"မင်းကို တစ်ခါမှ မတွေ့ဖူးပါ့လား ..."
သူ ရှန်ပိန်ခွက်ကို ကိုင်ထားရင်း မေးခွန်းထုတ်လိုက်သည်။
"ကျွန်တော်က အခုမှ ပွဲဦးထွက်တာဆိုတော့ နာမည်မရှိသေးပါဘူး ..."
ပွဲဦးထွက်ကာစလေးပေါ့ ဟုတ်လား ...
တင်းကျန်း၏ အမူအယာမှာ ပို၍ပင် စိတ်အားထက်သန်လာတော့သည်။ သူ၏ ကြွယ်ဝလှသော ဗဟုသုတကို သုံးကာ လင်းလဲ့ယန်၏ နောက်ခံအကြောင်း စကားနှိုက်လိုက်တော့သည်။ လက်ထောက်က အနားရောက်လာကာ နားနားကပ်၍ စကားပြောလိုက်ချိန်တွင်တော့ လင်းလဲ့ယန်အပေါ် သတိကပ်ထားမှုတို့ မရှိတော့။ သားကောင်ကို ရှာတွေ့သွားလေပြီ။
လင်းလဲ့ယန်မှာမူ ထိုအပြောင်းအလဲကို သတိမမူမိသေး။ အာရုံစိုက်ခံရသည့်အပေါ် ပျော်မွေ့နေဆဲဖြစ်သည်။
"အဲဒါ မင်းရဲ့ရိုက်ကွင်းက သရုပ်ဆောင် မဟုတ်လား သူ့ကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ ..."
ဟွမ်မိန်ရွှမ်က ရှောင်ကျားရှုကို တိတ်တဆိတ် လက်ညှိုးထိုးပြနေ၍ လှည့်ကြည့်လိုက်မိသည့်အခါ သူ့အမူအယာတို့ ရုတ်ချည်း တင်းကြပ်သွားတော့သည်။ ရှောင်ကျားရှုမှာ လင်းလဲ့ယန်အပေါ် အနည်းငယ် အကောင်းမြင်နေဆဲဖြစ်သည်။ ထိုသူသည် ရုပ်ရှင်ရိုက်ရာတွင် အလွန် အလေးအနက်ထားကာ အရည်အသွေးမှာလည်း ပြောင်မြောက်လှပေသည်။ သို့သော် ပြီးခဲ့သည့်အခေါက်က ဖြစ်ပျက်ခဲ့သည်များကြောင့် သူ့အပေါ် လေးစားစိတ်တို့ အနည်းငယ် ယုတ်လျော့သွားတော့သည်။ မျက်နှာနှစ်ဖက် ရှိနေသည့်အပြင် တာဝန်ယူမှု၊တာဝန်ခံမှုလည်း မရှိသည့် ဤလူစားမျိုးမှာ ရင်းရင်းနှီးနှီး ဆက်ဆံရန် မသင့်လျော်လှပေ။
သို့သည့်တိုင် နှစ်ဦးကြားဆက်ဆံရေးမှာ ကောင်းလည်းမကောင်း၊ ဆိုးလည်းမဆိုးချေ။ အထူးသဖြင့် လူတစ်ယောက် မီးပုံထဲ တွန်းချခံရတော့မည်ကို လက်ပိုက်ကြည့်မနေနိုင်သည့်အတွက် ဝိုင်ခွက်ကို စားပွဲထိုးထံ ကမ်းပေးရင်း ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ ဟွမ်မိန်ရွှမ်ကလည်း ထပ်ကြပ်မကွာ လိုက်လာလိုက်၏။
ဒါရိုက်တာဟူမင်ကမူ စကားပြောရန် လော်ဘီအပြင်ဘက်သို့ ထွက်သွားနှင့်လေပြီ။
ဖန်ခွင်းမှာလည်း အမျိုးသမီးအနုပညာရှင်တစ်ဦးနှင့်အတူ ပွဲတက်လာကြောင်းကိုတော့ မည်သူမှ သတိမပြုမိ။ တင်းကျန်းက လင်းလဲ့ယန်ကို မျက်စိကျနေကြောင်း တွေ့လိုက်ရသည့်အခါ အရေးကြီး ရင်းနှီးမြှုပ်နှံမှုအကြောင်း ဆွေးနွေးနေသည့် ကျိမြန်ထံ သတင်းပေးရန် ဖုန်းကို ထုတ်လိုက်သည်။ သူ့ထံမှ သတင်းကြားလိုက်ရချိန်တွင် ကျိမြန်မှာ စိတ်ရောလူပါ ပင်ပန်းနှင့်နေပြီဖြစ်သည်။ သူက အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။
"ငါလည်း အဲဒီ့နားလေးမှာပဲ သူ့ကို အရင်ဆုံး ဂရုစိုက်ထားပေး ချက်ခြင်း ထွက်လာခဲ့မယ် ..."
ဖန်ခွင်းက ထပ်ကာထပ်ကာ ကတိပေးကာ လင်းလဲ့ယန်ကို သူ့အနား ခေါ်ထားရန် ပြင်နေစဉ်မှာပင် ရှောင်ကျားရှု ရောက်လာသည်ကို တွေ့လိုက်ရသည်။ တင်းကျန်းကို ခွင့်တောင်းကာ လင်းလဲ့ယန်ကို ဆွဲခေါ်ရင်း နှစ်ဦးသား ခန်းမထဲမှ ထွက်သွားလိုက်ကြ၏။ ချိန်ဖမ်းရှင်းကလည်း သူတို့နောက်မှ လိုက်ကာ အမြန် ပျောက်ကွယ်သွားကြတော့သည်။
"ဒရိုင်ဘာ ခေါ်မလာဘူးလား ..."
လင်းလဲ့ယန်က စိတ်ကို ဆွဲဆန့်ရင်း မေးလိုက်သည်။
"ဟုတ်တယ် ဒီနေ့ ငါ့ကို ဟွမ်ကျဲခေါ်လာတာလေ သူမက လုပ်စရာရှိနေသေးတယ်တဲ့ ငါကလည်း သောက်ထားတော့ ကားမမောင်းနိုင်လို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ် ..."
သူက ပြောလိုက်သည်။
"ငါလည်း ထွက်မလာနိုင်ဘူး ငါ့မှာ လုပ်စရာတွေ ရှိသေးတယ် တစ်ခြားတစ်ယောက်ကို ရှာလိုက် ဒီမှာ ရွေးစရာလူတွေ အများကြီးရှိတယ် ..."
"သူတို့က အန္တရာယ်မကင်းဘူးလေ ငါက စတားတစ်ယောက် ဖြစ်နေပြီကို ..."
ရှောင်ကျားရှုက ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
မင်းမေကြီးကို စတားဖြစ် မင်းမှာ ပရိသတ်လေး တစ်သန်းလောက်ပဲ ရှိသေးတာ ဘာအလုပ်မှတောင် ချပြရသေးတာ မဟုတ်ဘဲနဲ့များ ဘယ်သူက မင်းကို သိလို့လဲ ငါလောက်တောင် နာမည်မကြီးဘဲနဲ့ ...
မြေညီထပ်သို့ ဆင်းနေသည့် ဓာတ်လှေကားကို စောင့်ရင်း လင်းလဲ့ယန်မှာ စိတ်မကြည်တော့။
"ရှောင်ကျားရှု မင်းနဲ့ငါက မရင်းနှီးဘူးနော် မင်း အိမ်ပြန်မှ ရမယ်ဆိုလည်း တစ်ခြားတစ်ယောက် ရှာပေးမယ် ငါက မင်းရဲ့ ဝန်ထမ်းလည်း မဟုတ် ညီငယ်လေးလည်း မဟုတ်ဘူး မင်းရဲ့အမိန့်တွေကို နာခံနေစရာ မလိုဘူးကွ သိလား ..."
"ကားပါကင်ကို အရင်သွားရအောင်ပါ ဒီနားက စကားပြောလို့ မကောင်းဘူး ..."
ရှောင်ကျားရှုက ဝင်ချည်ထွက်ချည် လုပ်နေသူများကို ကြည့်လိုက်သည်။ ဒီနေရာတွင် တင်းကျန်း၏ အကြံအစည်အကြောင်း ပြောရန် အဆင်မပြေလှချေ။
သို့သော် လင်းလဲ့ယန်ကမူ သူ့ကို အာရုံနောက်နေဟန်ပင်။ သူက ခန်းမထဲပြန်မည်ပြောကာ နှစ်ဦးသား စကားအခြေအတင် များနေကြစဉ် နေကာမျက်မှန်နှင့် အမျိုးသားတစ်ဦး ရောက်လာကာ သက်ပြင်းချလျက် မေးလိုက်သည်။
"ဒီမှာ ဘာလုပ်နေကြတာလဲ ..."
Xxxxxxx