အပိုင်း ၈၇၇-၈၇၈
Viewers 47k

Part 877


ဟန်ချင်စုန့်က လင်းလန်အား ကုတ်အင်္ကျီ၀တ်ပေးပြီး သိုးမွှေးလည်ပတ်ကို ပတ်ပေးပြီးမှ လက်ကိုဆွဲကာ ခေါ်သည်။


ရှောင်၀မ်နှင့် စန်း၀မ်က လိုက်ချင်သော်လည်း မိုင်ဆွေ့ကတားသည်။ 


မိုင်ဆွေ့ : " အင်္ဂလိပ်စာလုပ်ရမယ့် အချိန်ရောက်ပြီး အသားကင်လည်းစားထားတာဆိုတော့ စာလုပ်ဖို့ အားအပြည့်ပဲမလား "


စန်း၀မ်က ချက်ချင်းပင် လေသံ ပြောင်းသွားသည်။ " ဟယ်လို အားလုံးပဲ လာမြည်းကြည့်ကြပါ ကျွန်တော့်ရဲ့အသားကင်တွေက အရသာလည်းရှိပြီး စျေးလည်းမကြီးပါဘူး "


အား၀မ်က ဖိနပ်ခုံကို မိုင်ဆွေ့ကို ထုတ်ပေးလိုပ်သည်။ " မနက်ဖြန်ကြရင် ပြန်ပေးပေး "


မိုင်ဆွေ့က အား၀မ်ကို လှည့်ကြည့်လာသည်။ " ဘယ်သူပေးတာလဲ ကြည့်ရနည်းနည်းဆိုပေးမယ့် စိတ်နှစ်ပြီးလုပ်ထားတဲ့ပုံပဲ သတ္တိကလည်း မနည်းဘူး "


အား၀မ် : " ငါ့ဟာ မဟုတ်ဘူး " တ၀မ်ကမူ သူနှင့်မဆိုင်သလို တုပ်တုပ်မလှုပ် ။


အား၀မ် : " ....... "


မိုင်ဆွေ့ : " ရတယ်လေ ဘယ်သူ့ကို ပြန်ပေးရမှာလဲ "


အား၀မ် စဥ်းစားကြည့်လိုက်သည်။ မိုင်ဆွေ့ထက် နှစ်နှစ်လောက် ကြီးတဲ့ပုံဆိုတော့ အထက်တန်းကများလား ဒါမှမဟုတ် ကောလိပ်ကျောင်းသူများလား ။ အား၀မ်၏ ဘ၀ကရိုးရှင်းသည်။ ကျောင်းသွားတယ် မိုင်ဆွေ့နဲ့စာလုပ်တယ် အတန်းပြီးရင် တ၀မ်နဲ့ ဘတ်စ်ကတ်ဘောကစားတယ် ။ သူနဲ့ပေါင်းတဲ့သူတွေကလည်း စာလုပ်တဲ့သူတွေချည်းပဲ ။


သူတိူ့အားလုံး ဗိုက်တင်းသွားကြသည့်အခါတွင် တ၀မ်က ကျန်နေသည့်အသားကင်များကို အကုန်စားပစ်သည်။ 


မိုင်ဆွေ့ : " ...... " အစ်ကိုကြီးက တကယ်စားနိုင်တာပဲ ။ ဒိလောက်အများကြီးဟာကို ။


....

.

တ၀မ်က အေးအေးဆေးဆေး စားနေစဥ်တွင် ရှောင်၀မ်နှင့် စန်း၀မ်က ခြံ၀င်းထဲ၌ လမ်းလျှောက်နေကြသည်။ 


အား၀မ် : " အစ်ကိုကြီး မားမားကို ပြောပြချင်လား "


တ၀မ် မျက်မှောင်ကြုတ်လိုက်သည်။ " မင်း မဖြေရှင်းနိုင်ဘူးလား "


ဒီလို အသေးအမွှားကိစ္စလေးကိုတောင် မိဘတွေကို ပြန်ပြောချင်နေတာလား။ 


တ၀မ်၏ " ငါက မင်းကို ယုံကြည်အားကိုးတဲ့ဟာကို ဘာလို့ မင်းက ထစ်ခနဲဆို မိဘကို ပြေးတိုင်တဲ့ကလေးလို လုပ်နေရတာလဲ " ဟူသည့် မျက်နှာပေးကြောင့် အား၀မ် ရှက်သွားမိသည်။ ညီတစ်ယောက်ဆိုတော့ အစ်ကိုဖြစ်သူအတွက် ပြဿနာဖြေရှင်းပေးတာက လုပ်သင့်တာပါပဲလေ ။


အခြားကိစ္စသာဆိုရင် အား၀မ်အတွက် လွယ်ကူလောက်သော်လည်း သူလည်း ဒီလိုကိစ္စမှာ အတွေ့အကြုံမရှိဘူးလေ ။ 


နောက်တစ်နေ့ နံနက်တွင် အား၀မ်က မျက်ကွင်းညိုနေလေသည်။ သို့သော်လည်း ဖိနပ်ခုံလေးအား သတင်းစာဖြင့်ပတ်ပြီး ထွက်မကျအောင် လျှော်ကြိုးဖြင့်စည်းကာ မိုင်ဆွေ့၏လွယ်အိတ်ထဲသို့ ထည့်ပေးဖို့ကိုတော့ မမေ့ချေ ။


စန်း၀မ်က လင်းလန်ထံ နှစ်ယွမ်တောင်းသည်ကို လင်းလန်က ဘာလုပ်ဖို့လဲပင်မမေးဘဲ ပေးလိုက်သည်။ လင်းလန်က တော်လှန်ရေးကော်မတီတွင် အစည်းအဝေးရှိသဖြင့် စက်ဘီးကိုထားခဲ့သည် ။ စန်း၀မ်က ရှောင်၀မ်ကိုခေါ်ကာ ထောက်ပံ့ရေးနှင့်စျေးကွက်ရှာဖွေရေးဌာနသို့ စက်ဘီးဖြင့်သွားသည်။


လမ်းတွင် ရှောင်၀မ်ကမေးလေသည်။ " စန်း၀မ် ကူပွန်လည်း မပါဘဲနဲ့ ဘာ၀ယ်မလို့လဲ "


စန်း၀မ် : " ငါ့မျက်နှာက ကူပွန်ပဲလေ " သတင်းစာများထဲတွင် သူ့မျက်နှာက ပါဖူးသဖြင့် ကူပွန်ထက်ပိုကောင်းသည်။


ရှောင်၀မ် : " စန်း၀မ်က မိုက်လိုက်တာ "


"'ဒါဆိုရင် ငါကတော်လား အစ်ကိုကြီးကတော်လား  " စန်း၀မ်က စပြန်သည်။ 


ရှောင်၀မ်က အတည်တွေးကာ နှိုင်းယှဥ်ပြသည်။


 " နှစ်ယောက်လုံးတော်ပါတယ် ဒါပေမယ့် အစ်ကိုကြီးကိုတော့ ဒီတစ်သက်လုံး ဘယ်တော့မှ နိုင်မှာမဟုတ်လောက်ဘူး "


စန်း၀မ် : " ကျေးဇူးပဲ ရှောင်၀မ်လောင်ရှီးရေ ငါက ရဲဘော်ဟန်၀မ်ကောနဲ့ ယှဥ်မချနိုင်ပေမယ့်လည်း ရေကူးတဲ့နေရာမှာတော့ ငါ့ကို သူမနိုင်နိုင်ပါဘူး "


ရှောင်၀မ် : " ဟုတ်တယ် စန်း၀မ်လောက် အသက်ကြာကြာမအောင့်နိုင်ဘူး "


စန်း၀မ်က ရှောင်၀မ်ကို ခေါ်ကာ သကြားလုံးသွား၀ယ်သည်။ 


ရှောင်၀မ်က အံ့သြနေသည်။ " တကယ်၀ယ်လို့ရတာပဲနော် စန်း၀မ်​ကော " 


ထိုနေရာမှ ခေါင်းဆောင်က စန်း၀မ်ကို ကိုယ်တိုင်တွေ့ကာ တိုင်းပြည်အတွက်လည်း ဆက်ပြီးဂုဏ်ဆောင်ပေးဖို့ပြောသည်။ သကြားလုံးလေးလောက်က မပြောပလောက်ဘူးဆိုပြီး အလကားပင် ပေးနေသေးသည်ကို စန်း၀မ်က ကူပွန်မပါဘဲ ၀ယ်ခွင့်ပေးတာနဲ့တင် အားနာနေသဖြင့် ငြင်းလာတာဖြစ်သည်။ ဒါကိုတောင် ခေါင်းဆောင်က အပိုတစ်လုံးနှစ်လုံး ထည့်ပေးလိုက်သေးသည်။


ခေါင်းဆောင်ဟန်ထက်တောင် မျက်နှာကြီးသေးတယ်။


သူတို့နှစ်ယောက် ကျောင်းထဲသို့၀င်လိုက်သည်နှင့် ကျန်ကလေးများက စန်း၀မ်နှင့် လက်ဆွဲနှုတ်ဆက်ချင်ကြ ၊ ပွေ့ဖက်ချင်ကြ ဖြစ်နေကြသည်။ 


တဖြည်းဖြည်း များလာသည်ကို မြင်သည့်အခါ စန်း၀မ်က ထအော်သည်။ " တော်ပြီ တန်းစီကြ သကြားလုံးဝေပေးမယ် "


ကလေးများက အတည်ရပ်လိုက်ကြပြီး သကြားလုံးများကို လက်ခံကြသည်။ စန်း၀မ်က သကြားလုံးဘူးကိုကိုင်ကာ တစ်ယောက်တစ်လုံးကျ လိုက်ဝေပေးသည်။ 


ကလေးများကို သကြားလုံးပေးပြီးမှ စန်း၀မ်နှင့်ရှောင်၀မ်တို့ အခန်းထဲ၀င်လို့ရကြသည်။ 


စန်း၀မ်ကိုမြင်သောအခါ အတန်းထဲမှ ကလေးများက လက်ရမ်းပြ ခြေရမ်းပြဖြင့် ၀မ်းသာအားရကြိုဆိုကြသည်။


စန်း၀မ်က လုပ်နည်းအတိုင်း လုပ်ပြန်သည်။ " ငြိမ်ငြိမ်နေကြ သကြားလုံးဝေမလို့ "


အမြဲတမ်း မနာခံကြသော ကလေးတစ်သိုက်မှာ နာနာခံခံဖြင့် သကြားလုံးများကို ယူနေကြသည်။ ဤသို့ဖြင့် တစ်ဘူးလုံး ကုန်သွားတော့သည်။ 


အတန်းခေါင်းဆောင်ကလေးက စန်း၀မ်၏ဘေးသို့ ရောက်လာသည်။ " သကြားလုံးကျွေးလို့ ချန်ပီယံကြီးကို ကျေးဇူးတင်တယ်နော် "


စန်း၀မ် : " မင်းတို့က မြှောက်လွန်းနေကြတာပဲ ချန်ပီယံ ချန်ပီယံနဲ့ မခေါ်ကြနဲ့ ငါ့မှာနာမည်ရှိတယ် "


" စန်း၀မ်... " ကလေးများက ထအော်သဖြင့် စန်း၀မ် တုန်သွားမိသည်။ ငါပြောချင်တာက ဟန်၀မ်မင်ကိုကွ ၊ ဘယ်လောက်တောင်လှတဲ့ နာမည်လဲ ။


" စန်း၀မ် ငါ့ကိုလက်မှတ်ထိုးပေးပါလား " ကလေးမလေးတစ်ယောက်က ခဲတံကိုင်၍ရောက်လာကာ လေးစားနေသော အကြည့်များဖြင့် ကြည့်ရင်းပြောလေသည်။


စန်း၀မ်က စာရေးရတာကို မုန်းသဖြင့် ချက်ချင်းပြန်ငြင်းသည်။


 " ဟင့်အင်း လက်နာနေတယ် ရေကူးနေရင်းနဲ့ ထိခိုက်ထားတာ အခုထိ နာနေသေးတယ် "


ကျန်ကလေးများက စိုးရိမ်သွားကြကာ စန်း၀မ်ကို ဖူးဖူးမှုတ် ဂရုစိုက်ပေးကြပြန်သည်။ 


ရှောင်၀မ် : ပြဇာတ်အဖွဲ့ကလည်း မဟုတ်ဘဲနဲ့ ဘာလို့ ဒီလောက်ထိ သရုပ်ဆောင်ကောင်းနေတာလဲ ။


Xxxxx

Part 878


ရှောင်၀မ် : ပြဇာတ်အဖွဲ့ကလည်း မဟုတ်ဘဲနဲ့ ဘာလို့ ဒီလောက်ထိ သရုပ်ဆောင်ကောင်းနေတာလဲ ။


ရှောင်၀မ်၏အကြည့်ကိုမြင်သောအခါ စန်း၀မ်က စချင်လာလေသည်။ " ဘာလို့ ငါ့ညီလေးကို မထိုးခိုင်းတာလဲ "


စန်း၀မ်က လက်ကို တုန်တုန်ယင်ယင်လုပ်ပြကာ သကြားလုံးကို ပါးစပ်ထဲထည့်ပြသည်။


စန်း၀မ်၏လက်က တကယ်နာနေသည်ဟုထင်သွားကြသော ကလေးများသည် ငြိမ်ငြိမ်လေးပင် ကိုယ့်နေရာကိုယ် ပြန်သွားကြတော့သည်။ 


" စန်း၀မ် ဒီနေ့က သင်္ချာသင်မှာ သေချာ နားထောင်နော် မဟုတ်ရင် အဆူခံရလိမ့်မယ် "


စန်း၀မ်က မျက်လုံးလှန်ပြသည်။ " ပရော်ဖက်ဆာတောင် မှတ်မိမှာ မဟုတ်တဲ့ဟာတွေကို "


ရှောင်၀မ် : " စန်း၀မ်ကောက အခုဆိုရင် အထက်တန်း ပထမနှစ်ရောက်နေပြီလေ ရူပဗေဒတောင် သင်သင့်နေပြီဟာကို အား၀မ်နဲ့ မမက ပေါလောပေါ်တာတွေ ခုခံအားတွေ ပွတ်တိုက်မှုတွေအကြောင်း ပြောနေကြတာကို သားကြားတယ် အဲ့တာတွေကိုသိရင် ရေကူးတဲ့နေရာမှာ ပိုမကောင်းဘူးလား "


စန်း၀မ်က ပျင်းတ်ိပျင်းတွဲဖြင့် စားပွဲပေါ် လက်တစ်ဖက်ထောက်၍ မေးတင်ကာ တစ်၀ါး၀ါး သမ်းနေသည်။ " ရှောင်၀မ်လောင်ရှီးရေ လူတိုင်းက ရေကူးကြတာမှမဟုတ်တာ အဲ့ဒါတွေ သိပြီးဘာလုပ်ရမှာလဲ ပြိုင်ပွဲမှာက သူများထက်မြန်အောင် ကူးနိုင်ဖို့ပဲလိုတာလေ "


ရှောင်၀မ်က အလျှော့မပေးသေး ။ 


" နောက်ထပ် ဥပမာပေးရရင် ဘတ်စ်ကတ်ဘောကစားရင်လည်း လေရဲ့ခုခံအားတို့ ဂိုးတိုင်နဲ့ထောင့်အကွာအဝေးတို့ကို သိထားရင် နိုင်ဖို့ပိုလွယ်တယ်လေ "


စန်း၀မ်က ပိုတောင်သမ်းပြလာသည်။ သူများတွေက ဘယ်လိုလဲမသိသော်ငြား သူကတော့ စာအကြောင်းပြောတာနဲ့ ငိုက်လာတာဖြစ်သည်။


 " ရှောင်၀မ်ရေ အားကစားလုပ်တာက ခန္ဓာကိုယ်ကို အမှီပြုရတာ သီအိုရီတွေက အသုံးမ၀င်ဘူး မြှားပစ်တာကို ကျွမ်းကျင်သွားရင် မျက်လုံးမှိတ်ပြီးတောင် ပစ်လို့ရတာ ကြွက်သားတွေက မှတ်မနေလို့လေ  " 


ရှောင်၀မ်ကလည်း လိုက်တွေးသည်။ သူ စန္ဒယားတီးတာတို့ ပုလွေမှုတ်တာတို့လုပ်ရင်လည်း စိတ်ကူးရှိသလိုပဲ တီးရမှုတ်ရတာဆိုတော့ သူလည်း စာသင်ဖို့မလိုတော့ဘူးလား ။ရှောင်၀မ် ခေါင်းကုတ်လိုက်မိသည်။ ဒါဆိုရင် သင်္ချာက တစ်ကနေတစ်ဆယ်လောက်ထိ သိရင်ရလောက်ပါပြီ ၊ ရူပဗေဒတို့ ဓာတုဗေဒတို့ကလည်း အရေးမကြီးဘူး ၊ တရုတ်စာကတော့ မသိလို့မရဘူး ၊ အင်္ဂလိပ်စာရောပဲ ။


သို့ဖြစ်၍ ရှောင်၀မ်ကလည်း လိုက်သမ်းသည်။ ရုတ်တရက် စျာန်၀င်သွားသဖြင့် ရှောင်၀မ်က ခဲတံကိုင်ကာ ချရေးနေသည်။ သူက ယခုလိုပင် တစ်ခုခုတွေးမိတိုင်း သီချင်းစပ်တာမျိုး လုပ်နေကြဖြစ်သည်။ 


ရှောင်၀မ်က ခေါင်းထဲပေါ်လာသမျှကို ထုတ်ပြချင်တာဖြစ်၍ သင်္ချာဂဏန်းပဲဖြစ်နေပါစေ ချရေးပြီး သီချင်းစပ်ပစ်တာဖြစ်သည်။ သူ့သံစဥ်များက မရှုပ်ထွေးပဲ အခြေခံကျရုံသာဖြစ်သည်။


တစ်ချိန်ထဲမှာပင် အား၀မ်က အထက်တန်းများကြားတွင် ယောင်လည်လည်လုပ်နေသည်။ မိုင်ဆွေ့အား ပြန်ပေးခိုင်းရန်အတွက် လူရှာနေခြင်းဖြစ်၏။ 


သူက  အသုံးမ၀င်ဘူး ငါ့အစ်ကိုကြီးက စိတ်မ၀င်စားလို့ ထပ်မလုပ်နဲ့တော့ ´ ဟုပင် မှာလိုက်ချင်သေးတာဖြစ်သည်။ 


တကယ်က တ၀မ်၏ ဘေးတွင် ပတ်ရှာလိုက်၍ ရပေသည်။ တ၀မ်က အတန်းထဲ၌ ရှိရင်ရှိ မရှိရင် ဘတ်စ်ကတ်ဘောကစားနေတတ်လေသည်။ 


အား၀မ် တ၀မ်၏ ပတ်၀န်းကျင်ကို စောင့်ကြည့်ပြီးနောက်တွင် ထိုကောင်မလေးကို တွေ့လာခဲ့သဖြင့် နာမည်နှင့် အတန်းကိုမေးပြီး မိုင်ဆွေ့ထံ ပြန်သွားပြောပြလိုက်သည်။ 


မိုင်ဆွေ့ : " သူမက သတ္တိတော့ရှိသားပဲ အစ်ကိုကြီးကို ချဥ်းကပ်ရဲတယ် " 


တ၀မ်က တစ်နေကုန်လုံး အေးစက်စက်ရောင်၀ါများကို ထုတ်လွှတ်နေတာဖြစ်သည်။ အတန်းဖော်များသည်ပင် ပေါင်းကြည့်ပြီးနောက်မှ အရမ်းကြီး ကြောက်ဖို့မကောင်းဘဲ သူ့ဘာသာ နေတတ်ခြင်းသာဖြစ်သည်ကို သိလာခြင်းဖြစ်၏ အကူအညီတောင်းပါက တတ်နိုင်သမျှ ကူညီပေးတတ်သည်ကိုပါ သိလာကြသည်။ သို့သော်လည်း တ၀မ်က မိန်းကလေးများနှင့် အရောမ၀င်သဖြင့် တော်ရုံဆို ဘယ်သူကမှ မချဥ်းကပ်ရဲကြပေ ။


" ဒါဆို ငါ ဘယ်လိုပြောလိုက်ရမလဲ " မိုင်ဆွေ့ကလည်း အတွေ့အကြုံမရှိသော်ငြား  ငါ့အစ်ကိုကြီးက နင့်ကိုမကြိုက်ဘူး´ ဟု သွားပြောလိုက်ပါက တစ်ဖက်မိန်းကလေး ခံစားသွားရမည်ကို စိုးရိမ်နေလေ၏။ 


အား၀မ် : " အစ်ကိုကြီးမှာ ကောင်မလေးရှိပြီးသားလို့ ပြောလိုက်"


မိုင်ဆွေ့က ရယ်လိုက်သည်။ " သေချာလား "


အား၀မ် : " အစ်ကိုကြီးက ဘယ်ဟာတွေကို ချစ်ရည်ရွှမ်းသလို ကြည့်နေတတ်လဲ " 


မိုင်ဆွေ့ က " ဓား သေနတ်နဲ့ လေးခွ " ဟု ပြန်ဖြေရင်း  ခေါင်းညိတ်ပြကာ ဆက်ပြောလိုက်သည်


 " ငါ နားလည်ပြိီ  "


နောက်အတန်းချိန်တွင် မိုင်ဆွေ့က ချိုးမေလင်းကို ပစ္စည်းယူ၍ သွားရှာသည်။ 


ချိုးမေလင်းက ဒုတိယနှစ်ကျောင်းသူဖြစ်ပြီး အထက်တန်းပြီးပါက နောက်နှစ်နွေရာသီတွင် ရွာဘက်သို့သွားမည့်သူဖြစ်သည်။ 


မိန်းကလေးနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ခပ်လှမ်းလှမ်းက စကားပြောနေကြသည်။ 


ချိုးမေလင်းက စိတ်လှုပ်ရှားနေပုံပေါ်သည်။ " ဟန်မိုင်ဆွေ့ ငါ့ကိုရှာနေတာလား "


မိုင်ဆွေ့ပြုံးပြပြီး ဖိနပ်ခုံလေးကို ပြန်ပေးလိုက်သည်။ " တောင်းပန်ပါတယ် ညီမတို့ ဒီလက်ဆောင်ကို လက်မခံနိုင်ဘူး "


ချိုးမေလင်းက မျက်နှာရဲလာပြီး ပြန်ငြင်းသည်။


 " အ-အထင်မလွဲပါနဲ့ ငါက ကျေးဇူးတင်လို့ပေးတာပါ အရင်လက ငါ အနိုင်ကျင့်ခံနေရတာကို ဟန်၀မ်ကောက ကယ်ပေးခဲ့လို့ ပေးတာပါ "


မိုင်ဆွေ့ ထပ်ပြုံးပြလိုက်သည်။ " မရှက်ပါနဲ့ အစ်ကိုကြီးက အစ်မကိုမို့လို့ တမင်ကူညီပေးတာမဟုတ်ပါဘူး သူက ပြည်သူ့လုံခြုံရေးဗျူရိုမှာ လုပ်နေတာဆိုတော့ အဲ့ဒါက သူ့အလုပ်ပဲလေ "


ချိုးမေလင်းက မျက်နှာငယ်လေးဖြင့် စိတ်ပျက်သွားပြီး မိုင်ဆွေ့ပြန်ပေးသည့် ဖိနပ်ခုံကိုယူကာ အတန်းထဲသို့ ပြန်၀င်သွားသည်။


မိုင်ဆွေ့ ပြန်လာသည့်အခါတွင် ယောက်ျားလေးတစ်စုက ဘောင်းဘီအိတ်ထဲလက်ထည့်ပြီး နံရံကိုမှီကာ ရပ်နေကြသည်နှင့် တိုးသည်။ ထိုတစ်စုက မျက်စိမှိတ်ပြလိုက် လေချွန်သံပေးလိုက်ဖြင့် သူမကို လှမ်းစနေကြသည်။ 


ထိုထဲမှတစ်ယောက်က အရပ်ရှည်ပြီး ပိန်ပိန်ပါးပါးဖြင့် ရုပ်လည်းချောသည်။ စစ်တပ်ယူနီဖောင်းကို ၀တ်ဆင်ထားသော်လည်း စစ်သားမဟုတ်သဖြင့် တံဆိပ်မပါချေ ။


" ဟန်မိုင်ဆွေ့ " ဟုအော်ကာ သူမကို လှမ်းခေါ်၍ ပြုံးပြနေသည်။ 


ထိုတစ်ယောက်က ကောင်းဝေ့တုန်းရဲ့သားကြီး ကောင်းလင်းပင်ဖြစ်သည်။ မိုင်ဆွေ့၏ အမြင်တွင် တ၀မ်ထံတွင် ရှုံးထားသည့် အရှုံးသမားတစ်ယောက်ထက် မပိုပေ ။ သူမတို့ပြောင်းလာတာ တစ်နှစ်ကျော်ပြီဖြစ်သော်လည်း ဟန်ချင်စုန့်ရဲ့လုပ်ဖော်ကိုင်ဘက်များ၏ ကလေးများနှင့် သူမတို့သည် မရင်းနှီးပါ ။


မိုင်ဆွေ့ ကောင်းလင်းကို မသိချင်ယောင်ဆောင်၍ ထွက်လာလိုက်သည် ။


" ဆရာကြီးကောင်းကတော့ လျစ်လျူရှုခံလိုက်ရပြန်ပြီ ရက်စက်လိုက်တာကွာ  "


ကောင်လေးတစ်စုက သူမ၏ နောက်ကျောက်ိုကြည့်ကာ " သူမက အရမ်းလှတာပဲ " ဟု မှတ်ချက်ပြုကြသည်။ 


ကောင်းလင်းက တစ်ယောက်ချင်းစီကို လိုက်ရိုက်သည်။ 


" မင်းတို့က ဘာကိုလိုက်ကြည့်နေတာလဲ မမြင်ဖူးကြဘူးလား " ထို့နောက် ကောင်းလင်းကလည်း မိုင်ဆွေ့ကို လိုက်ကြည့်နေသည်။ " အတောင်ဖြန့်ပြနေတဲ့ ဒေါင်းလိုပဲ " ဟု ပြောပြီးနောက်တွင် စီးကရက်တစ်လိပ်ကို မီးညှိကာ သောက်နေလေ၏။ 


" ဟေး ဆရာကြီးကောင်း သူမက မင်းနဲ့အတူနေချင်တယ်ဆိုရင် နေမှာလား " 


" သေချာတာပေါ့  " ကောင်းလင်းက ပြန်ဖြေသည်။ " နေစမ်းပါ မင်းတို့နဲ့ မဆိုင်ပါဘူး "


" ဟားဟား မဆိုင်ဘူးဆိုလည်း မဆိုင်ဘူးပေါ့ မင်းက တကယ်လုပ်ရဲလို့လား "ကျန်ကောင်လေးများက မကြောက်မလန့် ကောင်းလင်းကို မြှောက်ပေးနေကြလေသည် ။