Ch 17
Viewers 77

Chapter 17

 

 

သားရဲတွေကို ပျိုးထောင်ပြီးနောက် စွန့်ပစ်နေရာက လူတွေအားလုံး သဘောကျတာခံခဲ့ရတယ်

 

 

ကောင်လေးက အလွန် အံ့အားသင့်သွား၏။ မသိလျှင် မဖြစ်နိုင်သည့် ဟာသတစ်ခုကို ကြားရသကဲ့သို့ပင်။ ဝေ့ရှင်း၏ ပြန်ဖြေကြားမှုမှာ အလွန် ပြင်းထန်သဖြင့် သူက မည်သို့သော အရာအား ကြားလိုက်သည်ကိုပင် မယုံနိုင်ချေ။

 

 

ဝေ့ရှင်းက ထိုအရာအား သတိပြုမိကာ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အခြားသူများ အဘယ်ကြောင့် ထောင့်တွင် ကပ်ကာ စိတ်ကောက်နေခဲ့ကြသည်ကို သူက နားလည်သွားခဲ့လေသည်။

 

 

သူမှ ကောင်လေးအနားသို့ သွားလိုက်ကာ မျက်နှာချင်းဆိုင် ရပ်လိုက်သည်။ ထို့နောက် ရန်လိုသည့် အသံမပါဘဲ တည်ငြိမ်စွာ ထပ်မေးလိုက်လေ၏။

 

 

“မင်း မလုပ်နိုင်ဘူးလို့ ဘာလို့ထင်ရတာလဲ”

 

 

ထိုမေးခွန်းမှာ အားကျိုကို နိုးထစေခဲ့ပြီး သူက ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။

 

 

“ဘာလို့ မလုပ်နိုင်ရမှာလဲ”

 

 

ထိုမေးခွန်းမှာ သူ မည်သည့်အချိန်ကမှ မတွေးခဲ့ဖူးသည့် မေးခွန်း ဖြစ်၏။ သူ့စိတ်များ ရှုပ်ထွေးနေပြီး မသိစိတ်မှ ပြန်ပြောမိလိုက်လေသည်။

 

 

 “ဘာလို့ဆို သူတို့အားလုံးက အဲလိုပဲ ပြောကြတယ်လေ”

 

 

“အားလုံးက အဲလိုပြောတာနဲ့ပဲ အဲဒါက အမှန်တရား ဖြစ်သွားရောလား”

 

 

“မဖြစ်ပါဘူး”

 

 

ဝေ့ရှင်းမှာ မည်သည်ကိုမှ နားမလည်ဟု အားကျိုမှ ခံစားလိုက်ရကာ ထိုအမျိုသား၏ မေးခွန်းများက သူ့စိတ်ကို ရှုပ်ထွေးလာလေစေ၏။

 

 

“အဲဒါက ဘယ်လောက် ခက်ခဲတယ်ဆိုတာကို မင်း နားမလည်ပါဘူး”

 

 

အကယ်၍ မင်းက A အဆင့်ဆိုလျှင် S အဆင့်ထိ တိုးတက်လာရန် မျှော်လင့်ချက်ရှိသော်ငြား C အဆင့် အားကျိုကတော့ မေ့ပစ်လိုက်ပြီး အိမ်မက်ပင် မမက်သင့်ချေ။

 

 

‘ငါမင်းကို စိတ်ဓါတ်ကျအောင် လုပ်နေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဟိုနားက B အဆင့် တောဝက်ကို တစ်ချက်ကြည့်လိုက်ပါဦး၊ အဲဒီတောဝက်က မင်းထက် ပိုအဆင့်မြင့်ပြီး ပိုသန်မာတာတယ်၊ အဲလိုသူတောင်မှ မလုပ်နိုင်တာကို မင်းလုပ်နိုင်မယ်လို့ ထင်လို့လား’

 

 

‘သနားစရာ ငှက်ကလေးက အားကျို ဘယ်တော့မှ လင်းယုန် မဖြစ်လာနိုင်ဘူး ဆိုတာကို နားလည်ဖို့အတွက် ဘယ်လောက်တောင် သွေးတွေ ဆုံးရှုံးရမှာလဲ'

 

 

ပုံသဏ္ဍာန်၊ မျိုးရိုးဗီဇအဆင့်၊ တိုက်ခိုက်နိုင်စွမ်း ထိုအရာများအားလုံးကို အစကတည်းက ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်၏။

 

 

‘စခန်းမှာ အသန်မာဆုံး ဗီဇပြောင်းအကောင်ကို မင်း မြင်ဖူးလား၊ ငါ့ကို ယုံလိုက်၊ မင်း သူ့ကို မြင်လိုက်တာနဲ့ ဘာအတွေးမှ ရှိတော့မှာမဟုတ်ဘူး၊ ဘာလို့ဆို အရမ်းကြောက်လွန်းလို့ ဘာမှမလုပ်နိုင်ဘဲ တုန်နေမှာမလို့ပဲ’

 

 

သူက နံပါတ်တစ်ကို တွေ့လိုက်ချိန်တွင် မည်သူမှ သူ့ကို မလိမ်ခဲ့သည်ကို အားကျိုမှ သဘောပေါက်သွားလေသည်။ တစ်ဖက်က ထုတ်လွှတ်သော ဖိနှိပ်ချုပ်ချယ်သည့် အရှိန်အဝါကြား၌ သူမှ တုန်ယင်နေပြီး ကြောက်ရွံ့မှု‌ကြောင့် စကားပင် မပြောနိုင်ခဲ့ချေ။

 

 

 

ထိုကြောင့် သူ၏ ယခင်ရည်မှန်းချက်များမှာ မည်မျှ စိတ်ကူးယဥ်ဆန်သည်ကို သူက နားလည်သွားရသည်။

 

 

ကောင်လေး၏ မျက်လုံးများမှာ နီရဲနေပြီး  “မဖြစ်နိုင်ဘူး” ဆိုသည့် စကားလုံးကို တီးတိုးပြောလိုက်ချိန်တွင် အိမ်မက်ဆိုးတစ်ခု၏ လွှမ်းမိုးမှုကို ခံနေရသကဲ့သို့ပင် ဖြစ်သည်။

 

 

ဝေ့ရှင်းမှာ ထိုကောင်လေးမှ မကောင်းသည့် အတွေးကို တွေးနေခြင်းအား ချက်ချင်းပင် ရပ်ခိုင်းရမည်ဟု ခံစားလိုက်ရသည်။ မဟုတ်လျှင် သူက စိတ်ပိုင်းဆိုင်ရာ ပြသနာများ ဖြစ်လာနိုင်၏။

 

 

သူက အားကျို၏ မျက်နှာကို လက်ဖြင့် အုပ်ကိုင်လိုက်သည်။

 

 

 “အဲဒါဆိုရင် မင်းဘယ်လိုထင်လဲ ပြောပြလေ”

 

 

“မင်း အဲဒါကို လက်ခံချင်တာလား၊ ကံကြမ္မာကိုပဲ လက်ခံလိုက်ချင်တာလား၊ မင်းကိုယ်မင်းကော မလုပ်နိုင်လောက်ဘူးလို့ ထင်တာလား”

 

 

အားကျို၏ အခြေအနေမှာ မည်မျှ ခက်ခဲသည်ကို ဝေ့ရှင်းမှ မသိသော်ငြား လှောင်အိမ်ထဲတွင် ပိတ်မိနေသည့် ခံစားချက်ကိုတော့ စာနာပေးနိုင်၏။

 

 

သူ ကျောင်းတက်နေစဉ်တွင် သူ၏ထိုင်ခုံဖော်မှာ အရည်အချင်း မရှိသော်လည်း ပန်းချီဆွဲရသည်ကို ဝါသနာပါ၏။ သူမက ပြိုင်ပွဲအမျိုးမျိုးတွင် ပါဝင်ယှဥ်ပြိုင်ခဲ့သော်ငြား ပါဝင်ယှဥ်ပြိုင်ပေးသည့် ဆုသာ ရခဲ့လေသည်။ ဆယ်နှစ်စာ ကြိုးစားအားထုတ်မှုက အခြားသူများ၏ တစ်နှစ်စာ သင်ယူခြင်းနှင့်ပင် မယှဥ်နိုင်ချေ။

 

 

သူမမှာ ပြိုလဲလုမတတ်ဖြစ်သွားခဲ့ပြီး သူမကို အားပေးသည့် မိဘများပင် လက်လျှော့လိုက်ရန် တိုက်တွန်းလာကြ၏။ ဝေ့ရှင်းလည်း သူမက ပန်းချီဆက်မဆွဲတော့လောက်ဟု ထင်ခဲ့သည်။

 

 

တစ်နေ့တွင် အတန်းပြန်လည်ဆုံစည်းပွဲတစ်ခု၌ ထိုကောင်မလေးက ထူးကဲသည့် ကောင်မလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့၏။ တောက်ပသည့် အပြုံးလေးနှင့် သူမက ဖော်လိုဝါသန်းပေါင်းများစွာရှိသည့် ရုပ်ပြဆရာတစ်ယောက် ဖြစ်လာခဲ့ပြီး ယခင်လက မြို့အဆင့်တွင် ဒုတိယအဆင့် ရခဲ့သည်ဟု အားလုံးကို ပြောပြခဲ့၏။

 

 

ပြီးနောက် သူတို့ တက်ခဲ့သည့် ကျောင်းဆီသို့ သွားကြ၏။ စာသင်ဆောင်ဘေး၌ လွန်ခဲ့သော နှစ်ပေါင်းများစွာက မိုးကြိုးပစ်ခံခဲ့ရသည့် သစ်ပင်တစ်ပင် ရှိပြီး သစ်ပင်တစ်ဝက်မျှသာ ရှိတော့သည်။ လူတော်တော်များများက ထိုအပင်အား သေမည်ဟု ထင်ခဲ့ကြသည်။

 

 

သို့သော် အံ့အားသင့်စရာပင်၊ ထိုညှိုးနွမ်းနေသည့် သစ်ပင်မှ အစိမ်းရောင် သစ်ကိုင်းသစ်များ ထွက်လာလေသည်။

 

 

ဘဝက အံ့အားသင့်စရာများကို အဆက်မပြတ် ဖန်တီးပေး၏။

 

 

ထိုအခိုက်အတန့်လေး၌ မဖြစ်နိုင်သည့် အရာမရှိဟု ဝေ့ရှင်းမှ ယုံကြည်သွားခဲ့သည်။

 

 

အားကျိုက ဝေ့ရှင်းနှင့် အတင်းအကျပ် အကြည့်ချင်း အဆုံခံလိုက်ရ၏။

 

 

ထိုအမျိုးသား၏ ကြည်လင်နေသော မျက်လုံးများမှာ မှန်တစ်ချက်ကဲ့သို့ ဖြစ်ကာ သူ၏ ရူးသွပ်နေသည့် အသွင်အပြင်ကို ထင်ဟင်နေစေလေသည်။

 

 

သို့ပေမဲ့ သူ့အကြည့်က အားကျို၏ နှလုံးသားထဲရှိ သိမ်ငယ်မှုနှင့် မရောင့်ရဲမှုများကို ကာပေးထားသည့် နံရံကြီးတစ်ခုကဲ့သို့ ဖြစ်ကာ သူ၏ တကယ့် အတွေးများကို ထုတ်ပြောရန် အားပေးနေ၏။

 

 

“ကျွန်တော်”

 

 

အတွေးပေါင်းစုံ သူ၏ စိတ်ထဲသို့ ပေါ်လာခဲ့သည်။ အားကျို၏အသံက တုန်ယင်နေကာ သူ့လျှာကိုပင် ကိုက်မိမတတ် ဖြစ်သွားလေသည်။

 

 

 “ကျွန်တော် လုပ်နိုင်တယ်လို့ ထင်တယ်”

 

 

သူက နောက်ဆုံးတွင်တော့ ပြောလိုက်ပြီ ဖြစ်၏။

 

 

အားကျိုမှ လက်သီးတင်းတင်းဆုပ်ထားပြီး သူ့သတ္တိကို သူက အံ့အားသင့်နေကာ ကျယ်လောက်စွာ အော်ပြောလိုက်သည်။

 

 

“ငါ မလုပ်နိုင်လောက်ဘူးလို့ ငါ မထင်ဘူး”

 

 

“ဒါမှပေါ့”

 

 

ဝေ့ရှင်းက သူ့ကို ဖက်လိုက်ပြီး အသေအချာပင် ပြောလိုက်၏။

 

 

“မင်း သေချာပေါက် လုပ်နိုင်ပါတယ်”

 

 

အဖက်ခံရသည့် နွေးထွေးမှုကြောင့် ကောင်လေး၏ မျက်လုံးများမှာ တဖန် ပြန်လည် စိုစွတ်လာခဲ့သည်။

 

 

တစ်ခုခုကို ဆုံးရှုံးရမည်ကို ကြောက်သည့် ကလေးတစ်ယောက်က မုန်တိုင်းထဲတွင် နားခိုရာနေရာအား ရှာတွေ့သွားသကဲ့သို့ သူက ဝေ့ရှင်း၏ အင်္ကျီအစကို မသိလိုက်ဘဲ ဆွဲထားမိလိုက်၏။ သူမှ ထပ်ခါထပ်ခါ ပြန်မေးနေလေသည်။

 

 

“ကျွန်တော် တကယ်ပဲ သန်မာလာနိုင်တာလား”

 

 

ဝေ့ရှင်းက စိတ်ရှည်ရှည်ဖြင့် သူ စိတ်ချသွားတဲ့အထိ ပြောပြပေး၏။

 

 

“ဒါပေမဲ့ မင်းသန်မာလာနိုင်တာပေါ့”

 

 

“ကျွန်တော်ဘယ်လောက်ထိ သန်မာလာနိုင်လောက်လဲ”

 

 

ဝေ့ရှင်းမှ ပြုံးကာ ပြောလိုက်သည်။

 

 

“ဥပမာအားဖြင့် ရှောင်ဟေးကို အနိုင်တိုက်နိုင်လောက်တဲ့အထိ သန်မာလာလောက်မလားပဲ”

 

 

“....”

 

 

အားကျိုမှာ ရုတ်ခြည်းပင် အေးခဲသွား၏။ ဝေ့ရှင်း၏ မထိန်းနိုင်တော့သည့် ရယ်သံကို ကြားလိုက်ရပါမှ သူ အစခံနေရခြင်းဖြစ်သည်ကို သဘောပေါက်သွားခဲ့သည်။ စိတ်ရှုပ်ထွေးကာ ဒေါသထွက်သဖြင့် သူက ပြောလိုက်၏။

 

 

“အဲဒါဆိုရင် ကျွန်တာ် မလုပ်နိုင်လောက်ဘူးလို့ ထင်….အာ့”

 

 

ဝေ့ရှင်းက အားကျိုကို မကာ အနားမှ ပန်းခင်းပေါ်သို့ တင်လိုက်လေသည်။

 

 

ကောင်လေးမှာ ဒယိမ်းဒယိုင် ဖြစ်နေပြီး သူ့ကိုယ်သူ ဟန်ချက်ညီအောင် ထိန်းရန်အတွက် ဝေ့ရှင်း၏ ပခုံးကို ကိုင်လိုက်ရသည်။ နောက်တစ်ခဏ၌ ထိုအမျိုးသားက စကားတစ်ခွန်း ပြောလိုက်သည်ကို သူမှ ကြားလိုက်ရ၏။

 

 

“မတ်မတ်ရပ်ထား”

 

 

သူက အမြန်ပင် မတ်မတ်ရပ်လိုက်ကာ ဝေ့ရှင်းကို မလွဲမရှောင်သာပဲ ငုံ့ကြည့်နေရ၏။

 

 

ဝေ့ရှင်းမှ ခေါင်းမော့လိုက်ကာ အမြင့်နှင့် နေသားမကျဖြစ်နေသည့် ကောင်လေးကို ညင်သာစွာ ပြုံးပြလိုက်သည်။

 

 

“တွေ့လား၊ မင်း ငါ့ကို ငုံ့ကြည့်နိုင်တဲ့အထိတောင် သန်မာနေပြီ”

 

 

အားကျို၏ လှုပ်ရှားမှုများမှာ တန့်သွားခဲ့၏။

 

 

ဝေ့ရှင်းက ခြေဖျားထောက်ရပ်လိုက်ပြီး အားကျို၏ ခန္ဓာကိုယ် အနေအထားကို ပြောင်းပေးရန် လက်လှမ်းလိုက်သည်။

 

 

“ခါးကို မတ်မတ်ထား၊ ခါးမကုန်းနေနဲ့၊ မင်း ခေါင်းငုံ့လို့ ရပေမဲ့ မျက်လုံးနဲ့ အပေါ်ကို ကြည့်နေရင် မငုံ့ထားနဲ့၊ တခြားသူတွေကို မော့ကြည့်ဖို့အတွက် မင်းကိုယ်မင်း ဘာလို့ နိမ့်ချရမှာလဲ”

 

 

လူငယ်လေး၏ ညင်သာသည့် အကြံအဥာဏ်အား နားထောင်ပြီးနောက် အားကျို၏စိတ်မှာ ဗလာဖြစ်သွား၏။

 

 

ထို့နောက် နွေးထွေးသည့် လက်ဖဝါးတစ်ခုက သူ့မေးကို မော့ပေးလိုက်ကာ ကျယ်ပြန့်သော ကောင်းကင်ကြီးကို မော့ကြည့်ရန် လမ်းညွှန်းပေးလိုက်သည်။

 

 

“ဒီလိုမျိုးလေ၊ ငါတို့တွေ အပေါ်ကို မော့ကြည့်နေရင်တောင်မှ ငါတို့ရဲ့ခေါင်းတွေကို ယုံကြည်ချက်ရှိရှိ မော့ထားနိုင်ရမယ်၊ ဟိုးနားက ရှုခင်းကြည့်မျှော်စင်ကို မင်းတွေ့လား”

 

 

“မင်းအခု ပန်းခင်းပေါ်မှာ ရပ်နေပြီးတော့ ငါ့ကို ငုံ့ကြည့်လို့ရတယ်၊ တစ်နေ့ကျရင် မင်း အဲဒီနေရာလောက် မြင့်တဲ့အမြင့်မှာ ရပ်ပြီးတော့ လူတွေအများကြီးကို ငုံ့ကြည့်လာနိုင်မှာပါ”

 

 

အားကျို: “....”

 

 

သူမှ ဖြည်းညင်းစွာ အသက်ရှူသွင်းလိုက်ပြီး သူ့ရင်ဘတ်က မညီမညာဖြင့် တက်လိုက်ကျလိုက် ဖြစ်နေ၏။ တင်းကျပ်စွာ ဆုပ်ထားသည့် လက်သီးဆုပ်အား ပို၍ပင် တင်းတင်းကျပ်ကျပ် ထပ်ဆုပ်လိုက်သဖြင့် သူ၏ လက်ဖဝါးထဲသို့ လက်သည်းများ စိုက်ဝင်သွားခဲ့သည်။

 

 

ဝေ့ရှင်းက ကောင်လေး၏ မငိုမိ‌စေရန် ထိန်းထားသည့် မျက်ရည်များ ရုတ်တရက် စီးကျလာခဲ့သည်ကို သတိမထားမိခဲ့ချေ။ သူက အားကျို၏ လက်ကို ပုတ်ကာ ထပ်ပြောလိုက်၏။

 

 

“မင်းသေချာပေါက် လုပ်နိုင်ပါတယ်”

 

 

သူတို့ အိမ်ပြန်ရောက်ပြီးချိန်တွင်ပင် အားကျိုမှ သူ့နဖူးပေါ်ရှိ နွေးထွေးမှုကို ခံစားနေရဆဲ ဖြစ်ပြီး အံ့အားသင့်နေသကဲ့သို့ တစ်နေရာတည်းကို စိုက်ကြည့်နေလေသည်။

 

 

အားလွီက ပုံမှန်မဟုတ်သည့် တစ်ခုခုကို သတိပြုမိကာ သူ့ကို ဆက်တိုက်ပတ်နေ၏။

 

 

ယခင်က အားကျိုမှာ ထိုမြွေညှစ်သတ်ခံရမလို ဖြစ်ခဲ့ဖူးပြီး ထိုအဖြစ်အပျက်က သူ့အတွက် အရိပ်ကြီးတစ်ခု ဖြစ်လာလေသည်။ သူက ချက်ချင်း စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။

 

 

“ဘာဖြစ်လို့လဲ၊ ကျွန်တော့်ကို ဘာလို့ အဲလိုမျိုး ကြည့်နေတာလဲ”

 

 

အားလွီက ကြောင်အသွားပြီးနောက် ချက်ချင်းပင် သိသာစွာ ပြုံးလာလေသည်။

 

 

“မင်းဘာသာမင်း တစ်ခုခု ပြောင်းလဲနေတာကို သတိမထားမိသေးဘူးလား”

 

 

“ဘာပြောင်းလဲတာလဲ”

 

 

အားလွီက ပြန်မဖြေဘဲ ရှောင်ဟေးဘက်ကို လှည့်မေးလိုက်၏။

 

 

“သူဘာလို့ ဒီလိုဖြစ်သွားတာလဲ ဆိုတာကို မင်းသိလား”

 

 

ရှောင်ဟေးမှာ အိပ်မနေဘဲ ရှားရှားပါးပါး နိုးနေပြီး အားကျိုကို အချိန်အတော်ကြာ စိုက်ကြည့်လိုက်၏။ ထို့နောက် သဘောပေါက်နားလည်သွားသကဲ့သို့ သူက ပြောလိုက်သည်။

 

 

 “သူ့မျိုးရိုးဗီဇတွေက အစကတည်းက ပေါင်းစပ်နေတာ ဖွံ့ဖြိုးလာတုန်းက လမ်းညွှန်မှုမရခဲ့လို့၊ သူ့ရဲ့တခြား ပုံသဏ္ဍာန်နဲ့ မျိုးရိုးဗီဇတွေက ထင်ထင်ရှားရှား မပေါ်ခဲ့တာပဲ”

 

 

“​အော် အဲဒါဆိုရင် ရုတ်တရက် နိုးထလာတာပေါ့”

 

 

ပဟေဠိဆန်ဆန် ပြောဆိုနေကြသည်ကို ကြည့်ရင်း အားကျိုးက စခန်း၌ သူတို့နှစ်ကောင်ကဲ့သို့ အဆင့်မြင့်ဗီဇပြောင်း အကောင်များကိုသာ အပြည့်အဝ အာရုံစိုက်ကြသည်ကို တွေးပြီး ဒေါသထွက်နေ၏။

 

 

‘ဘယ်သူက သူ့ကို လမ်းညွှန်ပေးဖို့ လုပ်ပါ့မလဲ’

 

 

ထို့နောက် “နိုးထခြင်း” ဆိုသည့် စကားလုံးကို ကြားလိုက်ရချိန်တွင် သူ၏ နှလုံးခုန်သံမှာ ဗုံသံကဲ့သို့ တဒုန်းဒုန်း ဖြစ်လာလေသည်။

 

 

“နိုးထတယ်ဆိုတာက ဘာလဲ”

 

 

မြေခွေးလေးက အနားသို့ ကပ်လာပြီး သူ့ကို အနံ့ခံ ကြည့်ကာ အံ့အားသင့်စွာ ပြောလိုက်၏။

 

 

“ကျိုကျို ကျိုကျိုရဲ့ အရှိန်အဝါက အဆင့်B ဖြစ်သွားပြီ”

 

 

‘ဒုတ်’

 

 

ထိုကြီးမားသည့် သတင်းထူးကြီးက သူ့ကို တိုက်ခိုက်သွားခဲ့ပြီး အားကျိုမှာ ထိုနေရာတွင် မလှုပ်မယှက် ရပ်နေလေသည်။

 

 

အားကျိုက လူသားများကို အလွန် သတိထားကာ ဝေ့ရှင်းမှလွဲ၍ လူသားတိုင်းကို ရှောင်၏။ အားကျို နိုးထလာစေရန် လမ်းညွှန်းပေးလိုက်သည့်သူမှာ ဝေ့ရှင်းဖြစ်ပြီး မရည်ရွယ်ဘဲ လမ်းညွှန်းပေးမိလိုက်ခြင်း ဖြစ်နိုင်သည်ဟု ရှောင်ဟေးမှ ခန့်မှန်းမိလိုက်သည်။

 

 

ထိုကဲ့သို့ ဖြစ်သွားခြင်းဖြစ်သဖြင့် သူက နောက်ထပ် အကြံအဥာဏ်ပါ ထပ်ပေးလိုက်၏။

 

 

“မင်းရဲ့ အရှိန်အဝါထဲကနေ စိတ်လှုပ်ရှားနေတာကို ငါ ခံစားလို့ရတယ်၊ မင်းရဲ့ပေါင်းစပ်ထားတဲ့ မျိုးစိုဗီဇတွေက အဆင့် B ထက် ကျော်နေနိုင်တယ်၊ မင်းကိုယ်မင်း ကြည့်ကြည့်လိုက်၊ သိသာတဲ့ လက္ခဏာတွေ ရှိနေလောက်တယ်”

 

 

အားကျိုက သတိပြန်ဝင်လာကာ သူ့ပခုံးများမှာ အလွန် ပူနွေးနေသည်ကို သတိပြုမိလိုက်၏။ သူမှ လန့်ဖျပ်သွားပြီး အင်္ကျီလက်ကို အမြန် ဆွဲတင်လိုက်လေသည်။

 

 

အညိုရောင်နှင့် အဝါရောင် အမွေးအတောင်များမှာ သူ၏ အရေပြားတစ်လျှောက် စီတန်းနေသော်ငြား အလှပြငှက်များကဲ့သို့ နူးညံ့ကာ ပွယောင်းနေသည့် အမွေးအတောင်များ မဟုတ်တော့ချေ။

 

 

သူက ထိုအမွေးအတောင်များအား တုန်တုန်ယင်ယင်နှင့် ကိုင်ကြည့်လိုက်ချိန်တွင် ပေါ့ပါးပြီး မာကျောကာ တစ်ခုနှင့်တစ်ခု အလွှာလိုက် ဖြစ်နေသည်။ အမဲလိုက် ငှက်ကြီးများ၌သာ ထိုကဲ့သို့ အမွေးအတောင်မျိုး ရှိ၏။

 

 

ထိုညနေခင်း၌ ဝေ့ရှင်းမှ သူ၏ ပင်ပန်းနွမ်းနယ်နေသည့် ခန္ဓာကိုယ်အား ပြန်ဆွဲခေါ်လာပြီးနောက် အားကျိုက ပြောင်းလဲသွားကြောင်း သိသွား၏။ အခြားသူများနှင့် စကားပြောချိန်တွင် သူက ခေါင်းမငုံ့နေတော့ဘဲ သူ၏ မျက်လုံးထဲ၌ တောက်ပမှုအသစ်လေး ပေါ်လာခဲ့သည်။

 

 

 

အခြားတစ်ယောက်ကို ပထမဆုံးအကြိမ် အကြံပေးဖူးခြင်းဖြစ်သဖြင့် ထိရောက်ခြင်း မထိရောက်ခြင်းကို ဝေ့ရှင်းမှ မသိချေ။ ကောင်လေးမှ ယုံကြည်ချက် ပြန်ရှိလာပုံကို မြင်လိုက်ရ၍ သူက အမှန်တကယ်ပင် ပျော်နေ၏။

 

 

အခြေအနေကို နားလည်သွားပြီးနောက် အားလွီက မနာလိုဖြစ်ပြီး ဝေ့ရှင်းအပေါ်သို့ ခုန်တက်လာကာ အဆက်အပြတ် ညည်းတွားနေလေသည်။

 

 

 “မြောင် မြောင် မြောင်”

 

 

‘ငါလည်း နိုးထချင်တယ် ငါ့ကိုလည်း ကူပါဦး’

 

 

ရှောင်ဟေးက လူငယ်လေး၏ ပင်ပန်းနွမ်းနယ်မှုကို သတိပြုမိသွားပြီး ကျိုးကြောင်းနားမလည်သည့် မြွေအား ဆွဲခေါ်သွား၏။

 

 

ဝေ့ရှင်းမှ ရယ်မောလိုက်ကာ သူတို့နှင့် တခဏမျှ ကစားပေးခဲ့လေသည်။

 

 

သူက မည်မျှပင် ပင်ပန်းနေပါစေ သူ၏ အမွှေးလုံးလေးများနှင့် အချိန်မဖြုန်းဘဲ မနေခဲ့ချေ။

 

 

သို့ပေမဲ့ ထိုညက သူအိပ်ရန် ပြင်ဆင်နေချိန်တွင် မြေခွေးလေးမှာ ထူးထူးခြားခြား သူ့အနားသို့ ကပ်လာ၏။

 

 

ပုံမှန်အားဖြင့် မြေခွေးလေးက အားကျိုနှင့်အတူ အိပ်လေ့ရှိသည်။ ဤသည်မှာ သူက ဝေ့ရှင်းအနားသို့ ပထမဆုံးအကြိမ် ကပ်လာခြင်းပင်။

 

 

အားလွီကတော့ သူ့နေရာကို အခြားသူအား မပေးချင်ပေ။ ဝေ့ရှင်းမှ သူ၏အာရုံစိုက်မှုကို မြေခွေးလေးနှင့် အားကျိုအား ခွဲပေးထားသည်ကို မြင်လိုက်ရချိန်တွင် တစ်ခုခု အရေးပေါ် ဖြစ်နေပြီဆိုသည့် ခံစားချက်မျိုး ခံစားလိုက်ရကာ သူ၏ သွားများကို ဖြဲပြပြီး မြေခွေးလေးကို မာန်ဖီနေလေသည်။

 

 

မြေခွေးလေးမှာ ကြောက်ရွံ့စွာဖြင့် နောက်ဆုတ်သွားခဲ့သော်ငြား စကားတစ်ခွန်းတည်းနှင့် အားလုံးကို သူက နားချနိုင်ခဲ့၏။

 

 

“ကျွန်တော်ရဲ့ စွမ်းရည်က လူတွေကို ကောင်းကောင်း အနားယူနိုင်အောင် လုပ်ပေးတာပါ”

 

 

 မြေခွေးလေးက သူ့အမြီးကို လှုပ်ယမ်းလိုက်သည်။

 

 

“ဒီတလော သူက အတော်လေး ပင်ပန်းနေတာလေ သူ့ရဲ့ မျက်ကွင်းတွေတောင် ညိုနေပြီ”

 

 

အားလွီ၏ ရန်လိုနေသည့် အမူအယာမှာ ရပ်သွားခဲ့၏။ သူက အိပ်ရာပေါ်တွင် တုံ့ဆိုင်းနေပြီးနောက် ရှောင်ဟေးနှင့် တိုင်ပင်ရန် ထွက်သွားခဲ့သည်။

 

 

အတည်ပြုပြီးသွားသည့် အဖြေကို ရရှိပြီးနောက် ဆူပုတ်နေသည့် မျက်နှာဖြင့် ပြန်ဝင်လာကာ မလုပ်ချင်လုပ်ချင်နှင့် သဘောတူလိုက်၏။

 

 

“ဒီတစ်ညပဲနော် မနက်ဖြန် မင်းထွက်သွားရမယ်”

 

 

အမွှေးလုံးလေးနှစ်လုံးက ငြင်းခုံနေကြခြင်းကို ဝေ့ရှင်းမှ သတိပြုမိသွားပြီး အားလွီက မကျေမနပ်ဖြင့် အခန်းအပြင်သို့ ထွက်သွားလေသည်။

 

 

အိပ်ရာပေါ်၌ ထိုင်နေရင်း သူ့လက်ကြားထဲရှိ အမွှေးပွပွ အမြီးကြီးကြီးနှင့် မြေခွေးလေးကို ကြည့်ကာ သူက သက်ပြင်းချလိုက်မိ၏။

 

 

 “မင်းက ငါ့ရဲ့ ကြောင်ကို မောင်းထုတ်လိုက်ပစ်လိုက်တာပဲ၊  မင်း ဘယ်လိုပြန်လုပ်ပေးမှာလဲ အသေးလေးရဲ့”

 

 

မြေခွေးလေးမှာ စိတ်အားထက်သန်စွာဖြင့် ညင်သာစွာ အော်လိုက်၏။

 

 

 “ဟစ်”

 

 

‘ကျွန်တော် ခင်ဗျားကို မြေခွေးတစ်ကောင်နဲ့ ပြန်ပေးဆပ်ပါ့မယ်’

 

 

သူ၏ တက်ကြွသော အမူအယာများကြောင့် ဝေ့ရှင်းက ရွှင်မြူးသွား၏။

 

 

သူက ကြောင်ကို ဖက်ပြီး အိပ်လေ့ရှိသော်ငြား အိပ်ရာထောင့်စွန်း၌ မြေခွေးလေး ခွေနေသည်ကို မြင်လိုက်ရသဖြင့် အတင်းအကျပ် မခေါ်တော့ပေ။ သူမှ မီးမှိတ်လိုက်ပြီး တံခါးပိတ်ကာ အိပ်ရန် ပြင်လိုက်သည်။

 

 

သို့သော်ငြား ဤတစ်ကြိမ်တွင်တော့ သူက လျင်လျင်မြန်မြန် အိပ်မောကျသွား၏။

 

 

သူ့ခေါင်းနှင့် ခေါင်းအုံးတို့ ထိလိုက်သည်နှင့် ဝေ့ရှင်းမှာ အိပ်ပျော်သွားခဲ့သည်။

 

 

သူ့အိမ်မက်ထဲ၌ သူက ကြီးကျယ်ခမ်းနားကာ ပိုးထည်များနှင့် အလှဆင်ထားပြီး ထွင်းထားသည့် လက်ရန်းများ၊ ကျောက်စိမ်းလှေကားများ ရှိသည့် နန်းတော်ထဲ၌ ရောက်နေလေသည်။ ရွေ၊ ငွေ ၊ ရတနာများမှာ များပြားလှပြီး ကမ္ဘာကြီး၏ အလှတရားများမှာ ဤနေရာတစ်ခုတည်းတွင် လာစုနေသကဲ့သို့ ဖြစ်၏။

 

 

ဝေ့ရှင်းက အိမ်မက်ထဲ၌ အသိရှိနေကာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေလေသည်။

 

 

 ‘ဒါက ဘယ်နေရာလဲ’

 

 

အိပ်ရာမထခင်လေး၌ သွယ်လျကာ လှပသည့် လက်တစ်စုံက သူ့ဘေးမှ ထွက်ပေါ်လာကာ သူ၏ မျက်နှာကို ညင်ညင်သာသာ ပြန်လှည့်လိုက်လေသည်။

 

 

ခေါင်းလှည့်လိုက်ချိန်တွင် သူက ပန်းရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး ဆိုဖာပေါ်တွင် လှပစွာ လဲလျောင်းနေသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရ၏။ မေးထောက်ထားရင်း သူမ၏ မျက်လုံးများက တောက်ပနေကာ ရတနာတစ်ခုအား လက်ဆောင်ပေးနေသကဲ့သို့ အပြုံးမျိုးနှင့် ပြောလိုက်သည်။

 

 

“အဲတော့ ဒါတွေက ရှင့်ကို သက်တောင့်သက်သာ ဖြစ်စေရဲ့လား”