Ch 8
Viewers 87

၉၀ ခုနှစ် လမ်းကြားထဲက အလှပဂေးလေး


အပိုင်း ၈







ရွှီမုန့်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် လှမ်းအော်လိုက်တော့သည်။ "ဖရဲသီး အေးအေးလေးတွေ ရမယ်နော်၊ လတ်လတ်ဆတ်ဆတ် လှီးထားတဲ့ ဖရဲသီးတစ်စိတ်ကို ငါးမောက် (၀.၅ ယွမ်) ထဲပါ။ ဒီလို ပူပြင်းတဲ့ ရာသီဥတုမှာ ဖရဲသီးအေးအေးလေး စားလိုက်ရတာထက် ပိုကောင်းတာ မရှိပါဘူးနော်။ ဦးလေး၊ တစ်စိတ်လောက် ဝယ်စားမလား။ အန်တီ၊ ရာသီဥတုက ပူလွန်းလို့ ဖရဲသီးလေး အမောဖြေ သုံးဆောင်ပါဦး။"



သူမသည် မူလကပင် ရုပ်ရည်ချောမောလှပသူ ဖြစ်သည့်အတွက် ချက်ချင်းပင် အသာစီး ရရှိစေခဲ့သည်။



သူမ၏ စကားပြောဆိုပုံ အသွားအလာမှာ လမ်းကြားများထဲတွင် ကြီးပြင်းလာခဲ့ခြင်းဖြစ်ရာ နေ့စဉ်ရက်ဆက် ဘိုးဘိုး၊ ဘွားဘွား၊ ဦးလေး၊ အန်တီဟူ၍ နှုတ်ဆက်တတ်သည့် အလေ့အထ ရှိနေခဲ့သည်။ စိမ်းသက်သော မျက်နှာများကို ပြောဆိုရာတွင် သူမအနေဖြင့် အနည်းငယ်မျှပင် ရှက်ရွံ့ခြင်း မရှိပေ။ 



စတင် အော်ဟစ်လိုက်ပြီးနောက်တွင်မူ ၎င်းသည် ထင်သလောက် ကြီးမားသော ကိစ္စမဟုတ်ကြောင်း သူမ သဘောပေါက်သွားခဲ့သည်။ ဤစိမ်းသက်သော လူများကို မိမိတို့ လမ်းကြားထဲက အိမ်နီးနားချင်းများကဲ့သို့ သဘောထားလိုက်ရုံသာ ဖြစ်သည်။ တဖြည်းဖြည်းနှင့်ပင် သူမသည် ပိုမို ပေါ့ပါးသွက်လက်လာခဲ့တော့သည်။



မကြာမီအချိန်အတွင်းမှာပင် တစ်စုံတစ်ယောက်က သူမအား သတိပြုမိသွားခဲ့သည်။



အမှန်အတိုင်း ပြောရလျှင် ဘူတာရုံအနီးတဝိုက် ဧရိယာသည် တကယ်ကို လူမျိုးစုံ ရောနေသော နေရာတစ်ခု ဖြစ်သည်။ မြို့ပြသို့ လာရောက်လုပ်ကိုင်ကြသော ရွှေ့ပြောင်းလုပ်သားများ၊ မြို့တော်သို့ လာရောက်လည်ပတ်ကြသော ကမ္ဘာလှည့်ခရီးသည်များ၊ ချမ်းသာသူ၊ ဆင်းရဲသူ၊ ကျား၊ မ မရွေး ဘဝအလွှာစုံမှ လူများ ရှိနေကြသည်။ မိမိအနေဖြင့် မျက်နှာပြောင်တိုက်ရဲရုံမျှဖြင့် တစ်နေ့တာအတွင်း အတော်အတန် ကောင်းမွန်သော စီးပွားရေးတစ်ခုကို လုပ်ကိုင်နိုင်သည်။



ဒေသခံများကို ခေတ္တဖယ်ထားလျှင်၊ နယ်ဝေးမှ လာရောက်ကြသော ခရီးသွားများသည် ဤကဲ့သို့ ဖရဲသီးကို အစိတ်လိုက် ရောင်းချသည့် ထူးခြားသော နည်းလမ်းကို အရင်ဆုံး သတိပြုမိကြသူများ ဖြစ်သည်။



ဤခေတ်ကာလတွင် မြို့တော်သို့ လာရောက်လည်ပတ်နိုင်စွမ်း ရှိသူတိုင်းမှာ လုံးဝ ဆင်းရဲမွဲတေနေသူများ မဟုတ်ကြပေ။ နေရာသစ်တစ်ခုသို့ လာရောက်လည်ပတ်သည့်အခါ မည်သူမျှ မိမိကိုယ်ကိုယ်အတွက်တော့ ပိုက်ဆံကို တွန့်တိုပြီး မသုံးကြပေ။ 



ဤခရီးသွားအချို့မှာ မြို့တော်သို့ မရောက်ရှိမီ ရထားပေါ်တွင် ရက်အတော်ကြာ အချိန်ကုန်ဆုံးခဲ့ရသည်။ ရထားပေါ်တွင် သူတို့သည် ရေငတ်၊ ဆာလောင်နေခဲ့ကြရာ ဤနေရာသို့ ရောက်ရှိသောအခါတွင်မူ သူတို့၏ စိတ်ထဲ၌ ပထမဦးဆုံး ပေါ်လာသည့် အရာတစ်ခုတည်းသာ ရှိသည်။



စားစရာ။



အရင်ဆုံး တစ်ခုခု စားသောက်ပြီး လန်းဆန်းသွားမှသာ ကျန်ရှိသော ကိစ္စများကို ဆက်စဉ်းစားကြမည် ဖြစ်သည်။



ရွှီမုန့်နှင့် ဖုန့်ယန်ဝမ်တို့သည် ခရီးသွားများ အများဆုံး ဆင်းသက်ရာ နေရာကောင်းတွင် တိုက်တိုက်ဆိုင်ဆိုင် ရှိနေခဲ့ကြသည်။ ဖရဲသီး အလုံးလိုက် ချထားခြင်းက လူအများ၏ အာရုံစိုက်မှုကို သိပ်မရရှိနိုင်သော်လည်း တစ်စိတ်ချင်းစီ ခွဲရောင်းနေခြင်းမှာမူ တကယ်ကို ရှားပါးသော မြင်ကွင်းတစ်ခု ဖြစ်သည်။



 ထို့အပြင် လူများက လာရောက်မေးမြန်းပြီးနောက် ဖရဲသီးကို တစ်စိတ်ချင်းစီ ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရှိသွားကြသောအခါ ပို၍ပင် စိတ်ဝင်စားသွားကြတော့သည်။



ထိုခေတ်က လူများသည် လူစည်ကားသော နေရာများတွင် စုဝေးရသည်ကို အလွန် ဝါသနာပါကြသည်။ အငယ်တန်း အရာရှိတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက အနားသို့ ချဉ်းကပ်လာကာ ပြောလိုက်သည်။



"တစ်စိတ်ချင်းစီ ခွဲရောင်းတာလား၊ နင်က တကယ် စီးပွားရေး လုပ်တတ်တာပဲ။ ငါတို့မိသားစု သုံးယောက်ရှိတာမို့လို့ တစ်ယောက်ကို တစ်စိတ်စီ လှီးပေးပါ။ ဩော်... ပြီးတော့ အမှိုက်ကို ဘယ်မှာ ပစ်ရမလဲ။ ငါတို့က နယ်ကလာတာဆိုတော့ ဒီမှာ အမှိုက်တွေ ပရမ်းပတာ ပစ်ရင် လက်မောင်းပတ်အနီနဲ့ လူတွေက ဖမ်းပြီး ဒဏ်ငွေရိုက်တတ်တယ်လို့ ကြားလို့ပါ။"



ရွှီမုန့်က မနေ့ကအတိုင်းပင် ဖရဲသီး သုံးစိတ်ကို အလျင်အမြန် လှီးဖြတ်ပေးလိုက်သည်။ သူမသည် ကလေးများ ကိုင်တွယ်ရ လွယ်ကူစေရန်အတွက် ဖရဲသီး၏ အစွန်းတစ်ဖက်ကို မလှီးဘဲ ချန်ထားခဲ့သည်၊ ဤသည်မှာ ကိုင်တွယ်စားသောက်ရ ပိုလွယ်ကူစေရုံသာမက ဖရဲသီးခွံကို စွန့်ပစ်ရာတွင်လည်း ပိုအဆင်ပြေစေသည်။ ဖောက်သည်များ စားသောက်ပြီးသွားသောအခါတွင်မူ သူမက ကျန်ရှိသော ဖရဲသီးခွံများကို ပြင်ဆင်ထားသော ရေပုံးငယ်ထဲသို့ ထည့်သွင်းပေးခဲ့သည်။



"ဟုတ်ပါတယ်။ အခုရက်ပိုင်းမှာ သန့်ရှင်းရေးကို တော်တော်လေး တင်းတင်းကျပ်ကျပ် လုပ်နေတာပါ။ တကယ်လို့ ရပ်ကွက်ရုံးက လူတွေ မြင်သွားရင် လာပြီး သတိပေးတတ်ပါတယ်။ တချို့ကိစ္စတွေမှာဆိုရင် ဒဏ်ငွေတောင် ရိုက်တတ်တာမျိုး ရှိပါတယ်။ စားပြီးသွားရင် ဖရဲသီးခွံတွေကို ဒီရေပုံးလေးထဲကိုပဲ ပစ်ပေးပါ၊ ကျွန်မဘာသာ အကုန် သိမ်းဆည်းပေးပါ့မယ်။"



ထိုအမျိုးသားက ရွှီမုန့်အား ကျေးဇူးတင်စကား ဆိုလိုက်သည်။ သူမသည် ဖရဲသီး လှီးပေးရုံရုံမျှမက အမှိုက်များကိုပါ စနစ်တကျ သိမ်းဆည်းပေးသည်ကို မြင်တွေ့ရသောအခါ ၎င်းသည် တကယ်ပင် သန့်ရှင်းသပ်ရပ်လှသည်ဟု သူ ခံစားမိသွားသည်။ 



ထို့ကြောင့် သူသည် အရိပ်ထဲတွင် ရပ်လျက် ဖရဲသီးကို သုံးဆောင်ရင်း ဤနေရာတွင် လည်ပတ်ရန်နှင့် စားသောက်ရန် ကောင်းမွန်သော နေရာများအကြောင်းကို သူမအား မေးမြန်းခဲ့သည်။ ရွှီမုန့်ကလည်း မိမိသိသမျှကို တစ်ခုမကျန် ပြန်လည်ဖြေကြားပေးခဲ့သည်။



မည်သို့ပင်ဆိုစေကာမူ သူမသည် ဤဒေသတွင် ကြီးပြင်းလာခဲ့သူဖြစ်ရာ နေရာအနှံ့ကို အလွန် ကျွမ်းကျင်စွာ သိရှိထားသူ ဖြစ်သည်။ သူတို့၏ စကားပြောဆိုသံများကြောင့် ကျန်ရှိသော ခရီးသွားများပါ ပိုစိတ်ဝင်စားလာကြပြီး အနားသို့ စုဝေးကာ လာရောက်နားထောင်ကြတော့သည်။



တဖြည်းဖြည်းနှင့်ပင် လာရောက်လည်ပတ်သူ အများအပြားသည် ဖရဲသီးတစ်စိတ်ခန့်ကို ဝယ်ယူမြည်းစမ်းကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဖရဲသီးတစ်လုံးလျှင် အစိတ်အနည်းငယ်သာ ထွက်ရှိသဖြင့် မကြာမီအချိန်အတွင်းမှာပင် ပထမဦးဆုံး တစ်လုံးမှာ ကုန်ဆုံးသွားခဲ့ရပြီ ဖြစ်သည်။ ထို့နောက် သူမသည် ဒုတိယမြောက် ဖရဲသီးကို စတင်လှီးဖြတ်တော့သည်။



သို့သော် အဆုံးသတ်တွင်မူ လူအများစုမှာ လာရောက်ကြည့်ရှုရုံမျှသာ ဖြစ်သောကြောင့် ဈေးရောင်းရသည်မှာ တဖြည်းဖြည်း ပြန်လည်အေးစက်သွားခဲ့သည်။



ရွှီမုန့်သည် လူအုပ်ကြီး၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြီး အချို့က လမ်းညွှန်တောင်းခံကြကာ အချို့ကမူ ဒီတိုင်း လာရောက်ကြည့်ရှုနေကြခြင်း ဖြစ်သည်။ သူမအနေဖြင့် ရယ်ရမလို ငိုရမလိုပင် ဖြစ်သွားခဲ့ရသည်။



သူမသည် တစ်စုံတစ်ယောက်အား လမ်းညွှန်ပြသပေးနေစဉ်မှာပင် မိသားစုတစ်ခုသည် လူအုပ်ကြီးကြားမှ တိုးဝှေ့လျက် ရုတ်တရက် ပြန်လည်ရောက်ရှိလာခဲ့သည်။ သူတို့မှာ အစောပိုင်းက ပထမဦးဆုံး ဖရဲသီးစိတ်များကို ဝယ်ယူသွားခဲ့သော ခရီးသွား သုံးယောက်မိသားစု ဖြစ်နေကြောင်း ရွှီမုန့် မြင်တွေ့လိုက်ရသဖြင့် ဘာတွေဖြစ်နေမှန်း သူမ ရှင်းရှင်းလင်းလင်း မသိရပေ။



ဖုန့်ယန်ဝမ်မှာမူ ပို၍ပင် ထိတ်လန့်သွားခဲ့ရပြီး ဖရဲသီးတွင် တစ်ခုခု ပြဿနာရှိ၍ သူတို့ လာရောက်ပြဿနာရှာခြင်းလား ဟု စိုးရိမ်မိသွားသည်။



သို့သော် ဖရဲသီးများမှာ ယနေ့မနက်တွင် လတ်လတ်ဆတ်ဆတ် သယ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး ညသိပ်ထားသော ပစ္စည်းများလည်း လုံးဝမဟုတ်ပေ။



ထိုအမျိုးသား၏ ဘေးရှိ အမျိုးသမီးမှာ ပွင့်လင်းပြီး ဖော်ရွေသူ ဖြစ်သည်။ သူမ ပြုံးပြလိုက်သည်။ "နင်တို့ဆီမှာ ဖရဲသီးက ဒါအကုန်ပဲလား။"



ထိုအမျိုးသမီး၏ အနောက်တွင်မူ လူအုပ်ကြီးတစ်ခုလုံး ပါရှိနေခဲ့သည်။



၎င်းသည် ကုမ္ပဏီတစ်ခုမှ စီစဉ်ပေးထားသော လေ့လာရေး ခရီးသွားအုပ်စုဖြစ်ကြောင်း တစ်ချက်ကြည့်ရုံမျှဖြင့် သိသာလှသည်။ အချို့သော ဝန်ထမ်းများသည် သူတို့၏ မိသားစုဝင်အားလုံးကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။ 



အစောပိုင်းက ထိုမိသားစုသည် ဖရဲသီးစားသုံးပြီး လမ်းညွှန်မှု ရရှိခဲ့ပြီးနောက် မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များထံသို့ ပြန်သွားကာ အလွန် ဖော်ရွေပြီး ကူညီတတ်သော မိန်းကလေးတစ်ဦး ရှိကြောင်း ပြောပြခဲ့ကြသည်။ ထို့ကြောင့် အားလုံးက ခရီးဆက်မထွက်ခွာမီ ဖရဲသီးအေးအေးလေးဖြင့် အမောဖြေရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။



ဤကဲ့သို့ ကြီးမားသော အုပ်စုကြီးကို မြင်လိုက်ရသောအခါ ရွှီမုန့်၏ စိတ်ထဲတွင် အလွန် ဝမ်းမြောက်သွားခဲ့ရသည်၊ သူမအနေဖြင့် ကုမ္ပဏီ ခရီးသွားအုပ်စုကြီးနှင့် တိုက်တိုက်ဆိုင်ဆိုင် တိုးခဲ့ခြင်း ဖြစ်သောကြောင့်ပင် ဖြစ်သည်။



"ရှိပါတယ်၊ အများကြီး ရှိပါသေးတယ်။ ကျွန်မတို့ နောက်ဘက်မှာ ဖရဲသီးတွေ အများကြီး ကျန်ပါသေးတယ်။ လူဘယ်လောက်ပဲ ထပ်လာလာ လုံးဝ ပြဿနာမရှိပါဘူး။"



"ဒါဆိုရင်လည်း ဖရဲသီးစိတ်တွေကို သိပ်ပြီး သေးသေးလေးတွေ မလှီးပါနဲ့နော်။ စောစောကအတိုင်း အရွယ်အစားတူတူပဲ လှီးပေးပါ။" အရာရှိဝတ်စုံနှင့် အမျိုးသားက ထပ်လောင်းပြောဆိုလိုက်သည်။



"စိတ်ချပါရှင်၊ ကျွန်မ လူကြီးမင်းတို့ကို လုံးဝ မလိမ်ညာပါဘူး။" ရွှီမုန့်က ပြောလိုက်သည်။ "စောစောကအတိုင်း အရွယ်အစား တူတူပဲ လှီးပေးပါ့မယ်။ တကယ်လို့ အဆင်မပြေတာ ဒါမှမဟုတ် အားမရတာ ရှိရင်လည်း ကျွန်မ အပိုထပ်ထည့်ပေးပါ့မယ်။ ဘယ်လိုလဲ။"



"ကောင်းပါပြီ၊ ငါတို့လူစုက သုံးဆယ့်လေးယောက် ရှိတယ်။ သုံးဆယ့်လေးစိတ် လှီးပေးပါ၊ ပိုက်ဆံကိုတော့ ငါတို့ကပဲ တစ်ခါတည်း စုပြီး ပေးပါ့မယ်။"



တစ်စုံတစ်ယောက်က ပိုက်ဆံကို စုစည်းကောက်ခံပေးခြင်းမှာ အကောင်းဆုံး ဖြစ်သည်။ ရွှီမုန့်က ဖရဲသီးလှီးဖြတ်ခြင်းကိုသာ အာရုံစိုက်ထားပြီး ဖုန့်ယန်ဝမ်က ဘေးမှနေ၍ ကူညီပေးခဲ့သည်။ သူတို့နှစ်ဦးသည် အလွန် သွက်လက်စွာ လုပ်ကိုင်ခဲ့ကြသည်။ 



ထိုလူစုသည် ရထားပေါ်မှ ဆင်းလာကာစ ဖြစ်သဖြင့် ပင်ပန်းပြီး ရေငတ်နေခဲ့ကြရာ အချိန်အကြာကြီး စောင့်ဆိုင်းရမည်ကို စိုးရိမ်နေခဲ့ကြသော်လည်း ရွှီမုန့်၏ သွက်လက်မှုကို မြင်တွေ့ရသောအခါ ပျော်ရွှင်စွာဖြင့် ပိုက်ဆံရှင်းကာ ဖရဲသီးစိတ်များကို ယူဆောင်၍ အနီးအနားတွင် ရပ်လျက် စားသုံးခဲ့ကြတော့သည်။



သူတို့ စားသောက်ပြီးသွားသောအခါ ရွှီမုန့်က ပြင်ဆင်ထားသော ရေပုံးထဲမှ သန့်ရှင်းသောရေဖြင့် လက်ဆေးရန်နှင့် ဖရဲသီးခွံများကို အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ရန် သတိပေးခဲ့သည်။



လူအများအပြား ရှိနေခြင်းကြောင့် အရောင်းအဝယ်မှာ ပိုသွက်လက်လာခဲ့သည်။ ဖုန့်ယန်ဝမ်မှာမူ ပိုက်ဆံများကို ရေတွက်ရင်းနှင့်ပင် ခေါင်းမူးမတတ် ဖြစ်သွားခဲ့ရသည်။



သူမအနေဖြင့် စာရင်းများကို သေသေချာချာ မတွက်ချက်ရသေးခင်မှာပင် ဤစီးပွားရေးသည် သေချာပေါက် အမြတ်အစွန်းများစွာ ရရှိနိုင်ကြောင်း သိရှိသွားခဲ့ပြီ ဖြစ်သည်။



ဖရဲသီးများမှာလည်း အလွန် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ နှစ်နာရီပင် မပြည့်သေးသော အချိန်အတွင်းမှာပင် ဖရဲသီး လေးလုံးစလုံး ကုန်သွားခဲ့ရပြီ ဖြစ်သည်။



ရွှီမုန့်က ကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်သည်။ "အမေ၊ သမီး အဒေါ်ကျန်းဆီကို သွားလိုက်ဦးမယ်နော်။ အမေက ဖရဲသီးခွံတွေကို သိမ်းပေးထားပြီး တစ်ခါတည်း ရေသန့်ပါ ပြန်သယ်လာခဲ့ပေးပါဦး။"



ဖုန့်ယန်ဝမ် ပြန်ဖြေလိုက်သည်။ "ကောင်းပါပြီ။"



ထို့ကြောင့် ရွှီမုန့်သည် ခြင်းတောင်းကို ကျောပိုးလျက် ဈေးဘက်သို့ အလျင်အမြန် ထွက်ခွာလာခဲ့တော့သည်။



ထိုအချိန်တွင် မော်တော်ဆိုင်ကယ်တစ်စီးသည် လမ်းဘေးအတိုင်း ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။



ဆိုင်ကယ်မောင်းနှင်လာသော လူငယ်မှာ ထင်ရှားပြီး ချောမောလှပသော မျက်နှာသွင်ပြင်ရှိကာ ယောက်ျားပီသသော ရုပ်ရည်ရှိသူ ဖြစ်သည်။ သူ၏ အယ်လ်မွန်ပုံသဏ္ဌာန် မျက်ဝန်းများမှာ အပေါ်သို့ အနည်းငယ် စောင်းနေခဲ့ပြီး စိတ်မရှည်ဟန်ဖြင့် ရေရွတ်လိုက်သည်။ "နှေးလိုက်ကြတာ၊ ဒီမှာ ဘာလို့ လူတွေ ဒီလောက်တောင် များနေရတာလဲ။"



ဘေးတွဲကားထဲတွင်မူ အသက် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်ခန့် ရှိပုံရသော မိန်းကလေးတစ်ဦး ရှိနေပြီး ဖြူဖွေးသော နေကာဦးထုပ်တစ်လုံးကို ဆောင်းထားသည်။ ဦးထုပ်ဆောင်းထားသည့်တိုင်အောင် သူမ၏ မျက်နှာမှာ နေပူရှိန်ကြောင့် နီရဲနေခဲ့သည်။ ကားပိတ်နေသဖြင့် ငြီးငွေ့နေစဉ်မှာပင် သူမသည် လမ်းဘေးဘက်ကို အမှတ်မထင် ကြည့်ရှုရင်း ကျောပိုးခြင်းတောင်း သယ်ဆောင်ကာ လမ်းလျှောက်နေသော ရွှီမုန့်ကို ရုတ်တရက် မြင်တွေ့လိုက်ရတော့သည်။



"ငါ အသိတစ်ယောက်ယောက်ကို တွေ့လိုက်ရသလိုပဲ။ ဟိုဘက်ကို နည်းနည်းလောက် ပိုတိုးပြီး မောင်းပေးပါဦး။" ထိုမိန်းကလေးက ပြောလိုက်သည်။



"မရဘူး။" လူငယ်က စိတ်မရှည်သော မျက်နှာပေးဖြင့် ပြန်ပြောလိုက်သည်။ "ဒီမှာ လူတွေ ဘယ်လောက်တောင် ပိတ်ညပ်နေလဲဆိုတာ ကြည့်ပါဦး။"



ထိုမိန်းကလေးက သူ၏ လက်မောင်းကို ဆွဲကိုင်ကာ အပြင်းအထန် လှုပ်ခါရင်း ပြောလိုက်သည်။ "ကြည့်၊ ဟိုမှာ ကြည့်စမ်း၊ လမ်းဘေးမှာ လမ်းလျှောက်နေတာ ရွှီမုန့် မဟုတ်ဘူးလား။"



သူ မမှတ်မိမည်ကို စိုးရိမ်သဖြင့် သူမက အလျင်အမြန် ထပ်လောင်းပြောဆိုလိုက်သည်။ "ရွှီမုန့်လေ၊ ငါတို့တွေ ငယ်ငယ်တုန်းက ငါတို့အိမ်ကို အမြဲတမ်း လာလည်တတ်တဲ့သူလေ။ နင် သူ့ကို ရေခဲပြင်စကိတ်တောင် တစ်ခါ လိုက်ပို့ပေးဖူးသေးတယ် မဟုတ်လား၊ မှတ်မိလား။"



"ဟုတ်လို့လား။" လူငယ်၏ အသံမှာ အားအင်မရှိသကဲ့သို့ပင် ရှိနေဆဲ ဖြစ်သည်။ သူ ခဏမျှ တွေးတောလိုက်ပြီးနောက် သူ၏ စိတ်ထဲတွင် ဝေဝါးသော ပုံရိပ်တစ်ခု ပေါ်လာခဲ့သော်လည်း  "မမှတ်မိတော့ဘူး။" ဟုသာ ပြောလိုက်သည်။



လူအုပ်ကြီးကြားထဲတွင် ခြေလျင် လျှောက်လှမ်းနေသော ရွှီမုန့်သည် သူတို့နှစ်ဦး၏ မြင်ကွင်းရှေ့မှ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့တော့သည်။



ထိုမိန်းကလေးက မေးထောက်လျက် သက်ပြင်းချလိုက်မိပြီး မိမိဘာသာ ရေရွတ်လိုက်သည်။ "နင်ကတော့ အမြဲတမ်း ဒီလိုပဲ။ ငါ နင့်ကို မြန်မြန်မောင်းပါလို့ ပြောသားပဲဟာကို။ ငါ ရွှီမုန့်ကို စကားနည်းနည်းလောက် လှမ်းပြောချင်လို့ပါ။ သူမ အခု တော်တော်လေး ပိုပြီး လှလာတာပဲ။ မဟုတ်ပါဘူး၊ သူက အစကတည်းက လှပြီးသားပါ။ မတွေ့ရတာ နှစ်တွေအကြာကြီး ရှိနေပြီကို၊ ဒါ အကုန်လုံး နင့်ကြောင့်ပဲ။ တကယ်လို့ နင်သာ ပိုပြီး မြန်မြန်မောင်းခဲ့ရင် ငါ သူ့ကို သေသေချာချာ တွေ့လိုက်ရမှာ။ သူ တကယ်ကို လှတာပါ၊ ငါ လိမ်ပြောနေတာ မဟုတ်ဘူး။"



ထိုလူငယ်ကမူ သူမ ပြောဆိုသော "လှသည်" ဟူသည့် အပြောအဆိုအပေါ် သိသိသာသာပင် နှာခေါင်းရှုံ့လိုက်မိသည်။



ဟန်လင်လင်၏ အကြိုက်ကို သိနေသည့်အတွက် သူမသည် မည်သူ့ကိုမဆို ဤကဲ့သို့ ချီးမွမ်းခန်း ဖွင့်နေတတ်သည်ကို သူ နားလည်ထားပြီး ဖြစ်သည်။ မော်တော်ဆိုင်ကယ်သည် အကွေ့တစ်ခုကို ချိုးကွေ့လိုက်ပြီးနောက် အခြားသော လမ်းမတစ်ခုအတိုင်း ဆက်မောင်းနှင်သွားခဲ့တော့သည်။



ရွှီမုန့် ဈေးသို့ ရောက်ရှိလာချိန်တွင် ကျန်းကွေ့ဖန်း၏ လက်တွန်းလှည်းမှာ သစ်ပင်ကြီးတစ်ပင်အောက်၌ တိုက်တိုက်ဆိုင်ဆိုင်ပင် ရပ်တန့်ထားလျက် ရှိနေသည်။



ကျန်းကွေ့ဖန်းသည် ထန်းရွက်ယပ်တောင်တစ်ချောင်းဖြင့် မိမိကိုယ်ကို ယပ်ခတ်ရင်း အနီးနားရှိ လူတစ်ဦးနှင့် စကားစမြည် ပြောဆိုနေခဲ့သည်။



မနက်ခင်းတစ်ခုလုံးတွင် သူမအနေဖြင့် ဖရဲသီး ဆယ်လုံးခန့်သာ ရောင်းချခဲ့ရပြီး ထိုအထဲမှ လေးလုံးကို ဖုန့်ယန်ဝမ်က ဝယ်ယူသွားခဲ့ခြင်း ဖြစ်သည်။ စီးပွားရေးလုပ်ကိုင်သည့် ကိစ္စနှင့် ပတ်သက်၍ ဖုန့်ယန်ဝမ်အနေဖြင့် ထူးထူးခြားခြား တစ်ခုခုကို စွမ်းဆောင်နိုင်လိမ့်မည်ဟု ကျန်းကွေ့ဖန်းက အမှန်တကယ် မထင်မှတ်ထားခဲ့မိပေ။



 သို့သော် ဝါးခြင်းတောင်းကို ကျောပိုးလျက် မိမိ၏ ရှေ့မှောက်တွင် မတ်တပ်ရပ်နေသော ရွှီမုန့်ကို မြင်လိုက်ရသောအခါ သူမသည် အနည်းငယ် အံ့အားသင့်သွားခဲ့ရဆဲ ဖြစ်သည်။



ရွှီမုန့်က မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်းလျက် အနားသို့ ချဉ်းကပ်လာပြီး အစောပိုင်းက ဖရဲသီးအတွက် ပေးရန်ကျန်နေသော အကြွေးများကို ပေးလိုက်သည်။



၎င်းတို့မှာ ရေတွက်ရန် လွယ်ကူသော တစ်ယွမ်တန် ငွေစက္ကူများ ဖြစ်ကြပြီး အတိအကျဆိုလျှင် ဆယ့်ခြောက်ရွက် ရှိသည်။



ကျန်းကွေ့ဖန်းက အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။ "နင်တို့ အကုန်လုံး ရောင်းလိုက်ရတာလား၊ ဘယ်လိုလုပ်ပြီး ရောင်းလိုက်တာလဲ။ တကယ့်ကို မြန်မြန်ပဲ ကုန်သွားတာပဲနော်။"



သူမအနေဖြင့် ဖုန့်ယန်ဝမ်ကို အထင်သေး၍တော့ မဟုတ်ပေ၊ သို့သော် ယနေ့ခေတ်ကာလတွင် ဖရဲသီးကို ရောင်းချရန်မှာ အမှန်တကယ် မလွယ်ကူလှသောကြောင့် ဖြစ်သည်။



၎င်းတို့က အရွယ်အစား အလွန်ကြီးမားလွန်းလှသည်။ အကယ်၍ မိသားစုဝင် အမြောက်အမြား ရှိသည့် အိမ်မျိုးမဟုတ်ပါက မည်သူက ဖရဲသီးတစ်လုံးလုံးကို အလုံးလိုက် ဝယ်ယူပါမည်နည်း။ သူမကိုယ်တိုင်ပင် မနက်ခင်းတစ်ခုလုံးတွင် အနည်းငယ်မျှသာ ရောင်းချခဲ့ရခြင်းက ဖရဲသီးများ ရောင်းထွက်ရန် မည်မျှအထိ ခက်ခဲကြောင်း သက်သေပြနေခဲ့သည်။



ရွှီမုန့် ပြုံးရင်း ပြောလိုက်သည်။ "အဒေါ်ကျန်း၊ ကျွန်မ နောက်ထပ် လေးလုံး ထပ်ယူမယ်နော်။ စောစောက ဖရဲသီးတွေက တော်တော်လေး ကောင်းတယ်၊ အဲ့ဒီလိုမျိုးလေးတွေပဲ ထပ်ရွေးပေးပါဦး။" သူမအနေဖြင့် စီးပွားရေးအကြောင်းကို အကျယ်တဝံ့ မပြောဆိုလိုပေ။



စီးပွားရေးဟူသည် စီးပွားရေးသာ ဖြစ်သည်။ ဤသည်မှာ လောလောဆယ်တွင် သူမ၏ အသက်မွေးဝမ်းကျောင်း ပြုရာ နည်းလမ်းတစ်ခု ဖြစ်သည်။ သူမသည် မုန့်ဖိုးအနည်းငယ် ရှာဖွေနိုင်ရန်အတွက် ဖရဲသီးရောင်းချခြင်းအပေါ် အမှီပြုနေရခြင်းဖြစ်ရာ သူတို့အကြား မည်မျှပင် ရင်းနှီးသော ဆက်ဆံရေး ရှိပါစေဦးတော့၊ လက်ရှိအချိန်တွင်မူ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ရှိစေရန် လိုအပ်သည်။ ထို့ကြောင့်ပင် သူမသည် ယနေ့တွင် ကျန်းကွေ့ဖန်းအား အိမ်တိုင်ရာရောက် လာရောက်ပို့ဆောင်ပေးရန် အကူအညီတောင်းခံဖို့ မစီစဉ်ခဲ့ခြင်း ဖြစ်သည်။



ကျန်းကွေ့ဖန်းမှာမူ နောက်ထပ် ဖရဲသီးလေးလုံးကို ထပ်မံရောင်းချရသည့်အတွက် အတိုင်းထက်အလွန် ဝမ်းမြောက်သွားခဲ့ရပြီး သူမအတွက် ဖရဲသီးများကို အလျင်အမြန်ပင် စတင်ရွေးချယ်ပေးခဲ့တော့သည်။



ကျန်းကွေ့ဖန်းက ဖရဲသီးများကို ရွေးချယ်ပေးနေစဉ်တွင် ရွှီမုန့်သည် ထိုလက်တွန်းလှည်းလေးကို အခွင့်ကောင်းယူ၍ အကဲခတ်ကြည့်မိသည်။ ကျန်းကွေ့ဖန်းသည် ကုန်တင်ခန်းပါရှိသော သုံးဘီးဆိုင်ကယ်အသေးစားလေးကို မောင်းနှင်နေခြင်း ဖြစ်သည်။ 



ကုန်တင်ခန်းထဲတွင် ဖရဲသီးအလုံး ၂၀ ခန့် ဆံ့နိုင်ပြီး နောက်ဘက်တွင်လည်း ခြင်းတောင်းနှစ်လုံးစာအတွက် နေရာရှိကာ ခြင်းတောင်းတစ်လုံးစီတွင် ဖရဲသီးနှစ်လုံးစီ ထပ်မံဆံ့နိုင်သေးသည်။ 



ရွှီမုန့်သည် လှည်း သို့မဟုတ် ယာဉ်တစ်မျိုးမျိုး ပိုင်ဆိုင်ထားသူများကို တကယ်ပင် မနာလိုဖြစ်မိသည်၊ အနည်းဆုံးတော့ စက်ဘီးတစ်စီး ရှိရင်တောင်မှ တော်တော်လေး ကောင်းမွန်လိမ့်မည်။ ထိုသို့ဆိုလျှင် သူမအနေဖြင့် အရာအားလုံးကို ယခုကဲ့သို့ ခြင်းတောင်းထဲထည့်ကာ ကျောပိုးသယ်ဆောင်နေရသည့် ဒုက္ခမှ ကင်းဝေးနိုင်မည် ဖြစ်သည်။