အခန်း (၃၀)
ရှန်ယို့ယောင်သည် တုဇယ်ချန်း၏ မျက်နှာကို ကြည့်ပြီး ပြုံးလိုက်မိသည်။ အစ်ကိုကျူးက လှမ်းအော်လိုက်သည်။
"ရောက်ပြီ... ဇယ်ချန်း... စိတ်ကို ပြင်ဆင်ထားဦး"
မိတ်ကပ်ခန်းထဲ ရောက်သည်အထိ တုဇယ်ချန်းက ပြုံးစိစိ ဖြစ်နေတုန်းပင်။
ရှောင်းမင်ကျန့်က ကြည့်မရတော့ဘဲ ပြောလိုက်သည်။
"သူက နောက်ပြောင်လိုက်တာပါကွာ... မင်းဘာသာ ဘာတွေ လျှောက်တွေးနေတာလဲ"
တုဇယ်ချန်းက ဝန်မခံပေ။
"သူ့လို လူစားမျိုးက... သေချာ မစဉ်းစားဘဲ ပါးစပ်က ထွက်ပါ့မလား"
ထို့နောက် ထပ်မေးလိုက်သည်။
"သူ ဘယ်ရောက်သွားပြီလဲ"
"အစ်ကိုကျူးက ဒီကို လာရခဲတယ် ဆိုပြီး လိုက်ပြနေတယ်။ နေရာ အနေအထားတွေ ရင်းနှီးအောင်လို့တဲ့။ နောက်ဆိုရင် သူလည်း ဒီလို အစီအစဉ်တွေ လက်ခံရဦးမှာပဲလေ။ ပြီးတော့ မိတ်ဆွေဟောင်းတွေ ရှိရင် နှုတ်ဆက်ရအောင်လို့တဲ့"
"ကောင်းသားပဲ"
တုဇယ်ချန်းက ပြောလိုက်သည်။
"ငါ သန့်စင်ခန်း ခဏ သွားလိုက်ဦးမယ်"
လမ်းခုလတ်တွင် ထောင့်ချိုးတစ်နေရာ၌ ရှန်ယို့ယောင်ကို တွေ့လိုက်ရသည်။ အစ်ကိုကျူး ပါမလာဘဲ အမျိုးသမီးတစ်ယောက်နှင့် စကားပြောနေသည်။ သူငယ်ချင်း ဖြစ်မည် ထင်ပြီး နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း တစ်ဖက်လူ၏ မျက်နှာထား မကောင်းသည်ကို တွေ့လိုက်ရသဖြင့် ရပ်နားထောင်လိုက်မိသည်။
...
"နင် တော်တော် တော်တာပဲ... တုသခင်လေးက ခြေထောက် ကျိုးနေတာတောင် နင့်အတွက် လမ်းခင်းပေးနေသေးတယ်။ နင် သူ့ကို ကွာရှင်းဖို့ ကြံနေတာ သေချာတယ် မလား။ မဟုတ်ရင် တုသခင်မလေး နေရာမှာ ဇိမ်နဲ့ နေလိုက်ရုံပဲလေ... ဘာကိစ္စ သရုပ်ဆောင် လုပ်နေရဦးမှာလဲ"
ရှန်ယို့ယောင်က ကျောက်ရှောင်တန်ကို ကြည့်ပြီး မေးလိုက်သည်။
"နင်က ဒီကို ဘယ်လို ရောက်လာတာလဲ"
ကျောက်ရှောင်တန်သည် တစ်လခွဲအတွင်း အပြောင်းအလဲ ကြီးမားသွားသည်။ အရင်က ရိုးရိုးကုပ်ကုပ် ကောင်မလေးက အခုတော့ တံဆိပ်မျိုးစုံ ဝတ်ဆင်ထားပြီး မောက်မာနေပြီဖြစ်သည်။ သူမ မုန်းတီးခဲ့သော လူစားမျိုး ဖြစ်လာခဲ့ပြီ။
"«Idol Faction» အစီအစဉ် လာရိုက်တာလေ"
ကျောက်ရှောင်တန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ «Idol Faction» သည် နာမည်ကြီးသော ရှိုးပွဲ တစ်ခု ဖြစ်သည်။
"ဒါနဲ့... တုသခင်လေးက နင့်ကို နေရာကောင်းတွေ တန်းမရှာပေးဘဲ ဘာလို့ ကိုယ်တိုင် လာရိုက်နေရတာလဲ။ သူ ဒုက္ခိတ ဖြစ်သွားလို့ တုမိသားစုက သူ့ကို ပစ်ထားကြပြီလား"
ရှန်ယို့ယောင်က ပြန်ပြောရန် ပြင်လိုက်စဉ် တုဇယ်ချန်း၏ အသံ ထွက်ပေါ်လာသည်။
"ငါ့အတွက် ဒီလောက် စိတ်ပူပေးနေတာလား... ကျေးဇူးပါပဲ"
သူက ဝှီးချဲကို လှိမ့်ပြီး ဝင်လာသည်။
"ခင်ဗျား နာမည် ဘယ်သူလဲ။ ဒီလောက် စိတ်ပူပေးနေတာ... ကျေးဇူးဆပ်ရမှာပေါ့"
ကျောက်ရှောင်တန်က မျက်နှာ ပျက်သွားသော်လည်း ချက်ချင်း ပြုံးလိုက်သည်။
"သခင်လေးတု... သခင်လေးဝေက သခင်လေး အကြောင်း ပြောပြဖူးပါတယ်"
"သခင်လေးဝေတဲ့လား"
တုဇယ်ချန်း ခဏ စဉ်းစားလိုက်ပြီး ရယ်မောလိုက်သည်။
"ဟားဟား... ဘယ်သူကများ ဒီလိုဟာမျိုးကို မွေးထားတာလဲလို့ စဉ်းစားနေတာ။ ရုပ်မရှိ၊ ဦးနှောက်မရှိတဲ့ အမျိုးသမီးကို ကြိုက်တာက ဝေယင်းကျွင်းပဲ ရှိတာကိုး။ ဟုတ်သားပဲ... သူက ရုပ်ချောပြီး ထက်မြက်တဲ့ မိန်းကလေးတွေကိုမှ မနိုင်တာ။ အိမ်မွေးတိရစ္ဆာန် အဆင့်လောက်ပဲ ကြိုက်တတ်တာလေ"
ကျောက်ရှောင်တန်၏ မျက်နှာက နီရဲသွားသည်။ ပြန်ပြောရန် ပြင်လိုက်သည်။
"ငါ့ကို သူ့နာမည်နဲ့ လာဖိမလို့လား"
တုဇယ်ချန်းက လှောင်ပြောင်လိုက်သည်။
"သူက သူ့ကိုယ်သူ သိပ်တော်တယ်လို့ ပြောနေတာလား။ သူ့ကို ပြန်မေးကြည့်လိုက်ပါ... ငါ့လက်ထဲမှာ ဘယ်နှခါ ရှုံးဖူးလဲ လို့"
ကျောက်ရှောင်တန် ဒေါသထွက်လွန်း၍ ဆဲချင်နေသော်လည်း တုဇယ်ချန်းကို ကြောက်သဖြင့် ငြိမ်ခံနေလိုက်ရသည်။ ဝေယင်းကျွင်းက သူမကို ထောက်ပံ့ပေးသူသာ ဖြစ်ပြီး သူမအတွက်နှင့် တုဇယ်ချန်းကို ရန်စရဲမည် မဟုတ်မှန်း သူမ သိသည်။
ရှန်ယို့ယောင်က ရယ်မောလျက် ဝှီးချဲကို သွားတွန်းပေးလိုက်သည်။
"လူရှေ့သူရှေ့ အဲဒီလို မပြောပါနဲ့... မယဉ်ကျေးရာ ရောက်တယ်"
ရိုင်းစိုင်းသူများကို ဆုံးမရတာ ကျေနပ်စရာ ကောင်းသော်လည်း သူမက သိပ်မကျွမ်းကျင်ပေ။ တုဇယ်ချန်း ရှိနေတော့ အဆင်ပြေသွားသည်။
"ကောင်းပြီလေ... မင်း သဘောအတိုင်းပါပဲ။ ဒါပေမဲ့ ဝေယင်းကျွင်း ဆိုတဲ့ကောင်ကို မင်းလည်း မြင်ဖူးတာပဲ။ ရုပ်ဆိုးသလောက် အခြောက်တိုက် မာန်တက်နေတာ။ ငါ သူ့ရှေ့မှာ ပြောရင်တောင် သူက ဒေါသထွက်ပြီး ခုန်ဆွခုန်ဆွ ဖြစ်နေရုံကလွဲရင် ဘာမှ လုပ်တတ်မှာ မဟုတ်ဘူး။ ဉာဏ်မှ မမီတာ"
ရှန်ယို့ယောင်က မျက်စောင်းထိုးလိုက်သည်။
"တော်တော့"
တုဇယ်ချန်းက ပါးစပ်ပိတ်လိုက်သည်။ ထွက်မသွားခင် ကျောက်ရှောင်တန်၏ ရင်ဘတ်မှ နာမည်ကတ်ပြားကို ကြည့်ပြီး အေးစက်စွာ ပြုံးလိုက်သည်။
"မိန်းကလေးကျောက်... ကံကောင်းပါစေ"
ကျောက်ရှောင်တန်က ရင်ထဲ ထိတ်လန့်သွားပြီး ဝေယင်းကျွင်းထံ အမြန် ဖုန်းဆက်လိုက်သည်။
တုဇယ်ချန်းလည်း ဖုန်းတစ်ကောလ် ခေါ်လိုက်သည်။ ဖုန်းချပြီးနောက် စိတ်မကြည်မလင် ဖြစ်နေသည်။
"ဘာဖြစ်လို့လဲ... စင်ပေါ်တက်ခါနီးပြီ... စိတ်လျှော့ထားနော်"
ရှန်ယို့ယောင်က သတိပေးလိုက်သည်။
"တောင်းပန်ပါတယ်"
တုဇယ်ချန်းက သူမကို မော့ကြည့်လိုက်သည်။
"မင်းကို မလိုအပ်ဘဲ ဒုက္ခရောက်စေမိပြီ"
သူ မြင်လိုက်ရတာက အနည်းငယ်သာ ရှိသေးသည်။ သူ မမြင်ကွယ်ရာမှာ သူမ ဘယ်လောက်တောင် အနိုင်ကျင့်ခံနေရမလဲ။ သူ့အပြစ်တွေကြောင့် သူတစ်ပါး ဒုက္ခရောက်ရသည်ကို စိတ်မကောင်း ဖြစ်မိသည်။
"ငါသာ မင်းကို ဆွဲမထည့်ခဲ့ရင်..."
"တုသခင်လေးက တကယ် လူကြီး ဖြစ်လာပြီပဲ"
ရှန်ယို့ယောင်က ရယ်မောလိုက်ပြီး သူ့ခြေထောက်နားတွင် ဒူးထောက်ထိုင်ချလိုက်သည်။ မျက်လုံးချင်း ဆုံကြည့်ပြီး ပြောလိုက်သည်။
"ကံတရား ဆိုတာ ကြိုမြင်လို့ မရဘူးလေ။ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်သူနဲ့ တွေ့မယ်၊ ဘာတွေ ဖြစ်မယ် ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ကံကောင်းခြင်းတွေ ကြုံရနိုင်သလို၊ ကံဆိုးခြင်းတွေနဲ့လည်း တိုးနိုင်တယ်။ ဒါတွေက ငါတို့ ရွေးချယ်လို့ ရတာ မဟုတ်ဘူး"
"ဖန်ရွှယ်ယင်းနဲ့ တွေ့တာ၊ အတွင်းရေးမှူးယန်နဲ့ တွေ့တာတွေက ရှင့်အပြစ် မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာဆက်လုပ်မလဲ ဆိုတာကတော့ ကိုယ်ပိုင် ရွေးချယ်ခွင့် ရှိတယ်။ ကံကောင်းချိန်မှာ အမြင့်ဆုံး ပျံသန်းနိုင်အောင် ကြိုးစားရမယ်။ ကံဆိုးချိန်မှာလည်း အရှုံးမပေးဘဲ ကြံ့ကြံ့ခံနိုင်အောင် ပြင်ဆင်ထားရမယ်"
"ရှင်နဲ့ တွေ့ရတာလည်း ကံတရားပါပဲ။ ဒါကို ဘယ်သူမှ တားလို့ မရဘူး။ ဖန်ရွှယ်ယင်းက ဘာလို့ ကျွန်မကို ရွေးလိုက်လဲ ဆိုတာ ဘယ်သူ သိမှာလဲ။ ဒါပေမဲ့ ကျွန်မ ကံကောင်းတယ်လို့ ထင်တယ်။ တုသခင်လေးက နည်းနည်း ဆိုးပေမဲ့... ပျော်ပျော်နေတတ်တယ်၊ စာနာတတ်တယ်၊ ရက်ရောတယ်၊ သစ္စာရှိတယ်၊ သတ္တိရှိတယ်။ ဒီအခက်အခဲကို ကျော်ဖြတ်နိုင်ရင် လမ်းဖြောင့်သွားပြီလို့ ကျွန်မ ယုံကြည်တယ်"
သူမ၏ မျက်ဝန်းများသည် ကြယ်တာရာများကဲ့သို့ တောက်ပနေသလို ကြယ်ပင်လယ်ကြီးကဲ့သို့ ကျယ်ပြောပြီး ခွင့်လွှတ်နားလည်မှုများ ပြည့်နှက်နေသည်။ တုဇယ်ချန်း ရင်ခုန်သွားပြီး သူမကို ဆွဲဖက်လိုက်သည်။
"မင်း ပြောတာ မှန်တယ်... ငါတို့ တွေ့ဆုံတာ ကံတရားပဲ"
မင်းက ဘုရားသခင် ပေးတဲ့ လက်ဆောင်ပဲ။ ငါ တစ်သက်လုံး တန်ဖိုးထားသွားမယ်။
အစ်မလဲ့သည် အသက် ၄၀ အရွယ် ဆံပင်တိုတိုနှင့် ထက်မြက်သော အမျိုးသမီး တစ်ဦး ဖြစ်သည်။ စကားပြော ပြတ်သားပြီး အဆိပ်ပြင်းသော်လည်း လူမှုဆက်ဆံရေး ညက်ညောသူ ဖြစ်သည်။
"ဒီနေ့ ဧည့်သည်ကတော့ တော်တော် မိုက်တယ်"
အစ်မလဲ့က ကင်မရာကို ကြည့်ပြီး မိတ်ဆက်လိုက်သည်။
"ဘယ်သူလဲ ဆိုတာ ခန့်မှန်းလို့ ရမှာ မဟုတ်ဘူး... ကဲ... တုဇယ်ချန်း... တုသခင်လေးကို ကြိုဆိုလိုက်ကြရအောင်"
တိုက်ရိုက် ထုတ်လွှင့်မှု ဖြစ်သဖြင့် ကွန်းမန့်များ တက်လာသည်။
[ဘာ... တုသခင်လေးက လေဖြတ်နေတာ မဟုတ်ဘူးလား။ အစီအစဉ် လာတက်နိုင်တယ်တဲ့လား]
[ဒီတစ်ပတ်တော့ ကြည့်ကောင်းပြီ။ တုသခင်လေးကလည်း ပြန်စွာတတ်တယ်လေ]
[လာပြီ... လာပြီ]
တုဇယ်ချန်း ဝှီးချဲဖြင့် ထွက်လာသည်။ အပြာရင့်ရောင် ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသည်။ လွန်ခဲ့သော ၂ လကထက် ပိန်သွားသော်လည်း ကျန်းမာရွှင်လန်းနေသည်။ ခါးမတ်မတ် ထိုင်ထားပြီး တည်ငြိမ်နေသဖြင့် ဝှီးချဲ မပါလျှင် ခြေထောက် မသန်မှန်း သိသာမည် မဟုတ်ပေ။
သူ့ပုံစံက အရင်ကလို မောက်မာသော လူငယ်လေး မဟုတ်တော့ဘဲ ဒုက္ခများကို ကျော်ဖြတ်ပြီးနောက် ရင့်ကျက် တည်ငြိမ်သွားသော ယောကျ်ားတစ်ယောက် ပုံစံ ပေါက်နေသည်။
ကျောက်စိမ်းရိုင်းတုံးကို သွေးလိုက်သကဲ့သို့ ပိုမို တန်ဖိုးရှိပြီး ကြည့်ကောင်းလာသည်။
အစ်မလဲ့က ရင်ဘတ်ကို ဖိပြီး ပြောလိုက်သည်။
"ဘုရားရေ... ချောလိုက်တာ။ ဒီနေ့တော့ ကျွန်မ အဆိပ်မပြင်းရက်တော့ဘူး ထင်တယ်"
[အား... ငါ့သခင်လေးက ပိုချောလာပါလား]
[လူကို ကြည့်ရုံနဲ့တင် အပြစ်တွေကို ခွင့်လွှတ်ချင်သွားပြီ]
[မသန်ပေမဲ့ စွမ်းတယ် ဆိုတာ ဒါမျိုးကို ခေါ်တာ ဖြစ်မယ်... ရင်ခုန်လိုက်တာ]
[ဒါပေမဲ့ ဒီပုံစံကြီးနဲ့ ဘာလာလုပ်တာလဲ]
တုဇယ်ချန်းက နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ... ကျွန်တော် တုဇယ်ချန်း ပါ"
အစ်မလဲ့က ပြုံးပြီး ပြောလိုက်သည်။
"ရှင်က တကယ့်ကို အလုပ်ကြိုးစားတဲ့ မင်းသားပဲ။ ဒဏ်ရာ ရထားတာတောင် အစီအစဉ် လာတက်သေးတယ်။ အွန်လိုင်းမှာ ပြောနေသလိုပဲ အမွေဆက်ခံခွင့် ဆုံးရှုံးသွားလို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ရှာစားနေရတာလား"
[ဝိုး... အစ်မလဲ့က ကြမ်းတယ်ဟေ့... စဖွင့်တာနဲ့ ဒဲ့မေးပြီ]
[အစ်မလဲ့ရေ... ချစ်တယ်]
တုဇယ်ချန်းက ပြန်ဖြေလိုက်သည်။
"မထိခိုက်ခင်တုန်းကလည်း ကိုယ့်ဘာသာ ရှာစားနေတာပါပဲ။ ကျွန်တော့် ဝင်ငွေက မဆိုးပါဘူး"
"ဒါဆို ပိုက်ဆံ လိုလို့ လာတာပေါ့"
အစ်မလဲ့က ထောင်ချောက် ဆင်လိုက်သည်။
"မဟုတ်ပါဘူး"
တုဇယ်ချန်းက လေးနက်စွာ ပြောလိုက်သည်။
"အဓိကက ရည်မှန်းချက်ကြောင့်ပါ။ ဒုတိယမှ ပိုက်ဆံပါ"
အစ်မလဲ့က ရယ်မောလိုက်သည်။
"တုသခင်လေးက ရိုးသားတုန်းပဲ။ တိုက်ဆိုင်လိုက်တာ... ကျွန်မကလည်း ရိုးသားတယ်။ ပြီးတော့ အတင်းပြောရတာ ကြိုက်တယ်။ ပရိသတ်တွေ သိချင်နေတဲ့ ကိစ္စတွေကို မေးကြည့်ရအောင်"
တုဇယ်ချန်းက ပြုံးလိုက်သည်။
"ဟန်ပြ လက်ထပ်တာလား... အာဏာပြ အနိုင်ကျင့်တာလား"
"ရှင်က အကုန် သိနေတာပဲ"
အစ်မလဲ့က စိတ်ဝင်စားသွားသည်။
"ကဲ... ပြောပြပါဦး... ဘယ်လို ဖြစ်တာလဲ"
တုဇယ်ချန်းက ခေါင်းကိုက်သလို လုပ်ပြလိုက်သည်။
"အမှန်တိုင်း ပြောရရင်... Weibo မှာ လက်ထပ်စာချုပ် တင်လိုက်တာတောင် ဟန်ပြ လက်ထပ်တယ်လို့ အပြောခံရတဲ့ လူမျိုး ဆိုလို့ ကျွန်တော် တစ်ယောက်ပဲ ရှိမယ် ထင်တယ်။ တကယ်တော့ ကောင်းချီးပေးတာ လိုချင်လို့ တင်လိုက်တာပါ"
"ရှင် မှန်းတာ လွဲသွားပြီ"
အစ်မလဲ့က ပြောလိုက်သည်။
"ရှင် လက်တစ်ချောင်း တွဲလိုက်ရင်တောင် ရှင့်ရဲ့ နန်းတွင်းသူ (ပရိသတ်) တွေက မနာလို ဖြစ်နေကြတာ။ အခု လက်ထပ်လိုက်ပြီ ဆိုတော့ ရင်ကွဲနာကျပြီး သေကုန်ကြပြီ။ ဘယ်သူက ကောင်းချီးပေးမှာလဲ"
"ဒီကိစ္စတော့ ကျွန်တော် မှားပါတယ်။ တကယ်တမ်းကျတော့ ကျွန်တော်နဲ့ ယို့ယောင် သိတာ မကြာသေးပါဘူး"
"ဟန်ပြ လက်ထပ်တာကို ဝန်ခံလိုက်ပြီလား"
"မဟုတ်ပါဘူး... လက်ထပ်တာက ဘယ်လိုလုပ် အတု ဖြစ်ရမှာလဲ။ လူတွေက သူများ ပြောတာကို အလွယ်တကူ ယုံလိုက်ကြတာ အံ့သြမိတယ်။ ကျွန်တော့် အမှားက စိတ်မြန်လက်မြန် ဖြစ်လွန်းတာပါ။ ပရိသတ်တွေကို သေချာ မိတ်မဆက်ပေးဘဲ ကြေညာလိုက်မိတော့ အားလုံးက ယို့ယောင်ကို အထင်လွဲကုန်ကြတာပါ"
တုဇယ်ချန်း၏ မျက်နှာတွင် နောင်တရခြင်းနှင့် သနားခြင်းများ ပေါ်နေသည်။
"ဘယ်လောက် ကြာပြီလဲ"
"သိတာကနေ လက်ထပ်တဲ့အထိ တစ်လ မပြည့်ပါဘူး"
"Flash Marriage ပေါ့"
အစ်မလဲ့က အံ့သြသွားသည်။
"မြန်လိုက်တာ"
"ဟုတ်တယ်... ကျွန်တော်လည်း မယုံနိုင်ဘူး"
တုဇယ်ချန်း ဆက်ပြောသည်။
"ဒါပေမဲ့ ခင်ဗျားတို့ ကြုံဖူးလား မသိဘူး။ လူတစ်ယောက်ကို မြင်လိုက်တာနဲ့ 'ဒါ ငါ ရှာနေတဲ့သူပဲ... ငါ တစ်သက်လုံး ပေါင်းဖက်ရမဲ့ သူပဲ... သူ မရှိရင် မဖြစ်တော့ဘူး' ဆိုတဲ့ ခံစားချက်မျိုးလေ"
[ဝိုး... Weibo တင်ရုံမကဘူး... တိုက်ရိုက် ထုတ်လွှင့်မှုမှာပါ ချစ်ခွင့်ပန်နေတာပဲ]
[ဒါ အတု မဟုတ်လောက်တော့ဘူး။ ဒီလောက်ထိ သက်သေပြနေမှတော့ တကယ် ချစ်လို့ နေမှာပါ]
[တုသခင်လေး ပုံစံ ကြည့်ရတာ အွန်လိုင်း သတင်းတွေက မှားနေပုံပဲ]
[ရှန်ယို့ယောင်က ဘယ်လိုများ ပြုစားလိုက်တာလဲ။ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ လက်ထပ်ချင်အောင် လုပ်နိုင်တယ် ဆိုတော့]
"မြင်မြင်ချင်း ချစ်မိသွားတာလား"
အစ်မလဲ့က မေးလိုက်သည်။
"မဟုတ်ပါဘူး"
တုဇယ်ချန်း ပြုံးလိုက်သည်။
"ကျွန်တော်က အချောအလှတွေ အများကြီး တွေ့ဖူးတယ်လေ။ အစတုန်းကတော့ သူ လှတယ် လို့ပဲ ထင်တာ"
သူက ဖြည့်စွက် ပြောလိုက်သည်။
"သူက ကြည့်လေ လှလေ အမျိုးအစားပါ"
"ချစ်သူ မျက်စိနဲ့ ကြည့်လို့ လှနေတာ နေမှာပါ"
အစ်မလဲ့က စလိုက်သည်။
"ပထမဆုံး သတိထားမိတာက သူက သဘောကောင်းလွန်းတယ်။ ဘယ်သူနဲ့ စကားပြောပြော ယဉ်ကျေးတယ်။ နူးညံ့တယ်။ ရိုက်ကွင်းမှာ အနိုင်ကျင့်ခံရတာတောင် ဘာမှ ပြန်မပြောဘူး။ အဲဒီတုန်းက သူ အသည်းငယ်တယ်၊ သည်းခံလွန်းတယ်လို့ ထင်ခဲ့တာ။ ကျွန်တော်က မတရားတာ မကြိုက်တော့ ဝင်ပါလိုက်တာ။ အဲဒီကနေ ဖန်ရွှယ်ယင်းနဲ့ ပြဿနာ တက်တော့တာပဲ"
"နောက်ပိုင်းကျမှ သူ ရန်ဖြစ်တာကို မြင်ဖူးသွားတာ။ သူ့ရဲ့ ကိုယ်ခံပညာ ဗီဒီယိုကို လူတိုင်း မြင်ဖူးကြမှာပါ။ အဲဒါက အပျော်တမ်း အဆင့်ပဲ ရှိသေးတယ်။ တကယ် တိုက်ခိုက်တာက အရမ်း မိုက်တယ်"
တုဇယ်ချန်း မျက်လုံးများ အရောင်တောက်လာသည်။ လက်ဟန်ခြေဟန်ဖြင့် ပြောပြလိုက်သည်။
[တွေ့လား... သူ့မိန်းမ ရန်ဖြစ်တာကို ပြောပြနေတာ မျက်နှာက ဝင်းပနေတာပဲ]
[သခင်လေးက အဲဒါမျိုး ကြိုက်တာလား... ငါ တိုက်ကွမ်ဒို သွားသင်ရင် မီသေးလား]
[ချစ်စရာကြီး]
"အဲဒီတုန်းက တွေးမိတယ်။ ဒီကောင်မလေးက ထူးဆန်းတယ်နော်လို့။ ဒီလောက် တော်နေတာကို ဘာလို့ ငြိမ်ခံနေလဲပေါ့"
တုဇယ်ချန်းက ဆက်ပြောသည်။
"နောက်မှ သိလိုက်ရတာက... သူက သဘောထားကြီးတာ။ အဲဒီ အနိုင်ကျင့်မှုလောက်ကို အရေးမစိုက်တာ။ သူ့မျက်လုံးထဲမှာ သူ့ရည်မှန်းချက်ပဲ ရှိတာ"
သူ ပြောတာတွေက အမှန်တွေ ဖြစ်သော်လည်း အချိန်ကာလကို ဝေဝါးထားလိုက်ခြင်း ဖြစ်သည်။ အဖြစ်မှန် သိသူများကတော့ နားလည်ကြသည်။
…