Ch 12
Viewers 57

အခန်း (၁၂)

တုဇယ်ချန်းသည် မိခင်ဖြစ်သူကို အလွန် ကြောက်ရွံ့ပုံ ပေါ်သောကြောင့် သူမကို ကြမ်းတမ်းခက်ထန်မည့် မိန်းမကြီးဟု ထင်ရသော်လည်း တကယ်တမ်းတွင် တုကတော် ထန်ရွှမ်သည် အလွန်သိမ်မွေ့နူးညံ့သော အမျိုးသမီး တစ်ဦး ဖြစ်သည်။ ကျန်းမာရေး သိပ်မကောင်းသဖြင့် အမြဲလိုလို အားနည်းနေတတ်ရာ ရှေးခေတ် တရုတ်အလှမယ် ရှီးရှီကဲ့သို့ လှပသော ပန်းကလေးသဖွယ် ကြင်နာယုယချင်စရာ ကောင်းလှသည်။ သူမ၏ အမူအရာများတွင် အသက် ၅၀ ကျော် အမျိုးသမီးဟု မထင်ရလောက်အောင် ဖြူစင်ရိုးသားသော ဟန်ပန်များ ရှိနေသေးရာ ခင်ပွန်းသည်နှင့် ဖခင်ဖြစ်သူတို့က သူမကို မည်မျှ အလိုလိုက် အမြတ်တနိုးထားကြောင်း ပေါ်လွင်နေသည်။

သားဖြစ်သူက မထင်မှတ်ဘဲ လက်ထပ်ဖြစ်သွားသည့် မိန်းကလေးကို ခေါ်လာသောအခါ သူမသည် စိတ်မဆိုးသည့်အပြင် ယဉ်ကျေးပျူငှာစွာ ဧည့်ခံရှာသည်။

"သမီးက ယို့ယောင် မလား။ အန်တီက ဒီလိုပဲ ခေါ်လို့ ရမလားဟင်"

ရှန်ယို့ယောင် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့... ရပါတယ် အန်တီ"

တုကတော်သည် အိမ်အကူအား ရေနွေးကြမ်း လာချခိုင်းပြီးနောက် တိုးတိုးလေး မေးရှာသည်။

"သားတို့ ဘယ်တုန်းက လက်မှတ်ထိုးလိုက်တာလဲ။ ဇယ်ချန်းက အမေ့ကို ဘာမှလည်း မပြောဘူး"

"အမေ..."

တုဇယ်ချန်းက ချက်ချင်း ဝင်တားလိုက်သည်။

"ကျွန်တော်တို့ တကယ် လက်ထပ်တာ မဟုတ်ပါဘူး"

တုကတော် မျက်မှောင်ကြုတ်လိုက်သည်။

"ဘာကို ဆိုလိုတာလဲ"

တုဇယ်ချန်းသည် ဖန်ရွှယ်ယင်းက သူ့ကို ထောင်ချောက်ဆင်ခဲ့ပုံ၊ မတရား စွပ်စွဲခံရသဖြင့် ဒေါသထွက်ပြီး ရှန်ယို့ယောင်ကို ဆွဲကာ လက်ထပ်စာချုပ် ယူလိုက်ပုံများကို ရှင်းပြလိုက်သည်။

"သား... သားက ဘယ်လို ဖြစ်လို့ ဒီလောက် စိတ်မြန်လက်မြန် ဖြစ်ရတာလဲ"

တုကတော်သည် နားထင်ကို နှိပ်နယ်လိုက်သည်။

"အမေတော့ သားကို မနိုင်တော့ဘူး။ သွား... အပေါ်ထပ်တက်ပြီး အဘိုးကို သွားရှင်းပြချေ။ အဘိုးကမှ သားကို ဆုံးမနိုင်မှာ"

ထို့နောက် ရှန်ယို့ယောင်ဘက် လှည့်ကာ တောင်းပန်လိုက်သည်။

"အားနာပါတယ် သမီးရယ်။ ဇယ်ချန်းက အဖေ အလိုလိုက်လို့ ဆိုးနေတာပါ။ လက်ထပ်တာလို ကိစ္စကြီးကို ကလေးကစားသလို လုပ်ပြီး သမီးကိုပါ ဒုက္ခရောက်အောင် လုပ်မိပြီ"

"အမေ... ကျွန်တော် မှားမှန်း သိပါပြီ။ ဒီကိစ္စ ပြီးသွားရင် ကျွန်တော် သေချာ ပြန်ရှင်းပေးပါ့မယ်"

တုဇယ်ချန်းက ပြောရင်း ရှန်ယို့ယောင် လက်ကို ဆွဲလိုက်သည်။

"ယို့ယောင်... အဘိုးကို မတွေ့ဖူးသေးဘူး မလား။ လာ... အတူတူ သွားတွေ့ရအောင်"

သူ အခုချက်ချင်း တစ်ယောက်တည်း သွားတွေ့ရင် အဆဲခံရပြီး သေမှာ သေချာသည်။

တုဇယ်ချန်း အကြောက်ဆုံး လူစာရင်းတွင် အမေက ဒုတိယသာ ရှိပြီး နံပါတ်တစ် နေရာတွင် ရှိသူမှာ အဘိုးထန် ဖြစ်သည်။ များသောအားဖြင့် အဘိုးအဘွားများသည် မြေးများကို အလိုလိုက်တတ်သော်လည်း တုအိမ်တော်တွင် ပြောင်းပြန် ဖြစ်နေသည်။ ဖခင်ဖြစ်သူက အလိုလိုက်လွန်းသဖြင့် အဘိုးထန်က စည်းကမ်းတင်းကျပ်စွာ ဆုံးမလေ့ ရှိသည်။ ထို့ကြောင့် ပြဿနာရှာမိတိုင်း အဘိုးထန်ကို အကြောက်ဆုံး ဖြစ်နေရသည်။

ရှန်ယို့ယောင် ပါသွားလျှင်တော့ ဧည့်သည်ကို ထောက်ထားသောအားဖြင့် အဘိုးက သူ့ကို မျက်နှာသာ ပေးကောင်း ပေးလိမ့်မည်။

တုကတော်က သားဖြစ်သူ၏ ဉာဏ်နီဉာဏ်နက်ကို ရိပ်မိသော်လည်း မတားဆီးပေ။ တုဇယ်ချန်း ဘယ်လောက် ဆိုးဆိုး သူတို့လို ရှေးရိုးစွဲ လူကြီးများ အမြင်တွင် လက်ထပ်စာချုပ် ရထားလျှင် ဇနီးမောင်နှံ ဖြစ်နေပြီဟု ယူဆကြသည်။ လူလည်း ရောက်နေပြီမို့ သွားတွေ့သင့်သည်။

ထန်မိသားစုသည် မျိုးရိုးစဉ်ဆက် ကုန်သည်များ ဖြစ်ကြသည်။ အဘိုးထန် လက်ထက်တွင် ဟန်ယန် အုပ်စု ဟူသော စီးပွားရေး အင်ပါယာကြီး တစ်ခု ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်။ သူသည် ခေတ်တစ်ခေတ်၏ ဒဏ္ဍာရီ ဖြစ်သည်။ ဇနီးဖြစ်သူ ကျန်းမာရေး မကောင်းသဖြင့် တုကတော် ထန်ရွှမ်ကို မွေးပြီးနောက် ကလေးထပ်မယူတော့ဘဲ သမီးလေးကို ရတနာသဖွယ် ပိုးမွေးသလို မွေးခဲ့သည်။

ယခုအခါ အသက် ၈၀ ကျော်နေပြီ ဖြစ်ပြီး ငယ်စဉ်က ပင်ပန်းခဲ့သမျှ ဒဏ်တွေကြောင့် ရောဂါမျိုးစုံ ခံစားနေရသည်။ ကိုယ်ခန္ဓာ ပိန်လှီနေသော်လည်း ဒေါသထွက်လာလျှင် အရင်အတိုင်းပင် ကြောက်စရာ ကောင်းနေဆဲ။

"မင်း... မင်းကို ငါ ဘာပြောရမလဲတောင် မသိတော့ဘူး"

အဘိုးထန်က တုဇယ်ချန်းကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

"မင်းကြောင့် ငါ့မျက်နှာ ဘယ်လောက် ပျက်ရလဲ သိရဲ့လား။ မင်း အဘိုးချန် ရဲ့ မြေးမလေး နိုင်ငံခြားက ပြန်ရောက်လာလို့ မင်းနဲ့ သဘောတူဖို့ ပြောထားတာ။ ငါက ရင်ကော့ပြီး ကတိပေးပြီးကာစ ရှိသေးတယ်... မင်းက လက်ထပ်စာချုပ်ကြီး ထုတ်ပြလိုက်တော့ ဟိုဘက်က ငါ့ကို လူလိမ်လို့ ထင်ကုန်ကြပြီ။ ငါနဲ့ အဆက်အဆံ ဖြတ်တော့မလိုတောင် ဖြစ်နေပြီကွ"

တုဇယ်ချန်းလည်း အပြစ်ရှိစိတ်ဖြင့် အဘိုး၏ ကျောကို နှိပ်ပေးကာ ချော့မော့လိုက်သည်။

"စိတ်မဆိုးပါနဲ့ အဘိုးရယ်။ ကျွန်တော် ပြောသားပဲ... ဒါက ဟန်ပြ လက်ထပ်တာပါဗျာ။ ဘာမှ မထိခိုက်ပါဘူး။ မယုံရင် ယို့ယောင်ကို မေးကြည့်"

အဘိုးထန်က ဂရုမစိုက်။

"ဘာမှ မထိခိုက်ဘဲနေမလားကွ"

သူက မြေးဖြစ်သူကို မျက်စောင်းခဲလိုက်သည်။

"အစစ်လား အတုလား ငါ မသိဘူး။ လက်မှတ်ထိုးပြီးပြီ ဆိုမှတော့ ငြိမ်ငြိမ်နေ။ ဖောက်ပြန်တာတွေ ဘာတွေ မလုပ်နဲ့။ မိန်းကလေး တစ်ယောက်ကို ဒုက္ခပေးပြီးပြီ... နောက်ထပ် တစ်ယောက်ကို ထပ်ပြီး ဒုက္ခပေးချင်နေသေးလား"

"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ"

တုဇယ်ချန်း ခေါင်းညိတ်လိုက်သည်။

"အဘိုး ပြောတာ နားထောင်ပါ့မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ငယ်ပါသေးတယ်။ အသက် ၃၀ လောက်မှ အိမ်ထောင်ပြုလည်း နောက်မကျပါဘူး"

"နှမြောစရာ ကောင်းလိုက်တာကွာ... ချန်မြေးမလေးက တော်တော် ပြည့်စုံတာ။ ရုပ်ချောတယ်၊ ပညာတတ်တယ်၊ လိမ္မာတယ်... နာမည်ကြီး တက္ကသိုလ်က ဘွဲ့ရထားတာ။ သူ့အဖေ ကုမ္ပဏီကိုတောင် ဝင်ကူညီပေးနေတာ တော်တော် လုပ်တတ်ကိုင်တတ် ရှိတယ်တဲ့။ မင်းအတွက် အားကိုးရမဲ့ ဇနီးကောင်း တစ်ယောက် ဖြစ်လာမှာ"

အဘိုးထန်က နှမြောတသ သက်ပြင်းချလိုက်သည်။

"တော်စမ်းပါဗျာ"

တုဇယ်ချန်းက ပြန်ပြောလိုက်သည်။

"အဘိုးချန်က သဘောကောင်းပေမဲ့ ဦးလေးချန်တို့က အရမ်း အခွင့်အရေး ယူတတ်တာ။ အဲဒီ ကောင်မလေး အကြောင်း ကျွန်တော် ကြားဖူးပါတယ်။ သူ့အဖေနဲ့ တူတူပဲတဲ့။ ကျွန်တော် လက်ထပ်လိုက်ရတာ ကံကောင်းသွားတယ်။ မဟုတ်ရင် သူတို့နဲ့ ပတ်သက်မိပြီး ဒုက္ခရောက်မှာ"

"မင်း ဘယ်သူက သင်ပေးလိုက်တာလဲ... ကွယ်ရာမှာ အတင်းပြောတာ မကောင်းဘူး။ ငါက မင်းအဘိုးချန်နဲ့ တစ်သက်လုံး ပေါင်းသင်းလာတာ... သူတို့အကြောင်း ငါ မသိဘဲ နေမလား"

အဘိုးထန် မျက်မှောင်ကြုတ်လိုက်သည်။

တုဇယ်ချန်းလည်း ခွေးမြီးကောက် ကျည်တောက်စွပ် ပြန်လုပ်လိုက်သည်။

"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... ကျွန်တော် မှားသွားပါတယ်။ ဒါပေမဲ့ အခုတော့ ဖြစ်ပြီးသွားပြီဆိုတော့ ကျွန်တော် လိမ္မာပါ့မယ်။ ဒီကိစ္စတွေ ပြီးသွားလို့ လေငြိမ်သွားရင် အဘိုး စိတ်ကြိုက် ရှာပေးတဲ့သူနဲ့ တွေ့ပါ့မယ်။ အဘိုး မျက်စိက ဒိဗ္ဗစက္ခု ရထားတာပဲ... အကောင်းဆုံး ရှာပေးနိုင်မှာ သေချာတယ်"

အဘိုးထန်က ရှန်ယို့ယောင်ကို တစ်ချက် ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။

"မင်းမိန်းမ ဒီမှာ ရှိနေတာကို ဘာတွေ လျှောက်ပြောနေတာလဲ"

တုဇယ်ချန်းက ဒါ မိန်းမအစစ် မဟုတ်ပါဘူးဟု ပြောချင်သော်လည်း အဘိုး စိတ်ဆိုးနေချိန်မို့ သူပြောသမျှ ခေါင်းညိတ်ရမည့် အချိန်ပင်။

"ဒီကိစ္စ နောက်မှ ရှင်းမယ်။ မင်း အပြင်ထွက်နေ... ငါ ယို့ယောင်နဲ့ စကားပြောချင်တယ်"

တုဇယ်ချန်းက သစ္စာရှိစွာ ကာကွယ်ပေးလိုက်သည်။

"အဘိုး... သူက ကျွန်တော့်ကြောင့် ပါသွားရရှာတာပါ။ သူ့ကို အခက်မတွေ့စေပါနဲ့ဗျာ။ ပြီးတော့ သူက စကားနည်းတယ်။ ပြောစရာ ရှိမှာ မဟုတ်ဘူး"

"မင်း အလုပ် မဟုတ်ဘူး... ငါ ပြောချင်လို့ ပြောတာ။ ထွက်သွားစမ်း"

အဘိုးထန်က တုတ်ကောက်နှင့် ရွယ်လိုက်သဖြင့် တုဇယ်ချန်း ထွက်ပြေးရတော့သည်။

တုဇယ်ချန်း ထွက်သွားသည်နှင့် အဘိုးထန်၏ ဒေါသများ ပျောက်ကွယ်သွားပြီး တည်ငြိမ်အေးစက်သော ဟန်ပန် ပေါ်လာသည်။

"သမီး... ပြောစရာ ရှိတယ်ဆို"

ရှန်ယို့ယောင်က အံ့သြသွားသည်။ သူမ စကား ပြောချင်နေမှန်း အဘိုး ဘယ်လို သိသွားတာလဲ။

သူမ ဒီနေ့ လိုက်လာရခြင်း ရည်ရွယ်ချက်က အဘိုးထန်ကို သတိပေးချင်သောကြောင့် ဖြစ်သည်။ သို့သော် လူချင်း တွေ့လိုက်ရချိန်တွင် အဘိုး၏ ကျန်းမာရေး အခြေအနေက ထင်ထားသလောက် မကောင်းမွန်မှန်း သိလိုက်ရသဖြင့် ပြောသင့် မပြောသင့် တွေဝေနေမိသည်။

"အရေးကြီးလား"

အဘိုးထန်က မျက်လုံးမှေးစင်းကာ ကြည့်လိုက်သည်။

"သတင်းဆိုးလား"

သူ့ပုံစံက အရာရာကို ကြိုသိနေသလိုပင်။ ရှန်ယို့ယောင် နှုတ်ခမ်းကို ကိုက်လိုက်ပြီး စကားစလိုက်သည်။

"တုဟုန်ရိ (တုဇယ်ချန်းအဖေ) နဲ့ ပတ်သက်တဲ့ ကိစ္စပါ..."

အဘိုးထန်က ပြတ်သားစွာ ပြောလိုက်သည်။

"ဘယ်ဘက် ပထမ အံဆွဲထဲက ဆေးဘူး ယူပေးပါ"

ရှန်ယို့ယောင် သူ၏ စိတ်ခိုင်မာမှုကို လေးစားသွားမိသည်။ ဆေးဘူးကို ယူပြီး ကမ်းပေးလိုက်သည်။

"စိတ်မပူပါနဲ့... ငါက ဒီအသက်အရွယ် ရောက်နေပြီ။ ဘာမဆို ကြုံဖူးပါတယ်။ သားအမိ နှစ်ယောက်ကို ကာကွယ်ဖို့အတွက် ငါ အလွယ်တကူ လဲကျသွားမှာ မဟုတ်ဘူး"

အဘိုးထန်က ဆေးသောက်ရန် ပြင်လိုက်သည်။

ရှန်ယို့ယောင် မျက်လုံး ပြူးသွားသည်ကို မြင်တော့ သူ ရယ်မောလိုက်သည်။ မြေးဖြစ်သူက ဒီကောင်မလေးကို ဘာလို့ ကာကွယ်ပေးချင်လဲ ဆိုတာ သူ နားလည်လိုက်ပြီ။ သူက အရမ်း ရိုးရှင်းလွန်းသည်။

"လူဆိုတာ ပြည့်စုံတယ် ဆိုတာ မရှိပါဘူး။ သူက သားအမိ နှစ်ယောက်ရှေ့မှာ အရမ်း ပြီးပြည့်စုံလွန်းနေတယ်။ အပြင်လူတွေနဲ့ သူ သတိထားရမဲ့ လူတွေရှေ့မှာပဲ ဒီလို ဟန်ဆောင်တတ်ကြတာ... ကဲ ပြောပါ... သမီး ပြောချင်တာနဲ့ သိထားတာတွေ အကုန် ပြောပြပါ"

...

နှစ်ယောက်သား စာကြည့်ခန်းထဲတွင် တစ်နာရီခန့် ကြာသွားသည်။ တုဇယ်ချန်း ခဏခဏ ဝင်လာသော်လည်း ချက်ချင်း မောင်းထုတ်ခံရသဖြင့် သိချင်စိတ် ပြင်းပြနေသည်။

ရှန်ယို့ယောင် ထွက်လာသည်နှင့် သူ အပြေးသွားမေးလိုက်သည်။

"အဘိုးနဲ့ ဘာတွေ ဒီလောက်ကြာအောင် ပြောနေတာလဲ"

အဘိုးထန်က အေးစက်စွာ ပြောလိုက်သည်။

"မင်း ကွာရှင်းဖို့ မစဉ်းစားနဲ့တော့။ ဒီတစ်သက် ယို့ယောင်နဲ့ပဲ ပေါင်းတော့လို့ ပြောလိုက်တာ"

တုဇယ်ချန်း ရယ်မောလိုက်သည်။

"အဘိုးကလည်း... ယို့ယောင်ကို ဘာမှတ်နေလဲ။ ကျွန်တော်နဲ့ ပေါင်းရတာက သူ့အတွက် ပြစ်ဒဏ်ကျနေသလိုပဲ။ အဘိုး မသိလို့ပါ... သူက အရမ်း လိမ္မာတာ။ ဒီလို မိန်းကလေးမျိုး ရတာ ကျွန်တော် ကံကောင်းတာပေါ့ဗျာ"

ရှန်ယို့ယောင်က သူ နောက်ပြောင်နေမှန်း သိသော်လည်း မျက်နှာ ရဲသွားသည်။

ထန်အိမ်တော်မှ ပြန်ထွက်လာချိန်တွင် ရှန်ယို့ယောင် စိတ်မကောင်း ဖြစ်နေသည်။ တုဇယ်ချန်းကမူ အဆူမခံရဘဲ ပြန်လာနိုင်သဖြင့် ပျော်ရွှင်နေသည်။

"ဒါနဲ့... မင်းတို့ တကယ် ဘာပြောကြတာလဲ"

တုဇယ်ချန်းက သူမ ပုံမှန် မဟုတ်တာကို သတိမထားမိ။ အစကတည်းက စကားနည်းသူ မဟုတ်လား။

"ရှင် ငယ်ငယ်တုန်းက အကြောင်းတွေ ပြောဖြစ်ကြတယ်။ အဘိုးက ရှင့်ကို သိပ် ချစ်တာပဲ"

"မြေး အရင်းလို သဘောထားပြီး ပြောပြနေတာပေါ့လေ"

တုဇယ်ချန်း ရယ်မောလိုက်သည်။

"ချစ်တော့ ချစ်ပါရဲ့... နည်းနည်းတော့ ကြမ်းတယ်"

"ချစ်လို့ အပြစ်ပေးတာပေါ့"

ရှန်ယို့ယောင် ဆက်ပြောသည်။

"ရှင်က ဘဝတစ်လျှောက်လုံး အဆင်ပြေလွန်းခဲ့တော့ နောင်တစ်ချိန် အခက်အခဲ ကြုံရင် ပြန်မထနိုင်မှာကို သူ စိုးရိမ်နေရှာတယ်"

"အဲဒါက အခက်အခဲနဲ့ မကြုံဖူးသေးလို့ ထင်နေကြတာပါ။ ငါ့ကို အထင်သေးလွန်းပါတယ်။ တကယ်တမ်းကျရင် ငါက အရိုးမာတယ်ကွ"

တုဇယ်ချန်းက ကြွားလုံးထုတ်လိုက်သည်။

ရှန်ယို့ယောင် ပြုံးလိုက်မိသည်။

"အင်း... ရှင့်စကားကို မှတ်ထားမယ်နော်။ တကယ်ကြုံလာရင် ပြောတဲ့အတိုင်း ဖြစ်ပါစေ"

"စိတ်ချ... ဖြစ်စေရမယ်"

အတူနေထိုင်ရသည့် ဘဝသည် ထင်ထားသည်ထက် ပိုအဆင်ပြေသည်။ ပထမဆုံးနေ့က ဖြစ်ရပ်မှလွဲ၍ ကျန်ရက်များတွင် ပျော်ရွှင်စရာ ကောင်းသည်။

တုဇယ်ချန်းသည် ရှန်ယို့ယောင်က သူ့ကို ကောင်းကောင်း ပြုစုစောင့်ရှောက်ပေးကြောင်း သိလာသည်။ ဘာမှ ထွေထွေထူးထူး မလုပ်ပေးသော်လည်း အိမ်ထဲတွင် နေရတာ သက်သောင့်သက်သာ ရှိလာသည်။

ဇာတ်တိုက်ပြီးကတည်းက နှစ်ယောက်သား ရင်းနှီးလာကြသည်။ ရှန်ယို့ယောင်သည် မကြာခဏဆိုသလို သရုပ်ဆောင်ခြင်းနှင့် ပတ်သက်ပြီး မေးမြန်းလေ့ရှိသည်။ တုဇယ်ချန်းက ထိပ်တန်း အနုပညာရှင် တစ်ယောက် ဖြစ်သဖြင့် သူမ မသိသော အရာများစွာကို သင်ကြားပေးနိုင်သည်။

မကြာမီ သူမ တကယ် သရုပ်ဆောင်ရတော့မည်။

ဇာတ်လမ်းက ကျူးယန်လင် ရှာပေးခြင်း မဟုတ်ဘဲ သူတို့အလိုလို ရှာတွေ့လာခြင်း ဖြစ်သည်။

ဝမ်ဟောင်က ရှန်ယို့ယောင်ကို နာမည်ဖျက်ရန် ဗီဒီယို တင်ခဲ့စဉ်က မောက်ရှန်းရှန်း အထိုးခံရတာကိုသာ တင်ခဲ့သည်။ သို့သော် အဖြစ်မှန် ပေါ်လာသောအခါ ဗီဒီယိုအပြည့်အစုံ ထွက်ပေါ်လာခဲ့သည်။

ရိုက်ကွင်းထဲရှိ လူတိုင်းက ဝမ်ဟောင်ဘက်သား မဟုတ်ပေ။ အစပိုင်းတွင် ရှန်ယို့ယောင်ကို မယားငယ်ဟု ထင်ပြီး မကူညီခဲ့ကြသော်လည်း အမှန်တရား ပေါ်လာချိန်တွင် သနားစိတ်ဖြင့်သော်လည်းကောင်း၊ တုဇယ်ချန်းကို မျက်နှာလိုမျက်နှာရ လုပ်ချင်၍သော်လည်းကောင်း အမှန်တရားကို ဖော်ထုတ်လာကြသည်။

ဝမ်ဟောင်ကို ဆဲဆိုခဲ့သော တုဇယ်ချန်း၏ စကားများသည် ယုတ္တိရှိပြီး မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သည်။

[ရွံစရာ ကောင်းလိုက်တာ... ရက်စက်လိုက်ကြတာ]

[သူ့ကို မြွေပွေးမလို့ ပြောခဲ့တဲ့ ကောင်တွေ ဘယ်ရောက်ကုန်ပြီလဲ။ ငါ့အစ်မယို့ယောင်က သူတော်စင်မလေး ဖြစ်နေတာကို]

[ဒီလောက် အရည်အချင်း ရှိတာတောင် အနိုင်ကျင့်ခံနေရတာပါလား]

[ဒါ ဖန်ရွှယ်ယင်းရဲ့ အစီအစဉ်ပဲ။ ဝမ်ဟောင်ကို တမင် သုံးလိုက်တာ]

[လွန်ခဲ့တဲ့ တစ်ပတ်က ငါ့ပါးစပ်ကို ငါ ပြန်ရိုက်ချင်တယ်]

[ရှန်ယို့ယောင်က သည်းခံနိုင်လွန်းပါတယ်။ ငါသာဆိုရင် အဲဒီ ဒါရိုက်တာကို အိတ်စွပ်ပြီး ရိုက်ပစ်လိုက်ပြီ]

[အခုခေတ်က ပိုက်ဆံရှိရင် ဘာမဆို လုပ်လို့ ရနေတာလား။ "အစစ်အတိုင်း ဖြစ်အောင် သရုပ်ဆောင်ပါ" တဲ့... ခွေးစကားပဲ။ ဒီလိုကောင်က ဒါရိုက်တာ လုပ်ဦးမယ်တဲ့လား]

[သခင်လေးတု ပြောတာ မှန်တယ်။ အမှန်တရား မပေါ်ခင် ဘာမှ ဝင်မပြောတာ အကောင်းဆုံးပဲ။ မဟုတ်ရင် သူများလက်ထဲက ဓားစာခံ ဖြစ်သွားလိမ့်မယ်]

[ဖန်ရွှယ်ယင်းကိုတော့ တစ်သက်လုံး မုန်းသွားပြီ]

...