Ch 11
Viewers 55

အခန်း (၁၁)

နောက်တစ်နေ့ နံနက်တွင် တုဇယ်ချန်း အိပ်ခန်းထဲမှ ထွက်လာသောအခါ ထမင်းနံ့ သင်းသင်းလေးကို ရလိုက်သည်။ ထမင်းစားခန်းသို့ လျှောက်သွားလိုက်ရာ ရှန်ယို့ယောင်သည် စားပွဲတွင် ထိုင်နေပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။ ဆန်ပြုတ်နှင့် ကြက်သွန်မြိတ်ထည့်ထားသော ပန်ကိတ်၊ ဘေးတွင် သခွားသီးသနပ် ပန်းကန်ငယ်လေး နှစ်ခုကို တွဲဖက်ထားသဖြင့် ရိုးရှင်းသော်လည်း စားချင်စဖွယ် ဖြစ်နေသည်။

ရှန်ယို့ယောင်သည် အေးဆေးစွာ စားသောက်နေသော်လည်း တုဇယ်ချန်းကို မြင်လိုက်သည်နှင့် လန့်ဖျပ်သွားသော ကြောင်ကလေးတစ်ကောင်လို မတ်တတ်ထရပ်လိုက်သည်။

"ရှင် ဒီလောက်စောစော နိုးပြီလား။ ရှင့်အတွက် သွားယူပေးမယ်"

သူမသည် မနေ့က ဖြစ်ပျက်ခဲ့သည်များကို မသိချင်ယောင်ဆောင်ကာ ဟန်လုပ်နေခြင်း ဖြစ်သော်လည်း သိပ်မအောင်မြင်လှ။ သူမ မျက်နှာတစ်ခုလုံး ရဲတက်လာသည်ကို တုဇယ်ချန်း အထင်းသား မြင်နေရသည်။

တုဇယ်ချန်းလည်း အနည်းငယ် နေရခက်နေသော်လည်း သူမ ပုံစံကို ကြည့်ပြီး သဘောကျသွားကာ စချင်စိတ် ပေါက်သွားသည်။ သို့သော် သူ၏ သိစိတ်က တားမြစ်လိုက်သဖြင့် ရယ်ချင်စိတ်ကို အောင့်အီးကာ မီးဖိုခန်းဘက် လှည့်ထွက်လိုက်သည်။

"ရပါတယ်... မင်း ထိုင်နေပါ။ ငါ့ဘာသာ သွားယူလိုက်မယ်"

သူ မီးဖိုခန်းထဲမှ ပြန်ထွက်လာချိန်တွင် ရှန်ယို့ယောင်သည် အလျင်အမြန် စားသောက်ပြီးစီးနေပြီ ဖြစ်ပြီး ပန်းကန်များ သိမ်းဆည်းရန် မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားတော့သည်။

တုဇယ်ချန်း စကားပြောချင်သော်လည်း အခွင့်အရေး မရသဖြင့် ခေါင်းခါကာ တစ်ယောက်တည်း ထိုင်စားနေရတော့သည်။

စားလို့ တစ်ဝက်လောက် ကျိုးချိန်တွင် ဖုန်းမြည်လာသည်။ ဖုန်းနံပါတ်ကို မြင်သည်နှင့် တုဇယ်ချန်း ခေါင်းကိုက်သွားသော်လည်း မကိုင်၍ မဖြစ်သဖြင့် ကိုင်လိုက်ရသည်။ အသံကတော့ သိသိသာသာ အားငယ်နေသည်။

"အမေ..."

ငါးမိနစ်လောက် ကြာမှ ဖုန်းပြောပြီးသွားသည်။ တုဇယ်ချန်း သက်ပြင်းချလိုက်ပြီး မီးဖိုချောင်ထဲ ဝင်သွားသည်။

"ယို့ယောင်... ငါ..."

သူ့စကား ရပ်တန့်သွားသည်။ ရှန်ယို့ယောင်သည် လက်နှစ်ဖက်ကို ဆုပ်ကာ ရင်ဘတ်ရှေ့တွင် ထားပြီး ကြောင်လက်သည်း ပုံစံ လုပ်ထားသည်။ ပြီးတော့ ခေါင်းလေး စောင်းကာ လက်တစ်ဖက်ကို လျှာဖြင့် လျက်လိုက်သည်။ အသံကြားမှ လှည့်ကြည့်လာရာ မျက်ဝန်းဝိုင်းဝိုင်းလေးများထဲတွင် သတိထားမှုနှင့် အပြစ်ကင်းစင်မှုတို့ ပြည့်နှက်နေသည်။

သူ့အမေ မွေးထားသော ပါရှန်ကြောင်လေးနှင့် တထပ်တည်း တူနေသည်။ ယောကျ်ားတစ်ယောက်အဖို့ ဤကဲ့သို့ အပြစ်ကင်းစင်သော ချစ်စရာကောင်းမှုသည်လည်း ဆွဲဆောင်မှု တစ်မျိုးပင် ဖြစ်နေသည်။

တုဇယ်ချန်း ချောင်းဟန့်လိုက်သည်။

"သရုပ်ဆောင်တာ မဆိုးဘူးပဲ။ ဒါကြောင့် ဆရာမ ရှို့ဝမ်က မင်း ပါရမီပါတယ်လို့ ပြောတာကိုး"

ရှန်ယို့ယောင် ရှက်သွားသော်လည်း သူ ချီးကျူးလိုက်သဖြင့် စိတ်သက်သာရာ ရသွားသည်။

"ခုနက ပန်းကန်ဆေးရင်း ရုတ်တရက် သတိရလို့ စမ်းကြည့်လိုက်တာပါ"

"မင်းက တကယ့်ကို သရုပ်ဆောင် ရူးသွပ်သူပဲ"

တုဇယ်ချန်းသည် အနေရခက်မှု ပျောက်သွားအောင် စကားလမ်းကြောင်း လွှဲလိုက်သည်။

"ဇာတ်ညွှန်းအတိုင်း လေ့ကျင့်ကြည့်ချင်လား"

ရှန်ယို့ယောင် မျက်လုံးများ အရောင်တောက်သွားသည်။

"ဘာဇာတ်ညွှန်းလဲဟင်"

တုဇယ်ချန်း အခန်းထဲ ပြန်ဝင်သွားပြီး ဇာတ်ညွှန်းအကျဉ်းချုပ် စာအုပ်ပုံတစ်ပုံကို ပိုက်ပြီး ပြန်ထွက်လာသည်။

"ရော့... ရွေးကြည့်။ ကြိုက်တာရှိရင် အစ်ကိုကျူးကို ပြောပြီး အခွင့်အရေး ရှာခိုင်းလို့ ရတယ်"

ရှန်ယို့ယောင် ရယ်မောလိုက်သည်။

"ကျွန်မက အဲဒီအဆင့် မရောက်သေးပါဘူး"

ပါးစပ်ကသာ ပြောနေသော်လည်း လက်က လှမ်းယူပြီး ဖတ်ရှုနေမိသည်။ လေ့လာရုံ သက်သက်ဆိုရင်တော့ ကိစ္စမရှိပါဘူးလေ။

သူမ အလေးအနက် ဖတ်ရှုနေသည်ကို မြင်တော့ တုဇယ်ချန်းလည်း ဘေးကနေ ထိုင်ပြီး သူ သဘောကျသော ဇာတ်ညွှန်းအချို့ကို ရွေးထုတ်ပေးလိုက်သည်။

သူ့လက်ထဲ ရောက်လာသော ဇာတ်ညွှန်းတိုင်းသည် အရည်အသွေး ကောင်းမွန်ကြသည်။ ရှန်ယို့ယောင် တတိယမြောက် စာအုပ်ကို ဖတ်ကြည့်ပြီး စိတ်ဝင်စားသွားသည်။ ဇာတ်လမ်းက တိုင်းပြည်ကို ကယ်တင်ရန် ကြိုးပမ်းနေသော ဘုရင်တစ်ပါး အကြောင်း ဖြစ်သည်။ ဇာတ်လမ်း အသွားအလာ ကျစ်လျစ်ပြီး ပရိယာယ်များဖြင့် ပြည့်နှက်နေသည်။ လူငယ် ဘုရင်နှင့် သူ၏ မှူးမတ်များသည် ပြည်သူများအတွက် အရာရာ စွန့်လွှတ် အနစ်နာခံကြသည့် အပိုင်းက လူကို ဆွဲဆောင်ထားနိုင်သည်။

"«ချူမင်းမင်းဆက် ဘုရင်» လား။ မင်း မျက်စိရှိသားပဲ"

တုဇယ်ချန်းက ပြောလိုက်သည်။

"ငါ အကြိုက်ဆုံး ဇာတ်ညွှန်းပဲ"

"ဒါဆို ရှင် ဘာလို့ မရွေးတာလဲ"

ရှန်ယို့ယောင် နားမလည်စွာ မေးလိုက်သည်။ သူ သဘောကျမှန်း သိသာနေသည်။

တုဇယ်ချန်းက သူမ လက်ထဲမှ ဇာတ်ညွှန်းကို ယူလိုက်ပြီး ပြောလိုက်သည်။

"အစ်ကိုကျူးက ပေးမရိုက်ဘူးလေ။ ဒီထဲက ဘုရင်က အရမ်း သနားစရာ ကောင်းတယ်တဲ့။ ဆင်းရဲဒုက္ခ ပေါင်းစုံ ခံစားပြီး ကြီးပြင်းလာရတဲ့ သူတဲ့။ ငါ့လို ရွှေဇွန်းကိုက်ပြီး ကြီးလာတဲ့ကောင်က လူ့လောကရဲ့ ဒုက္ခတွေကို နားမလည်လို့ ကောင်းကောင်း သရုပ်ဆောင်နိုင်မှာ မဟုတ်ဘူးတဲ့။ ဇာတ်လမ်းကောင်းကို ဖျက်ဆီးမပစ်ပါနဲ့လို့ ပြောတယ်"

ရှန်ယို့ယောင် ခိုးရယ်လိုက်သည်။ ကျူးယန်လင် ပြောတာ ဟုတ်နေတာကိုး။

"ဒါက ဒါရိုက်တာ ကိုယ်တိုင် ရေးထားတဲ့ ဇာတ်လမ်း။ ဒါပေမဲ့ သူက နာမည်မကြီးဘူး။ ငွေကြေး အခက်အခဲလည်း ရှိတယ်။ အစ်ကိုကျူးက ဇာတ်ညွှန်းကို ဝယ်ဖို့ ကမ်းလှမ်းထားတယ်"

တုဇယ်ချန်း ဆက်ပြောသည်။

"ဒါပေမဲ့ မလွယ်လောက်ဘူး။ ကိုယ်တိုင် ရေးထားတဲ့ ဇာတ်လမ်းဆိုတာ ကိုယ့်သားသမီးလိုပဲလေ... ဘယ်ရောင်းချင်ပါ့မလဲ"

ရှန်ယို့ယောင်က ဇာတ်ညွှန်းကို ပြန်ယူပြီး သေချာ ထပ်ဖတ်ကြည့်သည်။

သူမ ပုံစံကို ကြည့်ပြီး တုဇယ်ချန်း အကြံရသွားသည်။

"စမ်းပြီး သရုပ်ဆောင် ကြည့်မလား။ ဒီထဲမှာ အမျိုးသမီး ဇာတ်ကောင်တွေက စရိုက်ကွဲပြားပြီး စိတ်ဝင်စားဖို့ ကောင်းတယ်"

ရှန်ယို့ယောင် စိတ်ဝင်စားသွားသည်။ တုဇယ်ချန်းက ဘေးနား တိုးကပ်လာပြီး ဇာတ်ကောင် နေရာများကို ရှင်းပြသည်။

"အမျိုးသမီးစစ်သူကြီး၊ ရန်သူ့နိုင်ငံက လာတဲ့ မင်းသမီး၊ ပြီးတော့ ဆောင်ကြာမျိုင်က သူလျှိုမလေး... မင်း ဘယ်ဟာ ကြိုက်လဲ"

"အမျိုးသမီးစစ်သူကြီး"

ရှန်ယို့ယောင်က ချက်ချင်း ရွေးလိုက်သည်။ ထိုဇာတ်ကောင်သည် ဇာတ်လမ်းတွဲ မင်းသမီးလည်း ဖြစ်သည်။ စကားနည်းပြီး ပြတ်သားသည်။ နောက်ဆုံးတွင် စစ်မြေပြင်၌ ကျဆုံးသွားသည်။ သူမ၏ စိတ်နေသဘောထားနှင့် တူညီသဖြင့် ရှန်ယို့ယောင်က ထိုဇာတ်ကောင်ကို နားလည်နိုင်သည်။

တုဇယ်ချန်းက လက်ခုပ်တီးလိုက်သည်။

"ကောင်းပြီ... ဒါဆို ကချေသည် သူလျှိုမလေး နေရာကနေ စမ်းရအောင်"

ရှန်ယို့ယောင်: ...

"သူက ချူဘုရင်ကို ချစ်တယ်။ ဒါပေမဲ့ ဘုရင်က တိုင်းပြည်ကိုပဲ စိတ်ဝင်စားမှန်း သိတော့ သူ့ခံစားချက်တွေကို မျိုသိပ်ပြီး ဘုရင် လိုချင်တာ မှန်သမျှ ဖြစ်အောင် ကူညီပေးခဲ့တယ်။ အပြင်ပန်း ကြည့်ရင်တော့ မြှူဆွယ်တတ်တဲ့ မိန်းမပျက်လိုလိုနဲ့ အတွင်းစိတ်က မွန်မြတ်တယ်... အချစ်ကြီးတယ်... ခံစားချက် အလွှာစုံပါတဲ့ ဇာတ်ကောင်ပဲ။ စိန်ခေါ်မှု ကောင်းတယ်လေ"

နောက်ဆုံး စကားကြောင့် ရှန်ယို့ယောင် လက်ခံလိုက်သည်။

"ကောင်းပြီ... အဲဒီဟာ လုပ်မယ်"

"ငါ ဇာတ်တိုက်ပေးမယ်"

တုဇယ်ချန်း တက်ကြွသွားသည်။

"ရှင်က ဘုရင် လုပ်မှာလား"

"မဟုတ်ဘူး"

တုဇယ်ချန်းက ယုတ်မာသော အပြုံးဖြင့် ပြုံးလိုက်သည်။

"ငါက ယွင်နိုင်ငံက စစ်သူကြီးလု လုပ်မယ်"

ရှန်ယို့ယောင် ကြောင်သွားသည်။ ယွင်နိုင်ငံ ဆိုသည်မှာ ချူနိုင်ငံ၏ ရန်ဘက်နိုင်ငံ ဖြစ်သည်။ စစ်သူကြီးလု ဆိုသည်မှာ မင်းသမီးကို လိုက်ပို့ပေးသူ ဖြစ်ပြီး မိန်းမလိုက်စားသူ ဖြစ်သည်။ သူလျှိုမလေးက သတင်းရယူရန် သူ့ကို မြှူဆွယ်ရမည့် အခန်း ဖြစ်သည်။

ရှင်းရှင်း ပြောရရင် ပြည့်တန်ဆာမလေးနှင့် ဧည့်သည် ဖြစ်သည်။

"နောက်ဆုတ်လို့ မရဘူးနော်"

တုဇယ်ချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းက သရုပ်ဆောင် လုပ်ချင်တာ မလား။ ငါ့လို ဇာတ်ကောင် ရွေးခွင့် ရှိတာမှ မဟုတ်တာ။ ပေးလာတဲ့ ဇာတ်ရုပ်ကို ပီပြင်အောင် လုပ်ရမှာပဲ"

သူ့ပုံစံကို ကြည့်ပြီး ရှန်ယို့ယောင် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

"ကောင်းပြီလေ"

တုဇယ်ချန်းက ခြေပစ်လက်ပစ် ထိုင်လိုက်ပြီး ခိုးရယ်နေသည်။ ဒီကောင်မလေး မြှူဆွယ်တဲ့ ပုံစံ လုပ်ပြရင် ဘယ်လောက် ရယ်စရာ ကောင်းမလဲ ဆိုတာ တွေးပြီး ပျော်နေသည်။

သို့သော် ရှန်ယို့ယောင် မျက်လုံးဖွင့်လိုက်ချိန်တွင် သူ မှင်တက်သွားသည်။

သူမ တစ်ကိုယ်လုံး ပြောင်းလဲသွားသည်။ မျက်ဝန်းထဲမှ အပြစ်ကင်းစင်မှုများ ပျောက်ကွယ်သွားပြီး၊ ဆွဲငင်အား ပြင်းထန်သော ညှို့ဓာတ်များ နေရာယူလာသည်။ သူမက ပြုံးပြလိုက်ရာ သွားတန်းလေးများကို လျှာဖျားလေးနှင့် သပ်သွားသည်ကို မြင်လိုက်ရသည်။ မျက်နှာထား၊ အမူအရာ အားလုံးသည် ယစ်မူးဖွယ် ကောင်းလွန်းလှသည်။

"စစ်သူကြီးလု..."

သူမ၏ အသံသည် ဝိုင်အရက် စိမ်ထားသကဲ့သို့ မူးယစ် ရီဝေနေသည်။

တုဇယ်ချန်း အံ့သြ၍ မဆုံးခင်မှာပင် သူမ၏ လက်ချောင်းသွယ်သွယ်လေးများက သူ၏ မျက်နှာပေါ် ရောက်ရှိလာသည်။ နားရွက်အောက်မှ လည်ပင်းတလျှောက် ပွတ်သပ်ဆင်းလာရာ သူ၏ နှလုံးသားကို ကုတ်ခြစ်နေသကဲ့သို့ ယားကျိကျိ ခံစားလိုက်ရသည်။

တုဇယ်ချန်း တံတွေး မျိုချလိုက်မိပြီး ဒိုင်ယာလော့ ပြန်ပြောလိုက်သည်။

"မိန်းကလေး ဇီယန်ရဲ့ ဂုဏ်သတင်းက အလကား မဟုတ်ပါလား"

ရှန်ယို့ယောင်က သူ့ကိုယ်ပေါ်သို့ မှီချလိုက်ပြီး ခေါင်းကို ပခုံးပေါ်တင်ကာ ရင်ဘတ်ကို လက်ဖြင့် ပွတ်သပ် ကစားလိုက်သည်။ ယောကျ်ားတစ်ယောက် စိတ်လှုပ်ရှားလာအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို မွေးရာပါ တတ်ကျွမ်းသူ တစ်ယောက်အလားပင်။

"အပြင်က လူတွေ ပြောနေတာက အပေါ်ယံပါ... ကျွန်မရဲ့ စစ်မှန်တဲ့ အရည်အချင်းကို မြင်ဖူးသူ ရှားပါတယ်ရှင်"

"ဟုတ်လား..."

တုဇယ်ချန်း စိတ်ထဲ ဗျာများသွားသည်။ ဒီကောင်မလေးက အနေအေးသလောက် တကယ်တမ်းကျတော့ တော်တော် ဟုတ်ပါလား။ ဒီလို အခန်းမျိုးကိုတောင် ချက်ချင်း စီးမျောနိုင်တယ် ဆိုတော့ သူလည်း အရှုံးပေးလို့ မဖြစ်။

"ဒါဆိုရင်တော့ ကိုယ်တော် ဒီနေ့ မျက်ဝါးထင်ထင် ကြည့်ရတာပေါ့"

ရှန်ယို့ယောင်က ခေါင်းမော့လိုက်ပြီး သူ့နားနား ကပ်ကာ လေမှုတ်လိုက်သည်။ သူမ၏ ဖြူဝင်းသွယ်လျသော လည်တိုင်လေးက သူ့မျက်စိရှေ့တွင် ထင်ရှားစွာ ပေါ်လာပြီး ကိုက်ချင်စဖွယ် ဆွဲဆောင်နေသည်။

တုဇယ်ချန်း စိတ်ကို မနည်း ထိန်းချုပ်လိုက်ပြီး သူမ ဘာပြောမလဲ ဆိုတာကို နားစွင့်လိုက်သည်။ ထိုစဉ် နူးညံ့ပြီး ချိုသာသော အသံလေးတစ်ခု နားထဲသို့ တိုးဝင်လာသည်။

"ညောင်..."

တုဇယ်ချန်း ဓာတ်လိုက်သွားသလို တောင့်တင်းသွားပြီး ကျောရိုးတလျှောက် စိမ့်တက်သွားသည်။ စိတ်ထဲမှ "သောက်ကျိုးနည်း" ဟု ကျိန်ဆဲလိုက်မိသည်။

သူ ဒီလို အသံမျိုး ကြိုက်မှန်း သူမ သိနေတာလား။ ကွန်ပျူတာထဲမှာ ဖိုင်ခွဲပြီး သိမ်းထားတာ အလကား မဟုတ်ဘူး။

မနေ့က အရှက်သည်းပြီး ထွက်ပြေးသွားသော ကောင်မလေးက ဒီနေ့ သူ့ကို ဒီနည်းနဲ့ လက်စားချေလိုက်တာပဲ။ တော်တော် ဉာဏ်များတာပဲ။

ရှန်ယို့ယောင်ကတော့ အောင်နိုင်သူ တစ်ယောက်လို မတ်တတ်ထရပ်ပြီး ပါးစပ်ပိတ်ကာ ရယ်မောနေသည်။ မျက်လုံးလေးများ ကွေးညွှတ်သွားသည်အထိ ပျော်ရွှင်နေပုံရသည်။

တုဇယ်ချန်းက လက်ညှိုးထိုးပြီး ပြောလိုက်သည်။

"ကောင်းပြီလေ... မင်း နိုင်သွားပါပြီ"

ရှန်ယို့ယောင် အနည်းငယ် ရှက်သွားပြီး ရယ်မောတာကို ရပ်တန့်လိုက်သည်။

"ဒါပေမဲ့ တကယ် ပြောတာပါ... မင်း တော်တော် ကောင်းတယ်။ လုံးဝ တခြားလူ တစ်ယောက် ဖြစ်သွားသလိုပဲ။ ဘယ်လို စိတ်သွင်းလိုက်တာလဲ"

တုဇယ်ချန်းက ချီးကျူးလိုက်သည်။

"အဓိကကတော့ အတုခိုးလိုက်တာပါ"

စောစောက သူမ လုပ်ခဲ့သည့် ပုံစံကို ပြန်တွေးမိပြီး မျက်နှာ ရဲတက်လာသည်။

"ဆရာမ ရှို့ဝမ်က ကျွန်မ အတွေ့အကြုံ နည်းသေးတယ်တဲ့။ ဒါကြောင့် အခုလောလောဆယ် အတုခိုးတဲ့ အဆင့်မှာပဲ ရှိသေးတယ်။ တကယ်တမ်း ပိုင်နိုင်ဖို့ ဆိုရင်တော့ အတွေ့အကြုံတွေ များလာမှ ရမယ်တဲ့"

သူမ၏ ရှက်သွေးဖြာနေသော ပုံစံနှင့် စောစောက ပြည့်တန်ဆာမလေး ပုံစံတို့ ကွာခြားလွန်းသည်ကို မြင်တော့ တုဇယ်ချန်းက လေးနက်စွာ ပြောလိုက်သည်။

"မင်း တကယ် တော်ပါတယ်။ အတုခိုးတယ် ဆိုပေမဲ့ သာမန်လူတွေ လုပ်နိုင်တဲ့ အဆင့် မဟုတ်ဘူး"

သူမ၏ ဇာတ်ကောင် စရိုက် ပြောင်းလဲနိုင်စွမ်းနှင့် မူလစရိုက်ကို ဖျောက်ဖျက်နိုင်စွမ်းတို့သည် ပါရမီရှင် တစ်ယောက်၏ အရည်အချင်းများပင် ဖြစ်သည်။

"ကျေးဇူးတင်ပါတယ်... ကျွန်မ ဆက်ပြီး ကြိုးစားပါ့မယ်"

အသိအမှတ်ပြု ခံရခြင်းက ပျော်ရွှင်စရာ ကောင်းလှသည်။

"ဪ... ဒါနဲ့..."

တုဇယ်ချန်း ဖုန်းမက်ဆေ့ကို ကြည့်ပြီး စိတ်ပျက်စွာ ပြောလိုက်သည်။

"မနက်ဖြန်ကျရင် အမေနဲ့ အဘိုးကို သွားတွေ့ရမယ်"

ရှန်ယို့ယောင် နားမလည်သလို ကြည့်လိုက်သည်။

"ငါတို့ လက်မှတ်ထိုးလိုက်တဲ့ သတင်းက အမေ့ဆီ ရောက်သွားပြီလေ။ မင်းကို ခေါ်လာခဲ့တဲ့... ဒါပေမဲ့ စိတ်မပူပါနဲ့။ ငါ အမေ့ကို သေချာ ရှင်းပြပါ့မယ်။ သူက မင်းကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ပါဘူး"

ရှန်ယို့ယောင် ခဏစဉ်းစားပြီး မေးလိုက်သည်။

"အဘိုးထန်ရော ရှိနေမှာလား"

တုဇယ်ချန်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်။ အဖေ ခရီးထွက်နေတော့ အမေက ထန်အိမ်တော်မှာပဲ သွားနေတာ"

ရှန်ယို့ယောင် သဘောတူလိုက်သည်။ အဘိုးထန်ကို သူမ တွေ့ချင်သည်။ ဇာတ်လမ်း အပြည့်အစုံကို သူမ မသိသော်လည်း တုဇယ်ချန်း၏ ကံဆိုးမိုးမှောင်ကျမှုများက အဘိုးထန် ဆုံးပါးသွားပြီးနောက် စတင်ခဲ့ခြင်း ဖြစ်ကြောင်း သူမ မှတ်မိနေသည်။