Chapter 34
ချိန်ဖမ်းရှင်းကလည်း သူ့ကို တူးတူးခါးခါး မုန်းတီးနေသော်ငြား ယဉ်ယဉ်ကျေးကျေးသာ ပြုံးပြလိုက်သည်။ လင်းလဲ့ယန်က သူ့ဖုန်းကို လှမ်းကြည့်ကာ မေးလိုက်သည်။
"မင်းလည်း "ဒုက္ခနွံထဲ တဝဲလည်လည်" ကို ကြည့်တယ်ပေါ့ ..."
ရှောင်ကျားရှုလို ဒုတိယမျိုးဆက် လူချမ်းသာက ဒီလို ရသရုပ်ရှင်တွေကို ကြည့်တယ်ပေါ့ သူက ခံစားတတ်တာကျလို့ ...
"ဟုတ်တယ် ဒါက ကျိကော ပထမဆုံး ဆုရခဲ့တဲ့ ရုပ်ရှင်လေ ဒီရုပ်ရှင်က တကယ်ကို ကောင်းတာ ..."
ဖုန်းကို ယမ်းပြလာသည့် ရှောင်ကျားရှု၏ မျက်နှာမှာ နားထင်သွေးရောက်မှုတို့ ပြည့်နှက်နေပြီး ကျိမြန်၏ အောင်မြင်မှုမှာ သူ့ကိုယ်ပိုင် အောင်မြင်မှု ဖြစ်နေသည့်အလားပင်။ ပိုင်ရှင်အစစ်အမှန်မှာ သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေဆဲဖြစ်သည်ကိုတော့ မေ့လျော့သွားချေပြီ။
လင်းလဲ့ယန်က သဘောတူသည့်နှယ် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သော်လည်း သူ့နှလုံးသားမှာမူ အထင်အမြင်သေးမှုတို့ဖြင့်သာ ပြည့်နှက်နေသည်။
ကျိကောနဲ့ နီးစပ်နိုင်ဖို့ ရုပ်ရှင်ကို အကြောင်းပြတဲ့သူတွေ ထပ်ပေါ်လာပြန်ပြီ ရှောင်ကျားရှုလို နိုင်ငံခြားမှာ ကြီးပြင်းလာတဲ့သူက ဒီလိုမျိုး တရုတ်ပြည်မကြီးရဲ့ ရသမြောက်ရုပ်ရှင်တွေကို ခံစားတတ်တယ်ဆိုတာ ယုံချင်စရာကို မကောင်းဘူး သူက တကယ်ရော တိုင်းပြည်အခြေအနေ ချွတ်ချုံကျနေတဲ့အချိန်မှာ နိုင်ငံကို စွန့်ခွါထွက်ပြေးလာရတဲ့ မိသားစုတွေရဲ့ အနိမ့်အမြင့် အတက်အကျတွေကို နားလည်နိုင်မှာတဲ့လား နှလုံးသားထဲအထိ ခံစားနိုင်ဖို့ မပြောနဲ့ မျက်လုံးနဲ့တောင် မြင်ယောင်ကြည့်တတ်ပါ့မလား မသိဘူး ...
ဖန်ခွင်းမှာလည်း အတွေးအတူတူပင် ဖြစ်သည်။ သူက မေးလိုက်သည်။
"ဒါဆို ဘယ်အပိုင်းက အကောင်းဆုံးလဲ ..."
ရှောင်ကျားရှုမှာ ရှင်းရှင်းလင်းလင်း မပြောတတ်သည့်အတွက် ရုပ်ရှင်ကို ပြန်ရစ်ကာ ဖန်ခွင်းကို ကိုယ်တိုင် ကြည့်စေလိုက်သည်။
"ဒီနားလေးက အကောင်းဆုံး ထင်တာပဲ ခုန်ရွှမ်ရဲ့ သားနှစ်ယောက်စလုံး တိုက်ပွဲကျသွားတဲ့ အပိုင်းလေ အဲဒီ့သတင်းကို ကြားပြီးတဲ့ နောက်နေ့မှာလည်း ထုံးစံအတိုင်းပဲ မနက်စောစောထ ကြက်စာဘဲစာကျွေး အိမ်သန့်ရှင်းရေး လုပ်နေတာ သူ့သားရဲ့ အခန်းလွတ်ထဲကို ရောက်သွားကာကျမှ ပြတင်းပေါက်ဘေးမှာ ငိုင်ငိုင်ကြီး ရပ်နေတာ မျက်နှာက နေရောင်ထိုးထားလို့ လင်းလက်နေပေမယ့် သူ့အကြည့်တွေကတော့ နောက်ကျိပြီး ဗလာဖြစ်နေတာလေ အဲ့ဒီအခန်းကို အကြိုက်ဆုံးပဲ ..."
ထိုအခန်းကို ပြန်ကြည့်လေတိုင်း သူ့နှလုံးသားတစ်ခုလုံး အကြောင်းပြချက်မရှိ ချဉ်စူးလာကာ ငိုကြွေးမိလေကြောင်းကိုတော့ ထုတ်ပြောလိမ့်မည် မဟုတ်ချေ။
ဖန်ခွင်းမှာ ထိုရုပ်ရှင်ကို သုံးကြိမ်ထက်မနည်း ကြည့်ဖူးသည့်တိုင် ထိုအခန်းကို သတိမထားမိချေ။ သူက လှောင်ရယ်လိုက်သည်။
ဒီလူချမ်းသာဒုတိယမျိုးဆက်တွေကတော့ မသိတာတောင် သိချင်ယောင် ဆောင်နေသေးတယ် ...
လင်းလဲ့ယန်က ဖန်ခွင်းကဲ့သို့ သိသိသာသာ မလှောင်ရယ်သည့်တိုင် ရှောင်ကျားရှု၏ အမြင်ကိုတော့ သံသယဖြစ်မိဆဲဖြစ်သည်။
အဲဒီ့အပိုင်းက ရုပ်ရှင်ထဲမှာတောင် ဖျတ်ခနဲလေးပဲ ပါလိုက်တာလေ ကျိကောမပြောနဲ့ ဒါရိုက်တာတောင် ဒီအကြောင်းကို တစ်ခါမှ မပြောဖူးတော့ ဒါက ရိုးရိုး ဝမ်းနည်းစရာ အပိုင်းလေးတစ်ပိုင်းပဲ နေမှာပါ ဘာမှ သိပ်ပြီး ထူးခြားပုံ မပေါ်ပါဘူး ...
ထိုသို့တွေးကာ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ငါကတော့ ခုန်ရွှမ်တစ်ယောက် သူ့မိန်းမ ဂျပန်တွေ သတ်တာခံလိုက်ရတဲ့အချိန်မှာ ဆွေးဆွေးမြည့်မြည့်ငိုတဲ့အပိုင်းကို အကြိုက်ဆုံးပဲ အဲဒီ့အပိုင်းမှာ ကျိကောရဲ့ ဇာတ်ကောင်စရိုက်ကို ပီပီပြင်ပြင် ချဉ်းကပ်ထိန်းချုပ်နိုင်ပုံကို ကွက်ကွက်ကွင်းကွင်းကြီးကို မြင်နေရတာ ငါဖြင့် ခဏခဏကို ငိုမိတာပဲ ..."
သူက ကျိမြန်ကို မျှော်လင့်တကြီး ကြည့်လိုက်သော်ငြား ထိုသူကမူ ရှောင်ကျားရှုကိုသာ ဝင်းလက်တောက်ပနေသည့် အကြည့်တို့ဖြင့် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။
ကျိမြန်၏ အကြည့်တို့်မှာ ရှောင်ကျားရှုထံတွင်သာ ကပ်ငြိနေသည့်အတွက် လင်းလဲ့ယန်တစ်ယောက် ပျာယာခတ်သွားတော့သည်။ ကျိမြန်၏ အာရုံစူးစိုက်မှုတို့ကို ပြန်ဆွဲခေါ်နိုင်ရန် အလို့ငှာ ဖန်ခွင်း၏စကားကို ထောက်ခံလိုက်သည်။
"ဟုတ်တယ် ကျွန်တော်လည်း အဲဒီ့အခန်းကို အကြိုက်ဆုံးပဲ ပြီးတော့ ကျိကော ဟွာပေါင်ဆုရခဲ့တာလည်း အဲဒီ့အခန်းကို ပြောင်မြောက်အောင် သရုပ်ဖော်နိုင်လို့လေ ဒိုင်တွေအများကြီးက အဲဒီ့ဗီဒီယိုကို အကြိမ်ပေါင်းများစွာ ပြန်ကြည့်ပြီးတော့ တစ်နှစ်တာအတွက် အကောင်းဆုံး သရုပ်ဖော်မှုအဖြစ် သတ်မှတ်ခဲ့ကြတာ မဟုတ်လား ဒီရုပ်ရှင်ကို ရုံတင်တော့လည်း အမျိုးသားတွေကအစ ရှိုက်ကြီးတငင် ငိုကြတာလေ ..."
ချိန်ဖမ်းရှင်းက ချက်ခြင်းလက်ငင်း သံယောင်လိုက်လိုက်သည်။
"ဟုတ်တယ် ဟုတ်တယ် ငါလည်း အဲဒီ့ရုပ်ရှင် ရုံတင်တုန်းကဆို နီရဲနေတဲ့ မျက်လုံးတွေနဲ့ ပြန်လာခဲ့ရတာ နည်းနည်း ရှက်စရာကောင်းတယ်လို့ တွေးခဲ့မိပေမယ့် လူတိုင်းကလည်း ငါ့လိုမျိုးပဲ ဖြစ်နေကြတယ်လေ အခု ပြန်စဉ်းစားကြည့်တော့မှ အဲဒီ့တုန်းက အဖြစ်အပျက်တွေက ရယ်စရာတောင် ကောင်းနေသလိုပဲ ..."
အနီးအနားရှိ လူအားလုံးကလည်း သဘောတူနေကြသည့်အတွက် ရှောင်ကျားရှုက ဆက်ပြီး ငြင်းခုန်မနေတော့။ ဟွာပေါင်ဆုကို အသာထား၊ မည်သူတစ်ဦးတစ်ယောက်နှင့်မှ သဘောထားခြင်း မတူညီသည့်တိုင် သူ့အဖို့ အိမ်အလွတ်ကို သန့်ရှင်းနေသည့် အခန်းကသာ အထိရှဆုံး အခန်းဖြစ်ပေသည်။ သူက ထိုနေရာတွင် ဆက်မနေတော့ဘဲ ကျိမြန်ကို နှုတ်ဆက်ကာ အသားပေါင်းတစ်ခုကို စားလျက် ဇာတ်ညွှန်းဖတ်ရန် သူ့နေရာသို့ ပြန်လာခဲ့လိုက်တော့သည်။
ဖန်ခွင်းက ခေါင်းကို ယမ်းခါလျက် ပြောလိုက်သည်။
"ဒီလူသစ်လေးကတော့ ဘယ်လိုစိတ်ကူးနဲ့များ သူ့ကိုယ်သူ ဝါရင့်ရုပ်ရှင်ဝေဖန်ရေးသမားယောင် ဆောင်ရဲရတာလဲ မသိဘူး ကျိကောကို ရှေ့တည့်တည့်မှာထားပြီး ဒီလိုမျိုး ဝေဖန်ရဲဖို့ဆို တော်တော်ကို သတ္တိကောင်းမှပဲ ရလိမ့်မယ် ဒီလို ကပ်ဖားရပ်ဖား လုပ်တတ်တဲ့ စကေးအတွက် တစ်မှတ်လောက်တော့ ပေးလိုက်မယ် ..."
ချိန်ဖမ်းရှင်းက ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်တယ်နော် သူသာ ကျိကောရဲ့ ပရိသတ်ယောင်ဆောင်ချင်ရင်လည်း အိမ်စာလေးဘာလေးတော့ လုပ်ခဲ့မှပေါ့ ပါးစပ်လေးကိုပဲ အသုံးချနေလို့ ဘယ်ရမလဲ ကျွန်တော်ဆို ကျိကောရဲ့ ပရိသတ်တွေကို အရမ်းသဘောကျတာ သူတို့က ကောရဲ့ သတင်းတွေ၊ ဓာတ်ပုံတွေနဲ့ ပြည့်နေတဲ့ microblog တောင် လုပ်ပေးလိုက်ကြသေးတယ် ဥပမာပြောရရင် လင်းလဲ့ယန်ကိုပဲ ကြည့်လေ သူဆို "ဒုက္ခနွံထဲ တဝဲလည်လည်" ကို ဆယ်ခေါက်ထက်မနည်း ကြည့်ထားတာ စာသားတွေဆို အလွတ်တောင် ရနေပြီ ..."
ရှက်သွေးတို့ဖြင့် ရဲရဲနီနေသော လင်းလဲ့ယန်က ခိုးကြည့်လိုက်သည်။ သူက ထိုရုပ်ရှင်ကို သဘောကျသည့်တိုင် အကြိမ်ပေါင်း တစ်ဒါဇင်ခန့်တော့ မကြည့်ဖူးချေ။
သူနဲ့ကျိမြန်က ချစ်သူတွေလေ ဒီလိုဆက်ဆံရေးမျိုး ရှိထားမှတော့ ကျိမြန်အကြောင်း မသိဘဲနေမလား ဒီချိန်ဖမ်းရှင်းကတော့ ရှက်စရာကောင်းလောက်အောင်ကို မျက်နှာလိုမျက်နှာရ လုပ်နေတာပဲ ...
ကျိမြန်က နောက်ဆုံးကျန်နေသည့် အသားပေါင်းကို လက်စဖြတ်ရင်း ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
"လူထုရဲ့ အကြိုက်က တစ်ခါတစ်လေမှာ အနုပညာသမားရဲ့ အမြင်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတတ်တယ် ဒါက ထုံးစံပါပဲ ငိုတဲ့အခန်းကို ရိုက်ဖို့အတွက် နှစ်နာရီကျော် ပြင်ဆင်ခဲ့ရပေမယ့် အိမ်သန့်ရှင်းရေးလုပ်တဲ့အခန်းကိုတော့ တစ်လလုံးလုံး ပြင်ဆင်ခဲ့ရတယ် ငိုတဲ့အခန်းကို တစ်ခေါက်တည်း ရိုက်နိုင်ခဲ့ပေမယ့် သန့်ရှင်းရေးလုပ်တဲ့အခန်းတစ်ခန်းတည်းမှာတင် NG ၂၆ ခါ ရခဲ့တဲ့အပြင် ဒါရိုက်တာ ဝမ်ရွှယ်သုန်နဲ့လည်း ညဉ့်နက်တဲ့အထိ အကြိတ်အနယ် ဆွေးနွေးခဲ့ရသေးတယ် နောက်တစ်နေ့မနက် ပြန်ရိုက်တော့လည်း နောက်ထပ် NG တွေ ၁၂ ခါလောက် ရပြီးကာမှ အောင်အောင်မြင်မြင် အပြီးသတ်နိုင်ခဲ့တာ ..."
သူက တစ်သျှူးတစ်ရွက်ဖြင့် ပါးစပ်ကိုသုတ်ကာ ရှောင်ကျားရှုရှိရာသို့ ထွက်လာလိုက်သည်။
ဖန်ခွင်းမှာ အတော်ကြာသည်အထိ မတုန့်ပြန်နိုင်သေး။
"သူ သူ ဘာကို ပြောသွားတာလဲ ..."
လင်းလဲ့ယန်မှာလည်း အလားတူပင် ရှုပ်ထွေးနေပေသည်။
ဒါ ဘာကို ဆိုလိုတာလဲ ကျိမြန်က အဲဒီ့အပိုင်းအတွက် တစ်လလုံးနီးပါး ပြင်ဆင်ခဲ့ရတဲ့အပြင် ဒါရိုက်တာဝမ်ရွှယ်သုန်ကလည်း သူ့ကို ခဏခဏ ပြန်ရိုက်ခိုင်းသေးတယ် ဟုတ်လား ဒါက ဒီအခန်းရဲ့ အဆင့်အတန်းကို သက်သေပြလိုက်တာပဲ မဟုတ်လား ...
သူတို့ နားမလည်နိုင်ဖြစ်နေစဉ် ကျိမြန်က ရှောင်ကျားရှုအနားသွားကာ ပြောလိုက်သည်။
"မင်းကတော့ မသိလောက်ဘူးထင်တယ် အဲဒီ့အိမ်အလွတ်ကို သန့်ရှင်းရေးလုပ်နေတဲ့အခန်းက "ဒုက္ခနွံထဲ တဝဲလည်လည်" ရဲ့ တကယ့် ဇာတ်သိမ်းခန်းအစစ်ပဲ ..."
ထိုစကားကို ကြားလိုက်ရသည့်အခါ လင်းလဲ့ယန်၏ မျက်နှာမှာ ဖြူလျော်သွားပြီး ရင်ထဲ တင်းကြပ်လာတော့သည်။
ကျိကောနောက်ကို နှစ်နဲ့ချီပြီး လိုက်လာတာတောင် သူအကြိုက်ဆုံးရုပ်ရှင်ကို ကောင်းကောင်း နားမလည်နိုင်သေးဘူး ဒါတင်မကသေးဘူး ကိုယ့်သဘောနဲ့ကိုယ်တောင် ရှောင်ကျားရှုရဲ့ အမြင်ကို တိုက်ခိုက်လိုက်သေးတယ် သူ့ရဲ့ ခြေနင်းကျောက်တုံး ဖြစ်ဖို့အရေး အပြေးအလွှား အနင်းခံလိုက်ရသလို ဖြစ်မနေဘူးလား ...
သည်းခံတတ်သည့် ကျိကောက ထိုကိစ္စကို စိတ်ထဲ ထားလိမ့်မည် မဟုတ်သည့်တိုင် လင်းလဲ့ယန်မှာမူ အရှက်ရမိဆဲပင်ဖြစ်သည်။ ရှောင်ကျားရှု၏ အရည်အချင်းနှင့် သူတို့နှစ်ယောက်ကြားက ကွာဟချက်ကို နားလည်သွားချေပြီ။ အမှန်အတိုင်း ပြောရပါလျှင် သူ့ကို အနုပညာလောကကို ယခုမှ စတင်ကြုံတွေ့ဖူးသည့် လူသစ်လေးဟု သတ်မှတ်၍ မရချေ။ ပွဲဦးထွက်နိုင်ရန်အတွက် ဤနှစ်ပိုင်းအတွင်း ရုပ်ရှင်ရိုက်ကူးခြင်းနှင့် ပတ်သက်၍ ကျိကောထံမှ အများအပြား သင်ယူထားရာ ငွေကြေးစီမံခန့်ခွဲမှုအပိုင်းကိုသာ သင်ယူထားသည့် ရှောင်ကျားရှုထက် အဆရာပေါင်းများစွာ သာလွန်နေရမည်ဖြစ်သည်။
သို့သော် ယခုမူ ရှောင်ကျားရှုသည် သူ့ထက် ပါရမီအရာတွင်သာမက အနုပညာကို ခံစားနိုင်စွမ်းတွင်ပါ သာလွန်နေကြောင်း သိရှိသွားတော့သည်။ ထိုသူက ဇာတ်ကောင်၏ စရိုက်ကို ပေါ်လွင်အောင် ချက်ခြင်းလက်ငင်း သရုပ်ဆောင်ပြနိုင်ရုံသာမက ရုပ်ရှင်ထဲတွင် မြှုပ်နှံထားသည့် အနုပညာရပ်ဆိုင်ရာ ဒဿနနှင့် ဒါရိုက်တာ၏ အတွေးအမြင်တို့ကိုပါ နားလည်နိုင်သေးသည်။ ဤသည်မှာ ထိပ်တန်းမင်းသားတစ်လက်တွင် ရှိသင့်ရှိထိုက်သည့် အရည်အချင်းကောင်းများပင် ဖြစ်သည်။
အပြန်အလှန်အားဖြင့် ပြောရပါလျှင် သူ့တွင် ထိုအရည်အချင်း တစ်ခုတစ်လေမှပင် ရှိမနေ။
အနာဂတ်မှာ ရှောင်ကျားရှုက ငါ့ကို နင်းခြေသွားလောက်လား သူ့အနားမှာသာ ရှိနေရင် ငါက တစ်စထက်တစ်စ သာမန်အဆင့် ဖြစ်သွားမှာ မဟုတ်လား ...
လင်းလဲ့ယန်မှာ နက်နက်ရှိုင်းရှိုင်းပင် ဆက်မတွေးရဲတော့။ သေချာပေါက် တွေးကြည့်လိုသည့်တိုင် အခြားသူများနှင့် စကားပြောနေသည်ကိုလည်း မရပ်တန့်လိုပေ။
ကျိမြန်က သူ့ကို ပြန်လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ရှောင်ကျားရှုမှာလည်း ထိုစကားကြောင့် စိတ်ရှုပ်ထွေးသွားရာ အချိန်အတော်ကြာကာမှ စကားပြန်ပြောနိုင်တော့သည်။
"အဲဒါကြောင့် မလိုတဲ့အပိုင်းတွေ များနေပါတယ်လို့ ခံစားမိနေတာကိုး ဒါရိုက်တာက ဘာလို့ ဇာတ်သိမ်းကို ပြောင်းပစ်လိုက်ရတာလဲဟင် အနိမ့်အမြင့် အတက်အကျတွေ အများကြီး ကြုံပြီးတဲ့နောက်မှာ ခုန်ရွှမ်က ဝမ်းနည်းစရာကောင်းတဲ့ တိတ်ဆိတ်မှုနဲ့ အတူ သူ့ဇနီးနဲ့ သားကို ချန်ထားခဲ့ရတယ် ဒီဟာက တကယ်ကို ဆွဲဆောင်မှုအရှိဆုံး အပိုင်းပဲလေ နောက်ကျ ချက်ခြင်းကြီး သူ့ကို မြေးမလေးတစ်ယောက်က လာခေါ်သွားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသစ် တည်ထောင်တဲ့သတင်းကို နားထောင်ရင်း မျက်လုံးတွေကို မှိတ်ချလိုက်တဲ့ ဇာတ်သိမ်းကြီးက အရမ်းကို သမားရိုးကျ ဆန်လွန်းတယ် ရုပ်ရှင်ရဲ့ အဆင့်အတန်းကို နှိမ့်ချပစ်လိုက်သလိုကြီးပဲ ..."
ထိုမှတ်ချက်က ကျိမြန်၏ အာရုံစိုက်မှုကို နောက်တစ်ကြိမ် ဆွဲဆောင်နိုင်လိုက်ပြန်သည်။
လင်းလဲ့ယန်ကို ကြည့်မနေတော့ဘဲ သူက တစ်ဖက်သို့ ပြန်လှည့်ကာ မေးလိုက်သည်။
"ပြည်တွင်းစစ် ပြီးသွားတော့ ကွန်ဖြူးရှပ်နဲ့ ရွှမ်ကျိရဲ့ သားနှစ်ယောက်က နိုင်ငံရေးပါတီတွေ ထောင်ပြီး သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်ကြတယ်လေ ဒါပေမယ့် နောက်ဆုံးမှာတော့ နှစ်ဖက်လုံး ရှုံးနိမ့်သွားတယ် ဒီဇာတ်ညွှန်းက အတိမ်းအစောင်း မခံနိုင်တဲ့ အကြောင်းအရာတွေ ပါနေတော့ အကဲဖြတ်မှုအဖွဲ့က ဒါကို ခွင့်မပြုဘူး ဒါရိုက်တာဝမ်က အပိုင်းတွေ အများကြီး ဖျက်ပစ်ပြီးတော့ ဇာတ်သိမ်းကိုလည်း မူလဇာတ်ကြောင်းနဲ့ ကိုက်အောင် ပြန်ပြင်လိုက်ရတယ် အိမ်သန့်ရှင်းရေးလုပ်တဲ့အခန်းမှာ အကောင်းဆူံးဖြစ်အောင်လို့ တစ်လကျော်လောက် ပြင်ဆင်ခဲ့တာတောင် NG အခေါက် ၄၀ ထက်မနည်း ရလိုက်သေးတယ်လေ ငါ့တစ်ဘဝလုံး ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး ..."
ရှောင်ကျားရှုမှာ ကြက်သေသေသွားပြီးကာမှ ချီတုံချီချဖြင့် မေးလိုက်သည်။
"ကျိကော ဒါဆို ကောလည်း ဒီအခန်းကို အကြိုက်ဆုံးလို့ ပြောချင်တာလား ..."
"ဟုတ်တယ် ..."
သူက ခေါင်းငြိမ့်ပြလိုက်သည်။ သရုပ်ဆောင်တစ်ဦးအဖို့ အနုပညာရသကို ထွင်းဖောက်ခံစားနိုင်သည့် အရည်အချင်း ပိုင်ဆိုင်နိုင်ရန် အင်မတန် ခဲယဉ်းလှရာ လူထုအမြင်ကြောင့် ရှောင်ကျားရှု၏ အရည်အချင်းများ ပျက်စီးသွားမည့်အဖြစ်ကို လက်ပိုက်ကြည့်မနေနိုင်ပေ။ အနုပညာလမ်းခရီးမှာ ကျဉ်းမြောင်းကာ လူကြိုက်နည်းလှပေသည်။
ဇာတ်သိမ်းပိုင်းကို ရုတ်ချည်း ပြောင်းလဲပစ်လိုက်ရမှုကြောင့် ရုပ်ရှင်၏ ရသမြောက်မှုမှာ ပျက်စီးသွားရှာတော့သည်။ ဒါရိုက်တာဝမ်မှာလည်း အလွန်စိတ်ပျက်လက်ပျက် ဖြစ်သွားသည့်အတွက် ကာလကြာညောင်းသည့်တိုင် ရုပ်ရှင်လည်း ဆက်မရိုက်၊ မီဒီယာရှေ့သို့လည်း ပေါ်ထွက်မလာတော့ချေ။ ထို့ကြောင့် အပြင်လူများက ဤအဖြစ်အပျက်များ ရှိခဲ့ကြောင်း မသိကြခြင်းဖြစ်သည်။ ထို အကောင်းဆုံး သရုပ်ဖော်မှုနှင့် အကောင်းဆုံးရိုက်ချက်ဆိုသည်များမှာလည်း နိုင်ငံရေးနှင့် နှီးနွယ်နေသည့် အယောင်ဆောင် အနုပညာရှင်တို့၏ စကားများသာ ဖြစ်ပေသည်။
ရှောင်ကျားရှုက ချောင်းဟန့်လိုက်သည်။ သူ့အမြင်မှာ ဖန်ခွင်းနှင့် အခြားသူများထက် ကောင်းမွန်နေသည့်အပေါ် အားရကျေနပ်သွားခြင်း မဟုတ်ဘဲ ကျိမြန်၏ အနှစ်သက်ဆုံး သရုပ်ဆောင်ချက်အပေါ် ထင်ရှားမြင်သာကာ နားလည်နိုင်သည့်အတွက် သူတို့နှစ်ဦး တစ်ဖြည်းဖြည်း ရင်းနှီးလာသည့်အပေါ်တွင်သာ ဝမ်းသာမိသွားခြင်းဖြစ်သည်။ဝမ်းသာလွန်း၍ တိမ်ပေါ် ခုန်တက်နေရသည့်နှယ်ပင်။
သူက နှာခေါင်းကို အသာပွတ်ကာ ဇာတ်ညွှန်းစာရွက်တို့ကို လှန်လှောနေရင်း စိတ်လှုပ်တရှား မေးလိုက်သည်။
Xxxxxxx