အပိုင်း ၁၁
Viewers 57k

Chapter 11


သူ့ဘော့စ်က ဆင့်ခေါ်နေတာလေ ဘယ်လိုလုပ် မသွားဘဲ နေလို့ရမှာလဲ ... 


ရှောင်ကျားရှုက အနည်းငယ် နာကျင်နေသေးသော ပါးနှစ်ဖက်ကို အသာပွတ်သပ်ရင်း သူတို့စားပွဲရှေ့အထိ သွားကာ နှုတ်ဆက်လိုက်သည်။ 


"ကျိကော ခွင်းကော နေ့လည်စာ လာစားကြတာလား ..." 


"ထိုင်လေ ..." 


ကျိမြန်က သူနှင့် မျက်နှာချင်းဆိုင်ရှိ ခုံကို ညွှန်ပြရင်း စားပွဲထိုးကိုပါ လှမ်းခေါ်လိုက်သည်။ 


"စောစောက မှာထားတဲ့အထဲကို အမဲသားစတိခ်တစ်ပွဲ ထပ်ပေါင်းပေးပါ ငရုတ်ကောင်းနဲ့ ကျက်တာကတော့ အနေတော်လောက်ပေါ့ ..." 


"ဟုတ်ကဲ့ပါ မစ္စတာကျိ နောက်ထပ် ဘာများ ထပ်မှာချင်သေးပါသလဲ ..." 


စားပွဲထိုးက ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။ 


ကျိမြန်က ရှောင်ကျားရှုကို လှမ်းကြည့်လိုက်လျှင် သူက အသည်းအသန် လက်ယမ်းပြလိုက်သည်။ 


"ဘာမှ မမှာတော့ပါဘူး ကျေးဇူးတင်ပါတယ် ..." 


အမဲသားစတိခ်ပဲ လာပြန်ပြီလား ... ငရုတ်ကောင်းတောင် ထပ်ထည့်ခိုင်းလိုက်သေးတယ် ဒီထက်ပိုပြီး ကောင်းပေးလို့ မရတော့ဘူးလား ... ဒီ ရုပ်ရှင်ဧကရာဇ်က ကြင်နာထောက်ထားတတ်ပြီးတော့ အကျင့်စာရိတ္တကောင်းတယ်လို့ ထင်ခဲ့ပေမယ့် ကျန်တဲ့သူတွေကို ရွေးချယ်ခွင့် မပေးဘဲ သူ့စိတ်တိုင်းကျ လုပ်ရတာကိုပဲ အသားကျနေတဲ့ အာဏာရှင်ကြီး ဖြစ်နေတာပဲ သူနဲ့ စားရတဲ့ ထမင်းနှစ်နပ်ကိုပဲ ကြည့်ပါ့လား အမြဲတမ်း သူပဲ ဦးအောင်မှာပြီး တစ်ခြားသူ ဘာစားချင်လဲဆိုတာကိုကျ ဘယ်တော့မှ မမေးဘူး ... 


ရှောင်ကျားရှုမှာ ငြင်းဆန်လိုက်ချင်သော်ငြား သူ၏ ကောင်းမွန်သော အမူအကျင့်များက ထိုသို့ ငြင်းခွင့် မပြုချေ။ 


"ယို့ ဘယ်သူကများ ငါတို့သခင်လေးရှောင်ကို ဒေါသထွက်အောင် လုပ်လိုက်တာလဲကွ မျက်နှာကြီးကို မည်းမှောင်နေတာပဲ ..." 


လီကျားအကြောင်း တွေးနေသေးသည်ဟု ကောက်ချက်ချလိုက်သည့် ဖန်ခွင်းက အဓိပ္ပါယ်အပြည့်ဖြင့် မေးလိုက်သည်။ 


ကွေ့ပတ်ပြောနေရခြင်းကို အားမသန်လှသည့် ကျိမြန်ကမူ ဆိုလိုရင်းကိုသာ တည့်တိုး ပြောလိုက်သည်။ 


"လီကျားက မင်းကို ဘယ်လိုမျိုး ရန်စခဲ့လို့ သူမရဲ့လမ်းကို ပိတ်ဆို့ဖို့ ကြိုးစားရတာလဲ ..." 


"ဘယ်လိုလုပ်ပြီး သိသွားကြတာလဲ ..." 


ရှောင်ကျားရှုက အံ့ဩတကြီး မေးလိုက်သည်။ လတ်တလောတွင် သူသည် အနုပညာလောက၌ လျှို့ဝှက်ချက်ဟူ၍ မရှိ၊ သူ့ဘေးနားရှိ လူများက ထုတ်ပြောလိုစိတ် ရှိမရှိပေါ်တွင်သာ မူတည်နေကြောင်း မသိသေးချေ။ 


ဒီ မကောင်းတဲ့ကောင်ကတော့ လုပ်ရဲပြီး ဝန်မခံရဲ‌ဘူးပေါ့ ဟုတ်လား ... 


ဖန်ခွင်းက စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားသည့်တိုင် အပြင်ပန်းတွင်မူ အပြုံးတစ်ပွင့်ကို ချိတ်‌ဆွဲထားရင်း အေးအေးလူလူဖြင့် မေးလိုက်သည်။ 


"မင်းတို့နှစ်ယောက်က မနေ့ကမှ ပထမဆုံး တွေ့ဖူးကြတာ မဟုတ်လား အဲဒီ့အချိန်အတောအတွင်းမှာ တစ်ခုခုများ နားလည်မှု လွဲခဲ့တာ ရှိလို့လား လာပါ လာပါ ပြောပြစမ်းပါ နားလည်မှု လွဲနေတာ ရှိရင်လည်း ပြဿနာကြီးမသွားခင် စောစောစီးစီး ဖြေရှင်းထားရအောင်လေ လူဆိုတာမျိုးက နည်းနည်းလေး သည်းခံပေးရတယ်ကွ အဲဒါမှ နောက်တစ်ကြိမ် ပြန်တွေ့ရင် မျက်နှာမပူရမှာလေ အနုပညာလောကက သေးသေးလေးဆိုတော့ တစ်ချိန်မဟုတ် တစ်ချိန် ပြန်တွေ့ကြမှာပဲ မဟုတ်လား ဒီလိုကြီး သေမယ့်လမ်းအထိ တွန်းပို့နေလို့ မရဘူးလေ ..." 


သူ့သူငယ်ချင်းသာ စကားပြောနိုင်သေးရင်လည်း လီကျားအကြောင်း ပြောချင်မှာ မဟုတ်ဘူး အဲဒါကြောင့် သူလည်း အပြင်လူတွေကို ရှည်ရှည်ဝေးဝေး ရှင်းပြနေစရာအကြောင်း မရှိဘူး အခုကနေစပြီးတော့ အဲဒီ့ သည်းမခံနိုင်လောက်စရာကောင်းအောင် ညစ်ညမ်းတဲ့ အမှတ်တရတွေကို မီးရှို့ ပြာချပစ်တော့မှာ လီကျားလည်း ထွက်သွားရပြီဆိုတော့ သူ့သူငယ်ချင်းအတွက် နောက်ဆုံးလုပ်ပေးရမယ့် ကိစ္စလည်း လတ်စသတ်နိုင်ခဲ့ပြီ ... 


ထိုသို့ တွေးပြီးနောက် ရှောင်ကျားရှုက လက်ကိုယမ်းကာ ပြောလိုက်သည်။ 


"နားလည်မှုလွဲတဲ့ကိစ္စမျိုး မရှိပါဘူး ကျွန်တော် ပစ်မှတ်ထားနေတဲ့သူက လီကျားပဲ သူမကို မနှောင့်ယှက်ခင် သေချာစုံစမ်းထားတဲ့အတွက် လူမှားစရာအကြောင်း မရှိဘူး ..." 


ဖန်ခွင်း "..." 


ဒီစကားတွေက အရမ်းကို တည့်တိုးဆန်လွန်းလို့ ပြန်ချေပစရာကို မရှိတော့ဘူး ... 


ကျိမြန်က ဓားနှင့်ခက်ရင်းကို ချကာ လူငယ်လေးကို စိုက်ကြည့်လိုက်သည်။ သူ့လေသံမှာ ညင်သာနေသည့်တိုင် အလျော့ပေးလိုဟန် မရှိချေ။ 


"ဒါဆိုလည်း ပြောပြလေ သူမကို ဘာလို့ ဒီလောက် မုန်းနေရသလဲဆိုတာ အကြောင်းပြချက်တစ်ခုတော့ ရှိရမှာပေါ့ ..." 


အရမ်းကို နိုင်လိုမင်းထက်နိုင်တာပဲ ... 


ရှောင်ကျားရှု၏ မျက်နှာမှာ ရှုံ့တွသွားကာ စိတ်မရှည်ဟန်တို့ ဖုံးလွှမ်းလာတော့သည်။ ထိုအချိန်တွင်ပင် စားပွဲထိုးက ငရုတ်ကောင်း အမဲသားစတိခ်ကို အချိန်ကိုက် ယူလာသည်။ မွှေးပျံ့နေသည့် သင်းရနံ့က သူ့နှာခေါင်းဝအထိ ပျံ့လွင့်လာသည့်တိုင် စား‌၍ မရသည့်အတွက် ပိုပြီး ဒေါသထွက်လာတော့သည်။ 


ဒီလူတွေက ကန်းနေကြတာလား ဝမ့်ရှစ်ချီလို မိန်းမရဲ့ လှည့်စားတာကို ခံထားရတာတောင် ကာကွယ်ပေးချင်နေကြသေးတယ်ပေါ့ တကယ်ပဲ စိတ်တွေကို ကုန်နေပြီ ပြီးတော့ ပိုပြီး သည်းမခံနိုင်စရာကောင်းတာ ဘာလဲသိလား ဒီစားသောက်ဆိုင်ရဲ့ အမဲသားစတိခ်က ‌ေသာက်ရမ်းအရသာ ရှိတာကို မစားဘဲ ငေးကြည့်နေရတယ်လေ ... 


ရှောင်ကျားရှုက ဓားနှင့် ခက်ရင်းကို ကိုင်ကာ အမဲသားကို အတုံးခပ်သေးသေး လှီးဖြတ်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။


"ဒီလိုဆိုရင်ရော ခင်ဗျားတို့ကို ဇာတ်လမ်းလေးတစ်ပုဒ် ပြောပြမယ်လေ ..." 


တကယ်ပဲ တကယ်ကို ဇာတ်လမ်းတစ်ပုဒ် ရှိနေတာပဲ ... 


ဖန်ခွင်းက အတင်းအဖျင်းတို့ကို နားထောင်ရန် နားကို အစွမ်းကုန် စွင့်ထားလိုက်တော့သည်။ 


ကျိမြန်က သူ့ကို ခပ်သာသာ ခေါင်းငြိမ့်ပြရင်း တစ်ယဉ်တစ်ကျေး ‌ပြောလိုက်သည်။ 


"ကိုယ်တို့အားလုံး နားထောင်နေတယ် ..." 


"ဟိုးရှေးရှေးတုန်းက လယ်သမားတစ်ယောက် ရှိတယ်တဲ့ သူ့မှာ အစ်ကိုကြီးတစ်ယောက်နဲ့ ညီမလေးတစ်ယောက် ရှိပြီးတော့ သူက သားလတ်ဖြစ်တဲ့အတွက် မိဘတွေကလည်း သူ့ကို သိပ်ပြီးတော့ အလေးမထားကြဘူး မိဘတွေ ဆုံးပါးသွားတဲ့အချိန်မှာ သူ့အစ်ကိုကြီးအတွက် လယ်တွေ အများကြီး ချန်ထားပေးခဲ့ပြီး သူ့ညီမလေးအတွက်လည်း သတို့သမီး ခန်းဝင်ပစ္စည်းတွေ အများကြီး ချန်ထားပေးခဲ့တယ် ဒါပေမယ့် သူ့အတွက်တော့ တောင်ခါးပန်းမှာရှိတဲ့ ကျက်တီးမြေတစ်ခုကလွဲလို့ ဘာအမွေပစ္စည်းရယ်လို့မှ မည်မည်ရရ မချန်ထားပေးခဲ့ဘူးတဲ့ သူကတော့ မိဘတွေက သူ့ကို မမျှမတ ဆက်ဆံတယ်လို့ သဘောမထားဘဲ ကံကြမ္မာအလိုအရပဲဆိုပြီး သာသာလေး လက်ခံထားလိုက်တယ်လေ ဒါပေမယ့် သူက ဉာဏ်ကောင်းတဲ့လူတစ်ယောက်ဆိုတော့ အားတဲ့အချိန်မှာ လက်သမားအတတ်ပညာတွေသင်၊ သူ့ဘေးနားက လူတွေအတွက် ပရိဘောဂလေး လုပ်ရောင်းရင်းနဲ့ပဲ တစ်ဖြည်းဖြည်း ငွေကြေးစုဆောင်းမိလာတယ်လေ ဒါကို မြင်သွားတဲ့ သူ့အစ်ကိုနဲ့ ညီမက မနာလို ဖြစ်လွန်အားကြီးလို့ မိန်းမ‌လှလေးတစ်ယောက်ကို ရှာပြီး ..." 


ရှောင်ကျားရှု၏ ဇာတ်လမ်းမှာ အလွန်ရှည်လျားလှပေသည်။ ဖန်ခွင်းနှင့် ကျိမြန်တို့က ရှောင်ကျားရှုနှင့် လီကျားတို့သည် မိသားစုအမွေအတွက် နှစ်ရှည်လများ တိုက်ခိုက်ခဲ့ကြကာ လီကျားသည် သူ့အစ်ကို သို့မဟုတ် ညီမက ရှာလာခဲ့သည့် ဖျားယောင်းမည့် မိန်းမလှလေးဟု တိတ်တဆိတ် တွေးလိုက်မိသော်ငြား ရှောင်ကျားရှုက သူတို့အကြံကို ကြိုသိနေလိမ့်မည်ဟုတော့ မျှော်လင့်မထားပေ။ 


ဟမ် ဒီအကြောင်းပြချက်ကလည်း လက်ခံလို့တော့ ရပါတယ်လေ ... 


ဇာတ်လမ်းမှာ စိတ်ဝင်စားစရာ ကောင်းလှသည့်အတွက် သူတို့နှစ်ဦးလည်း တစ်ဖြည်းဖြည်း ဇာတ်လမ်းထဲ မျောပါသွားတော့သည်။ 


သို့သော် ရှောင်ကျားရှုကမူ ထင်ထားသည်နှင့် မတူညီသည့် ဦးတည်ရာသို့ ပြောင်းလဲလိုက်သည်။ 


"အဲဒီ့ကောင်မလေးက လယ်သမားရဲ့ အပြုအမူတွေကြောင့် လမ်းမှန်ကို ပြန်ရောက်သွားပြီးတော့ သူနဲ့ ချစ်ကျွမ်းဝင်သွားတယ်လေ သူမရဲ့ ခင်ပွန်းလောင်းကိုတောင် စွန့်ပစ်လိုက်တဲ့အထိပေါ့ ..." 


အိုး ... ဒါက လူချမ်းသာမိသားစုရဲ့ အမွေအတွက် တိုက်ခိုက်တဲ့ဇာတ်ကြောင်း မဟုတ်ဘူးပေါ့ ကြည့်ရတာ ရှေးဘဝရဲ့ ရန်ငြှိုးရန်စတွေ ထင်တယ် ... 


ကျိမြန်နှင့် ဖန်ခွင်းတို့နှစ်ဦးလုံးက မျက်မှောင်ကြုတ်ကာ တွေးလိုက်ကြသည်။ သိပ်မကြာခင် အမှန်တရားကို သိရတော့မည်ဟု တွေးမိကြသည့်အတွက် ဇာတ်လမ်းကို ပိုပြီးစိတ်ဝင်တစား နားထောင်လိုက်ကြတော့သည်။ 


ရှောင်ကျားရှုက လယ်သမား မည်သို့မည်ပုံ မိသားစုစီးပွားရေးကို စီမံခဲ့ပုံ၊ ဇနီးနှင့် သားသမီးများကို ချစ်မြတ်နိုးပုံ၊ အိမ်နီးချင်းမိတ်ဆွေများအား ကြင်နာတတ်ပုံတို့ကို ဆယ်မိနစ်နီးပါး စီကာပတ်ကုံး ပြောပြပြီးနောက် ... 


"တစ်နေ့ကျတော့ လူချမ်းသာကြီးအဖြစ် လူသိများနေပြီဖြစ်တဲ့ လယ်သမားက လယ်ကွက်တစ်ခုကို ဖြတ်သန်းသွားတဲ့အချိန်မှာ လယ်ကွင်းရဲ့ဘေးနားလေးမှာ အေးခဲနေတဲ့ ‌ မြွေပွေးတစ်ကောင်ကို တွေ့ခဲ့တယ်တဲ့လေ အဲဒီ့မြွေပွေးကို အရမ်း သနားသွားတဲ့အတွက် သူ့ရင်ခွင်ထဲ ထည့်ပြီးတော့ အနွေးဓာတ်ပေးလိုက်တယ်တဲ့ ဒါပေမယ့် အဲဒီ့မြွေပွေး နိုးလာတဲ့အချိန်မှာ ကျေးဇူးမတင်ရုံတင် မကဘူး သူက လယ်သမားကို သေတဲ့အထိ ပေါက်သတ်လိုက်တယ်လေ ကြည့်ပါ့လား ဒါက လူကောင်းဖြစ်ချင်ပြီး သတိမရှိတဲ့ လူတွေရဲ့ သွားရာလမ်းပဲ ..." 


"ခလွမ် ..." 


ဖန်ခွင်း၏ လက်ထဲရှိ ဓားနှင့် ခက်ရင်းတို့မှာ မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။ 


ရေသောက်နေသည့် ကျိမြန်မှာလည်း ပါးစပ်ထဲရှိ ရေတို့ကို ထွေးထုတ်မိလုမတတ် ဖြစ်သွားပြီး သူ့ကိုယ်သူ အချိန်မီ ပြန်ထိန်းနိုင်လိုက်၍သာ တော်ပေသေးသည်။ 


ဇာတ်လမ်းက အစောပိုင်းမှာတော့ တော်တော်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ ... လယ်သမားက သူ့အစ်ကိုကြီးနဲ့ ညီမကို မျက်နှာဖြတ်ရိုက်ပြီးတော့ သူရသင့်ရထိုက်တဲ့ အမွေတွေကို ပြန်ယူတယ် သူနဲ့ သူလျှိုမိန်းမလှလေးကြားက သတ္တိနဲ့ ဉာဏ်ရည် အားပြိုင်မှုတွေ၊ အပြန်အလှန် ချစ်ကျွမ်းဝင်သွားမှုနဲ့ တိုက်ခိုက်ခြင်းတွေ ၊ ပြီးတော့ ကြားလူတွေရဲ့ ဝင်ရှုပ်တာတွေကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ပြီးတော့ လူချမ်းသာစုံတွဲ ဖြစ်လာတာတွေ၊ ဇာတ်လမ်းက တစ်ဆင့်ပြီးတစ်ဆင့် ဇာတ်ရှိန် မြင့်သည်ထက်မြင့်လာလွန်းလို့ ဇာတ်ရှိန်ပျက်မှာစိုးလို့ နားရွက်တောင် မလှုပ်ရဲဘူး ဒါပေမယ့် ဇာတ်သိမ်း‌ပိုင်း ရောက်ကာမှ ဒါကြီးက "လယ်သမားနဲ့ မြွေပွေး" အကြောင်း အကျယ်ချဲ့ထားတဲ့ဇာတ်လမ်းကြီး ဖြစ်နေတာတဲ့လား ... 


လှည့်စားခံလိုက်ရပြီဟု သိသွားသည့် အချိန်တွင် ဖန်ခွင်း၏ လက်အစုံတို့မှာ ရိုက်နှက်လိုစိတ်တို့ကြောင့် ယားယံလာပေတော့သည်။ သူက ဓားနှင့်ခက်ရင်းကို ကောက်ကိုင်ကာ လူငယ်လေးကို စူးစူးရဲရဲ စိုက်ကြည့်နေလိုက်သည်။ 


ကျိမြန်ကမူ နှုတ်ခမ်းပေါ်ရှိ ရေများကို သုတ်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။


"လက်ထောက်ရှောင် မင်းကို လက်ထောက်လေးပဲ လုပ်ခိုင်းရတာ တကယ်တော့ အရည်အချင်းတွေကို ဖြုန်းတီးနေသလိုပဲ တကယ်ဆို မင်းက ဇာတ်ညွှန်းရေးတဲ့သူ ဖြစ်လာသင့်တာ မင်းရဲ့ ဇာတ်ကြောင်းပြောနိုင်စွမ်းက တကယ်ကို အံ့မခန်းပဲ ..." 


"တကယ်ကြီးလား ..." 


မှန်းချက်နှင့် နှမ်းထွက် မကိုက်၍ မကျေမနပ်ဖြစ်နေသော ကျိမြန်၏ ဆိုလိုရင်းကို နားမလည်ရှာသည့် ရှောင်ကျားရှုကမူ ခေါင်းတဆတ်ဆတ်ငြိမ့်ကာသာ ပြောလိုက်သည်။ 


"ဆိုတော့ ကျွန်တော့်မှာ ဒီလိုအရည်အချင်းမျိုးလည်း ရှိနေသေးတာပေါ့ လူတွေက ဘယ်လိုနယ်ပယ်မျိုးမှာ ကျွမ်းကျင်တယ် ဘယ်လောက်အထိ ကျွမ်းကျင်တယ်ဆိုတာမျိုးက ကိုယ်တိုင်ကြုံမှ သိနိုင်တာဆိုတာ တကယ် အမှန်ပဲကိုး ..." 


ကျိမြန် "..." 


တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ သူက ဆက်ပြောလိုက်သည်။ 


"မင်းက လယ်သမား လီကျားက မြွေပွေးပေါ့ ဟုတ်လား ..." 


ရှောင်ကျားရှုက ဓားနှင့်ခက်ရင်းကို ချကာ ခေါင်းယမ်းပြလိုက်သည်။ 


"ကျွန်တော်က အဲဒီ့လောက် မရူးနှမ်းဘူး ..." 


ထို့နောက် သူက တစ်ခုခုကို ဆိုလိုချင်ဟန်ဖြင့် မေးစေ့ကို ပွတ်ပြလိုက်သည်။ 


ငါသာ သူမကို မပိတ်ဆို့ရင် သေလောက်အောင် မင်းတို့က ကိုက်သတ်ခံရမယ့် လယ်သမား ဖြစ်လာမှာလေ ... 


ကျိမြန်သည် လူတစ်ဦးကို အလွယ်တကူ ယုံကြည်တတ်သူ မဟုတ်သည့်အတွက် လီကျားအကြောင်း သေသေချာချာ စုံစမ်းခဲ့ရုံသာမက သူမ၏ မိခင်နှင့် သူငယ်ချင်းများကိုပင် တွေ့ဆုံခဲ့သေးသည်။ သူက သူမ၏ အကျင့်စာရိတ္တနှင့် စပ်လျဉ်း၍လည်း လပေါင်းများစွာ အချိန်ယူကာ စုံစမ်းခဲ့သည့်အတွက် ဩဇာအာဏာတွင် ရစ်မူးနေသော အပျော်အပါး လိုက်စားတတ်သည့် သခင်လေးနှင့် နှိုင်းယှဉ်ပါလျှင် လီကျားကိုသာ ပိုပြီး အမြင်ကြည်နေပေသည်။ လတ်တလောအခြေအနေကို အကဲဖြတ်ရပါလျှင် သခင်ငယ်လေးသည် သူ့လုပ်ရပ်များအ‌တွက် အကြောင်းပြချက် ပေးလိုဟန် ရှ်ိမနေချေ။ ဤသည်မှာလည်း ယုတ္တိရှိပေသည်။ သူ့ကဲ့သို့ စားဝတ်နေရေး ပူပန်နေရန် မလိုအပ်သည့် မိုးထက်မှ မင်းသားလေးမှာ အခြေခံလူတန်းစားတို့၏ ရုန်းကန်လှုပ်ရှားရပုံကို သိလိမ့်မည် မဟုတ်ချေ။ 


သူက ... သူကြည့်မရတဲ့သူတွေကို ဘယ်လို ရှင်းပစ်ရမလဲဆိုတာကိုပဲ သိတာလေ ... 


ဤကိစ္စကိုသာ ဆက်ပြီး ဖိနှိပ်နေပါလျှင် လီကျားအဖို့ သက်ညှာမှုအစား မုန်းတီးမှုများသာ တိုးပွားလာမည်ဖြစ်သည်။ ထို့ကြောင့် ကျိမြန်က စကားဝိုင်းကို အဆုံးသတ်လိုက်တော့၏။ 


"စားလို့ ဝသွားပြီ လက်ထောက်ရှောင်က အေးအေးဆေးဆေး စားနေလို့ ရပါတယ် ..." 


ထို့နောက် သူက ဓားနှင့် ခက်ရင်းကို ချကာ ခေါင်းဆတ်ပြရင်း ထွက်လာလိုက်သည်။ 


ဖန်ခွင်းကလည်း သာမန်ကာလျှံကာ ပြုံးပြရင်း သူ့နောက် ပြေးလိုက်သွားလိုက်၏။ 


ဘော့စ်၏ အရှေ့တွင် အမဲသားစတိခ်ကို စားပြရန် မလိုအပ်တော့သည့်အတွက် ရှောင်ကျားရှုလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်တော့၏။ သူက ဇာတ်ကြောင်းအရှည်ကြီးကို ချဲ့ကား မပြောလိုသော်လည်း ထိုသို့ မပြောပါလျှင် စားနေရမည် ဖြစ်သည့်အတွက် ... ပုံပြင်ပြောလိုက်ခြင်းကသာလျှင် အကောင်းဆုံးရွေးချယ်မှု ဖြစ်ပေသည်။ သူက စားပွဲထိုးကို လက်ပြကာ ခေါ်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ 


"အမှာထဲမှာ ဖရုံသီးစွတ်ပြုတ် ပျစ်ပျစ်လေးတစ်ခွက်ပါ ထည့်ပေးပါ ..." 


"ဟုတ်ကဲ့ပါ ကျေးဇူးပြုပြီး ခဏလေး စောင့်ပေးပါနော် ..." 


စားပွဲထိုးက သူ့အမှာကို မှတ်သားရင်း ပြောလိုက်သည်။ 


... 


Xxxxxxxc