Chapter - 40 : ရွှိကော၊ မင်း နာမည်ကြီးနေပြီ ( 1 )
( ဒီအပိုင်းကစပြီး ဆရာဆိုတဲ့ အခေါ်အဝေါ်ကို လောင်ရှီးလို့ ပြောင်းသုံးသွားပါ့မယ်နော် )
ကျိရှိုးနျန်သည် သူ၏ ဘဝတစ်လျှောက်လုံး အဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ရသည်။ သို့သော် ဝိညာဉ်တစ်ဦး၏ လှည့်စားခြင်းအား ခံရခြင်းမှာ ပထမဆုံး ဖြစ်၏။
သူ့ဘေးမှ လူများ ဖြတ်သွားသည်ကို ကြည့်ခြင်းအားဖြင့် ရုတ်တရက် ပေါ်လာသော 'ဝိညာဉ်' အား အခြားမည်သူမျှ မမြင်နိုင်သည်မှာ ထင်ရှားသည်။
ကျိရှိုးနျန်သည် ဝိညာဉ်များနှင့် အပြန်အလှန် ဆက်သွယ်ခြင်းတွင် အတွေ့အကြုံ မရှိပေ။ သူသည် ထွက်သွားရန် မူလက တွေးမိသော်လည်း ထိုသူငယ်ချင်းလေးသည် သူ၏ လမ်းအား ပိတ်ဆို့ရုံသာမက သူ၏ အပေါင်းအသင်းများကိုပါ ခေါ်လိုက်သည်။
"ကျိလောင်ရှီး မြန်မြန်လာ နှုတ်ဆက်ကြ!"
"အယ်... ကျိလောင်ရှီး ငါတို့ကို တကယ် မြင်နိုင်တာလား"
"လာပြီ... လာပြီ!"
အခြားသုံးဦး လျှောက်လာသည်နှင့် ၎င်းတို့သည် တစ်ယောက်၏ ရုပ်ရည်အား တစ်ယောက် စစ်ဆေးလိုက်ကြပြီး စည်းကမ်းတကျ ပုံစံဖြင့် တက်လာကြသည်။
"ကျိလောင်ရှီး ခင်ဗျား တကယ်ပဲ ကျွန်တော်တို့ကို မြင်နိုင်တာလား"
"မင်္ဂလာပါ ကျိလောင်ရှီး၊ ကျွန်တော့် နာမည် ထောင်ယင်းပေါ် ပါ၊ ကျွန်တော်က သီချင်းရေးဆရာပါ"
"ကျွန်တော်က ခင်ဗျားရဲ့ ပရိသတ်ပါ၊ နျန်ကော... လက်မှတ် ထိုးပေးလို့ ရမလား၊ ခင်ဗျား ရေးပြီးရင် ကျွန်တော့်အတွက် မီးရှို့လိုက်လို့ ရပါတယ်"
ဝိညာဉ်လေးဦးသည် ကျိရှိုးနျန်ဆီသို့ ဦးညွှတ်ကာ နှုတ်ဆက်ကြသည်။ ၎င်းတို့၏ သဘောထားများသည် အလွန် စိတ်အားထက်သန်နေ၏။ ၎င်းတို့သည် ထိတ်လန့် ရုပ်ရှင်များတွင် ပါဝင်သည့် ဝိညာဉ်များနှင့် အလုံးစုံ ကွဲပြားလေသည်။ ၎င်းတို့၏ ရုပ်ရည်များသည် သန့်ရှင်းကာ ယဉ်ကျေး၍ နူးညံ့နေသည်။
၎င်းတို့သည် ယခု သူ့ရှေ့တွင် ရပ်နေ၏။ ပုံမကျသော အဝတ်အစားများမှလွဲ၍ ၎င်းတို့သည် အခြားသင်တန်းသားများနှင့် ကွာခြားပုံ မရပေ။
ကျိရှိုးနျန် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် စကားပြောရန် ဆုံးဖြတ်လိုက်သည်။
"မင်္ဂလာပါ"
" !!! "
"ဖာ့ခ်... ဖာ့ခ်၊ နျန်ကော တကယ်ပဲ ငါတို့ကို စကားပြောလိုက်ပြီ"
"ဟုတ်တယ် ဟုတ်တယ်၊ ပြီးတော့ အသက်ရှိနေတဲ့ နျန်ကော"
ဝိညာဉ်လေးဦးသည် အလွန် စိတ်လှုပ်ရှားသဖြင့် ၎င်းတို့သည် ထိုနေရာတွင်ပင် အော်ဟစ်တော့မည့် အလား ဖြစ်နေသည်။
ကျိရှိုးနျန်သည် အခြားသူများ၏ အာရုံစိုက်မှုအား ဆွဲဆောင်မိမည်ကို စိုးရိမ်သဖြင့် ဖုံးကွယ်ရန် သူ၏ နှာခေါင်းအား ပွတ်ရန် လက်မြှောက်လိုက်သည်။
"ဒီမှာ စကားပြောဖို့ အဆင်မပြေဘူး၊ လူမရှိတဲ့ နေရာတစ်ခု ရှာတွေ့တဲ့အထိ စောင့်ကြရအောင်၊ အဲဒီအခါကျမှ ငါတို့ စကားပြောလို့ရမယ်"
အသက်ရှင်သူတစ်ဦးသည် လေဟာနယ်နှင့် စကားပြောနေခြင်းကား ထူးဆန်းသည်မှာ အမှန်ပင်။ ဟယ့်ရှင်းဟွာနှင့် အခြားသူများသည် လုံးဝ နားလည်ပြီး ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ကောင်းပြီ၊ ခင်ဗျား ပြောတာကိုပဲ ကျွန်တော်တို့ လိုက်နာပါ့မယ်"
ကျိရှိုးနျန် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး အဝတ်အစားများ ပြန်လည် ပြင်ဆင်ခြင်း မပြုဘဲ မနေနိုင်တော့ပေ။ ထို့နောက် အခြားနည်းပြများနှင့်အတူ အစည်းအဝေးခန်းထဲသို့ ပထမဆုံး ဝင်သွားသည်။
ဟယ့်ရှင်းဟွာသည် ကျိရှိုးနျန်အား အခန်းအပြင်သို့ လိုက်ပို့လိုက်ပြီးနောက် ချက်ချင်းပင် လုရွှိ၏ ဘေးသို့ အပြေးအလွှား သွားလိုက်သည်။
"အားး... လုရွှိလောင်ရှီး၊ ခင်ဗျား အရမ်း အထင်ကြီးစရာ ကောင်းတယ်!"
လုရွှိ၏ အကြံပေးချက်သာ မရှိခဲ့လျှင် ဟယ့်ရှင်းဟွာသည် ကျိရှိုးနျန် ၎င်းတို့အား မမြင်နိုင်ဟု အမှန်ပင် ယုံကြည်မိပေလိမ့်မည်။ လူသားတစ်ဦးမှာ သူ့အား မြင်ခဲ့၏။ ထို့ပြင် သူသည် နည်းပြတစ်ဦးပင် ဖြစ်သေးသည်။ ဟယ့်ရှင်းဟွာသည် ပျော်ရွှင်မှုကြောင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိ ဖြစ်နေသည်။
"ကျိလောင်ရှီးက ကျွန်တော်တို့ကို အကဲဖြတ်ပေးဖို့ သဘောတူမယ်လို့ ခင်ဗျား ထင်လား"
ပွဲဦးထွက်ခြင်းသည် ၎င်းတို့ သုံးဦးအတွက် အကြီးမားဆုံး အိပ်မက် ဖြစ်သည်။ သို့သော် ကျိရှိုးနျန် သဘောတူမည်လား ဆိုသည်ကို ၎င်းတို့ မသိကြပေ။
"သူ လုပ်ပေးမှာပါ"
ကျိရှိုးနျန် အစောပိုင်းက ခဏတာ တွေဝေသွားသည့် အမူအရာအား တွေးလိုက်သောအခါ လုရွှိသည် မရှင်းပြနိုင်လောက်အောင် ဤလူသည် အနည်းငယ် ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
ယင်၊ ယန် မျက်လုံး ရှိသူများ သို့မဟုတ် သေလုမြောပါး ဖြစ်နေသူ အများအပြားသည် ဝိညာဉ်များအား မြင်နိုင်ကြသည်။ ဤလူအများစု၏ ပထမဆုံး တုံ့ပြန်မှုသည် ထိတ်လန့်ခြင်း ဖြစ်၏။ ကျိရှိုးနျန် တစ်ဦးတည်းသာ တည်ငြိမ်နေခဲ့ပြီး သူ၏ အလွန်ကောင်းမွန်သော သရုပ်ဆောင်စွမ်းရည်များအား အသုံးပြုကာ မမြင်ချင်ယောင်ဆောင်ခဲ့သည်။ ဝိညာဉ်များ ကိုယ်တိုင်ကိုပင် လှည့်စားခဲ့၏။
လုရွှိသည် သူ၏ လက်မောင်းများအား ရင်ဘတ်ပေါ်တွင် ချိတ်ထားလိုက်သည်။ သူ၏ လက်ချောင်းများကလည်း သူ၏ လက်ဖျံများကို ပုတ်နေ၏။ သူ၏ နှုတ်ခမ်းထောင့်များမှာ မသိစိတ်ဖြင့် မြင့်တက်လာသည်။
စိတ်ဝင်စားစရာကောင်းလိုက်တာ...
ရိုက်ကူးရေး ပြီးဆုံးပြီးနောက် သင်တန်းသားများ၏ အဆောင်ခန်းများအား ဒုတိယအကြိမ် အကဲဖြတ်ခြင်း၏ ရလဒ်များအပေါ် အခြေခံ၍ ပြန်လည် ချိန်ညှိလိုက်ကြသည်။
အဖွဲ့ဝင်များအားလုံး အကဲဖြတ်မှုနှစ်ခုစလုံးတွင် အဆင့် A ရရှိခဲ့သောကြောင့် လုရွှိ၏ အဆောင်ခန်းသည် ပြောင်းလဲမှု မရှိသော တစ်ခုတည်းသော အခန်း ဖြစ်သည်။
"ခေါင်းဆောင်၊ မင်း လန်ကောင်းကျယ် ဇောင်းကြွနေတာကို ခုနက မြင်လိုက်တယ် မဟုတ်လား၊ မင်း ဘာလို့ သူ့ကို ပြန်ပြောခွင့် မပေးတာလဲ"
လုရွှိ တံခါးအား တွန်းဖွင့်လိုက်သည်နှင့် ရွှီဟောက်မင်မှာ ကုတင်ဘေးတွင် လမ်းလျှောက် နေသည်ကို သူ မြင်လိုက်၏။ သူ သိသာစွာပင် အရမ်း ဒေါသထွက်နေသ၏။
"တော်လောက်ပြီ... ဟောက်မင်၊ စကားတွေအများကြီး မပြောနဲ့"
အဆောင်ခန်းရှိ ကင်မရာများသည် အရာအားလုံးအား သစ္စာရှိစွာ မှတ်တမ်းတင်ထားသည်ကို တွေးမိသဖြင့် စုန့်ကျယ်သည် ရွှီဟောက်မင် စိတ်လှုပ်ရှားမှုဖြင့် တစ်စုံတစ်ခု ဆိုးဆိုးရွားရွား လုပ်မိမည်ကို အလွန် ကြောက်ရွံ့နေသည်။
လုရွှိ မည်သည်များဖြစ်နေသည်ကို နားမလည်ဘဲ မျက်လုံးများ မှေးကာ ချက်ချင်း မေးလိုက်သည်။
"ဘာဖြစ်တာလဲ"
ရွှီဟောက်မင်၏ ဝမ်းဗိုက်ထဲတွင် မီးများဖြင့် ပြည့်နေပြီ ဖြစ်သော်လည်း သူသည် လုရွှိအား ရင်ဆိုင်သောအခါ မသိစိတ်ဖြင့် သူ၏ အသံအား လျှော့ချလိုက်သည်။
"အဲဒီ လန်ကောင်းကျယ်က ရန်လိုက်စနေတာ မဟုတ်လား..."
ဒုတိယအကြိမ် အကဲဖြတ်ခြင်း ပြီးနောက် BTT အဖွဲ့ဝင် ငါးဦးလုံး အတူတူ အဆောင်ခန်းသို့ ပြန်လာခဲ့ကြသည်။
ကံအားလျော်စွာ ထုတ်လုပ်ရေးအဖွဲ့သည် အဆောင်ခန်းများအား အကဲဖြတ်ခြင်း ရလဒ်များအရ ပြန်လည် စီစဥ်မည်ဟု ဖော်ပြထားသည့် သတိပေးချက်တစ်ခုကို ပေးပို့ခဲ့သည်။
ချိုင်စစ်ယွမ် မရွှေ့ပြောင်းရသေးမီ လန်ကောင်းကျယ်သည် သူ၏ ခရီးဆောင်အိတ်များနှင့် ရောက်လာပြီး အောက်ထပ် ကုတင်ရှိ BTT အဖွဲ့ဝင်အား သူ ထိုနေရာတွင် အိပ်တော့မည်ဖြစ်ကြောင်း တည့်တိုး ပြောလိုက်သည်။
လန်ကောင်းကျယ်၏ ဆင်ခြေအရဆိုလျှင် လူတိုင်း အဆင့် A တွင် ရှိနေတော့မည်ပင်။
အဲတာဆို သူက ဘာလို့ ချိုင်စစ်ယွမ်ရဲ့ အပေါ်ထပ် ကုတင်မှာ အိပ်ရမှာလဲ...
"သူ တမင်တကာ ပြဿနာရှာနေတာလို့ ငါထင်တယ် ဒါပေမဲ့ ငါ့ အဖွဲ့ဝင်တွေက သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းထားချင်ပြီး သူ့ကို အောက်ထပ် ကုတင် ပေးလိုက်တယ်လေ"
ရွှီဟောက်မင် ဒေါသဖြင့် မီးတောက်နေသည်။ သူ၏ စကြဝဠာငယ်လေးက ပေါက်ကွဲတော့မည့် နီးနီး ဖြစ်နေ၏။
"သူ ထွက်သွားတုန်းက သူ ဒီတစ်ခါကျ ကုတင်ကို လိုချင်တယ်လို့တောင် ပြောသွားသေးတယ်၊ ဒါပေမဲ့ နောက်တစ်ခုက သူ စင်တာနေရာကို လိုချင်တာတဲ့... သူ BTT ကို နင်းပြီး မြေကြီးနဲ့ ပွတ်တိုက်ပစ်မယ်လို့တောင် ပြောသွားသေးတယ်... ငါ ဘယ်လို စိတ်မဆိုးဘဲ နေနိုင်မလဲ"
"အိုး... လန်ကောင်းကျယ်က သူ့ကိုယ်သူ ဒီလောက်တောင် ယုံကြည်မှု ရှိတာလား"
လုရွှိသည် နားထောင်နေစဥ် ရယ်စရာကောင်းသော ဟာသတစ်ခု ကြားလိုက်ရသကဲ့သို့ ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။
ဤတုံ့ပြန်မှုအား မြင်သောအခါ ရွှီဟောက်မင်သည် မေးမြန်းခြင်း မပြုဘဲ မနေနိုင်တော့ပေ။
"ရွှိကော၊ သူ မင်းရဲ့ စင်တာနေရာကို လုတော့မယ်လို့တောင် ပြောသေးတယ်၊ မင်း လုံးဝ စိတ်မဆိုးဘူးလား"
"သူ ပြောချင်တာ ပြောလို့ ရတယ်"
လုရွှိ ပေါ့ပေါ့ပါးပါး ပခုံးတွန့်လိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်တို့က စကားရည်လုနေတာ မဟုတ်ဘူး"
သူ ပြောပြီးသောအခါ လုရွှိသည် သူ၏ ကိုယ်ပိုင် အလုပ်အား သွားလုပ်လေသည်။ လန်ကောင်းကျယ်အား လုံးဝ အလေးအနက် မထားသည်မှာ ရှင်းနေသည်။
ရွှီဟောက်မင် ရုတ်တရက် သဘောပေါက်သွားသည်။
ဟုတ်တယ်၊ အဲလူ ဘယ်လောက်ပဲ ပြောပြော သူ့နဲ့ ဘာဆိုင်
လဲ...
သူ့တစ်ယောက်တည်း ဒေါသထွက်နေခြင်းသည် သူ့ကို အာရုံစိုက်နေခြင်း ဖြစ်သည်။
အဲလိုလူအတွက်နဲ့ ဘာလို့ စိတ်ပူနေရမှာလဲ...
~~~