Chapter 10
ဖန်ခွင်းမှာလည်း အပေါ်ထပ်တွင် ရှိနေကာ သတင်းအချို့ ရပြီးဟန်ရှိသည်။ သူ့အမူအယာမှာ အလွန်ထူးဆန်းနေပြီး ကျိမြန်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သီးသန့်နေရာတစ်ခုသို့ ဆွဲခေါ်သွားကာ ခပ်တိုးတိုး ပြောလိုက်သည်။
"အဲဒါ ရှောင်ကျားရှုပဲ ပြောပါဦး အဲဒီ့ ဆန်ကုန်မြေလေးကောင်က ဘာလိုချင်နေတယ် ထင်လဲ မနေ့ကမှ သူနဲ့ လီကျား ပထမဆုံး တွေ့ဖူးတာ မဟုတ်လား ရန်ငြှိုးရန်စလည်း မရှိဘဲနဲ့ ဒီလိုလုပ်လိုက်တော့ရော သူ ဘာရသွားမှာတဲ့လဲ ပြီးတော့ ဥက္ကဌရှို့ရောပဲ သူကရော ဘာလို့ ဘာမှ ပြန်မမေးဘဲ သဘောတူလိုက်တာလဲ မသိဘူး ငါပြောသားပဲ သူက လီကျားရဲ့ အရည်အချင်းကို မမြင်တတ်ပါဘူးဆိုနေ သူမက အခုဆို တအားကို နာမည်ကြီးနေတာလေ အရူးအမူးဖြစ်နေတဲ့ ပရိသတ်တွေကကို မီလီယံနဲ့ချီပြီး ရှိနေတာ နည်းနည်းပါးပါးသာ အရောင်တင်လိုက်ရင် မျိုးဆက်သစ် အဆိုနတ်ဘုရားမတောင် ဖြစ်လာနိုင်တာ တကယ့်ကို ငွေရပေါက် အကြီးကြီးလေ ဥက္ကဌရှို့ရဲ့ လုပ်ရိုးလုပ်စဉ်အရဆို ဒီလိုမျိုး နည်းလမ်းမကျတဲ့ တောင်းဆိုချက်ကြီးကို လက်ခံနိုင်စရာ အကြောင်းမှ မရှိတာ ဟုတ်တယ်မဟုတ်လား သူတို့နှစ်ယောက်က သားအဖအရင်းတွေ ဖြစ်နေလို့များလား ..."
"တကယ်ပဲ သူ့လက်ချက်ပဲပေါ့ ..."
ကျိမြန်က မျက်ခုံးနှစ်ခုကို တွန့်ကျုံ့ရင်း အလိုမကျဟန်ဖြင့် မေးလိုက်သည်။
"နောက်ကွယ်က အကြောင်းအရင်းကိုရော သိရပြီလား ..."
"ဟင့်အင်း သူပြောတာတော့ ဘာကြောင့်ပဲဖြစ်ဖြစ် သူမကို ပိတ်ဆို့မှာပဲတဲ့ ငါ့အထင်ပြောရရင် ဒီကောင်က လွှမ်းမိုးနိုင်တဲ့ ဥက္ကဌပုံစံ ဖမ်းချင်နေတာများလားပဲ လီကျားကို လမ်းဆုံးရောက်အောင် တွန်းပို့ပြီးမှ သူမရဲ့ သကြားဒယ်ဒီ လုပ်ပေးတာမျိုးလေ ဖြစ်နိုင်လောက်တယ်နော် ..."
ဖန်ခွင်း၏ အတွေးတို့မှာ တစ်ဖြည်းဖြည်း အရိုင်းဆန်ကုန်တော့၏။
ကျိမြန်ပါ ထိုအတွေးထဲ မျောသွားသေးသော်ငြား နောက်ဆုံးတွင်မူ သူက အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
"ဘာကြောင့်ပဲဖြစ်ဖြစ် ငါကတော့ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး ..."
ထို့နောက် ဥက္ကဌရုံးခန်းထဲသို့ ဝင်သွားတော့သည်။
ဖန်ခွင်းကမူ လိုက်ဝင်မသွားရဲ။ နောက်ထပ် ရွေးချယ်စရာလည်း မရှိသည့်အတွက် အချက်အလက်များ ပိုပြီး ညှစ်ထုတ်နိုင်စေရန် အတွင်းရေးမှူးရုံးခန်းထဲသို့သာ အလည်သွားလိုက်တော့သည်။
"ရောက်လာပြီပဲ ..."
ရှို့ချန်ယုက ကျိမြန် ရောက်လာသည်ကို အံ့ဩဟန်မပြ။
"ထိုင်ပါ ..."
ကျိမြန်က ဘေးဘီသို့ ဝေ့ဝဲ အကဲခတ်လိုက်လျှင် ရှောင်ကျားရှုမှာ ထွက်သွားနှင့်ပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူ ပို့ခိုင်းလိုက်သည့် ဖိုင်မှာ ရှို့ချန်ယု၏ လက်ထဲတွင် ရှိနေကာ ထိုသူက လှန်လှောဖတ်ရှုနေသည်။
"ဥက္ငဌရှု ကျွန်တော်တို့ ကုမ္ပဏီက သရုပ်ဆောင်ကောင်းတွေကို ပျိုးထောင်ပေးရာမှာ ကျွမ်းကျင်တဲ့အတွက် ရုပ်ရှင်ဧကရာဇ်တွေ၊ ရုပ်ရှင်ဘုရင်မတွေကို အများကြီး မွေးထုတ်ပေးနိုင်ခဲ့ပေမယ့် ဂီတနယ်ပယ်မှာ လွှမ်းမိုးနိုင်တဲ့ အဆိုတော်ကိုတော့ တစ်ယောက်မှ မမွေးထုတ်ပေးနိုင်သေးဘူးနောါ တကယ်လို့ ကျွန်တော်တို့သာ လီကျားနဲ့ စာချုပ်ချုပ်နိုင်ရန် ဒီကွက်လပ်ကို ဖြည့်နိုင်မှာလေ ဘာဖြစ်လို့ သူမကို ငြင်းပယ်လိုက်ရတာလဲ သူမက မျိုးစေ့ကောင်း တစ်စေ့ဆိုတာ သေချာ ဂရုတစိုက် စောင့်ကြည့်ရင် သိနိုင်ပါတယ် ..."
သူက လေပြေအေးဖြင့် ပြောလိုက်သည်။
"မင်းရဲ့ မေးခွန်းကို မဖြေခင် ငါ့ဘက်ကလည်း တစ်ခုလောက် ပြန်မေးချင်တယ် ..."
ရှို့ချန်ယုက ဖိုင်ကို ချကာ စိတ်အေးလက်အေး ပြန်ပြောလိုက်သည်။
"ဖျော်ဖြေရေးသမားတစ်ယောက်အတွက် ပင်ကိုယ်ပါရမီက အရေးကြီးလား ဒါမှမဟုတ် ပင်ကိုယ်စိတ်ရင်းက အရေးကြီးလား ..."
ကျိမြန်မှာ ထိုသို့ မေးလာမည်ဟု မထင်ထား၍ ကြက်သေသေသွားတော့သည်။ အနည်းငယ် တုန့်ဆိုင်းသွားသည့်တိုင် သူက ခေါင်းမာမာဖြင့် ပြန်ဖြေလိုက်သည်။
" သေချာပေါက်ကို ပင်ကိုယ်စိတ်ရင်းပေါ့ ..."
"မင်း ဒီလို ဖြေလိမ့်မယ်လို့ သိသားပဲ ..."
ရှို့ချန်ယုက သဘောတွေ့လေဟန်ဖြင့် ခပ်ပြုံးပြုံး ပြောလိုက်သည်။
"အနုပညာလောကဆိုတာ အရမ်းကို ရှုပ်ထွေးလွန်းတယ် လူ့ကျင့်ဝတ်တွေ၊ ယဉ်ကျေးမှုတွေနဲ့ ပတ်သက်တဲ့ အခြေခံစည်းမျဉ်းဆိုတာကလည်း တစ်နေ့ထက် တစ်နေ့ နိမ့်ဆင်းသွားပြီးတော့ ပရိသတ်တွေက သတိမထားမိ၊ မီဒီယာက ရှာမတွေ့မိသရွေ့ လူထုဆက်ဆံရေးဌာနရဲ့ အကူအညီနဲ့ ပရိသတ်မျက်စိထဲမှာ လုံးဝ ပြီးပြည့်စုံတဲ့ လူတစ်ယောက်လိုမျိုး ဖန်တီးလို့ ရနေတယ်လေ ဒါပေမယ့် တကယ့် လက်တွေ့မှာရော ဒီလိုမျိုး ပြီးပြည့်စုံနေရဲ့လား အများစုက အရိုးထဲအထိကို ပုပ်သိုးဆွေးမြည့်နေကြပြီလေ ... မင်းကို ငါ အမြဲတမ်း ပြောခဲ့ဖူးပါတယ် ဖျော်ဖြေရေးသမားတစ်ယောက်အနေနဲ့ မင်းကို ဘယ်လိုတွေ မြင်ကြမလဲဆိုတာက အရေးအကြီးဆုံး မဟုတ်ဘူး မင်းရဲ့ အကျင့်စာရိတ္တနဲ့ ကိုယ့်ကိုယ်ကို ချုပ်တည်းနိုင်စွမ်းကသာ အရေးအကြီးဆုံးပဲ ဒါမှသာ မင်းပရိသတ်တွေရဲ့ ရင်ထဲမှာ ထာဝရ ရှင်သန်နိုင်မှာ ..."
"လီကျားရဲ့ အကျင့်စာရိတ္တပိုင်းဆိုင်ရာမှာ ပြဿနာရှိနေတယ်လို့ ဆိုလိုချင်တာလား ဘယ်ကနေ ကြားလာခဲ့တာလဲ ..."
ကျိမြန်က ခေါင်းကို အသာယမ်းကာ ပြောလိုက်သည်။
"သူမနဲ့ စာချုပ်ချုပ်နိုင်ဖို့ စိတ်ဝင်စားခဲ့တာက ကျွန်တော်ဆိုတော့ သေချာပေါက်ကို နောက်ကြောင်း လိုက်ပြီးသားပါ သူမမှာ ပြစ်မှုမှတ်တမ်း ရှိနေတယ်ဆိုပေမယ့် နစ်နာသူအဖြစ်ပဲ ရှိခဲ့တာလေ ဒါက နည်းနည်းလေး အကျိုးသက်ရောက်မှု ရှိနိုင်ပေမယ့် လူထုအမြင်ကိုသာ ကောင်းကောင်းကိုင်တွယ်နိုင်ရင် ကရုဏာသက်မှုကိုပါ သိမ်းကြုံးယူနိုင်သေးတာပဲ ပြီးတော့ သူမက အရည်အချင်းအပြည့်နဲ့ အဆိုတော် ဖြစ်နေတဲ့အတွက် ဒီလိုမျိုး လူထုအမြင်တိုက်ပွဲကြားကနေ သေချာပေါက် ရှင်သန်နိုင်မှာပဲလေ ..."
"ဘာမှ ထပ်ပြောဖို့ မလိုအပ်တော့ဘူး ငါ ဆုံးဖြတ်ပြီးသွားပြီ ..."
ရှို့ချန်ယုက လုပ်ဖော်ကိုင်ဖက်များ၏ ထင်မြင်ချက်ကို နားထောင်ပေးရာတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်သော်ငြား စိတ်ဆုံးဖြတ်လိုက်သည်နှင့်တစ်ပြိုင်နက် ပြန်လည် ပြောင်းလဲနိုင်ရန် မလွယ်ကူတော့ချေ။
ကျိမြန်မှာ လက်လျော့ရုံမှတစ်ပါး ရွေးစရာမရှိတော့ချေ။ အနည်းငယ် တွေးတောနေပြီးနောက် သူက မေးလိုက်သည်။
"ဒါဆို ဘယ်လောက်အထိ လုပ်မယ်လို့ စီစဉ်ထားလဲ သူမကို အနုပညာလောကကနေ လုံးဝ ကန်ထုတ်လိုက်ပြီး ကင်မရာရှေ့ကို လုံးဝ ပေါ်မလာနိုင်အောင် လုပ်ဖို့အထိ စီစဉ်ထားတာလား ..."
ရှို့ချန်ယုက သူ့ကို လက်ယမ်းပြလိုက်သည်။
"မဟုတ်ဘူး သူမနဲ့ စာချုပ်မချုပ်ချင်ရုံတင် သရဖူခေတ်၊ တော်ဝင်သရဖူနဲ့ ကံကောင်းခြင်းရေစင် ကလွဲလို့ တစ်ခြား ဘယ်အေဂျင်စီနဲ့ပဲ စာချုပ် ချုပ်ချုပ် ဂရုမစိုက်ဘူး အောင်မြင်တာ မအောင်မြင်တာကတော့ သူမရဲ့ အရည်အချင်းပေါ်ပဲ မူတည်မှာပေါ့ ..."
ထိုအခါမှ ကျိမြန်လည်း စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချနိုင်တော့သည်။ အနုပညာလောကတွင် ရှို့ချန်ယု၏ ဂုဏ်သတင်းမှာ သိပ်မကောင်းလှ။ အစောပိုင်းနှစ်များက သူသည် မိန်းမလိုက်စားသူတစ်ဦး ဖြစ်ခဲ့ကာ အမျိုးသမီး အနုပညာရှင် အများအပြားနှင့်လည်း သတင်းထွက်ခဲ့ဖူးပေသာ်။ သို့သော် နောက်ပိုင်းတွင် ရုတ်ချည်း ပြောင်းလဲသွားကာ ကုမ္ပဏီတစ်ခုကို အတည်တကျ အုပ်စီးခဲ့ပြီး သူ့နည်းလမ်းများမှာလည်း တစ်ဖြည်းဖြည်း ရက်စက်လာတော့သည်။ အကယ်၍ တစ်ယောက်ယောက်ကသာ သူ့ကို အပြစ်ပြုရဲခဲ့ပါလျှင် အောင်မြင်ရန် မဆိုထားနှင့် အနုပညာလောကထဲတွင် ခြေချရန်ပင် မလွယ်ကူတော့ချေ။ သူက လီကျားကို ပိတ်ဆို့မည်ဟု ပြောလိုက်သည့်တိုင် သူမအတွက် လွတ်လမ်းတစ်ခု ချန်ပေးထားသည့်အတွက် သူမကို လမ်းဆုံးအထိ တွန်းပို့နေသည်ဟု ယူဆ၍ မရနိုင်သေးချေ။
"ညှာတာထောက်ထားပေးတဲ့အတွက် ဥက္ကဌရှို့ကို ကျေးဇူးတင်ပါတယ် ..."
ကျိမြန်က မတ်တပ်ရပ်ကာ အခန်းထဲမှထွက်ရန် ပြင်လိုက်သည်။
ရှိူ့ချန်ယုက သူ့ကို အဓိပ္ပါယ်အပြည့်ဖြင့် ပြောလိုက်သည်။
"သူမက မင်းရဲ့ ကျေးဇူးတင်စိတ်နဲ့ မထိုက်တန်ဘူး ရှောင်မြန် လူတစ်ယောက်ရဲ့ သဘောထားက မျက်နှာလေးကို ကြည့်ရုံနဲ့တင် ဆုံးဖြတ်လို့ မရဘူး မင်းက အရမ်းကို သဘောထား ပျော့ပြောင်းလွန်းနေတယ် လူတိုင်းကို ကူညီမနေနဲ့ ..."
ကျိမြန်က အသံခပ်အက်အက်ဖြင့် ပြန်ပြောလိုက်သည်။
"တကယ်လို့ ခင်ဗျားသာ ကျွန်တော့်ကို မကူညီခဲ့ရင် ကျွန်တော် အခု ဒီနေရာမှာ ရပ်နေနိုင်မှာတဲ့လား စေတနာတရားတွေဆိုတာက လက်ဆင့်ကမ်းရမှာပဲလေ ကျွန်တော့်အနေနဲ့ ကူညီပေးနိုင်တာရှိရင် ကူညီပေးလိုက်မှာပဲ ဘာမှ မျှော်လင့်မနေဘူး ..."
"မင်း ..."
ရှို့ချန်ယုက ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်ရင်း တံခါးဝအထိ လိုက်ပို့ပေးလိုက်သည်။
....
"တစ်ခုခု သိခဲ့ရသေးလား ..."
ဓာတ်လှေကားထဲ ရောက်သည်နှင့်တစ်ပြိုင်နက် ဖန်ခွင်းက ခပ်တိုးတိုး မေးလာသည်။
"ဟင့်အင်း ..."
ကျိမြန်က ခေါင်းကိုသာ အသာယမ်းပြလိုက်သည်။ ရုံးခန်းထဲသို့ ပြန်ရောက်ပြီးနောက် အချိန်အတော်ကြာ စောင့်ဆိုင်းနေသော လီကျားအား စကားမပြောသေးဘဲ ဖုန်းခေါ်ဆိုမှု အနည်းငယ်ကို စတင်လိုက်သည်။
"တော်ဝင်သရဖူ၊ သရဖူခေတ်နဲ့ ကံကောင်းခြင်းရေစင်က မင်းနဲ့ စာချုပ်ချုပ်ဖို့ စိတ်ကူးမရှိဘူး ဆိုပေမယ့် မင်းကို ဒီလောကကနေ ပိတ်ဆို့လိုက်တာတော့ မဟုတ်ဘူး မင်းကို ထောက်ပံ့ပေးမယ့် အစီအစဉ် မရှိရုံလေးတင်ဆိုတော့ တစ်ခြား အေဂျင်စီတစ်ခုနဲ့ ဆက်သွယ်ပေးမယ် ဒါက အဲဒီ့အေဂျင်စီက တာဝန်ရှိတဲ့သူရဲ့ လိပ်စာကတ် တစ်ချက်လောက် သွားစုံစမ်းကြည့်လိုက် ..."
ဖြူဖျော့နေသော မျက်နှာပိုင်ရှင် လီကျားက ကတ်ကို လှမ်းယူရင်း ကျေးဇူးတတင် ပြောလိုက်သည်။
"ကျိကော ကျေးဇူးတင်ပါတယ် လုံးဝ ပိတ်ဆို့တာ မဟုတ်ဘူးဆိုတော့ ကျွန်မက တစ်ခြား အေဂျင်စီနဲ့ လက်တွဲလို့ ရနေသေးတယ်လို့ ဆိုလိုတာလား ကျွန်မမှာ အခွင့်အရေး ရှိသေးတယ်ပေါ့ ဒါဆို နောက်ကွယ်က ကြိုးကိုင်တဲ့သူက ဘယ်သူများလဲ ..."
"မမေးနဲ့ အများကြီး သိထားလို့လည်း ကောင်းတာ မရှိဘူး ..."
သခင်လေးရှောင်အကြောင်း စဉ်းစားမိလိုက်လျှင် ကျိမြန်၏ အမူအယာမှာ မည်းမှောင်လာတော့သည်။
"ဟုတ်ကဲ့ ဒါဆိုလည်း မမေးတော့ပါဘူး ကျိကော ကျွန်မကို တကယ်ကို အများကြီး ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ..."
လီကျားမှာ မတရားမှုကို ခံစားရသည့်တိုင် သူမအနေဖြင့် တတ်စွမ်းနိုင်သည်လည်း မရှိပေ။ အနုပညာလောကတွင် ဖြောင့်ဖြောင့်မတ်မတ် ရပ်တည်သူ၊ အမြင့်ကို တွယ်တက်တတ်သူသာမက မိသားစုနောက်ခံအသိုင်းအဝိုင်း မြင့်မားခြင်းရှိမရှိကိုပါ အကဲဖြတ်ရမည်ဖြစ်ရာ သူမကဲ့သို့ နောက်ခံမရှိသည့် လူသစ်လေးတွင် ဤကဲ့သို့ မုန်တိုင်းမျိုး ကြုံလာခြင်းမှာ မဆန်းလှပေ။ ထိုသည်သာမက ကျိကောနှင့် ခွင်းကောမှတစ်ပါး သူမကို ကူညီလိုသူဟူ၍လည်း မရှိပေ။
ထိုအတွေးတို့ကြောင့် လီကျားမှာ အဖြစ်မှန်အကြောင်း မေးလိုစိတ်လည်း မရှိတော့။ သူမက မတ်တပ်ထရပ်ကာ သူတို့နှစ်ဦးကို ဦးညွတ်လိုက်ချိန်တွင် အချိန်အတော်ကြာ ချုပ်တည်းထားရသည့် မျက်ရည်တို့ ပိုးပိုးပေါက်ပေါက် ကျဆင်းလာတော့၏။
ဖန်ခွင်းမှာ အလွန်ဝမ်းနည်းမိလာ၍ သူမကို နှစ်သိမ့်ပေးလိုက်သည်။
"ကျိကော မင်းကို မိတ်ဆက်ပေးမယ့် ကုမ္ပဏီက နာမည်မကြီးတဲ့ အသစ်လေးဆိုပြီး အထင်မသေးလိုက်နဲ့ အဲဒီ့သူဌေးက ကျိကော ဟားဗက်မှာတက်တုန်းက တွေ့ခဲ့တဲ့ သူငယ်ချင်း သူ့မှာ အရင်းအမြစ်တွေ ပြတ်လပ်မနေတဲ့အပြင် ကိုယ်ပိုင် ရုပ်သံလွှင့်ပလက်ဖောင်းနဲ့ ထုတ်လုပ်ရေးအဖွဲ့ ရှိပြီးသား ဝန်ထမ်းတွေ အကုန်လုံးကလည်း အရည်အချင်းမှာ ထိပ်သီးတွေ အခု သူတို့က ကိုယ်ပိုင်ရုပ်သံလိုင်းမှာ ထုတ်လွှင့်ဖို့ ဇာတ်လမ်းတစ်ခု ရိုက်မလို့ ကြံနေကြတာလေ ပါဝင်မယ့်သူတွေကလည်း တော်တော် အရည်အချင်းရှိကြတာ မင်းသာ သွားရင် ချက်ခြင်း ဇာတ်လိုက်နေရာ ရမှာပဲ ..."
"တကယ်လား ..."
လီကျားက နောက်တစ်ကြိမ် ဦးညွတ်ကာ မျက်ရည်တို့ကို သုတ်ရင်း ပြောလိုက်သည်။
"ကျေးဇူးပါ ကျိကော ကျေးဇူးပါ ခွင်းကော ကောတို့နှစ်ယောက်ကြောင့်သာ မဟုတ်ရင် ကျွန်မတော့ ဘာဆက်လုပ်ရမလဲတောင် သိမှာ မဟုတ်တော့ဘူး ..."
"ကိစ္စမရှိပါဘူး အဲဒီ့ဇာတ်ကား ရိုက်ပြီးတာနဲ့ မင်းက ပြည်သူ့အသည်းကျော်လေးတောင် ဖြစ်ချင်ဖြစ်သွားမှာ တောင်ပံတွေ ဖြတ်ခံလိုက်ရပေမယ့် ဒန်းလွှဲပေးတာနဲ့ ကြုံလာရတာလေ ဘဝရဲ့ အနိမ့်အမြင့်အတက်အကျကို မကြုံဖူးတဲ့သူ ဘယ်သူမှ မရှိဘူး မင်းမှာ အရည်အချင်းလည်း ရှိတယ် ရုပ်ရည်လည်း ရှိတယ် ပြီးတော့ ကြိုးစားချင်စိတ်လည်း အပြည့်အဝ ရှိတဲ့အတွက် တစ်ချိန်ချိန်မှာ အားလုံးရဲ့ အထက်ကို ရောက်လာမှာ ကျိန်းသေတယ် အိမ်ပြန်ရောက်ရင် ပေါက်ကရတွေ စဉ်းစားမနေဘဲ မင်းအမေကိုပဲ ဂရုစိုက်လိုက် ..."
ဖန်ခွင်းက သူမကို နွေးနွေးထွေးထွေး အားပေးလိုက်သည်။
"ဟိုဘက်နဲ့ ဆက်သွယ်ပြီးပြီ ကျိုးနန်နဲ့ သွားပြီး ဆွေးနွေးလိုက်တော့ သူကလည်း မင်းကို အားရဝမ်းသာ ကြိုဆိုပါတယ်တဲ့ ..."
ကျိမြန်က ရုံးခန်းတံခါးကို ဆွဲဖွင့်ရင်း သူမကို အောက်ထပ်အထိ လိုက်ပို့လိုက်သည်။
လီကျားမှာ မယုံနိုင်လောက်သည့် ရိုက်ချက်ကို ကြုံတွေ့ခဲ့ရသည့်တိုင် မမျှော်မှန်းထားသော နွေးထွေးမှုတစ်ရပ်ကို ခံစားမိနေဆဲဖြစ်သည်။ သရဖူခေတ် ကုမ္ပဏီ၏ အပြင်ဘက်သို့ ရောက်ချိန်တွင် ခံစားချက်တို့ အနည်ထိုင်ကုန်ပြီ ဖြစ်သည့်အတွက် ချိုချိုမြိန်မြိန် ပြုံးပြလိုက်သည်။
"ကျိကော ကျွန်မ တီဗီမှာ ပါလာမယ့်နေ့ကို စောင့်ကြည့်နေပေးပါ သေချာပေါက် အရှုံးမပေးဘဲ ကြိုးစားပါ့မယ် ..."
"ကံကောင်းပါစေ ..."
ကျိမြန်က သူမ တက်စီပေါ်တက်သွားသည်အထိ စောင့်ကြည့်ကာ ကားနံပါတ်ကို မှတ်ပြီးကာမှ အပေါ်ထပ်သို့ ပြန်တက်လာတော့သည်။ သူတို့နှစ်ဦးလုံးတွင် အလုပ်လုပ်ချင်စိတ် မရှိတော့သည့်အတွက် ဒုတိယထပ်ရှိ အနောက်တိုင်းစားသောက်ဆိုင်သို့ နေ့လည်စာစားရန် ထွက်လာလိုက်တော့သည်။
"စောက်ကျိုးနည်း ဒီရှောင်ကျားရှုက ဘာဖြစ်ချင်နေတာလဲ ..."
ဖန်ခွင်းက မီနူးစာရွက်ကို ကြည့်နေရင်း ကျိန်ဆဲလိုက်သည်။
"လီကျားရဲ့ တောက်ပနေတဲ့ အနာဂတ်လေးက သူ့ကြောင့် ပျက်စီးသွားပြီ ဒီဒုတိယမျိုးဆက် လူချမ်းသာတွေကတော့ တော်တော်ကို အားယားနေကြတာပဲ ..."
ကျိမြန်ကမူ သူ့သူငယ်ချင်းကောင်း ကျိုးနန်နှင့် စာပို့နေသည့်အတွက် သူ့ကို ခွန်းတုန့်မပြန်။ ကျိုးနန်က လီကျားကို အတော်မျက်စိကျနေရာ တော်ဝင်သရဖူက သူမနှင့် စာချုပ်မချုပ်ဟု သိလိုက်ရကတည်းက အခွင့်ကောင်းယူရန် အင်္ကျီလက်မောင်းကို ပင့်တင်နှင့်နေပြီဖြစ်သည်။ လီကျား၏ လတ်တလော ကျော်ကြားမှုမှာ ဒုတိယတန်းစား အနုပညာရှင်နှင့်ပင် တူညီနေကာ ပြည်သူ့အချစ်တော်ဖြစ်ရန် နည်းနည်းသာ လိုတော့သည့် အနေအထားဖြစ်သည်။ အပြင်လူများအဖို့ တော်ဝင်သရဖူ၊ သရဖူခေတ်နှင့် ကံကောင်းခြင်းရေစင်တို့က ဘာကြောင့် သူမနှင့် လက်မတွဲခဲ့သလဲ နားလည်နိုင်ကြမည် မဟုတ်ချေ။
ထိုသတင်းထွက်လာသည်နှင့်တစ်ပြိုင်နက် အင်တာနက်သုံးစွဲသူအားလုံး မုချ ဆွံ့အသွားကြမည်ဖြစ်သည်။
ထိုအချိန်တွင် ရှောင်ကျားရှုကလည်း စားသောက်ဆိုင်ထဲ ဝင်လာသည်။ ဟိုဟိုသည်သည် လှည့်ကြည့်ပြီးနောက် သူ့ဘော့စ်လည်း ဆိုင်ထဲတွင် ရှိနေကြောင်း သိလိုက်ရသည့်အခါ သူ့မျက်နှာမှာ ဖြူတစ်လှည့် စိမ်းတစ်ခါ ပြောင်းလဲသွားတော့သည်။ သတိမထားမိဟန်ဆောင်ကာ နံရံအခြေရှိ စားပွဲများကြားမှ ဖြတ်သွားရန် ပြင်လိုက်သော်ငြား သူ့ကို သတိပြုမိလိုက်သည့် ဖန်ခွင်းက ချက်ခြင်း လက်ကိုမြှောက်ကာ လှမ်းခေါ်လိုက်သည်။
"သခင်လေးရှောင် ဒီမှာ လာထိုင်လေ ..."
ရှောင်ကျားရှု " ..."
ငါ့ပါးစပ်ထဲက အပူဖုတွေ ဒီတစ်သက် ပြန်သက်သာနိုင်ပါတော့မလား ...
Xxxxxxx