Part 689
ရက်အနည်းငယ် အကြာတွင် မြို့နယ်အဆင့်အောင်သွားပြိိဖြစ်ကြောင်း စန်း၀မ်ထံမှ စာကိုရလိုက်လေသည်။ စက်တင်ဘာလ ၇ရက်နေ့တွင် ပြိုင်ရမည့်ဖြစ်၍ ၆ရက်နေ့ကတည်းက ကြိုသွားထားရမှာဖြစ်သည်ဟု ရေးထားလေသည်။
လင်းလန်ကလည်း ပုံမှန်အတိုင်းပင် အလုပ်လုပ်နေလေသည်။ ဆပ်ပြာစက်ရုံအတွက်မူ လင်းလန်သည် ရှန်ယွီကိုပြောပြကာ သဘာ၀ပတ်၀န်းကျင်ကာကွယ်ရေး လှုပ်ရှားမှုကို ဦးဆောင်လုပ်ချင်နေလေသည်။ အထူးသဖြင့် မြေနှင့်ရေ ညစ်ညမ်းမှုကို ကာကွယ်ရန် ဖြစ်ပေသည်။
ဆပ်ပြာစက်ရုံ၌ ဆပ်ပြာများကို လက်ဖြင့်လုပ်တာဖြစ်ပြီး ကုန်ကြမ်းများကလည်း ဆီလက်ကျန်၊ ကော့စတစ်ဆိုဒါ အစရှိသဖြင့်ဖြစ်သောကြောင့် ဓာတုပစ္စည်းမပါသဖြင့် အဆိပ်မဖြစ်စေသဖြင့် ညစ်ညမ်းမှုကို မဖြစ်စေပေ ။ သ်ို့သော်လည်း လင်းလန်က ထိုအကြောင်းကို ကြိုတင်နှိုးဆော်ထားချင်တာ ဖြစ်ပေသည်။ သို့မှသာ ၁၉၈၀နောက်ပိုင်းတွင် ယင်းအတွက် ကြိုးပမ်းမနေရတော့မှာ ဖြစ်ချေသည်။
နည်းပညာအဖွဲ့တွင် ရှန်ယွီရှိနေသဖြင့် လင်းလန် စိတ်အေးမိသည်။ သူမ လိုချင်သည်ကို ရှန်ယွီအား နားလည်အောင် ပြောပြလိုက်ပါက ထိုကောင်လေးသည် အကောင်အထည်ဖော်၍ ရအောင်လုပ်ပေးတက်လေသည်။
ယခုဆိုလျှင် ရှန်ရွေ့ရွာမှ ပညာတတ်လူငယ်များသည် ဆပ်ပြာစက်ရုံ၌ တစ်နည်းမဟုတ် တစ်နည်းဖြင့် အလုပ်လုပ်နေကြပြိိဖြစ်သည်။ သို့ဖြစ်၍ တပ်မဟာသည် သူတို့အတွက် စိုးရိမ်မနေရတော့ပေ ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆောင်းရာသီရိတ်သိမ်းချိန်သို့ ရောက်လာပြန်လေ၏။
သို့ဖြစ်၍ ကွန်မြူနတီမှအဖွဲ့သားများသည် ရိတ်သိမ်းရင်း အလုပ်များနေကြလေသည်။ ပညာတတ်လူငယ်များရှိနေသဖြင့် ဆပ်ပြာစက်ရုံကိုလည်း ရပ်နားထားစရာမလိုဘဲ ဆက်လက်လည်ပတ်နေနိုင်ပေသည်။
တစ်လနီးပါး အလုပ်များနေကြပြီးသောအခါတွင် ကွန်မြူနတီသည် ကောက်ပဲသီးနှံများကို ခွဲဝေပေးလေသည်။ တစ်နေ့လုံး ခွဲဝေပေးနေပြီး ညနေခင်းမှသာ ပြီးသွားတာဖြစ်သည်။ တ၀မ်နှင့် အား၀မ်က ရိက္ခာများကို ချိန်တွယ်နေပြီး မိုင်ဆွေ့က ထည့်သိမ်းနေလေသည်။ ရှောင်၀မ်ကမူ အိမ်ပြန်လာပြီး လင်းလန်အား ချက်ပြုတ်ရာ၌ ကူညီပေးသည်။
ယခုဆို မီးမွှေးပေးသူမှာ ရှောင်၀မ်ဖြစ်ပေသည်။
မီးမွှေးရင်းဖြင့် ရှောင်၀မ်က မြေကြီးပေါ်၌ ပုံများဆွဲတတ်သေးသည်။ အများစုသည် ဟင်းချက်နေသော လင်းလန်၏ ပုံများဖြစ်ပြီး ရုပ်လုံးလည်း သေချာပေါ်နေပြီဖြစ်သည်။
ဟန်ချင်စုန့်ယူလာသော ၀က်ပေါင်ခြောက်ကို လင်းလန် ရေစိမ်ထားလိုက်သဖြင့် အငန်ဓာတ်မရှိတော့ပေ ။ ထို့နောက် ပါးပါးလှီးလိုက်ပြီး ခရမ်းသီးနှင့် ရောချက်လိုက်သည်။ ဆီသတ်ပြီးနောက်တွင် ခရမ်းသီးကိုထည့်၍ ပဲစိမ်းနှင့် ကြက်သွန်ဖြူကိုထပ်ထည့်ကာ နှမ်းဆီစမ်းလိုက်ပါက ပြိိးပြည့်စုံသွားပြီဖြစ်သည်။ တ၀မ်အတွက်မူ ငရုတ်ဆီနှင့် ငရုတ်ကောင်းထည့်၍ ပြင်ပေးလိုက်သည်။
သားမိနှစ်ဦး အလုပ်များနေစဥ်တွင် ရေဒီယိုမှ အမျိုးသမီးတစ်ဦး၏ ကြေညာသံကို ကြားလိုက်ကြရသည်။
" ဆောင်းဦးရာသီရဲ့ခရိုင်အဆင့်ရေကူးပြိုင်ပွဲက စက်တင်ဘာ ၇ရက်နေ့မှာ စတင်လိုက်ပြီဖြစ်ပါတယ် ဒီတစ်ခေါက်က ဒုတိယအကြိမ်မြောက် ကျင်းပခြင်းလည်း ဖြစ်ပါတယ် အုပ်စုတွေကို အသက်အရွယ်အလိုက်ခွဲထားတာဖြစ်ပြီးတော့ ...."
လင်းလန်က ခရမ်းချဥ်သီးလှီးနေခြင်းကို ရပ်လိုက်ပြီးရှောင်၀မ်ကလည်း နားစွင့်နေလေ၏။
" လူငယ်အုပ်စုမှာ ...လူငယ်အုပ်စုမှာ ပါလာတဲ့သူက ...ဟန်၀မ်မင်ပဲ ဖြစ်ပါတယ်ရှင် "
" မားမား " မိုင်ဆွေ့နှင့် အား၀မ်က ပြေး၀င်လာကြသည်။ အမြဲတစေ တည်ငြိမ်နေခဲ့သည့် အား၀မ်သည်ပင် ပျော်နေလေ၏။
" စန်း၀မ်က ရေဒီယိုမှာ ပါလာတယ် "
ရှောင်၀မ်က ထခုန်နေလေ၏။
" သားလည်း ကြားလိုက်တယ် စန်း၀မ်ပဲ စန်း၀မ်နာမည်က ရေဒီယိုမှာ ပါလာတယ် "
သူတို့အတွက် သတင်းစာနှင့်ရေဒီယိုထဲ၌ ပါလာခြင်းသည် ဂုဏ်ယူစရာဖြစ်ပေသည်။ သို့ဖြစ်၍ ကလေးများသည် သူတို့ကိုယ်တိုင် ၀င်ပြိုင်ရသည်ထက်ကို ပျော်နေကြလေ၏။
စန်း၀မ်အား သူတို့မြို့သို့လာမည့်အကြောင်းကို လင်းလန်တို့ ပြောမပြထားပေ ။ စာရေးတိုင်း ထည့်ရေးချင်နေခဲ့သော်လည်း သည်းခံနေခဲ့ရတာဖြစ်ပေသည်။
တ၀မ်က နောက်ဆုံးသော အသုတ်ကိုထည့်ပြီးသွားသည့်အခါတွင် အဖုံးဖုံး၍ တောင်းကိုပိတ်လိုက်လေသည်။
ဟန်ချင်စုန့် အလုပ်မှပြန်လာသည့်အခါတွင်လည်း သတင်းကောင်းပါလာပြန်သည်။
လင်းလန် : " စန်းကော ရှင် ရထားလက်မှတ် မြန်မြန်၀ယ်လိုက်တော့ "
ဟန်ချင်စုန့်က စာအိတ်တစ်အိတ်ကို လင်းလန်အား ထုတ်ပေးသည်။
" ကိုယ် ၀ယ်ပြီးသွားပြီ သဘက်ခါကြရင် စီးရမှာ ရှစ်ရက်နေ့ အကြိုဗိုလ်လုပွဲအမီပဲ "
လင်းလန် ပြုံးလိုက်မိသည်။ " ပြောစရာတောင် မလိုဘူးပဲ "
လင်းလန် ရထားလက်မှတ်များကိုထုတ်၍ ကလေးများကို ပြလိုက်သည်။ သူမနှင့် ဟန်ချင်စုန့်အတွက် လူကြီးလတ်မှတ်ကိုဖြတ်ထားပြီး ရှောင်၀မ်အတွက်ကမူ ကလေးခုံဖြစ်ပေသည်။ မြို့သို့သွားရာတွင် တစ်ယောက်ကို ၅.၆ယွမ်ကျသင့်ပြီး ရှောင်၀မ်က ကလေးခုံဖြစ်၍ အနည်းငယ်ပိုသက်သာပေသည်။
မိုင်ဆွေ့နှင့် အား၀မ်က လတ်မှတ်သုံးစောင် ထပ်ရှိနေသေးသည်ကို မြင်သောအခါ နားမလည်ဖြစ်သွားကြလေ၏။
" မားမား ဘာလို့ လက်မှတ်တွေက အများကြီးဖြစ်နေတာလဲ အစ်ကိုကြီးရှန်ယွီနဲ့ အခြားသူတွေရော မြို့ကိုပြန်လိုက်မှာမို့လို့လား "
လင်းလန် ကလေးများကိုကြည့်ကာ ပြုံးလိုက်မိသည်။
" မားမားက မင်းတို့အားလုံးကို မြို့ကိုခေါ်သွားမှာမို့လို့လေ "
" ဟမ် ... "
မိုင်ဆွေ့နှင့်အား၀မ်သာမက တ၀မ်ပါ အံ့အားသင့်သွားလေသည်။
Xxxxx
Part 690
" မားမား သမီးတို့ပါ လိုက်ရမှာလား "
" မလိုက်ချင်လို့လား "
" လိုက်မှာပေါ့ ... သေချာပေါက်လိုက်ချင်တာပေါ့ ... ဒါပေမယ့် ..."
အား၀မ် : " အရမ်း စျေးကြီးတယ်မလား ဘာလို့ ရှောင်၀မ်ကိုပဲ အရင်ခေါ်သွားမပေးလိုက်လဲ နောက်မှပဲ ..."
လင်းလန် လက်မှတ်များကို ကလေးများ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
" အခုက အကောင်းဆုံးအချိန်ပဲလေ နောင်ခါလာနောင်စျေးပဲပေါ့ အခုတစ်ခေါက်က ပထမဆုံးအနေနဲ့ တစ်မိသားစုလုံး မြို့ကိုသွားလည်ကြမှာလေ " ဟုဆိုကာ လင်းလန် ရှောင်၀မ်အား ခေါင်းပုတ်ပေးလိုက်သည်။
" ရှောင်၀မ်လေးကို အဖော်ပြုပေးဖို့လေ "
အားလုံး ရယ်လိုက်ကြမိသည်။ ဆရာ၀န်နှင့်တွေ့ရသည်က မကောင်းသောကိစ္စဖြစ်သော်လည်း ယခုတွင်မူ ပျော်စရာအတိဖြစ်နေလေ၏။
သို့သော်လည်း ရောဂါကို ကု၍ပျောက်မည်က ကောင်းမွန်သည့်ကိစ္စဖြစ်ပြီး မိသားစုတစ်စုလုံး ခရီးထွက်ရမှာဖြစ်သည့်အတွက် ပို၍ပျော်စရာကောင်းနေပေသည်။
ဆောင်းဦးရာသီ အားလပ်ရက်ဖြစ်၍ မိုင်ဆွေ့တို့သုံးယောက်သည် ခွင့်ယူဖို့ မလိုလိုက်ပေ ။ တ၀မ်က စက်တင်ဘာ ၁ရက်နေ့က ကျောင်းအပ်ထားတာဖြစ်ပြီး ဆောင်းဦးရိတ်သိမ်းခြင်းပြီးမှ ကျောင်းတက်ရမှာဖြစ်၍ သူလည်း မလိုပေ ။
သို့သော်လည်း လင်းလန်က အချိန်မီ ပြန်မရောက်မည်စိုး၍ ဟန်ချင်စုန့်အား ကျောင်းသို့သတင်းပို့ထားခိုင်းလိုက်သည်။
မိုင်ဆွေ့က လင်းလန်ကို ဖက်၍ပြောသည်။ " မားမား သမ်ီးတို့ကိုပါ ခေါ်သွားဖို့ အဖေနဲ့ ဘယ်တုန်းက တိုင်ပင်လိုက်တာလဲ သမီး တကယ်အံ့သြသွားတာ "
အားလုံးက စန်း၀မ်ကို အံ့သြအောင် လုပ်ကြမည်ဟု ထင်ထားကြသော်လည်း မိဘနှစ်ပါးက သူတို့ကိုပါ အံ့အားသင့်အောင် လုပ်သွားလေသည်။
ရထားစီးပြီး ပထမဆုံးအကြိမ် မြို့ကိုသွားရမှာတဲ့ ။
ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲ ။
လင်းလန်လည်း မိုင်ဆွေ့ကို ပြန်ဖက်လိုက်သည်။
" သမိီးအဖေရဲ့ အားထုတ်မှုကြောင့်လေ "
လင်းလန် ကလေးများနှင့်အတူ ဟန်ချင်စုန့်အား ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဟန် "
ဟန်ချင်စုန့် : " ....... "
တ၀မ်က ရပ်ပြီး ရထားလက်မှတ်ကို ကြည့်နေလေသည်။ ဘာမှမပြောသော်လည်း ပျော်နေသည်ကို မျက်၀န်းအကြည့်များမှတစ်ဆင့် မြင်နေရပေသည်။
စားသောက်ပြီးနောက်တွင် ကလေးများကို လုပ်ချင်တာလုပ်နေကြရန် လင်းလန် လွှတ်ထားပေးလိုက်သည်။ ပြင်ဆင်ရန်လည်း အလျင်လိုဖို့မလိုပေ ။ နှစ်ရက်တောင် လိုသေးသည် မဟုတ်ပါလား။
အမှန်က သူမ စန်း၀မ်ကို အံ့သြသွားအောင် လုပ်ချင်သလို ကျန်ကလေးများကိုပါ အံ့အားသင့်သွားအောင် လုပ်ပေးချင်ခဲ့တာဖြစ်သည် ။ အပြင်သို့ထွက်ကာ အမြင်ကျယ်လာစေချင်ပြီး မြို့နှင့် ရွာက မည်သို့ကွာခြားသည်ကို သိအောင်လုပ်ပေးချင်လေသည်။ သေရာပါမည့် ပထမဆုံးသော အမှတ်တရကိုလည်း ဖန်တီးပေးချင်မိသည်။
မိသားစုတစ်စု ခရီးသွားရန်မှာ ထည့်သွင်းစဥ်းစားရမည့် ကိစ္စများစွာ ရှိလေသည်။ ပထမဆုံးအချက်မှာ ကုန်ကျစရိတ်ဖြစ်ပေသည်။ ရထားဖြင့်သွားပါက အသွားအပြန်အတွက် တစ်ယောက်လျှင် ဆယ်ယွမ်ကျော်ကျမည်ဖြစ်သည်။ ကူညီပေးမည့်သူရှိလျှင်တောင် အခြားကုန်ကျစရာများက ရှိသေးသဖြင့် စုစုပေါင်း ယွမ်ရာကျော်ကုန်ကျလောက်ပေသည်။
ဟန်ချင်စုန့်က လင်းလန်၏အတွေးကို သ်ိသော်လည်း ဘာမှထုတ်မပြောခဲ့ပေ ။ နောက်တစ်နေ့တွင် ခရိုင်မှ ပြည်သူ့လုံခြုံရေးဗျိုရိုသို့သွား၍ ညွှန်မှုးနှင့် သွားတွေ့ခဲ့လေသည်။
ဆန္ဒအလျောက် စက်တင်ဘာလအတွက် မြို့တက်ကာ အစည်းအဝေးတက်ပေးမည်ဟု ပြောလိုက်သဖြင့် ညွှန်မှုးက အံ့သြသွားလေသည်။ ယခင်က ဟန်ချင်စုန့်သည် အစည်းအဝေးတက်ခြင်း ၊ သောက်ခြင်းစားခြင်းများကို အချိန်ကုန်သည်ဟုဆိုကာ ဘယ်တော့မှ မသွားခဲ့ပေ ။ ယခုအခါ ဟန်ချင်စုန့်က စိတ်လိုလက်ရသွားချင်သည်ဟုဆိုသဖြင့် ချက်ချင်း ခွင့်ပြုပေးလေသည်။
ထို့နောက်တွင် ဟန်ချင်စုန့်က စည်းမျဥ်းများအတိုင်း လက်မှတ်ဖြတ်လိုက်ကာ နေထိုင်စရိတ်နှင့် ကုန်ကျစရိတ်များကို ခရိုင်က ပေးပေးလေသည်။ ၄င်းအပြင် စာရေးတစ်ယောက်ကိုပါ ခေါ်သွားခွင့်ပေးသော်လည်း ဟန်ချင်စုန့်က သူ့ဘာသာပဲလုပ်နိုင်သည်ဟုဆိုကာ မခေါ်ပေ ။
သူနှင့်အတူ ဇနီးနှင့်ကလေးများကလည်း ဆေးကုရန်လိုက်မည်ဖြစ်သဖြင့် တစ်ခါတည်းခေါ်သွားရန်ဟုဆိုပြီး လက်မှတ်များကို ထပ်ဖြတ်လေသည်။
ထိုအခါ ဗျူရိုမှ၀န်ထမ်းသည် လင်းလန်အား စာရေးအဖြစ် စာရင်းသွင်းလိုက်ပြီး သူမ၏လက်မှတ်ခကို ခရိုင်မှနေပဲ ဖြတ်လိုက်လေသည်။ ကလေးများကိုပါ ထည့်ပေးလို့ရသေးသည်ဟု ပြောသော်လည်း ဟန်ချင်စုန့် ငြင်းလိုက်သည်။
ယခုကပင် အတော်လေးကောင်းနေပြီဖြစ်သည်။ မတော်လို့ အာဏာကိုအလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံရလျှင် အခက်တွေ့ရပေလိမ့်မည် ။
အဆုံးတွင် ရှောင်၀မ်အတွက်က ကလေးခုံကိုသာ ဖြတ်ရတာဖြစ်၍ စျေးသက်သာပေသည်။ လင်းလန်က လူကြီးခုံရပြီး ဟန်ချင်စုန့်အတွက်လည်း မကုန်လိုက်ရသဖြင့် ကုန်ကျစရိတ်က သိပ်မများပေ။
• • •
မိုင်ဆွေ့နှင့် အား၀မ်က ပညာတတ်လူငယ်များထံသို့သွား၍ မြို့၌ မိသားစုများရှိပါက လက်ဆောင်များနှင့် စာများကို ယူသွားပေးနိုင်ကြောင်း ပြောပြလေသည်။ ၀ယ်ချင်တာရှိပါကလည်း ၀ယ်လာပေးမည်ဖြစ်၍ မှာနိုင်ကြောင်း ပြောကြသည်။ ထိုခေတ်အခါ၌ မြို့တက်ခြင်းက ခက်ခဲသဖြင့် တစ်ယောက်သွားလျှင် တစ်ယောက်ကိုသာ စုပြုံ၍ မှာကြရတာဖြစ်ပေသည်။
ရင်းရင်းနှီးနှီးရှိကာ ယုံကြည်ရသူများကိုသာ ထိုသို့မှာကြတာလည်းဖြစ်သည်။
လင်းလန် အိမ်တွင်ရှိသော လဲလှယ်ရန်လက်မှတ်များကို အကုန်ယူသွားရန် ကြံလိုက်သည်။ တ၀မ်ကိုလည်း အိမ်မှ ဆန်ပြည်ရာချီကိုယူသွားပြီး ကောက်ပဲသီးနှံဌာနမှ လက်မှတ်များနှင့်လဲလာရန် ခိုင်းလိုက်လေသည်။
ဆင်းရဲရဲ ချမ်းသာသာ မြို့သို့ခေါ်သွားပေးမှတော့ ကလေးများကို အကုန်လုံးလုပ်ဖူးသွားရန် ထောက်ပံ့ပေးရမည်လေ။
မိတ်ဆွေများနှင့် ဆွေမျိုးများကလည်း လင်းလန်တို့ မြို့တက်ကြမည်ကို သိသောအခါ ပိုက်ဆံများ ကူပေးကြလေသည် ။ ထိုပိုက်ဆံများကို ခရီးက ပြန်လာမှပြန်ပေးကြရမှာဖြစ်သည်။ ယင်းက ဓလေ့တစ်ခုပင် ဖြစ်ချေသည်။
လင်းမိန်နှင့် အဖွားကြီးလင်းကလည်း ပိုက်ဆံများ လာပေးကြလေသည်။ လင်းမိန်က ပိုက်ဆံအပြင် ရေဒီယို၀ယ်နိုင်ရန် လက်မှတ်ကိုလည်း ယူလာသည်။ အိမ်တွင် ရေဒီယိုလေးတစ်လုံးရှိပါက သတင်းဖြစ်ဖြစ် နားထောင်လို့ရအောင်ဟုဆိုကာ လင်းလန်ကို ၀ယ်လာခိုင်းတာ ဖြစ်ပေသည်။
လင်းလန်လည်း သဘောတူလိုက်သည်။
၇ရက်နေ့တွင် မနက်မိုးမလင်းခင်မှာပဲ လင်းလန်တ်ို့မိသားစုသည် မနက်စာစား၍ ရထားဘူတာသို့ ထွက်လာလိုက်ကြသည်။ နေ့လယ်စာကိုတော့ ဘူတာတွင်ပဲ ၀ယ်စားမည်ဖြစ်သည်။ အဆာပြေစားရန် ကြက်ဥပြုတ်များနှင့် ပန်ကိတ်များကိုပဲ ထည့်လာ၍ဖြစ်သည်။
ဟန်ချင်းယွင်က တပ်မဟာမှနေ လင်းလန်တို့အား ခရိုင်သို့လိုက်ပို့ပေးလေသည်။ ရထားက နေ့လယ်တစ်နာရီခွဲတွင် ထွက်မည်ဖြစ်ပြီး ထိုမှနေ စန်း၀မ်ရှိရာသို့ သွားနိုင်ပြီဖြစ်သည်။
ကလေးများက စိတ်လှုပ်ရှားနေကြသည်။ တ၀မ်က တံဆိပ်ပြားလေးကို သူ့ဘောင်းဘီအိတ်ထဲတွင် ထည့်ယူလာသည်။
ဟန်ချင်းယွင်က ကြိမ်တံက်ိုနှင်ရင်း သီချင်းညည်းနေလေသည်။
" ရထားကြီးက ပေါ်ပေါ်မြည် ~ ရှောင်ရှန်းကို ဦးတည်နေ ~ "
ထိုသီချင်းက ကျေးလက်များကြားတွင် မကြာခဏ ဆိုလေ့ရှိသော သီချင်းဖြစ်ပေသည်။
ထို့ကြောင့် ကလေးများကလည်း လိုက်ဆိုကြလေသည်။
" ဘီးတွေကိုလှိမ့်လို့ ဂျုံးဂျုံးမြည် ရတားကြီးက ရှောင်ရှန်းဆီ ~ မက်မက်စောက်စောက် တောင်ကိုကျော် ~ တံတားပေါ်က ဖြတ်လို့သွား ~ ရှားကွမ်းထက်ပင် ဝေးလှတယ် ~ ရှားကွမ်းထက်ပင် ဝေးလှတယ် ~ "
Xxxxxxx