Chapter 33
ထိုညတွင်လည်း ရှောင်ကျားရှုမှာ ထုံးစံမပြတ်ပင်၊ ရှောင်ချီကျဲ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရပြန်သည်။ သူ့ကို တစ်နေကုန် လည်ပတ်ကစားနေရုံမှလွဲ၍ ဘာမှ မသိနားမလည်ဟု ပြောဆိုသော်ငြား ရှောင်ကျားရှုမှာမူ ယခင်ကကဲ့သို့ ဝမ်းနည်းပက်လက် ခံစားချက်မျိုး ဖြစ်မနေတော့။ ထိုအစား သူတကယ် လုပ်ဆောင်ရန် အလိုရှိသည့် အသက်မွေးဝမ်းကြောင်းကို ရှာဖွေတွေ့ရှိသွားပြီဖြစ်သည့်အတွက် စိတ်အေးချမ်းသာနေတော့သည်။
သူသည် အသက်ဆယ်နှစ်အရွယ်ကတည်းက နိုင်ငံခြားသို့ အပို့ခံခဲ့ရသူဖြစ်ရာ ပြည်တွင်းသတင်းများကို မဆိုထားနှင့်၊ ပြည်တွင်းအနုပညာသတင်းများကိုပင် များစွာ စိတ်မဝင်စားခဲ့သည့်အတွက် ကျိမြန်၊ ရှစ်ထင်းဟန်နှင့် အခြားနာမည်ကြီးများကိုပင် ကြားဖူးရုံမှအပ ကောင်းစွာ မသိကျွမ်းချေ။ ယခုမူ ကျိမြန်အကြောင်း ပိုပြီး သိနားလည်နိုင်ရန် အလို့ငှာ သူ၏ ရုပ်ရှင်အားလုံးကို ပြန်လည်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့ဖြင့် ကွန်ပျူတာရှေ့တွင် ကြာရှည်ကြာမြော အချိန်ဖြုန်းလိုက်မိကာ ၄ နာရီ ထိုးသည်အထိ မအိပ်ရသေးချေ။ မနက် ၇ နာရီ ထိုးသည်နှင့် တစ်ပြိုင်နက် ကတိုက်ကရိုက် အိပ်ယာထကာ စတူဒီယိုသို့ ၈နာရီအမှီ ရောက်ချလာပြီး မှတ်စုစာအုပ်တစ်အုပ်ကိုင်ကာ လောကျန်းဝေ့၏ အနောက်သို့ တကောက်ကောက် လိုက်နေတော့သည်။
"ဘာတွေ လုပ်နေတာလဲ ..."
လောကျန်းဝေ့က မျက်ရည်များ ကျလာသည်အထိ ရယ်ကာမောကာဖြင့် မေးလိုက်သည်။
"ဆရာ့ဆီကနေ သင်ယူချင်လို့ပါ ..."
ရှောင်ကျားရှုက စိတ်ဓာတ်တက်ကြွစွာဖြင့် ပြောလိုက်သည်။
"အိုး ... နောက်ဆုံးတော့ ဉာဏ်အလင်းပွင့်သွားပြီပေါ့ ဟုတ်လား ဂိမ်းတွေ ထပ်မဆော့တော့ဘူးလား ..."
လောကျန်းဝေ့မှာ အံ့ဩသွားသည့်တိုင် အလွန်လည်း ဝမ်းသာမိပေသည်။
"ရုပ်ရှင်ရိုက်ရတာက ပိုပျော်ဖို့ကောင်းတယ် ကျွန်တော် သဘောကျတယ် ..."
ရှောင်ကျားရှုက မှတ်စုစာအုပ်လေးကို ယမ်းပြရင်း ပြောလိုက်သည်။ ထိုထဲတွင် "သရုပ်ဆောင်ဆိုတာ သူတို့ ကိုယ်ပိုင် ဖန်တီးမှုရဲ့ နည်းစနစ်နဲ့ ကိရိယာတွေပဲ" "စိတ်ကူးဉာဏ် မရင့်သန်တဲ့သူက ဘယ်လိုနည်းနဲ့မှ သရုပ်ဆောင် ဖြစ်မလာနိုင်ဘူး" ကဲ့သို့သော လောကျန်းဝေ့ အမှုမဲ့အမှတ်မဲ့ ပြောခဲ့သည့် စကားများဖြင့် ပြည့်နှက်နေသည့်အတွက် လောကျန်းဝေ့မှာ အလွန် ရှက်ရွံ့သွားတော့သည်။
သူက ချောင်းဟန့်ကာ ပြောလိုက်သည်။
"ကောင်ကလေး ဒီလို အခြေအမြစ်မရှိတဲ့ စကားတွေပေါ်မှာပဲ အာရုံထားမနေနဲ့ စတူဒီယိုထဲမှာတော့ လေ့ကျင့်ခြင်းက အကောင်းဆုံး ဆရာပဲ ငါပြောခဲ့တာတွေကို ချရေးထားတာနဲ့စာရင် ရုပ်ရှင်တွေ အများကြီး ရိုက်လိုက်တာက ပိုပြီး အကျိုးရှိတယ် မင်းမှာသာ အချိန်ရှိရင် တိတ်ဆိတ်တဲ့နေရာလေးရှာ ဇာတ်ညွှန်းတွေဖတ်၊ ပြောရမယ့် စာသားတွေကို အပြန်ပြန်အလှန်လှန် ဖတ်ထားပြီးတော့ မင်းရဲ့ ဇာတ်ကောင်ကို ပိုင်နိုင်နေအောင် လုပ်ထား ဒါကိုမှ အချိန်ပိုနေသေးရင် သီအိုရီပိုင်းနဲ့ သက်ဆိုင်တာတွေကို လေ့လာ မင်းရဲ့ ကုမ္ပဏီမှာ သရုပ်ဆောင်အတန်းတွေ ရှိတယ် ဟွမ်ကျိကျင်းက ဆရာလေ သူ့အတန်းတွေ လိုက်တက်ကြည့် သီအိုရီပိုင်းအတန်းတွေကို တက်လိုက်ရင် ဘယ်လို သရုပ်ဆောင်ရမလဲ သိလာလိမ့်မယ် ဒါပေမယ့် ဘယ်လို ကောင်းကောင်းမွန်မွန် သရုပ်ဆောင်ရမလဲဆိုတာကတော့ တကယ် လက်တွေ့ ကြုံမှပဲ သိရမှာပဲ ယေဘုယျအားဖြင့် ပြောရရင်တော့ မင်းရဲ့ အတွေ့အကြုံတွေ ရင့်သန်လာအောင် စာများများဖတ်၊ ပြင်ပဗဟုသုတတွေ ရှာမှီးပေါ့ ..."
ရှောင်ကျားရှုက ခေါင်းတဆတ်ဆတ်ငြိမ့်ကာ နားထောင်နေရင်း မေ့သွားမည်ကို စိုးရိမ်သည့်အတွက် စာအုပ်ထဲတွင်ပါ ချရေးထားလိုက်သေးသည်။ နေ့ခင်းပိုင်းတွင် သူက ကုမ္ပဏီသို့ ပြန်သွားကာ သရုပ်ဆောင်အတန်းအတွက် စာရင်းပေးခဲ့ပြီး သီအိုရီပိုင်းနှင့် သက်ဆိုင်သည့် စာအုပ်များကိုပါ ဝယ်ယူခဲ့လိုက်သည်။
လောကျန်းဝေ့က သူ့ကို ပြုံးကာ ပြောလိုက်သည်။
"သရုပ်ဆောင်တာရဲ့ အနှစ်သာရကို သဘောပေါက်သွားပြီပေါ့ ဟုတ်လား သွား သွား ဇာတ်ညွှန်းပဲ သွားဖတ်နေ ငါ့နောက် လိုက်မနေနဲ့တော့ ငါ တစ်ခြားသရုပ်ဆောင်တွေကို စကားပြောနေတဲ့ အချိန်မှ ပြန်လာခဲ့ သူများတွေဆီကနေ လေ့လာထား ကြားလား ..."
"ဟုတ်ကဲ့ပါ ဒါရိုက်တာလော ..."
ရှောင်ကျားရှုက နာနာခံခံဖြင့် ဘေးနားရွှေ့ကာ ဇာတ်ညွန်းကိုသာ ကြိုးကြိုးစားစား လေ့လာနေလိုက်သည်။ ကိုးနာရီထိုးသည့်အခါ ဟွမ်ကျိကျင်းတစ်ယောက် ရိုက်ကွင်းသို့ အူယားဖားယားဖြင့် ရောက်ချလာပြီး သူ့ကို လူမရှိသည့်နေရာသို့ ဆွဲခေါ်ကာ မေးလိုက်သည်။
"ဘာလို့ ဒီနေ့ ငါ့ကို မစောင့်တာလဲ ဒါက မင်း သန်ဘက်ခါ ရိုက်ရမယ့်အပိုင်း သေချာလေး ခွဲခြမ်းစိတ်ဖြာထားပြီးသား ဖတ်ကြည့်ကြည့်လိုက် နားမလည်တာရှိရင် ပြန်မေး ..."
စာရွက်ကို ဖတ်နေသည့် ရှောင်ကျားရှု၏ မျက်နှာမှာ တစ်ဖြည်းဖြည်း နီမြန်းလာတော့သည်။
"ကျိကျင်ကော ကောကို ပြောစရာလေးရှိလို့ ..."
"ဘာများလဲ ..."
"ရှေ့လျှောက် ကောက ကျွန်တော့်လက်ထောက် လုပ်ပေးဖို့ မလိုတော့ပါဘူး သင်ကြားရေးပိုင်းကိုပဲ ပြန်သွားလိုက်ပါ စာသားတွေကို ဘယ်လိုပြောရမယ်၊ ဇာတ်ကောင်ကို ဘယ်လိုသရုပ်ဆောင်ရမယ်ဆိုတာကို ကျွန်တော်ကိုယ်တိုင် ကြိုးစားကြည့်ချင်တယ် ဟွမ်ကျိကျင်းရဲ့ လင်ဖုန်းအနေနဲ့ မဟုတ်ဘဲ ရှောင်ကျားရှုပိုင်တဲ့ လင်ဖုန်းအဖြစ် အသက်သွင်းကြည့်ချင်လို့ ကျိကျင်ကော သိလား ကျွန်တော်ကလေ အမှောင်ကိုလည်းကြောက်တယ် သေတ္တာထဲ အလုံပိတ်ခံရတာဆို ပိုတောင် ကြောက်သေးတယ် မနေ့ကဆို ကျွန်တော်တော့ သွားပြီလို့ ထင်ခဲ့ပေမယ့် ကိုယ့်ကိုယ်ကို လင်ဖုန်းလို့ တွေးလိုက်တာနဲ့ တစ်ပြိုင်နက် ကြောက်တဲ့စိတ်တွေအကုန် ပျောက်သွားရော ဒီသရုပ်ဆောင်မှုက ကျွန်တော့်ကို လက်တွေ့ကနေ ထွက်လာပြီး ဖြစ်ရပ်မှန်ထက် ကျော်လွန်တဲ့ စွမ်းအင်တွေကို ပေးနေတယ် ..."
ရှောင်ကျားရှုက ဦးနှောက်တစ်ခုလုံး ဖျစ်ညှစ်ကာ စဉ်းစားပြီးနောက် သူ့နဖူးကိုရိုက်ကာ ရေရွတ်လိုက်သည်။
"ဘယ်လို ပြောရမလဲ မသိတော့ဘူးဗျာ အကျဉ်းချုံးရရင် ကျိကျင်ကော ကျွန်တော့်ကို ဂရုစိုက်ပေးခဲ့တဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ် နောက်ပိုင်းမှာ ကိုယ်ကိုယ်တိုင် သရုပ်ဆောင်တတ်အောင် သင်ယူချင်လို့ပါ ကျေးဇူးပါ ကျိကျင်ကော ..."
သူက ဦးညွတ်လိုက်သည်။ သူ့စကားတို့မှာ ကျေးဇူးတင်စိတ်တို့ ပြည့်လျှံနေပေသည်။
ဟွမ်ကျိကျင်းက ရုတ်ချည်း ရယ်မောလိုက်သည်။
"ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူးကွာ ဒါဆို တမန်တော် ရုံတင်မယ့်နေ့ကို စောင့်နေမယ်နော် ကြိုးစားထား ရှောင်ကျားရှု ..."
သူက ရှောင်ကျားရှု ခပ်ဝေးဝေး ရောက်သွားသည်အထိ ရပ်ကြည့်နေပြီးနောက် ဂရုတစိုက် ပြင်ဆင်လာခဲ့သည့် စာရွက်အားလုံးကို အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်တော့သည်။ ကူကယ်ရာမဲ့ဟန်တို့ ရောစွက်နေသည့် ဝမ်းသာအားရ အပြုံးတစ်ပွင့်ကို ချိတ်ဆွဲရင်း တစ်ဖက်သို့ လှည့်လာသည့်အခါ မနီးမဝေးတွင် အနည်းငယ် ရှုပ်ထွေးနေဟန်ဖြင့် မတ်တပ်ရပ်နေသည့် ကျိမြန်ကို တွေ့လိုက်ရသည်။
"ကျိကော အစောကြီး ရောက်နေတာပါ့လား ..."
သူက ဦးစွာ နှုတ်ဆက်လိုက်သည်။
"အလုပ်ဖြုတ်ခံလိုက်ရတာလား ..."
ကျိမြန်က ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်တယ် ..."
ဟွမ်ကျိကျင်းက အမှုမထားဟန်ဖြင့် ပုခုံးတွန့်ပြလိုက်သည်။
"အလုပ်ဖြုတ်ခံလိုက်ရပေမယ့် ဘာလို့မှန်းတော့ မသိဘူး စိတ်ထဲမှာ နေလို့ကောင်းနေတယ် ..."
"သူ့ပုံစံကို မြင်နေရတာ မင်း ငယ်ငယ်က ပုံစံကို ပြန်အမှတ်ရမိသွားလို့ ဖြစ်မှာပေါ့ ..."
ကျိမြန်က ပြောလိုက်သည်။
ဟွမ်ကျိကျင်းမှာ ရှင်းရှင်းလင်းလင်း မကြားလိုက်။
"ဘာကြီး ..."
"ဘာမှ မဟုတ်ပါဘူး ရိုက်ကူးရေး စတော့မှာဆိုတော့ သွားနှင့်မယ် ..."
ကျိမြန်က စတူဒီယိုထဲသို့ ဝင်လာပြီးနောက် ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်သည်။ နားနေခန်းတွင်ထိုင်ကာ ဇာတ်ညွှန်းဖတ်နေသော ရှောင်ကျားရှုကို တွေ့လိုက်ရသည့်အခါ ခြေလှမ်းတို့ကို လောကျန်းဝေ့ထံ ဦးတည်လိုက်တော့သည်။
သူ့တွင် ရိုက်ကူးရန်အခန်း များများစားစား မရှိ။ ရှေ့ပိုင်းတွင် မြောင်မူချင်နှင့် ရှစ်ထင်းဟန်တို့၏ အပိုင်း နှစ်ပိုင်း ရိုက်ကူးရန် ရှိနေသေးရာ ၁၁ နာရီ မထိုးမချင်း စနိုင်ဦးမည် မဟုတ်ချေ။ ရှစ်ထင်းဟန်မှာ ဈာန်ဝင်စားနိုင်ရန် အပြင်းအထန် ကြိုးစားနေဟန်ပင်။ သူက မြောင်မူချင်၏ သဘောထားကို အလေးအနက် နားထောင်ကာ လောကျန်းဝေ့၏ ထင်မြင်ချက်ကိုပါ တောင်းခံလိုက်သည်။ သုံးယောက်သား ခေါင်းချင်းဆိုင်ကာ အကြိတ်အနယ် ဆွေးနွေးနေကြ၏။
ကျိမြန်က သူတို့ကို နှုတ်ဆက်ကာ မနက်စာစားရန်အတွက် နားနေခန်းသို့ ထွက်လာလိုက်သည်။
ရှောင်ကျားရှုက ဇာတ်ညွှန်းစာအုပ်ကို ဘေးချကာ နားကြပ်ကို တပ်လျက် ကျိမြန် သရုပ်ဆောင်ထားသည့် ရုပ်ရှင်တစ်ကားကို ကြည့်နေသည်။ သူကြည့်နေသည့်ရုပ်ရှင်၏ အဓိကဇာတ်ကောင် ရောက်လာသည်ကို တွေ့လိုက်ရသည့်အခါ နီမြန်းနေသော မျက်နှာနှင့်အတူ မတ်တပ်ရပ်ကာ ပြောလိုက်သည်။
"ကျိကော ကောင်းသော မနက်ခင်းပါ ..."
"ထိုင်ပါ အရမ်းကြီး စိတ်ဖိစီးမနေနဲ့ ..."
ကျိမြန်က ပြုံးကာ ပြောလိုက်သည်။
ရှောင်ကျားရှုက သူ့ကို မနက်စာ စားပြီးပြီလားဟု မေးမည်ပြုလိုက်သည်။ မစားရသေးပါလျှင် တစ်ခဏမျှ စောင့်ခိုင်းကာ သူ့လက်ထောက်ကို အဆင့်မြင့် စားသောက်ဆိုင်မှ မနက်စာ ဝယ်ယူခိုင်းထားသည့်အတွက် ဆယ်မိနစ်ကြာလျှင် ရောက်လာတော့မည်ဖြစ်သည်။ ယနေ့ သူအစောကြီး ရောက်လာရသည့် အကြောင်းအရင်းမှာ ပထမအချက်အနေဖြင့် လေ့လာရန်ဖြစ်ပြီး ဒုတိယတစ်ချက်မှာ ကျိမြန်နှင့် ရင်းနှီးနိုင်ရန်ဖြစ်သည်။
ဖန်အသစ်စက်စက်လေးအနေနဲ့ သူ့အိုင်ဒေါနဲ့ ရင်းနှီးနိုင်မယ့်အခွင့်အရေးကို ဘယ်လိုလုပ် လက်လွှတ်ခံနိုင်မှာလဲ ...
သို့သော် သူပင် စကားမပြောရသေး။ ချိန်ဖမ်းရှင်း ရောက်လာကာ ရှက်ရွံ့နေသော လင်းလဲ့ယန်ကို တွန်းပို့ရင်း အလွန်အမင်း မျက်နှာချိုသွေးသည့် လေဿံဖြင့် ဝင်ပြောလိုက်သည်။
"ဥက္ကဌကျိ ကျွန်တော်တို့တွေ မနက်စာကို အများကြီး ဝယ်လာမိလို့ ကျွန်တော်တို့နဲ့ အတူတူများ လာစားချင်လားဗျ အသားပေါင်းရယ် ဖက်ထုပ်ရယ် တစ်ခြား စားစရာတွေလည်း မျိုးစုံ ပါပါသေးတယ် ..."
ကျိမြန်က ရှောင်ကျားရှုကို ဖျတ်ခနဲကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။
"ကျေးဇူးအများကြီး တင်ပါတယ် ..."
"ရပါတယ် တကယ်လို့ ကျိကောသာ တစ်မျိုး မမြင်မိဘူးဆိုရင် ကောအတွက် မနက်စာလေး ယူလာပေးပါ့မယ် ..."
ချိန်ဖမ်းရှင်းမှာ အလွန် အန္တရယ် များလှသည့် မျက်နှာပြောင်သောသူဖြစ်သည်။ သူက ကျိမြန်၏ စကားကြောင်းပြန်မှုကိုပင် မစောင့်တော့ဘဲ ကပ်တွယ်လိုက်သည်။ လင်းလဲ့ယန်မှာ ထိုလုပ်ရပ်အပေါ် အလွန်အရှက်ရသွားသည့်အတွက် သူ့ကို စိုက်ကြည့်ကာ အလွန်တည်ငြိမ်သည့်လေသံဖြင့် ပြောလိုက်သည်။
"ကျိကော ..."
"အကုန်လုံးက တစ်ကုမ္ပဏီတည်းပဲကို စိမ်းမနေကြနဲ့ လာ ထိုင်ပြီး စားလှည့်ကြ ..."
သူက ရှောင်ကျားရှုကို ပြောလိုက်သည်။
"မင်းရော မနက်စာ စားပြီးပြီလား မစားရသေးရင် နည်းနည်းလောက် စားလိုက်လေ ..."
ရှောင်ကျားရှု၏ အကြံအစည်မှာ ပျက်စီးသွားပြီဖြစ်သော်ငြား ထိုအတွက် များစွာ ပူပန်မနေချေ။ သူက စားစရာအိတ်ကို စိုက်ကြည့်ရင်း ခေါင်းယမ်းပြလိုက်သည်။
"ဒါက စတူဒီယို အပြင်ဘက်က ဆိုင်တွေကနေ ဝယ်လာတာထင်တယ် မုန့်အကာသားကလည်း ဝါနေတာပဲ ကျိကော အပြင်ဘက်က ဆိုင်တွေက မသန့်ရှင်းဘူး ဒါမှမဟုတ် ..."
သူ့စကားပင် မဆုံးသေး၊ ကားပါကင်ထိုးနေရာမှ ပြန်ရောက်လာသည့် ဖန်ခွင်းက သရော်လိုက်သည်။
"နေ့တိုင်း အဲဒီ့ဆိုင်ကနေ မနက်စာ ဝယ်စားနေတဲ့ ဝန်ထမ်းတွေမှ အများကြီးပဲ ဘယ်သူမှ ဘာမှ မဖြစ်သေးဘူး ပြီးတော့ ဂျုံရဲ့ ပင်ကိုယ်အရောင်က အဝါရောင် နှစ်ခါပြန် ပြုပြင်ထားလို့သာ အဖြူရောင် ပြောင်းသွားတာ အဲဒါက ကျန်းမာရေးအတွက် မသင့်လျော်ဘူး မင်းတို့ ဒုတိယမျိုးဆက် သခင်လေးတွေကလည်း မကြိုက်တာတွေ များပြားလိုက်တာကို ကျိကော ကန်စုမှာ ရုပ်ရှင်ရိုက်တုန်းက လဝက်လောက် ရေမချိုးခဲ့ရဘူး သူ့နေရာမှာ မင်းတို့သာဆို ရူးတောင်သွားလောက်တယ် ..."
သူက အသားပေါင်းတစ်ခုကို ကောက်ယူကာ အားရဝမ်းသာ ပြောလိုက်သည်။
"အရသာရှိလိုက်တာ ဒီမိသားစုရဲ့ မှိုအသားပေါင်းကို ငါ တကယ်ကို ကြိုက်တာ ..."
အလွန်အမင်း သဘောခွေ့သွားသည့် ချိန်ဖမ်းရှင်းက ကပ်ဖားရပ်ဖားလုပ်ကာ ပြောလိုက်သည်။
"ခွင်းကော ကြိုက်ရင် အားရပါးရ သုံးဆောင်ပါ ..."
လင်းလဲ့ယန်က ကျိမြန်ကို ခိုးကြည့်ကာ သူအကြိုက်ဆုံး အလွှာတစ်ထောင် ကိတ်မုန့်ကို ကမ်းပေးရန် ကြိုးစားလိုက်သည်။
ရှောင်ကျားရှုမှာ ရိုက်ကူးရေးကာလအတွင်း အခက်အခဲများနှင့် ကြုံတွေ့ရမည်ကို သဘောပေါက်ထားပြီးဖြစ်သည့်အတွက် ဖန်ခွင်းက ကျိမြန်၏ အရှေ့တွင် သူ့ကို သံသယဝင်ဟန် ထုတ်ပြလာသည့်အခါ အဝါရောင်အသားပေါင်းကို ချက်ခြင်းကောက်ကိုင်ကာ စားပြလိုက်ရတော့သည်။
အိုင်ဒေါနဲ့ နီးစပ်ဖို့ ပထမဆုံးခြေလှမ်းက သူ့ရဲ့ ရုပ်ရှင်တွေကို ကြည့်တာဆို ဒုတိယခြေလှမ်းက သူကြိုက်တာတွေကို လိုက်စားကြည့်တာပဲ ကျိကောက သူ့ကို တအားကြီး တက်ကြွလွန်းနေတယ်လို့တော့ မထင်လောက်ပါဘူးနော် ...
သူ့အနေဖြင့် ကန့်လန့်တိုက်ရန် ရည်ရွယ်ချက်မရှိ၊ ကျိကောကို မနက်စာ ဖိတ်ကျွေးလိုခြင်းသာ ဖြစ်ကြောင်း ရှင်းပြမနေတော့ဘဲ ကိုယ်ရေးကိုယ်တာလက်ထောက်ကို စာပို့ကာ သူ ဝယ်ယူစေခဲ့သည့် အဆင့်မြင့်မနက်စာများကို ဒါရိုက်တာလောနှင့် အခြားသူများအား ပို့ပေးရန်သာ ညွှန်ကြားလိုက်တော့သည်။
ဘာလို့ လူတွေက ကျေးဇူးမတင်ရုံတင်မကဘဲ ချမ်းသာကြောင်း ကြွားတယ်လို့ပါ ထင်နေကြတာလဲ ...
ကျိမြန်က သူ့ကို စောင်းငဲ့ကြည့်ကာ နွေးထွေးစွာ ပြောလိုက်သည်။
"စာပို့နေတာရပ်ပြီး စားတော့ ..."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျိကော ..."
ပါးစပ်ထဲရှိ အသားပေါင်းကို ဝမ်းပန်းတသာ ဝါးစားရင်း ပြန်ဖြေလိုက်သည်။
ဖန်ခွင်းမှာ သူ့အပေါ် မုန်းတီးနေဆဲဖြစ်သည်။
"မနက်စာက ရှောင်ချိန် ဝယ်လာတာလေ ဘာလို့ ကျိကောကို ကျေးဇူးတင်နေတာလဲ ..."
"ကျေးဇူးတင်ပါတယ် ရှောင်ချိန် ..."
ရှောင်ကျားရှုမှာမူ ထိုစကားအပေါ် ဒေါသမထွက်အား။ ချိန်ဖမ်းရှင်းကိုပင် ကျေးဇူးတင်လိုက်သေးသည်။ ထို့နောက် ဇာတ်ညွှန်းကိုသာ ဆက်ဖတ်နေကာ လူရှင်းသွားကာမှ ကျိမြန်နှင့် စကားဆက်ပြောရန် ဆုံးဖြတ်လိုက်တော့သည်။
Xxxxxx