Chapter - 20
Viewers 63

အခန်း - (၂၀)


နံနက်စောစောတွင် ယန်ကျင့်ချင်းသည် ကြက်တွန်သံကြောင့် နိုးလာခဲ့သည်။


သူ ခေါင်းထောင်ကြည့်လိုက်သောအခါ ကျောက်ယန်မှာ သူ့ဘေးတွင် အိပ်မောကျနေဆဲဖြစ်သည်။ ထိုအခါမှသာ သူသည် ထရပ်ကာ အာရုံထဲတွင် ဗလာဖြစ်နေသဖြင့် ခဏမျှ ငေးငိုင်နေမိသည်။ အခုမှပင် သူသည် အားလပ်ချိန်ရလာသဖြင့် ကျောက်ယန်၏ရုပ်ရည်သွင်ပြင်ကို သေချာကြည့်ရှုနိုင်တော့သည်။


သူ ပထမဆုံး ရောက်ရှိလာစဉ်က ကျောက်ယန်မှာ အလွန်ပိန်လှီပြီး တစ်ကိုယ်လုံးမှာ စက္ကူတစ်ရွက်ကဲ့သို့ နုနယ်လှသည်။


ယခုအခါတွင်မူ ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ထားသဖြင့် အသားအနည်းငယ် ပြည့်လာပြီး သူ၏မျက်နှာမှာလည်း ပို၍ နူးညံ့လာ၏။ သူ၏အသားအရေမှာ ဖြူဖျော့ပြီး ရုပ်ရည်မှာလည်း ချောမောလှပသည်။ သူသည် သာမန် "ရွှမ်းအာ"တစ်ဦးကဲ့သို့ နုနယ်သိမ်မွေ့လွန်းခြင်းမျိုးမရှိသော်လည်း သူ၏ရုပ်ရည်မှာ လူအများစုကို အထင်မှားစေရန် လုံလောက်လှသည်။


သူ၏မျက်လုံးများကို ဖုံးအုပ်ထားသောအဝတ်စအောက်တွင်မူ ဆွဲဆောင်မှုရှိသောမြေခွေးမျက်လုံးတစ်စုံ ရှိနေသည်။


နှမြောစရာကောင်းသည်မှာ မူလက လှပသင့်သောထိုမျက်လုံးများသည် နေ့အလင်းရောင်ကို မမြင်နိုင်တော့ခြင်းပင်။ 


ယန်ကျင့်ချင်းသည် သူ့အတွက် စိတ်မကောင်းဖြစ်မိသည်။ သူသည် အိပ်ရာမှထကာ အခန်းထဲမှ တိတ်ဆိတ်စွာ ထွက်လာခဲ့သည်။


သူ့ဘေးတွင်ရှိသောကျောက်ယန်မှာမူ အိပ်မက်ထဲတွင် တစ်ခုခုကို ရေရွတ်နေသော်လည်း ကံကောင်းထောက်မစွာဖြင့် နိုးမလာခဲ့ပေ။

မနေ့ညက သူသည် လိုချင်သည့်အတိုင်း ဖြစ်ခဲ့ရသဖြင့် ပုံမှန်ထက် နောက်ကျမှ အိပ်ပျော်ခဲ့ရာ ယခုအခါ သူသည် ပိုအိပ်ချင်နေခဲ့သည်။


ယန်ကျင့်ချင်းသည်ကား မနက်စာ မပြင်ရသေးပေ။


ထိုအစား သူသည် ထရပ်ကာ ခွေးလေးကို လမ်းလျှောက်ခေါ်သွားပြီးနောက် ထိုင်ခုံပုလေးပေါ်တွင်ထိုင်လျှက် အတွေးလွန်နေမိသည်။ သူတို့နှစ်ဦးစလုံးတွင် မိဘများ မရှိကြပေ။ ကောင်းကင်နှင့် မြေကြီးကို ဦးချကန်တော့ပြီး လက်ထပ်ကြမည့်အချိန်ရောက်လျှင် အခမ်းအနားကို ဦးဆောင်ပေးရန် မည်သူ့ကို ဖိတ်ကြားရပါမည်နည်း။


ထုံးတမ်းစဉ်လာများကို လျစ်လျူရှု၍မရသော်လည်း အမှန်အတိုင်းပြောရလျှင် ယန်ကျင့်ချင်းမှာ မည်သူနှင့်မျှ အထူးတလည် ရင်းနှီးခြင်းမရှိပေ။ သူသည် အိမ်နီးနားချင်းများနှင့် သိကျွမ်းရုံသာရှိပြီး အမှန်တကယ် ရင်းနှီးကျွမ်းဝင်ခြင်းမျိုး မဟုတ်ပေ။ 


လူကြီးမိဘများနေရာတွင် အစားထိုးရန်အတွက် မည်သူ့ကိုမဆို ရမ်းဖိတ်ရန်မှာလည်း မသင့်တော်ပေ။


အတွင်းခန်းထဲသို့ဝင်ကာ ဟိုဟိုသာ်သည် ရှာဖွေပြီးနောက် တစ်နေရာမှ ကြေးမှုံမှန်တစ်ချပ်ကို ရှာတွေ့ခဲ့သည်။ သို့သော် သူသည် မိမိကိုယ်မိမိ အလှပြင်ရန် ကြည့်ခြင်းမဟုတ်ဘဲ သူ၏လက်ရှိမျက်နှာနှင့် ယခင်က ပုံစံကို နှိုင်းယှဉ်ကာ မိမိကိုယ်မိမိ သေချာစစ်ဆေးနေခြင်းဖြစ်သည်။


သိသိသာသာပင် ကွာခြားမှုမရှိပေ။ သူ၏မျက်ခုံးများမှာ ပို၍ နက်မှောင်လာသော်လည်း သူ၏မျက်လုံးများမှာမူ အဆုံးမရှိသောအနက်အဓိပ္ပာယ်များကို ဖုံးကွယ်ထားသကဲ့သို့ နက်ရှိုင်းနေဆဲဖြစ်သည်။


ကြေးမှုံမှန်ကို ဘေးဖယ်ထားပြီးနောက် ယန်ကျင့်ချင်းသည် ရက်စွဲများကို စတင်တွက်ချက်တော့သည်။ မင်္ဂလာရက်မြတ်တစ်ခုကို ရွေးချယ်ပြီး တရားဝင်ဇနီးမောင်နှံ ဖြစ်လာခြင်းမှာ မဆိုးလှပေ။ ဤနည်းဖြင့် သူ သွားလေရာရာသို့ ကျောက်ယန်ကို ခေါ်သွားနိုင်မည် ဖြစ်သည်။


ထိုအချိန်တွင် အတွင်းခန်းတံခါးမှာ ကျွီခနဲပွင့်လာပြီး အထဲမှ ကျောက်ယန် ထွက်လာ၏။ သူသည် အိပ်ချင်မပြေဖြစ်နေဆဲဖြစ်သော်လည်း သူ၏အသံမှာမူ နူးညံ့နေဆဲပင်။ “အစ်ကိုကျင့်ချင်း...”


“အင်း” ယန်ကျင့်ချင်းသည် ရေနွေးတည်ရန် ထွက်သွားတော့မည့်ဆဲဆဲမှာပင် သူ့ကို တွေ့လိုက်ရခြင်းဖြစ်သည်။


ကျောက်ယန်မှာ လက်တွေ့ဘဝဟုတ်၊ မဟုတ်ကို မသေချာဘဲ ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်သည်။ သူက မေးလိုက်သည်။ “မနေ့က ကျွန်တော် အိပ်မက်မက်နေတာမဟုတ်ဘူး၊ ဟုတ်တယ်မလား”


ယန်ကျင့်ချင်း၏နှုတ်ခမ်းများမှာ ပြုံးရောင်သန်းသွားရ၏။ “ဒါဆို မင်းက ဘာတွေ အိပ်မက်မက်နေလို့လဲ”


ကျောက်ယန်တစ်ယောက် လုံးဝနိုးသွားပြီဖြစ်သည်။ သူ အမှန်တကယ် မေ့သွားခြင်း မဟုတ်ပေ။ ခဏအကြာတွင် သူသည် တက်ကြွလန်းဆန်းသွားပြီး ယန်ကျင့်ချင်းဆီသို့ ပစ်ဝင်လိုက်သည်။ “ကျွန်တော် အိပ်မက်မက်နေတာ မဟုတ်ပါဘူး၊ အစ်ကို သဘောတူခဲ့တာပဲ”


“အင်း” ယန်ကျင့်ချင်းက သူ့ကို ထိန်းထားပေးပြီး အပြင်သို့ ခေါ်လာခဲ့သည်။ သူ၏လက်ကြီးများဖြင့် ကျောက်ယန်၏မျက်နှာပေါ်ရှိ အသားလေးကို အသာအယာ ဆွဲဖိလိုက်သည်။ “အများကြီး ပိုစားဦး၊ မဟုတ်ရင် ငါတို့ လက်ထပ်တဲ့အခါကျရင် လူတွေက ငါ မင်းကို နှိပ်စက်ထားတယ်လို့ ထင်ကုန်ကြလိမ့်မယ်”


သူတို့နှစ်ဦးစလုံး ရယ်မောလိုက်ကြသည်။ 


ကျောက်ယန်မှာ အမှန်တကယ်ပင် ပျော်ရွှင်နေပြီး ပြီးခဲ့သည့်ရက်ပိုင်းက အိပ်မက်ဆိုးများမှာလည်း ပျောက်ကွယ်သွားသကဲ့သို့ပင်။ ဤသည်ကား အကောင်းဆုံးပင်ဖြစ်သည်။ ထိုနာကျင်စရာကောင်းသောမှတ်ဉာဏ်များကို သူ စဉ်းစားမနေသရွေ့ သူ ပျော်ရွှင်နေရုံနှင့်ပင် လုံလောက်လှပြီဖြစ်သည်။


သူတို့နှစ်ဦးသည် သီးသန့် ကတိသစ္စာပြုထားကြသော်လည်း ရွာထဲတွင် သတင်းအနည်းငယ်မျှပင် မပျံ့နှံ့ခဲ့ပေ။


သို့သော် မွန်းလွဲပိုင်းတွင်မူ လီယန်ပေ့မှာ တစ်ခုခုကို အမှန်တကယ်ပင် ရှာဖွေတွေ့ရှိသွားပုံရသည်။ ယန်ကျင့်ချင်းသည် ကျောက်ယန်ကို ဈေးသို့ ခေါ်သွားတော့မည့်ဆဲဆဲမှာပင် လီယန်ပေ့သည် သူတို့ထံသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့သည်။ မမျှော်လင့်ထားသောဧည့်သည်ကို တွေ့လိုက်ရသဖြင့် သူသည် ထိုအစီအစဉ်ကို ဖျက်သိမ်းလိုက်ရတော့သည်။


သူတို့သည် လီယန်ပေ့ကို အထဲသို့ ဖိတ်ခေါ်ကာ ထိုင်ခိုင်းလိုက်ကြသည်။ ကျောက်ယန်မှာ ဘေးဘက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။


လီယန်ပေ့၏အမူအရာမှာ အလေးအနက် ရှိလှ၏။ “ငါ့ရဲ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင်... ဒီကိစ္စမှာ ပါဝင်တဲ့အဆိပ်က နန်းတွင်းက လျှို့ဝှက်ဆေးနည်းဖြစ်နိုင်တယ်”


“နန်းတွင်းကလား” ယန်ကျင့်ချင်းတစ်ယောက် အံ့သြသွားရ၏။


ကျောက်ယန်မှာ ပို၍ပင် အံ့သြသွားသော်လည်း ချက်ချင်း စကားမပြောခဲ့ပေ။


လီယန်ပေ့က ဆက်ပြောသည်။ "ခိုင်လုံတဲ့ သက်သေတော့ မရှိဘူး၊ ဒါပေမဲ့ ဒီအဆိပ်က လွန်ခဲ့တဲ့အချိန်အတော်ကြာကတည်းက အရပ်သားတွေကြားထဲကို ပျံ့နှံ့ခဲ့တာ၊ နာမည်ကြီး ရာဇဝတ်ကောင် အတော်များများက အဲ့ဒါကို အစဖျောက်ဖို့အတွက် အသုံးပြုခဲ့ကြတယ်၊ ပမာဏအနည်းငယ်ဆိုရင် သုံးရက်အတွင်း ခန္ဓာကိုယ်ထဲကနေ လုံးဝ ပျောက်ကွယ်သွားတတ်တယ်၊ ဒါပေမဲ့ ကျောက်ယန်ရဲ့ ကိစ္စမှာတော့ ပမာဏ အများကြီး သုံးထားတာကြောင့် ရေရှည်ထိခိုက်မှုတွေ ဖြစ်စေတာပါ၊ အဆိပ်ဖြေဆေးမရှိရင် သူ လုံးဝ ပြန်ကောင်းလာမှာ မဟုတ်ဘူး"


"ဒါဆိုရင်... အဲ့ဒီ အဆိပ်ဖြေဆေးကိုကော အရပ်သားတွေကြားမှာ ရနိုင်မလား" ယန်ကျင့်ချင်းက မေးလိုက်သည်။


လီယန်ပေ့က သူ၏မုတ်ဆိတ်ကိုသပ်ရင်း သက်ပြင်းချသည်။ "မရဘူး၊ အဲ့ဒါက နန်းတွင်း လျှို့ဝှက်ဆေးနည်းရဲ့သဘာဝပဲ၊ အဲ့ဒါကို တီထွင်တဲ့သူက အဆိပ်ကို ပျံ့နှံ့ခွင့်ပေးပေမဲ့ အဆိပ်ဖြေဆေးကိုတော့ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတယ်၊ နန်းတွင်းသမားတော် အနည်းငယ်လောက်ပဲ အဲ့ဒါကို ဘယ်လိုဖော်စပ်ရမလဲဆိုတာ သိကြလိမ့်မယ်၊ ငါ သိသမျှ အချက်အလက်တွေ အကုန်လုံးကို မင်းတို့ကို ပြောပြပြီးပြီ၊ ဒါကြောင့် ငါ မကူညီဘူးလို့တော့ မပြောနဲ့တော့"


သူ၏စကားလုံးများမှာ ယန်ကျင့်ချင်းကို ရည်ရွယ်ပြောခြင်းဖြစ်သော်လည်း သူ အစွမ်းကုန် ကူညီခဲ့သည်ကို သူတို့နှစ်ဦးစလုံး သိကြသည်။


ထားလိုက်ပါတော့...


ယန်ကျင့်ချင်းသည် လီယန်ပေ့ကို ကျေးဇူးတင်သည့်အနေဖြင့် လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ အကယ်၍ မကြာမီကာလအတွင်း အဆိပ်ဖြေဆေးကို မရနိုင်ဘူးဆိုရင်လဲ အခြေအနေအရပဲ ရှေ့ဆက်သွားကြရုံပေါ့၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် အားယန်ရဲ့ဘေးမှာ အမြဲရှိနေမှာပါ၊ ဆေးကုလို့ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အရေးမကြီးပါဘူး”


သူ၏စကားလုံးများမှာ သူ၏ရပ်တည်ချက်ကို ရှင်းလင်းစွာ ဖော်ပြနေသကဲ့သို့ ပြတ်သားလှသည်။


မိမိ၏သမီးဖြစ်သူ သို့မဟုတ် အဒေါ်လီ တို့၏စိတ်ကူးများကို မသိရှိသောလီယန်ပေ့မှာ ဤစကားကိုကြားသောအခါ စိတ်အားတက်ကြွသွား၏။ “ဒါဆိုရင် ကျောက်ယန်ကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ”


“လူကြီးမင်းလီကို ဖုံးကွယ်မထားတော့ပါဘူး၊ ကျွန်တော် အားယန်ကို လက်ထပ်ဖို့ စီစဉ်ထားပါတယ်၊ အဲ့ဒီအခါကျရင် ကျွန်တော်တို့က မိသားစုအစစ်အမှန် ဖြစ်သွားကြမှာပါ၊ သူ့မျက်စိပြန်မမြင်ရရင်တောင်မှ သူ အားကိုးရာမဲ့ ဖြစ်မသွားစေရပါဘူး”


ထိုစကားကိုကြားသောအခါ လီယန်ပေ့သည် အခြေအနေကို စိတ်ဝင်စားစရာကောင်းသည်ဟု ယူဆလိုက်သည်။ သူသည် ကျောက်ယန်ကို တစ်ချက်ကြည့်ပြီးမှ ပြောလိုက်သည်။ “ကောင်းပြီလေ၊ ဒါပေမဲ့လဲ မင်းတို့ရဲ့ကိစ္စက အရမ်းကို ရှားပါးလွန်းတယ်၊ အကယ်၍ ငါ ဆက်ပြီး စုံစမ်းလို့ရမယ်ဆိုရင် စုံစမ်းပေးပါဦးမယ်၊ လုံးဝတော့ လက်မလျှော့လိုက်ပါနဲ့၊ အခက်အခဲတွေထက် ဖြေရှင်းနည်းတွေက အမြဲတမ်း ပိုများနေတတ်တာပဲလေ”


ထို့နောက် လီယန်ပေ့သည် သူတို့နှစ်ဦးကို နှုတ်ဆက်ကာ သူ၏ယပ်တောင်ကို အေးအေးလူလူခတ်ရင်း ထွက်ခွာသွားတော့သည်။


ယန်ကျင့်ချင်းသည် ထွက်ခွာသွားသောသူ၏ကျောပြင်ကိုကြည့်ရင်း သက်ပြင်းချလိုက်ပြီး ကျောက်ယန်၏ဆံပင်ကို ထိတွေ့ရန် လှည့်လိုက်သည်။ “ရပါတယ်၊ မင်းမှာ ငါရှိတယ်”


“အင်း”


ထိုညတွင် ပုံမှန်အတိုင်းပင် ယန်ကျင့်ချင်းသည် ကျောက်ယန်နှင့် အတူ အိပ်ခဲ့သည်။


အမှန်အတိုင်းပြောရလျှင် ထိုကုတင်မှာ လူနှစ်ယောက်အတွက် အနည်းငယ် ကျဉ်းမြောင်းလှသည်။ ကုတင်ပေါ်တွင် ပက်လက်လှဲနေရင်း သူတို့ ကုတင်အသစ်တစ်လုံး ဝယ်သင့်သည်ဟု သူ စဉ်းစားမိသည်။ ရွာထဲတွင် အသစ်စက်စက်ဇနီးမောင်နှံများမှာ ကုတင်ဟောင်းကို လဲလှယ်တတ်သည့်ဓလေ့ရှိသည်။ ပိုက်ဆံမရှိလျှင်ပင် မင်္ဂလာဆောင်အတွက် ကိုယ်တိုင်ပင် ကုတင်ကို ပြုလုပ်တတ်ကြသည်။


သူတို့လည်း ထိုရိုးရာကို လိုက်နာသင့်သည်ဟု သူ ယူဆလိုက်သည်။


လွန်ခဲ့သောရက်အနည်းငယ်ကမူ သူတို့သည် တစ်ဦးကိုတစ်ဦး ဖက်အိပ်ရင်း အဆင်ပြေခဲ့ကြသော်လည်း ယခုမူ... အနည်းငယ် ကျပ်ပိတ်လာသလို ခံစားရသည်။ ယန်ကျင့်ချင်း အတွေးလွန်နေစဉ်မှာပင် ကျောက်ယန်သည်ကား မသိစိတ်ဖြင့် သူ့အနားသို့ ပို၍တိုးကပ်လာခဲ့လေသည်။


ကျောက်ယန်က တိုးတိုးလေး မေးလာသည်။ “အစ်ကိုကျင့်ချင်း၊ ကျွန်တော်တို့ လက်ထပ်မဲ့အကြောင်းကို လူတွေကို ဘယ်တော့ ပြောပြဖို့ စဉ်းစားထားလဲ”


ယန်ကျင့်ချင်းက တစ်ဖက်လူကိုလှည့်ကြည့်ကာ ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။ “မနက်ဖြန်လောက်ပေါ့၊ ဒါက လျှို့ဝှက်ချက်မှ မဟုတ်တာ၊ ငါတို့ ဘယ်အချိန်မဆို ကြေညာလို့ ရတာပဲလေ၊ မဟုတ်ဘူးလား”


“ကောင်းပါပြီ” ကျောက်ယန်၏ရင်ထဲတွင် နွေးထွေးမှုတစ်ခု ပျံ့နှံ့သွားသည်။


သို့သော်လည်း ထူးဆန်းသောခံစားချက်တစ်ခုက တိုးဝင်လာသည်။ ကျောက်ယန်သည် သူ၏စိတ်ထဲတွင် ဘာတွေ ပေါ်လာသည်မသိသော်လည်း ယန်ကျင့်ချင်းကို ရုတ်တရက် မေးလိုက်သည်။ “အစ်ကိုကျင့်ချင်း၊ အစ်ကို တကယ်ပဲ အရင်က ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးဘူးလား၊ ဒါဆိုရင် အစ်ကို ဖတ်ခဲ့ဖူးတဲ့စာအုပ်တွေထဲမှာကော လူတစ်ယောက်ကို ဘယ်လိုချစ်ရမလဲ၊ ဒါမှမဟုတ် လင်မယားတွေ ဘယ်လိုပြုကျင့်ရမလဲဆိုတာတွေ သင်ပေးထားတာ ရှိလား”


“စာအုပ်တွေက အဲ့ဒီလိုအရာတွေကို ဘယ်လိုလုပ် သင်ပေးမှာလဲ” ယန်ကျင့်ချင်းမှာ ခဏတာ ဆွံ့အသွားရ၏။ “မှတ်မိသလောက်ဆိုရင် အဲ့ဒီပညာရှိစာအုပ်တွေက 'လောကဓံ ခုနစ်ပါးနဲ့ ကိလေသာခြောက်ပါး' အကြောင်းကို ဘယ်တော့မှ ဆွေးနွေးလေ့မရှိဘူး၊ ဈေးကွက်ထဲက ပုံပြင်စာအုပ်တွေထဲမှာပဲ အဲ့ဒီလို ဇာတ်လမ်းတွေကို တွေ့နိုင်လိမ့်မယ်”


သူ စကားပြောနေရင်းမှာပင် ကျောက်ယန်ဆီမှာ တစ်ခုခု ထူးဆန်းနေသည်ကို သတိပြုမိလိုက်သည်။ 


ထိုအရာကား ကျောက်ယန်၏ခန္ဓာကိုယ်မှာ ပုံမှန်ထက် ပို၍ ပူနွေးနေခြင်းပင်။


ထိုအပူချိန်မှာ နွေရာသီ၏အပူရှိန်ကြောင့်လား သို့မဟုတ် အခြားအရာကြောင့်လားဆိုသည်ကို သူ မသေချာပေ။ မိမိ၏ခန္ဓာကိုယ်မှာလည်း စေးကပ်ကပ်ဖြစ်လာသည်ဟုသာ ခံစားရသည်။ ထို့ကြောင့် သူသည် ကျောက်ယန်အတွက် နေရာလွတ်ရအောင် အနည်းငယ် ရွှေ့လိုက်သည်။ 


ယန်ကျင့်ချင်းက ယပ်တောင်ခတ်ရင်း ကျောက်ယန်ကို အရင်အိပ်ရန် ပြောတော့မည့်ဆဲဆဲမှာပင် တစ်ဖက်လူ၏အမူအရာကို မြင်လိုက်ရသည်။


ကျောက်ယန်မှာ တစ်ခုခုကို အောင့်အည်းသည်းခံနေရသည့်ပုံစံမျိုး ဖြစ်နေသည်။


ခဏအကြာမှာပင် ယန်ကျင့်ချင်းသည် ပြဿနာတစ်ခုကို နောက်ကျမှ သဘောပေါက်လိုက်သည်။


အကယ်၍ သူသာ 'ရွှမ်းအာ'တစ်ယောက်ဆိုလျှင်... ဤသည်မှာ အရွယ်ရောက်လာချိန်တွင် ဖြစ်ပေါ်တတ်သောကာမဆန္ဒများ ဖြစ်နေမလား။


ထိုသို့သောစေ့ဆော်မှုမျိုးမှာ ပုံမှန်အားဖြင့် ထိန်းချုပ်နိုင်သော်လည်း ကျောက်ယန်မှာမူ အတိတ်မှတ်ဉာဏ်များ ပျောက်ဆုံးနေသူဖြစ်သည်။ လက်ရှိတွင် သူသည် ပျော်ရွှင်မှုကို ပထမဆုံးအကြိမ် ခံစားဖူးသူတစ်ဦးသာ ဖြစ်ရာ အနည်းငယ် ဇဝေဇဝါဖြစ်နေခြင်းမှာ သဘာဝပင်။


ထို့ကြောင့် ယန်ကျင့်ချင်းသည် စိတ်ထဲမှ ဗုဒ္ဓစာပုဒ်တစ်ခုကို တိတ်တဆိတ် ရွတ်ဖတ်ရင်း နေရာဖယ်ပေးရန် အမြန်ထလိုက်သည်။ “အားယန်... ဒီမှာ ခဏနေဦး၊ ငါ ခဏ ဖယ်ပေးမယ်”


“မသွားပါနဲ့... မသွားပါနဲ့ဦး” ကျောက်ယန်က သူ့ကို မသွားစေချင်ပေ။ သူသည် မျက်စိမမြင်ရသော်လည်း ထိုအချိန်တွင် သူ၏အားအင်မှာ ယန်ကျင့်ချင်းနှင့် ရင်ပေါင်တန်းနိုင်လောက်အောင် သန်မာနေပြီး သူ့ကို တင်းတင်းကြပ်ကြပ် ဆွဲထားမိသည်။


သူသည် ယန်ကျင့်ချင်းကို ဖက်တွယ်ထားရင်း “အစ်ကိုကျင့်ချင်းက လက်ထပ်ဖို့ စီစဉ်ထားပြီးသားပဲဟာ၊ ရှောင်ဖယ်နေစရာ မလိုပါဘူး၊ မဟုတ်ဘူးလား” ဟု ပြောလိုက်သည်။


“အစ်ကို့ကို မသွားစေချင်ဘူး” ကျောက်ယန်သည် ယန်ကျင့်ချင်း၏ရင်ခွင်ထဲသို့ တိုးဝင်လိုက်၏။ ဤကဲ့သို့ တစ်ဖက်လူ၏ရင်ခွင်ထဲသို့ရောက်မှသာ အပူရှိန်များ လျော့ကျသွားသည်ဟု ခံစားရသည်။ ထိုခံစားချက်က သူ့ကို ပို၍ တင်းတင်းကြပ်ကြပ် ဖက်တွယ်မိစေတော့သည်။


ဤအခြေအနေမှာ တကယ်ပင် ရူးသွပ်စရာ ကောင်းလှသည်။ ကျောက်ယန်သည် အမြဲတမ်း ပွင့်လင်းသူဖြစ်သော်လည်း ယန်ကျင့်ချင်းကို ဤကဲ့သို့ ခက်ခဲသောအခြေအနေမျိုးသို့ တစ်ခါမျှ မရောက်စေခဲ့ဖူးပေ။


သို့သော် ယခုမူ သူ ဆုံးဖြတ်ချက် ချလိုက်ပြီ။ 


ထားလိုက်ပါတော့...


မသင့်လျော်သောအတွေးများကို မောင်းထုတ်၍မရတော့သဖြင့် သူတို့နှစ်ဦးမှာ အနီးကပ် တွယ်ကပ်နေကြတော့သည်။ နှစ်ဦးစလုံးမှာ အတွေ့အကြုံမရှိကြသော်လည်း လူတစ်ယောက်ကို နှစ်သက်မြတ်နိုးခြင်းကပင် သူတို့၏ဗီဇကို လမ်းပြပေးနေသကဲ့သို့ ရှိသည်။ 


ချစ်ရသူနှင့် နီးနီးကပ်ကပ်နေရခြင်းကသာ သူတို့အတွက် သက်တောင့်သက်သာ ဖြစ်စေမည့် တစ်ခုတည်းသော နည်းလမ်းကဲ့သို့ပင်။


ညဉ့်နက်ပိုင်းတွင် သူတို့သည် ခွဲခွာ၍မရသော မြွေနှစ်ကောင်ကဲ့သို့ ရစ်ပတ်နေကြသည်။ ခေတ္တခွာလိုက်၊ ပြန်လည်ပြီး ပို၍ တင်းတင်းကြပ်ကြပ် ဖက်လိုက်နှင့်ပင် သံသရာလည်နေခဲ့သည်။


ကျောက်ယန်သည် ယန်ကျင့်ချင်း၏နှုတ်ခမ်းများအား နမ်းရှိုက်ရသည်ကို အထူးပင်နှစ်သက်နေမိသည်။ ထိုနှုတ်ခမ်းများမှာ အနည်းငယ် ပါးလွှာနေသဖြင့် သူသည် တစ်ခုလုံးကို မျိုချပစ်ချင်စိတ် ပေါက်နေမိသည်။ သို့သော် သူ အလွန်အမင်း မရဲတင်းဝံ့သဖြင့် သူ၏လှုပ်ရှားမှုများမှာ နူးညံ့သိမ်မွေ့မှုများ ပါဝင်နေသည်။


ဤမြင်ကွင်းက ယန်ကျင့်ချင်းအား နားလည်သွားစေသည်မှာ ကျောက်ယန်သည် မျက်စိမမြင်ရသော်လည်း သူ၏အခြားအာရုံခံစားမှု အားလုံးမှာ နိုးကြားလာခဲ့ပြီဖြစ်သည်။ အကယ်၍ သူသည် အမြင်အာရုံကို အားကိုး၍မရလျှင် ထိတွေ့မှုဖြင့် အရာအားလုံးကို ခံစားသိရှိပေလိမ့်မည်။ ယန်ကျင့်ချင်း၏ခန္ဓာကိုယ်တစ်လက်မတိုင်းကို စူးစမ်းလိုသကဲ့သို့ သူ၏ဖက်ထားမှုမှာ ဘယ်သောအခါမှ လျော့ရဲမသွားခဲ့ပေ။


“ကျွန်တော်တို့ အခုချက်ချင်း လက်ထပ်လို့ ရမလား” ကျောက်ယန်က ထပ်မံမေးမြန်းလိုက်မိသည်။


ယန်ကျင့်ချင်း၏နားထင်တွင် ချွေးများ စိုရွှဲနေသည်။ သူသည် ကိုယ့်ကိုယ်ကိုယ် လျော့တိလျော့ရဲထိန်းထားရင်း ကျောက်ယန်ကို အပေါ်မှ ငုံ့ကြည့်လိုက်ရာ သူ၏မျက်ဝန်းထဲတွင် စူးစမ်းလိုစိတ်များ လက်ခနဲ ပေါ်လာသည်။ “ဘာဖြစ်လို့လဲ”


“ကျွန်တော် အခုချက်ချင်း အစ်ကိုကျင့်ချင်းကို ပိုင်ဆိုင်ချင်လို့...” ကျောက်ယန်က ဆိုသည်။


ထိုစကားလုံးများနှင့်အတူ ယန်ကျင့်ချင်း၏မျက်ဝန်းမှ အလင်းရောင်မှာ ချက်ချင်း မှိန်ကျသွားသည်။ သူသည် သက်ပြင်းတစ်ချက်ကိုသာ သက်ပြင်းချရင်း ကျောက်ယန်၏ ခါးကို ဆွဲလိမ်လိုက်သည်။ “အဲ့ဒီလိုတွေ ဆက်မပြောနဲ့တော့၊ မင်းသာ ဆက်ပြောနေရင် ငါ တကယ်ပဲ ထိန်းနိုင်တော့မှာ မဟုတ်ဘူး”


သို့သော် ကျောက်ယန်မှာ လုံးဝကို အလေးအနက် ရှိနေသည်။ သူ၏တုံ့ပြန်မှုကိုမြင်သောအခါ မီးလောင်ရာ လေပင့်သကဲ့သို့ ထပ်ပြောလိုက်သည်။ “ဒါဆိုရင်လဲ မထိန်းနဲ့တော့လေ”


ထိုသို့နှင့်ပင် ကုတင်လိုက်ကာစများမှာ အမှန်တကယ်ပင် ကျဆင်းသွားတော့သည်။ အပြင်ဘက်တွင် စောင့်ကြပ်နေသောရှောင်းရှန်မှာ အိပ်မောကျနေသော်လည်း ထိုအချိန်အတွင်း သူ မတွေးဘဲမနေနိုင်ပေ။ 


အတွင်းထဲမှာ ဘာဖြစ်လို့ ဒီလောက်တောင် ဆူညံနေရတာလဲ!


ကံကောင်းထောက်မစွာဖြင့် ယန်ကျင့်ချင်း၏နေအိမ်မှာ လူသူကင်းဝေးသောနေရာတွင် ရှိနေသဖြင့် ပတ်ဝန်းကျင်၌ မည်သူမျှ မရှိပေ။


ညဉ့်နက်ချိန်အထိ ဆူညံသံများ ရှိနေသော်လည်း ခွေးလေးမှာ အနည်းငယ်မျှသာ ဟောင်ခဲ့သည်။ အခြားမည်သူ့ကိုမျှ အနှောင့်အယှက် မဖြစ်ခဲ့ပေ။ 


ကျောက်ယန်မှာ 'ရွှမ်းအာ'တစ်ဦးဖြစ်ပြီး ယနေ့ညမှာ သူ၏ကာမဆန္ဒများ နိုးကြွလာသည့်အချိန်လည်းဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ မထိန်းနိုင်တော့ခြင်းမှာ သဘာဝကျပေ၏။


မဟုတ်လျှင် သူသည် ဤမျှအထိ ပွင့်လင်းမည်မဟုတ်သလို ယန်ကျင့်ချင်းကို တွယ်ကပ်ကာ သူ၏ကိုယ်ပိုင်စည်းမျဉ်းများကို ချိုးဖောက်ခိုင်းမည်မဟုတ်ပေ။


သို့သော် နောက်ပိုင်းတွင် ယန်ကျင့်ချင်း သဘောပေါက်လိုက်သည်မှာ ကျောက်ယန်သည် နှုတ်ခမ်းကသာ ကြမ်းတမ်းသော်လည်း နှလုံးသားက နူးညံ့သူဖြစ်သည်ကိုပင်။ အစပိုင်းတွင် သူသည် အလွန်ရဲတင်းပြီး လွှမ်းမိုးနိုင်သယောင် ထင်ရသော်လည်း အဆုံးသတ်တွင်မူ ထိုရဲတင်းမှုများမှာ မည်သည့်နေရာသို့ ရောက်သွားသလဲဆိုသည်ကို မည်သူမျှ မသိနိုင်တော့ပေ။


ယန်ကျင့်ချင်း တစ်ဖက်လူကို စတွေ့စဉ် ဒဏ်ရာကို ဆေးထည့်ပေးခဲ့ချိန်က နာကျင်စေသော်လည်း ကျောက်ယန်မှာ တစ်ခါမျှ ငိုမပြခဲ့ပေ။


အဆုံးတွင် လူတိုင်းက သူ့ကို အမျိုးသားတစ်ဦးဟု ထင်မှတ်ခဲ့ကြသဖြင့် နာကျင်မှုကို ခံနိုင်ရည်ရှိခြင်းမှာလည်း သဘာဝကျလှသည်။ ထို့အပြင် သူ၏မျက်လုံးများမှာ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ရှိနေသဖြင့် ငိုကြွေးခြင်းက အခြေအနေကို ပို၍ဆိုးရွားစေမည်သာ ဖြစ်သည်။


သို့သော် ယခုမူ ကျောက်ယန်သည် နာကျင်မှုကြောင့် သူ၏မျက်ဝန်းများမှာ အနီရောင်ဖျော့ဖျော့ သန်းနေလေသည်။ သူသည် မျက်ရည်ကျလုမတတ် ဖြစ်နေသည်။ 


ယန်ကျင့်ချင်းက ထိုအကြောင်းကို မေးမြန်းသောအခါ ကျောက်ယန်က “နာကျင်လို့ မဟုတ်ပါဘူး၊ ကျွန်တော် အစ်ကို့ကို မြင်ချင်ရုံတင်ပါ...” ဟု ပြောလိုက်၏။


“ကျွန်တော့်ရဲ့ချစ်လှစွာသောကယ်တင်ရှင်က ဘယ်လိုပုံစံလဲဆိုတာ ကျွန်တော် မြင်ချင်တယ်”


သူတို့သည် မင်္ဂလာဦးညသို့ပင် ရောက်ရှိနေပြီဖြစ်သော်လည်း သူသည် ယန်ကျင့်ချင်း၏မျက်နှာကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ထိုခဏတွင် ကျောက်ယန် ရုတ်တရက် တွေးမိသည်မှာ... 


'အကယ်၍သာ သူ မျက်စိမကွယ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ' ဟူ၍ပင်။


-----