Chapter - 14
Viewers 70


အခန်း - (၁၄)


ထိုနေ့မှစ၍ သူတို့နှစ်ဦးသည် အိမ်တွင် အေးချမ်းသောအချိန်ကာလတစ်ခုကို ကုန်လွန်

ခဲ့ကြသည်။


ကျောက်ယန်သည် သူ ဓားကိုင်နိုင်ကြောင်း မှတ်မိသွားသည့်အချိန်မှစ၍ လက်ထဲတွင် တစ်ခုခုကိုကိုင်ကာ အိမ်ရှေ့မြေကွက်လပ်ထဲ၌ လေ့ကျင့်လေ့ရှိပြီး သူ၏မှတ်ဉာဏ်များအပေါ် အခြေခံ၍ ကိုယ်ဟန်အနေအထားများကို ပြုပြင်ပြင်ဆင်နေပုံရသည်။ ကျောက်ယန်သည် မိမိကိုယ်မိမိ ကာကွယ်နိုင်စွမ်းရှိသူတစ်ဦးဖြစ်သည်ဟု ယန်ကျင့်ချင်းတစ်ယောက် စိတ်ထဲမှ တွေးလိုက်မိသည်။ နောင်တွင် သူသည် တောင်ဝှေးကို အမြဲအားကိုးနေရန် မလိုတော့ပေ။ မိမိကိုယ်မိမိ ခုခံကာကွယ်ရန်အတွက် သူ့အတွက် ဓားတစ်လက်ပြင်ဆင်ပေးခြင်းသည် သိပ်မဆိုးသောအကြံအစည်ပင် ဖြစ်သည်။


သို့သော် ဤခေတ်ကာလတွင် ဓားများအား အဆင့်မြင့်ကျွမ်းကျင်သောဓားဆရာကြီးများကသာ သွန်းလုပ်ကြသဖြင့် အလွန်ဈေးကြီးလှသည်။ 


ယန်ကျင့်ချင်းမှာမူ ထိုကဲ့သို့ကြီးကျယ်သော အလုပ်မျိုးကို မလုပ်ဆောင်နိုင်ပေ။ သို့သော် သံဓားတစ်လက်ကို မသွန်းလုပ်နိုင်သည့်တိုင် သစ်သားဓားတစ်လက်ပြုလုပ်ရန်မှာမူ သူ၏တတ်စွမ်းနိုင်မှုအတွင်း၌ ရှိသည်။


ဤအတွေးဖြင့်ပင် ယန်ကျင့်ချင်းသည် လွန်ခဲ့သောရက်အနည်းငယ်က အပြင်မထွက်ဖြစ်ဘဲ အိမ်တွင် သစ်သားဖြတ်တောက်ရင်း အချိန်ကုန်လွန်စေခဲ့သည်။ 


ကျောက်ယန်သည် ယန်ကျင့်ချင်း တစ်ခုခုလုပ်နေမှန်းသိပုံရသော်လည်း သူ ဘယ်တော့မှ မမေးမြန်းခဲ့ပေ။


သစ်သားဓားအပြီးသတ်သည့်နေ့တွင် ဝမ်ရှန့်သည် ချန်ထန်းကိုခေါ်ဆောင်ကာ တစ်ဖန် ရောက်ရှိလာပြန်သည်။ သူတို့က တောင်ပေါ်ရှိ သတ္တဝါများကို ဖမ်းဆီးရန် ပိုမိုကောင်းမွန်သောကိရိယာများကို ပြင်ဆင်ထားသည်ဟု ဆိုကြသည်။ 


ယန်ကျင့်ချင်းသည် ရက်အတော်ကြာ အပြင်မထွက်ခဲ့ရသည်က တစ်ကြောင်း၊ ကျေးဇူးတရားကို တုံ့ပြန်ရမည်ဟူသောအခြေခံသဘောတရားကြောင့်တစ်ကြောင်း ချန်ထန်း လိုက်လာမည့်ကိစ္စကို သူ တိုက်ရိုက်မငြင်းပယ်နိုင်ခဲ့ပေ။


သို့သော် ထိုအချိန်တွင် ကျောက်ယန်သည် ချန်ထန်းအပေါ် အဘယ်ကြောင့် မကျေမနပ်ဖြစ်နေရသနည်းဟု သူ စတင်တွေးတောမိသည်။ သူ၏နှလုံးသားထဲတွင် သံသယအရိပ်အယောင်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

သူတို့ ထွက်ခွာခါနီးတွင် ယန်ကျင့်ချင်းသည် ကျောက်ယန်အနီးသို့ တိုးကပ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ပြီးသွားပြီ၊ ဒီရက်ပိုင်း ငါ ဘာတွေ အလုပ်ရှုပ်နေလဲဆိုတာ ဒီညပြန်လာရင် မင်း သိရမှာပါ”


ကျောက်ယန်မှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ “ကျွန်တော့်အတွက်လား”


သူ၏မျက်နှာပေါ်တွင် အံ့သြမှုများ ဖြတ်ပြေးသွားသော်လည်း သူသည် သိသိသာသာပင် ဝမ်းသာနေပုံရသည်။ “အစ်ကိုကျင့်ချင်း... အစ်ကို ကျွန်တော့်အတွက်နဲ့ နောက်ထပ် အလုပ်ရှုပ်ပြန်ပြီ”


ယန်ကျင့်ချင်းကိုယ်တိုင်လည်း ဤအရာအပေါ် အဘယ်ကြောင့် ဤမျှ ရင်းနှီးမြှုပ်နှံနေရသလဲဆိုသည်ကို သေသေချာချာ မသိပေ။ ဖြစ်နိုင်သည်မှာ သူသည် တစ်ယောက်တည်း နေထိုင်လာခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် အခြားတစ်ဦးက သူ၏ဘဝထဲသို့ ရုတ်တရက် ရောက်ရှိလာသောအခါ ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် သူ့ကို ဂရုစိုက်ပေးချင်နေမိခြင်းဖြစ်ပေလိမ့်မည်။ မလွဲမသွေပင် သူသည် အရာရာတိုင်းတွင် ကျောက်ယန်အကြောင်းကို တွေးတောနေမိတော့သည်။


ကျောက်ယန်သည် မှတ်ဉာဏ်များလည်း မရှိ၊ ခိုနားရာလည်းမရှိဘဲ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူ၏တစ်ဦးတည်းသော ပြုစုစောင့်ရှောက်သူဖြစ်သောမွေးစားဖခင် ကွယ်လွန်သွားကတည်းက သူ့တွင် ရည်မှန်းချက်မရှိဘဲ လွင့်မျောနေခဲ့ရသည်။


ထို့ကြောင့်လည်း ရွာထဲမှ အဒေါ်ကြီးများက ယောက်ျားတစ်ယောက်သည် အိမ်ထောင်တစ်ခုထူထောင်လိုက်လျှင် သူ၏နှလုံးသားကို အခြေချရန် နေရာတစ်ခုရှာတွေ့လိမ့်မည်ဟု ယုံကြည်ကာ သူ၏အနာဂတ်အတွက် အမြဲစိုးရိမ်နေကြသည်။


သို့သော် ယန်ကျင့်ချင်းတွင်မူ ထိုသို့သော သတိရှိမှုမျိုး တစ်ခါမျှမရှိခဲ့ပေ။ မိသားစုမရှိသဖြင့် သူသည် အမြဲတမ်း မိမိနှစ်သက်သလိုသာ နေထိုင်ခဲ့သည်။ ယခုလည်း အလုပ်ရှုပ်နေသည့်တိုင် သူသည် ပျော်ရွှင်နေဆဲပင် ဖြစ်သည်။


တောင်ပေါ်သို့ ရောက်သောအခါ သူတို့သည် ပြီးခဲ့သည့်အခေါက်ကအတိုင်း အစီအစဉ်အတိုင်း လုပ်ဆောင်ကြသည်။ ဝမ်ရှန့်က ထောင်ချောက်များကို ဆင်သည်။ သို့သော် ဤတစ်ကြိမ်တွင် ယန်ကျင့်ချင်းသည် ထိုလုပ်ငန်းစဉ်ကို စောင့်ကြည့်ရမည်ဖြစ်သဖြင့် ကျောက်ယန်ကို အနောက်ဘက်တွင် ထိုင်ခိုင်းထားပြီး ချန်ထန်းကိုမူ ဆေးဘက်ဝင်အပင်များသွားရှာရန် ခိုင်းလိုက်သည်။


ထောင်ချောက်များကို မြက်ခင်းတောများကြားတွင် အများဆုံး ဆင်ထားလိုက်ကြသည်။ 


ကျောက်ယန်သည် မျက်စိမမြင်ရသဖြင့် ယန်ကျင့်ချင်းက သူ့ကို မြေကွက်လပ်တစ်ခုပေါ်တွင် ထိုင်ခိုင်းထားသည်။ သူတို့ကြားတွင် အကွာအဝေး အနည်းငယ်ရှိသော်လည်း ဘေးကင်းဆဲပင်။ အကယ်၍ တစ်ခုခုဖြစ်ပျက်ခဲ့လျှင် သူသည် ချက်ချင်းပင် အပြေးသွားနိုင်ပေသည်။


နာရီဝက်ခန့်ကြာပြီးနောက် လူတိုင်းမှာ မိမိတို့၏သတ်မှတ်ထားသောနေရာများသို့ ရောက်ရှိသွားကြသည်။ ယန်ကျင့်ချင်းသည် မိမိရှေ့ရှိ ထောင်ချောက်ကို စောင့်ကြည့်နေသော်လည်း သူ၏အကြည့်တို့သည် တစ်ခါတစ်ရံတွင် အဝေးသို့ လွင့်ပျံ့သွားတတ်ပြီး သူ၏စိတ်ကူးတို့သည် လက်တွေ့ဘဝနှင့် ဝေးကွာသောနယ်ပယ်တစ်ခုသို့ ရောက်ရှိသွားတတ်သည်။


ယခုအခါ မြက်ခင်းပြင်တစ်ခုလုံးသည် ဗလာဖြစ်နေပြီး ကျောက်ယန်တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။


သူသည် ဓားသိုင်းပညာများနှင့် မန္တန်များကို ဆင်ခြင်သုံးသပ်ရန် မျက်လုံးများကို မှိတ်လျှက် ကျောကိုဖြောင့်မတ်စွာ ထားကာ တင်ပျဉ်ခွေထိုင်နေခဲ့သည်။ သူ၏မှတ်ဉာဏ်များမှာ ဤအပိုင်းတွင် သိပ်မရှင်းလင်းသော်လည်း စိတ်ထဲတွင် ဖြည်းဖြည်းချင်း ပြန်လည်စုစည်းကြည့်မည်ဆိုပါက ထိုပညာရပ်များ၏အနှစ်သာရကို အနည်းငယ်မျှ ဆုပ်ကိုင်နိုင်ပေလိမ့်မည်။


စာပေသင်ကြားခြင်းကို တစ်ရက်မျှ မပျက်ကွက်သင့်သကဲ့သို့ ဓားသိုင်းပညာသည်လည်း ထိုနည်းတူပင်ဖြစ်သည်။


မိမိသည် မှတ်မိနေရမည်ဟု ကျောက်ယန်က မိမိကိုယ်မိမိ ပြောလိုက်သည်။


သူသည် ဤနေရာသို့ မည်သို့ရောက်ရှိလာသနည်း၊ သူ၏ဇာစ်မြစ်မှာ အဘယ်နည်း၊ သူသည် ဤကဲ့သို့ အမှောင်ထဲတွင် ဆက်လက် လျှောက်လှမ်းနေ၍မဖြစ်ပေ။


သို့သော် မကြာမီမှာပင် တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို သူ အာရုံရလိုက်သည်။

ဤနေရာတွင် အခြားသူမရှိပေ။ ယန်ကျင့်ချင်းသည် တောင်စောင်းပေါ်တွင် ဝမ်ရှန့်ကို ထောင်ချောက်ဆင်ရန် ကူညီနေဆဲဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ချန်ထန်းမှလွဲ၍ အခြားဖြစ်နိုင်ခြေမရှိပေ။ သူသည် တိုက်ရိုက်ပင် စကားပြောရန် ဆုံးဖြတ်လိုက်သည်။ “ချန်ထန်း၊ မင်း ဒီတစ်ခါကော ဘာအတွက် ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ”


“အထင်မလွဲပါနဲ့” ချန်ထန်းသည် သက်ပြင်းချလိုက်ပြီး ဗလာဖြစ်နေသောအကြည့်ဖြင့် ထိုင်ချလိုက်သည်။ “လက်ဖက်ရည်ဆိုင်က အဲ့ဒီနေ့ကတည်းက ကျွန်တော် ရက်တော်တော်ကြာအောင် ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ဘူး”


သူသည် ဖြည်းဖြည်းချင်း ဆက်ပြောလိုက်သည်။ “"ညတိုင်း ကျွန်တော့်စိတ်ထဲမှာ မင်းရဲ့မျက်နှာနဲ့ အဲ့ဒီအကာအကွယ်နောက်မှာ ဖုံးကွယ်ထားတဲ့မင်းရဲ့မျက်ဝန်းတွေကပဲ နေရာယူထားတယ်၊ ကျွန်တော့်... အဲ့ဒါကိုပဲ မတွေးဘဲ မနေနိုင်ဘူး၊ သိချင်စိတ်က ကျွန်တော့်ကို အလုံးစုံ ဖမ်းစားထားတယ်၊ ကျွန်တော့် ဘယ်လောက်ပဲ ကြိုးစားပါစေ မင်းရဲ့ရှိနေမှုကို ကျွန်တော့်စိတ်ထဲကနေ ထုတ်ပစ်လို့ မရဘူး၊ အဲ့ဒါကို ကျွန်တော့်ရင်ထဲမှာ ဆက်ပြီး အောင့်အည်းမထားနိုင်တော့လို့ မင်းကို အမှန်အတိုင်း ပြောပြဖို့ ဆုံးဖြတ်လိုက်တာပါ”


သူ၏စကားလုံးများမှာ နားထောင်ရန် မနှစ်မြို့ဖွယ်ကောင်းလှသည်။


ကျောက်ယန်၏မှတ်ဉာဏ်များထဲမှ တစ်ခုခုသည် နိုးကြားလာသကဲ့သို့ ခံစားလိုက်ရပြီး မြားပေါင်းများစွာက သူ၏နှလုံးသားကို ရုတ်တရက် ထိုးဖောက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူသည် သွားကို တင်းတင်းစေ့ထားပြီး အေးစက်စွာ ပြောလိုက်သည်။ “မင်း ဘာပြောချင်တာလဲ”


"ငါ သိပြီးသားပါ" ချန်ထန်းက အသေအချာပဲ ပြောလိုက်၏။ "မင်းက 'ရွှမ်းအာ'တစ်ယောက် မဟုတ်လား၊ ပြီးတော့ မင်းရဲ့အသက်အရွယ်ရွှမ်းအာတစ်ယောက်က အိမ်ထောင်ပြုသင့်နေပြီ၊ ကျွန်တော်ပြောချင်တာက... ကျွန်တော် မင်းကို တကယ်သဘောကျတယ်၊ မင်းသာ လိုလားမယ်ဆိုရင် ကျွန်တော် မင်းကို ကျွန်တော့်ဇနီးအဖြစ် အိမ်ကို ခေါ်သွားမယ်၊ ပြီးတော်... အစ်ကိုယန်နဲ့ ကျွန်တော်က သူငယ်ချင်းတွေပဲဟာ၊ ကျွန်တော်တို့ လက်ထပ်လိုက်ရင် ကျွန်တော်တို့က မိသားစု ဖြစ်သွားမှာဆိုတော့ အမြဲတမ်းတွေ့နေလို့ ရတာပဲလေ"


သူ့ ရှေ့က လူသည် စိတ်လှုပ်ရှားမှုများတရိပ်ရိပ်လျှက် ပြောနေသော်လည်း ကျောက်ယန်၏နှလုံးသားထဲတွင်မူ အေးစက်မှုကိုသာ ခံစားနေရပြီး ဒေါသများကလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်ပေါ်လာ၏။ "အဲ့ဒါကို မင်းကို ဘယ်သူပြောတာလဲ"


သူ၏အမှတ်သည် မှိန်ဖျော့လှ၏။ တစ်စုံတစ်ယောက်သည် သူ၏အပြင်ဝတ်ရုံကို ချွတ်ထားသည်ကို မြင်ဖူးခြင်းမရှိပါက မည်သူမျှ သိနိုင်မည်မဟုတ်ပေ။ ယခုအချိန်အထိ သူ့အား ဆေးကုသပေးခဲ့သောလီရွှမ်းလင်နှင့် ယန်ကျင့်ချင်းတို့သာလျှင် ထိုအကြောင်းကို သိရှိကြလေသည်။ 


အစ်ကိုကျင့်ချင်းသည်ကာ ချန်ထန်းနှင့် မကြာခဏ ထိတွေ့ဆက်ဆံမှုရှိခဲ့သော်လည်း ရိုးသားဖြောင့်မတ်သူတစ်ဦးဖြစ်၏။ သူသည် အတိတ်ကတည်းက ကျောက်ယန်၏ဆန္ဒကို လေးစားခဲ့သူဖြစ်ရာ မည်သူ့ကိုမျှ ပြောပြလိမ့်မည် မဟုတ်ပေ။


သို့ဆိုလျှင် ကျန်ရှိနေသူသည်ကား... လီရွှမ်လင်းသာ ရှိတော့သည်။


ဤကိစ္စကိုအလွယ်တကူ ရိပ်မိသွားသည်နှင့် ကျောက်ယန်သည် မိမိကိုယ်မိမိ တည်ငြိမ်အောင် အတင်းကြိုးစားလိုက်သည်။ “မင်း ငါ့ရဲ့အထောက်အထားကိုသိတော့ကော ဘာဖြစ်လဲ၊ လက်ရှိ ဧကရာဇ်တောင်မှ ‘ရွှမ်းအာ’အားလုံး အိမ်ထောင်ပြုရမယ်လို့ အမိန့်မထုတ်ထားဘူးလေ”


သူ၏တုံ့ပြန်မှုမှာ မည်မျှ အေးစက်နေကြောင်းကိုမြင်တွေ့ရပြီး သူ၏ခိုင်မာသောငြင်းပယ်မှုကို ခံစားလိုက်ရသောအခါ ချန်ထန်းတစ်ယောက် ပျာယာခတ်သွား၏။ “ကျွန်တော်... ကျွန်တော်က ကျွန်တော့်ရဲ့ဆန္ဒကို ဖော်ပြရုံသက်သက်ပါ၊ သေချာတာပေါ့၊ ဆုံးဖြတ်ချက်က မင်းအပေါ်မှာပဲ မူတည်ပါတယ်၊ ဒါပေမဲ့... မင်းမှာ နှစ်သက်တဲ့သူရှိလို့လား၊ မင်းက ရွှမ်းအာတစ်ယောက်လေ၊ နောက်ဆုံးကျရင် မင်း ဘာလုပ်နိုင်ဦးမှာလဲ”


သူ၏စကားလုံးများမှာ သွားလာလှုပ်ရှားရန် ခက်ခဲသလို ရွှမ်းအာတစ်ဦးလည်း ဖြစ်သည့်ကျောက်ယန်ကို အဆုံးတွင် မည်သူကမျှ အလိုရှိမည်မဟုတ်ဟူသောထင်ရှားသည့် အဓိပ္ပာယ်ကို ဆောင်နေသည်။


သို့သော် ထိုအချိန်တွင် ချန်ထန်းသည် ကျောက်ယန်၏အနောက်တွင် ရပ်တည်ပေးထားသောယန်ကျင့်ချင်းကို ရုတ်တရက် သတိရသွားသည်။ သို့သော်လည်း ယန်ကျင့်ချင်းက သူ့အတွက် ဤမျှအထိ လုပ်ဆောင်ပေးလိမ့်မည်ဟု သူ မယုံကြည်လိုပေ။ 


မျှော်လင့်ချက်အနည်းငယ်ကို ဆုပ်ကိုင်လျှက် သူက ဆက်၍မေးလိုက်သည်။ “ဒါပေမဲ့ မင်း အိမ်ထောင်မပြုဘူးဆိုရင် ယန်ကျင့်ချင်းကကော ဘယ်လိုလုပ်မလဲ၊ သူကကော အိမ်ထောင်မပြုဘဲ မင်းရဲ့ဘေးမှာ တစ်သက်လုံး နေသွားဖို့ စီစဉ်ထားလို့လား”


ချန်ထန်းသည် ပို၍ပို၍စိတ်လှုပ်ရှားလာသည်ကို ကျောက်ယန် မြင်တွေ့နေရသည်။ ထပ်မံ ငြင်းခုံနေခြင်းမှာ အပိုပင်ဖြစ်မည်ကို သိရှိသွားသဖြင့် သူသည် အမြန်ထရပ်ကာ တောင်ဝှေးကိုဆွဲယူပြီး ထွက်ခွာသွားခဲ့သည်။ သူ၏အလောတကြီးဖြစ်မှုတွင် ရှေ့ရှိ မြေပြင်ကိုပင် စမ်းသပ်ရန် သူ မေ့လျော့နေခဲ့သည်။ သူ၏အနောက်တွင် ချန်ထန်းသည် ကျောက်ယန် ထွက်သွားမည်ကို စိုးရိမ်သဖြင့် ရှေ့သို့ တစ်လှမ်းတိုးလိုက်သော်လည်း သူသည် တုံ့ဆိုင်းသွားကာ မိမိကိုယ်မိမိ တည်ငြိမ်အောင် ထိန်းချုပ်ပြီး ဆေးပင်များပြန်လည်စုဆောင်းရန် ပြန်သွားခဲ့သည်။


ကျောက်ယန်မှာ တုန်လှုပ်နေခဲ့သည်။ သူသည် သတိမထားမိဘဲ တော်တော်ဝေးဝေးအထိ လမ်းလျှောက်လာခဲ့သည်။


ခဏအကြာတွင် သူသည် ရုတ်တရက် လှမ်းခေါ်လိုက်သည်။ “အစ်ကိုကျင့်ချင်း...”

သူ စကားမဆုံးမီမှာပင် သူ၏ခြေထောက်က ဘာကို နင်းမိလိုက်မှန်း မသိသော်လည်း နောက်တစ်ခဏတွင် သူ၏ဟန်ချက်ပျက်သွားကာ လဲကျသွားတော့သည်။ 


ရှေ့ဘက်တွင်မူ ယန်ကျင့်ချင်းသည် အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။


“အားယန်” ဟူသောခေါ်သံနှင့်အတူ ယန်ကျင့်ချင်းတစ်ယောက် အပြေးအလွှား ရောက်လာပြီး သူ့ကို ထူပေးလိုက်သည်။ ကျောက်ယန်၏ ဖြူစင်သောမျက်နှာပေါ်တွင် ဖုန်မှုန့်များ ပေကျံနေသည့်အပြင် ကျောက်ခဲကိုနင်းမိသောကြောင့် သူ၏ခြေကျင်းဝတ်မှာ လည်သွားခဲ့သည်။ သူ၏အဝတ်အစားများတွင် မြက်စအချို့ ပေကျံနေသဖြင့် သူ၏ပုံစံမှာ အတော်ပင် ဖရိုဖရဲဖြစ်နေသည်။


တစ်ခုခုမမှန်ကန်ကြောင်း အာရုံရလိုက်သဖြင့် ယန်ကျင့်ချင်းသည် သူ၏အကြည့်ကို မြှင့်လိုက်ရာ ဘာမှ သတိမထားမိသလို ဟန်ဆောင်နေသောချန်ထန်းကို အနီးအနားတွင် တွေ့လိုက်ရသည်။ သူ၏သံသယများမှာ ပိုမိုနက်ရှိုင်းလာသည်။ 


ဝမ်ရှန့်မှာမူ သူ့ကို ကူညီရန် အလောတကြီး ပြေးလာစဉ် သူ၏ခြင်းတောင်းများကိုပင် ပစ်ထားခဲ့ပြီး အံ့သြသွားသည်။ “ဘာဖြစ်တာလဲ၊ သူ ဘယ်လိုလုပ် လဲသွားတာလဲ”


“တောင်းပန်ပါတယ်၊ ကျွန်တော် သေသေချာချာ မကြည့်မိလိုက်လို့ပါ” ဟု ချန်ထန်းက နောင်တရနေသောမျက်နှာဖြင့် ချက်ချင်း ရှေ့သို့ တိုးလာသည်။


ကျောက်ယန်သည် သူ၏လက်ကို ယန်ကျင့်ချင်း၏လက်ဖဝါးထဲသို့ ထည့်လိုက်ပြီး နာကျင်မှုကို အောင့်အည်းလျှက် ပြောလိုက်သည်။ “ရပါတယ်၊ ပြန်ကြစို့”


“ကောင်းပြီလေ” ယန်ကျင့်ချင်းသည် ခေါင်းငုံ့ကာ ကျောက်ယန်၏နဖူးပေါ်သို့ သူ၏လက်ဖဝါးကို အသာအယာ တင်လိုက်ပြီး တစ်ဖက်လူ၏ကိုယ်အပူချိန်ကို စစ်ဆေးလိုက်သည်။ 


အရာအားလုံးမှာ ပုံမှန်ဖြစ်ပုံရ၏။ ဖျားနာခြင်းကြောင့် ဖြစ်ပုံမရပေ။ 


သူသည် တုံ့ဆိုင်းမနေဘဲ ကျောက်ယန်ကို သူ၏ကျောပေါ်သို့ ပိုးလိုက်ပြီး ချက်ချင်း ထွက်ခွာရန် ပြင်ဆင်တော့သည်။


သူတို့၏အနောက်တွင် ကျန်နှစ်ယောက်မှာလည်း သူတို့၏ပစ္စည်းများကို အလိုအလျောက် စတင်သိမ်းဆည်းကြတော့သည်။ သူတို့ လမ်းလျှောက်နေစဉ်အတွင်း ယန်ကျင့်ချင်းက အသံတိုးတိုးဖြင့် မေးလိုက်သည်။ “နာနေလား”


သူ၏အသံမှာ ကျောက်ယန်၏ဒဏ်ရာအတွက် အမှန်တကယ် စိတ်မကောင်းဖြစ်နေသကဲ့သို့ အနည်းငယ် အက်ကွဲနေသည်။


အဘယ်ကြောင့်မှန်းမသိသော်လည်း ကျောက်ယန်သည် ထိုစကားများကိုကြားရသောအခါ သူသည် လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် “အင်း” ဟု ခပ်တိုးတိုးလေး ပြန်ဖြေလိုက်သည်။ 


ယန်ကျင့်ချင်းသည် သန်မာလှသလို သူ၏ကျောပြင်မှာလည်း ကျယ်ပြန့်ကာ တည်ငြိမ်လှသဖြင့် တစ်ဖက်လူကို အလွယ်တကူပင် ကျောပိုး၍ ခေါ်ဆောင်သွားနိုင်ခဲ့သည်။


သူ့အနောက်ဖက်တွင် ကျောက်ယန်က ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့လိုက်ရာ သူ၏ဆံပင်စများမှာ ယန်ကျင့်ချင်း၏ပခုံးပေါ်သို့ ဝဲကျလာသည်။ ဤအတိုင်း အိပ်ပျော်သွားမည်ကို စိုးရိမ်သဖြင့် ယန်ကျင့်ချင်းက သူ့ကို အသိဝင်နေစေရန် စကားစလိုက်သည်။ “ခဏနေရင် ရောက်တော့မှာပါ၊ အနာပတ်တီး စည်းပေးဖို့ တစ်ယောက်,ယောက်ကို အကူအညီတောင်းပေးမယ်”


သို့သော် တစ်စုံတစ်ယောက်ကို အကူအညီတောင်းမည့်အကြောင်း ကြားလိုက်ရသည့် ခဏမှာပင် ကျောက်ယန်သည် ထိုအမျိုးသမီးငယ်နှင့် ဇွတ်အတင်းလုပ်တတ်သောအောင်သွယ်ကြီးကို သတိရသွားကာ သူ၏မျက်နှာမှာ မသက်မသာ ဖြစ်သွားရသည်။ “ကျွန်တော် မလိုချင်ဘူး”


မိမိကိုယ်မိမိ အကျိုးကြောင်းဆီလျော်မှုမဪှိဟု ခံစားလိုက်ရသဖြင့် သူသည် စကားလုံးကို အမြန်ပင် ပြောင်းလဲလိုက်သည်။ “အစ်ကိုကျင့်ချင်း၊ အစ်ကိုပဲ လုပ်ပေးလို့မရဘူးလား၊ သူများတွေကို ဒုက္ခပေးနေဖို့ မလိုပါဘူး”


ယန်ကျင့်ချင်းမှာလည်း သဘောတူရုံမှတစ်ပါး အခြားမရှိတော့ပေ။ သူက သက်ပြင်းချကာ “ဒါဆိုရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ” ဟု မေးလိုက်သည်။


ကျောက်ယန်က သူ၏ကျောပေါ်တွင် မှီလျှက် ရုတ်တရက် ရယ်မောလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ “အခုလို အစ်ကို့ကျောပေါ်မှာ အပိုးခံထားရတာက တော်တော်လေး ရင်းနှီးနေသလိုပဲ၊ အရင်ကလဲ ဒီလိုမျိုး အပိုးခံခဲ့ဖူးတယ်လို့ ခံစားနေရတယ်”


“အာ... ဟုတ်လား” ယန်ကျင့်ချင်းက စကားကို ထိန်းပြောလိုက်သည်။ “ဒါပေမဲ့ အဲ့ဒါ ငါတော့ မဖြစ်နိုင်ဘူး၊ မင်းကို အခုလိုကျောပိုးတာက ဒါ ပထမဆုံးအကြိမ်ပဲလေ”


နေဦး... မဟုတ်သေးပါဘူး၊ သူ မေ့သွား၏။ ကျောက်ယန်ကို ပထမဆုံး ကယ်တင်ခဲ့စဉ်က သူ ကျောက်ယန်ကို အကြာကြီး ပိုးခဲ့ရဖူးသည်။ သို့သော် ထိုစဉ်က ကျောက်ယန်မှာ သတိလစ်နေခဲ့သည်မဟုတ်ပါလား။ 


သူ ဘယ်လိုလုပ်ပြီး မှတ်မိနေနိုင်မှာလဲ။


ယန်ကျင့်ချင်းလည်း စတင်၍ ဇဝေဇဝါဖြစ်လာရသည်။ “တကယ်ပဲ ငါများ ဖြစ်နေခဲ့မလား...”


“ဖြစ်ရင်လဲ ဖြစ်မှာပေါ့၊ မဖြစ်ရင်လဲ မဖြစ်ဘူးပေါ့” သို့မဟုတ် ထိုမှတ်ဉာဏ်မှာ ကလေးဘဝက မှတ်ဉာဏ်တစ်ခုလည်း ဖြစ်နေနိုင်ပေသည်။

သူတို့နှစ်ဦးသား တိုးတိုး,တိုးတိုးစကားပြောရင်းနှင့်ပင် နောက်ဆုံးတွင် အိမ်သို့ ရောက်ရှိလာခဲ့ကြသည်။ 


ချန်ထန်းက တစ်ခုခုပြောချင်ပုံရသော်လည်း ယန်ကျင့်ချင်းမှာမူ ယဉ်ယဉ်ကျေးကျေးပင် ပြုမူကာ ဝမ်ရှန့်အား သူ့ကို ခေါ်သွားခိုင်းလိုက်သည်။ အိမ်ရှိ ခွေးပေါက်လေးမှာ သခင်များ ပြန်လာသည့်အသံကိုကြားသဖြင့် ဝမ်းသာအားရဟောင်နေသော်လည်း ယန်ကျင့်ချင်းမှာမူ ထိုကောင်လေးကို ဂရုစိုက်ရန် အချိန်မရှိပေ။ သူသည် ကျောက်ယန်ကို ကုတင်ပေါ်သို့ ဂရုတစိုက် ချပေးလိုက်သည်။


ဆေးယူလာပြီးနောက် ယန်ကျင့်ချင်းသည် ထိုင်ခုံတစ်ခုကိုဆွဲကာ ထိုင်လိုက်ပြီး ကျောက်ယန်၏ဖိနပ်ကို စတင်ချွတ်ပေးတော့သည်။ အခြားသူများ ထွက်သွားပြီဖြစ်ရာ သူသည် စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။ “ကဲ... အခု ငါ့ကို ပြောလို့ရပြီ၊ မင်းနဲ့ ချန်ထန်းကြားမှာ ဘာတွေ ဖြစ်ခဲ့တာလဲ၊ ခုနက သူ့ကြည့်ရတာ တစ်ခုခုကို ကြောက်နေသလိုပဲ”


ဆက်ပြီး ဖုံးကွယ်ထား၍မရတော့မှန်း သိလိုက်သဖြင့် ကျောက်ယန်သည် အတော်ကြာ တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် ဖွင့်ပြောလိုက်သည်။ “ချန်ထန်းကလေ... ကျွန်တော် ရွှမ်းအာတစ်ယောက်ဆိုတာကို သိသွားတယ်၊ သူက...”


ဤဖွင့်ဟချက်မှာ မိုးကြိုးပစ်လိုက်သကဲ့သို့ပင် ယန်ကျင့်ချင်း၏လှုပ်ရှားမှုများကို ရပ်တန့်သွားစေသည်။ ကျောက်ယန် အနှောင့်အယှက်ခံခဲ့ရမည်ကိုစိုးရိမ်သဖြင့် သူ၏မျက်နှာမှာ ဒေါသကြောင့် မှောင်ကျသွားကာ ချက်ချင်းပင် ပြောလိုက်သည်။ “သူ မင်းကို တစ်ခုခု လုပ်လိုက်သေးလား၊ ငါ အခုချက်ချင်း သူ့ကို သွားရှင်းလိုက်မယ်”


“မဟုတ်ဘူး” ကျောက်ယန်က ခေါင်းခါပြလိုက်သည်။ “သူက ကျွန်တော့်ရဲ့အထောက်အထားကို သိတယ်ဆိုတာနဲ့ အဲ့ဒီကိစ္စတွေကိုပဲ လာပြီး တောင်းဆိုနေတာ၊ ဒါပေမဲ့ ကျွန်တော်က မလိုချင်ဘူး၊ သူ့ကိုလဲ ထပ်ပြီး မတွေ့ချင်တော့ဘူး”


“တော်ပြီ၊ သူက ကိုယ့်နေရာကိုယ် မသိတဲ့လူဆိုတော့ ငါလဲ သူ့အပေါ် ယဉ်ကျေးနေဖို့ မလိုတော့ဘူး၊ ပထမတစ်ကြိမ် ရှိလာရင် ဒုတိယတစ်ကြိမ်ဆိုတာလဲ ရှိလာမှာပဲ” ယန်ကျင့်ချင်း၏အသံမှာ ရှားရှားပါးပါး အေးစက်နေ၏။ သူ၏ရင်ထဲတွင်လည်း ရှင်းပြ၍မရသောမွန်းကျပ်မှုများဖြင့် လောင်မြိုက်နေသည်။ “မစိုးရိမ်နဲ့၊ အဲ့ဒီကိစ္စကို ငါ ကိုယ်တိုင် ဖြေရှင်းလိုက်မယ်”


-----