Chapter - 19
Viewers 66

 အခန်း - (၁၉)


ကျောက်ယန်၏မှတ်ဉာဏ်များမှာ အမြဲတမ်းလိုလို မတည်မငြိမ်ဖြစ်နေပြီး တစ်ခါတစ်ရံတွင် ရှင်းလင်းနေတတ်သော်လည်း တစ်ခါတစ်ရံတွင်မူ ဝေဝါးရှုပ်ထွေးနေတတ်သည်။


အခုတလောတွင်မူ သူသည် ကျယ်ပြောလှသောအိပ်မက်ဆိုးတစ်ခုထဲတွင် ပိတ်မိနေသကဲ့သို့ နေ့တိုင်း ခေါင်းကိုက်ဝေဒနာကို ခံစားနေရသည်။ 


ယန်ကျင့်ချင်းမှာလည်း သူ့ကို ဤကဲ့သို့ဖြစ်နေသည်ကို မမြင်ရက်သဖြင့် ထိုသို့ဖြစ်လာတိုင်း သူ့အနားမှာပင် အမြဲရှိနေပေးခဲ့သည်။


သို့သော် ထိုသို့သောအချိန်မျိုးတွင် သူတို့နှစ်ဦး အနီးကပ်ရှိနေကြရန်မှာ ရှောင်လွှဲ၍မရပေ။ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်မှာ လုံးဝမဖြစ်နိုင်သောအရာပင်။


ဝိညာဉ်ပွဲတော်ရောက်လာသောအခါ အချို့သောဒေသများတွင် အမွှေးတိုင်ထွန်းခြင်းနှင့် ဘိုးဘွားများကို ကန်တော့ခြင်းဓလေ့ကို လိုက်နာကြသည်။ ယန်ကျင့်ချင်းသည်လည်း သူ ပြင်ဆင်ထားသောငွေစက္ကူနှင့် ကန်တော့မည့်ပစ္စည်းများကို ယူဆောင်ကာ တောင်ပေါ်သို့ တက်လာခဲ့သည်။ သူ၏ဖခင်မှာ အရက်ကို အလွန်နှစ်သက်သူဖြစ်သည့်အပြင် အရက်နှင့်ပတ်သက်လာလျှင်လည်း အတုအပကို လုံးဝမသောက်ဘဲ အတော်လေး ဇီဇာကြောင်သူလည်း ဖြစ်သည်။


(T/N : ဒီငွေစက္ကူက သေသွားတဲ့လူတွေအတွက် မီးရှို့ပေးတဲ့စက္ကူပါရှင်)


မွန်းတည့်ချိန်က ယန်ကျင့်ချင်းသည် အရက်ဝယ်ရန် မြို့ထဲသို့ သွားခဲ့သည်။ မွန်းလွဲပိုင်းတွင်မူ သူနှင့် ကျောက်ယန်တို့ သင်္ချိုင်းသို့ ရောက်ရှိလာကြသည်။ 


သူ့ မွေးစားဖခင်၏အုတ်ဂူမှာ သားဖြစ်သူ၏အုတ်ဂူဘေးတွင်ပင် ရှိသော်လည်း ယန်ကျင့်ချင်းမှာ ထိုအဖိုးကြီး၏ဇနီးသည်ကို မည်သည့်နေရာတွင် မြှုပ်နှံထားခဲ့သနည်းဆိုသည်ကိုမူ မသိရှိချေ။ ထိုအကြောင်းကို မည်သူကမှလည်း မပြောခဲ့ကြသလို အတိတ်က ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်မှာလည်း အမည်မသိပင် ကျန်ရစ်နေခဲ့သည်။ နောက်ဆုံးတွင် ဤဂူနှစ်လုံးသာ ဤနေရာ၌ ရှိနေခဲ့သည်။


ကျောက်ယန်သည် ငွေစက္ကူအချို့ကို မီးရှို့ခဲ့သော်လည်း တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည်။


ယန်ကျင့်ချင်းသည် လွန်ခဲ့သောရက်အနည်းငယ်က အဖြစ်အပျက်များကို ပြောပြကာ အကြိမ်အနည်းငယ် ဦးချကန်တော့ပြီးနောက် ကျောက်ယန်ကိုခေါ်ဆောင်ကာ ပြန်ထွက်လာခဲ့သည်။ အရက်ပုလင်းကောင်းကိုမူ ထိုနေရာတွင်ပင် ထားရစ်ခဲ့၏။ မည်သူကမှလည်း ထိုအရက်ကို ခိုးသောက်ရဲလိမ့်မည်မဟုတ်ချေ။


သေလွန်သူများကို ကန်တော့ထားသောပစ္စည်းများဖြစ်ရာ... အကယ်၍ တစ်စုံတစ်ယောက်က မရိုမသေပြုရဲလျှင် ထိုသူ့ထံသို့ ဝဋ်လည်မှုမှာ အနှေးနှင့်အမြန် ရောက်လာပေလိမ့်မည်။


သူတို့၏အိုးထဲတွင်မူ ပူပူနွေးနွေးစားစရာဟူ၍ ဘာမှမရှိပေ။ ထို့ကြောင့် ယန်ကျင့်ချင်းလည်း ညစာအတွက် ဘာပြင်ဆင်ရမလဲဟု စဉ်းစားနေစဉ်မှာပင် ကျောက်ယန်က မနေ့က သူတို့တူးလာသောတောဟင်းသီးဟင်းရွက်များကို ညွှန်ပြကာ “ခေါက်ဆွဲဆိုရင် ရပါပြီ” ဟု ဆိုသည်။


တောဟင်းသီးဟင်းရွက်နှင့် ချက်ထားသော ခေါက်ဆွဲ... ကျောက်ယန်မှာလည်း အစားအသောက် အထွေအထူး ဂျေးများသူမဟုတ်ပေ။


ကျောက်ယန်အနေဖြင့် ခေါက်ဆွဲစားချင်သည်ဆိုသောကြောင့် ယန်ကျင့်ချင်းလည်း သူပြောသည့်အတိုင်းပင် ပြင်ဆင်ပေးလိုက်သည်။ 


အနည်းဆုံးအားဖြင့် ထိုညတွင် သူတို့နှစ်ဦးသား ပူပူနွေးနွေး စားခဲ့ကြရသည်။ ညဉ့်နက်လာချိန်၌ သူတို့နှစ်ဦးသား အိပ်ရာမဝင်ရသေးမီမှာပင် ယန်ကျင့်ချင်းသည် လေထုထဲတွင် အေးစိမ့်စိမ့် ခံစားချက်တစ်ခု တိုးဝင်လာနေသည်ကို ခံစားနေရသည်။


ဖြစ်နိုင်သည်မှာ သူ၏စိတ်ကူးယဉ်မှုသာ ဖြစ်ပေလိမ့်မည်။ ရိုးရာစကားများအရ ဇူလိုင်လ၏ ၁၅ ရက်မြောက်နေ့တွင် ဝိညာဉ်တံခါးကြီး ပွင့်တတ်သည်ဟု ဆိုကြသည်။ အောက်လောကတွင် ကျန်ရစ်နေသောဝိညာဉ်များသည် လူ့လောကသို့ ပြန်လာကာ သူတို့၏သားစဉ်မြေးဆက်များနှင့် ချစ်ခင်ရသူများကို နောက်ဆုံးအကြိမ် လာကြည့်တတ်ကြသည်။ သေချာပါသည်၊ မကောင်းသောအဖြစ်အပျက်များလည်း ရှိတတ်သည်။ 


ထို့ကြောင့်ပင် လူအများစုမှာ အပြင်သို့မထွက်ရန် ရွေးချယ်ကြခြင်းဖြစ်သည်။


ထိုအတွေးကြောင့်ပင် သူသည် ပြတင်းပေါက်များကို တင်းတင်းကြပ်ကြပ် ပိတ်လိုက်သည်။ သူကိုယ်တိုင်က မကြောက်သော်လည်း ကျောက်ယန်အတွက်မူ အနည်းငယ် စိုးရိမ်မိသည်။


သူ မျက်လုံးလေး မှိတ်ရုံရှိသေးစဉ်မှာပင် ရုတ်တရက် သူတို့၏ရှောင်းရှန်မှာ ပြင်းပြင်းထန်ထန် ဟောင်နေသဖြင့် သူ လန့်နိုးသွားရသည်။


ထိုအခြေအနေတွင် အိပ်ရန်မှာ မဖြစ်နိုင်တော့ပေ။ ယန်ကျင့်ချင်းသည် ဝတ်ရုံကို ကောက်စွပ်ကာ ထရပ်လိုက်ပြီး ကျောက်ယန်၏တံခါးကို သွားခေါက်လိုက်သည်။ မမျှော်လင့်ဘဲ အထဲမှ ဆူညံသံများစွာကို ကြားလိုက်ရသည်။ 


ကျောက်ယန်သည် အိပ်မက်ဆိုးတစ်ခု ထပ်မံမက်နေပုံရ၏။ သူ၏နာကျင်နေသောရေရွတ်သံများမှာ တိတ်ဆိတ်နေသောညဉ့်နက်ထဲသို့ ပျံ့လွင့်နေသည်။


ယန်ကျင့်ချင်းသည် တွန့်ဆုတ်မနေဘဲ တံခါးကို တွန်းဖွင့်လိုက်သည်။ သူ ပထမဆုံးမြင်လိုက်ရသည်မှာ ကျောက်ယန်သည် သူ၏ဝတ်ရုံဖြူကို အသည်းအသန် ဆုပ်ကိုင်ထားပြီး သူ၏လက်ချောင်းများမှာ ဇဝေဇဝါဖြင့် ဟာလာဟင်းလင်းဖြစ်နေသောလေထုကို လိုက်လံဆုပ်ကိုင်နေခြင်းပင်ဖြစ်သည်။ သူသည် လုံးဝနိုးလာပုံမရသေးပေ။ သူ၏နှုတ်ခမ်းများမှာ တုန်ရင်နေပြီး တိုးတိုးလေး ဆက်တိုက်ရေရွတ်နေသည်။ “ဘာလို့လဲ၊ ဘာလို့ သူတို့က ကျွန်တော့်အပေါ် ဒီလိုလုပ်ရတာလဲ”


“အားယန်၊ မကြောက်နဲ့၊ အားယန်... ထတော့!” ယန်ကျင့်ချင်းမှာ အနည်းငယ် ပျာယာခတ်သွားပြီး ကျောက်ယန်၏ခန္ဓာကိုယ်ကို အင်တိုက်အားတိုက် လှုပ်နှိုးလိုက်သည်။ 


ကျောက်ယန်၏ယမ်းခါနေသောလက်ကို သူ ဖမ်းဆုပ်မိလိုက်သည့်အခါမှသာ ကျောက်ယန်မှာ ငြိမ်ကျသွားတော့သည်။


ကျောက်ယန်မှာ အိပ်မက်ဆိုးမှ နိုးလာရန် အချိန်မည်မျှ ကြာသွားခဲ့သည်ကို မသိပေ။ သူ နိုးလာသည်နှင့် ပထမဆုံး လုပ်ဆောင်သည့်အရာမှာ လက်ကို ထပ်မံဆန့်ထုတ်ကာ တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ လေထုထဲတွင် စမ်းတဝါဝါ လုပ်နေခြင်းဖြစ်သည်။ သူ ရှာနေသည့်အရာကို မတွေ့သောအခါတွင်မူ အားနည်းသောအသံဖြင့် ရေရွတ်သည်။ “အစ်ကိုကျင့်ချင်း၊ ကျွန်တော် ကြောက်တယ်”


“ကျွန်တော် ဓားသိုင်းပညာတတ်ပေမဲ့ အိပ်မက်ထဲ ရောက်သွားတဲ့အချိန်မှာ ဘာမှ ခုခံနိုင်စွမ်း မရှိတော့ဘူး၊ အဲ့ဒီ မျက်နှာမရှိတဲ့အရိပ်တွေက ကျွန်တော့်ကို တိုက်ခိုက်နေတာကို ဘာမှမလုပ်နိုင်ဘဲ ကြည့်နေရရုံပဲ၊ သူတို့ကို ကျွန်တော် ဘယ်တော့မှ မတားဆီးနိုင်ဘူး” သူသည် တစ်ချိန်က အံ့သြဖွယ်ကောင်းလောက်အောင် အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း ထိုသေလုနီးပါးအတွေ့အကြုံမှာ သူ၏အကြီးမားဆုံးသောကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားကာ သူ့ကို အဆုံးမသတ်နိုင်သောသံသရာထဲတွင် ပိတ်မိနေစေခဲ့သည်။


ယခုအခါတွင် ကျောက်ယန်သည် အမြင်အာရုံကို ဆုံးရှုံးထားရသဖြင့် ပတ်ဝန်းကျင်ရှိ အမှောင်ထုထဲတွင် သူ ဆုပ်ကိုင်စရာ ဘာမှမရှိတော့ပေ။ သူသည် ကျယ်ပြောလှသောသမုဒ္ဒရာထဲတွင် နစ်မြုပ်နေပြီး သေလုမတတ် ရုန်းကန်နေရသော်လည်း မျှော်လင့်ချက်ရှာမတွေ့နိုင်သောလူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။


'ဒီလိုမျိုး ဆက်ဖြစ်နေလို့ မဖြစ်တော့ဘူး'


ခဏမျှ စဉ်းစားပြီးနောက် ယန်ကျင့်ချင်းက ရုတ်တရက် ပြောလိုက်သည်။ “ငါ မင်းနဲ့အတူ ရှိနေပေးမယ်၊ ငါ မင်းဘေးမှာ ရှိနေရင် မင်း အထီးကျန်တယ်လို့ ခံစားရတော့မှာ မဟုတ်ဘူး၊ ဒီနည်းနဲ့ဆိုရင်... မင်း အိပ်မက်ဆိုးတွေထဲကနေ လွတ်မြောက်နိုင်မှာပါ”


သန်းခေါင်ယံအချိန်တွင် အပြင်၌ မိုးစတင်ရွာသွန်းလာသဖြင့် လေထုမှာ ပို၍အေးစိမ့်လာခဲ့သည်။


ပုံမှန်အခြေအနေမျိုးတွင်မူ ကျောက်ယန်သည် ယဉ်ကျေးစွာ ငြင်းပယ်ပေလိမ့်မည်။ သို့သော် ယခုအခါတွင်မူ သူထံ၌ ထိုသို့လုပ်ရန် အင်အားမရှိတော့ချေ။ ထိုအစား သူက “အင်း” ဟု ခပ်တိုးတိုးသာ ပြန်လည်တုံ့ပြန်ခဲ့သည်။ 


ယန်ကျင့်ချင်းသည်လည်း အချိန်အတော်ကြာ တွန့်ဆုတ်နေပြီးမှ နောက်ဆုံးတွင် ကျောက်ယန်က တစ်စုံတစ်ယောက် ရှိနေသည်ကို ခံစားမိစေရန် ကုတင်အစွန်းတွင်မှီ၍ ထိုင်လိုက်သည်။


ဆီမီးအိမ်လေးမှာ မှိန်ပျပျ လင်းနေသည်။ ယန်ကျင့်ချင်းသည် ကုတင်ဘေးတွင် ထိုင်စောင့်ပြီး ကျောက်ယန် အိပ်ပျော်သွားမှသာ ကြမ်းပြင်ပေါ်တွင် ဖျာခင်းအိပ်ရန် ရည်ရွယ်ချက်ဖြင့် ဆီမီးကို မှုတ်ထုတ်လိုက်သည်။


သို့သော် ကျောက်ယန် ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးပြီးနောက် အိပ်ပျော်ရန်မှာ လွယ်ကူလိမ့်မည်မဟုတ်ကြောင်း ထင်ရှားလှသည်။ အချိန်အတော်ကြာသည်အထိ သူသည် နိုးနေခဲ့သည်။


ယန်ကျင့်ချင်းကလည်း ခဏခဏ မေးနေမိသည်။ “အိပ်ပျော်ပြီလား”


ကျောက်ယန် : “...အိပ်လို့မရသေးဘူး”


နောက်ထပ် နာရီဝက်ခန့် ကြာပြီးနောက် ကျောက်ယန်သည် တွန့်ဆုတ်နေပြီးမှ ရိုးရိုးသားသား ပြောလာသည်။ “ကျွန်တော့်ကို... ဖက်ထားပေးလို့ ရမလား၊ အကယ်၍ နွေးထွေးမှုကို ခံစားရရင် ကျွန်တော် အိပ်ပျော်သွားနိုင်လိမ့်မယ်ထင်တယ်”


ထိုစကားကြောင့် ယန်ကျင့်ချင်းမှာ ရုတ်တရက် ရယ်ချင်စိတ် ပေါက်လာရသည်။


တော်တော်လေး ပွင့်လင်းလှ၏။ အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်း မရှိချေ။ သို့သော် ကျောက်ယန်မှာ လူနာဖြစ်နေသည်ဖြစ်ရာ သူ့အတွက် အဆင်မပြေမှုအနည်းငယ်ကို သူ့အနေဖြင့် ခံနိုင်ရည်ရှိပါသည်။


ယန်ကျင့်ချင်းသည် မျက်လုံးကိုမှိတ်ကာ အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်ပြီးနောက် စောင်ကို အသာအယာ မလိုက်သည်။ သူသည် အပေါ်ဝတ်ရုံကိုချွတ်ကာ ကျောက်ယန်၏ဘေးတွင် လှဲလျောင်းလိုက်ပြီး သူ့ကို ဂရုတစိုက် ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ ထိုခံစားချက်မှာ လုံးဝကို ကွဲပြားခြားနားလှသည်။


သူ၏ရင်ခွင်ထဲမှ လူသားလေးမှာ အသက်ရှူနေသော၊ နွေးထွေးပြီး အစစ်အမှန်ဖြစ်သောလူသားတစ်ဦးပင် ဖြစ်သည်။ သူတို့မှာ အိမ်ထောင်မပြုရသေးသော်လည်း စည်းအချို့ကို ကျော်လွန်နေပြီဖြစ်ကြောင်း ယန်ကျင့်ချင်းအနေဖြင့် မတွေးဘဲ မနေနိုင်တော့ပေ။


အခန်းထဲတွင် တိတ်ဆိတ်မှုက စိုးမိုးသွားသည်။ သူ၏ရင်ခွင်ထဲမှ လူသားလေးမှာ အမှန်ပင် ငြိမ်ကျသွားခဲ့ပြီး သူ၏အသက်ရှူသံမှာလည်း တဖြည်းဖြည်း မှန်မှန်ကန်ကန်ဖြစ်လာကာ မည်သည့်ဒုက္ခလက္ခဏာမျှ မပြဘဲ အိပ်ပျော်သွားတော့သည်။ ယန်ကျင့်ချင်းမှာ ထိုအခြေအနေကို ထူးဆန်းသည်ဟု တွေးမိသော်လည်း တစ်ဖက်လူကို အနှောင့်အယှက်ဖြစ်မှာစိုး၍ ဘာမှမပြောခဲ့ပေ။


မကြာမီမှာပင် ကျောက်ယန်မှာ အမှန်တကယ်ပင် အိပ်မောကျသွားခဲ့သည်။


သို့သော် ယန်ကျင့်ချင်းမှာမူ သူ၏ခန္ဓာကိုယ်ထဲတွင် မရင်းနှီးသောအပူရှိန်တစ်ခု ပျံ့နှံ့လာသည်ကို ခံစားနေရသည်။ သို့သော် သူ လှုပ်ရှားလိုက်လျှင် ကျောက်ယန် နိုးသွားနိုင်သည်ဖြစ်ရာ သူ လုပ်နိုင်သည်မှာ မျက်လုံးကို ဖွင့်လျှက် သူတို့ပတ်ဝန်းကျင်ရှိ အမှောင်ထုကို ငေးကြည့်နေရုံသာ ရှိတော့သည်။


အပြင်ဘက်တွင်မူ ကြည့်စရာ သိပ်မရှိချေ။ 


ပြတင်းပေါက်မှတစ်ဆင့် လရောင်သဲ့သဲ့လေး ဝင်လာသဖြင့် အခန်းထဲရှိ အရာအချို့ကို မှိန်ပျပျ မြင်နေရသည်။ အိပ်ပျော်နေစဉ် ကျောက်ယန်၏ပါးလေးများမှာ အနည်းငယ် နီမြန်းနေသည်ကို ယန်ကျင့်ချင်း သတိပြုမိလိုက်သည်။ အကြောင်းရင်းမသိဘဲ သူ၏နှလုံးသားမှာ ဖော်ပြ၍မရသောစိတ်ခံစားချက်တစ်ခုဖြင့် လှိုင်းထသွားခဲ့ရတော့သည်။


သူသည် ထိုအတွေးကို လျင်မြန်စွာပင် ပြန်လည်နှိပ်ကွပ်လိုက်သည်။


နောက်ဆုံးတွင် ယန်ကျင့်ချင်း အိပ်ပျော်သွားချိန်၌ သန်းခေါင်ကျော်နေပြီဖြစ်သည်။


နောက်တစ်နေ့နံနက်တွင် သူသည် အနောက်ဆုံးမှ နိုးလာသူဖြစ်သည်။ သူ၏စိတ်မှာ ဝေဝါးနေဆဲဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်မှာမူ အံ့သြစရာကောင်းလောက်အောင် လန်းဆန်းမှုကို ခံစားနေရသည်။ သူ ထရပ်တော့မည့်ဆဲဆဲမှာပင် သူ့ဘေးမှ ကျောက်ယန်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး “အစ်ကိုကျင့်ချင်း... ကျေးဇူးတင်ပါတယ်၊ မနေ့ညက ကျွန်တော် အိပ်မက်ဆိုးတွေ တစ်ခုမှ မမက်ဘူး”


“အဲ့ဒါ ကောင်းတာပေါ့” ယန်ကျင့်ချင်းက နားထင်ကိုပွတ်ရင်း အိပ်ရာမှထကာ ပြန်ဖြေလိုက်သည်။


သို့သော်လည်း နောက်ထပ် ထွက်ပေါ်လာသော စကားလုံးများမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ပင်။ “ဒါပေမဲ့ ကျွန်တော် နောက်ထပ်ရက်အနည်းငယ်လောက် အစ်ကို့ကို ဒုက္ခပေးရဦးမယ်ထင်တယ်၊ အကယ်၍ အစ်ကိုနဲ့ အတူမရှိရင် ကျွန်တော် အိပ်မက်ဆိုးတွေ မက်နေဦးမှာပဲ”


“...” ယန်ကျင့်ချင်းမှာ တွန့်ဆုတ်သွားရသည်။

'ထားလိုက်ပါတော့'ဟူ၍ သူ တွေးလိုက်မိသည်။ ဤကဲ့သို့တောင်းဆိုလာသူမှာ ကျောက်ယန်သာဆိုလျှင်... လက်ခံနိုင်စရာရှိပုံရပါသည်။


သို့သော် နောက်ကျမှ သူ သတိပြုမိသည်မှာ...သူ ဘာဖြစ်လို့ ဒီလိုအတွေးမျိုး ဝင်နေရတာလဲ! 


ထိုမေးခွန်းအတွက် အဖြေမရှိပေ။


နောက်ထပ်ရက်အနည်းငယ်အတွင်း ယန်ကျင့်ချင်းသည် ငါးကန်ကို ပြင်ဆင်ခြင်း၊ ကြက်စာ၊ ငါးစာ ကျွေးခြင်းစသောအိမ်မှုကိစ္စများဖြင့် အလုပ်ရှုပ်နေခဲ့သည်။ သူသည် တောင်ပေါ်သို့ အကြိမ်အနည်းငယ်ပင် တက်ခဲ့ပြီး နှစ်ရက်အတွင်း တောယုန်သုံးကောင်နှင့် တောကြက်တစ်ကောင်ကို သယ်ဆောင်လာခဲ့သည်။


ဤသို့ဖြင့် ရက်အနည်းငယ်စာအတွက် စားနပ်ရိက္ခာများ စုဆောင်းမိသွားသလို သူတို့၏စုဆောင်းငွေမှာလည်း တဖြည်းဖြည်း တိုးပွားလာခဲ့သည်။


ညဉ့်နက်သောအချိန်တစ်ခုတွင်ဖြစ်သည်။ ယန်ကျင့်ချင်းသည် အပြင်၌ အချိန်အတော်ကြာ အလုပ်ရှုပ်နေခဲ့သဖြင့် နောက်ကျမှ ပြန်ရောက်လာသည်။ 


ကျောက်ယန်မှာမူ သူ့ကို စောင့်ရင်း ပင်ပန်းသွားသဖြင့် အိပ်ရာဝင်နှင့်ပြီ ဖြစ်သည်။ ယန်ကျင့်ချင်းသည် မူလက ကျောက်ယန်မှာ သူ မပါဘဲ အိပ်ပျော်နိုင်၊ မပျော်နိုင်ကို စမ်းသပ်ကြည့်လိုသော်လည်း ကျောက်ယန်၏မျက်နှာပေါ်ရှိ မအီမသာဖြစ်နေသောအမူအရာကိုမြင်လိုက်ရသောအခါ တစ်ခုခုမှားနေပြီမှန်း သူ သိလိုက်သည်။


ထို့ကြောင့် အမြန်ပင် ကိုယ်လက်သန့်စင်ပြီးနောက် စောင်ထဲသို့တိုးဝင်ကာ ကျောက်ယန်၏ကျောကို အသာအယာ ပုတ်ပေးလိုက်မိသည်။


မမြင်နိုင်သောအင်အားတစ်ခု၏ဆွဲဆောင်မှုကြောင့်ကဲ့သို့ပင် ကျောက်ယန်သည် သူ့အနားသို့ ချက်ချင်းတိုးကပ်လာကာ တင်းတင်းကြပ်ကြပ် ဖက်ထားလေတော့သည်။


အစပိုင်းတွင် ယန်ကျင့်ချင်းက သူသည် တဝက်တပျက် အိပ်မောကျနေဆဲဖြစ်သောကြောင့် မသိစိတ်ဖြင့် လုပ်ဆောင်နေခြင်းဟု ထင်မှတ်ကာ ဘာမှမတုံ့ပြန်ခဲ့ပေ။ သို့သော် ခဏအကြာတွင် ကျောက်ယန်က သူ၏ရင်ခွင်ထဲ၌ တိုးတိုးလေး ရေရွတ်လာသည်။


“အစ်ကိုကျင့်ချင်း... ကျွန်တော် အစ်ကိုမပါဘဲ မနေနိုင်တော့ဘူးထင်တယ်”


ယောင်ယမ်းပြောခြင်းလား! ယန်ကျင့်ချင်းက ချက်ချင်း ပြန်မဖြေခဲ့ပေ။


သူသည် ကျောက်ယန်၏ဖက်ထားမှုကို ဖြေလျှော့ရန် ကြိုးစားသော်လည်း ကျောက်ယန်က ပို၍တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။


“အစ်ကိုက ကျွန်တော့်အပေါ် အမြဲတမ်း အရမ်းကောင်းတယ်” ကျောက်ယန်က တိုးညှင်းစွာ ဆက်ပြောသည်။ “ကျွန်တော့်ရဲ့အိပ်မက်တွေထဲမှာ အားလုံးက ကျွန်တော့်ကို သေစေချင်ကြတာ၊ အဲ့ဒီနာကျင်မှုကို ကျွန်တော် နောက်ထပ်မမှတ်မိချင်တော့ဘူး၊ အဲ့ဒီအကြောင်းကို တွေးမိရုံနဲ့တင် အစ်ကို့ဘေးမှာ ထာဝရနေသွားချင်မိတယ်”


ကျောက်ယန်၏အသံမှာ တိုးညှင်းလှသော်လည်း သူ၏စကားလုံးများထဲတွင် ငြင်းပယ်၍မရသောတောင့်တမှု အငွေ့အသက်များ ပါဝင်နေသည်။


ယန်ကျင့်ချင်းသည် သူ၏အတိတ်တွင် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို အခုထိ မသိသေးသော်လည်း ပြန့်ကျဲနေသောမှတ်ဉာဏ်များအရ ကျောက်ယန်မှာ ညှဉ်းပန်းနှိပ်စက်မှုများကို ခံခဲ့ရကြောင်း သူ ပြောနိုင်သည်။ 


ကျောက်ယန်၏ခန္ဓာကိုယ်မှာ အမာရွတ်များဖြင့် ဖုံးလွှမ်းနေခဲ့သလို သူ၏မျက်စိများကိုပင် ရက်စက်စွာ ဖျက်ဆီးခြင်းခံခဲ့ရသည်။


သူသည် အငြိုးအတေးများစွာကို အလူးအလဲ သေချာပေါက် ခံစားခဲ့ရပေလိမ့်မည်။ ထို့ကြောင့်ပင် တစ်စုံတစ်ယောက်က သူ့အပေါ် ကြင်နာမှုပြလိုက်သည့်ခဏမှာပင် သူသည် ကျေးဇူးတင်ရုံသာမက တွယ်တာမှုခံစားချက်များအပြင် အချစ်ကို ခံစားလာရခြင်းပင် ဖြစ်နိုင်သည်။


ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် ယန်ကျင့်ချင်းသည် ကျောက်ယန်၏ရင်းနှီးမှုကို သူ မနှစ်မြို့ခြင်းမရှိကြောင်း သတိပြုမိလိုက်သည်။ ဖြစ်နိုင်သည်မှာ ကျောက်ယန်ကဲ့သို့ပင် သူ့တွင်လည်း ခံစားချက်များ ရှိနေခြင်း 

ဖြစ်ပေလိမ့်မည်။ သူသည် ကျောက်ယန်၏ကျောပြင်ကို အသာအယာ ပုတ်ပေးရင်း မေးလိုက်သည်။ “ဒါပေမဲ့ တကယ်လို့ တခြားတစ်ယောက်,ယောက်က အားယန်အပေါ် ကောင်းကောင်းဆက်ဆံပေးမယ်ဆိုရင်ကော...”


“ဟင့်အင်း၊ ကျွန်တော် အစ်ကို့ကိုပဲ သဘောကျတာ” ကျောက်ယန်သည် သူ၏မျက်လုံးများကို မှိတ်ထား၏။ အကယ်၍သာ မမှိတ်ထားခဲ့လျှင် သူ မျက်ရည်ကျနေလောက်ပြီဟု ခံစားနေရသည်။


ကောင်းပြီ၊ ယန်ကျင့်ချင်းလည်း ထိုရိုးသားလှသောစကားလုံးများကြောင့် စိတ်လှုပ်ရှားသွားရသည်ကို ဝန်ခံရပေမည်။ သို့သော် ခဏမျှ စဉ်းစားပြီးနောက် သူသည် အိပ်ရာမှ ထထိုင်လိုက်ပြီး ကျောက်ယန်ကို ဆွဲထူလိုက်သည်။ ထို့နောက် တစ်ဖက်လူကို အလေးအနက် ကြည့်ရင်း မေးလိုက်သည်။ “အဲ့ဒီတော့ မင်းက နောင်ကျရင် ငါနဲ့အတူ နေသွားဖို့ စီစဉ်ထားတာလား၊ ငါ့ကို လက်ထပ်မှာလား၊ ငါသွားတဲ့နေရာတိုင်းကို လိုက်မှာလား”


“အင်း...” ကျောက်ယန်က ခေါင်းငြိမ့်လိုက်သည်။ “ကျွန်တော့်ကို စောင့်နေမဲ့သူ မရှိပါဘူး၊ ကျွန်တော့်မှာ အိမ်လဲ ရှိလောက်တော့မှာမဟုတ်ဘူး၊ အဲ့ဒါကြောင့် အစ်ကို ကျွန်တော့်ကို ကယ်ခဲ့တဲ့အချိန်ကတည်းက ဒီနေရာကို ကျွန်တော့်ရဲ့အိမ်လို့ သတ်မှတ်ထားပြီးသားပါ”


သူသည် ယန်ကျင့်ချင်းအနားသို့ ပို၍ တိုးကပ်လာရာ သူ၏အနည်းငယ်ရှည်လျားသောဆံနွယ်များမှာ ယန်ကျင့်ချင်း၏ခန္ဓာကိုယ်ကို လာရောက်ထိတွေ့လာသည်။


ကျောက်ယန်မှာ တကယ်ပင် တွယ်တာတတ်လှသည်။ ယန်ကျင့်ချင်းသည် တစ်ဖက်လူ၏မျက်နှာကို ငေးကြည့်ရန် ခေါင်းငုံ့လိုက်ပြီး နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ငုံ့၍ သူ့ကို နမ်းလိုက်တော့သည်။ ထိုအနမ်းမှာ ရေပြင်ကို ပုစဉ်းရင်ကွဲလေး ဝဲပျံသကဲ့သို့ ခဏတာမျှ ထိတွေ့ရုံသာဖြစ်သည်။


သို့သော် သူ ပြန်မခွာနိုင်သေးမီမှာပင် ကျောက်ယန်က တိုးတိုးလေး အသံပြုကာ သူ၏နှုတ်ခမ်းများကို ထပ်မံရှာဖွေရင်း အမြန်ပင် တိုးကပ်လာခဲ့သည်။ သူတို့ ထိတွေ့လိုက်သည့်ခဏမှာပင် ကျောက်ယန်မှာ လောကြီးမှုများဖြင့် ပြည့်နှက်နေသည်။


မျက်စိမမြင်ရသော်လည်း ကျောက်ယန်မှာ စိတ်အားထက်သန်မှုသာမက လှုံ့ဆော်မှုပါ ရှိနေသည်။


သူသည် စိတ်မရှည်သောသတ္တဝါလေးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူ၏လက်များမှာလည်း ယန်ကျင့်ချင်းအပေါ်တွင် တွန့်ဆုတ်ခြင်းမရှိဘဲ လှုပ်ရှားနေသည်။


ယန်ကျင့်ချင်းမှာ မရယ်ဘဲ မနေနိုင်တော့ချေ။ သူသည် ထိုလှုပ်ရှားနေသောလက်ကလေးကို ဖမ်းဆုပ်လိုက်ပြီး “မင်းဆီမှာ ဒီလိုအခြမ်းမျိုး ရှိလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားဘူး၊ မင်းက တကယ်ပဲ... အဟမ်း၊ ငါ့ကို အံ့သြသွားစေတာပဲ”


ဖြစ်နိုင်သည်မှာ ပျောက်ဆုံးသွားသောမှတ်ဉာဏ်များနှင့်အတူ ရရှိလာသောသတ္တိကြောင့် ဖြစ်ပေလိမ့်မည်။ ကျောက်ယန်တွင် မျှော်လင့်မထားသောဘက်ခြမ်းများစွာ ရှိနေပြီး ထိုဘက်ခြမ်းများက ယန်ကျင့်ချင်းကို လုံးဝ အငိုက်မိစေခဲ့သည်။ သို့သော် တစ်နေရာအရောက်တွင် ကျောက်ယန်သည် သူ၏အပြုအမူများမှာ မြန်လွန်းနေကြောင်း သတိထားမိသွားပုံရသည်။ သူသည် ရုတ်တရက် ရပ်တန့်သွားပြီး ယန်ကျင့်ချင်း၏ ပုခုံးပေါ်သို့ မှီချလိုက်သည်။ “အစ်ကိုကျင့်ချင်း၊ ကျွန်တော် ပျော်တယ်... ဒါပေမဲ့ အစ်ကိုက တကယ်ပဲ ကြံ့ခိုင်တဲ့ကိုယ်လုံးကိုယ်ပေါက် ရှိတာပဲ၊ အဲ့ဒါက တကယ်ကောင်းတယ်”


သူသည် ကျေနပ်စွာ ပြုံးနေသော်လည်း ယန်ကျင့်ချင်းမှာမူ အခြေအနေများမှာ အနည်းငယ် ပေါ့ပျက်ပျက်ဖြစ်လာသည်ဟု ခံစားလိုက်ရသည်။ သူက အမြန်ပင် ပြောလိုက်သည်။ “ငါ သိပြီ၊ မင်းက မျက်စိမမြင်တာကို အခွင့်ကောင်းယူပြီး မင်းသဘောအတိုင်း လုပ်နေတာပဲ မဟုတ်လား၊ တော်ပြီ၊ တကယ်လို့ ငါတို့ တကယ်ပဲ အတူရှိကြမယ်ဆိုရင်... လုပ်ထုံးလုပ်နည်းအားလုံးကို အလေးထားရမယ်၊ တခြားသူတွေ အတင်းအဖျင်း ပြောတာကို အဖြစ်မခံနိုင်ဘူး”


ယန်ကျင့်ချင်းက အလေးအနက် ပြောနေသည်ကိုမြင်သောအခါ ကျောက်ယန်လည်း နောက်ပြောင်နေခြင်းကို ရပ်လိုက်ပြီး သူ၏မျက်လုံးပေါ်မှ အဝတ်ဖြူကို တိတ်ဆိတ်စွာ ပြန်လည်ပြင်ဆင်လိုက်သည်။ “အင်း၊ ဒါဆိုရင်... နောင်ကျရင်လဲ ကျွန်တော် အစ်ကို့ကို အစ်ကိုကျင့်ချင်းလို့ပဲ ခေါ်ရမလား”


“မင်းနှစ်သက်သလို ခေါ်နိုင်ပါတယ်၊ ဒါပေမဲ့ အခုတော့... အိပ်တော့၊ ထပ်ပြီး လှုပ်ရှားမနေနဲ့တော့” ယန်ကျင့်ချင်းသည် တစ်ညတည်းနှင့် ဘဝ၏အရေးကြီးသောဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သကဲ့သို့ ခံစားနေရသည်။ 


အချိန်တန်လျှင် သူ မည်သူ့ကို အသိပေးရမလဲဆိုသည်ကိုပင် သူ မသေချာတော့ပေ။


-----