Chapter - 6
Viewers 60

အခန်း - (၆)


နောက်တစ်နေ့သည်လည်း အေးအေးဆေးဆေးပင် ကုန်လွန်သွားခဲ့ရာ ယခုအခါ ကျောက်ယန်မှာ လုံးဝပြန်လည်ကျန်းမာလာပြီဖြစ်ရာ သာမန်လူတစ်ယောက်နှင့် မခြားတော့ပေ။


ယန်ကျင့်ချင်းသည် ကျောက်ယန်ကို သူ့နောက်သို့ နေရာအနှံ့ လိုက်မလာစေလိုသဖြင့် အိမ်တွင်သာ နေရန် မှာကြားထားခဲ့သည်။ 


နံနက်ခင်းနေပူစာလှုံခြင်းနှင့် ညနေခင်း လမ်းလျှောက်ခြင်းလောက်ဆိုလျှင် လုံလောက်ပြီဟု သူ တွေးမိသည်။ အိမ်ရှိ ရေကန်မှာလည်း မပြီးပြတ်သေးသည့်အပြင် အချိန်ကြာလာသည်နှင့်အမျှ လုပ်စရာအလုပ်များကလည်း ပို၍သာ များပြားလာပုံရသည်။


သို့သော် ရက်အနည်းငယ်မျှ အနားယူပြီးနောက်တွင် ကျောက်ယန်သည် အိမ်တွင် တစ်ယောက်တည်းနေရသည်မှာ အလွန်ပင် ပျင်းရိဖွယ်ကောင်းလှသည်ဟု ခံစားလာရသည်။ နောက်ဆုံးတွင် သူသည် ယန်ကျင့်ချင်းနှင့်အတူ အမဲလိုက်ရာ၌ လိုက်ပါရန် အကြံပြုခဲ့သည်။ 


ခေတ္တမျှ စဉ်းစားပြီးနောက် ယန်ကျင့်ချင်းကလည်း မငြင်းပယ်တော့ဘဲ ဤသို့သာပြောလိုက်၏။ "မင်း အရမ်းကြီး လျှောက်မသွားဘူးဆိုရင်တော့ ရပါတယ်၊ တစ်နေရာမှာ ငြိမ်ငြိမ်လေး ထိုင်နေရုံပါပဲ၊ အဲ့ဒါက မင်းရဲ့ပတ်ဝန်းကျင်ကို အာရုံခံနိုင်ဖို့လဲ အထောက်အကူ ဖြစ်စေလိမ့်မယ်"


ကျောက်ယန်ကို ခေါ်သွားခြင်းက အကျိုးကျေးဇူးများစွာ ရှိ၏။ သူသည် လမ်းခရီးအကွာအဝေးကို ပိုမို လျှောက်လှမ်းနိုင်လာမည်ဖြစ်သလို သူ၏ထက်မြက်သောအကြားအာရုံကိုအသုံးပြု၍ ပတ်ဝန်းကျင်မှ အသံများကိုလည်း သိရှိနိုင်မည်။ 


ဤသဘောတူညီချက်ဖြင့်ပင် ထိုနေ့ညနေခင်းတွင် ယန်ကျင့်ချင်းသည် အမဲလိုက်ရာတွင် လိုအပ်သောပစ္စည်းကိရိယာများကိုပြင်ဆင်ကာ ထွက်ခွာခဲ့ကြသည်။


ကျောက်ယန်၏မျက်လုံးများကိုမူ အဖြူရောင် ပိုးစဖြင့် စည်းထားပြီး မနေ့က ဝယ်ယူထားသောအဝတ်အစားသစ်ကို ဝတ်ဆင်ထားသည်။ ထူးခြားချက်မှာ သူ၏ဆံပင်များဖြစ်၏။ သူသည် ဆံပင်များကို သေသေသပ်သပ် စည်းနှောင်ထားခြင်းမရှိဘဲ သူ့ဘာသာ ခပ်လျော့လျော့သာ စုစည်းထားလေသည်။ သို့သော် ထိုပုံစံကပင် သူ့ကို လွတ်လပ်ပေါ့ပါးပြီး အရိပ်အယောင်မပြဘဲ လာချင်တိုင်းလာ၊ သွားချင်တိုင်းသွားတတ်သည့်လူငယ်သူရဲကောင်းတစ်ဦး၏အသွင်ကို ဖော်ဆောင်ပေးနေသည်။


သူ၏ပုံစံမှာ အနည်းငယ် စည်းမဲ့ကမ်းမဲ့ဖြစ်နေသော်လည်း ကျောက်ယန်၏အမူအရာမှာမူ အလွန်ပင် လိမ္မာယဉ်ကျေးလှသည်။ ယန်ကျင့်ချင်းက အိမ်တံခါးကို ပိတ်လိုက်ချိန်တွင် ကျောက်ယန်မှာ သူ၏ဘေးတွင် မတ်မတ်ရပ်လျှက် အရိပ်တစ်ခုကဲ့သို့ လိုက်ပါရန် အသင့်ရှိနေသည်။ 


ယန်ကျင့်ချင်းသည် ပစ္စည်းကိရိယာအများအပြားကို သယ်ဆောင်ထားရသဖြင့် ကျောက်ယန်ကို မကူညီနိုင်သော်လည်း ကျောက်ယန်က သူ၏လက်ကိုင်တုတ်ကို ခိုင်မြဲစွာ ကိုင်လျှက် မိမိဘာသာ တည်ငြိမ်စွာ လျှောက်လှမ်းနိုင်ခဲ့သည်။


ယခုအချိန်သည် နွေရာသီအစောပိုင်းဖြစ်သဖြင့် ထူထပ်သောတောအုပ်ကြီးမှာ နေရောင်ခြည်ကို လုံးဝကာကွယ်ထားပြီး အရိပ်ကောင်းလှသည်။ တောအုပ်အတွင်း၌ လေအေးလေးများ တိုက်ခတ်နေပြီး သူတို့နှစ်ဦးမှာ တောင်၏အတွင်းပိုင်းထဲသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ကြသည်။ 


ကျောက်ယန်မှာ လေတိုးသံသဲ့သဲ့နှင့် တောင်ပေါ်ငှက်ကလေးများ၏ကျီကျီကျာကျာ အော်မြည်သံများကို ကြားနေရသည်။

သူသည် ထိုထူးခြားသောအသံများကို တိတ်ဆိတ်စွာ ခံစားနေစဉ် ယန်ကျင့်ချင်းက သတိပေးလိုက်၏။ "နေ့ဘက်ဆိုပေမဲ့ မြက်တောထဲက မြွေတွေကို သတိထားရမယ်၊ အဲ့ဒီသတ္တဝါတွေက အကျိုးအကြောင်း နားလည်တာမဟုတ်ဘူး၊ အကိုက်ခံရရင် အန္တရာယ်မသေးဘူး"


"မြွေ..." ကျောက်ယန်မှာ ထိုအတွေးကြောင့် တုန်လှုပ်သွားရပြီး ယန်ကျင့်ချင်းအနားသို့ မသိမသာ ပို၍ကပ်သွားမိသည်။

သူ၏အမူအရာမှာ ခင်မင်ရင်းနှီးမှု အငွေ့အသက်ပါဝင်နေသဖြင့် ယန်ကျင့်ချင်းကို ပြုံးမိစေသည်။ ယန်ကျင့်ချင်းက အိတ်ကပ်ထဲမှ ဆေးမှုန့်ထုပ်လေးတစ်ထုပ်ကို ထုတ်ပေးရင်း မှာကြားလိုက်၏။ "ဒါလေးကို ကိုင်ထား၊ ငါတို့ အနားယူမဲ့နေရာရောက်မှ မင်းပတ်ပတ်လည်မှာ ဝိုင်းပြီးဖြူးထားလိုက်၊ မြွေတွေက ဒီဆေးနံ့ကို အရမ်းမုန်းတာဆိုတော့ မင်းနားကို ကပ်ရဲကြမှာမဟုတ်တော့ဘူး"


"ကောင်းပါပြီ" မိမိ၏အမူအရာမှာ အနည်းငယ် ပွင့်လင်းလွန်းသွားသည်ကို သတိပြုမိသွားသဖြင့် ကျောက်ယန်မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ သူသည် မိမိကိုယ်ကို ထိန်းသိမ်းမှုမရှိသလို ဖြစ်သွားမည်ကို စိုးရိမ်သလို အစ်ကိုကျင့်ချင်းအား စိတ်အနှောင့်အယှက် ဖြစ်စေမိမည်ကိုလည်း ပူပန်မိသည်။ လမ်းခရီးတစ်လျှောက်တွင် ကျောက်ယန်မှာ စကားပင် မပြောရဲတော့ပေ။ သူတို့ သွားမည့်နေရာသို့ ရောက်ရှိပြီး ယန်ကျင့်ချင်းက ထောင်ချောက်များကို စတင်ပြင်ဆင်သည့်အချိန်ကျမှသာ စိတ်ကို လျှော့ချပြီး ထိုင်နေနိုင်တော့သည်။


တောင်နက်ထဲတွင် နေ့ဘက်၌သာ ရလေ့ရှိသောသားကောင်မှာ တောကြက်များဖြစ်သော်လည်း ကံကောင်းပါက ထူးထူးခြားခြား တစ်ခုခုနှင့်လည်း ကြုံတွေ့ရတတ်သည်။


စောင့်ဆိုင်းနေစဉ်အတွင်း သူတို့နှစ်ဦးသား တိတ်ဆိတ်နေကြရသည်။ ယန်ကျင့်ချင်းက ထောင်ချောက်ကြိုးများကို အဝေးအထိ သွယ်တန်းပြီး အရာအားလုံးကို စနစ်တကျ ပြင်ဆင်လိုက်၏။ အကုန်လုံးပြီးစီးသွားသောအခါ သူသည် ကျောက်ယန်၏ဘေးတွင် ပြန်လည်ထိုင်လိုက်သည်။ သူက တိုးညှင်းသောအသံဖြင့် ကျောက်ယန်ကို အကြောင်းအရာတစ်ခုအား ပြောပြနေခဲ့သည်။ "ငါ ဒဏ်ရာတွေ ပျောက်ကင်းသွားတဲ့နှစ်မှာ ငါ့မွေးစားအဖေက ငါ့ကို အခုလိုပဲ တောင်ပေါ်မှာ အမဲလိုက်ဖို့ ခေါ်သွားဖူးတယ်၊ ဒါပေမဲ့ အဲ့ဒီတုန်းက ငါက အခုလိုကံမကောင်းခဲ့ဘူး၊ မြွေတစ်ကောင်ကို နင်းမိခဲ့တာကွ၊ တစ်ကိုယ်လုံး အမည်းရောင်ဖြစ်ပြီးတော့ သူက ခေါင်းထောင်ပြီး ငါ့ကို သတိပေးနေတာ၊ ကံကောင်းလို့ ငါ့အဖေက မြန်မြန်ဆန်ဆန်ပဲ အဲ့ဒီမြွေကို သတ်လိုက်နိုင်လို့ပေါ့၊


အဲ့ဒီမြွေရဲ့အဆိပ်က အပြင်းဆုံးတွေထဲက တစ်ခုလို့ ငါ ကြားဖူးတယ်၊ တကယ်လို့သာ အကိုက်ခံရရင် မလွယ်ဘူး၊ အဲ့ဒီနောက်ပိုင်းကစပြီး ငါတို့ အပြင်ထွက်တိုင်း ငါ့အဖေက ငါ့ကိုယ်ပေါ်မှာ ဆေးမှုန့်တွေ အများကြီးဖြန်းပေးတော့တာပဲ၊ အဲ့ဒါက မြွေတွေ၊ ပိုးမွှားတွေ၊ ပုရွက်ဆိတ်တွေကို ဝေးဝေးမှာ နေစေတာဆိုတော့ အဲ့ဒီကျမှပဲ ငါလဲ အချိန်အတော်ကြာအောင် စိတ်အေးလက်အေး နေနိုင်တော့တယ်" ယန်ကျင့်ချင်း၏အသံမှာ အတိတ်ကို ပြန်ပြောပြနေသော်လည်း ကြောက်ရွံ့ခြင်း အငွေ့အသက်မရှိဘဲ နူးညံ့တည်ငြိမ်လှသဖြင့် နားထောင်သူကို စိတ်အေးချမ်းစေသည်။


ကျောက်ယန်မှာ လုံးဝစိတ်အေးသွားရပြီး "အင်း" ဟု တိုးတိုးလေး ပြန်လည်၍တုံ့ပြန်လိုက်သည်။


ခဏမျှ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေပြီးနောက် ထောင်ချောက်ရှိရာမှ တရှဲရှဲဟူသောအသံသဲ့သဲ့ ထွက်ပေါ်လာသည်။


ယန်ကျင့်ချင်းတစ်ကိုယ်လုံး ငြိမ်ကျသွားသည်ကို ကျောက်ယန် အာရုံခံမိလိုက်သည်။ ယန်ကျင့်ချင်းသည် ထိုနေရာသို့ မလှုပ်မယှက် စိုက်ကြည့်နေပြီး မည်သည့်သတ္တဝါ ထောင်ချောက်ထဲသို့ တိုးဝင်လာသည်ကို အကဲခတ်နေသည်။

သူတို့ရှိနေသည့်ဘက်မှကြည့်လျှင် အညိုရင့်ရောင်အမွေးအမှင်များနှင့် သတ္တဝါတစ်ကောင်သည် အလွန်ပင်သတိကြီးစွာဖြင့် ရှေ့သို့ တဖြည်းဖြည်း တွားသွားနေသည်ကို မြင်ရသည်။ လော၍မရပေ။ သားကောင်မှာ ထောင်ချောက်ထဲသို့ အပြည့်အဝမဝင်သေးသဖြင့် စောစီးစွာ လှုပ်ရှားလိုက်ပါက ထွက်ပြေးသွားနိုင်ပေသည်။


ခဏအကြာတွင် ယန်ကျင့်ချင်းသည် သူ၏လက်ထဲမှ ကြိုးကလေး ဆတ်ခနဲ တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ ထိုအခြေအနေမှာ သားကောင်သည် ထောင်ချောက်ထဲသို့ လုံးလုံးလျားလျား ရောက်ရှိသွားပြီဟူသောလက္ခဏာပင်။ သူ၏ မျက်လုံးများက ချက်ချင်းတောက်ပသွားကာ ထောင်ချောက်ကို အမြန်ပိတ်လိုက်တော့သည်။


ထို့နောက် အဝေးမှ တစ်ခုခုကျိုးပဲ့သွားသည့်အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ သူ၏ဘေးမှ လူက ဝမ်းသာအားရ ရေရွတ်လိုက်၏။ "မိပြီကွ"


ယန်ကျင့်ချင်းသည် ထရပ်လိုက်ပြီး ကျောက်ယန်ကိုဆွဲခေါ်ကာ ထောင်ချောက်ရှိရာသို့ အပြေးအလွှား သွားလိုက်ကြသည်။ မှောင်ရိပ်ထဲတွင် ကျောက်ယန်မှာ တစ်ဖက်လူ၏လမ်းပြမှုနောက်သို့ ကတိုက်ကရိုက် လိုက်ပါသွားပြီး နောက်ဆုံးတွင် လှောင်အိမ်ရှေ့သို့ ရောက်ရှိသွားသည်။ ထိုထောင်ချောက်ထဲတွင်မူ ပြင်းထန်ပြီး အသက်ရှူသံပြင်းပြင်းများ ထွက်ပေါ်နေ၏။ ထိုသားကောင်မှာ တောကြက် မဟုတ်ပေ။


ကျောက်ယန်မှာ ထိတ်လန့်သွားပြီး အမြန်မေးလိုက်၏။ "ဒီအသံက အတော်လေး ကြမ်းတမ်းနေသလိုပဲ"


"ဒါက တောဝက်တစ်ကောင်ပဲ" ယန်ကျင့်ချင်း၏အသံတွင် အလွန်အမင်း စိတ်လှုပ်ရှားမှုမျိုးမရှိသော်လည်း သူသည် ပြတ်သားစွာ လှုပ်ရှားလိုက်သည်။ သူက ကျောက်ယန်ကို နောက်သို့ ဆုတ်နေရန် ချက်ချင်းပြောလိုက်ပြီး တောဝက်ကို ကိုင်တွယ်တော့သည်။ သူ၏ဖခင်မှာ ပညာတတ်ဆရာတစ်ဦးဖြစ်ခဲ့သဖြင့် သူတို့အိမ်တွင် သားကောင်ကြီးများကို ငြိမ်သက်စေရန် အသုံးပြုသည့်ထုံဆေးကဲ့သို့သောပစ္စည်းများ အဆင်သင့်ရှိနေတတ်သည်။


ယန်ကျင့်ချင်းသည် ကျွမ်းကျင်သောလှုပ်ရှားမှုများဖြင့် တောဝက်ကို အမြန်ဆုံးနှိမ်နင်းလိုက်သည်။ ထို့နောက် အချိန်ဆွဲမနေဘဲ ကျောက်ယန်၏လက်ကိုဆွဲကာ စတင်ပြေးကြတော့သည်။


သူတို့ ပြေးနေစဉ်အတွင်း ယန်ကျင့်ချင်းက ရှင်းပြ၏။ "ဒီတောဝက်က အကောင်ကြီးကြီး မဟုတ်သေးဘူး၊ အနီးအနားမှာ အကောင်ကြီးတွေ ရှိနေနိုင်သေးတယ်၊ သူတို့ လိုက်လာရင် ဒုက္ခရောက်ကုန်လိမ့်မယ်၊ ငါတို့ မြန်မြန်ထွက်သွားရမယ်၊ အတွေ့မခံတာ အကောင်းဆုံးပဲ"


သူတို့မှာ ထွက်ပြေးနေကြခြင်းဖြစ်သော်လည်း ခြေလှမ်းများမှာ သိပ်မမြန်လှပေ။ မူလက တည်ငြိမ်လှသောကျောက်ယန်သည် ယခုအခါ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ မျှော်လင့်မထားဘဲ စိတ်ဝင်စားစရာကောင်းနေသည်ကို တွေ့ရှိသွားသည်။ 


ကျောက်ယန်မှာ သု၏ခြေလှမ်းများနောက်သို့ အမှီမလိုက်နိုင်သည်ကို သတိပြုမိသဖြင့် ယန်ကျင့်ချင်းက ခြေလှမ်းကိုလျှော့လိုက်ပြီး လှည့်ကြည့်ရာ ကျောက်ယန်မှာ ပြုံးနေသည်ကို မြင်လိုက်ရသည်။ သူက အံ့သြတကြီး မေးလိုက်၏။ "မင်း ဘာလုပ်နေတာလဲ၊ ရယ်နေတာလား"


"အင်း... ဒါက သိပ်ကို စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်လို့ပါ" ကျောက်ယန်က ပြန်ဖြေရင်း သူ၏မျက်လုံးမှ ပိတ်စကို အသာအယာ ထိတွေ့လိုက်သည်။ သူက တိုးညှင်းသော အသံဖြင့် ထပ်ပြောလိုက်၏။ "သိပ်ကို ထူးဆန်းတာပဲ"


ခဏမျှ လမ်းလျှောက်ပြီးနောက် မည်သည့်သတ္တဝါမျှ လိုက်မလာသည်ကို အတည်ပြုနိုင်တော့မှ ယန်ကျင့်ချင်းမှာ စိတ်အေးသွားတော့သည်။ သူသည် သူ၏ကျောပိုးခြင်းတောင်းကို ပြန်ပြင်လိုက်၏၊ တောဝက်မှာ အတော်ပင် လေးလံလှသည်။ အကောင်သေးသည်ဆိုသော်လည်း မိမိဘာသာ ချက်စားမည်ဆိုပါက အလွန်ပင် နှမြောစရာကောင်းပေလိမ့်မည်။ မြို့ပေါ်ရှိ အရာရှိကြီးများမှာ ဤကဲ့သို့သောရှားပါးအသားများကို အလွန်နှစ်သက်ကြပြီး နတ်သုဒ္ဓါကဲ့သို့ အရသာရှိသည်ဟု ဆိုကြသည်။ ကျေးလက်တောရွာမှ လူများမှာ ဤသို့သောသတ္တဝါမျိုးကိုတွေ့ရှိကြပါက ကိုယ်တိုင်သတ်စားလေ့မရှိကြဘဲ ရောင်းချလေ့ရှိကြသည်။ ထိုသို့ပြုလုပ်ခြင်းမှာ စားရခြင်းထက် ပို၍အမြတ်ထွက်သောကြောင့် ဖြစ်သည်။


ဤသည်မှာ သူ၏အစီအစဉ်လည်း ဖြစ်ပေသည်။ သူက ကျောက်ယန်ကို အကျိုးအကြောင်း ရှင်းပြလိုက်၏။ "အချိန်စောသေးတာပဲ၊ ငါတို့ ဒီတောဝက်ကို သွားရောင်းရင် ဈေးကောင်းရနိုင်တယ်၊ မင်း ဈေးကို လိုက်ခဲ့မလား၊ ရတဲ့ပိုက်ဆံနဲ့ အိမ်အတွက် လိုအပ်တာလေးတွေ ထပ်ဝယ်လို့ရတယ်လေ"


"ကောင်းပါပြီ၊ အစ်ကိုပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့" ကျောက်ယန်မှာ ဈေးသို့ တစ်ခါမျှ မရောက်ဖူးသေးသဖြင့် ယန်ကျင့်ချင်းနှင့်အတူ အပြင်ထွက်ရမည်ဟူသောအတွေးကပင် သူ့အတွက် အလွန်ကောင်းမွန်သောအကြံတစ်ခု ဖြစ်နေတော့သည်။


ကံကောင်းထောက်မစွာဖြင့် ယန်ကျင့်ချင်း စိုးရိမ်ခဲ့သလို ဘာမှမဖြစ်ခဲ့ပေ။ သူတို့အိမ်ပြန်ရောက်ချိန်အထိ မည်သည့်သားရဲတိရစ္ဆာန်ကြီးမျှ နောက်ကလိုက်မလာခဲ့ပါချေ။ အမှန်တကယ်တွင် တောင်ပေါ်၌ ဤကဲ့သို့သောအဖြစ်အပျက်မျိုးမှာ ရိုးအီနေပြီဖြစ်သည်။ သူတို့မရောက်ခင်ကပင် ထိုတောဝက်ကြီးမှာ အခြားအန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ခဲ့ရခြင်းလည်း ဖြစ်နိုင်ပေသည်။


အိမ်ရောက်သောအခါ ယန်ကျင့်ချင်းသည် သစ်သားလှည်းကလေးကို ထုတ်လာခဲ့သည်။ တောဝက်မှာ သေးငယ်သဖြင့် လှည်းပေါ်တွင် လူတစ်ယောက်ထိုင်ရန် နေရာအလုံအအုံကျန်နေသေး၏။ သူသည် ကျောက်ယန်ကို အခက်အခဲမရှိ လှည်းပေါ်သို့ ကူတင်ပေးပြီး လမ်းမအတိုင်း လှည်းကို စတင်ဆွဲလာခဲ့သည်။


တောင်ပေါ်မှ ဆင်းလာသည်နှင့်အမျှ ပတ်ဝန်းကျင်မှာ သိသိသာသာကျယ်ပြန့်လာသည်။ ကောင်းမွန်စွာ ဖောက်လုပ်ထားသောလမ်းမကြီးမှာ ရှေ့သို့ ဆန့်တန်းလျှက်ရှိရာ သူတို့သွားရမည့်ဦးတည်ချက်ကို ညွှန်ပြနေသလို ကျေးလက်ရွာသားများအတွက်လည်း အလွန်အဆင်ပြေစေသည်။ 


ယန်ကျင့်ချင်းက "အမဲလိုက်တိုင်းသာ ဒီလိုအကောင်မျိုးရနေမယ်ဆိုရင် ငါတို့ ဘာမှပူစရာမလိုတော့ဘူး" ဟု ပေါ့ပေါ့ပါးပါး မှတ်ချက်ပြုလိုက်သည်။


ထိုစကားမှာ အမှတ်မထင် ပြောလိုက်သောစကားမျှသာဖြစ်လေသည်။ တောဝက်တစ်ကောင်ရောင်းရလျှင် ချွေတာသုံးစွဲပါက တစ်လစာဖူလုံနိုင်သော်လည်း တစ်လလျှင် တောဝက်တစ်ကောင်တည်းနှင့် မလုံလောက်နိုင်ပေ။ မကြာသေးမီက မမျှော်လင့်ဘဲ ကုန်ကျခဲ့သောအသုံးစရိတ်များက ယန်ကျင့်ချင်း၏စိတ်ကို လေးလံစေသဖြင့် သူသည် မနက်ဖြန်တွင် ဘုရားကျောင်းသို့သွား၍ အမွှေးတိုင်ထွန်းရန် ဆုံးဖြတ်လိုက်၏။ ထိုစိတ်ကူးသည်ကား ကျောက်ယန် ကျန်းမာရေးအတွက် ဆုတောင်းပေးချင်သောကြောင့်လည်း ပါလေသည်။


သူတို့နှစ်ဦးသည် ညနေခင်းဈေးသို့ ဦးတည်လာခဲ့ကြသည်။ ဤကဲ့သို့ အချိန်နှောင်းပိုင်းတွင် လမ်းမများမှာ အတော်ပင် တိတ်ဆိတ်နေပြီဖြစ်သည်။ သူတို့သည် အမျိုးသမီးအနည်းငယ်ကိုသာတွေ့ရပြီး အပြင်တွင် လျှောက်သွားနေသူအများစုမှာ သက်လတ်ပိုင်းအမျိုးသားများနှင့် လူငယ်လူရွယ်များသာ ဖြစ်သည်။ 


ယန်ကျင့်ချင်းသည် ရပ်နားရန် နေရာတစ်ခုကိုရှာတွေ့ခဲ့ပြီးနောက် ဈေးမခေါ်ရသေးခင်မှာပင် သူတို့မှာ လူအများ၏အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။


ရုပ်ရည်ချောမောလှသောလူငယ်နှစ်ဦးကို ဖြတ်သွားဖြတ်လာအမျိုးသမီးကြီးတစ်ဦးက ညီအစ်ကိုများဟု ထင်မှတ်မှားသွားကာ ရွှင်ရွှင်ပျပျဖြင့် မေးလိုက်သည်။ "မောင်ရင်... မင်းညီလေးကိုခေါ်ပြီး အသားလာရောင်းတာလား၊ အို... ဒီတောဝက်က အသားကောင်းပုံရသားပဲ၊ ဘယ်လောက်လဲကွယ်"


ကျောက်ယန်မှာ ဤကဲ့သို့တက်ကြွလှသောဆက်ဆံရေးမျိုးနှင့် မရင်းနှီးသဖြင့် တိတ်ဆိတ်နေမိသည်။


ကျောက်ယန်၏မျက်လုံးကို စည်းထားသောအဖြူရောင်ပိတ်စကိုမြင်သောအခါ အမျိုးသမီးကြီးက နားလည်သွားပုံရပြီး အသံကိုနှိမ့်ကာ မေးပြန်သည်။ "မင်းညီလေးက..."


ယန်ကျင့်ချင်းက အများကြီးမပြောချင်သဖြင့် "အင်း... သူ မကြာခင်က မျက်စိဒဏ်ရာရထားလို့ အလင်းရောင်နဲ့ တိုက်ရိုက်မထိတွေ့လို့ မရလို့ပါ" ဟုသာ ဖြေလိုက်သည်။


ထိုညီအစ်ကိုနှစ်ဦးမှာ စကားနည်းပြီး သိပ်မဖော်ရွေသည်ကိုမြင်သောအခါ အမျိုးသမီးကြီးလည်း ဆက်မမေးတော့ပေ။ သူမသည် ဟင်းသီးဟင်းရွက်ခြင်းတောင်းကို ပြန်ပြင်၍ နာကျင်နေသောခါးကိုနှိပ်ကာ အိမ်ပြန်ရန် ပြင်ဆင်တော့သည်။ 


ယခုဆိုလျှင် အချိန်မှာ အတော်လေး နောက်ကျနေပြီဖြစ်သည်။ နေဝင်ရီတရောအချိန်တွင် အပြင်ထွက်လာသူအများစုမှာ ညစာစားရန် အိမ်ပြန်နေကြပြီဖြစ်ရာ ဤအချိန်တွင် တောဝက်ကို ရောင်းထွက်မထွက်ဆိုသည်က မသေချာပေ။


ယန်ကျင့်ချင်းမှာ အပြင်သို့ ရောက်နေပြီဖြစ်၍ ခဏမျှ ထပ်စောင့်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် အနီးရှိ ခေါက်ဆွဲဆိုင်ကို လှမ်းကြည့်ကာ ခဏနေလျှင် ခေါက်ဆွဲနှစ်ပွဲလောက် ဝယ်စားရန် တွေးနေမိသည်။


သူ တွေးနေတုန်းမှာပင် အစိုးရအရာရှိဝတ်စုံနှင့်တူသောအဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးသည် လှည်းနားမှ ဖြတ်သွားသည်။ 


ယန်ကျင့်ချင်းသည် အဆင့်အတန်းကို အတိအကျမသိရသော်လည်း သူတို့၏ဝတ်စုံကိုကြည့်ကာ ရန်မစသင့်သောသူများဖြစ်ကြောင်း သိလိုက်သည်။ သူက ရိုးရိုးသားသားပင် မေးလိုက်သည်။ "ဝယ်ချင်ပါသလားခင်ဗျာ၊ ဒီတောဝက်သားက ဒီနေ့မှ လတ်လတ်ဆတ်ဆတ် ရထားတာပါ၊ အသားလတ်ဆတ်ကြောင်း အာမခံပါတယ်"


ထိုသူနှစ်ဦးထဲမှ ပိန်ပိန်ပါးပါးအမျိုးသားက သူ့ကို ဂရုမစိုက်ဘဲ သူ၏အဖော်ကိုသာ တိုးတိုးလေး ပြောနေသည်။ "မင်းက ဒါကို ဘာလို့ ကြည့်နေတာလဲ၊ ငါတို့က ဒုတိယ...နဲ့ သွားတွေ့ရမှာ မဟုတ်လား"


ထွားထွားကြိုင်းကြိုင်းအမျိုးသားက သတိပေးသည့်အနေဖြင့် သူ့ကို ပုတ်လိုက်ပြီး ချက်ချင်းပင် စကားဖြတ်လိုက်သည်။ "မင်း ရူးနေလား၊ အဲ့ဒီနာမည်ကို လူကြားထဲမှာ အကျယ်ကြီး ပြောနေရတယ်လို့၊ ဒါပေမဲ့... သူက အစားအသောက်အသစ်အဆန်းဆိုရင် သဘောကျတတ်ပြီး လက်ဖွာတာ လူတိုင်းသိတာပဲ၊ ဒါကိုဝယ်ပြီး သူ့ကို သွားဆက်သရင် ငါတို့ ဆုလာဘ်တစ်ခုခု ရနိုင်တယ်"


ခေတ္တမျှ တိုင်ပင်ပြီးနောက် ထိုအမျိုးသားနှစ်ဦးမှာ တောဝက်ကို ဝယ်ယူရန် ဆုံးဖြတ်လိုက်ကြသည်။


ယန်ကျင့်ချင်းက ဈေးနှုန်းကိုပိုမပြောဘဲ ပေါက်ဈေးအတိုင်းသာ ပြောလိုက်သော်လည်း မောက်မာသောအမူအရာရှိသည့်ထိုအရာရှိနှစ်ဦးမှာ စိတ်မရှည်သကဲ့သို့ရှိနေပြီး ဈေးဆစ်ခြင်း သို့မဟုတ် စကားပြောခြင်းပင် မလုပ်လိုကြပေ။ သူတို့သည် ပိုက်ဆံပေး၍ တောဝက်ကိုယူကာ အလျင်အမြန်ပင် ထွက်သွားကြတော့သည်။


ထွက်သွားစဉ်တွင် ပိန်ပိန်ပါးပါးအမျိုးသားက ကျောက်ယန်ကို တစ်ချက်လှမ်းကြည့်သွားသော်လည်း ဘာမှမပြောခဲ့ပေ။


သူတို့ လုံးဝထွက်မသွားခင်မှာပင် ကျောက်ယန်သည် သူတို့၏စကားသံအချို့ကို ကြားလိုက်ရသည်။ "ငါ အလှပဆုံးကချေသည်တွေကို စီစဉ်ထားပြီးပြီ၊ တစ်ယောက်ချင်းစီက အလှနတ်သမီးလေးတွေအတိုင်းပဲ၊ ဒုတိယသခင်လေး စားသောက်ပြီးရင် သူ..."


သူတို့၏စကားသံများမှာ ညစ်ညမ်းသောရယ်သံများနှင့်အတူ ပျောက်ကွယ်သွားရာ ကျောက်ယန်မှာ စိတ်ထဲတွင် မသိုးမသန့် ခံစားလိုက်ရသည်။


ယန်ကျင့်ချင်းကမူ ထိုကိစ္စကို စိတ်မဝင်စားဘဲ ပိုက်ဆံကို အိတ်ထဲသို့ တိတ်တိတ်ဆိတ်ဆိတ် ထည့်လိုက်သည်။ "ရောင်းလိုက်ရပြီပဲ၊ ဒါက အရေးကြီးဆုံးပဲ" ဟူ၍ သူက တွေးလိုက်၏။ သူသည် ချမ်းသာသောသူများ၏ဝါသနာများကို စိတ်ဝင်တစား မရှိလှပေ။ သူသည် ကျောက်ယန်ကို လှည်းပေါ်တွင် ပြန်ထိုင်စေပြီး ခေါက်ဆွဲဆိုင်သို့ တန်းတန်းမတ်မတ် ဦးတည်လိုက်တော့သည်။


-----