အပိုင်း ၂၂
Viewers 57k

Chapter 22


သူက စီးကရက်တစ်လိပ်ကို ထုတ်ကာ ‌ဆက်ပြောလိုက်သည်။ 


"ကျွန်တော် ဆုံးဖြတ်ပြီးသွားပြီ အဲဒီ့ဇာတ်ကောင်ကို သရုပ်ဆောင်နိုင်ရင်လည်း ဆောင် သရုပ်မဆောင်နိုင်ရင်လည်း အရည်အချင်းရှိတဲ့ သရုပ်‌ဆောင်တစ်ယောက်ကို လွှဲပေး၊ ကုန်ကျစရိတ်တွေ လျော်ပေးပြီးတော့ စောစောစီးစီးပဲ ထွက်လာခဲ့လိုက်တော့မယ် ကိုယ် မလုပ်နိုင်တဲ့ကိစ္စဆို သေချာပေါက် ငြင်းပယ်ရမယ်လို့ ရှေးလူကြီးတွေ ပြောဖူးတယ် မဟုတ်လား ကျွန်တော်လည်း ဒီလိုလူမျိုး ဖြစ်ရတာကို လိပ်ပြာမလုံဘူး ..." 


ကျိမြန်က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ကာ နှစ်သိမ့်ပေးလိုက်သည်။ 


"ဘယ်အရူးက ပြောတာလဲ မင်းက ရိုက်ကူးရေးအဖွဲ့သားတွေအတွက် ဆုံးရှုံးသွားတဲ့ငွေတွေ လျော်ပေးနိုင်တယ်ပဲထား ကုန်သွားတဲ့ အချိန်တွေကိုရော ဘယ်လိုနည်းလမ်းနဲ့ လျော်ပေးမှာလဲ မင်းတစ်ယောက်တည်းကြောင့်နဲ့ ဇာတ်ကောင်တွေ ပြောင်း၊ ရိုက်ထားတာတွေအကုန် အစကပြန်ရိုက်၊ အချိန်ဇယားတွေလည်း အကုန်နှောင့်နှေးကုန်မှာလေ ဒါတွေက ငွေရှိရုံနဲ့ ပြင်ဆင်လို့ ရနိုင်တာမျိုး မဟုတ်ဘူး မင်းသာ ကောင်းကောင်း သရုပ်မဆောင်နိုင်ရင် ဘယ်လိုလုပ်မလဲဆိုပြီး တွေးနေ‌မယ့်အစား ကောင်းကောင်း ကြိုးစားဖို့ပဲတွေး ဒါကမှ အောင်မြင်ဖို့အတွက် ပထမဆုံးခြေလှမ်းပဲ လင်ဖုန်းရဲ့ ဇာတ်ကောင်ကို ငါတွေ့ပြီးပြီ သူ့ရဲ့စရိုက်က မင်းနဲ့ တော်တော်ဆင်တူတော့ သိပ်ပြီး ခက်ခဲမှာ မဟုတ်ဘူး မင်းပုံစံလေးအတိုင်း သရုပ်ဆောင်သွားဖို့ပဲ လိုတာ ..." 


"တကယ်လား ..." 


မျှော်မှန်းထားသည့် အတိုင်းပင်၊ နှစ်သိမ့်ခံလိုက်ရသည့်အခါ ရှောင်ကျားရှု၏ မီးခိုးရောင်မျက်ဝန်းတို့်မှာ တစ်ဖန် တောက်ပလာတော့၏။ သူ့အမေကလည်း အလားတူပင် ပြောခဲ့ဖူးသော်ငြား ဤသည်မှာ မိခင်တစ်ဦး၏ သားဖြစ်သူအပေါ် အလွန်အကျူး အကောင်းမြင်နေခြင်းသာ ဖြစ်သည်ဟု တွေးခဲ့မိပေသည်။ သို့သော် ယခု ကျိမြန်ကပါ ထိုသို့ ပြောလာသည့်အတွက် တစ်ဖြည်းဖြည်း ယုံကြည်ချက် ပြည့်ဝလာသည့်နှယ် ခံစားမိလာတော့သည်။ 


ရှောင်ကျားရှုသည် စိတ်ဖိစီးချိန်မှသာ ‌ဆေးလိပ်သောက်တတ်သူဖြစ်ရာ ယခု စိတ်သက်သာရာ ရသွားသည့်အတွက် နီကိုတင်းဓာတ်၏ နှစ်သိမ့်ပေးမှုကို မလိုအပ်တော့ချေ။ သူက စီးကရက်ဖင်ကို ထိုးခြေကာ ကျိမြန်ကိုလည်း အများကြီး မသောက်ရန် ပြောပြီး ထွက်လာခဲ့လိုက်တော့သည်။ 


ကျိမြန်က ကျီစယ်တတ်သော ပုဂ္ဂိုလ်လေး၏ နောက်ကျောကို စိုက်ကြည့်ရင်း ခေါင်းကို အသာယမ်းကာ ခပ်ဖွဖွ ရယ်မောလိုက်သည်။ 


"သူနဲ့ စကားပြောကြည့်တာ အခြေအနေ ဘယ်လိုရှိလဲ ..." 


သီးသန့်ခန်းထဲမှ စီးကရက်တစ်လိပ်ဖြင့် ထွက်လာသော ရှစ်ထင်းဟန်က မေးလိုက်သည်။ 


"ငါ လောကျန်းဝေ့နဲ့ နည်းနည်းလောက် သောက်လိုက်တာ သတင်းတစ်ခု သိလာတယ်လေ ဒီရှောင်ကုန်းဇီရဲ့ နောက်ခံက တအားကို မိုက်တာတဲ့ သူက လူရွေးပွဲတောင် ဝင်ပြိုင်စရာ မလိုဘဲ ဒီဇာတ်ကောင်ကို ရလာခဲ့တာ ဆိုလားပဲ ဘယ်သူကမှ သူ့ကို ကလန်ကဆန် မလုပ်ရဲတဲ့အပြင် ဒါရိုက်တာကတောင် မျက်နှာသာပေးနေရတာ အံ့ဩစရာ မရှိတော့ပါဘူး ..." 


"လောကျန်းဝေ့ရဲ့ ပြဿနာက အရင်အတိုင်း မပြောင်းသေးဘူးပဲ ..." 


ကျိမြန်က နားလည်ရခက်စွာဖြင့် ပြုံးလိုက်သည်။ လောကျန်းဝေ့သည် စကားများသူ ဖြစ်သော်ငြား ပြောသင့်သည်၊ မပြောသင့်သည်ကိုမူ နားလည်ပါသေးသည်။ 


သို့သော် မူးသွားသည်နှင့် တစ်ပြိုင်နက် ထိုအရည်အချင်းအားလုံး ပျောက်ကွယ်ကာ သူ့ပါးစပ်မှာ လော်စပီကာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ တစ်စုံတစ်ယောက်က မေးလိုက်သည်နှင့်တစ်ပြိုင်နက် အဆက်မပြတ် ထုတ်ပြောလာတတ်သည့်အတွက် မရေမတွက်နိုင်သော လူများ၏ အသုံးချခြင်းကို ခံခဲ့ရပေသည်။ 


"အရင်ထက်တော့ နည်းနည်းလေး ပိုကောင်းလာပါပြီ သူသောက်တာကို တားခိုင်းဖို့ လက်ထောက်တစ်ယောက်ကို ပြောခဲ့တယ် ..." 


ရှစ်ထင်းဟန်က စီးကရက်ကို မီးညှိရင်း ဆက်ပြောလိုက်သည်။ 


"ငါကြားတာတော့ ရှောင်ကျားရှုက ဒီနှစ်မှ ဘွဲ့ရလာတာဆို ပြီးတော့ ငွေကြေးစီမံခန့်ခွဲရေးနဲ့ သက်ဆိုင်တဲ့ဘွဲ့ သရုပ်ဆောင်တဲ့အပိုင်းမှာလည်း ဘာအခြေခံမှ မရှိဘူး မင်းက သူနဲ့ အများဆုံး တွဲရိုက်ရမယ့်သူဆိုတော့ စိတ်ကို သေသေချာချာသာ ပြင်ဆင်ထားပေတော့ ..." 


"ငါတို့က တစ်ကုမ္ပဏီတည်းပဲလေ ဘာမှ သိပ်ပြီး ပြဿနာ မရှိပါဘူး ဂျူနီယာလေးတွေကို ဂရုစိုက်ပေးရုံပဲဟာ ..." 


ကျိမြန်က လက်ကိုယမ်းလျက် ပြောလိုက်သည်။ 


"မင်းက တကယ်ကို သည်းခံတတ်တာပဲ ငါကတော့ လူသစ်လေးတွေကို လက်တွဲခေါ်ပေးရမှာ အကြောက်ဆုံးပဲ ဘွဲ့ရထားကာစ လူချမ်းသာသခင်လေးက သူ့ကိုယ်သူ သရုပ်ဆောင်တဲ့နေရာမှာ အကျွမ်းတဝင် မဖြစ်နိုင်ဘူးလို့ရော တွေးမိရဲ့လား မသိဘူးနော် ‌ဒါရိုက်တာလောက သူ့ကို မငှားခဲ့သင့်ဘူး သူ ဒီည မဟားတရားတွေ သောက်နေတာ အံ့ဩစရာ မရှိတော့ပါဘူး သူ့ရင်ထဲမှာ မီးဟုန်းဟုန်းတောက်နေတာကိုး ..." 


ရှစ်ထင်းဟန်က တစ်ခုခုကို တွေးတောဟန်ပြုကာ ခေါင်းကို အသာခါယမ်းလိုက်သည်။ 


"ဒီ ဒုတိယမျိုးဆက် လူချမ်းသာလေးတွေကတော့ ... သူတို့ မလုပ်နိုင်တာတွေကို လေ့လာတယ် မစွမ်းဆောင်နိုင်တဲ့ အလုပ်တွေကိုမှ ရွေးလုပ်တယ် သူတို့က အနုပညာလောကထဲ ဝင်လိုက်ရင် ပိုက်ဆံမြန်မြန်ရမယ်များ ထင်နေတာလား သရုပ်ဆောင် ဖြစ်ဖို့က လွယ်တာဆိုတော့လေ မျက်နှာလေး ပြရုံနဲ့ နာမည်ကြီးလာမယ်များ ထင်နေကြတာလား ကျွတ် ကျွတ် ..." 


ကျိမြန်က တစ်စက္ကန့်ခန့် အသံတိတ်နေပြီးကာမှ စီးကရက်ကို မီးငြိမ်းသတ်ရင်း ပြောလိုက်သည်။ 


"သူက သရုပ်ဆောင်တဲ့နေရာမှာ တော်ချင်မှတော့ တော်လိမ့်မယ် ဒါပေမယ့် သူ ဘာလုပ်နေသလဲ‌ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သိပါတယ် မင်း သတိမထားမိဘူးလား သူက Wharton တက္ကသိုလ်ကနေ စီးပွားရေးဆိုင်ရာ မဟာဘွဲ့ ရလာတာလေ ပြီးတော့ အခုမှ အသက် ၂၀ ပဲ ရှိသေးတယ် ..." 


ထို့နောက် ထွက်လာခဲ့လိုက်သည်။ 


ရှစ်ထင်းဟန်မှာ တစ်ခဏမျှ နားဝေတိမ်တောင် ဖြစ်သွားတော့သည်။ 


"ဖာ့ခ် ငါသာ Wharton တက္ကသိုလ်ကို ဝင်ခွင့်ရပြီး မဟာဘွဲ့ ရမယ်ဆိုရင် အနုပညာလောကထဲကို ဝင်မနေတော့ဘူး တကယ်ကို နားမလည်နိုင်တော့ဘူး ..." 


သီးသန့်ခန်းထဲသို့ ပြန်ရောက်လာသော ရှောင်ကျားရှုက ရေချိန်ကိုက်နေသည့်အတွက် လက်ထောက်နှစ်ဦး၏ အကူအညီဖြင့် ပြန်တော့မည်ပြင်နေသော ဒါရိုက်တာကို တွေ့လိုက်သည်။ ကျန်အဖွဲ့သားများမှာမူ ပြန်တော့မည့်ဟန် မတူသေး။ အချင်းချင်း စကားလက်ဆုံကျနေကြဆဲဖြစ်သည်။ 


ရှစ်ထင်းဟန်နဲ့ ကျိမြန်တောင် မပြန်သေးတာ ဘယ်သူက ပြန်ချင်မှာလဲ အဆက်အသွယ်လုပ်ရမယ့် အခွင့်အရေးကို လက်လွှတ်ရအောင် အရူးမိုလို့လား ... 


ရှောင်သခင်လေး ပြန်ရောက်လာမည်ကို စောင့်နေသော ဟွမ်မိန်ရွှမ်က သူ့အနားသို့ ဝိုင်တစ်ခွက် တွန်းပို့ရင်း တီးတိုးပြောလိုက်သည်။ 


"သွား ရိုက်ကူးရေးအဖွဲ့ရဲ့ သရုပ်ဆောင်တွေနဲ့ သွားပြီး စကားပြောနေ လူတိုင်းက ခွက်ချင်း တိုက်လိမ့်မယ် အများကြီး သောက်ပြစရာ မလိုဘူး ..." 


"ကျွန်တော် သောက်ရတာ မကြိုက်ဘူး ..." 


ရှောင်ကျားရှုက ထိုသို့ပြောကာ ခွက်ကို ဘေးနားငို့ တွန်းလိုက်သည်။ 


"ပြီးတော့ ဘယ်သူနဲ့မှလည်း မရင်းနှီးချင်ဘူး လူတွေက ကျွန်တော့်ကို သိလို့လည်း ဘာမှ အကျိုးထူးလာမှာ မဟုတ်ဘူးလေ ..." 


"မင်း ... ဒီကောင်လေးကတော့ ..." 


သူမ၏ စကား မဆုံးခင်မှာပင် ဟွမ်ကျိကျင်း၏ ကြားဖြတ်ပြောခြင်းကို ခံလိုက်ရတော့သည်။


"ကျဲ ... ကျဲ ရှောင်ရှုကို အရမ်းကြီး ဖိအားမပေးပါနဲ့ သူက အခုမှ ဒီလောကထဲ ရောက်တာလေ အရင်ဆုံး အသားကျပါစေဦး ..." 


"ဘယ်နေရာမှာ အသားကျရဦးမှာလဲ ဒါက ‌အခြေခံအချက်ပဲလေ ..." 


မောင်နှမနှစ်ဦးက အငြင်းပွားနေကြသော်ငြား သူတို့၏ အသံမှာ အလွန်တိုးသည့်အပြင် အမူအယာတို့မှာလည်း ခန့်မှန်းရ ခက်သည့်အတွက် မည်သူကမှ သတိမထားမိလိုက်ချေ။ 


ရှောင်ကျားရှုက သက်ပြင်းချကာ အသီးအရွက်များကိုသာ ထိုင်စားနေလိုက်သည်။ 


သရုပ်ဆောင်တဲ့အလုပ်ကို စတောင် မစရသေးဘူး ဒီလောကကြီးကို တော်တော် ပင်ပန်းနေပြီ အပြင်လူတွေက ဒီလောကကို ပကာသနတွေနဲ့ ပြည့်နေတာလို့ ပြောကြတာ မထူးဆန်းတော့ပါဘူး ... 


ဘယ်ဇစ်မြစ်လဲ၊ ပညာတတ်လား၊ အကျင့်စာရိတ္တကရော ဘယ်လိုလဲဆိုတာတွေ ဘာတစ်ခုကိုမှ မကြည့်ဘူး လောကကြီးကို ကျွမ်းထိုးမှောက်ခုန်ဖြစ်အောင် လုပ်နိုင်သရွေ့ အထက်စီးကနေ နေနိုင်မှာပဲ ဒီလောကမှာ အချိန်တိုတိုလေးအတွင်း အမြင့်ဆုံးအထိ ရောက်အောင်လည်း တက်နိုင်သလို ပြုတ်ကျလာနိုင်တဲ့ အရှိန်ကလည်း တကယ်ကို အံ့ဩစရာကောင်းတယ် ... 


ပကာသနအပြည့်နဲ့ ဖြစ်နေတာဆိုတော့ ရာထူးကြီးတာနဲ့ ငယ်တာကြားမှာလည်း ကွာခြားချက် ရှိနေမှာပဲလေ ... 


စားသောက်ပွဲ ကျင်းပနေစဉ်အတွင်း ရိုက်ကွင်းအဖွဲ့သားနှင့် သာမန်ဝန်ထမ်းများမှာ သီးသန့်ခန်းထဲသို့ ဝင်ရောက်ခွင့်မရှိပေ။ ဒါရိုက်တာ၊ ခေါင်းဆောင်မင်းသား၊ ထုတ်လုပ်သူနှင့် ရင်းနှီးမြှုပ်နှံသူတို့သာ ဝင်ရောက်ခွင့်ရပြီး အပိုင်းအနည်းငယ်သာ ရိုက်ကူးရသော သရုပ်ဆောင်များသည်ပင် တစ်စားပွဲတည်း ထိုင်ခွင့်မရှိချေ။ 


ထိုင်ခုံနေရာကိုသာ အဆင့်အတန်းအလိုက် စီစဉ်ရပါလျှင် ရှောင်ကျားရှုသည် ဒါရိုက်တာနှင့် ကျိမြန်အကြား လုံးဝ ထိုင်ခွင့်ရမည် မဟုတ်ချေ။ သို့သည့်တိုင် ထိုင်နေသေးသည့်အပြင် သူ့အပြုအမူမှာလည်း အလွန် ထောင်လွှားနေသည့်အတွက် သူလုပ်သမျှတိုင်းမှာ အများ၏ အာရုံစိုက်မှုကို လက်ယပ်ခေါ်နေသည့်သဘော သက်ရောက်နေတော့သည်။ 


ရှောင်ကျားရှုက ဤနယ်ပယ်၏ ထောင်လွှားဝင့်ဝါမှုတို့ကို စိတ်မဝင်စားသည့်အပြင် သရုပ်ဆောင်ရခြင်းကိုလည်း များစွာ မနှစ်သက်လှ။ သူရိုက်ရမည့် အပိုင်းများမှာ သိပ်မများ၍သာ တော်သေးသည်။ အကယ်၍ ချောချောမွေ့မွေ့ သရုပ်ဆောင်နိုင်ပါလျှင် တစ်လအတွင်းမှာပင် အပြီးသတ်နိုင်မည်ဖြစ်ရာ ဘေးစားပွဲရှိ သရုပ်ဆောင်များက သူ့ကို အကဲခတ်နေသည့်တိုင် သူကတော့ စားစရာပန်းကန်ထဲသာ ခေါင်းစိုက်ထားလိုက်သည်။ 


ရှောင်ကျားရှု၏ နေရာမှာ အမှန်တကယ်တွင် နံပါတ်တစ် ဇာတ်လိုက်မ မြောင်မူချင်၏ နေရာဖြစ်သော်ငြား ပွဲမစမီမှာပင် သူမ၏ နာမည်ကို အခြားစားပွဲတစ်ခု၌ တွေ့လိုက်ရ၏။ ထိုအချိန်မှစကာ သူမ၏ ဗိုက်ထဲတွင် မီးတောက်မီးလျှံတို့ ပြည့်လျှံ‌လာပေတော့သည်။ 


ဖြူလျော်နေသော မျက်နှာနှင့်အတူ ရင်ဘက်ကို လက်ဖြင့်ဖိလျက် စောဒကတက်ရန် နေရာချထားပေးသူ ရောက်လာမည်ကိုသာ စောင့်နေလိုက်ရတော့သည်။ သို့သော် ထိုသူများမှာလည်း သူမအတွက် မည်သည်ကိုမှ ဆောင်ရွက်ပေးနိုင်မည် မဟုတ်ချေ။ 


တစ်ဖက်သူရဲ့ အေးဂျင့်က ဟွမ်မိန်ရွှမ်၊ လက်ထောက်က ဟွမ်ကျိကျင်း ဖြစ်နေလို့များလား ဘယ်လိုတောင် အထက်စီးဆန်လိုက်တဲ့ တွဲစပ်မှုမျိုးလဲ ... 


အံ့ဩမှုနှင့်အတူ သူမသည် ရှောင်ကျားရှု၏ နောက်ခံမှာ မရိုးရှင်းကြောင်း သဘောပေါက်သွားတော့သည်။ 


မြောင်မူချင်မှာ ဒေါသတို့ကို မျိုသိပ်နေရသည့်အတွက် စားပွဲဝိုင်းရှိ အခြားသူများနှင့် ပြောဆိုဆက်ဆံလိုခြင်း အလျဉ်းမရှိတော့ချေ။ ရှောင်ကုန်းဇီအနား ကပ်ရန် အချိန်အခါကိုသာ စောင့်ဆိုင်းနေလိုက်တော့သည်။ 


"မြောင်ကျဲ ကျွန်တော်နဲ့ ခွက်ချင်း တိုက်လိုက်ရအောင်လေ ကျဲလည်း ပြန်ကြားရေးနှင့် လူထုဆက်သွယ်ရေးဆိုင်ရာ တက္ကသိုလ်ကနေ ဘွဲ့ရလာတာဆို ကျွန်တော်က ကျဲရဲ့ ‌တစ်ကျောင်းတည်းသား ဂျူနီယာ ဖြစ်မယ်ထင်တယ်နော် ..." 


လင်းလဲ့ယန်က ဝိုင်တစ်ခွက်ကို လောင်းထည့်ကာ သူမကို တလေးတစား ကမ်းပေးလိုက်သည်။ သို့သော် တစ်ဖက်သူကမူ နှစ်လိုဟန်မတူ၊ ဝိုင်ခွက်ကို စိတ်မရှည်စွာဖြင့် ဘေးသို့ တွန်းပို့ရင်း အေးစက်စွာ ပြောလိုက်သည်။ 


"မင်းဘာသာမင်းပဲ သောက်လိုက် ဒီရက်ပိုင်း ငါ့အသားအရေတွေ ခြောက်နေလို့ ‌အများကြီး သောက်လို့မရဘူး ..." 


လင်းလဲ့ယန်ထံသို့ ဝိုင်အချို့ လွင့်စင်လာတော့သည်။ သူက စိတ်ကို ထိန်းချုပ်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။ 


"မြောင်ကျဲ ကျဲရဲ့ ကျန်းမာရေးကို သေချာလေး ဂရုစိုက်သင့်တယ်နော် ဒီတစ်ခွက်ကို ကျွန်တော်ပဲ သောက်လိုက်ပါ့မယ် ..." 


သူက ဝိုင်ခွက်ကို သောက်လိုက်သည့်တိုင် သူမကမူ အာရုံစိုက်ဟန်မတူ။ ဝိုင်တစ်ခွက်ကိုကိုင်ကာ ရှောင်ကျားရှုရှိရာ စားပွဲဆီသို့ တောက်တောက်ပပ ပြုံးလျက် ထွက်သွားလိုက်တော့သည်။ သူမက ရှောင်ကျားရှုအနားသို့ ကပ်ကာ တီးတိုးပြောလိုက်သည်။ 


တစ်ဖက်သူက သူမနှင့် ခွက်ချင်းတိုက်ကာ ဝိုင်တစ်ငုံ သောက်လိုက်သော်ငြား အမူအယာမှာမူ စိတ်မရှည်လေဟန်တို့ဖြင့် ပြည့်နှက်နေပေသည်။ သူမလည်း စိတ်ဝင်စားမှု မရှ်ိလေသည်ကို ခံစားမိသည့်အတွက် စကားအနည်းငယ် ပြောပြီးနောက် ရင်းနှီးမြှုပ်နှံသူများကြားထဲ ရောနှောပျောက်ကွယ်သွားတော့သည်။ 


ထိုမြင်ကွင်းကို မြင်လိုက်ရသည့် လင်းလဲ့ယန်အဖို့လည်း မှန်ကြည့်နေသည့်နှယ်ပင်။ ဤတစ်ကြိမ်တွင်တော့ မြောင်မူချင်က သူ့နေရာ ရောက်သွားသည့်အတွက် မျက်လုံးများ နီရဲလာသည်အထိပင် မျိုသိပ်ခဲ့ရသည့် မတရားခံရမှုအားလုံး ထွက်ပေါက်ရသွားတော့သည်။ 


မကြာမီတွင်ပင် ခြေလှမ်းကျယ်ကျယ်လှမ်းလာသော ကျိမြန်ကို သတိထားမိလိုက်သည်။ သူ့ရုပ်ရည်မှာ အလွန်အမင်း ခန့်ညားကာ တင့်တယ်လှသည့်အပြင် လှုပ်ရှားမှုတိုင်းမှာလည်း မျက်စိမလွှဲနိုင်လောက်စရာ ကောင်းအောင်ပင် ထူးကဲလွန်းလှပေသည်။ ရင်းနှီးမြှုပ်နှံသူများနှင့် ကလူကျီစယ်နေသော မြောင်မူချင်ကလည်း သူ့အနားသို့ လျှောက်လာသော်ငြား ကျိမြန်က အလွန်အေးစက်သည့် အမူအယာဖြင့် သူမကို တားမြစ်လိုက်သည်။ 


ထိုသည်ကို မြင်လိုက်ရသည့်အခါ လင်းလဲ့ယန်၏ မကျေနပ်မှုတို့ လုံးဝ လွင့်စင်ပပျောက်သွားကာ နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်လာတော့သည်။ 


ဒါက တမင်တကာ လုပ်လိုက်တာ ထင်တယ် ... 


ကျိမြန်က သူ့ကို ကြင်နာမှုတို့ ဖုံးလွှမ်းနေသည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ 


"သွားရအောင် မင်းကို စီနီယာတွေနဲ့ လိုက်ပြီး မိတ်ဆက်ပေးမယ် ..." 


"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျိကော ..." 


လင်းလဲ့ယန်က ဖန်ခွက်တစ်ခွက်ကိုယူကာ သူ့နောက်မှ လိုက်လာလိုက်သည်။ သူက မပြုံးမိစေရန်ပင် သတိကြီးကြီး ထားနေရတော့သည်။ 


ဒီလူတွေသာ သူနဲ့ ကျိမြန်က ချစ်သူတွေမှန်း သိသွားရင် ဘယ်လိုဖြစ်ကုန်ကြမလဲ မသိဘူး သေချာပေါက်ကို ရှော့ရသွားကြမှာပဲ ဟုတ်တယ် မဟုတ်လား ... 


လင်းလဲ့ယန်မှာ တွေးလေလေ ပိုပြီး သဘောခွေ့လာသည့်အတွက် မရယ်မိစေရန်ပင် မနည်း ထိန်းထားရတော့သည်။ 


Xxxxxxxxxx