အခန်း - (၅)
သူသည် ကျောက်ယန်အတွက် အဝတ်အစားသစ်များ ဝယ်ပေးခဲ့သော်လည်း ကျောက်ယန်မှာ ကုတင်ပေါ်တွင် လဲလျောင်းနေခဲ့သည်မှာ နှစ်ရက်ရှိပြီဖြစ်၍ ကိုယ်လက်သန့်စင်လိုသော်လည်း အားနာသဖြင့် ဘာမှမပြောဘဲ အောင့်အီးနေခဲ့သည်။
ယန်ကျင့်ချင်းကမူ ထိုအခြေအနေကို သတိပြုမိ၏။ သူသည် ရေနွေးအိုးကြီးတစ်အိုး တည်လိုက်သော်လည်း အိမ်အနှံ့ လိုက်ရှာကြည့်ရာ ကျောက်ယန် ရေချိုးရန် သင့်တော်သောရေချိုးကန်(စည်ပိုင်း)တစ်ခုမျှ ရှာမတွေ့ခဲ့ပေ။
ယန်ကျင့်ချင်း ရေချိုးသည့်အခါမျိုးတွင်လည်း ဤမျှ အလုပ်ရှုပ်ခံလေ့မရှိပေ။
နွေရာသီဆိုလျှင် ညဘက်တွင် တောင်ခြေရှိ ရေကန်ငယ်လေးသို့သွား၍ ရေချိုးလိုက်ရုံသာ။ ထိုနေရာမှ ရေများမှာ မှန်သားကဲ့သို့ ကြည်လင်နေသဖြင့် မသန့်ရှင်းမည်ကိုလည်း စိုးရိမ်စရာမလိုပေ။
အကယ်၍ ဆောင်းရာသီတွင် အလွန်အေးနေပါကလည်း သစ်သားပုံးတစ်ပုံးဖြင့် ရေခပ်ကာ ကိုယ်ပေါ်သို့ အလွယ်တကူ လောင်းချ၍သာ ချိုးလိုက်လေ့ရှိသည်။
သို့သော် ယခုအခါ ကျောက်ယန်ကြောင့် အခြေအနေက ပြောင်းလဲသွားပြီဖြစ်သည်။ ကျောက်ယန် ရေချိုးနေသည်ကို သူက ဘေးမှ ရပ်ကြည့်နေ၍မဖြစ်ပေ။
အကယ်၍ သူ ခြေချော်သွားရင် ဒါမှမဟုတ် တစ်ခုခုထိခိုက်မိရင် ဘယ်လိုလုပ်မလဲ... ထိုသို့ဖြစ်၍မရပေ။ ကျောက်ယန်အနေဖြင့် ဘာကိုမျှ ဆုပ်ကိုင်ထားစရာမလိုဘဲ ဘေးကင်းလုံခြုံစွာထိုင်၍ ရေချိုးနိုင်ရန်အတွက် စနစ်တကျ ပြုလုပ်ထားသောရေချိုးကန်တစ်ခု သူ လိုအပ်လာပေသည်။
ခဏအကြာတွင် ရေများဆူပွက်လာလေရာ ယန်ကျင့်ချင်းသည် အပြင်သို့ထွက်ရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။ လမင်းကြီးမှာ ကောင်းကင်ယံတွင် မြင့်မားစွာ သာနေပြီဖြစ်သဖြင့် လူအများစုမှာ တံခါးများပိတ်ထားကြပြီဖြစ်သော်လည်း အိပ်ရာဝင်ကြသေးပုံမရပေ။
သူသည် လမ်းဖြတ်မှ သွားလိုက်ရာ အမွှေးတိုင် တစ်ဝက်ခန့် ကုန်ဆုံးချိန်အတွင်းမှာပင် လက်သမားအိမ်သို့ ရောက်ရှိသွားသည်။ မူလက သူသည် ဝယ်ယူရန် ရည်ရွယ်ခဲ့သော်လည်း လက်သမားက ငွေကို စိတ်မဝင်စားပေ။ ထိုအစား သူက အလဲအလှယ်လုပ်ရန် ကမ်းလှမ်းလာ၏။ "မင်း ပြီးခဲ့တဲ့တစ်ခေါက်က တောကြက်တစ်ကောင် ရခဲ့တယ်လို့ ငါကြားတယ်၊ ငါ့မိန်းမက အခုလေးတင် ကလေးမွေးထားတာဆိုတော့ အားရှိအောင် ကြက်စွပ်ပြုတ်လေး တိုက်ချင်လို့ကွာ၊ အကယ်၍ မင်း နောက်တစ်ကောင်ရှာပေးနိုင်ရင် ဒီရေချိုးကန်တင်မကဘူး၊ မင်းအတွက် သစ်သားစားပွဲနှစ်လုံးပါ ငါ လုပ်ပေးမယ်၊ ဘယ်လိုလဲ"
ဤသည်ကား အမှန်တကယ်ပင် အလွန်ကောင်းမွန်သောအလဲအလှယ်တစ်ခု ဖြစ်သော်လည်း ယန်ကျင့်ချင်းကမူ လောလောဆယ် သူ့အတွက် စားပွဲများမလိုအပ်သေးဟု တွေးလိုက်သည်။ သူ့အတွက် အမှန်တကယ် လိုအပ်နေသည်မှာ ကူညီမည့် လူတစ်ဦးသာဖြစ်သည်။ ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ သူက ပြောလိုက်သည်။ "ကျွန်တော် စားပွဲတွေ မလိုသေးပါဘူး၊ ဒါပေမဲ့ အစ်ကိုကျန်း... ကျွန်တော့်အိမ်နားမှာ ရေကန်ငယ်လေးတစ်ခုတူးချင်လို့ ကူညီပေးနိုင်မလား"
ယန်မိသားစု၏အိမ်ဟောင်းအနီးတစ်ဝိုက်မှာ တောင်တန်းများနှင့် ကြည်လင်သောရေပြင်များဖြင့် ရှုခင်းအလွန်လှပသည်။ ပတ်ဝန်းကျင်ရှိ မြေကွက်များမှာလည်း သူ၏မြေများဖြစ်ပြီး အနာဂတ်တွင် စနစ်တကျ စိုက်ပျိုးနိုင်ပါက အလွန်တန်ဖိုးရှိလာပေလိမ့်မည်။ သို့သော် ယန်ကျင့်ချင်း၏လက်ရှိပန်းတိုင်မှာ ရိုးရှင်းလှသည်။ သူ့အတွက် ပထမဦးစားပေးက အဝတ်အစားနှင့် အစားအသောက်ပြဿနာကို အရင်ဖြေရှင်းရန်ဖြစ်ပြီး ချမ်းသာကြွယ်ဝရေးကိုမူ နောက်မှ စဉ်းစားမည်ဖြစ်သည်။
"ရတာပေါ့၊ မင်းသာ ကြက်တစ်ကောင်ယူလာပေးရင် အဲ့ဒီကိစ္စအားလုံးကို ငါ တာဝန်ယူပေးမယ်" ရွာရှိ အမျိုးသားအများစုမှာ ရိုးသားဖြောင့်မတ်ကြသည်။ အားကိုးမရသောသူ အချို့ရှိသော်လည်း လက်သမားကျန်းနှင့် သူ၏ဇနီးမှာ ငယ်ချစ်များဖြစ်ကြပြီး သူ၏အကြီးမားဆုံးသောအရည်အချင်းမှာလည်း သူ၏ဇနီးအပေါ် အလွန်အမင်း အလိုလိုက် ဂရုစိုက်ခြင်းပင်ဖြစ်သည်။
အင်မတန်အားစိုက်ရမည်ဖြစ်သော်လည်း သူ၏ဇနီးအတွက် အာဟာရရှိသောအစားအစာရရှိရန်အတွက် သူ ဆုံးဖြတ်ချက်ချထား၏။ သူသည် တကယ့်စံပြခင်ပွန်းတစ်ဦး ဖြစ်ပေသည်။
ယန်ကျင့်ချင်းသည် နောက်ဆုံးတွင် ရေချိုးကန်ကို ရရှိခဲ့သည်။ မူလက သူသည် တစ်ညစာအတွက်သာ ခဏချေးယူရန်နှင့် မနက်ဖြန်ကျမှ ထင်းခုတ်ရင်း မိမိဘာသာ တစ်ခုလုပ်ရန် စီစဉ်ထားသော်လည်း လက်သမားကျန်းက အတင်းပေးနေသဖြင့် သူလည်း အားမနာတော့ဘဲ ယူလာခဲ့တော့သည်။
သူ အိမ်ပြန်ရောက်သောအခါ ကျောက်ယန်ကို ကုတင်ပေါ်မှဆင်းရန် ကူညီပေးလိုက်သည်။ ထိုအချိန်တွင် ကျောက်ယန်၏မျက်လုံးများကို အဖြူရောင်ပိုးစဖြင့် စည်းထားသဖြင့် ဖယောင်းတိုင်အလင်းရောင်မှာ သူ့ကို သက်ရောက်မှုမရှိပေ။ ပိုးစအောက်တွင် သူ၏ ပေါ်လွင်သောနှာတံနှင့် ဖြူဖျော့နေသောနှုတ်ခမ်းများကိုသာ မြင်တွေ့ရသည်။
ယန်ကျင့်ချင်းမှာ အံ့သြသွားပြီး ခေတ္တမျှ ရပ်တန့်သွား၏။ "ငါ မသွားခင်တုန်းက မင်း အကောင်းကြီး ရှိသေးတာ၊ စောစောကမှ အစားစားထားတာ မဟုတ်လား၊ မင်းရဲ့ရုပ်ရည်က ပိုကောင်းလာပြီလို့ ငါ ထင်ထားတာ"
ထိုစကားကိုကြားသောအခါ ကျောက်ယန်မှာ ဝေခွဲမရဖြစ်သွားပြီး "ဘာဖြစ်လို့လဲဟင်" ဟု မေးလိုက်မိသည်။
သူ၏ရုပ်ရည်မှာ ပြန်လည် ညှိုးနွမ်းသွားသည်ကို သူကိုယ်တိုင်ပင် မသိပေ။ ယန်ကျင့်ချင်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ တရားခံကို တွေ့လိုက်ရသည်။
တရားခံသည်ကား ပိတ်မထားသောပြတင်းပေါက်ပင် ဖြစ်၏။ ညဘက်တွင် တောင်ပေါ်လေမှာ သဘာဝအတိုင်း အေးစိမ့်လှပြီး ဖွင့်ထားသောပြတင်းပေါက်မှာ ကုတင်နှင့် တည့်တည့်ဖြစ်နေပြန်သည်။ ထို့ကြောင့် အအေးမိစေမည့်လေစိမ်းများမှာ တိုးဝင်နေသဖြင့် သူ၏နှုတ်ခမ်းများ ဖြူဖျော့သွားရခြင်းမှာ မထူးဆန်းပေ။
သူသည် လုံးဝနေပြန်မကောင်းသေးသဖြင့် အားအင်မှာ တစ်စိတ်တစ်ပိုင်းသာ ပြန်လည်ရရှိသေးသည်။ ယန်ကျင့်ချင်း အပြင်သို့ ထွက်သွားသည်နှင့် အိမ်ထဲရှိ အပူချိန်ကို ကျဆင်းသွားစေရုံသာမက ကျောက်ယန်၏ကိုယ်အပူချိန်ကိုလည်း ကျဆင်းစေခဲ့သည်။
ယန်ကျင့်ချင်းမှာ သက်ပြင်းချလိုက်ပြီး အအေးဓာတ်များကို မောင်းထုတ်နိုင်ရန်အတွက် တစ်ဖက်လူကို ရေချိုးရန် တိုက်တွန်းလိုက်သည်။ နောက်မှ အခန်းကို နွေးထွေးစေရန် မီးဖိုပေးမည်ဟုလည်း သူ စီစဉ်လိုက်၏။
နွေဦးမိုးများ ရွာသွန်းပြီးသည်မှာ ကြာပြီဖြစ်သဖြင့် နွေရာသီသို့ ကူးပြောင်းတော့မည် ဖြစ်သည်။ ထိုမိုးမှာ နွေဦးနှောင်းပိုင်းတွင် ကြုံရလေ့ရှိသောအေးမြသည့်မိုးဖွဲလေးများ ဖြစ်သည်။
ကျောက်ယန်သည် အနည်းငယ် ညစ်ပတ်နေသောအပေါ်အင်္ကျီကို ချွတ်လိုက်ရာ အတွင်းခံ အင်္ကျီပါးလေးသာ ကျန်တော့သည်။ သူ၏ အဝတ်အစားမှာ အဆင့်မြင့်အထည်မျိုး မဟုတ်သဖြင့် ကျောက်ယန်မှာ အတိတ်မေ့ခြင်းမဖြစ်မီက သာမန်မိသားစုမှ လာသူဖြစ်မည်ဟု ယန်ကျင့်ချင်း ခန့်မှန်းလိုက်ပြီး ထပ်မံ၍ မမေးမြန်းတော့ပေ။
ယန်ကျင့်ချင်းသည် တစ်ဖက်လူကို ရေစည်ထဲသို့ဝင်ရာ၌ လမ်းညွှန်ပေးရင်း အတွင်းခံအင်္ကျီပါးလေးဝတ်ထားလျှက်နှင့်ပင် ရေချိုးကန်ထဲတွင် ထိုင်ခိုင်းလိုက်သည်။ တစ်ဖက်လူ၏ဘေးတွင် မျက်နှာသုတ်ပုဝါကို ထားပေးပြီးနောက်တွင် "ရေချိုးပြီးရင် ဒါလေးကို ပတ်ထားလိုက်၊ ပြီးရင် ငါ မင်းကို ပြန်ကူပေးမယ်" ဟု ပြောလိုက်သည်။
ယန်ကျင့်ချင်းသည် တံခါးကိုပိတ်ကာ အပြင်ဘက်တွင် စောင့်နေရန် ထွက်လာခဲ့သည်။ သူက တိုးညှင်းသောအသံဖြင့် "ဖြည်းဖြည်းချင်း ရေချိုးလိုက်ဦး၊ ပြီးရင် ငါ့ကို လှမ်းခေါ်လိုက်နော်" ဟု ပြောလိုက်သည်။
ယန်ကျင့်ချင်းသည် အခန်း၏သစ်သားတံခါးကို ပိတ်လိုက်သော်လည်း အနားယူမနေပေ။ သူသည် ကြိုတင်ခုတ်ထားသောထင်းစအချို့နှင့် ဓားငယ်လေးကိုယူကာ ဂရုတစိုက် ထွင်းထုနေတော့သည်။
သူသည် အိမ်အတွက် အလှဆင်ပစ္စည်းလေးများကို ပြုလုပ်နေခြင်းဖြစ်ပြီး ကျောက်ယန် အလွယ်တကူ ကိုင်တွယ်နိုင်မည့်နေရာများတွင် ထားပေးရန်အတွက် ပြုလုပ်နေခြင်းလည်းဖြစ်သည်။
အကယ်၍ ကျောက်ယန်သည် မျက်စိမမြင်သော်လည်း နောက်ပိုင်းတွင် မိမိဘာသာ သွားလာနိုင်လာပါက တစ်နေ့လုံး ကုတင်ပေါ်တွင်ပင် အချိန်ကုန်ဆုံးနေရသည်ကို သူ သေချာပေါက် အလိုရှိမည်မဟုတ်ပေ။
အချိန်များကုန်လွန်သွားသော်လည်း မည်မျှကြာသွားသည်ကိုပြောရန် ခက်ခဲလှသည်။ အထဲမှ ရေခပ်သံမှာ တိုးညှင်းလှ၏။ ရေများ အေးသွားပြီဟု ယန်ကျင့်ချင်း ထင်မှတ်လိုက်သည့်အချိန်ကျမှသာ ကျောက်ယန်၏နူးညံ့သောအသံလေး ထွက်ပေါ်လာသည်။ "အစ်ကိုကျင့်ချင်း..."
ထိုအသံလေးမှာ ခပ်တိုးတိုးမျှသာ။
ယန်ကျင့်ချင်း သစ်သားတံခါးကိုဖွင့်လိုက်ချိန်တွင် ကျောက်ယန်ကို မြင်လိုက်ရသည်။ ကျောက်ယန်ကမူ ထိုအခြေအနေကို မသိပေ။ ယန်ကျင့်ချင်း၏အမြင်တွင်မူ ကျောက်ယန်၏ ခန္ဓာကိုယ်မှာ ရေနွေးငွေ့များဖြင့် ဝေဝါးနေပြီး ပါးပြင်လေးများမှာ နီမြန်းနေကာ အစောပိုင်းက ဖြူဖျော့နေသောနှုတ်ခမ်းများမှာလည်း ပုံမှန်အရောင်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏အောက်နှုတ်ခမ်းမှာ အနည်းငယ် ပြည့်ဖြိုးပြီး အပေါ်နှုတ်ခမ်းမှာ ပါးလှသဖြင့် မျက်လုံးများကို စည်းထားချိန်တွင် သူ၏ ရုပ်ရည်မှာ အေးစက်တည်ငြိမ်သောအငွေ့အသက်ကို ပေးစွမ်းနေသည်။
ဤကဲ့သို့သောနှုတ်ခမ်းမျိုးသည် မပြုံးလျှင် အေးစက်နေပုံရသော်လည်း ပြုံးလိုက်လျှင်မူ မက်မွန်ပန်းလေးများ ပွင့်လန်းလာသကဲ့သို့ လှပပေလိမ့်မည်။
ယန်ကျင့်ချင်းက "အင်း" ဟု တိုးတိုးလေး ပြန်ထူးကာ ကျောက်ယန်၏အဝတ်အနားစလေးကို အသာအယာဆွဲကိုင်လျှက် တစ်ဖက်လူကို ကုတင်ဆီသို့ ပြန်လည်ခေါ်သွားပေးလိုက်သည်။
ကျောက်ယန်က ကုတင်ပေါ်တွင် ပြန်မှီလိုက်စဉ် ယန်ကျင့်ချင်းမှာ အခြားအလုပ်များဖြင့် အလုပ်ရှုပ်နေပြန်တော့သည်။
အပြင်ဘက်တွင် မိုးစတင်ရွာသွန်းလာသဖြင့် အအေးဓာတ်မှာ အခန်းထဲသို့ စိမ့်ဝင်လာတော့သည်။
ယန်ကျင့်ချင်းသည် လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်ကို တစ်ဝက်ခန့် ဖွင့်ထားလျှက် မီးဖိုပေးလိုက်သည်။ ကျောက်ယန် အိပ်ပျော်သွားမှသာ မီးကိုငြှိမ်းသတ်မည်ဟု စဉ်းစားထားပြီး ထိုအချိန်အထိ သူလည်း အနားယူဦးမည်မဟုတ်ပေ။
အပြင်ဘက်မှ စည်းချက်ကျကျ ရွာသွန်းနေသောမိုးသံနှင့် အထဲမှ ထင်းစများတောက်လောင်နေသောအသံများကြားတွင် ကျောက်ယန်မှာ ကုတင်တွင်မှီရင်း အိပ်ပျော်သွားခဲ့လေသည်။
ယန်ကျင့်ချင်းတစ်ယောက်သာ နိုးနေပြီး ပြတင်းပေါက်နားတွင် ထိုင်နေခဲ့သည်။ သူသည် သန်မာသောသစ်ကိုင်းတစ်ခုကို ကောက်ယူကာ ထွင်းထုနေပြန်သည်။ သူသည် အချိန်အတော်ကြာအောင် အားစိုက်လုပ်ကိုင်နေပြီး နောက်ဆုံးတွင် ထိုသစ်ကိုင်းကို ချောမောလှပသောလမ်းလျှောက်တုတ် (လက်ကိုင်တုတ်)လေးတစ်ခုအဖြစ် ပုံဖော်လိုက်တော့သည်။
သစ်ကိုင်းကို သေသေချာချာ ချောမွေ့အောင် ပွတ်တိုက်ထားပြီး အပေါ်ဘက်တွင် လက်ကိုင်တစ်ခုကို သူ ဖန်တီးပေးထားသည်။ သူ အလုပ်ပြီးစီးချိန်တွင် ကောင်းကင်ကြီးမှာ လုံးဝ မှောင်မည်းနေပြီဖြစ်ကာ သန်းခေါင်ကျော်ပင် ရှိနေပြီဖြစ်သည်။
အချိန်နှောင်းနေပြီဖြစ်သည်ကိုမြင်သောအခါ ယန်ကျင့်ချင်းသည် အရာအားလုံးကို သိမ်းဆည်းလိုက်၏။ နာရီပေါင်းများစွာ တောက်လောင်နေသောမီးကို ငြှိမ်းသတ်ကာ ပြာများကို မီးဖိုချောင်သို့ သယ်သွားလိုက်သည်။ အခန်းထဲမှ လေများ သန့်စင်သွားချိန်တွင် ပြတင်းပေါက်များကို ပိတ်လိုက်ပြီး အသစ်ပြုလုပ်ထားသောလက်ကိုင်တုတ်လေးကို ကျောက်ယန်၏ကုတင်ဘေးတွင် ထားပေးလိုက်သည်။
အရာအားလုံးပြီးစီးသွားသောအခါ ယန်ကျင့်ချင်းသည် သူ၏ကြမ်းပြင်ပေါ်မှ အိပ်ရာတွင် လဲလျောင်းကာ အိပ်စက်လိုက်တော့သည်။
ပင်ပန်းနွမ်းနယ်လှသောနေ့တစ်နေ့ဖြစ်သဖြင့် သူသည် ချက်ချင်းပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
သို့သော် ကျောက်ယန်မှာမူ တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ ခန္ဓာကိုယ်ကို အနည်းငယ်ကြွလိုက်သည်။ သူသည် ကုတင်အစွန်းကို ခဏမျှ စမ်းတဝါးဝါးလုပ်နေပြီးနောက် သူ၏လက်မှာ လက်ကိုင်တုတ်လေးနှင့် ထိတွေ့သွားသည်။ သူ၏ရင်ထဲတွင် နွေးထွေးမှုများ ပြည့်လျှံသွားကာ တိုးညှင်းစွာ ရေရွတ်လိုက်မိ၏။ "ကျေးဇူးတင်ပါတယ်... အစ်ကိုကျင့်ချင်း"
ကယ်တင်ခြင်းခံရရုံသာမက ဤမျှဂရုတစိုက် စောင့်ရှောက်ခံရခြင်းအပေါ် ကျောက်ယန်မှာ အဘယ်ကြောင့်ဟု နားမလည်နိုင်အောင် ဖြစ်နေရသည်။ သူ၏ပြတ်တောင်းပြတ်တောင်း မှတ်ဉာဏ်များထဲတွင် မည်သူကမျှ သူ့ကို ဤမျှ ကောင်းကောင်းမွန်မွန် မဆက်ဆံဖူးပေ။
သူ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာအမာရွတ်များကို သတိရလိုက်သောအခါ ထိုဒဏ်ရာများမှာ သူ ပြန်မမှတ်မိချင်တော့သောကြောက်မက်ဖွယ် အတိတ်တစ်ခု၏သက်သေများအလား ခံစားလိုက်ရသည်။
ယခုအချိန်တွင် သူ ဘာမျှမမှတ်မိသေးသော်လည်း ထိုမှတ်ဉာဏ်များကို ပြန်မရှာရန် အတွင်းစိတ်က သူ့ကို သတိပေးနေသည်။ အရာအားလုံးကို မေ့ပစ်ပြီး ဤပတ်ဝန်းကျင်သစ်တွင် စိတ်နှစ်ထားခြင်းကသာ ပို၍ကောင်းပေလိမ့်မည်။
ထိုအတွေးများမှာ ခဏလေးအတွင်းပင် ပြီးဆုံးသွားခဲ့သည်။ ကျောက်ယန်သည် သူ၏မျက်လုံးများကို အပြည့်အဝဖွင့်နိုင်ပြီဖြစ်ကြောင်း အာရုံခံမိသော်လည်း အမြင်အာရုံကို တစ်စုံတစ်ရာက ကာဆီးထားသကဲ့သို့ ကွယ်နေဆဲဖြစ်သည်။ သူသည် အနားရှိ လူကို အနှောင့်အယှက်မဖြစ်စေရန် အကြီးအကျယ် မလှုပ်ရှားဘဲ ပြန်လည်လဲလျောင်းလိုက်သည်။
ညဉ့်၏အေးမြမှုကို ကျော်ဖြတ်ပြီးနောက် နောက်တစ်နေ့နံနက်တွင် ယန်ကျင့်ချင်းသည် ထုံးစံအတိုင်း စောစောနိုးလာကာ ဆန်ပြုတ်,ပြုတ်လေတော့သည်။
ထိုနေ့တွင် ကျောက်ယန်ကို ယန်ကျင့်ချင်းက ကုတင်ပေါ်မှဆင်းရန် ကူညီပေးခဲ့သည်။
ကျောက်ယန်၏ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုများမှာ ပျောက်ကွယ်သွားပြီဖြစ်ကာ ဒဏ်ရာများလည်း ကောင်းမွန်စွာ ကျက်နေပြီဖြစ်သည်။ သူသည် ကုတင်ပေါ်တွင် လဲလျောင်းနေရန် မလိုတော့ဘဲ စားပွဲတွင် ထိုင်နိုင်ပြီဖြစ်သည်။
ပြတင်းပေါက်မှ တိုက်ခတ်လာသောနံနက်ခင်း လေညင်းလေးကြောင့် သူ၏မျက်လုံးများကို စည်းထားသောအဖြူရောင်ပိတ်စနှင့် ဆံပင်လေးများမှာ အသာအယာ လွင့်ခါနေသည်။
ကျောက်ယန်သည် ဆန်ပြုတ်ပန်းကန်ကို ကိုင်ကာ ဖြည်းဖြည်းချင်း စားနေခဲ့သည်။ ပန်းကန်တစ်ဝက်ခန့်သာ ကုန်သေးသော်လည်း သူက ချထားလိုက်၏။
ယန်ကျင့်ချင်းမှာ ကျောက်ယန်တစ်ယောက် အားနာ၍ မစားဘဲနေမည်ကို စိုးရိမ်မိသည်။ ကြီးထွားဖွံ့ဖြိုးရမည့်အရွယ်ရှိသူတစ်ဦးမှာ ဤမျှအစားနည်းနေခြင်းအား သူ မယုံကြည်နိုင်ပေ။ ခေတ္တမျှ စဉ်းစားပြီးနောက် ဗီရိုထဲမှ သကြားဖြူအချို့ကို ယူလာကာ "ဆန်ပြုတ်က ပေါ့နေလို့လား၊ အရသာ သိပ်မရှိဘူးလား၊ သကြားလေးနည်းနည်း ဖြူးပေးရင်ကော ဘယ်လိုလဲ" ဟု မေးလိုက်သည်။
ကလေးအများစုမှာ သကြားပါသောဆန်ပြုတ်ချိုချိုကို ကြိုက်တတ်ကြသည်။ နာမကျန်းမှုမှ ပြန်လည်ထူထောင်လာသောကျောက်ယန်အတွက် အရသာခံနိုင်စွမ်းအားနည်းနေခြင်းမှာ နားလည်ပေးနိုင်စရာကိစ္စဖြစ်သည်။
ကျောက်ယန်က ထိုစကားကြောင့် ခပ်တိုးတိုး ရယ်မောလိုက်ပြီး အမြန်ခေါင်းယမ်းပြသည်။ "မဟုတ်ပါဘူး... တကယ်ပါ၊ ကျွန်တော် ထပ်မစားနိုင်တော့လို့ပါ"
သို့သော် ယန်ကျင့်ချင်းက လုံးဝမယုံကြည်ပေ။ နောက်ဆုံးတွင် ကျောက်ယန်မှာ သကြားဖြူးထားသောဆန်ပြုတ် နောက်ထပ်ပန်းကန်တစ်ဝက်ကို ထပ်မံစားလိုက်ရ၏။ ထိုအခါမှသာ သူ၏ဗိုက်သည်လည်း အမှန်တကယ် ပြည့်သွားတော့သည်။ သူသည် နံနက်စာကို များများစားလေ့မရှိပေ။
ယန်ကျင့်ချင်း အပြင်သို့ထွက်ကာ ကြက်ခြံကို ပြုပြင်နေစဉ်အတွင်း ကျောက်ယန်မှာ ထိုင်ခုံတွင် ငြိမ်သက်စွာ ထိုင်စောင့်နေခဲ့သည်။
နံနက်ခင်း၏မြေပြင်မှာ စိုစွတ်နေပြီး မြေနီများမှာလည်း နှင်းရည်များကြောင့် အနည်းငယ် စေးကပ်ထိုင်းမှိုင်းနေသည်။
ကျောက်ယန်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ကာ ထိုင်ခုံပေါ်တွင် ငြိမ်သက်စွာ ထိုင်နေသည်က သူ၏စိတ်ဝိညာဉ်မှာ အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိနေသကဲ့သို့ပင်။ သစ်သားအချင်းချင်းထိခိုက်သံများက သူ၏နားထဲတွင် ပဲ့တင်ထပ်နေသည်။ ဤသည်ကား စိတ်ရှည်မှုလိုအပ်သောနူးညံ့သိမ်မွေ့သည့်အလုပ်တစ်ခု ဖြစ်သည်။
မကြာမီပင် နေရောင်ခြည်မှာ ပိုမိုတောက်ပလာရာ ယန်ကျင့်ချင်းက ဝမ်းသာအားရ ပြောလိုက်သည်။ "မင်း နေပူထဲမှာ အချိန်ပိုပေးသင့်တယ်၊ အထဲမှာက အေးလွန်းတယ်၊ အပြင်မှာက နေလို့ပိုကောင်းတယ်"
"ကောင်းပါပြီ" ကျောက်ယန်သည် မနေ့ညက ယန်ကျင့်ချင်း ပြုလုပ်ပေးထားသောလက်ကိုင်တုတ်လေးကိုအားပြုကာ ထရပ်လိုက်သည်။ သူသည် လမ်းလျှောက်ချိန်၌ အလွန်သတိထားလျှက် စမ်းတဝါးဝါး လျှောက်နေမိ၏။
သူ၏နှေးကွေးသောခြေလှမ်းများကိုမြင်သောအခါ ယန်ကျင့်ချင်းက ခေတ္တနား၍ ရှင်းပြပေးလိုက်သည်။ "ယန်မိသားစုရဲ့ဝင်းထဲက အတော်လေး ကျယ်ပါတယ်၊ ဒီမြေကွက်လပ်ကို ရှင်းလင်းပြီးတော့... ခြံဝင်းရဲ့ဘယ်ဘက်မှာ ဟင်းသီးဟင်းရွက်တွေ စိုက်မယ်၊ ညာဘက်မှာတော့ ပန်းတွေစိုက်မယ်လို့ ငါ စီစဉ်ထားတယ်၊ တည့်တည့်လျှောက်သွားရင် ခြံဝင်းရဲ့တံခါးဝကို ရောက်မယ်၊ အဲ့ဒီ တံခါးဝ အပြင်ဘက်ထောင့်မှာတော့ ငါ ရေကန်လေး တစ်ခုလုပ်မလို့လေ၊ ဒါပေမဲ့ အဲ့ဒါကို ခြံခတ်ရမယ်၊ မဟုတ်ရင် အန္တရာယ်များလွန်းတယ်၊ တံခါးကို ကျော်ပြီး နောက်ဘက်ကို ဆက်သွားရင်တော့ ကြက်ခြံကို တွေ့လိမ့်မယ်"
"အင်း..." ကျောက်ယန်သည် ယန်ကျင့်ချင်း၏ ကြီးကျယ်သောစီမံကိန်းများကို စဉ်းစားကြည့်နေမိသည်။ သူ တစ်ယောက်တည်းကပင် ဤအရာအားလုံးကို တကယ်လုပ်ရန် ရည်ရွယ်နေခြင်းလား။
"အစ်ကို ဟင်းသီးဟင်းရွက်တွေ စိုက်ရင် ကျွန်တော် ကူညီနိုင်ပါတယ်" ဟု ကျောက်ယန်က စိတ်ရင်းဖြင့် ကမ်းလှမ်းလိုက်သည်။ သူ တစ်ယောက်တည်းကို အကုန်လုံး မလုပ်စေချင်ပေ။ သူ မျက်စိမမြင်ရသော်လည်း ကူညီပေးနိုင်သည်ဟု ယုံကြည်သည်။
ယန်ကျင့်ချင်းမှာ အလုပ်ကြမ်းလုပ်ရသည်ကို စိတ်မရှိသူဖြစ်ရာ သက်သောင့်သက်သာရှိသောလေသံဖြင့် ပြန်ပြောလိုက်၏။ "အမှန်အတိုင်းပြောရရင် အရင်က ငါ တစ်ယောက်တည်းနေတုန်းက ဒီလောက်အထိ အသေးစိတ် မလုပ်ဖြစ်ခဲ့ဘူး၊ ငါ့အဖေကတော့ ပညာတတ်တစ်ယောက် ဖြစ်စေချင်ခဲ့တာပေါ့လေ၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ အရာရှိလောကကြီးက သူ့ကို ဖျက်ဆီးခဲ့တယ်၊ အခုတော့ ငါ ရိုးရိုးသားသားနဲ့ အေးအေးဆေးဆေး နေထိုင်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ ဆင်းရဲတာကလဲ သူ့ဟာသူ ပျော်စရာတစ်မျိုးပါပဲ၊ ဒါပေမဲ့ အခု မင်းကို တွေ့လိုက်ရတာက ကံကြမ္မာလို့ ခံစားရတယ်" ယန်ကျင့်ချင်းသည် သူ၏ကိုယ်ပိုင်အကြောင်းပြချက်များကြောင့်နှင့် ကျောက်ယန်ကို လက်လွှတ်ရန် အလိုမရှိပေ။ "ငါ မင်းကို အမြဲစောင့်ရှောက်သွားမှာပါ၊ မင်းကိုယ်မင်း ငါ့အဖေရဲ့တတိယမြောက်သားတစ်ယောက်လိုပဲ သဘောထားလိုက်ပါ"
ယန်ကျင့်ချင်းက သူ့ထက် နှစ်,နှစ်ခန့်သာ ကြီးသော်လည်း သူ၏စကားများက ကျောက်ယန်၏ရင်ကို ထိရှစေသည်။ သို့သော် တစ်စုံတစ်ယောက်၏သားဖြစ်ရမည်ဟူသော အချက်မှာ အနည်းငယ် ထူးဆန်းနေသလို ခံစားရသည်။ သဘောတူသည်ဟု တိုက်ရိုက်မပြောဘဲ သူက ဤသို့သာပြန်ဖြေလိုက်၏။ "အင်း... အခုကစပြီး ကျွန်တော်တို့က မိသားစုဝင်တွေပေါ့"
တောင်တန်းများနှင့် ကြည်လင်သောရေပြင်များရှိသည့်ဤကဲ့သို့အေးချမ်းသောနေရာတွင် နေထိုင်ရခြင်းကြောင့် မှတ်ဉာဏ်များမရှိလျှင်ပင် ဘဝမှာ ပျော်စရာကောင်းလှသည်။ သဘာဝပတ်ဝန်းကျင်က စိတ်ကို ကြည်လင်စေပြီး ယန်ကျင့်ချင်းကလည်း ဤအရာကို အခိုင်အမာ ယုံကြည်ထားသည်။
နောင်တွင် သူတို့ မည်သို့နေထိုင်ကြမည်ကိုလည်း သူ ကြိုတင်စီစဉ်ထားပြီးဖြစ်သည်။
-----