Ch 29
Viewers 49

အခန်း (၂၉)

နောက်တစ်နေ့ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်း ပြီးဆုံးချိန်တွင် သူတို့သည် သီးသန့်ဆန်သော စားသောက်ဆိုင် တစ်ခု၌ ရွမ်ဟုန်လန်နှင့် တွေ့ဆုံကြသည်။

"ခင်ဗျားက ရွမ်ဟုန်လန်လား"

တုဇယ်ချန်းသည် သူ့ကို အထက်အောက် စုန်ဆန်ကြည့်လိုက်သည်။ တခြားသဘော မဟုတ်ဘဲ ကိုယ်က ဒီလူ့လက်ထဲ ဘာမှန်းမသိဘဲ အရှုံးပေးလိုက်ရသလို ဖြစ်နေတာကို မကျေနပ်သောကြောင့် ဖြစ်သည်။

ရွမ်ဟုန်လန်သည် စာပေပညာရှင် ဆန်ဆန် ရည်မွန်သော လူငယ်တစ်ယောက် ဖြစ်သည်။ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများကို ဖုံးကွယ်ထားသော်လည်း သိသာနေသည်။ ဖန်ရွှယ်ယင်းအတွက် စိတ်သောက ရောက်နေပုံရသည်။ တုဇယ်ချန်း၏ လေသံ မကောင်းသည်ကို သတိထားမိလိုက်သဖြင့် မျက်နှာထား တင်းမာသွားသည်။

"ဟုတ်ပါတယ်... သခင်လေးတု"

"ထိုင်ပါ... မကြောက်ပါနဲ့"

တုဇယ်ချန်းက ဖိတ်ခေါ်လိုက်သည်။

"ခင်ဗျားက ဖန်ရွှယ်ယင်း ကိုယ်စား ပိုက်ဆံလာဆပ်တယ် ကြားတယ်။ သူရော သိလား"

"ကျွန်တော် သူ့ကို အသိမပေးဘဲ လာခဲ့တာပါ"

ရွမ်ဟုန်လန်က စိတ် အနည်းငယ် လှုပ်ရှားနေသည်။

"သူ ဒီရက်ပိုင်း စိတ်ဖိစီးနေလို့ပါ။ သူ့အတွက် တစ်ခုခု လုပ်ပေးချင်လို့ပါ။ ပြီးတော့ သူ ကျွန်တော့်ဆီ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေက သခင်လေး ပေးထားတဲ့ လမ်းခွဲကြေးတွေမှန်း အခုမှ သိရလို့ပါ"

တုဇယ်ချန်းက ရယ်မောလိုက်သည်။ ဖန်ရွှယ်ယင်းက အမှန်တိုင်း မပြောပြထားဘူးပဲ။ အနည်းဆုံးတော့ လက်ထပ်ခဲ့ဖူးတယ် ဆိုတာကို ထိန်ချန်ထားတာ သေချာတယ်။

ဒါပေမဲ့ သူ့ကိစ္စ မဟုတ်သလို သူကိုယ်တိုင်လည်း ဖုံးကွယ်ထားချင်သော အတိတ် ဖြစ်နေသဖြင့် ဘာမှ ဝင်မပြောတော့။

"ခင်ဗျား ကုမ္ပဏီနဲ့ အပေါင်ခံမလို့လား"

"ဟုတ်ပါတယ်"

ရွမ်ဟုန်လန်က စာရွက်စာတမ်း အချို့ကို ထုတ်ပြလိုက်သည်။

"ကျွန်တော်တို့ ထုတ်ကုန်က အခုမှ အောင်မြင်စ ပြုတာမို့ တန်ဖိုး မကြီးသေးဘူး ထင်ရပေမဲ့... ဒါက Esports လောကကို ဦးတည်ပြီး ဖန်တီးထားတာပါ။ ချန်လုပ်ငန်းစုက ဝယ်ယူဖို့ ကမ်းလှမ်းထားတယ်။ တန်ဖိုး သန်း ၅၀ ဖြတ်ထားပါတယ်။ သခင်လေးကို ပြန်ဆပ်ဖို့ လုံလောက်မယ် ထင်ပါတယ်"

"ချန်လုပ်ငန်းစု ဟုတ်လား... ကျီရှင်းလုပ်ငန်းစု (ချန်ရွေ့တို့ ကုမ္ပဏီ) လား"

ရွမ်ဟုန်လန်က ခေါင်းညိတ်လိုက်သည်။ တုဇယ်ချန်း စာရွက်စာတမ်းများကို လှန်လှောကြည့်လိုက်ပြီး စိတ်ဝင်စားသွားသည်။ စာရွက်များကို ဦးလေးပိုင် လွှတ်လိုက်သော ကျွမ်းကျင်သူထံ ပေးလိုက်ပြီး မေးလိုက်သည်။

"ကျွန်တော် တစ်ပွဲလောက် စမ်းဆော့ကြည့်လို့ ရမလား"

"ရပါတယ်"

ရွမ်ဟုန်လန်က လက်ပ်တော့ကို ဖွင့်ပြီး အကောင့်ဝင်ပေးလိုက်သည်။ အခြေခံများ သင်ပေးရန် ပြင်လိုက်စဉ်မှာပင် တုဇယ်ချန်းက ကျွမ်းကျင်စွာ ကစားနေပြီ ဖြစ်သည်။

"ဒီ Skill က Cooldown ဘယ်နှစက္ကန့်လဲ"

"၃ စက္ကန့်ပါ"

"ဒီနေရာမှာ Combo တွဲလို့ ရလား"

"ရပါတယ်... ဒီခလုတ်တွေ တွဲနှိပ်ရင် ပုံစံ ၁၀ မျိုးလောက် ထွက်ပါတယ်"

...

ကိုယ့်ဖန်တီးမှုအကြောင်း ပြောရသည့်အခါ ရွမ်ဟုန်လန်သည် စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားပြီး ယုံကြည်မှု ရှိလာသည်။ တုဇယ်ချန်းကလည်း ဂိမ်းကစားနေချိန်တွင် ကလေးတစ်ယောက်လို ပျော်ရွှင်နေပြီး စကားပြောရ အဆင်ပြေလာသည်။

၁၅ မိနစ်ခန့် အကြာတွင် တုဇယ်ချန်းက မောက်စ်ကို လွှတ်လိုက်သည်။

"ဒါ ခင်ဗျားတို့ အဖွဲ့ ဖန်တီးထားတာလား"

ရွမ်ဟုန်လန်က ခေါင်းညိတ်လိုက်သည်။ သို့သော် ဝမ်းနည်းသွားသည်။ ကိုယ့်သွေးကိုယ့်သားလို ဖန်တီးထားသော အရာကို သူများလက်ထဲ ထည့်ပေးရတော့မည်။ ကိုယ့်ကိုယ်ကိုယ်ရော၊ အဖွဲ့သားတွေကိုပါ သစ္စာဖောက်သလို ခံစားနေရသည်။

"မိုက်တယ်"

တုဇယ်ချန်းက စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။

"ချန်လုပ်ငန်းစုက သန်း ၅၀ နဲ့ ဝယ်မယ် ဆိုတော့... ခင်ဗျား ရောင်းတော့မလို့လား"

"ဟုတ်ပါတယ်... အကြွေးဆပ်ချင်လို့ပါ။ သူငယ်ချင်း တစ်ယောက်က ချန်လုပ်ငန်းစုနဲ့ ရင်းနှီးတော့ အမြန်ဆုံး အဆင်ပြေအောင် ကူညီပေးမယ် ပြောလို့ပါ"

"ခင်ဗျား သူငယ်ချင်းက စေတနာမှန်ရဲ့လား"

တုဇယ်ချန်းက မေးလိုက်သည်။

"ဘယ်လောက်ပဲ အလျင်လိုလို... သန်း ၅၀ ဆိုတာ နှိမ်လွန်းအားကြီးပါတယ်။ ကျွန်တော်လည်း ကွန်ပျူတာ မေဂျာ ကျောင်းဆင်းပဲ။ အပျော်တမ်း E-sport ကစားသမား လုပ်ဖူးတယ်။ ဒီပရောဂျက်က သန်း ၅၀ ထက်မက တန်ဖိုးရှိတယ် ဆိုတာ ကျွန်တော် သိတယ်"

ရွမ်ဟုန်လန်က အံ့သြသွားသည်။ တုဇယ်ချန်းကို စိတ်ဓာတ်မကျခင်ကတော့ မိန်းကလေးတွေကို ကစားစရာ သဘောထားပြီး ငွေနဲ့ ပေါက်တတ်တဲ့ သခင်လေးဟု ထင်မှတ်ထားခဲ့သည်။ အခုကျတော့ ပညာရှိပြီး သဘောထားကြီးသူ ဖြစ်နေသည်။

တကယ်တမ်းတွင် သူက တုဇယ်ချန်း ဈေးနှိမ်ရင်တောင် ရောင်းလိုက်တော့မည်ဟု ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူငယ်ချင်းကိုတော့ ကာကွယ်ပေးလိုက်သည်။

"သူက အဲဒီလိုလူ မဟုတ်ပါဘူး။ သူက အနုပညာလောကထဲက ဆိုတော့ နည်းပညာပိုင်း သိပ်နားမလည်လို့ နေမှာပါ"

"အနုပညာလောက ဟုတ်လား... ဘယ်ကုမ္ပဏီကလဲ"

"ယင်းဟောင်"

ရွမ်ဟုန်လန်က ပွင့်ပွင့်လင်းလင်း ဖြေလိုက်သည်။ တုဇယ်ချန်းသည် သူထင်သလောက် ဆိုးသွမ်းသူ မဟုတ်ကြောင်း သိလိုက်ရပြီ။ ပြီးတော့ စကားပြောရတာ ပွင့်လင်းသည်။ တုနျန်ယန်ကလည်း ယင်းဟောင် ဥက္ကဋ္ဌ လက်ထောက် လုပ်နေသည် ဆိုတော့ သူတို့ချင်း သိနေရင် ကောင်းမည်ဟု တွေးလိုက်မိသည်။

တုဇယ်ချန်း မျက်ခုံးပင့်လိုက်သည်။ ကိုယ့်အိမ်က လူ ဖြစ်နေတာကိုး။ ပြီးတော့ ချန်လုပ်ငန်းစုနဲ့ ချိတ်ဆက်ပေးနိုင်တယ် ဆိုတော့ ရာထူးမသေးလောက်ဘူး။

"ဘယ်သူလဲ... ဘာရာထူးလဲ"

"တုနျန်ယန် ပါ... အထက်တန်းကျောင်းတုန်းက သူငယ်ချင်းပါ။ ဒီနှစ်မှ နိုင်ငံခြားက ကျောင်းပြီးလို့ ပြန်ရောက်တာ။ ယင်းဟောင်မှာ လက်ထောက် လုပ်နေတယ်"

ရှန်ယို့ယောင်လည်း အံ့သြသွားသည်။ တုဇယ်ချန်းက မျက်နှာကို ပွတ်သပ်လိုက်ပြီး ရယ်မောလိုက်သည်။

"ရေစက် ဆိုတာ ဆန်းကြယ်သားပဲ"

ရွမ်ဟုန်လန်က သူ့လေသံကို အကဲခတ်မရ ဖြစ်နေသည်။

"ခင်ဗျားတို့ သိကြလား"

တုဇယ်ချန်း ခေါင်းခါလိုက်သည်။

"မစ္စတာရွမ်... ခင်ဗျားရဲ့ နည်းပညာ စွမ်းရည်ကတော့ ရှယ်ပဲ။ ဒါပေမဲ့ လူရွေးတာတော့ တော်တော် ညံ့တာပဲ"

ဖန်ရွှယ်ယင်း တစ်ယောက်၊ တုနျန်ယန် တစ်ယောက်... နှစ်ယောက်လုံးက အဆိပ်ပြင်းတဲ့ မြွေဟောက်တွေ။

ရွမ်ဟုန်လန်က မျက်နှာပျက်သွားသည်။ တစ်ခုခု မှားသွားပြီလား။

တုဇယ်ချန်းက ဘေးမှ ကျွမ်းကျင်သူကို မေးလိုက်သည်။

"မန်နေဂျာကျန့်... ဒီပရောဂျက် ဘယ်လို မြင်လဲ"

မန်နေဂျာကျန့်က ခေါင်းညိတ်လိုက်သည်။

"အချက်အလက် အတိအကျကိုတော့ အဖွဲ့နဲ့ တွက်ချက်ရဦးမယ်။ ဒါပေမဲ့ လက်ရှိ အနေအထားအရ ဆိုရင်တော့ ရင်းနှီးမြှုပ်နှံသင့်တဲ့ ပရောဂျက်ပါ"

"ကောင်းပြီ... ဒါဆို မစ္စတာရွမ်... ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်"

တုဇယ်ချန်းက ဆုံးဖြတ်လိုက်သည်။

"ခင်ဗျား ဒီဂိမ်း ရေးဆွဲတုန်းက ကျွန်တော့် ပိုက်ဆံတွေ သုံးခဲ့တာပဲ။ ဒါကို ကျွန်တော် ရင်းနှီးမြှုပ်နှံလိုက်တယ်လို့ သဘောထားလိုက်မယ်။ ရှယ်ယာ ခွဲဝေမှု ကိစ္စကို မန်နေဂျာကျန့်နဲ့ ညှိနှိုင်းလိုက်ပါ။ ကျန်တဲ့ သန်း ၅၀ အကြွေးကိုတော့ ဘဏ်အတိုးနှုန်းနဲ့ တွက်ပြီး အရစ်ကျ ပြန်ဆပ်ပါ... ဘယ်လိုလဲ"

ရွမ်ဟုန်လန်က နားမယုံနိုင် ဖြစ်သွားသည်။

"ဗျာ..."

"ဒါပေမဲ့ ကန့်သတ်ချက် ၂ ခု ရှိတယ်"

ရွမ်ဟုန်လန် လက်သီးဆုပ်လိုက်သည်။

"ပြောပါ"

"နံပါတ် ၁က ဖန်ရွှယ်ယင်းကို ကုမ္ပဏီ ကိစ္စတွေမှာ လုံးဝ ဝင်ပါခွင့် မပေးရဘူး။ ဘယ်ကိစ္စမဆို... ပါတာနဲ့ ကုမ္ပဏီကို ကျွန်တော် သိမ်းယူလိုက်မယ်"

"နံပါတ် ၂က တုနျန်ယန် မေးလာရင် ကုမ္ပဏီကို ကျွန်တော့်ဆီ အပေါင်ဆုံးသွားပြီလို့ ပြောလိုက်။ သူ့တောင်းဆိုမှု မှန်သမျှ လက်မခံနဲ့။ ခင်ဗျားကို ရောင်းစားသွားမှာ စိုးလို့ ပြောတာ။ အဲဒီကျရင် ကုမ္ပဏီ ဆုံးရှုံးမှု တန်ဖိုးက သန်း ၅၀ မက ရှိသွားလိမ့်မယ်"

"ရှယ်ယာ ကိစ္စကို မန်နေဂျာကျန့်နဲ့ သေချာ တိုင်ပင်ပါ။ သူက ဝါရင့် ကျွမ်းကျင်သူပါ။ ပူးပေါင်းဆောင်ရွက်ပြီ ဆိုမှတော့ နှစ်ဖက်စလုံး အကျိုးရှိစေချင်တယ်"

ရွမ်ဟုန်လန် ပြန်သွားသည့် အချိန်ထိ ကြောင်တောင်တောင် ဖြစ်နေသည်။ တုဇယ်ချန်းကမူ ပျော်ရွှင်နေသည်။ ရှန်ယို့ယောင်ကို ကြည့်ပြီး ပြုံးလိုက်သည်။

"တုနျန်ယန်နဲ့ ချန်ရွေ့တို့ ဒေါသထွက်ပြီး သွေးအန်သွားမလား မသိဘူးနော်"

သွေးအန် မအန်တော့ မသိ။ ရူးမတတ် ဒေါသထွက်နေသည်ကတော့ အမှန်ပင်။

တုဇယ်ချန်းသည် «အစ်မလဲ့ စကားဝိုင်း» သို့ သွားရန် ပြင်ဆင်နေစဉ် တုနျန်ယန် ဖုန်းဆက်လာသည်။

"တုဇယ်ချန်း... ငါတို့ စကားပြောရအောင်"

တုနျန်ယန် အသံက ဒေါသကို မနည်း ထိန်းထားရပုံ ပေါက်နေသည်။

"ရွမ်ဟုန်လန်ရဲ့ ပရောဂျက်ကို ချန်လုပ်ငန်းစုက ယူဖို့ လုပ်နေတာ။ ခင်ဗျား ဝင်လုတာ မကောင်းဘူး ထင်တယ်"

"ဝိုး..."

တုဇယ်ချန်းက လှောင်ပြောင်လိုက်သည်။

"ချန်လုပ်ငန်းစုက ကြမ်းလှချည်လား။ သူတို့ ကြိုက်ပြီဆိုရင် ဘယ်သူမှ မထိရတော့ဘူးလား။ ပြီးတော့... ချန်လုပ်ငန်းစု ကိစ္စကို မင်းက ဘာလို့ ပူနေရတာလဲ။ အခုကတည်းက ချန်မိသားစုဝင် ဖြစ်သွားပြီလား။ ဥက္ကဋ္ဌကြီး ဝမ်းနည်းနေဦးမယ်"

"ခင်ဗျား..."

"တော်ပြီ... ငါ မအားဘူး။ မင်းရဲ့ ယုတ္တိမရှိတဲ့ စကားတွေ နားထောင်ဖို့ အချိန်မရှိဘူး။ နောက်ကို ဖုန်းမဆက်ပါနဲ့... ငါတို့က ရင်းနှီးတာမှ မဟုတ်တာ"

ဖုန်းချပြီးနောက် တုဇယ်ချန်း ကျေနပ်သွားသည်။

ရှန်ယို့ယောင်က သူ့လည်စည်းကို ပြင်ပေးရင်း ရယ်မောလိုက်သည်။

"သူ ဥက္ကဋ္ဌကြီးဆီ သွားတိုင်တော့မယ် ထင်တယ်"

"တိုင်လေ... တိုင်လေ..."

တုဇယ်ချန်းက ခေါင်းမော့ပေးရင်း ပြုံးလိုက်သည်။

"သွားတိုင်လေ ပိုကောင်းလေပဲ"

သူ့မျက်လုံးထဲတွင် ဉာဏ်နီဉာဏ်နက်များ ပြည့်နေသည်။ ရှန်ယို့ယောင် ပြုံးလိုက်သည်။

"ဘာအကြံတွေ ထုတ်နေပြန်ပြီလဲ"

"အကြံ မဟုတ်ပါဘူး... သူတို့ဘာသာ လာတိုးတာလေ"

တုဇယ်ချန်းက ဆက်ပြောသည်။

"မင်းကို ကျေးဇူးတင်ရမယ်... မင်းသာ ရင်းနှီးမြှုပ်နှံဖို့ အကြံမပေးရင် ငါက ရွမ်ဟုန်လန်နဲ့ ပူးပေါင်းဖို့ စဉ်းစားမိမှာ မဟုတ်ဘူး။ အခုလို မမျှော်လင့်တဲ့ အမြတ်တွေ ထွက်လာမှာ မဟုတ်ဘူး"

"ကျွန်မက လျှောက်ပြောမိတာပါ"

သူ့ကို ပြောရခက်မည် ထင်သော်လည်း ချက်ချင်း လက်ခံလိုက်သဖြင့် အံ့သြမိသည်။

"ဒါနဲ့... ရွမ်ဟုန်လန်က လူကောင်းလေးပါ။ မိန်းမ ရွေးမှားသွားတာ တစ်ခုပဲ ရှိတာ"

သူ ဖန်ရွှယ်ယင်းနှင့် လက်ထပ်ပြီးလျှင် အရင်ဘဝကလို အောင်မြင်ပါ့မလား ဆိုတာ သူမ စိုးရိမ်မိသည်။

တုဇယ်ချန်းက ရုတ်တရက် မေးလိုက်သည်။

"ဘာလဲ... မိန်းကလေးတွေက အဲဒီလို ပုံစံမျိုး ကြိုက်ကြတာလား"

"ဘာကို ဆိုလိုတာလဲ"

ရှန်ယို့ယောင် အံ့သြသွားသည်။

"တုသခင်လေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးနေတာလား"

"ဘယ်ကလာ... မယုံကြည်စရာလား"

တုဇယ်ချန်း ဝန်မခံ။

"မင်းတို့ အမြင်က ထူးဆန်းနေလို့ပါ"

"ဘယ်သူက အမြင်ထူးဆန်းလို့လဲ"

ရှန်ယို့ယောင်က ပြန်မေးလိုက်သည်။

"သူက ရုပ်ချောတယ်၊ စိတ်သဘောထား ကောင်းတယ်။ ဖန်ရွှယ်ယင်း အတွက်ဆို အကုန် ပုံအောပေးရဲတယ်။ သစ္စာရှိပြီး တာဝန်ယူစိတ် ရှိတယ်..."

"ဘာ... ဘာ..."

တုဇယ်ချန်း ပျာယာခတ်သွားသည်။

"သူက ငါ့လောက် ချောလို့လား။ ငါ့လောက် သဘောကောင်းလို့လား"

သူ့ပုံစံကို ကြည့်ပြီး ရှန်ယို့ယောင် သဘောကျသွားကာ စချင်စိတ် ပေါက်သွားသည်။ အံ့သြဟန် ဆောင်လိုက်သည်။

"ရှင်က သဘောကောင်းတယ် ဟုတ်လား"

"ငါက မကောင်းလို့လား"

တုဇယ်ချန်း ပြန်မေးသည်။

"ဘယ်နေရာ မကောင်းလို့လဲ။ ပျော်ပျော်နေတတ်တယ်၊ စာနာတတ်တယ်၊ ရက်ရောတယ်၊ သစ္စာရှိတယ်၊ သတ္တိရှိတယ်..."

"အင်း... ပြီးတော့ အရှက်မရှိဘူး... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတယ်... စကားများတယ်"

ရှန်ယို့ယောင်က ရယ်မောရင်း ဖြည့်စွက်လိုက်သည်။

တုဇယ်ချန်း စကားပိတ်သွားသည်။ ခဏကြာမှ မေးလိုက်သည်။

"မင်းက အေးအေးဆေးဆေး နေတတ်တဲ့ ကောင်လေးတွေကို ကြိုက်တာလား"

ရှေ့ခန်းတွင် ကားမောင်းနေသော အစ်ကိုကျူးနှင့် ရှောင်းမင်ကျန့်တို့ မှန်ထဲမှ တစ်ဆင့် ကြည့်ပြီး ခိုးရယ်လိုက်ကြသည်။ တုသခင်လေးတော့ သွားပါပြီ။

ရှန်ယို့ယောင်က သူ့လေသံထဲမှ စိုးရိမ်မှုကို သတိမထားမိ။ စနောက်ချင်စိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... ငြိမ်ငြိမ်လေး နေတတ်တဲ့သူ ကြိုက်တယ်"

တုဇယ်ချန်းက လည်ချောင်းရှင်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"မင်း အဲဒီလို တွေးတာ မှားနေတယ်"

"ကြည့်လေ... မင်းက စကားနည်းတယ်။ နောက်ထပ် စကားနည်းတဲ့ ကောင်လေး တစ်ယောက် ထပ်ရှာလိုက်ရင် ဘဝက အသံတိတ် ရုပ်ရှင် ရိုက်နေသလို ဖြစ်နေမှာပေါ့။ ပျော်စရာ ကောင်းတော့မလား။ မင်းက ပျော်ပျော်နေတတ်တဲ့၊ စာနာတတ်တဲ့၊ ရက်ရောတဲ့..."

"သစ္စာရှိပြီး သတ္တိရှိတဲ့..."

ရှန်ယို့ယောင်က ဖြတ်ပြောလိုက်သည်။ သူ့အနား ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။

"အင်း... သိပါပြီ။ ကျွန်မက တုသခင်လေးလို လူမျိုးကို ရှာရမယ် ဆိုပါတော့..."

တုဇယ်ချန်း ကြောင်သွားသည်။