Chapter ( 20 )
မီးဖိုချောင်တွင်.......
ဝမ်ချီရှူးသည် သူ၏ တတိယမြောက် ရေခွက်ကို ငှဲ့နေစဉ် လူရိပ်တစ်ခုက နေ့ခင်းဘက် အပူရှိန်နှင့်အတူ ပြေးဝင်လာခဲ့ကာ သူ့လက်မောင်းကို တင်းကျပ်စွာ ကိုင်လိုက်၏။
"ဖေဖေလေး..... ထမင်းစားပြီးရင် ရေတွေ အများကြီး မသောက်ရဘူးလေ"
ပေါ်ယီမင်က စိုးရိမ်ပူပန်မှုအပြည့်ဖြင့် မော့ကြည့်လာကာ "အဲဒီလောက်တောင် ရေဆာနေတာလား"
ဝမ်ချီရှူးက တိုးတိုးလေး ပြန်ပြောလိုက်သည်။ "နည်းနည်းလေးပဲ သောက်တာပါ... ကတိပေးပါတယ်"
ပေါ်ယီမင်က သူ့လက်ကောက်ဝတ်ရှိ နာရီကို လွှဲယမ်းပြရင်း မယုံကြည်နိုင်သည့် မျက်ဝန်းများဖြင့် "သားကို လိမ်နေတုန်းပဲလား"
"တစ်စုံတစ်ယောက်က မင်ဇိုင်ဆီကို စာပို့လိုက်တာပဲ— ဘယ်သူလဲ၊ ဘယ်သူလဲ"
"မဟုတ်ဘူး... မိန်းမလေးက ရေဆာနေရုံတင်ပါ။ သူက ဘာလို့ ဒီလောက်တောင် စိုးရိမ်နေရတာလဲ။ ငါတော့ မတတ်နိုင်တော့ဘူး!"
"ရှောင်ချီက သူ့ဖေဖေက လူကပ်တွယ်တတ်တယ်လို့ ပြောတယ်— မင်ဇိုင်မှာလည်း အဲလိုလူတစ်ယောက် ရှိနေတာ ထင်တယ်၊ ဟဟ"
"ပြီးခဲ့တဲ့တစ်ခေါက်က ငါ့လည်ပင်းမှာ ငါးရိုးစူးတုန်းက ငါ့မိသားစုက ငါ့ဘာသာ ဆေးရုံသွားခိုင်းတာ။ ဒီမှာတော့ ရေအများကြီး သောက်တာတင်ကို ဒီလောက်တောင် ဂရုစိုက်ခံရတယ် (အားကျလိုက်တာ)"
"မိန်းမလေး ဘာဖြစ်နေလဲ မသိဘူး။ အကယ်၍ သူ့အစာအိမ်ကြောင့်ဆိုရင် ထမင်းစားပြီးပြီးချင်း ရေအများကြီး သောက်တာက မကောင်းဘူး"
"ချစ်လေး... ဒီဘက်ကိုလာ! ငါကတော့ မင်ဇိုင်ကတစ်ဆင့် စာတွေ ပို့နေမှာ မဟုတ်ဘူး— ငါဆိုရင် တိုက်ရိုက်ထုတ်လွှင့်မှုကို ဖျက်ဆီးပြီး နင့်ကို အနမ်းတွေ၊ ဖက်လဲတကင်းတွေနဲ့ ပိုးပိုးပန်းပန်း လုပ်မှာ!"
"?"
ဝမ်ချီရှူးသည် ၎င်းမှာ ပေါ်ထင်ယွမ်က ကလေးကို စေခိုင်းလိုက်ခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။ —သူ ဒီနေ့ တစ်နေ့လုံး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေခဲ့တာလား။
သူက ညှိနှိုင်းသည့် လေသံဖြင့် "ကောင်းပြီ... ဖေဖေ စောင့်လိုက်ပါ့မယ်။ နာရီဝက်နေမှ နည်းနည်း ထပ်သောက်မယ်၊ ဟုတ်ပြီလား" ဟု ပြောလိုက်သည်။
ပေါ်ယီမင်က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး လှည့်ကာ ရေခဲသေတ္တာကို အပြေးအလွှား သွားဖွင့်ရင်း "သခွားမွှေးက ကူညီပေးနိုင်မှာပါ၊ ဟုတ်တယ်မလား" ဟု ရေရွတ်လိုက်သည်။
သူက လှီးဖြတ်ထားပြီးသား သခွားမွှေးနှစ်ပြားကို ထုတ်လိုက်ကာ "ဒါကို စားလိုက်— ရေထပ်မသောက်နဲ့တော့"
ဝမ်ချီရှူးက ကလေးငယ်ကို တစ်ပြား ကမ်းပေးလိုက်သည်။
ပုံမှန်အားဖြင့် မျောက်ဝံလေးတစ်ကောင်ကဲ့သို့ ဆော့ကစားတတ်သော်လည်း အရေးကြီးသည့် အခိုက်အတန့်များတွင်မူ အံ့ဩစရာကောင်းလောက်အောင် ရင့်ကျက်မှုကို ပြသတတ်ပေသည်။
ယီမင်က ငြင်းဆန်ခြင်းမရှိပေ။သို့သော် သူ ပထမဆုံးတစ်ကိုက် ကိုက်လိုက်ပြီး ပါးစပ်ထဲတွင် အေးစိမ့်မှုကို ခံစားလိုက်ရချိန်၌ သူသည် သူ့ပါပါးလေး၏ လက်ထဲမှ သခွားမွှေးပြားကို ချက်ချင်း လုယူပစ်လိုက်သည်။
ဝမ်ချီရှူးမှာ လက်ဗလာဖြင့် ကျန်ရစ်ခဲ့ပြီး သူ့ကို ဇဝေဇဝါ ကြည့်လိုက်မိသည်။ "ဟင်"
ပေါ်ယီမင် (မင်ဇိုင်)က ခေါင်းကိုငုံ့ကာ "ဒါက အေးနေတာပဲ။ ဖေဖေလေး စားလို့မရဘူး။ အကယ်လို့ ဖေဖေကြီး သိသွားရင်လည်း ဖေဖေလေးကို ပေးစားမှာ မဟုတ်ဘူး" ဟု ညည်းတွားလိုက်သည်။
ဝမ်ချီရှူးက မရယ်ဘဲ မနေနိုင်တော့ချေ။ "ဒါဆို မင်းက ဖေဖေ့ကို ဒီအတိုင်း ကြည့်နေခိုင်းမလို့လား"
မင်ဇိုင်က သူ့လက်ထဲရှိ သခွားမွှေးနှစ်ပြားကို ကြည့်လိုက်ပြီးနောက် မည်သူမျှ မတားဆီးနိုင်ခင်မှာပင် ၎င်းတို့ကို တစ်ခုပြီးတစ်ခု အမြန် အာလုပ်သွင်း ဝါးမြိုပစ်လိုက်သည်။ထိုနောက် သူက ဗလာဖြစ်သွားသော အခွံနှစ်ခုကို မြှောက်ပြရင်း "ရော့... အကုန်ကုန်သွားပြီ"
ဝမ်ချီရှူး : "?"
ငါတို့ ဘယ်လို လူပြက်မျိုးကို မွေးမြူမိတာလဲ။ အင်း... ဒါက သေချာပေါက် ပေါ်ထင်ယွမ်ဘက်က မျိုးရိုးပဲ ဖြစ်ရမယ်။
"မင်း ဘာလုပ်နေတာလဲ။ အဓိက ရည်ရွယ်ချက်က မင်းရဲ့ ဖေဖေလေး ရေငတ်ပြေအောင် ကူညီပေးဖို့ မဟုတ်ဘူးလား"
"ဂရုစိုက်ချင်ယောင် ဆောင်နေတာ"
ဝမ်ချီရှူးက နောက်ပြောင်လိုက်သည်။ "တကယ်တော့ မင်းရဲ့ ပါးစပ်အတွက်ပဲ မဟုတ်လား ယီမင်?"
ပေါ်ယီမင် : " စိတ်မပူပါနဲ့၊ ဒါပေမယ့် ဖေဖေလေးကတော့ အေးတာတွေကို လုံးဝ စားလို့မရဘူး"
သူ့ဖေဖေလေး၏ နောက်ပြောင်သော အကြည့်အောက်တွင် ပေါ်ယီမင်သည် သခွားမွှေးကို အပြင်တွင် ခဏထားလျှင် အေးတာ လျော့သွားနိုင်သည်ကို နောက်ကျမှ သတိပြုမိသွားခဲ့သည်။
သူ၏ပယင်းရောင် မျက်ဝန်းများက တိတ်တဆိတ် မှေးမှိန်သွားပြီး မည်သည့်အမူအရာမျှ မရှိဘဲ အခွံများကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် စက်ရုပ်တစ်ရုပ်ကဲ့သို့ ရေခဲသေတ္တာဆီသို ပြန်သွားကာ နောက်ထပ်တစ်ပြားကို ထုတ်ယူလိုက်သည်။
ပြန်လာသောအခါ သူက ၎င်းကို သူ့ဖေဖေလေး၏ လက်အနားတွင် ချပေးလိုက်၏။ တစ်ချိန်လုံးတွင် သူသည် မိသားစုအတွင်းရှိ လူကြီးသူမကို အစားအစာ လာရောက်ဆက်သနေသော မျောက်ကလေးတစ်ကောင်နှင့် တူလှသည်။
ဝမ်ချီရှူးက မရယ်ဘဲ မနေနိုင်တော့ဘဲ သူ့ဆံပင်များကို ပွတ်သပ်ပစ်လိုက်သည်။ဤကဲ့သို့ ရှုပ်ယှက်ခတ်သွားပြီးနောက် သူ ရေငတ်နေသည်ကိုပင် မေ့လုနီးပါး ဖြစ်သွားခဲ့သည်။
ပေါ်ယီမင်၏ အနီးကပ် စောင့်ကြည့်မှုအောက်တွင် ဝမ်ချီရှူးသည် သခွားမွှေးလေး အနည်းငယ် အအေးလျော့သွားသည်အထိ စောင့်ဆိုင်းပြီးမှ တစ်ကိုက် ကိုက်လိုက်သည်။
မနက်ခင်းကမှ ဆွတ်ခူးထားခြင်းဖြစ်သဖြင့် အသီးမှာ ကောင်းမွန်စွာ မှည့်ဝင်းနေပြီး ချိုမြိန်လှ၏။
ထိုအချိန်တွင် လူရိပ်အသေးလေးတစ်ခုက ပြေးဝင်လာပြီး ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်သော မှန်ပြတင်းပေါက် အပြင်ဘက်တွင် ပုန်းအောင်းကာ ခိုးကြောင်ခိုးဝှက် ကြည့်နေလေသည်။
ပေါ်ယီမင်က သူမ၏ အရပ်နှင့်ညီအောင် ကုန်းချပေးလိုက်ပြီး "ညီမလေး? သခွားမွှေး စားချင်လို့လား"
ထိုနောက် သူက သူမကို ပွေ့ချီရန် ကြိုးစားလိုက်သည်။သို့သော် ရုံရုံက ပွေ့ချီခံရခြင်းကို မကြိုက်သဖြင့် ရှက်ကိုးရှက်ကန်းဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ သူမ ဦးလေးဆီသို့ ပြေးသွားခဲ့သည်။
"မရှက်ပါနဲ့ ရုံရုံရဲ့။ ကိုကိုက ညီမလေးကို ချီချင်လို့ပါ " ဟု ဝမ်ချီရှူးက ပြောလိုက်ပြီး "ယီမင်... ရုံရုံအတွက် သခွားမွှေးလေး ပြင်ပေးလိုက်ဦး"
ရုံရုံက ခေါင်းကိုခါယမ်းလိုက်ရာ သူမ၏ ကျစ်ဆံမြီးလေးများက ဝဲခါသွားပြီး သူမဦးလေး၏အကျီကို လက်ကလေးဖြင့် တင်းကျပ်စွာ ဆွဲကိုင်လိုက်ကာ "ဦးဦး... သမီးတို့ ငါးသွားမျှားမလို့— အတူတူလိုက်မလား?"
သူမက သူ့ကို ငါးမျှားရန် ဖိတ်ခေါ်နေခြင်း ဖြစ်သည်။ ဝမ်ချီရှူးက ခေါင်းညိတ်လိုက်ပြီး သခွားမွှေးကို အမြန် ကုန်အောင် စားလိုက်သည်။
ထိုအခိုက်တွင် ရှင်းရှင်းသည် မီးဖိုချောင်တံခါးဝဆီသို့ အမောတကော ပြေးဝင်လာပြီး သူ၏ပိန်လှီသော လက်မောင်းများကို ဒူးပေါ်တွင် ထောက်ကာ သူ၏နက်မှောင်သော မျက်ဝန်းများဖြင့် ပေါ်ယီမင်ကို ကြည့်လိုက်သည်။ "ဦးလေးကျိုးက ပြောတယ်—"
"အော်! ငါ မေ့သွားတယ်" ပေါ်ယီမင်က ရှက်ကိုးရှက်ကန်းဖြင့် လျှာထုတ်ပြကာ အပြင်သို့ ပြေးထွက်ရန် ပြင်လိုက်သည်။ "ဖေဖေလေး..... သား ဦးဦးတို့နဲ့အတူ ဘဲသွားဖမ်းလိုက်ဦးမယ်။ ဖေဖေလေးက ငါးမျှားသွားလိုက်နော်၊ ဟုတ်ပြီလား"
ထိုသို့ပြောပြီးနောက် သူက နောက်ပြန်လှည့်လာကာ ရုံရုံ၏ရှေ့တွင် စောင်း၍ တည်ကြည်စွာ ပြောလိုက်သည်။ "မင်းမှာ ဖေဖေလေးကို စောင့်ရှောက်ဖို့ တာဝန်ရှိတယ်နော်၊ ဟုတ်ပြီလား"
ဝမ်ချီရှူးက သူ့နားရွက်ကို အသာအယာ ဆွဲလိမ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဖေဖေက ကလေးမဟုတ်ပါဘူးနော်"
အစောပိုင်းက ရှက်ကြောက်နေခဲ့သော ရုံရုံသည် ယခုအခါတွင်မူ မျက်ဝန်းများတွင် တည်ကြည်မှုများ ယှက်သန်းသွားပြီး ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့ ကိုကို"
သူမ၏ လက်ချောင်းလေးများသည် သူမဦးလေး၏ အကျီကို တင်းကျပ်စွာ ဆွဲကိုင်ထားဆဲ ဖြစ်သည်။
"ငါ့ယောကျာ်းက အရမ်းကို ချိုသာလွန်းလို့ ငါ့ကို သတ်နေတာပဲ"
"ငါ့မှာသာ ဒီလို ယောကျာ်းမျိုး ရှိရင် သူ ရေအများကြီး သောက်မှာကိုလည်း ငါ စိုးရိမ်နေမိမှာပဲ! အတိအကျပဲ"
"မင်ဇိုင်ရဲ့ဖေဖေကြီး : ငါ အသက်ရှင်နေသရွေ့တော့ နင်တို့ သူ့ကို ဘယ်တော့မှ ရမှာမဟုတ်ဘူး!"
ထို့နောက် ပေါ်ယီမင်သည် ထွက်ခွာသွားပြီး ရှင်းရှင်း၏လက်ကို ဆွဲကာ အပြင်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။
"သွားစို့! ဘဲဖမ်းမယ့် အချိန်ရောက်ပြီ!"
အစီအစဉ်ထဲသို ဝင်ရောက်ပြီး ပေါ်ယီမင်နှင့် ဆုံတွေ့ကတည်းက ရှင်းရှင်းသည် သူ့လက်ကို အဆွဲခံရသည့် အကြိမ်အရေအတွက်ကို မမှတ်မိတော့ချေ။
အစောပိုင်းက ပေါ်ယီမင်က ရုံရုံကို "ညီမလေး" ဟု သဘာဝကျကျ ခေါ်ဆိုလိုက်သည်ကို ကြားခဲ့ရသဖြင့် ဤလူသည် ဦးလေးများ၊ အန်တီများ၊ ညီမလေးများနှင့် မောင်လေးများ အားလုံးနှင့် မည်ကဲ့သို့ ဤမျှ ရင်းနှီးအောင် လုပ်နိုင်ရသနည်းဟူ၍ သူ နားမလည်နိုင် ဖြစ်နေရသည်။
ရှင်းရှင်းသည်လည်း အခြားလူများကို လှမ်းခေါ်သင့်သည်ဟု ခံစားရသော်လည်း အနည်းငယ် အဆင်မပြေဖြစ်နေခဲ့သည်။
သူသည် မသိစိတ်ဖြင့် ပြေးနေသော ကိုကို့ကို မော့ကြည့်လိုက်မိရာ ပေါ်ယီမင်က ခေါင်းလှည့်ကြည့်လာပြီး တောက်ပလွန်းလှသော အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်သည်။
"ရှင်းရှင်းက မင်ဇိုင်ကို ခိုးခိုးကြည့်နေတာ ငါတစ်ယောက်တည်းပဲ ထင်နေတာလား"
"တောက်ပပြီး ချောမောတဲ့ ကိုကိုနဲ့ တစ်ကိုယ်တည်းနေတတ်ပြီး ဝမ်းနည်းတတ်တဲ့ မောင်လေး! သူတို့က သေးငယ်လွန်းလို့ ဖိနပ်တစ်ဖက်တည်းထဲ ထည့်လို့ရတဲ့ အရွယ်မျိုးသာ မဟုတ်ရင် ငါ သူတို့ကို သေချာပေါက် သင်္ဘောတင် (Ship) မိမှာပဲ"
"စိတ်ကို ထိန်းစမ်းပါ ညီမလေးရယ်။ ငါ တစ်နေ့လုံး အောင့်ထားရတာ"
"အစ်မကြီးတွေက ခိုးပြီး သင်္ဘောတင်နေကြပြီဆိုမှတော့ ငါ့ကိုလည်း ထည့်လိုက်ကြပါဦး"
သူတို့ ရောက်ရှိလာသောအခါ ကျိုးရွှီသည် ရှောင်ချီနှင့် စကားပြောနေသဖြင့် ရှင်းရှင်းက နောက်ဆုံးတွင် "မင်းက ဘာလို့ ဒီအစီအစဉ်ကို လာတာလဲ" ဟု ဖွင့်ဟမေးလိုက်သည်။
သူသိသလောက်မူ ဤအစီအစဉ်သည် အနုပညာရှင် မိဘများက သူတို့၏ ကလေးများကို ခေါ်ဆောင်လာကြခြင်း ဖြစ်သည်။ ယီမင်နှင့် သူ့ဖခင်သာလျှင် ဖျော်ဖြေရေးလောကမှ မဟုတ်ကြချေ။
ပေါ်ယီမင်က အနားသို့ တိုးကပ်လာပြီး နောက်ပြောင်သော အပြုံးဖြင့် "ရှင်းရှင်း... မင်း ငါ့ကို အရင်ဆုံး 'ကိုကို' လို့ ခေါ်ရမယ်၊ ဒါဆိုရင် ငါ မင်းကို ပြောပြမယ်" ဟု ဆိုသည်။
ရှင်းရှင်းက မျက်မှောင်ကုတ်လိုက်၏ — တကယ့် လူအပဲ! သို့သော် သူက တကယ်ပဲ သိချင်နေသဖြင့် တိုးတိုးလေး ညည်းတွားလိုက်သည်။
"ဘာကြီးလဲ" ပေါ်ယီမင်က သူ့နားကို လက်ဖြင့်အုပ်လိုက်သည်။ "မကြားရဘူး။ နောက်တစ်ခေါက် အမြန် ပြန်ပြောဦး!"
ရှင်းရှင်းက မလိုလားသော်လည်း ထပ်မံ၍ တိုးတိုးလေး ပြောလိုက်ရသည်။ "ကိုကို ယီမင်"
ပေါ်ယီမင်သည် ပျော်ရွှင်လွန်းသဖြင့် ခုန်ပေါက်နေတော့သည်။ "အိုး! ဒါက အရမ်းကောင်းတာပဲ! ရှင်းရှင်းက ငါ့ကို ကိုကိုလို့ ခေါ်ပြီ!"
ရှင်းရှင်းက စွမ်းအင်အပြည့်ရှိနေသော ကိုကို့ကို ဆွဲလိုက်ပြီး "ကိုကို ကျွန်တော့်ကို မပြောရသေးဘူးလေ"
ပေါ်ယီမင်က ပွင့်ပွင့်လင်းလင်း ရှင်းပြလိုက်သည်။ "ဘာလို့လဲဆိုတော့ ငါက ကြယ်ပွင့်ကြီး တစ်ယောက် ဖြစ်ချင်လို့လေ။ အစတုန်းကတော့ ငါက အရည်အချင်းပြိုင်ပွဲတစ်ခုကို ဝင်ချင်တာ၊ ဒါပေမယ့် ငါ့ရဲ့ ဖေဖေနှစ်ယောက်လုံးက သဘောမတူကြဘူး။ နောက်တော့ ငါ့ရဲ့ ဖေဖေလေးက ငါတို့နှစ်ယောက်လုံးကို ဒီအစီအစဉ်အတွက် စာရင်းပေးလိုက်တာ။ သူက ပြောတယ်... အကယ်လို့ ငါ ရွေးချယ်ခံရရင် ငါတို့ အတူတူ လာကြမယ်၊ အကယ်လို့ မရွေးချယ်ခံရရင်..." သူက ပခုံးတွန့်ပြလိုက်သည်။
"သူတို့က ငါ့အတွက် အင်္ဂလိပ်စာ ကျူရှင်ဆရာတစ်ယောက် ငှားပေးမှာ ထင်တယ်"
"မင်းရဲ့ ဖေဖေလေးက မင်းကို စာရင်းပေးလိုက်တာလား။ တကယ့်ကို အကောင်းဆုံး ဖေဖေပဲ!"
"ဒီအစီအစဉ်ကို ကြည့်ရတာ... တစ်မိနစ်ကျရင် ငါ့မှာ မိန်းမတစ်ယောက် လိုအပ်နေသလို ခံစားရပြီး နောက်တစ်မိနစ်ကျရင် ဖေဖေလေးတစ်ယောက် လိုအပ်နေသလို ခံစားရတယ်— စိတ်ကူးကို သေချာပြင်စမ်းပါ အစီအစဉ်ရယ်!"
"ဘုရားသခင်... မင်ဇိုင်ရာ၊ မင်းက တကယ်ပဲ မင်းကိုယ်မင်း ရွေးချယ်ခံရတာလို့ ထင်နေတာလား"
"ငါသာ မင်ဇိုင်ရဲ့ ယုံကြည်မှုမျိုး နည်းနည်းလောက် ရှိရင် ကောင်းမှာပဲ!"
"မင်ဇိုင်... အရည်အချင်းပြိုင်ပွဲကို မေ့လိုက်စမ်းပါ— မင်းရဲ့ ဖေဖေလေးကိုပဲ စင်ပေါ်လွှတ်လိုက်ပါ! သူသာ စင်ပေါ်တက်သွားရင် လူတိုင်းကို မှင်သက်သွားစေမှာ သေချာတယ်!"
ရှင်းရှင်းက မျက်မှောင်ကုတ်ကာ သူ့ကို ထူးဆန်းသလို စိုက်ကြည့်နေခဲ့သည်။
ပေါ်ယီမင်က သူ့လက်ကို ဆွဲကိုင်ကာ ပြုံးလျက် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။ မင်းက ငါ အစီအစဉ်ကို သွားသင့်တယ်လို့ ထင်လို့လား။ ငါ သေချာပေါက် နာမည်ကြီးလာမယ်လို့ ထင်လို့လား?!"
ရှင်းရှင်းက ခေါင်းခါပြလိုက်ပြီး လုံးဝ မသက်ဆိုင်သော မေးခွန်းတစ်ခုကိုသာ မေးလိုက်သည်။ "ဒါပေမယ့် မင်းက ကပြား မဟုတ်ဘူးလား။ အင်္ဂလိပ်စာအတွက် အကူအညီ လိုသေးလို့လား"
ပေါ်ယီမင်က ခြေဆောင့်ရင်း ညည်းတွားလိုက်သည်။ "အင်္ဂလိပ်စာမှာ ရေးရမယ့် စာလုံးတွေ အများကြီး ရှိတာပဲ! အဲဒါက အရမ်းခက်တယ်!"
ရှင်းရှင်းမှာမူ စကားမဲ့စွာဖြင့်သာ စိုက်ကြည့်နေမိတော့သည်။