အပိုင်း ၂၃
Viewers 57k

Chapter 23


ကျိမြန်က သူကို ပြောမပြတတ်လောက်အောင် အလိုလိုက်ပေးလိုမှုတို့ ပြည့်လျှံစွာဖြင့် ပြန်ကြည့်လိုက်သည်။ 


အခြားသရုပ်ဆောင်များက အဆက်အသွယ်များ ချဲ့ထွင်နေကြသော်ငြား ရှောင်ကျားရှုကမူ ဗိုက်ပြည့်သည်နှင့်တစ်ပြိုင်နက် အိမ်ပြန်သွားတော့သည်။ ဤအသိုင်းအဝိုင်းထဲသို့ ရောနှောလိုခြင်း အလျဉ်းမရှိပေ။ သူ့အနေဖြင့် အဆက်အသွယ်ရှိခြင်း မရှိခြင်းမှာလည်း များစွာ အရေးမပါလှချေ။ 


... 


နောက်တစ်နေ့တွင် "တမန်တော်" ရိုက်ကူးရေးကို တရားဝင် စတင်လိုက်တော့သည်။ NG scene များ အများအပြား ရိုက်ကူးမိပြီး ကံဆိုးမိုးမှောင်ကျခြင်းကို မကြုံနိုင်စေရန် အလို့ငှာ ဒါရိုက်တာက လွယ်ကူသည့် အခန်းများဖြင့်သာ စတင်ရန် ဆုံးဖြတ်လိုက်သည်။ 


ကော်ဖီတစ်ခွက်ကို ကိုင်ကာ အပြင်ဘက်တွင် ရပ်နေသော ရှောင်ကျားရှု၏ မျက်နှာ၌ မရေရာမှုတို့ကို အခန့်သား တွေ့နေရသည်။ ဟွမ်ကျိကျင်းက သူ့ကို ရိုက်ကွင်းနေရာအကြောင်း ညွှန်ပြနေသည်။ 


"ကြည့် အဲဒါက အဓိက ကင်မရာ ဒါက ရှုခင်းအကုန်လုံးကို ခြုံပြီး ရိုက်တဲ့နေရာမှာ သုံးတာ ပြီးတော့ ဒီကင်မရာတွေ ဒါတွေကကျ အနီးကပ်ရိုက်ချက်အတွက် မင်းက ဒီနားကို လျှောက်လာပြီး နံရံကို မှီနေလိုက်ရင် ကင်မရာတွေက မင်းရဲ့ အမူအယာကို ရိုက်ကူးထားလိမ့်မယ် ဒါကိုသာ ကောင်းကောင်းမလုပ်နိုင်ရင် မင်းရဲ့ သရုပ်ဆောင်တဲ့ စွမ်းရည် ဘယ်လောက်ကောင်းကောင်း အလကားပဲ စခရင်ပေါ်ကို ရောက်လာတော့မှာ မဟုတ်၊ ပရိတသတ်ကလည်း သတိထားမိတော့မှာ မဟုတ်ဘူး ပြီးတော့ မတ်တပ်ရပ်တဲ့နေရာမှာလည်း အလင်းရောင် ဘယ်နေရာကနေ ထွက်လာသလဲဆိုတာ အာရုံစိုက်ထား အလင်းရောင်မကောင်းတဲ့နေရာမှာ မနေမိစေနဲ့ ..." 


အဆုံးတွင်မူ ဟွမ်ကျိကျင်းက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။


"အရမ်းကြီး စိတ်လှုပ်ရှားနေဖို့ မလိုဘူး ဒီအပိုင်းက အရမ်း ရိုးရှင်းတော့ သေချာပေါက်ကို ကောင်းကောင်း ရိုက်နိုင်မှာပါ ..." 


ရှောင်ကျားရှု၏ ဉာဏ်ရည်မှာ ကောင်းမွန်လှသည့်အတွက် နေရာတွင် လက်ထပ်သင်ကြားပေးသည့်တိုင် သဘောပေါက်နားလည်ပေသည်။ သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


"ကျိကျင်းကော စိတ်ချပါ ကျွန်တော် နားလည်ပါတယ် ..." 


အိမ်ကို ပြန်ရောက်တာနဲ့ တစ်ပြိုင်နက် အစ်ကိုကြီးနဲ့ မိသားစုစီးပွားရေးအကြောင်း ပြောတာလေးပဲ မဟုတ်လား ဒီလောက်ကတော့ သေချာပေါက်ကို ပိုင်ပိုင်နိုင်နိုင်ကြီး သရုပ်ဆောင်နိုင်ပါတယ် ... 


မနီးမဝေးရှိ ဖန်ခွင်းက ခေါင်းကိုယမ်းကာ ရေရွတ်လိုက်သည်။ 


"ရိုက်ကွင်းထဲရောက်မှ ဆရာကို သင်ပေးဖို့ တောင်းဆိုတဲ့ ကျောင်းသားမျိုး တစ်ခါမှ မတွေ့ဖူးဘူး သခင်လေးရှောင်ကတော့ တကယ်ကို ထူးခြားတာပဲ ..." 


ကျိမြန်ကမူ ပြုံးရုံသာ ပြုံးနေပြီး ဘာမှ မပြောချေ။ 


ရှောင်ကျားရှုကို ကြည့်နေသည့် လင်းလဲ့ယန်၏ နှလုံးသားထဲတွင်မူ မနာလိုအားကျမှုတို့ဖြင့် ပြည့်နှက်လာတော့သည်။ 


သူက တူညီတဲ့နောက်ခံကနေ လာတာ မဟုတ်ပေမယ့် ရိုက်ကွင်းမှာ သင်ယူနေရတုန်းပဲ ဒါပေမယ့် သူ့မှာ ရှောင်ကျားရှုလိုမျိုး ကြယ်ပွင့်ဖန်တီး‌တဲ့နေရာမှာ ဆရာကျတဲ့ နည်းပြ‌တစ်ယောက်ရဲ့ လမ်းညွှန်ပေးတာမျိုး မရှိဘဲ ကိုယ့်ခွန်ကိုယ့်အားကိုပဲ မှီခိုနေရတယ် အနာဂတ်ကျရင်တော့ ဒါရိုက်တာတွေ၊ လက်ထောက်ဒါရိုက်တာတွေနဲ့ ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ထားရမယ် အဲဒါမှ မသိတာ‌ရှိရင် သူတို့ကို မေးရင်းနဲ့ အများကြီး လေ့လာနိုင်မှာ ... 


ဤသို့ တွေးကာမှ သူ၏ မကျေလည်မှုများလည်း ပျောက်ကွယ်သွားလေတော့သည်။ 


ကျိမြန်က သူ့ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။ 


"ဟွမ်ကျိကျင်းက သရုပ်ဆောင်ကောင်းတယ်လို့ထင်လား ကိုယ်က ကောင်းတယ်လို့ ထင်လား ..." 


"သေချာပေါက်ကို ကျိကောပေါ့ ..." 


လင်းလဲ့ယန်၏ အကြည့်တို့မှာ လေးစားအားကျမှုများဖြင့် ပြည့်နှက်နေသည်။ 


"ရှောင်ကျားရှုမှာ သူ့ကို သင်ပေးဖို့ လင်းလဲ့ယန်ရှိသလို မင်းမှာလည်း ကိုယ်ရှိတယ်လေ ဘာမှ အားကျနေစရာ မလိုဘူး ..." 


ကျိမြန်က သူ့ချစ်သူကောင်လေး၏ နဖူးကို ခပ်ဖွဖွ ပုတ်လိုက်သည်။ 


လင်းလဲ့ယန်မှာ ကျိမြန်က သူ့စိတ်ကို လွယ်လင့်တကူ ဖတ်ရှုနိုင်လိမ့်မည်ဟု ထင်မှတ်မထားပေ။ သူ့ပါးနှစ်ဖက်လုံး ရဲရဲနီလာကာ မပီမသ ရေရွတ်လိုက်သည်။ 


"ကျေးဇူးတင်ပါတယ် ကျိကော အနာဂတ်မှာ ကျွန်တော် နားမလည်တာရှိရင် ကျေးဇူးပြုပြီး သင်ပြပေးပါဦး ..." 


သူ့ဘေးနားတွင် မည်သူတစ်ဦးတစ်ယောက်မှ မရှိသည့်တိုင် ကျိမြန်အပေါ် မထိခိုက်နိုင်စေရန် အလို့ငှာ သူ့အချစ်များကို ဖော်ထုတ်မပြရဲချေ။ 


ကျိမြန်က ဘာလို့ ဒီလောက်တောင် ကောင်းပေးရတာလဲ တကယ်ကို နားမလည်နိုင်တော့ဘူး ... 


"အိုကေ ဒီတစ်ခုက ပြီးသွားပြီ ရှောင်ကျားရှုနဲ့ ကျိမြန် နောက်တစ်ပိုင်းက မင်းတို့အလှည့်နော် ..." 


ဒါရိုက်တာလော၏ ကျယ်လောင်သော အသံက ထိုအခိုက်အတန့်လေးကို ကြားဖြတ်နှောင့်ယှက်လိုက်သည်။ ထိုအခါမှ ဖန်ခွင်းလည်း စိတ်သက်သာရာ ရသွားတော့၏။ 


သူတို့နှစ်ယောက်က ရင်းရင်းနှီးနှီး မနေမှန်း သိသာနေတာကို ဘာလို့ မကူညီနိုင်ရမှာလဲ ... 


သူက ကျိမြန်ကို တွန်းပို့ရင်း လောဆော်လိုက်သည်။ 


"သွား သွားပြီးတော့ သခင်လေးရှောင်ရဲ့ သရုပ်ဆောင်တဲ့ အရည်အချင်းက ဘယ်လိုရှိလဲဆိုတာ အကဲဖြတ်ခဲ့ ..." 


သူ့မှာ အရည်အချင်းရှိတယ်ဆိုရင်ပေါ့ ...


ရှောင်ကျားရှု သရုပ်ဆောင်ရမည့် ဇာတ်ကောင်မှာ စီးပွားရေးနှင့် စီမံခန့်ခွဲရေးဘာသာရပ်ကို သင်ကြားပြီး နိုင်ငံသို့ ပြန်ရောက်လာသည့် လင်ဖုန်းဖြစ်ကာ သူ့အစ်ကို လင်ထောင်မှာမူ ဇာတ်လမ်းထဲတွင် အကြီးဆုံးဗီလိန်ဇာတ်ကောင်ဖြစ်သည်။ 


လင်ညီအစ်ကိုနှစ်ယောက်မှာ မာဖီးယားမိသားစုတွင် မွေးဖဖွားလာခဲ့သူများ ဖြစ်သည်။ သူတို့အဖေသည် ပြည်တွင်းအခြေစိုက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည့် ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်ကာ အညှိုး‌အတေးတစ်ခုကြောင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး သူတို့၏ အမေမှာမူ အဓမ္မကျင့်ခြင်း ခံရကာ သူတို့နှင့် လူစုကွဲသွားခဲ့သည်။ ထိုထက်ပိုဆိုးသည့်အချက်မှာ ညီအစ်ကိုနှစ်ယောက်သည် သူတို့အဖေ တိတ်တဆိတ် ဆောက်လုပ်ပေးထားခဲ့သည့် လျှို့ဝှက်အခန်းထဲတွင် ပုန်းနေရင်း ထိုဖြစ်ရပ်အားလုံးကို မော်နီတာမှတစ်ဆင့် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပေသည်။ 


ထိုဖြစ်ရပ်ကြောင့် သူတို့၏ စိတ်ထဲတွင် ပယ်ဖျက်၍ မရတော့သည့် အရိပ်ဆိုးကြီးတစ်ခု ကပ်ငြိတွယ်နေတော့သည်။ ကယ်ဆယ်ခြင်း ခံရပြီးနောက် ညီအစ်ကို‌နှစ်ဦး‌လုံးသည် မြေအောက်လောကနှင့် လုံးဝ မပတ်သက်တော့ရန် ဆုံးဖြတ်လိုက်ကြ‌သည်။ အန်ကယ်ဟောဝါ့ဒ်က သူတို့ကို မွေးစားကာ ပိုင်ဆိုင်မှုများ ပြန်ယူပေးနိုင်ရန်လည်း ကူညီပေးခဲ့၏။ 


သို့သော် ဟော့ဝါ့ဒ်မှာလည်း ဂိုဏ်းသားတစ်ဦးပင် ဖြစ်ကြောင်းကိုတော့ သူတို့ညီအစ်ကိုနှစ်ယောက်လုံး မသိကြသေးချေ။ လင်ထောင် အရွယ်မရောက်ခင်မှာပင် လင်ရှစ်အုပ်စုသည် မူးယစ်ဆေးရောင်းချသူများအဖို့ ငွေမဲခဝါချရာနေရာတစ်ခုအဖြစ် တစ်ဖြည်းဖြည်း ပြောင်းလဲနှင့်နေပြီဖြစ်သည်။ 


အသက် ၁၈ နှစ်ပြည့်သည်နှင့်တစ်ပြိုင်နက် ကုမ္ပဏီကို အမွေဆက်ခံခဲ့ရသည့် လင်ထောင်မှာ သူသာ မြေအောက်လောကသို့ မဝင်ရောက်ပါလျှင် သူ့ညီမှာ အခြား ရောင်းချသူများ၏ လက်တုန့်ပြန်ခြင်းကို ခံရမည်ဖြစ်ကြောင်း သိရှိသွားတော့သည်။ 


ငယ်စဉ်ဘဝက ကြုံတွေ့ခဲ့ရသည်များကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ဝံပုလွေသွေးများ စီးဆင်းနေကာ မြေအောက်လောကနှင့် ပိုပြီး နက်နက်ရှိုင်းရှိုင်း ပတ်သက်မိလာလေ တစ်ဖြည်းဖြည်း ပိုမိုကောက်ကျစ်လာလေပင်ဖြစ်သည်။ 


အဆုံးတွင်တော့ ဟော့ဝါ့ဒ်ပင်လျှင် သူ့ကို မယှဉ်ပြိုင်နိုင်တော့သည့်အတွက် ထိပ်တိုက်ရင်ဆိုင်ရမည်ကို ရှောင်ရှားရန် လင်ရှစ်အုပ်စုမှ ထွက်လာခဲ့လိုက်တော့သည်။ 


ငါးနှစ်ပိုငယ်သည့် လင်ဖုန်းမှာမူ ထိုအရေးကိစ္စအားလုံးကို စိုးစဉ်းမှမသိ။ သူ့အစ်ကို၏ ကာကွယ်ပေးမှုအောက်တွင် နိုင်ငံရပ်ခြား၌ နှစ်ပေါင်းများစွာ ပညာသင်ကြားနေခဲ့သည်။ လင်ထောင်ကိုသာ ညသန်းခေါင်အဖြစ် တင်စားရပါလျှင် လင်ဖုန်းသည် နေ့အချိန်အဖြစ် သတ်မှတ်ရမည်ဖြစ်သည်။ သူနှင့် သက်ဆိုင်လေသမျှ အရာတိုင်းမှာ နေရောင်သဖွယ် ဝင်းလက်တောက်ပနေကာ အရာတိုင်းအပေါ် အကောင်းမြင်တတ်သည့် စိတ်ထားတစ်ခု ပိုင်ဆိုင်ထားပေသည်။ လင်ထောင်၏ လိုအင်ဆန္ဒနှင့် မျှော်လင့်ချက်အားလုံးကို သူ့ထံတွင် တွေ့မြင်နေရသည်။ 


ရှောင်ကျားရှုက ဇာတ်ညွှန်းကို အလေးအနက် ဖတ်ရှုပြီးနောက် ထိုဇာတ်ကောင်မှာ သူ့အတွက် မခဲယဉ်းလှကြောင်း တွေ့ရှိသွားတော့သည်။ ထို့ကြောင့် နောက်ထပ် ရိုက်ကူးမည့် ရိုက်ကွက်ကို ယုံကြည်မှုအပြည့်ဖြင့် စောင့်ဆိုင်းနေလိုက်တော့သည်။ 


သူ၏ တောက်ပသော ခဲရောင်ဆံပင်များကို လုံးဝဥသုံ အမဲပြန်ဆိုးထားကာ ပြီးပြည့်စုံသည့် မျက်နှာအချိုးအစားမှာလည်း ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက လင်ထောင်၏ စောင့်ရှောက်ပျိုးထောင်မှုကို ခံလာရသည့် ကြင်နာတတ်သော လူငယ်လေးတစ်ဦးနှင့် လုံးဝ ကိုက်ညီနေပေသည်။ 


ထို့အပြင် သူ့မျက်ဝန်းတို့မှာလည်း အလွန်ကြည်လင်နေကာ ယခုမှ လူ့လောကကို မကြုံတွေ့ဖူးသူနှယ် ရိုးစင်းနေပေသည်။ လင်ထောင်အဖြစ် သရုပ်‌ဆောင်မည့် ကျိမြန်နှင့် ယှဉ်တွဲကာ ရပ်လိုက်ပါလျှင် တစ်ယောက်က နေရောင်ထဲတွင် ရပ်နေပြီး ကျန်တစ်ဦးက အရိပ်ထဲတွင် ပုန်းအောင်းနေသည့်နှယ် သန်မာသည့် လွန်ဆွဲမှုတစ်ရပ်ကို ပေးစွမ်းနေပေသည်။ 


ဒါရိုက်တာက "အက်ရှင်" ဟု အော်လိုက်လျှင် နှစ်ဦးသား ပွေ့ဖက်ကာ ကာလရှည်ကြာ ခွဲခွါထားရာမှ ပြန်တွေ့ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာအပြုံးတစ်ပွင့်ကို ကိုယ်စီ ဆင်မြန်းထားလိုက်သည်။ ပန်းခြံထဲတွင် ထိုင်နေရင်း လက်ရှ်ိအခြေအနေများကို ကိုယ်စီ မျှဝေလိုက်ကြသည်။ 


စကားပြောနေစဉ်မှာပင် ဟော့ဝါ့ဒ်ဇာတ်ကောင်ကို ယူထားသည့် သရုပ်ဆောင်ကပါ ရောက်ရှိလာကာ သုံးဦးသား စကားတပြောပြောဖြင့် ဗီလာထဲသို့ ဝင်သွားရင်း ရိုက်ချက်ကို အပြီးသတ်လိုက်သည်။ ဤသည်မှာ ရုပ်ရှင်ထဲတွင် လင်ဖုန်း၏ ပထမဆုံး‌ ပေါ်ထွက်လာမှုဖြစ်သည်။ စကားပြောနေစဉ်အတွင်း လင်ထောင်နှင့် ဟော့ဝါ့ဒ်ကသာ တီးတိုးပြောနေကြပြီး အစမှအဆုံးအထိ လင်ဖုန်းသည် သူ့အစ်ကိုနှင့် ဦးလေးမှာ အလွန်သဟဇာတဖြစ်လှသည်ဟု တွေးနေ၏။ 


အမှန်အတိုင်း ပြောရပါလျှင် ရှောင်ကျားရှုသည် သရုပ်ဆောင်အရည်အချင်းကိုပင် များများစားစား ထုတ်မသုံးခဲ့ရချေ။ ရှောင်တင်းပန်နှင့် ရှောင်ချီကျဲတို့ စကားပြောနေချိန်တိုင်း သူလုပ်လေ့ရှိသည်ကို ပုံမှန်အတိုင်း ပြသရန်သာ လိုအပ်ပေသည်။ သူသည်လည်း လင်ဖုန်းကဲ့သို့ပင် အပူအပန်ကင်းမဲ့ပြီး ဘာတစ်ခုကိုမှ မသိနားမလည်သည့် အရူးတစ်ယောက်ကဲ့သို့သာ သံယောင်လိုက်ကာ ရယ်မောခဲ့ရပေသည်။ 


"အိုကေ ဒီတစ်ခုတော့ ပြီးသွားပြီ ..."


လောကျန်းဝေ့က စခရင်ကို ကြည့်ကာ လက်ကို ယမ်းပြလိုက်သည်။ မူလကမူ သူသည် ရှောင်ကျားရှုတစ်ယောက် ရိုက်ကူးရေးအဖွဲ့ထဲ ရောက်လာသည့်အပေါ် အလွန် မကျေမနပ်ဖြစ်ခဲ့မိသေးသည်။ 


ရှို့ချန်ယု၏ တောင်းဆိုမှုနှင့် များပြားလှစွာသော ရင်းနှီးမြှုပ်နှံမှုများကြောင့်သာ မဟုတ်ပါလျှင် သူ့ကို လက်ခံပေးခဲ့မည် မဟုတ်ချေ။ ပထမရိုက်ချက်ကို အောင်အောင်မြင်မြင် အပြီးသတ်နိုင်ခဲ့၍သာ တော်ပေသေးသည်။ မျက်လုံးပင် မလွှဲနိုင်လောက်အောင် ကောင်းမွန်သည်ဟု ပြောလျှင်ပင် လွန်ကျူးမည် မထင်ပေ။ 


အမျိုးသားငယ်နှစ်ဦး၊ လတ်ဆက်သည့် အလင်းရောင်၊ မည်းမှောင်တည်ငြိမ်နေသော လေနှင့် တစ်ဖြည်းဖြည်း သဘောထားကွဲလွဲလာသော အခြေအနေတို့မှာ ရုပ်ရှင်အတွက် လိုအပ်သည့် အားကောင်းသော လွန်ဆွဲမှုတစ်ရပ်ကို ပေးစွမ်းနေပေသည်။ 


လင်ဖုန်း၏ ဇာတ်ကွက်ဟူ၍ များများစားစား မပါရှိသည့်တိုင် ၎င်းမှာ လင်မိသားစုသာမက အရှေ့တောင်အာရှ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသည့် အသင်းကြီး ပျက်သုဉ်းခြင်း၏ စမှတ်ပင်ဖြစ်သည်။ ထိုသည်သာမက လင်ထောင်တစ်ယောက် စိတ်ရိုင်းဖောက်သွားခြင်း၏ အဓိက‌အကြောင်းအရင်းလည်း ဖြစ်နေကာ ရုပ်ရှင်တစ်ခုလုံး၏ အရည်အသွေးမှာလည်း ဤဇာတ်ကောင်၏ သရုပ်ဆောင်မှုအပေါ် မူတည်နေပေသည်။ 


လောကျန်းဝေ့က ဗီဒီယိုကို ထပ်ကာထပ်ကာ ကြည့်ပြီးကာမှ ပြောလိုက်သည်။ 


"ကောင်းတယ် နောက်ထပ် ဆက်ရိုက်မယ် ..." 


ယခုလက်ရှိအခြေအနေအရမူ အခြားလူသစ်လေးများကို ကျော်လွန်၍ ရှောင်ကျားရှုကို ရွေးချယ်လိုက်ခြင်းသည် မှန်ကန်သည့် ဆုံးဖြတ်ချက်ပင်ဖြစ်သည်။ တောက်ပလင်းလက်ကာ အကောင်းမြင်တတ်သည့်စိတ်ကို သရုပ်ဖော်ရာတွင် အနုပညာလောက၌ ကျင်လည်ကျက်စားနေသည့် "လတ်လတ်ဆက်ဆက် အသားတုံးလေးများ" သည် ရိုးသားလှသည့် လူသစ်လေးကို မယှဉ်နိုင်ချေ။ 


ဟွမ်ကျိကျင်းနှင့် ကျိမြန်ကလည်း ရိုက်ချက်ကို ပြန်ကြည့်နေကာ ပက်လက်ကုလားထိုင်ပေါ် လှဲလျက် ပျင်းရိနေသော ရှောင်ကျားရှုကို တွေ့လိုက်လျှင် ဟွမ်ကျိကျင်းက လမ်းပျောက်နေဟန်ဖြင့် ပြောလိုက်သည်။ 


"ရှောင်ရှု မင်း သရုပ်ဆောင်ထားတာကို လာကြည့်ဦးလေ ..." 


"ကြည့်လို့ရတယ်လား ..." 


ရှောင်ကျားရှုက သူဆော့နေသည့်ဂိမ်းကို အလောတကြီး ပိတ်ကာ အနားသို့ လျှောက်လာသည်။ 


ဖာ့ခ် အဲဒါက ငါလား ဘာလို့ ဒီလောက်တောင် ချောမောနေရတာလဲ ... 


သူက ရုပ်ရှင်ဧကရာဇ်ကိုတစ်လှည့်၊ စခရင်ပေါ်ရှိ သူ့ရုပ်ကိုတစ်လှည့် စိုက်ကြည့်ကာ ပြောလိုက်သည်။ 


"ကျိကောနဲ့ ယှဉ်ရပ်နေတာတောင် ရုပ်ဆိုးမသွားဘူး ..." 


အရပ် နည်းနည်းလေး ကွာတာ တစ်ခုပဲ ပြောစရာရှိတာ နောက်တစ်ခေါက်ကျ ဒါရိုက်တာကို ငါ့ခြေထောက်အောက်မှာ ခဲခုပေးဖို့ ပြောရမယ် ... 


ကျိမြန်က ပြုံးယောင်သမ်းနေသည့် အကြည့်တို့ဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။ 


"လုပ်တာ ကောင်းတယ် ဆက်ကြိုးစားထား ..." 


"ဟုတ်ကဲ့ ..." 


ရှောင်ကျားရှုက သူပင် သတိမထားမိလိုက်ဘဲ ခါးကို တည့်မတ်နေအောင် ဆန့်တန်းလိုက်သည်။ 


"ဟုတ်တယ် ခံစားချက်က ကွက်တိပဲ ပြီးတော့ ပြောသွားတာတွေလည်း ကောင်းတယ် ဒါပေမယ့် နောက်ပိုင်းဇာတ်ကွက်တွေက ပိုပြီး ခက်ခဲလာလိမ့်မယ် ပြန်ရောက်ရင် ဇာတ်ညွှန်းကို သေချာ‌ဖတ်ကြည့်ထား နားမလည်တာရှိရင်လည်း လာမေး ..." 


လောကျန်းဝေ့ကလည်း အားပေးစကားအနည်းငယ် ပြောကြားလိုက်သည်။ 


"ကျေးဇူးတင်ပါတယ် ဒါရိုက်တာကြီး ..." 


ရှောင်ကျားရှုမှာ ကျောင်းအုပ်ဆရာကြီးနှင့် တွေ့နေရသည့် မူလတန်းကျောင်းသားသဖွယ် ခါးကို ပို၍ပင် ဆန့်တန်းလိုက်တော့သည်။ 


ဟွမ်ကျိကျင်းက သူ၏ တင်းတောင့်နေသော ပုခုံးကို အသာပုတ်ကာ ပြေလျော့စေလိုက်သည်။ 


တစ်ခြားသူတွေရဲ့ အမြင်မှာတော့ သူက လူသစ်လေးရဲ့ လက်ထောက်လုပ်ဖို့ အတင်းအကြပ် ဖိအားပေးခံရတယ်နဲ့ နေမှာ ဘယ်သူကမှ အမှန်ကို မသိကြဘူး တကယ်တမ်းပြောရရင် ရှောင်ကျားရှုက တအားဉာဏ်ကောင်းပြီးတော့ ဘာပဲသင်ပေးသင်ပေး အကုန် သဘောပေါက်တယ် ဇာတ်ညွှန်းကို ဘယ်လိုဖတ်ရမလဲ ဆိုတာလဲ သူ့အလိုလိုကို သိနေပြီးသား ဒီရိုက်ချက်ဆိုလည်း ဘာမှ တည်းဖြတ်နေစရာတောင်မလိုဘဲ တစ်ခေါက်တည်း အပြီး ရိုက်သွားတာ အချိန်ကျလာရင် သူက အောင်မြင်မှာ သေချာတယ် ... 


ဒါပေမယ့် ရုပ်ရှင်ရိုက်ဖို့ကို စိတ်မပါတာကတော့ တကယ်ကို နှမြောစရာပဲ သူက ရုပ်ရှင်ရိုက်တာကို မဖြစ်မနေ လုပ်ရမယ့် တာဝန်တစ်ခုလိုပဲ သတ်မှတ်နေတာ ... 


Xxxxxxxx