Ch 18
Viewers 85

Chapter 18

 

 

သားရဲများကို ပျိုးထောင်ပြီးနောက် စွန့်ပစ်နေရာမှ လူများ အားလုံး သဘောကျခြင်းကို ခံခဲ့ရသည်

 

 

 

ထိုအမျိုးသမီး အနားကပ်လာချိန်တွင် ချိုမြန်သည့် အနံ့လေးတစ်ခု ပျံ့လာပြီး သူ့နားထဲသို့  အသံချိုချိုလေးကလည်း တစ်ဆက်တည်း ဝင်လာ၏။

 

 

သူ စိတ်လွတ်သွားသကဲ့သို့ ဝေ့ရှင်းမှ ခံစားလိုက်ရသည်။

 

 

သူက ချက်ချင်းပင် အိပ်ရာမှ ခုန်ဆင်းလိုက်ကာ ဖိနပ်စီးရန်ပင် သတိမကပ်နိုင်တော့ချေ။

 

 

အမွှေးလုံးလေးများ ရောက်လာခြင်းက သူ့ကို လွန်စွာ ပျော်ရွှင်စေခဲ့သော်ငြား သူက ထိုကဲ့သို့ ခံစားချက်များကို မထိန်းနိုင်တော့ခြင်းမှာ မဖြစ်ဖူးသလောက် ဖြစ်၏။ ထိုအခိုက်အတန့်၌ သူက အမှန်တကယ် လန့်ဖျပ်လာလေသည်။

 

 

ပန်းရောင်အင်္ကျီဝတ်ထားသည့် အလှလေးမှာ လက်ကို မြှောက်ထားရင်း နေရာ၌ ရပ်တန့်သွား၏။

 

 

ဘေးဘီကို ကြည့်လိုက်ချိန်တွင် အရာအားလုံးကို မရင်းနှီးနေကာ ပြေးစရာ နေရာပင် မရှိချေ။

 

 

ဝေ့ရှင်းမှ သူ့ကိုယ်သူ စိတ်တည်ငြိမ်သွားစေရန်အတွက် သူ့လက်ချောင်းများကို ဆိတ်လိုက်လေသည်။

 

 

“မင်းကဘယ်သူလဲ၊ ပြီးတော့ ငါ့ကို ဘာလို့ ဒီကို ခေါ်လာခဲ့တာလဲ”

 

 

မထင်ထားစွာဖြင့် တစ်ဖက်လူက သူ့ကိုကြည့်ရင်း သူ့ထက်ပို၍ ဇဝေဇဝါ ဖြစ်နေပုံပေါ်၏။

 

 

“ရှင် မကြိုက်ဘူးလားဟင်”

 

 

ဝေ့ရှင်းမှာ မျက်မှောင်ကြုတ်သွားကာ မေးခွန်းများနှင့် ပြည့်သွား၏။

 

 

‘ဘာကိုကြိုက်ရမှာလဲ၊ တကယ်ပဲ ဘာကို ကြိုက်ပေးရမှာလဲ’

 

 

ထို့နောက် သူက အမျိုးသမီး၏ နက်မှောင်ကာ ဖြူစင်မှုကြောင့် တောက်ပနေသည့် ဝမ်းနည်းနေသော မျက်လုံးများနှင့် အကြည့်ချင်းဆုံလေသည်။

 

 

ဤကဲ့သို့သော ခံစားချက်…။

 

 

သူ့စိတ်ထဲ၌ ထူးဆန်းသော သံသယတစ်ခု ပေါ်လာ၏။ ဝေ့ရှင်းမှ လက်သီးဆုပ်လိုက်ပြီး တွန့်ဆုတ်စွာဖြင့် မေးလိုက်လေသည်။

 

 

“ရှောင်ချီးလား”

 

 

မြေခွေးလေး၏ နာမည်မှာ နှစ်ဆယ့်ခုနစ် ဖြစ်၏။

 

 

အလှလေး၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး အကြည့်ချင်း ရှောင်ဖယ်သွားလေသည်။

 

 

“ရှောင်ချီးက ဘယ်သူလဲ”

 

 

ဝေ့ရှင်း: “....”

 

 

ထိုအကြည့်ချင်းရှောင်နေသည့် အမူအယာမှာ မြေခွေးလေးနှင့် တစ်ပုံစံတည်းဖြစ်၏။

 

 

သူနဖူးကိုသာ ပွတ်သပ် လိုက်မိလေသည်။

 

 

ထိုအမျိုးသမီးမှာ စိတ်ရှုပ်သွားပုံရသဖြင့် သူက မတတ်နိုင်တော့ဘဲ ပြောလိုက်၏။

 

 

“ကောင်းပါပြီ မင်းက ရှောင်ချီး မဟုတ်ပါဘူး”

 

 

သူယခင်က မြေခွေးလေး၏ ပုံရိပ်ယောင်ထဲ၌ နေဖူးသဖြင့် ဤအရာအားလုံးမှာ ပုံရိပ်ယောင်ဖြစ်သည်ကို ပြောရန် မခက်ချေ။ ထိုအကောင်လေးက ရုတ်တရက် ဤလှည့်စားမှုကို အဘယ်ကြောင့် လုပ်ခဲ့သည်ကိုသာ သူမှ မသိခြင်း ဖြစ်သည်။

 

 

ဝေ့ရှင်းက သူမ၏ ဘေး၌ ပြန်ထိုင်လိုက်လေသည်။

 

 

“မင်း ဘာလို့ ငါ့ကိုဒီခေါ်လာရတယ်ဆိုတာကို အခုထိ မပြောပြရသေးဘူးနော်”

 

 

အလှလေးက တီးတိုးပြော၏။

 

 

“ရှင်ကောင်းကောင်းမနားရတာ ကြာပြီဆိုတော့ ကျွန်မက ရှင့်ကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးချင်လို့ပါ”

 

 

‘ဆိုတော့ အဲဒါကြောင့်ပေါ့’

 

 

ဝေ့ရှင်းမှာ သူ့ကို အပြစ်မတင်နိုင်တော့ချေ။ သူက ခြောက်သွေ့စွာ ပြုံးလိုက်ကာ သူ့ခေါင်းလေးကို ပွတ်ပေးလိုက်သည်။

 

 

“မင်း လုံးဝ မရင်းနှီးတဲ့ နေရာတစ်ခုကို ရုတ်တရက် အသွင်းခံလိုက်ရမယ်ဆိုရင် မင်း‌ရော သက်သောင့်သက်သာ ရှိနေပါ့မလား”

 

 

သူက ဟာသပင် ပြောလိုက်သေးသည်။

 

 

“ငါ အချိန်ခရီးသွားလိုက်မိတယ်လို့တောင် ထင်သွားတာ”

 

 

အလှလေးက အကြံရသွားပုံရပြီး သူမ၏ မျက်လုံးများမှာ ရုတ်တရက် တောက်ပသွား၏။ 

 

 

“အဲဒါဆိုရင် ကျွန်မဘာလုပ်ရမလဲ သိသွားပြီ”

 

 

သူမမှ မည်သည်ကို သိသွားသည်အား ဝေ့ရှင်းက မေးရန် လုပ်လိုက်ချိန်တွင် မြင်ကွင်းမှာ ရုတ်တရက် ပြောင်းလဲသွားလေသည်။

 

 

သူမှ မျက်လုံးဖွင့်လိုက်ချိန်တွင် တောက်ပသည့် အလင်းရောင်ကြောင့် ခဏတာ မမြင်နိုင် ဖြစ်သွား၏။ ထို့နောက် သူ့လက်ထဲတွင် အေးစက်ကာ လေးလံ့သည့်အရာ တစ်ခုခုရှိနေသကဲ့သို့ ခံစားရလေသည်။ သေချာကြည့်လိုက်ချိန်တွင် ရွှေအစစ်နှင့် ပြုလုပ်ထားသည့် ရွှေဒိုင်းဆု ဖြစ်နေ၏။

 

 

ဝေ့ရှင်းသည် ဇဝေဇဝါ ဖြစ်‌နေပုံရလေသည်။

 

 

ချပ်.. ချပ်

 

 

သူ့ရှေ့မှ တချပ်ချပ်အသံများက ဆက်တိုက် ထွက်လာနေသည်။ သူက မော့ကြည့်လိုက်ချိန်တွင် မရေတွက်နိုင်သည့် ကင်မရာများကို တွေ့လိုက်ရ၏။

 

 

သတင်းထောက်များက စင်မြင့်ပေါ်သို့ စုအုံတက်လာကြကာ အကောင်းဆုံး သရုပ်ဆောင်ဆု ရခဲ့သည့်အပေါ် မည်သို့စားရသနည်းဟု မေးနေကြသည်။

 

 

ရုံထဲ၌ စိတ်အားထက်သန်နေသည့် ပရိသတ်များက နေရာကြီးတစ်ခုလုံး ပြောင်းပြန်လှန်မတတ် လှိုင်းလုံးကြီးကဲ့သို့ အားပေးနေကြ၏။

 

 

“ဝေ့ရှင်း မင်းကအကောင်းဆုံးပဲ၊ ဝေ့ရှင်း ငါတို့ မင်းကိုချစ်တယ်”

 

 

“အကောင်းဆုံးသရုပ်ဆောင် ကမ္ဘာ့ရတနာ ရုပ်ရှင်ရိုက်ကူးရေးလောကရဲ့ နာမည်ကျော်”

 

 

“ဒီဘက်ကို ကြည့်ပါဦး၊ အား၊ ဝေ့ရှင်းက ငါ့ကိုကြည့်လိုက်တယ်၊ ငါ မင်းရဲ့ကလေးတွေကို ကိုယ်ဝန်ဆောင်ပေးချင်တယ် ဝေ့ရှင်း”

 

 

ထိုစိတ်အားထက်သန်သည့် ခေါ်သံများနှင့် ရင်ဆိုင်နေရချိန်တွင် ဝေ့ရှင်းမှာ စိတ်လွတ်သွားကာ ခန္ဓာကိုယ်က တောင့်တင်းသွား၏။

 

 

အချို့ပရိသတ်များက အလွန် စိတ်လှုပ်ရှားနေသဖြင့် စင်ပေါ်တွယ်တက်လာကြသည်ကို မြင်လိုက်ရချိန်တွင် ဝေ့ရှင်းမှာ အလိုလို နောက်ဆုတ်သွားမိသည်။

 

 

အလှလေးက သူ့ဘေးတွင် ရပ်နေပြီး ဝေ့ရှင်း၏ ပျော်ရွှင်နေသည့် အမူအယာအား မြင်ရရန် စောင့်ဆိုင်းနေပါသော်ငြား သူက ပိုပြီး စိတ်ရှုပ်လာသည်ကိုသာ တွေ့လိုက်ရ၏။

 

 

သူမမျက်လုံးထဲရှိ ရှုပ်ထွေးမှုမှာ ပို၍ပင် နက်ရှိုင်းလာလေသည်။

 

 

 “ရှင်ဒါကိုလည်း မကြိုက်ဘူးလား”

 

 

“အမ် အဲဒါဆိုရင် နောက်ထပ်တစ်ခုလောက် ထပ်စမ်းကြည့်ရအောင်”

 

 

ခဏလေးအတွင်း၌ ဝေ့ရှင်းအရှေ့ရှိ မြင်ကွင်းမှာ နောက်တစ်ကြိမ် ထပ်ပြောင်းသွားခဲ့သည်။

 

 

နေရာလွတ်ကြီးမှ နန်းတော်တစ်ခု ဖြစ်သွားပြီး စင်မြင့်မှ နဂါးပလ္လင်တစ်ခု ဖြစ်သွား၏။ သူက လေးလံကာ ခမ်းနားသည့် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး သရဖူတစ်ခုကို ဝတ်ဆင်ထားလေသည်။ ရောင်စုံကြိုးများနှင့် သီထားသည့် ကျောက်စိမ်းပုတီးစေ့ ဆယ့်နှစ်ကြိုးမှာ ညင်သာစွာ ယိမ်းနေ၏။

 

 

အရာရှိများစွာက ရိုသေစွာ ဦးညွတ်နေကြပြီး လေးလေးစားစားဖြင့် အသံကုန် အော်လိုက်ကြသည်။

 

 

“ဧကရာဇ်မင်း သက်တော်ရာကျော်ရှည်ပါစေ၊ သက်တော်ရာကျော်ရှည်ပါစေ၊ သက်တော်ရာကျော်ရှည်ပါစေ”

 

 

သူတို့၏အော်သံက ဝေ့ရှင်း၏ ခြေထောက်နှင့် လက်များကို အားနည်းလာစေသည်။ သူမှ လဲကျမတတ်ဖြစ်သွားသော်ငြား လက်တင်ခုံကို ကိုင်ထားရင် မလဲကျသွားစေရန် ထိန်းနိုင်ခဲ့၏။

 

 

သူ၏ အဆင်မပြေမှုအား သတိပြမိသွားသဖြင့် အလှလေးက မြင်ကွင်းကို ထပ်မံ ပြောင်းလဲလိုက်သည်။

 

 

လူများစွာ လေးစားကြသည့် အနိုင်ရစစ်သူကြီး၊ အမြင့်ဆုံး အောင်မြင်မှုများနှင့် ထိပ်ဆုံးတွင် ရပ်တည်နေသည့် သိပ္ပံပညာရှင်၊ လူများစွာ ချစ်မြတ်နိုးနေကြသည့် နှလုံးသားသူခိုးလေး၊ မြေပိုင်ဆိုင်မှုဆယ်ခုနှင့် ဘဏ်အကောင့်ထဲ၌ ဂဏန်းကိုးလုံးရှိသည့် ဥက္ကဋ္ဌ အစရှိသည်ဖြင့် ဆယ်မိနစ်အတွင်းမှာပင် ဝေ့ရှင်းက လူဘဝ၏ အထွတ်အထိပ်ရောက်ချိန် ဒါဇင်နှင့်ချီ ခံစားလိုက်ရ၏။

 

 

သို့ပေမဲ့ တစ်ခုစီတိုင်းကို သူ၏ စိတ်ရှုပ်ထွေးမှုနှင့် လန့်ဖျပ်မှုကြောင့် တစ်မိနစ်ပင် ပြည့်အောင် မခံစားခဲ့ချေ။

 

 

နောက်ဆုံးတွင်တော့ သူက အေးသည့် အရာတစ်ခုခုကို ကိုင်ထားသကဲ့သို့ ခံစားလိုက်ရ၏။ ထိုအရာမှာ သေနတ်တစ်လက် ဖြစ်လေသည်။

 

 

“ကျေးဇူးပြုပြီး ကျွန်တော်ကို လွတ်ပေးပါ၊ ကျွန်တော် ခင်ဗျားကို ထပ်ပြီးအာမခံရဲတော့ပါဘူး၊ ကျွန်တော်က ကန်းနေပြီးတော့ ရူးနေလို့ အဲလိုလုပ်ခဲ့မိတာပါ၊ ကျေးဇူးပြုပြီး ကျွန်တော်အသက်ကို ချမ်းသာပေးပါ”

 

 

ဝေ့ရှင်းက လန့်ဖျပ်ကာ မျက်လုံးဖွင့်လိုက်၏။

 

 

လူစိမ်းတစ်ဦးကို အနက်ရောင် ဝတ်ထားသည့် လူများက ချုပ်ထားကာ သူ့ရှေ့တွင် အတင်းအကြပ် ဒူးထောက်ခိုင်းထားပြီး မျက်ရည်များနှင့် နှာရည်များပင်ထွက်ကာ သူ့ကို အကြိမ်ကြိမ် ဦးချနေခဲ့သည်။

 

 

ဝေ့ရှင်း၏ လက်ထဲရှိ သေနတ်ပြောင်းဝမှာ ထိုအမျိးသား၏ နဖူးတည့်တည့်ကို ချိန်ထား၏။

 

 

ထိုအမျိုးသားက ငိုယိုကာ ပြောလေသည်။

 

 

“ကျွန်တော် တောင်းဆိုပါတယ်”

 

 

ဝေ့ရှင်း၏ လက်များမှာ တုန်ယင်လာကာ သေနတ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားပါသော်ငြား သေနတ်သံကိုတော့ ကြားလိုက်ရသေး၏။

 

 

ဘန်း။

 

 

ဝေ့ရှင်းပ အလွန်တုန်လှုပ်သွားပြီး အလန့်တကြား နောက်သို့ လှည့်ကြည့်လိုက်သည်။

 

 

အနက်ရောင် ဝတ်ထားသည့် လူများစွာက သေနတ်ကိုင်ထားသည်ကို မြင်လိုက်ရပြီး ​သူတို့မှ ပစ်လိုက်ခြင်း ဖြစ်၏။ တစ်ချက်ပစ်လိုက်သည်နှင့် လူတစ်ဦး လဲကျသွားကာ အလောင်းများ အောက်မှ သွေးများ စီးကျလာပြီး ကြမ်းပြင်ကို သွေးများနှင့် ဖုံးလွှမ်းသွားစေခဲ့၏။

 

 

လက်အောက်ငယ်သားတစ်ဦးက လာ၍ တင်ပြသည်။

 

 

“ဘော့စ်ရဲ့ အမိန့်အတိုင်း အဲဒီကန်းနေတဲ့ကောင်တွေကို ပညာပေးပြီးပါပြီ”

 

 

သူက အဆုံးထိ နားမထောင်ရသေးခင်မှာပင် ဝေ့ရှင်း၏နှုတ်ခမ်းများ အရောင်ဖျော့လာ၏။

 

 

ယခင်က သူမှ မြေခွေးလေးကို နှစ်သိမ့်ပြုံး ပြုံးပြနိုင်သေးလေသည်။

 

 

သို့ပေမဲ့ ယခုအခါတွင် သူစကားပင် မပြောနိုင်တော့ချေ။ သူက ဘေးဘီကို ကြည့်လိုက်ရင်း သူ့နှလုံးသားမှာ ဒေါသများ အံ့ဩမှုများနှင့် ပြည့်နှက်လာ၏။

 

 

ပန်းရောင်အင်္ကျီနှင့် အလှလေးက သူဘေးတွေ ရပ်နေရင်း အသက်မဲ့နေသည့် အလောင်းများအား စူးစိုက်ကြည့်နေလေသည်။

 

 

သူက မေးချင်နေသည့် မေးခွန်းများကို ပြန်မြိုချလိုက်၏။ ထပ်မစဥ်းစားနေဘဲ အမြန်သွားကာ သူမ၏ မျက်လုံးကို ကာရန် ကြိုးစားနေလေသည်။

 

 

 “မကြည့်နဲ့”

 

 

အလှလေးက အနည်းငယ် အံဩသွားကာ သာသာလေး လှုပ်သွားခဲ့သည်။ ပြီးနောက် သူမက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။

 

 

 “ရှင်အခုထိ မကြိုက်သေးဘူးဘဲ”

 

 

ထိုစကားကို ကြားလိုက်၍ သူမ၏ မျက်လုံးကို ကာထားသည့် ဝေ့ရှင်း၏လက်များ တုန်ယင်လာသည်။

 

 

သူ့လက်များကို ဖြေးဖြေးချင်း ချလိုက်ပြီး ထင်ထားသည့်အတိုင်းပင် သူ၏ လက်ဖဝါးအောက်၌ ကြည်လင်ကာ တောက်ပသည့် အနက်ရောင် မျက်ဝန်းတစ်စုံ ရှိနေဆဲ ဖြစ်သည်။

 

 

သွေးထွက်သံယိုနှင့် ရက်စက်သည့် မြင်ကွင်းတစ်ခုကို သူမမှ ဖန်တီးခဲ့သော်ငြား သူမ၏ မျက်နှာလေးမှာ မဲ့နေသည့် အရိပ်အယောင်လေးပင် မရှိဘဲ ဖြူစင်ကာ ရိုးရှင်းနေဆဲ ဖြစ်၏။

 

 

ဝေ့ရှင်း၏ ကျောပြင်မှာ ရုတ်တရက် ချမ်းစိမ့်စိမ့် ဖြစ်လာလေသည်။

 

 

သူက အနောက်ကို ခြေတစ်လှမ်းလှမ်းကာ ပြန်ဆုတ်ချင်နေသော်ငြား အလှလေးက သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း သတိထားမိလိုက်၏။

 

 

“ရှင် ကျွန်မကို ကြောက်နေတာပဲ”

 

 

ပန်းရောင်ဝတ်ထားသည့် အလှလေးက ဝေ့ရှင်းမှာ ထိုကဲ့သို့ တုံ့ပြန်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။

 

 

သူမ၏ အင်္ကျီလက်ကို ဆုပ်ကိုင်လိုက်ရင်း ဝေ့ရှင်းကို အလွန်ဇဝေဇဝါဖြစ်ကာ မတရားခံလိုက်ရသည့် အမူအယာနှင့် မေးလေသည်။

 

 

“ဘာလို့လဲ”

 

 

ဝေ့ရှင်းက ကျိုးကျိုးကို နိုးထလာစေရန် ကူညီပေးခဲ့သောကြောင့် သူမမှ ကျေးဇူးပြန်ဆပ်ချင်သဖြင့် ထိုပုံရိပ်ယောင်များကို ဖန်တီးရန်အတွက် သူမ၏စိတ်စွမ်းအား အများအပြားကိုပင် သုံးရန် မတုံ့ဆိုင်းနေခဲ့ချေ။

 

 

‘ဒါပေမဲ့ ဘာလို့ဝေ့ရှင်းက မပျော်ရတာလဲ’

 

 

ပျော်ရမည့်အစား သူက ပို၍ ပင်ပန်းကာ စိတ်ဖိစီးနေပုံပေါက်ပြီး သူမကိုပင် ကြောက်ရွံ့လာခဲ့သည်။

 

 

ဝေ့ရှင်း၏ စိတ်များက ရှုပ်ထွေးလာ၏။

 

 

သူမှ အနောက်ဆုတ်လိုက်ရင်း ရုတ်တရက် မြေခွေးလေး၏ အန္တရာယ်ကို သတိထားမိသွားလေသည်။

 

 

ဤသည်မှာ သူမ၏စွမ်းရည်များကြောင့် မဟုတ်ဘဲ သူမ၏ သဘာဝထဲက မကောင်းမှုကို သူမ သတိမပြုမိခြင်းကြောင်း ဖြစ်၏။

 

 

သို့ပေမဲ့ မြေခွေးလေးက သူ့အင်္ကျီလက် သူဆွဲကာ စိတ်ရှုပ်ထွေးလွန်း၍ ငိုတော့မည့်အတိုင်း ဖြစ်နေသောကြောင့် ဝေ့ရှင်း၏ အမွှေးလုံးလေးများကို ချစ်စိတ်က အကြောက်တရားကို ကျော်တက်သွားကာ အနောက်ဆုတ်နေခြင်းအား ရပ်လိုက်လေသည်။

 

 

‘တစ်ခုခုတော့ မှားနေပြီ’

 

 

“ငါ တောင်းပန်ပါတယ်”

 

 

သူက အံကြိတ်ရင်း ရှေ့တိုးလာကာ မြေခွေးလေး၏ မျက်ရည်များကို သုတ်ပေးလိုက်၏။

 

 

“ဒီလိုကိစ္စတွေကို ငါတစ်ခါမှ မကြုံဖူးလို့ပါ၊ အဲဒါကြောင့် ငါ နည်းနည်း စိတ်လှုပ်ရှားသွားတာ၊ အဲဒါက မင်းအမှားမဟုတ်ဘူးနော်”

 

 

သူမကို နှစ်သိမ့်ပေးနေရင်း ဝေ့ရှင်းမှာ သူ၏ရှုပ်ထွေးနေသည့် စိတ်ဖြင့် မြေခွေးလေးက အဘယ်ကြောင့် ထိုကဲ့သို့ လုပ်နေရသည်ကို တွေးတော့နေ၏။

 

 

နောက်ဆုံးတော့ သူမကိုက်ညီသည့် အရာတစ်ခုကို ရှာတွေသွားလေသည်။

 

 

ထိုမြင်ကွင်းများမှာ တစ်ယောက်ယောက်က ကိုယ်တိုင် မခံစားဖူးပါက ထိုသို့ ကွက်ကွက်ကွင်းကွင်း ပြသနိုင်မည် မဟုတ်ချေ။

 

 

သို့သော်ငြား သူသိသလောက် မြေခွေးလေးက စာဝါငှက်ထက်ပင် ငယ်ကာ သားရဲလေးတစ်ကောင်သာ ဖြစ်၏။

 

 

အဘယ်ကြောင့် မည်သည်ကိုမှ မသိနားမလည်သည့် မြေခွေးလေးမှာ ထိုကဲ့သို့ နက်ရှိုင်းကာ များပြားသည့် လိုချင်မှုများ ရှိနေရသနည်း။

 

 

မြေခွေးလေး၏ အတိတ်ကို တွေးမိချိန်တွင် ဝေ့ရှင်းမှ မကောင်းသည့် ခံစားချက်ရလိုက်လေသည်။ သူက ညင်သာစွာ မေးလိုက်၏။

 

 

 “ဘာလို့ ဒီမြင်ကွင်းတွေက တစ်ယောက်ယောက်ကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးမယ်လို့ ထင်ရတာလဲ”

 

 

မြေခွေးလေးက ရှိုက်ကာပြော၏။

 

 

 “ဘာလို့ဆို သူတို့အားလုံး ကြိုက်ကြတာမလို့လေ”

 

 

သူမက လိမ်ညာနေခြင်း မဟုတ်သည်ကို သက်သေပြရန်အတွက် ပုံရိပ်ယောင်များကို ထပ်ပြလိုက်လေသည်။

 

 

ဝေ့ရှင်းကို အစပိုင်းတွင် စိတ်မသက်မသာ ဖြစ်စေခဲ့သည့် စင်မြင့်ပေါ်၌ သူစိမ်းတစ်ယောက်ရှိနေကာ ဒိုင်းဆုကို မြင့်မြင့်ကိုင်ရင်း သူ့မျက်နှာပေါ်၌ အပြုံးတစ်ခုပေါ်လာကာ ပျော်ရွှင်မှုကြောင့် မေ့ကို မော့ထား၏။

 

 

လူပေါင်းများစွာ ဦးညွှတ်ထားသည့် ခန်းမထဲ၌ အခြားအမျိုးသားတစ်ဦးက ပလ္လင်ပေါ်တွင် ထိုင်နေပြီး လက်ကို ဆန့်ထုတ်လိုက်ကာ မျက်လုံးများက ပြူးကျယ်နေ၍ သူက တုနှိုင်းမဲ့ဧကရာဇ်တစ်ပါး ဖြစ်လာသကဲ့သို့ ဖြစ်လေသည်။

 

 

 “အားလုံးခေါင်းမော့ကြပါ၊ ဟားဟားဟား ခေါင်းမော့ကြပါ၊ ခေါင်းမော့ကြပါ”

 

 

မြင်ကွင်းတစ်ခုပြီးတစ်ခု ဝေ့ရှင်းနှင့် မြေခွေးလေးအရှေ့၌ ပေါ်လာ၏။

 

 

နောက်ဆုံးတွင်တော့ လျို့ဝှက်သတ်ဖြတ်သည့် နေရာသို့ ရောက်လာလေသည်။

 

 

သေနတ်လွတ်ကျသွားသည့် ဝေ့ရှင်းနှင့်မတူဘဲ ထိုအမျိုးသားက သူ့ရှေ့ရှိခေါင်းအား တိုက်ရိုက်ပစ်ခတ်လိုက်ကာ အလောင်းကို အကြိမ်ပေါင်းများစွာ ရက်ရက်စက်စက် ကန်ကျောက်ခဲ့သေး၏။

 

 

“မင်းကမြန်း ငါ့ကိုလှောင်ရဲတယ်ပေါ့၊ ရယ်လေ ဆက်ရယ်နေဦးလေ၊ အရူးကောင် မင်းငါ့ကိုထပ်ပြီး အထင်သေးရဲဦးမလား၊ ကြည့်ကြသေးတာပေါ့”

 

 

“သူ့ကိုအပိုင်းပိုင်းတုံးပစ်ပြီး ခွေးစားကျွေးဖို့ ပစ်ခဲ့လိုက်”

 

 

 

 

ဝေ့ရှင်းမှ မျက်လုံးမှိတ်ထားရုံသာ တတ်နိုင်ပြီး သူ့စိတ်မှာ ရှုပ်ထွေးလာ၏။

 

 

ထိုလူများကို မည်သို့ အကဲဖြတ်ပေးရမည်ကို သူမသိတော့ချေ။ နောက်လှည့်ကြည့်လိုက်ပြီး သူက မြေခွေးလေးကို တိုးတိုးလေး မေးလိုက်သည်။

 

 

“သူတို့အားလုံးကြိုက်ကြတယ်မလား၊ မင်းကော ဘယ်လိုခံစားရလဲ မင်းကြိုက်လား”

 

 

“ကျွန်မလား”

 

 

မြေခွေးလေး၏ အသံက နူးညံ့ကာ သိသိသာသာပင် ဇေဝဇဝါဖြစ်နေလေသည်။

 

 

အချိန်အတော်ကြာ ရပ်နေပြီးနောက် သူမမှ တုံ့ဆိုင်းစွာ ပြော၏။

 

 

“တချို့တွေက အရမ်းတောက်ပနေတယ်၊ တချို့တွေက ကျွန်မကို ထွက်​ပြေးစေချင်လာစေတယ်၊ ဒါပေမဲ့ အဲလိုကိစ္စတွေက တကယ့်လောကမှာ မဖြစ်လာမှာမလို့ အဆင်ပြေတယ်လို့ ပြောကြတယ်”

 

 

ဝေ့ရှင်းမှာ မျက်မှောင်ကြုတ်သွားသည်။

 

 

“တကယ့်လက်တွေ့မှာ မဖြစ်လာနိုင်ဘူး၊ အဲဒါဆိုရင် ဒီမြင်ကွင်းတွေက ဘာတွေလဲ”

 

 

“အဲဒါတွေက သူတို့အတွင်းစိတ်ရဲ့ လိုချင်တောင်းတမှုတွေပဲ၊ သူတို့တွေ ဘာပဲလိုချင်လိုချင် ကျွန်မရဲ့ စွမ်းရည်ကို စွမ်းသပ်ဖို့အတွက် သူတို့ လိုချင်တဲ့အရာကို ပုံရိပ်ယောင်အဖြစ် တည်ဆောက်လိုက်တာ”

 

 

မြေခွေးလေးက နှာခေါင်းရှုံ့လိုက်၏။ အတိတ်အကြောင်းပြောနေရင်း သူမမှ စိတ်ဆင်းရဲစွာဖြင့် ညည်းညူလာမိလေသည်။

 

 

“ဒါပေမဲ့ စမ်းသပ်ချိန် ပြီးသွားတာတောင်မှ လူတွေ တစ်ယောက်ပြီးတစ်ယောက် ကျွန်မဆီလာကြတယ်၊ အဲဒါက အရမ်းပင်ပန်းလွန်းလို့ ခေါင်းပါကိုက်ခဲ့ရတာ”

 

 

“...”

 

 

ဝေ့ရှင်းက မေးလိုက်၏။

 

 

“လူဘယ်နှစ်ယောက်လောက် မင်းဆီကို အဲလိုမျိုး လာဖူးလဲ၊ ဘယ်နှစ်ခါလောက်လဲ၊ မင်းမှတ်မိသေးလား”

 

 

“ရာကျော်လား၊ ထောင်ကျော်လားပဲ”

 

 

မြေခွေးလေးမှာ တခဏမျှ စဥ်းစားကြည့်လိုက်သော်ငြား ပြန်မစဥ်းစားနိုင် ဖြစ်နေသဖြင့် သူမက လက်လျှော့လိုက်လေသည်။

 

 

“ဒါပေမဲ့ ရပါတယ်၊ ခေါင်းတအားကိုက်လာတိုင်း သူတို့က ကျွန်မကို ဆေးပေးတယ်လေ၊ ဆေးသောက်ပြီးသွားရင် ကျွန်မှာ တခြားအတွေးတွေမရှိတော့ဘူး၊ ပြီးတော့ မှတ်ဥာဏ်တွေကိုလည်း ကြိုက်တဲ့အချိန်ပြန်သုံးဖို့ သိမ်းထားလို့ရသေးတယ်”

 

 

ထိုအရာအား ပြောနေရင်း သူမက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းညိတ်လိုက်၏။

 

 

သို့ပေမဲ့ ဤတစ်ခေါက် သူမမှ ဝေ့ရှင်းကို မကူညီနိုင်ခဲ့ဟု တွေးကာ စိတ်ပျက်လက်ပျက်ဖြင့် လက်ကို ချလိုက်လေသည်။

 

 

ဝေ့ရှင်းသည် သူ့ရင်ဘတ်ပေါ်၌ လေးလံသည့် အရာတစ်ခု ဖိထားသကဲ့သို့ ခံစားရကာ နာကျင်နေပြီး အသက်ရှုကြပ်နေ၏။ ဆေး၊ မည်သို့သော ဆေးမျိုးက အတွေးများကို ပိတ်ဆို့ထားနိုင်သနည်း။

 

 

‘အဲလိုဆေးမျိုးကို အချိန်အကြာကြီး သောက်ခဲ့တာကကော ဘေးထွက်ဆိုးကျိုး မရှိဘူးလား’

 

 

ဝေ့ရှင်းက ထပ်မေးချင်သေးသော်လည်း မြေခွေးလေးမှ မျက်မှောင်ကြုတ်ကာ သိသိသာသာ ငြင်းနေလေသည်။

 

 

သူ့လက်ချောင်းများကို သူကိုင်ကာ တိတ်တဆိတ် ခေါင်းစဥ်အား ပြောင်းလိုက်၏။

 

 

 “မင်းကိုယ်မင်း သက်သောင့်သက်သာ ဖြစ်သွားစေတဲ့ မြင်ကွင်းတွေ‌ရော ရှိလား”

 

 

သူ ထိုမေးခွန်းကို မေးလိုက်ချိန်တွင် မြေခွေးလေးမှ မရှိဘူးလို့ ပြောလာမည်ဟု ဝေ့ရှင်းက ထင်ခဲ့သည်။

 

 

သို့ပေမဲ့ သူမက ပြန်ဖြေ၏။

 

 

“ရှိတယ်”

 

 

မြေခွေးလေးမှာ စခန်းထဲတွင် ရှိနေခဲ့စဉ်က သူမ သိပ်မပျော်ပေ။

 

 

သူမ၏ အထူးစွမ်းရည်ကြောင့် အချိန်အတော်များများတွင် မည်သည့်အရာမှ မရှိသည့် အခန်းထဲ၌ အပိတ်ခံထားရ၏။ ထိုအခန်းက အေးစက်ကာ အထီးကျန်ဆန်ပြီး သူမအမြီးကြီးကိုသာ သူမ ဖက်ထားနိုင်လေသည်။

 

 

ဆေးသောက်ပြီးမှသာ သုတေသီများက သူမကို လွတ်ပေးရဲကြ၏။

 

 

သို့ပေမဲ့ သူမ အလွတ်ခံလိုက်ရချိန်၌ပင် ဗီဇပြောင်းအကောင်များက သူမအနားသို့ မကပ်လာကြချေ။ အားလုံးက သူတို့အတွင်းစိတ်က အတွေးများကို အမြင်မခံရဲကြပေ။

 

 

စာဝါငှက်လေး သွေးအန်သည်အထိ အချခံလိုက်ရပြီး ထွက်ပြေးလာချိန်တွင် သူမကို မတော်တဆသာ ဝင်တိုက်မိခဲ့ဖူးသည့် တစ်ကြိမ်သာရှိသည်။

 

 

မြေခွေးလေးက ထူးဆန်းစွာဖြင့် ခေါင်းလေးကို စောင်းလိုက်ပြီး တုန်ယင်နေသည့် ငှက်လေးအား သူမပါးစပ်ဖြင့် ကိုက်ချီလိုက်ကာ သူမနောက်၌ ဝှက်ထားပေးလိုက်သည်။

 

 

ထိုအချိန်မှစ၍ အထီကျန်နေသည့် မြေခွေးလေး၌ သူငယ်ချင်းလေးတစ်ကောင် ရလာ၏။

 

 

အကယ်၍ သူတို့၏ အထောက်အထားများကို ဖုံးကွယ်ထားနေဆဲ မဟုတ်ပါက မြေခွေးလေးမှ ဝေ့ရှင်းကို ထိုအတိတ်အား တကယ်ပင် ပြချင်မိလေသည်။

 

 

အဘယ်ကြောင့်ဆိုသော် စာဝါငှက်တစ်ကောင်ကို မှီထားရခြင်းက သူမ၏အမြီးကို ဖက်ခြင်းထက် များစွာ ပိုကောင်း၏။

 

 

ဝေ့ရှင်းက သူမထပ်မပြောချင်တော့သည်ကို သတိပြုမိသဖြင့် ဖိအားမပေးတော့ချေ။ သူ၏ စကားသံက ညင်သာသွား၏။

 

 

“အဲဒါဆိုရင် မင်းအဲဒီခံစားချက်ကို မှတ်ထားသင့်တယ်နော်၊ ဟုတ်ပြီလား၊ တခြားသူတွေရဲ့ အတွေးကြောင့် စိတ်မရှုပ်ထွေးသွားစေနဲ့”

 

 

မြေခွေးလေးက သိပ်နားမလည်သော်ငြား ခေါင်းညိတ်ပြလေသည်။

 

 

သူမက သူမ၏ မူလရည်ရွယ်ချက်ဖြစ်သည့် ဝေ့ရှင်းကို သက်သောင့်သက်သာလုပ်ပေးရန်အား မမေ့သေးဘဲ မေးလိုက်၏။

 

 

ထိုအခါ၌ ဝေ့ရှင်းသူမကို ငြင်းပယ်ရက်တော့ချေ။ သူက မြေခွေးလေးကို သူ့ဖုန်းပေါ်လာ‌စေရန်သာ လုပ်ခိုင်းလိုက်ပြီး သူ ခရီးသွားခဲ့စဥ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုအား ဖွင့်လိုက်လေသည်။

 

 

“ဒီတစ်ခု ဒီတစ်ခုကို မြင်ချင်တာ”

 

 

မြေခွေးလေးက ဇဝေဇဝါဖြစ်သွား၏။

 

 

 “ဒါပေမဲ့ အဲဒီမှာ ဘာမှမရှိတာကို”

 

 

ဝေ့ရှင်းမှ ရယ်မောလိုက်လေသည်။

 

 

“အဲဒီမှာ သစ်ပင်တစ်ပင်ရှိတယ်မလား”

 

 

သို့ပေမဲ့ ယခင်က ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းများနှင့် နှိုင်းယှဥ်ကြည့်ပါက သစ်ပင်တစ်ပင်နှင့် မြင်ကွင်းက သနားစရာကောင်းနေ၏။

 

 

ဝေ့ရှင်းက ပြောလိုက်လေသည်။

 

 

 “အသဲလေး၊ ငါ့ကို သက်သောင့်သက်သာဖြစ်အောင် လုပ်ပေးချင်တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား၊ ဒါက ငါလိုချင်တာပဲလေ”

 

 

မြေခွေးလေးက နာခံ၏။ သူမပ ဝေ့ရှင်း၏ အသိစိတ်နှင့် ချိတ်ဆက်ကာ ထိုဗီဒီယိုထဲမှ မြင်ကွင်းကို တည်ဆောက်လေသည်။

 

 

ထိုအရာမှာ အဆုံးမရှိသည့် မြက်ခင်းပြင်ကြီး ဖြစ်၏။

 

 

အဝေး၌ အဆုံးမရှိသည့် ခမ်းနားသော တောင်တန်းများရှိကာ ကောင်းကင်ကြီးက ပင်လယ်ကဲ့သို့ ကျယ်ဝန်းပြီး မြက်ခင်းပြင်ကြီးက ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံထားလေသည်။

 

 

ဝေ့ရှင်းသည် မြေခွေးလေးကို ပွေ့ချီကာ သစ်ပင်အောက်သို့ လာခဲ့ပြီး မြက်ခင်းပြင်ပေါ် ထိုင်ချရင်း သစ်ပင်ပင်စည်ကို မှီလိုက်၏။

 

 

မြေခွေးလေး၏ နားရွက်များ လှုပ်သွားကာ စကားပြောရန် လုပ်လိုက်ချိန်တွင် လူငယ်လေး၏ နွေးထွေးကာ ဆွဲဆောင်မှုရှိသော အသံက အပေါ်မှ ထွက်လာလေသည်။

 

 

“ရှူး”

 

 

နေရောင်ခြည်တန်းတစ်ခုက တိမ်တွေကြားမှ သူတို့နှစ်ဦးပေါ်သို့ ဖြာကျနေ၏။

 

 

မြေခွေးလေးက နွေးထွေးမှုကို ခံစားလိုက်ရသည်။

 

 

သူမ မနေနိုင်ဘဲ မော့ကြည့်လိုက်မိ၏။

 

 

လေပြေလေးက မြက်ပင်နံ့သင်းသင်လေးကို သယ်ဆောင်လာကာ သူမ၏ ပါးပြင်ကို ပွတ်တိုက်သွားပြီး သူမ၏ အမွှေးပွပွများအား ယမ်းခါသွားစေသည်။

 

 

အမျိုးသားငယ်၏ လက်ရောက်လာပြီး သူမ၏ မေးကို ကုတ်ပေးကာ ခေါင်ကို ပွတ်သပ်ပေး၏။

 

 

 

ထိုအရာကို ဖော်ပြ၍ မရနိုင်ချေ။

 

 

မြေခွေးလေးက မြက်ပင်၏ အနံ၊ နေမင်း၏ နွေးထွေးမှု၊ ဖြတ်သန်းသွားသည့် လေပြေလေး နှင့် သူမ၏ မေးစေ့ကို ညင်သာစွာ ကုတ်ပေးနေသည့် အမျိုးသား၏ လက်ချောင်းများ ထိုအရာအားလုံးကို ခံစားမိလေသည်။

 

 

ဆူညံသံများအားလုံး ပျောက်ကွယ်သွားချိန်တွင် မကောင်းသည့် မှတ်ဥာဏ်များအားလုံး ဝေးကွာသွားကာ ငြိမ်သက်မှုနှင့် နွေးထွေးမှုသာ ကျန်ရစ်ခဲ့သကဲ့သို့ပင်။

 

 

ထိုအခိုက်တန့်၌ အခြားအရာများကို မတွေးမိရန်အတွက် သူမ ဆေးသောက်ဖို့ မလိုတော့သကဲ့သို့ပင် ဖြစ်၏။

 

 

သူတို့ ထိုနေရာတွင် မည်မျှကြာကြာ ထိုင်ခဲ့ကြသည်ကို သူတို့မသိချေ။

 

 

ကြာလွန်းသဖြင့် ဝေ့ရှင်း၏ နှိုးစက်သံမြည်မှသာ နိုးလာခဲ့သည်။ သူထထိုင်လိုက်သည်နှင့် ကုတင်ခြေရင်းတွင် အိပ်နေသည့် မြေခွေးလေးကိုလည်း နိုးလိုက်၏။

 

 

သူတို့မျက်လုံးချင်းဆုံသွားချိန်တွင် မြေခွေးလေးက ရုတ်တရက် စိတ်လှုပ်ရှားရွာ အော်လိုက်လေသည်။

 

 

“ဟစ်”

 

 

အိပ်ချင်မူးတူး ဖြစ်နေသေးသည့် ဝေ့ရှင်းက အမွှေးလုံးလေး ခုန်တက်လာသည်ကို တွေ့လိုက်ရချိန်တွင် သူမကို အမြန်ဖမ်းလိုက်၏။

 

 

အမွှေးလုံးလေးမှ သူ့အပေါ်သို့ ခုန်တက်ချင်ရုံတင်မက သူ့ကို လျှာထုတ်ကာ ယက်သေးသည်။

 

 

“တော်ပြီလေ”

 

 

မြေခွေးလေးက သူမ၏ စိတ်လှုပ်ရှားမှုကို မည်သို့ဖော်ပြရမည်အား မသိချေ။

 

 

ဝေ့ရှင်း ပြောခဲ့သည့်အတိုင်း သူမတကယ်ပင် ခံစားရ၏။ အလွန် သက်တောင့်သက်သာရှိကာ အလွန် ပျော်စရာကောင်းသဖြင့် သူမအိပ်ရာပေါ်တွင် ခုန်ပေါက်နေခဲ့သည်။

 

 

“ဟစ် ဟစ် ဟစ်”

 

 

‘ကြိုက်တယ်၊ အရမ်းကြိုက်တယ်’

 

 

ဝေ့ရှင်း၏ မျက်နှာမှာ သူမ၏အမြီးကြီးနှင့် ထပ်ခါထပ်ခါ ပွတ်သပ်ခံနေရ၏။ သူက အကူအညီမဲ့နေသော်ငြား ရွှင်မြူးနေ၏။

 

 

“မနက်အစောကြီးပဲ ရှိသေးတာကို ဆူညံမနေနဲ့လေ”

 

 

သို့ပေမဲ့ မြေခွေးလေးမှ ထပ်ပြီး ခုန်တက်လာချိန်တွင် သူမကို ဖမ်းရန်အတွက် သူထပ်ပြီး လက်ကမ်းပေးနေဆဲပင်။

 

 

မြေခွေးလေးက သူ့လက်မောင်းထဲ၌ ဝပ်နေကာ သူမ၏ နားရွက်များမှာ လှုပ်နေပြီး အမြီးကို လျင်မြန်စွာ ခါယမ်းနေသည်။ သူမ၏ တောက်ပသည့် မျက်လုံးများမှ အပေါ်သို့ မော့ကြည့်လိုက်ကာ နောက်တစ်ခါ ပျော်ပျော်ရွှင်ရွှင် အော်လိုက်၏။

 

 

“ဟစ်”

 

 

မျက်စိတစ်မှိတ်အတွင်း လတစ်ဝက် ကုန်သွားခဲ့သည်။

 

 

ထန်ချီက ဝေ့ရှင်း၏ တံခါးဝသို့ အလျင်စလို ရောက်လာပြီး ဆက်တိုက် တံခါးခေါက်နေ၏။

 

 

“ဝေ့ရှင်း၊ ဝေ့ရှင်း၊ ဆိုးဆိုးရွားရွားတစ်ခုခု ဖြစ်သွားတယ်၊ မင်းသတင်းကြည့်ပြီးပြီလား၊ H မြို့တော်ကို လော့ဒေါင်းချထားတယ်”