Chapter ( 10 )
ပေါ်ယီမင်၏ အဝတ်လဲခန်းအတွင်းတွင်......
ဝမ်ချီရှူးသည် ဆိုဖာပေါ်တွင်မှီ၍ နူးညံ့သော ခေါင်းအုံးကို ပွေ့ဖက်ထားရင်း သူ့သားက မော်ဒယ်တစ်ဦးကဲ့သို့ ကိုယ်ဟန်ပြကာ ဝတ်စုံအမျိုးမျိုးဖြင့် ထွက်လာသည်ကို ကြည့်နေလေသည်။
ငါးပေခန့်သာရှိသော ကောင်လေးက မော်ဒယ်လ် လုပ်နေခြင်းဖြစ်သည်။ သူကသာ ချောမောလှပမနေပါက အလှပြင်နေသော မျောက်တစ်ကောင်နှင့် တူပေလိမ့်မည်။
"ဖေဖေလေး......ကျွန်တော် မြင်းစီးတာကို ရိုက်ကူးရင် ဘယ်လိုလဲ"
"ဒါမှမဟုတ် ကျောက်တောင်တက်တာကော"
"နှင်းလျှောစီးတာကော ဘယ်လိုလဲ။ အင်း... ဒါပေမယ့် အခုကတော့ အိမ်တွင်းကွင်းကိုပဲ သွားရမှာပေါ့"
သုံးမိနစ်လျှင် တစ်မျိုး အကြံသစ်များ ထွက်ပေါ်နေခဲ့သည်။
ကောင်လေးက သူ့ဘေးသို့ တိုးလာသောအခါ ဝမ်ချီရှူးက သူ့၏ ထောင်ထောင်ဆံပင်တိုများကို ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။
"မင်း နေရာကို အေးအေးဆေးဆေး ဆုံးဖြတ်လို့ရပါတယ်။ဖေဖေမှာတော့ ဘာမှ ထွေထွေထူးထူး သဘောထားမရှိပါဘူး။ ဒါပေမယ့် ဖေဖေက မင်းနဲ့အတူ နှင်းလျှောမစီးနိုင်ဘူး။ တောင်မတက်နိုင်ဘူး။ မြင်းမစီးနိုင်ဘူး။ ဘေးကနေပဲ ကြည့်နေရမှာ။ အဲဒါက မင်းကို ဝမ်းနည်းစေမှာလား"
ပေါ်ယီမင်က ဒူးထောက်ကာ သူ့ဖေဖေလေး၏ ရင်ခွင်ထဲသို့ တိုးဝင်ပြီး နူးညံ့သော ကတ္တီပါညအိပ်ဝတ်စုံကို မှီ၍ ခေါင်းခါပြလိုက်သည်။ "ဒါပေါ့... မဟုတ်ရပါဘူး!"
ဝမ်ချီရှူးက သူ့ဦးခေါင်းထိပ်ရှိ ဆံပင်ဝဲလေးကို ပွတ်သပ်ပေးလိုက်သည်။ "လစာရတဲ့အခါ ဖေဖေက မင်းကို လက်ဆောင်တစ်ခု ပေးရင်ကော။ မင်း ဘာလိုချင်လဲ"
ပေါ်ယီမင်သည် သူ့ဖေဖေလေးက တစ်ခါမျှ ပိုက်ဆံမရှာဖူးကြောင်း သိထားပေရာ ဤပထမဆုံး လစာက တကယ်ကို ထူးခြားလှသည်။ "ဒါဆို ကျွန်တော် သေသေချာချာ စဉ်းစားရမယ်"
ဝမ်ချီရှူးက သက်ပြင်းကို ညင်သာစွာ ချလိုက်သည်။ "ဖေဖေလည်း သေသေချာချာ စဉ်းစားရမယ်။မေမေနဲ့ ဖေဖေ၊ အစ်ကိုနဲ့ တခြားလူတိုင်းအတွက်လည်း လက်ဆောင်တွေ ဝယ်ပေးရဦးမှာ"
ပေါ်ယီမင်က မေးလိုက်သည်။ "အဘိုးနဲ့ အဘွားက ကျွန်တော်တို့ ရှိုးမှာ ပါဝင်မှာကို သိကြလား"
သူ့ဖေဖေလေးက ပြုံးပြီး ခေါင်းညိတ်ပြသည်ကို မြင်သောအခါ သူက မျက်လုံးအဝိုင်းသားဖြင့် မေးလိုက်သည်။ "သူတို့ သိသွားရင် အံ့သြသွားကြမလား"
"ဖြစ်နိုင်တာပေါ့"
ဝမ်ချီရှူးက သူ့သားကို ပွေ့ဖက်ကာ ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး သမ်းဝေရင်း ဖြည့်စွက်ပြောလိုက်သည်။ "သူတို့ အရမ်းကြီး မအံ့သြဖို့ မျှော်လင့်ရတာပဲ"
သူ့တွင် နိုးထလာပုံရသော နောက်ပြောင်တတ်ပြီး တက်ကြွသည့် အသွင်အပြင်တစ်ခု ရှိနေပေသည်။တစ်ခါတစ်ရံတွင် သူသည်လည်း သူ့သားနှင့် သူငယ်ချင်းကောင်းများ ဖြစ်လာကာ နောက်ပိုင်းတွင် အမှားများမလုပ်မိစေရန် သူ့အတွေးအခေါ်ကို လမ်းညွှန်ပေးချင်မိသည်။
"မင်းတို့နှစ်ယောက် ဘာတွေပြောနေကြတာလဲ"
ပေါ်ထင်ယွမ်၏ သြဇာညောင်းသောအသံက အခန်းတွင်းသို့ ဖြတ်သန်းဝင်ရောက်လာရာ ဆိုဖာပေါ်ရှိ သားအဖနှစ်ဦးစလုံးက တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။
ပေါ်ယီမင်သည် ကော်ဇောပေါ်တွင် ဒူးတစ်ဖက်ထောက်ကာ သူ့ "ဖေဖေလေး" ၏ ရင်ခွင်ကို မှီထားရင်း ပျော်ရွှင်စွာဖြင့် ဝင်ပြောလိုက်သည်။
“ဖေဖေကြီး... ဖေဖေလေးက ရှိုးကရတဲ့ လစာနဲ့ လက်ဆောင်တွေဝယ်ဖို့ စဉ်းစားနေတာ"
ဝမ်ချီရှူးလည်း မော့ကြည့်လိုက်သည်။တစ်ဖန် သူသည် အနက်ရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး မီးခိုးရောင်စင်း အနက်ရောင်နက်ကတိုင်ကို ဆင်မြန်းထားပေသည်။ ရှပ်အင်္ကျီကြယ်သီးများကို လည်ပင်းအထိ တင်းကျပ်စွာ တပ်ထားရာ မုန်တိုင်းတိမ်တိုက်များမှ ပုံဖော်ထားသည့် အမျိုးသားတစ်ဦးကဲ့သို့ မှိုင်းညှို့ပြီး ပြင်းထန်လှ၏။
မျက်မှန်နောက်ကွယ်မှ သူ၏ မြစိမ်းရောင် မျက်ဝန်းများသည် မုန်တိုင်းထန်နေသော ကောင်းကင်အောက်ရှိ မှောင်မိုက်သော တောအုပ်တစ်ခုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်ပြီး အတိုင်းအဆမရှိပေ။
ပေါ်ထင်ယွမ်သည် ဆိုဖာပေါ်တွင် လှဲနေသောသူကို ထိန်းချုပ်ထားသည့် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ပြီးမှ သူ့သား၏ မျက်နှာဆီသို့ အကြည့်ကို ရွှေ့ကာ စိတ်ရှည်စွာ မေးလိုက်သည်။
"ဘယ်သူ့အတွက် လက်ဆောင်လဲ"
ဝမ်ချီရှူးသည် သူ၏အကြည့်ကို သတိမပြုမိသလို မျက်လုံးများကို နှိမ့်ကာ မတ်တတ်ရပ်လိုက်ပြီး သူ၏ဆံနွယ်ရှည်များကို ပုခုံးနောက်သို့ သပ်ချလိုက်သည်။
ထိုအပိုအကြည့်က စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်လိမ့်မည်။
ပေါ်ယီမင်က မတ်တတ်ရပ်လိုက်ကာ "ဖေဖေလေးက ကျွန်တော့်အတွက်၊ အဘိုးနဲ့ အဘွားအတွက်၊ ပြီးတော့ ဦးဦးအတွက် လက်ဆောင်ပေးချင်တာတဲ့"
ပေါ်ထင်ယွမ်သည် အိမ်စီးဖိနပ်ကို စီးနေသောသူကိုကြည့်ကာ အသံကို ဆွဲလိုက်သည်။ "အော်?"
ဝမ်ချီရှူးသည် သူ့ဝတ်စုံကို ပြင်လိုက်စဉ်မှာပင် နက်မှောင်သော အရိပ်တစ်ခုက သူ့အနားသို့ ချဉ်းကပ်လာနေပြီဖြစ်သည်ကို တွေ့လိုက်ရပြီးနောက် စကားတစ်လုံးမျှ မဆိုဘဲ သူ့ကို ပွေ့ချီလိုက်တော့သည်။
ဝမ်ချီရှူး အနည်းငယ် ယိမ်းထိုးသွားပြီး မသိစိတ်မှ ပေါ်ထင်ယွမ်၏ ညာဘက်ပုခုံးပေါ်သို့ လက်တစ်ဖက် တင်လိုက်မိကာ ထိုမြစိမ်းရောင် မျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရ၏။
သို့သော် ပေါ်ထင်ယွမ်က သူတို့သားကိုသာ စကားပြောနေခဲ့သည်။ "ယီမင်... မနက်ဖြန် အဲလ်ဘတ်က မင်းအတွက် အဝတ်အစားတွေ ထပ်ပို့ပေးလိမ့်မယ်။ အဲဒီကျရင် ပြန်ရွေးလို့ ရတယ်"
"မိုက်တယ်" ဟု ပေါ်ယီမင်က ပြန်ဖြေလိုက်သည်။ သူ့တွင် သင့်တော်သော ဝတ်စုံမရှိမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။၎င်းသည် မိတ်ဆက်ရိုက်ကူးရေးမျှသာ ဖြစ်သော်လည်း သူသည် ခမ်းနားစွာ ပွဲထွက်ချင်ပေသည်။
ဝမ်ချီရှူးက ခေါင်းငုံ့ကာ တွေးမိ၏။ အော်... သူက သူ့သားအပေါ် ကောင်းဖို့တော့ သတိရသားပဲ။
သို့သော် သူ့ခန္ဓာကိုယ်က အားနည်းနေဆဲဖြစ်ပြီး သူ ပုံမှန်အိပ်ချိန်သို့ ချဉ်းကပ်လာသည်နှင့်အမျှ ပင်ပန်းနွမ်းနယ်မှုက သူ့ကို လွှမ်းမိုးလာကာ မအောင့်နိုင်ဘဲ ညင်သာစွာ သမ်းဝေမိတော့သည်။
၎င်းကို သတိပြုမိသဖြင့် ပေါ်ထင်ယွမ်သည် နောက်ဆုံး ညွှန်ကြားချက်တစ်ခု ပေးပြီးနောက် သူ့ကို အခန်းထဲမှ ပွေ့ချီထွက်ခွာလာခဲ့သည်။
စင်္ကြံလမ်းက သေလောက်အောင် တိတ်ဆိတ်နေ၏။
ကော်ဇောက ထူထဲသော်လည်း ခြေသံတိုးတိုးကိုမူ ကြားနေရဆဲ ဖြစ်သည်။ ပေါ်ထင်ယွမ်၏ လက်မောင်းများနှင့် ရင်ခွင်က အလွန်နွေးထွေးပြီး တည်ငြိမ်လွန်းသဖြင့် ဝမ်ချီရှူးသည် လုံးဝ စိတ်အေးလက်အေး ဖြစ်သွားရကာ စည်းချက်ကျသော လှုပ်ရှားမှုကြောင့် ငိုက်မြည်းလာခဲ့သည်။
သူတို့ ကုတင်ဆီသို့ ရောက်ရှိချိန်တွင် ဝမ်ချီရှူး၏ သမ်းဝေမှုကြောင့် သူ့မျက်ဝန်းများက အနည်းငယ် စိုစွတ်နေပြီး မျက်တောင်များတွင် အိပ်ချင်မူးတူး မျက်ရည်စများ တောက်ပနေခဲ့သည်။
ပေါ်ထင်ယွမ်က စောင်ကို ပြင်ပေးလိုက်ပြီးနောက် ကုတင်ခေါင်းရင်းတွင် လက်တစ်ဖက်ဖြင့် ထောက်ကာ ဝမ်ချီရှူး၏ နုနယ်သော နှလုံးသားပုံသဏ္ဌာန် မျက်နှာပေါ်တွင် နီမြန်းနေသော ပါးပြင်လေးများကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။
မှေးစင်းနေသော မျက်ခွံများကြားမှ ဝမ်ချီရှူးသည် ပေါ်ထင်ယွမ်၏ နှုတ်ခမ်းများ လှုပ်ရှားသွားသည်ကို မြင်လိုက်ရသည်ဟု ထင်မိသည်။ထိုကြောင့် အိပ်စက်ခြင်းကို အားယူကာ သူက ဝေဝေဝါးဝါး ရေရွတ်လိုက်၏။
"ဘာလဲဟင်..."
ပေါ်ထင်ယွမ်သည် သူ နက်ရှိုင်းစွာ အိပ်ပျော်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။
သူ၏ နုနယ်သော နှလုံးသားပုံသဏ္ဌာန် မျက်နှာလေးသည် အိပ်ပျော်နေစဉ်တွင် မျှော်လင့်မထားဘဲ စွဲမက်ဖွယ်ကောင်းသော ဆွဲဆောင်မှုကို ဆောင်နေခဲ့၏။
လက်ကိုမြှောက်ကာ ပေါ်ထင်ယွမ်သည် ဝမ်ချီရှူး၏ မျက်ခွံများမှတစ်ဆင့် မျက်တွန်းထောင့်များဆီသို့ သူ၏ လက်မဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး အိပ်ချင်မူးတူး မျက်ရည်စများဖြင့် တောက်ပနေသော မျက်တောင်များကို ဖြည်းညှင်းစွာ သပ်တင်ပေးလိုက်သည်။ ထို့နောက် အသံတိုးတိုးဖြင့် ပြင်သစ်လို ရေရွတ်လိုက်၏။
"ကိုယ့်အတွက်ကော လက်ဆောင်မရှိဘူးလား "
..........
ပြောင်လက်နေသော အနက်ရောင် ဇိမ်ခံကား သုံးစီးသည် အနောက်ဘက် ဆင်ခြေဖုံးရပ်ကွက်ဆီသို့ ဦးတည်မောင်းနှင်လာပြီး ယုံနင်ကျောင်းတော်၏ ဘေးတံခါးဝတွင် ဆိုက်ရောက်ရပ်တန့်သွားခဲ့သည်။
ကျောင်းတော်အပြင်ဘက်တွင် မီးခိုးပြာရောင် သင်္ကန်းများကို ဝတ်ဆင်ထားသည့် ရဟန်းနှစ်ပါးက မတ်တတ်ရပ်နေ၏။
သက်တော်စောင့်တစ်ဦးက အလယ်ကား၏ နောက်တံခါးကို ဖွင့်ပေးလိုက်သည့်အခါ ပေါ်ထင်ယွမ်သည် အနက်ရောင် နှာခေါင်းစည်းကို တပ်ဆင်ထားပြီး သူ၏ အရပ်ရှည်ရှည် ကိုယ်ထည်ကြီးကို ကားထဲမှ လျှောက်ထွက်လာခဲ့သည်။
ထွက်လာပြီးနောက် သူသည် ဝတ်စုံ၏ ရင်ဘတ်ကော်လာကို ပြင်လိုက်ပြီး စိတ်ကို တည်ငြိမ်စေကာ လက်အုပ်ချီလိုက်သည်။ ထို့နောက် အနားသို့ ကြွလာသော ရဟန်းတော်များကို အနည်းငယ် ဦးညွှတ် ဂါရဝပြုလိုက်၏။
ထိုရဟန်းတော်များထဲမှ တစ်ပါးမှာ ကျောင်းထိုင်ဆရာတော် ဖြစ်သည်။
လှေကားထစ်များပေါ်တွင် ရပ်နေရင်း ဆရာတော်သည် ထိုအမျိုးသား၏ ထူးခြားသော ရုပ်ရည်သွင်ပြင် ထူထဲသော မျက်ခုံးများနှင့် မြစိမ်းရောင် မျက်ဝန်းများကို ကြည့်ကာ စိပ်ပုတီးကို ကိုင်လျက် တုံ့ပြန် နှုတ်ဆက်တော်မူသည်။
"ဒကာကြီး မစ္စတာပေါ်... ကြွပါ၊ ဒီဘက်ကို ကြွပါ"
ပေါ်ထင်ယွမ်နှင့် ဆရာတော်တို့က ကျောင်းတော်ထဲသို့ အရင်ဆုံး ဝင်ရောက်သွားကြပြီး သက်တော်စောင့်အချို့က နောက်မှ လိုက်ပါလာကြသည်။
ရာစုနှစ်ပေါင်းများစွာ သမိုင်းကြောင်းရှိခဲ့သော ယုံနင်ကျောင်းတော်သည် အရွယ်အစားအားဖြင့် သိပ်မကြီးမားသော်လည်း ထူးခြားသော သစ်သားဗိသုကာ လက်ရာများ ရှိပေသည်။
ကျောင်းတော်တွင် ဝါးရောင်အမိုးပြားများနှင့် ကြက်သွေးရောင် နံရံများ ရှိပြီး ၎င်း၏ တည်ဆောက်ပုံက အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှသည်။ အတွင်းဘက်တွင် အနုစိတ် ထုဆစ်ထားသော ထုတ်တန်းများနှင့် ယွန်းသုတ်ထားသော တိုင်လုံးကြီးများ ရှိသည့်အပြင် ကြည်ညိုဖွယ်ရာ ဗုဒ္ဓဆင်းတုတော်များစွာလည်း ရှိပေသည်။
ပင်မဝင်ပေါက်တွင် တောင်ပိုင်းဆောင်းမင်းဆက် (Southern Song Dynasty) ကတည်းက စိုက်ပျိုးခဲ့သော စံပယ်ပင်ကြီးတစ်ပင်ပင်လျှင် ရှိနေလေသည်။
ရင်ပြင်၏ အလယ်ဗဟိုတွင် ခြေလေးချောင်းပါသော အမွှေးတိုင်အိုးကြီး တစ်ခုရှိပြီး ထိုနေရာတွင် ဒေသခံ ဝတ်ပြုဆုတောင်းသူများက မီးခိုးတလူလူ ထွက်နေသော အမွှေးတိုင်များကို ကိုင်ကာ ဆုတောင်းနေကြသည်။
ထင်းရှူးပင်များနှင့် ဆိုက်ပရပ်စ်ပင်များ၏ အရိပ်အောက်တွင် ဆရာတော်က ပေါ်ထင်ယွမ်ကို ဘေးဆောင်တစ်ခုထဲသို့ လမ်းညွှန်ခေါ်ဆောင်သွားခဲ့ပြီး သက်တော်စောင့်နှစ်ဦးကမူ သစ်သားတံခါးအပြင်ဘက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းကျန်ရစ်ခဲ့သည်။