Chapter 9
Viewers 64

Chapter ( 9 )

ဇိုင်ဇိုင်... စူပါမန်းလေး ရိုက်ကူးရေးအဖွဲ့တွင်......


သာမန်အရပ်သား မိဘနှင့်ကလေး အတွဲကို ရွေးချယ်ရန် တာဝန်ယူထားသည့် အဖွဲ့ငယ်လေးသည် ထုတ်လုပ်သူသဘောကျမည့် ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကိုပင် ရှာမတွေ့ဘဲ လတစ်ဝက်ခန့် အချိန်ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။


ရှိုး၏ ရိုက်ကူးရေးရက်စွဲက နီးကပ်လာနေပြီဖြစ်ရာ လူတိုင်း၏ မျက်နှာပေါ်တွင် သောကရိပ်များ ယှက်သန်းနေကြ၏။


သာမန်မိဘနှင့်ကလေးအတွဲကို ရှာဖွေရခြင်းက အနုပညာရှင် အကျော်အမော်များကို ဖိတ်ခေါ်ရခြင်းထက် ပို၍ ခေါင်းခဲရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။


အဖွဲ့အစည်းအဝေးတစ်ခုအတွင်း တစ်ဦးက လူမှုကွန်ရက်စာမျက်နှာကြီးများပေါ်ရှိ အတွေ့အကြုံမရှိသေးသော ကလေးအကောင့်ငယ်လေးများကို တိုက်ရိုက် ဆက်သွယ်ရန် အကြံပြုခဲ့သည်။


ထုတ်လုပ်သူက ထိုအကြံပြုချက်ကို ပယ်ချလိုက်ပြီး သူတို့ကို မြင်လိုက်သည်နှင့် "ဝါး..." ခနဲ ဖြစ်သွားစေမည့် မိဘနှင့်ကလေးအစုံကိုသာ လိုချင်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။


ဝန်ထမ်းတစ်ဦးက မအောင့်နိုင်တော့ဘဲ လူသိရှင်ကြား ညည်းတွားမိတော့၏။ "ဒီဘက်ခေတ်မှာ လူတွေကို 'ဝါး...' ခနဲ ဖြစ်သွားအောင် လုပ်နိုင်တဲ့သူမှန်သမျှ ပလတ်ဖောင်းအမျိုးမျိုးမှာ နာမည်ကြီးနေကြပြီပဲ။ ဘယ်သူက ငါတို့ကို လာစောင့်နေမှာလဲ"


စားပွဲအစွန်းဆုံးတွင် ထိုင်နေသော လက်ထောက်တစ်ဦးက လက်ထောင်လိုက်သည်။ "အဖွဲ့chatကို တစ်ချက်လောက် ကြည့်လိုက်ပါဦး... လျှောက်လွှာအသစ်တစ်ခု ရောက်လာတယ်"


အလုပ်အဖွဲ့၏ Group Chat ထဲတွင် မိဘနှင့်ကလေး ဓာတ်ပုံနှစ်ပုံ ပေါ်လာလေသည်။


ကပြားကောင်လေးတစ်ဦးနှင့် အချိန်ကာလကို အံတုနိုင်သည့် ရှေးရိုးစွဲ အရှေ့တိုင်းအလှတရား ပိုင်ရှင် ဆံနွယ်ရှည် အလှလေးတစ်ဦး။


သူတို့၏ မျက်နှာများသည် အနည်းငယ် ဆင်တူသော်လည်း ထိုအလှလေး၏ ရုပ်ရည်က ပိုမိုနုနယ်သိမ်မွေ့ကာ မျက်ခုံးကောင်းကောင်း၊ ဗာဒံစေ့မျက်ဝန်းများနှင့် စုတ်ချက်ပန်းချီကားတစ်ချပ်ကဲ့သို့ အနုစိတ်ပုံဖော်ထားသလိုပင်။


ရိုးရှင်းသော ရှေ့တည့်တည့် ဓာတ်ပုံတစ်ပုံမျှသာ ဖြစ်သော်လည်း တုန်လှုပ်မှုမရှိသော တည်ငြိမ်မှုအရှိန်အဝါကို ထုတ်လွှတ်နေပေသည်။


အစည်းအဝေးခန်းထဲမှ လှောင်ပြုံးသံတစ်ခု ထွက်ပေါ်လာသည်။


"ဖူး... အဲဒီ AI က ဖန်တီးထားတာ တော်တော်လေး ကောင်းတာပဲ"


"ဟုတ်ပ၊ ရှေးဟောင်းပန်းချီကားတွေနဲ့ ကပြားကလေး ဓာတ်ပုံတွေ ဘယ်လောက်တောင် ရောသမမွှေထားလဲ မသိဘူး"


လက်ထောက်က ရှင်းပြလိုက်သည်။ "သူတို့ရဲ့ ကိုယ်ရေးအချက်အလက်မှာတော့ ဒါက သားအဖလို့ ဖော်ပြထားတယ်။ ဆံပင်အရှည်နဲ့ လူက တကယ်တော့ အဖေ ဖြစ်နေတာ"


"ဟင်" တစ်စုံတစ်ဦးက စူးစမ်းလေ့လာရင်း အံ့သြသွားပြီးမှ အမှန်ပင် ဖြစ်နေကြောင်း သတိပြုမိသွားခဲ့သည်။


မကြာမီ ထိုအတွဲ၏ နတ်ဘုရားကဲ့သို့ ရုပ်ရည်အလှအပနှင့် ပတ်သက်၍ အပြင်းအထန် ဆွေးနွေးမှုများ ဖြစ်ပွားလာခဲ့သည်။


"ဒါက တကယ်ကြီးလား"


"မဖြစ်နိုင်တာ။ ဒီဘက်ခေတ်မှာ လူတွေက ကားမောင်းလိုင်စင် ဓာတ်ပုံတွေကိုတောင် Filter ထည့်နေကြတာ။ ငါတော့ မယုံဘူး"


"မောင်နှမတွေနဲ့ ပိုတူတယ်။ ဘယ်လိုအဖေမျိုးက ဒီလိုပုံစံ ရှိမှာလဲ"


အပြန်အလှန် ငြင်းခုံနေကြစဉ် ထုတ်လုပ်သူသည် ထိုဓာတ်ပုံများကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်ကို လက်ထောက်က သတိပြုမိသွားလေသည်။


"ဘောစ့်?"


ထုတ်လုပ်သူက သိသိသာသာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "သူတို့ရဲ့ အချက်အလက်တွေကို ချက်ချင်း သွားအတည်ပြုလိုက်။ အားလုံးအဆင်ပြေရင် အမြန်ဆုံး စာချုပ်ချုပ်လိုက်တော့!"


"ဟုတ်ကဲ့!" လက်ထောက်သည် လျှောက်ထားသူကို ဆက်သွယ်ရန် အလျင်အမြန် ထွက်ခွာသွားတော့သည်။


တစ်ဦးက မှတ်ချက်ချလိုက်၏။ "ကျွန်တော်တို့ ပွဲကြိုမိတ်ဆက် ရိုက်ကူးတဲ့အခါ သူတို့ကို လူကိုယ်တိုင် မြင်ချင်သေးတယ်။ သူတို့က ဒီလောက်အထိ နတ်သက်ကြွေသလို လှနေအောင် လရောင်နဲ့ ပန်းဝတ်ရည်တွေကိုပဲ စားသုံးပြီး အသက်ရှင်နေကြတာလား"


"ပြီးတော့ သူတို့မှာ လူမှုကွန်ရက် အကောင့်တွေလည်း မရှိဘူး။ အနုပညာရှင်တွေလည်း မဟုတ်ဘူး။ သူတို့သာ ရှိုးမှာ တကယ်ပါဝင်လာရင် ငါတို့တော့ ရွှေအိုးကြီး ကောက်ရတာပဲ မဟုတ်လား"


.........


ထိုနေ့နံနက်၊ ပေါ်မိသားစု စံအိမ်၏ ဥယျာဉ်အတွင်းတွင်....


ဝမ်ချီရှူးသည် ဝတ်စုံဖြူကို ဝတ်ဆင်ကာ နည်းပြ၏ လမ်းညွှန်မှုအောက်တွင် ထိုက်ချီ (Tai Chi) ကို လေ့ကျင့်နေလေသည်။


အန်တီကျုံးနှင့် ပေါ်ယီမင်တို့သည်လည်း သူတို့နှင့်အတူ လေ့ကျင့်နေကြသည်။


ဝမ်ချီရှူးသည် အခြေခံအကျဆုံး ၂၄ ဆင့် ထိုက်ချီကိုသာ ဖျော်ဖြေနေပြီး သူ၏ လှုပ်ရှားမှုများက သိပ်မကျွမ်းကျင်သေးသော်လည်း နည်းပြကမူ ထောက်ခံသည့်အနေဖြင့် ခေါင်းတညိတ်ညိတ် ရှိနေပေသည်။


ထိုနေရာတွင် ရပ်နေရုံမျှဖြင့် မစ္စတာဝမ်သည် လောကပြင်ပမှ ကင်းကွာသော ထူးခြားသည့် ကျော့ရှင်းမှုကို ဆောင်ထားလေ၏။


ပေါ်ယီမင်သည် ယနေ့တွင် ထူးထူးခြားခြား လိမ္မာနေပြီး စောစောထကာ မနက်စာစားပြီး သူ့အဖေနှင့်အတူ လေ့ကျင့်ခန်း လုပ်နေခဲ့သည်။


အဲလ်ဘတ် ရောက်လာသောအခါ ဝမ်ချီရှူးသည် ကိုယ်ကိုငုံ့ကာ နွေးထွေးသော တာဝါတစ်ခုဖြင့် ပေါ်ယီမင်၏ နဖူးမှချွေးများကို ညင်သာစွာ သုတ်ပေးနေပြီး သူ၏အမူအရာမှာ အလွန်ပင် နူးညံ့နေခဲ့သည်။


အဲလ်ဘတ်က အနားတွင် စောင့်ဆိုင်းနေခဲ့ပြီး ထိုက်ချီနည်းပြ ထွက်ခွာသွားပြီးမှသာ သူက စကားဆိုလာသည်။ "မစ္စတာဝမ်...ရိုက်ကူးရေးအဖွဲ့က မစ္စတာဝမ်နဲ့ သခင်လေးကို ရှိုးမှာ ပါဝင်ဖို့အတွက် သူတို့ရဲ့ ဖိတ်ခေါ်ချက်ကို အတည်ပြုလိုက်ပါပြီ။ သူတို့က ပရိုမိုးရှင်းဗီဒီယို ရိုက်ကူးဖို့အတွက် အချိန်ဇယားကို မကြာခင် အချောသတ်ချင်နေကြတယ်။ သူတို့ရဲ့ အချိန်ဇယားက အရမ်းကပ်နေလို့ ချက်ချင်း အတည်ပြုပေးဖို့ မျှော်လင့်နေကြပါတယ်"


"တကယ်ကြီးလား။ အဲဒါ တကယ်ဝမ်းသာစရာပဲ" ပေါ်ယီမင်က ပျော်ရွှင်စွာဖြင့် သူ့ဖေဖေလေးကို ဖက်လိုက်သည်။ဝမ်ချီရှူးကလည်း သူ့ဆံပင်များကို သပ်တင်လိုက်ရင်း သိသိသာသာ ပျော်ရွှင်သွား၏။


ထိုနောက် ကြာကြာငြိမ်ငြိမ်မနေနိုင်သော ပေါ်ယီမင်က လက်ကိုလွှတ်ကာ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေလေသည်။ "ဒါဆို ဒီနေ့ပဲ သွားရိုက်ကြရအောင်!"


အဲလ်ဘတ်က တိုးတိုးလေး ရယ်မောလိုက်သည်။ သခင်လေးသည် သူ့ဖခင်နှစ်ဦးနှင့် လုံးဝမတူဘဲ ကလေးများတွင် တွေ့ရခဲသော အားအင်များဖြင့် ပြည့်နှက်နေ‌ပေသည်။


"အဲလောက်တော့ မမြန်သေးပါဘူး။ဒါ‌ပေမယ့် သခင်လေးအနေနဲ့ ဘယ်လို နေ့စဉ်ဘဝ မြင်ကွင်းတွေကို ရိုက်ကူးချင်လဲဆိုတာ စတင်စဉ်းစားထားလို့ ရပါပြီ"


ဝမ်ချီရှူးက ဖြည့်စွက်ပြောလိုက်သည်။ "ပြီးတော့ မင်းရဲ့ ဝတ်စုံတွေကိုလည်း ရွေးချယ်ထားဦး"


"မိုက်တယ်!" ပေါ်ယီမင်တွင် ကင်မရာရှေ့၌ ဝတ်ဆင်ချင်သော စတိုင်ကျသည့် ဝတ်စုံများစွာ ရှိနေသဖြင့် သူသည် ဥယျာဉ်ထဲမှ ဝုန်းခနဲ ပြေးထွက်သွားတော့သည်။


ဝမ်ချီရှူးသည် အန်တီကျုံး ကမ်းပေးသော တာဝါနွေးနွေးလေးကို ယူကာ သူ့လက်များကို အေးအေးလူလူ သုတ်လိုက်သည်။သူ၏ သွယ်လျသော လက်ချောင်းများသည် မကြာသေးမီက လေ့ကျင့်ခန်းလုပ်ထားခြင်းကြောင့် လက်ဆစ်များတွင် ပန်းရောင်သန်းနေခဲ့၏။


မစ္စတာဝမ်၏ ရှေ့မှောက်တွင် အဲလ်ဘတ်သည် မိမိကိုယ်ကို ကြမ်းတမ်းပြီး အဆင့်မရှိသကဲ့သို့ ခံစားရခြင်းကို မတတ်နိုင်ခဲ့ပေ။


"မစ္စတာဝမ်... ရိုက်ကူးရေးအဖွဲ့က အကျိုးအမြတ် လစာလည်း ရှိလိမ့်မယ်လို့ ပြောပါတယ်"


"အော်" ဝမ်ချီရှူးက လမ်းလျှောက်ရင်း ပြုံးလိုက်သည်။


"ဒါဆို အဲဒါက ငါ့ရဲ့ ပထမဆုံး လစာဖြစ်မှာပေါ့"


အစပိုင်းတွင် အဲလ်ဘတ်သည် ထိုမှတ်ချက်ကြောင့် အနည်းငယ် အံ့သြသွားရသည်။သို့သော် သူ၏ နုနယ်သော ကိုယ်ထည်ကို ကြည့်ပြီးနောက် ချက်ချင်း နားလည်သွား၏။


မစ္စတာဝမ်၏ ကျန်းမာရေးအရ သူ့မိဘများက သူ့ကို အလုပ်လုပ်ခွင့်ပြုမည် မဟုတ်ပေ။ အိမ်ထောင်ပြုပြီးနောက်တွင်လည်း မစ္စတာပေါ်က ခွင့်ပြုလိမ့်မည်မဟုတ်မှာ သေချာလှသည်။


ထို့နောက် အဲလ်ဘတ်က ဝမ်ချီရှူး၏ လက်ထောက်အဖြစ် ဆောင်ရွက်ကာ ရိုက်ကူးရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းပြခဲ့သည်။


ဝမ်ချီရှူးတွင် ကန့်ကွက်စရာမရှိပေ။သူသည် ပေါ်ထင်ယွမ်ကို လုံးဝမသိသော်လည်း သူ၏ အသေးစိတ် ဂရုစိုက်တတ်မှုကို သိရှိထားရာ အားလုံးကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းပေးမည်ဖြစ်သဖြင့် သံသယဝင်ရန် သို့မဟုတ် ဝင်ရောက်စွက်ဖက်ရန် မလိုပေ။


အဲလ်ဘတ် ထွက်ခွာသွားစဉ် မစ္စတာဝမ်သည် မည်မျှ ပြောင်းလဲသွားသည်ကို ပြန်လည်တွေးတောမိသည်။ တစ်ချိန်က နုနယ်ပြီး မှိုင်းညှို့နေသော စရိုက်က ယခုအခါ နွေးထွေးပြီး တက်ကြွမှုဖြင့် အစားထိုးသွားခဲ့ပေပြီ။


............


ညနေခင်းတွင်...


ပေါ်ထင်ယွမ် ရုံးမှ အိမ်သို့ ပြန်ရောက်လာသည့်အခါ သူ၏အနက်ရောင် ဝတ်စုံအပေါ်အင်္ကျီကို ချွတ်ကာ အန်ကယ်ရွှီထံ ကမ်းပေးလိုက်ပြီး လက်များကိုသုတ်ရန် တာဝါအဖြူနွေးနွေးကို ယူလိုက်သည်။


"ဒီနေ့  မင်းတို့သခင် ဘယ်လိုနေလဲ"


အန်ကယ်ရွှီက အနည်းငယ်ပြုံးရင်း အမှန်အတိုင်း သတင်းပို့လိုက်သည်။ "မွန်းတည့်ချိန်က သခင် အစားကောင်းကောင်းစားပြီး စွပ်ပြုတ်တစ်ဝက် ပိုသောက်သွားပါတယ်"


သခင်ဖြစ်သူ ကျန်းမာရေး ပိုမိုကောင်းမွန်လာကတည်းက မိသားစုတစ်ခုလုံး ရွှင်လန်းနေကြသည်။ စွပ်ပြုတ်တစ်ဝက်ကို ထားလိုက်ပါဦး အန်ကယ်ရွှီသည် ထမင်းနှစ်စေ့ ပိုစားသည်ကိုပင် အသေအချာ ရေတွက်နေမည့်သူ ဖြစ်သည်။


ပေါ်ထင်ယွမ်သည် ကြီးမားပြီး အထီးကျန်နေသော ဧည့်ခန်းကို ဝေ့ကြည့်ကာ မေးလိုက်သည်။ "သူ အပေါ်ထပ်မှာလား"


အန်ကယ်ရွှီက ပြန်လည်ဖြေကြားလိုက်သည်။ "သခင်က ညစာစားပြီးနောက် ရေချိုးပြီး သခင်လေးကို ဝတ်စုံတွေ ရွေးပေးဖို့ သွားပါတယ်"


"ဒီအချိန်ကြီးမှာ အဝတ်အစား ရွေးနေတာလား"


ပေါ်ထင်ယွမ်က ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး မျက်မှန်နောက်ကွယ်မှ သူ၏ မြစိမ်းရောင် မျက်ဝန်းများဖြင့် သူ့သား၏ အိပ်ခန်းဘက်သို့ စိုက်ကြည့်လိုက်သည်။


နွေးထွေးပြီး စိုစွတ်သော တာဝါက သူ့လက်ချောင်းများကြားရှိ အရေပြားကို စိုစွတ်စေပြီး သူ့နဖူးက အနည်းငယ် တွန့်ကောက်သွားခဲ့သည်။


ထိုနောက် သူသည် တာဝါကို ဘေးဖယ်ထားလိုက်ပြီး လှေကားထစ်များဆီသို့ လှမ်းလိုက်သည်။ "ငါ သွားကြည့်လိုက်အုံးမယ်"


သူ ထွက်ခွာသွားစဉ် အန်ကယ်ရွှီက မေးလိုက်သည်။ "ဒီနေ့ည ညစာ ထပ်မစားတော့ဘူးလား"


"မစားတော့ဘူး"


ပုံမှန်အားဖြင့် ပေါ်ထင်ယွမ် အိမ်သို့ နောက်ကျမှ ပြန်ရောက်ပါက စွပ်ပြုတ်တစ်ခွက် သို့မဟုတ် သရေစာအချို့ စားလေ့ရှိသဖြင့် မီးဖိုချောင်တွင် အမြဲတမ်း ပြင်ဆင်ထားတတ်လေသည်။


အရပ်ရှည်ပြီး ဖြောင့်စူးသော ကျောပြင်ပိုင်ရှင် အပေါ်သို့ တက်လှမ်းသွားသည်ကို ကြည့်ရင်း အန်ကယ်ရွှီက မိမိဘာသာ တွေးမိလိုက်သည်။ သခင်ကြီးက ခုနကတင် ထပ်ပြီး စိတ်ဆိုးသွားပြန်ပြီလား။