Chapter - 41 : ရွှိကော၊ မင်း နာမည်ကြီးနေပြီ ( 2 )
စုန့်ကျယ်သည် မူလက သူ့အား နောက်ထပ် အနည်းငယ် စိတ်ငြိမ်အောင် လုပ်ပေးချင်ခဲ့သော်လည်း လုရွှိနှင့် စကားပြောပြီးနောက် ရွှီဟောက်မင်၏ ဒေါသမှာ ငြိမ်သက်သွားသည်ကို မြင်လိုက်ရသည်။ သူ( ရွှီဟောက်မင်)သည် လုရွှိ အသီးစားချင်လျှင် သူ့(လုရွှိ)အတွက် သစ်သီးဆေးပေးမည်ဟုပင် ပြောလိုက်သေးသည်။
ဟန်ထျန်းယွီသည် သူ၏ ပါးပြင်အား လက်ဖြင့် ထောက်ပြီး ၎င်းတို့နှစ်ဦး အပြန်အလှန် ဆက်သွယ်နေသည်ကို အဓိပ္ပာယ်ရှိသော အပြုံးဖြင့် ကြည့်နေသည်။
"ဟောက်မင်၊ မင်းဘက်လိုက်တာက အရမ်း သိသာတယ်... ခေါင်းဆောင်နဲ့ ငါ မင်းကို နှစ်ပေါင်းများစွာ သိခဲ့တာတောင် မင်းက ရွှိကောကိုပဲ အသီးစားချင်လား မေးတယ်နော်"
ရွှီဟောက်မင်သည် လှည့်လိုက်ပြီး သူ၏ အဖွဲ့ဝင်များအား မျက်လုံးလှန်ပြလိုက်သည်။ သူ ညည်းညူလိုက်၏။
"မင်းတို့ကို မေးစရာ မလိုဘူး၊ ရွှိကောက ငယ်တယ်၊ ဒါကြောင့် ငါ သူ့ကို ပို ဂရုစိုက်ရမယ်ဆိုတာ ရှင်းနေတာပဲ!"
"ကျွန်တော် မငယ်ပါဘူး"
ရုတ်တရက် အမည်တပ်ခံရသော လုရွှိသည် ရုတ်တရက် လှည့်လိုက်သည်။ သူ၏ အမူအရာမှာ နှစ်နှစ်ကာကာ ဖြစ်နေပြီး ရှင်းပြလိုက်၏။
"ခွီး..."
အခြားသော သုံးဦးသည် အထင်သေးစွာ မျက်စပစ်လိုက်ကြ၏။ ဟန်ထျန်းယွီသည် ရယ်မောရင်း သူ၏ ပါးစပ်အား ပိတ်လိုက်သည်။
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်၊ မငယ်ဘူး"
ရွှီဟောက်မင်သည် ချက်ချင်းပင် နားလည်သွား၏။ သူ ရယ်မောရင်း ရှင်းပြ၏။
"အိုက်ယား... ငါ အသက်အကြောင်း ပြောနေတာ"
လုရွှိသည် လေးနက်စွာ သူ၏ လည်ချောင်းအား ရှင်းလိုက်သည်။
"ကျွန်တော်လည်း အသက်အကြောင်း ပြောနေတာပါ"
တစ်ခါတစ်ရံတွင် ယောက်ျားများ၏ ပျော်ရွှင်မှုသည် လျှို့ဝှက်ဆန်းကြယ်ပြီး ရိုးရှင်းပေသည်။ စုန့်ကျယ်ပင်လျှင် ကျယ်လောင်စွာ ရယ်မောခြင်းအား မထိန်းနိုင်တော့ပေ။
၎င်းတို့ လေးဦး အတူတူ ရယ်မောကြလေသည်။
ဤအချိန်တွင် ရေဒီယိုမှ သတင်းကြီး တစ်ခုရုတ်တရက် ကြေညာလိုက်သည်။
'အိုင်ဒေါတစ်ဦး မွေးဖွားခြင်း' ၏ ပထမဆုံး အပိုင်းအား ယနေ့ည တုန်းချန် TV တွင် ထုတ်လွှင့်မည်ဖြစ်ပြီး ပထမဆုံး အွန်လိုင်း လူကြိုက်များမှု မဲပေးခြင်းလည်း ရှိမည်ဖြစ်၏။
"ဟေး... ဒီည လွှင့်မှာလား"
"ဒါဆို ငါတို့ ကြည့်လို့ ရမလား၊ TV မှာ ပထမဆုံးအကြိမ် ပါတာပဲဖြစ်ဖြစ်၊ တွေးကြည့်ရုံနဲ့ စိတ်လှုပ်ရှားစရာ ကောင်းတယ်"
"ငါတို့ ဖုန်းတွေ သုံးဖို့ တောင်းဆိုလို့ ရမလား၊ အဲဒီအချိန်ကျရင် ငါ့မိဘတွေကို TV ရှေ့မှာ ရှိနေဖို့ ပြောရမယ်၊ ငါ့ရဲ့ ဖန်သားပြင်မှာ ပါချိန်က သိပ်မရှိဘူး၊ သူတို့ မတွေ့လိုက်မှာကို ငါစိုးတယ်၊ ဟဲဟဲ..."
ရှိုးပွဲ စတင် ထုတ်လွှင့်တော့မည်ကို သိရှိပြီးနောက် သင်တန်းသားများသည် စိတ်လှုပ်ရှားနေပြီး အာရုံကြောများ တောင့်တင်းလာကာ ထုတ်လွှင့်ရန် စောင့်ဆိုင်းရင်း TV အား ဖက်ထားချင်နေကြသည်။
ထုတ်လုပ်ရေးအဖွဲ့ သည် လူတိုင်း၏ စိတ်ခံစားချက်များအား နားလည်ပြီး ၎င်းတို့၏ ဖုန်းများအား ယာယီ ပြန်ပေးခဲ့ကြသည်။ ၎င်းတို့သည် လူတိုင်း အတူတူ ရှိုးပွဲကြည့်ရန်အတွက် ကြည့်ရှုပွဲအား စီစဥ်ပေးမည် ဖြစ်ကြောင်းလည်း ဖော်ပြထား၏။
ခေတ်သစ် လူငယ်များ အနေဖြင့် လူတိုင်းသည် အခြေခံအားဖြင့် ၎င်းတို့၏ ဖုန်းများအား စွဲလမ်း နေကြသည်။
၎င်းတို့သည် ၎င်းတို့၏ ဖုန်းများမှ ရက်အနည်းငယ်သာ ဝေးကွာရသော်လည်း ၎င်းတို့၏ ချစ်သူများအား မြင်ရမည့်ထက် ၎င်းတို့၏ ဖုန်းများအား မြင်ရသည်ကို ပို၍ စိတ်လှုပ်ရှားနေပုံရသည်။
ရှိုးပွဲ ထုတ်လွှင့်ပြီးနောက် ဖြစ်ပေါ်မည့် အွန်လိုင်း မဲပေးခြင်းအား တွေးပြီးနောက် သင်တန်းသားများအားလုံး ၎င်းတို့၏ မိသားစုနှင့် သူငယ်ချင်းများထံသို့ ဖုန်းခေါ်ပြီး ပံ့ပိုးမှု ပြသရန် မျှော်လင့်ကြောင်း ဖော်ပြကြသည်။
လုရွှိသည် သူ၏ အလုပ်ဖုန်းအား အမြဲတမ်း ဆောင်ထားပေသည်။ ထို့ကြောင့် ၎င်းသည် သူ၏ အလုပ်အား မထိခိုက်ပေ။
ထို့ကြောင့် သူ၏ အရန်ဖုန်းကို ပြန်ရသောအခါ သူသည် အခြားလူတိုင်းကဲ့သို့ လိုက်လုပ်ကာ ၎င်းကိုလည်း ဖွင့်လိုက်သည်။
ကံအားလျော်စွာပင် ဖုန်းသည် အချက်ပြစနစ်နှင့် ချိတ်ဆက်လိုက်သည်နှင့် ပိုင်ဇယ်မှ ခေါ်လိုက်သည်။
"ခင်ဗျား MV မှာ စင်တာ နေရာ ရသွားတယ်လို့ ကျွန်တော် ကြားတယ်၊ အရမ်း ကောင်းတယ်"
သူ၏ မန်နေဂျာ အနေဖြင့် ပိုင်ဇယ်သည် လုရွှိအား ချီးမွမ်းရန် မတွန့်ဆုတ်ခဲ့ပေ။
"ကျေးဇူးပါ"
လုရွှိသည် ဖုန်းအား လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး တံခါးမှ ထွက်သွားသည်။ ရှဲ့အန်းထံသို့ နောက်ထပ် အော်ဒါတစ်ခု အကြောင်း မက်ဆေ့ချ် ပို့ရန် တွေးနေ၏။
"မဲပေးတာကို စိတ်မပူနဲ့၊ ကုမ္ပဏီက ခင်ဗျားကို ကူညီလိမ့်မယ်..."
လုရွှိသည် ထိုစကားအား ကြားသည်နှင့် ချက်ချင်း ငြင်းဆန်လိုက်သည်။
"အဲဒါ မလိုဘူး၊ ကျွန်တော် အော်ဒါကောက်ပြီးတာနဲ့ ပြိုင်ပွဲကနေ ထွက်မယ်၊ ဒီအပေါ်မှာ အရင်းအမြစ်တွေ ဖြုန်းတီးဖို့ မလိုဘူး"
"ကောင်းပြီ"
ပိုင်ဇယ်သည် တခြား မည်သည်ကိုမျှ မပြောတော့ဘဲ လုရွှိ၏ ထင်မြင်ချက်အား လေးစားစွာ သဘောတူလိုက်သည်။
ည ၈ နာရီ တိတိတွင် 'အိုင်ဒေါတစ်ဦး မွေးဖွားခြင်း' အား တရားဝင် ထုတ်လွှင့် လိုက်သည်။
သင်တန်းသားများသည် ရှားရှားပါးပါး အနားယူပြီး ထုတ်လွှင့်မှုအား ကြည့်ရှုရန် အတူတူ ထိုင်နေကြသည်။
ရှိုးပွဲသည် နည်းပြလေးဦး၏ မိတ်ဆက်မှုများဖြင့် စတင်ခဲ့၏။ အစီအစဥ်အား တစ်ချက်ကြည့်လိုက်ရုံနှင့် ၎င်းတို့သည် ငွေများစွာ ကုန်ကျထားကြောင်း သိနိုင်ပေသည်။
"နျန်ကော အရမ်း ခန့်တယ်၊ အားးးးး!"
"နတ်ဘုရားမလည်း အရမ်း လှတယ်၊ ဘယ်လိုလုပ် ဒီလောက် လှရတာလဲ!"
"ဒီတည်းဖြတ်မှုက အရမ်း အဆင့်မြင့်တယ်၊ ငါတို့ ရှိုးက တကယ် နာမည်ကြီးတော့မယ့်ပုံပဲ..."
သင်တန်းသားများသည် ရှိုးတွင် ၎င်းတို့၏ ပါဝင်မှု အကြောင်း တွေးလိုက်သောအခါ ၎င်းတို့သည် စိတ်လှုပ်ရှားခြင်း မရှိဘဲ မနေနိုင်တော့ပေ။
မကြာမီပင် သင်တန်းသားများသည် အဖွဲ့လိုက် ရိုက်ကူးထားသော ပုံဖြင့် မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ ၎င်းတို့၏ ရုပ်ပုံများသည် အကဲဖြတ်မှုအပိုင်းသို့ မရောက်မီ လျင်မြန်စွာ ပေါ်လာပြီး ပျောက်ကွယ်သွား၏။
"အိုး ဘုရားရေ၊ ငါတို့ ပထမဆုံး အဖွဲ့ဖြစ်တယ်ဆိုတာ မေ့နေတာပဲ၊ ဟားဟားဟား... ကင်မရာက ငါ့ကို လက်တွေ့ဘဝထက် ပိုဝစေတယ်လို့ ခံစားရတယ်၊ အိုင်း..."
စင်ပေါ်တွင် ပေါ်လာသော ပထမဆုံး အဖွဲ့၏ အဖွဲ့ဝင်များမှာ စိတ်လှုပ်ရှားနေပြီး အနည်းငယ် ရှက်ရွံ့နေသည်။ ၎င်းတို့၏ လည်ပင်းများအား ထိကာ ကိုယ့်ကိုယ်ကို စတင် မြည်တမ်း နေကြသည်။
ပထမ သုံးဖွဲ့ မှ အဖွဲ့ဝင်များအားလုံး ကင်မရာမှ ၎င်းတို့အား ဆိုးရွားစွာ ပုံပေါ်စေသည်ဟု ပြောကြသည်။ ၎င်းတို့၏ ကင်မရာပေါ်မှ ရုပ်ရည်သည် လက်တွေ့ဘဝမှ ၎င်းတို့ ကြည့်ကောင်းပုံနှင့် နှိုင်းယှဥ်သောအခါ ပို၍ ဆိုးရွားသည်ဟု ခံစားရ၏။
သို့သော် လုရွှိသည် ဖန်သားပြင်အတွင်းသို့ ဝင်ရောက်လာသည့် ချက်ချင်းပင် လူတိုင်းသည် ၎င်းတို့၏ မျက်လုံးများက တောက်ပလာသည်ဟု ခံစားရသည်။
ပေါ့ပေါ့ပါးပါး ပြုံးခြင်းသာလျှင်ပင် မယုံနိုင်လောက်အောင် ခန့်ညားနေသည်။ ထိုနုပျိုပြီး လန်းဆန်းသော ပုံပန်းသဏ္ဌာန်သည် ၎င်းတို့၏ နှလုံးသားများကိုပင် တုန်လှုပ်သွားစေ၏။
F4 သည် သင်တန်းသားများ အဖွဲ့၏ အလယ်တွင် ညှပ်ထားခြင်း ခံရပြီး လုရွှိအား မြင်သောအခါ အလွန် စိတ်လှုပ်ရှား နေကြသည်။ တစ်ခါတစ်ရံ "ထိမိစေတဲ့ အောင်မြင်မှုပဲ" ဟု အော်ဟစ်ကြ၏။ ဤတစ်ကြိမ်တွင် မည်သူမျှ ဝိညာဉ်ငိုသံများအား မကြားရတော့ပေ။ အကြောင်းမှာ အခြားလူတိုင်းသည် ၎င်းတို့ထက် ပို၍ စိတ်လှုပ်ရှား နေသောကြောင့် ဖြစ်သည်။
"လူတိုင်း ကင်မရာ ရိုက်ချက် အတူတူလောက်ပဲရတာ၊ ဘာလို့ ရွှိကောက ဒီလောက် လှနေရတာလဲ"
"ငါတော့ ချစ်မိသွားပြီ၊ ရွှိကောရဲ့ ခန့်ညားမှုကြောင့် ငါ သတိလစ်တော့မယ် ထင်တယ်"
"ဟဟ၊ ရွှိကော သူ့ရဲ့ အဆင့် F ရှိုးပွဲကို ချပြတော့မယ်..."
ရွှီဟောက်မင်သည် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ တုံ့ပြန်မှုများအား ကြည့်လိုက်သည်။ သူသည် လုရွှိ၏ ဘေးသို့ တိုးသွားခြင်း မပြုဘဲ မနေနိုင်တော့ပေ။
"ပထမဆုံး အပိုင်း ထွက်ပြီးရင် မင်းက အရမ်း နာမည်ကြီးလာလိမ့်မယ်လို့ ငါ ခံစားရတယ်"
သူ ထိုစကားများအား ပြောပြီး ၂ မိနစ်
မပြည့်မီ အဖွဲ့ထဲမှ တစ်စုံတစ်ဦးသည် ထိတ်လန့်စွာ အော်ဟစ် လိုက်သည်။
"ဘုရားရေ... ရွှိကော၊ မင်း နာမည်ကြီးနေပြီ!"
~~~