အခန်း ၁ ဝမ်ယဲ့
ကျန့်ယွမ်ခေတ်၏တတိယမြောက်နှစ်
မက်မွန်ပွင့်များနှင့် ဇီးသီးပွင့်များ
အလှတရားပြိုင်ဆိုင်နေသည့် ရာသီတွင် ဓလေ့ထုံးတမ်းရေးရာဝန်ကြီးဌာနမှ
အမတ်မင်းဝမ်၏ မိသားစုတွင် ပျော်ရွှင်ဖွယ် အငွေ့အသက်များ လွှမ်းခြုံနေပြီး
အထက်မှ အောက်အထိ လူအားလုံး ပျော်ရွှင်နေပုံရသည်။
ယနေ့က ဝမ်မိသားစုမှ
ဒုတိယသား
မင်္ဂလာဆောင်သောနေ့ ဖြစ်ပြီး
သတို့သမီးကို အိမ်တော်ထဲသို့
ကြိုဆိုနေကြခြင်းပင်။
ခန်းမကြီးတစ်ခုတွင်
လူများ လှုပ်လှုပ်ရှားရှား
ဖြစ်နေကြပြီး နှစ်ဘက်စလုံးမှ
ကြွရောက်လာသည့် ဧည့်သည်များဖြင့် စည်ကားသိုက်မြိုက်လျှက်ရှိသည်။
ပင်မထိုင်ခုံတွင်
ထိုင်နေသော
သခင်မရှန်းကလည်း ပျော်ရွှင်နေသော သူမ၏
သားငယ်ကို စူးစိုက်ကြည့်နေကာ သူမ၏ နဖူးကျောကို အနည်းငယ်
ဖြေလျှော့လိုက်သည်။
‘အခုတော့
သူမရဲ့နှလုံးသားကို ဖိစီးနေတဲ့
လေးလံတဲ့ နောက်ဆုံးကျောက်တုံးကြီး
ပြုတ်ကျသွားပြီ’
"သတို့သား၊
သတို့သမီး မင်္ဂလာခန်းဝင်ရန် အချိန်ရောက်လာပါပြီ" ဟူသော အသံနှင့်အတူ သူ့သားနှင့် ချွေးမ ထွက်ခွာသွားသည်ကို
ကြည့်နေရင်း သခင်မရှန်း၏ နှုတ်ခမ်းများက အပေါ်သို့ ကွေးညွတ်သွားခဲ့သည်။ သို့သော်လည်း
သူမ၏ အတားအဆီးမရှိသော မြင်ကွင်းထဲတွင် ဖြူစင်သော မျက်နှာဝိုင်းဝိုင်းလေးနှင့်
သေးသွယ်ပြီး ကျော့ရှင်းသော
မိန်းခလေးတစ်ယောက်၏ပုံရိပ် ပေါ်လာခဲ့သည်။ ထိုမိန်းကလေးက သူမ၏ခါးလောက်မရှည်သည့် မိန်းမငယ်လေးတစ်ဦးနှင့်
စကားစမြည်ပြောရင်း ရယ်မောနေလေသည်။
သူမ၏ပါးတစ်ဖက်က အနည်းငယ်ဖောင်းနေပြီး
သူမ၏ပါးစပ်ထဲသို့
အဆာပြေမုန့်တခုခု
တိတ်တိတ်လေး ထည့်ထားပုံရသည်။
ထိုမြင်ကွင်းကို
မြင်လိုက်ရချိန်တွင်
သခင်မရှန်းက လွန်ခဲ့သည့်ရက်အနည်းငယ်က သူမ၏
ခြံဝင်းသို့ ရောက်လာခဲ့သည့် ကိုယ်လုပ်တော်ချန်းကို ပြန်မြင်ယောင်သွားခဲ့သည်။ သူမ၏ အိမ်ခန်းထဲတွင် မျက်ရည်ကျရင်း တတွတ်တွတ်
ရွတ်နေသည့် ကိုယ်လုပ်တော်ချန်း၏ ညည်းညူသံများကို ပြန်တွေးလိုက်မိသောကြောင့်
သူမ၏ မျက်ခုံးများကြားမှ
ပျော်ရွှင်မှုအရိပ်အယောင်များက အနည်းငယ် မှေးမှိန်သွားခဲ့သည်။
‘ဒီတဝက်စာ ကျောက်တုံးတခြမ်း
ရှိနေသေးတာကို ငါ မေ့လုနီးပါး
ဖြစ်သွားခဲ့တယ်’
ဝမ်မိသားစုက ကျန်းနန်ရှိ မျိုးနွယ်စုကြီးတစ်ခုမှ ဖြစ်ပြီး ၎င်းတို့၏ဘိုးဘေးများထဲတွင် အဆင့်မြင့်အရာရှိများစွာ
ရှိခဲ့ဖူးသည်။
အဖေဝမ်၏
လက်ထပ်သို့ ရောက်လာသောအခါ သူက အခမ်းအနားပွဲများအတွက်
တာဝန်ယူပေးရသည့် တတိယအဆင့်ရာထူးကို
ထမ်းဆောင်နေခဲ့ပြီး သူတို့၏တရားဝင်သားနှစ်ဦးက အလားအလာ
ရှိသူများ ဖြစ်သည်။
တစ်ယောက်က
ဧကရာဇ်အသစ် နန်းတက်သည့်နှစ်တွင်
တော်ဝင်စာမေးပွဲကို
အောင်မြင်ခဲ့ပြီး ယခုအခါ
သူက
ဓလေ့ထုံးတမ်းရေးရာဌာနတွင်
အမှုထမ်းနေခဲ့သည်။ အခြားတစ်ယောက်က မကြာသေးမီက
စစ်ဘက်ရေးရာဌာနသို့ ဝင်ရောက်သွားခဲ့ပြီး သူ့၏ရာထူးက မမြင့်သော်လည်း
အတော်လေး
လေးစားခံရသူ ဖြစ်သည်။
သခင်မရှန်းက
ဝမ်အိမ်တော်၏ လက်ရှိသခင်မဖြစ်ပြီး သူမ၏နူးညံ့သိမ်မွေ့ပြီး
ကြင်နာတတ်သော
သဘောထားကြောင့် လူသိများသော်လည်း
သူမက စည်းကမ်းများကို လျော့မပေးတတ်ဘဲ တင်းကြပ်သူ ဖြစ်သည်။ သူမက တရားဝင်ကလေး သို့မဟုတ် ကိုယ်လုပ်တော်ဖွားကလေး
ဟူ၍ ခွဲခြားခြင်း မရှိဘဲ မည်သို့ပင်ဖြစ်စေ အစားအသောက်၊ အဝတ်အထည်နှင့်
ကုန်ကျစရိတ်များအားလုံးကို စနစ်တကျ ထောက်ပံ့ပေးခဲ့သည်။ သို့ရာတွင် မိသားစုအတွင်းရှိ
ကလေးများအားလုံးက
ယောကျာ်းလေး ဖြစ်လျှင် အသက်သုံးနှစ်အရွယ်မှ
စတင် ပညာသင်ကြားရပြီး
မိန်းကလေးများက အသက်ငါးနှစ်တွင်
စာ စသင်ရသည်၊။ မည်သူမျှ ပညာရေးကို လစ်လျူရှုထားခွင့် မရှိပေ။
ဝမ်မိသားစု၏သခင်ကြီးတွင် သားနှစ်ယောက်သာ
ရှိပြီး သူတို့နှစ်ယောက်စလုံးကို တရားဝင်ဇနီးဖြစ်သည့် သခင်မရှန်းမှ မွေးဖွားပေးခဲ့ခြင်း
ဖြစ်သည်။ သို့သော်လည်း
သမီးများစွာ
ရှိနေပြီး သခင်မရှန်းမှ မွေးဖွားပေးခဲ့သော အကြီးဆုံးတရားဝင်သမီးအပြင် အခြားမောင်းမမိဿံများမှ ဖွားမြင်ခဲ့သော
သမီးလေးယောက်လည်း ရှိနေသေးသည်။
သခင်မရှန်း
ခန်းမထဲတွင် တွေ့နေရသည့် မိန်းမငယ်လေးက
ကိုယ်လုပ်တော်ချန်းမှ မွေးဖွားလာခဲ့သည့် စတုတ္ထမြောက်သမီး ဝမ်ယဲ့ဖြစ်သည်။
သတို့သမီးအသစ်လေး မိသားစုထဲ
ဝင်ပြီးနောက်
နောက်တစ်နေ့
နံနက်စောစော
မော့ရှီတွင် လက်ဖက်ရည်ဆက်သရန်နှင့် ဂါရဝပြုရန် ပင်မဝင်းသို့
သွားရသည်။ ကိုယ်လုပ်တော်မှ မွေးဖွားလာသော သတို့သမီး၏ယောင်းမဖြစ်သည့် နံနက်မိုးလင်း
ချန်ရှီ ရောက်သည့်တိုင် အိပ်လေ့ရှိသော
ဝမ်ယဲ့တစ်ယောက်
ခါတိုင်းထက်
တစ်ရှီးချန်(နှစ်နာရီ)ကျော်စောပြီး
သူမ၏နူးညံ့ပျော့ပျောင်းသောအိပ်ယာပေါ်မှ ဆွဲထုတ်ခံခဲ့ရသည်။
[မော့ရှီ- (မနက် ၅ နာရီမှ ၇
နာရီ) ၊ ချန်ရှီ- (မနက် ၇ နာရီမှ ၉ နာရီ)]
သူမ၏အစေခံ ထောင်ကျီက ဝမ်ယဲ့
သူမ၏အခန်းထဲသို့ ချက်ချင်း ဝင်လာပြီး ဝမ်ယဲ့ ဆေးကြောသန့်စင်ရန်
ကူညီပေးနေရင်းမှ
သတိပေးလိုက်သည်။
"ချန်းယိနျန်းက
သခင်မလေးကို မေးနေတာ ခဏခဏ ရှိနေပြီ"
ဝမ်ယဲ့က
အိပ်ရေးမဝသေးဘဲ ငိုက်မျဥ်းနေဆဲဖြစ်သည့် သူမ၏ဗာဒံစေ့ပုံ မျက်လုံးဝိုင်းဝိုင်းလေးများကို ဖွင့်လိုက်ပြီး ကြေးဝါမှန်ထဲမှ
နူးညံ့သိမ်မွေ့သော
မျက်နှာလေးကို
တစ်ချက်ကြည့်လိုက်ပြီး သမ်းဝေရင်း ပြန်မေးလိုက်သည်။
“ယိနျန်းက ဘယ်တုန်းထဲက
နိုးနေတာလဲ?”
ထောင်ကျီက ဝမ်ယဲ့ မျက်နှာသစ်နိုင်ရန်
ကူညီပေးနေရင်း ပြန်ဖြေလာခဲ့သည်။
"ယင်ရှီ”
[ယင်ရှီ- (မနက် ၃ နာရီမှ ၅
နာရီ)]
"ယိနျန်းက တကယ်ကို အထင်ကြီးစရာပဲ"
ဝမ်ယဲ့က သက်ပြင်းချရင်း
ထပ်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်
ငါကတော့ ဘယ်တော့မှ အဲ့အချိန်
အိပ်ယာမထနိုင်ဘူး"
ထိုစကားကို
ကြားလိုက်ချိန်တွင်
ထောင်ကျီက
တိုးတိုးလေး
ရယ်မောလိုက်သည်။
"သခင်မလေး တကယ်ကို
နောက်ကျနေပြီ၊ သခင်မလေးက နောက်ဆုံးလူပဲ၊ ကျန်တဲ့ ခြံဝင်းတွေက အရမ်းကို
စည်ကားနေကြပြီ"
သူမ၏ပင်ကိုယ်စရိုက်က
ယွင်ကျီထက် ပိုတက်ကြွပြီး
သူမက
ဝမ်ယဲ့၏ရှေ့မှာ
သူမ
စိတ်ထင်တိုင်း အမြဲပြောလေ့ရှိသည်။
သူမ၏ပါးစပ်ကို ဆေးကြောသန့်စင်ပြီးနောက် ဝမ်ယဲ့က ကြေးဝါမှန်ကို
မျက်နှာမူထားပြီး
နူးညံသော ထိုင်ဖုံပါသည့် သစ်သားခုံဝိုင်းလေးပေါ်တွင်
ပြန်ထိုင်လိုက်သည်။
ထို့နောက်
မှန်ထဲမှ သူမကိုယ်သူမ
ကြည့်နေရင်း အတွေးတစ်ခု
ဝင်ရောက်လာခဲ့သည်။
‘ရှေးခေတ်က လူတွေ
ဒီလောက်
အသက်တိုတာ အံ့သြစရာ မရှိတော့ဘူး။ နေ့တိုင်း
မိုးမလင်းခင် အိပ်ရာကနေ ထနေကြမှတော့ အသက်ရှည်နေရင်ကို ထူးဆန်းနေလိမ့်မယ်။’
အချိန်ပို
အလုပ်ဆင်းပြီးနောက် ပင်ပန်းနွမ်းနယ်နေစဥ်
မီးစိမ်းနှင့်
မီးနီကို
မှားကြည့်ကာ
လမ်းဖြတ်ကူးရင်း ယာဉ်မတော်တဆကြောင့် သေဆုံးသွားခဲ့ရသည့် ခေတ်သစ်ရုံးဝန်ထမ်းတစ်ဦးအနေဖြင့်
ဝမ်ယဲ့က
ဤဒုတိယအခွင့်အရေးဖြစ်သော သူမ၏အသက်လေးကို အထူးမြတ်နိုးလှသည်။
ဝမ်ယဲ့က
သန္ဓေသားအဖြစ်
ကူးပြောင်းလာခဲ့ပြီး ကိုယ်လုပ်တော်ချန်း၏
ဝမ်းဗိုက်အတွင်း ရှိနေစဉ်တွင် ကိုယ်လုပ်တော်ချန်း၏ ပတ်ဝန်းကျင်မှ လူများ၏ နေ့စဉ်ပြောဆိုမှုများမှတဆင့် အရေးကြီးသောအချက်အလက်များကို
စုဆောင်းနိုင်ခဲ့သည်။
သူမက ရှေးခေတ်တွင် ပြန်လည်မွေးဖွားလာခဲ့ပြီး
သူမ၏မွေးမိခင်က
အိမ်တော်တစ်ခုမှ
ကိုယ်လုပ်တော်တစ်ယောက်
ဖြစ်သည်။
သူမ၏အထက်တွင်
တရားဝင်မွေးချင်း
၃ ယောက်နှင့် မောင်းမမိဿံများမှ မွေးဖွားသော တရားမဝင်ညီမ ၂ ယောက်ရှိပြီး
သူမက
စတုတ္ထမြောက်သမီး
ဖြစ်သည်။
ဝမ်မိသားစုက
လူစည်ကားသော
ရှန်ကျင်းမြို့တော်တွင်
အာဏာအကြွင်းမဲ့၏အထွတ်အထိပ်သို့
မရောက်သည့်တိုင်
ရာစုနှစ်ပေါင်းများစွာကြာအောင်
အမြစ်တွယ်ထားနိုင်ခဲ့သည့်
နက်နဲသော အခြေခံအုတ်မြစ်တစ်ခု ရှိနေသော မိသားစုကြီးတစ်ခု ဖြစ်သည်။ ဝမ်အိမ်တော်၏
ကိုယ်လုပ်တော်တစ်ယောက်ဖြစ်သည့် ဝမ်ယဲ့၏ မွေးမိခင် ကိုယ်လုပ်တော်ချန်းက
နှစ်အတော်ကြာအောင် အိမ်တော်၏စည်းကမ်းများကို
လိုက်နာခဲ့ပြီး နှိမ့်နှိမ့်ချချ နေတတ်ခဲ့သည့်အတွက် ယခုအခါတွင် သူမက
ဝမ်ယဲ့နှင့်အတူ အတော်လေး
အေးချမ်းပြီး သက်တောင့်သက်သာရှိသော ဘ၀ကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။
ထောင်ကျီက သူမ၏ဆံပင်များကို ချည်နှောင်ပြီးသွားသည်အား မြင်လိုက်ရသောကြောင့်
ဝမ်ယဲ့က
ထရပ်ပြီး "ဒီနေ့ မနက်စာ ဘာစားရမှာလဲ?"
ထောင်ကျီက အတွင်းခန်းထဲမှ ထွက်ခွာသွားသည့်
သခင်မလေး၏နောက်မှ လိုက်လာရင်း "မနေ့က သခင်မလေးက
စားပွဲပေါ်က ရွှေရောင်အသားလုံးတွေကို
ကြိုက်တယ်လို့
ပြောခဲ့တယ် မဟုတ်လား? အဲ့ဒါကြောင့်
ယွင်ကျီက
မီးဖိုဆောင်ကို ကြက်အသားလုံးတွေ
ပြင်ဆင်ထားဖို့ စောစောကတည်းက ညွှန်ကြားပြီးနေပြီ"
ထိုအခိုက်အတန့်တွင် ယွင်ကျီက သစ်သားဗန်းတစ်ချပ်ကို ကိုင်ကာ
အခန်းထဲသို့
ဝင်လာနေရင်း "သခင်မလေး၊ ကျေးဇူးပြုပြီး
ရွှေရောင်အသားလုံးကြော်
နှစ်ခု အရင်စားထားလိုက်ပါ။ ခနနေရင် ပင်မဝင်းမှာ မနက်စာ
စားရတော့မှာပါ"
ယမန်နေ့တွင်
ဝမ်မိသားစုက သူတို့၏ချွေးမအသစ်ကို
ကြိုဆိုခဲ့ကြပြီး ဒုတိယမြောက်နေ့ဖြစ်သည့်
ယနေ့တွင် ဂါရဝပြုရန် တစ်မိသားစုလုံး ပင်မခြံဝင်းသို့ သွားရမည်
ဖြစ်ပြီး ထိုနေရာ နံနက်စာအတူ စားကြရမည်
ဖြစ်သည်။
ဝမ်ယဲ့က
စားပွဲပေါ်ရှိ
ရွှေရောင်အသားလုံများကို စိုက်ကြည့်ကာ
သူမ၏ တူဖြင့်
အသားလုံးသုံးလုံးကို သူမ၏ပန်းကန်လုံးထဲသို့ ပြောင်းထည့်ကာ စစားလိုက်သည်။
စားနေရင်း
တစ်ဝက်လောက်ရောက်မှ
သူမက ရုတ်တရက် တစ်ခုခုကို
သတိရသွားပုံဖြင့်
ထပ်မေးလိုက်သည်။
"ယိနျန်းနဲ့ ညီမလေးရော ဘယ်မှာလဲ"
ပုံမှန်အားဖြင့် ဝမ်ယဲ့က အိပ်ရာထ နောက်ကျနေလေ့ရှိသောကြောင့်
သူမတို့သုံးယောက် နံနက်စာ အတူတူ မစားဖြစ်ကြသော်လည်း
သူမ၏အမေနှင့် ညီမငယ်လေးက သူမ အိပ်ရာမှ ထသည့်နှင့်
ရောက်လာတတ်ကြသည်။
ယွင်ကျီက သူမ၏အိပ်ငိုက်နေဆဲဖြစ်သော သခင်မလေးကို ကြည့်ကာ ခဏလောက် တုံ့ဆိုင်းနေပြီးမှ ပြန်ဖြေလာခဲ့သည်။
"ပဉ္စမသခင်မလေးက
အိမ်စာတွေ လုပ်နေပြီး ချန်းယိနျန်းက ပဉ္စမသခင်မလေးနဲ့အတူ
ရှိနေပါတယ်"
"ညီမငယ်လေးက
တကယ်ကို လုံ့လစိုက်ထုတ်နေတာပါ၊ တစ်ရက်လေးတောင် အနားမယူဘူး"
ဝမ်ယဲ့က လေသံက
တကယ်ကို ရိုးသားစွာ ပြောနေခြင်း ဖြစ်သည်။ သူမက သူမအတွက် ထိုတင်းကျပ်သော အစီအစဉ်များကို
သူမဘာသာ ဘယ်တော့မှ
သတ်မှတ်ပေးလေ့
မရှိပေ။ တစ်ယောက်ယောက်၏ တွန်းအား မရှိလျှင် သူမဘာသာ နေ့တိုင်းအိမ်စာ လုပ်ရန်
မဖြစ်နိုင်ပေ။
ဝမ်ယဲ့၏ ပေါ့ပါးသော
အမူအရာကို မြင်လိုက်ရသောကြောင့် ယွင်ကျီတစ်ယောက် စိတ်သက်သာရာရသွားခဲ့သည်။ သူမက ဝမ်ယဲ့ထက် နှစ်အနည်းငယ်သာ ငယ်သော်လည်း
ဝမ်ယဲ့၏အနီးကပ်အစေခံတစ်ဦးအနေဖြင့်
သူမက အရာများစွာကို ဝမ်ယဲ့ထက်
ပို၍ လေးလေးနက်နက် တွေးလေ့ရှိသည်။
ပဉ္စမသခင်မလေးက အသက်ခြောက်နှစ်သာ
ရှိသေးပြီး တစ်နှစ်သာ စာသင်ရသေးသော်လည်း သူမက သူမ၏ ဉာဏ်ရည်ဉာဏ်သွေးကို
ပြသနေပြီ
ဖြစ်သည်။ နှိုင်းယှဉ်ကြည့်လျှင် သူမတို့၏သခင်မလေးက အနည်းငယ်
သာမန်ဆန်နေပုံရသည်။
ကံကောင်းထောက်မစွာဖြင့် သူမတို့၏ သခင်မလေးက အလွန်
သဘောထားဖြူစင်ပြီး မနာလိုမှုမျိုးကို တစ်ခါမျှ မပြခဲ့ဘဲ သူမ၏ညီမငယ်လေးနှင့် ရင်းနှီးသော
ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
ဝမ်ယဲ့က
စတုတ္ထမြောက်ရွှေရောင်အသားလုံးဆီသို့
လက်လှမ်းလိုက်သော်လည်း သူမထက် ပိုလျင်သော ဉာဏ်ကြီးရှင်ယွင်ကျီက သစ်သားဗန်းလေးကို ခပ်မြန်မြန်
ဖယ်ရှားလိုက်သည်။
ဝမ်ယဲ့:
"......"
ခဏအကြာတွင်
ကိုယ်လုပ်တော်ချန်းက
သူမ၏သမီးငယ်နှင့်အတူ
ဝမ်ယဲ့၏အခန်းသို့
ရောက်ရှိလာခဲ့ပြီး သူမတို့သုံးဦး ပင်မခြံဝင်းသို့
အတူတကွ ထွက်လာခဲ့ကြသည်။
သူမတို့
ပင်မခြံဝင်းသို့ ရောက်ပြီး တစ်ရှီးချိန်၏လေးပုံတစ်ပုံ(နာရီဝက်)ခန့်အကြာတွင် ဝမ်မိသားစု၏ဒုတိယသခင်လေးက လက်ဖက်ရည်ဆက်သရန် သူ့၏သတို့သမီးအသစ်နှင့်အတူ ရောက်လာခဲ့သည်။
ပုံမှန်အားဖြင့်
စကားနည်းနည်းသာ ပြောလေ့ရှိသည့်
ဝမ်သခင်ကြီးက
ရိုးရှင်းသော ဆုံးမစကားအနည်းငယ် ပြောလိုက်ပြီး အဓိကအခန်းကဏ္ဍကို သခင်မရှန်းထံသို့
လက်လွှဲပေးလိုက်သည်။
ယခုတကြိမ်က
ဒုတိယချွေးမအတွက် ပထမဆုံးအကြိမ်
လက်ဖက်ရည်ဆက်သရခြင်း
ဖြစ်နေသည့်အတွက် သခင်မရှန်းက သူမ၏ပုံမှန် တင်းမာသော အမူအရာကို မပြသထားခဲ့ပေ။ သူမက
ပေါ့ပေါ့ပါးပါး ဖြစ်နေစေရန် အလွန်အကျွံ လေးနက်သည့်အမူအရာမျိုး မရှိဘဲ
နူးညံ့သိမ်မွေ့သောဟန်ပန်ကိုသာ ပြသထားခဲ့သည်။ လက်ဖက်ရည်ကို လက်ခံပြီးနောက်
သူမ
စောစောကတည်းက ပြင်ဆင်ထားခဲ့သည့် စာအိတ်အနီလေးကို ပေးလိုက်ပြီး သူမ၏အမူအရာကလည်း အနည်းငယ် ပိုပျော့ပျောင်းလာခဲ့သည်။
သူမက ကောင်းချီးပေးသည့် စကားအနည်းငယ်လည်း
ထပ်ပြောခဲ့သည်။ အကြီးအကဲများအား ဂါရဝပြုပြီးနောက်
အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးယောင်းမအပြင် တူလေးများနှင့် မောင်းမမိဿံများကို နှုတ်ဆက်ရမည့်အချိန် ဖြစ်သည်။
အကြီးဆုံးယောင်းမဖြစ်သည့်
ယန်ရှီက နူးညံ့သိမ်မွေ့ပြီး
လိုက်လျောညီထွေ
နေတက်သူ ဖြစ်သည်။
သူမက
သတို့သမီး အသစ်ဖြစ်သော လျိုရှီအတွက် ခမ်းနားပြီး တောက်ပသစ်လွင်သော ရွှေနီရောင်
သလဲသီးပုံစံ ဆံပင်အဆင်တန်ဆာတစ်စုံ လက်ဆောင်ပေးခဲ့သည်။
(T/N: ယန်ရှီတို့ လျိုရှီတို့က နံမည်အရင်းတွေ မဟုတ်ပါဘူးနော်၊
အရှေ့က မျိုးရိုးနံမည် ဖြစ်ပြီး နောက်က ရှီက အိမ်ထောင်သည်မိန်းခလေးတွေကို
ခေါ်တာပါ)
လျိုရှီကလည်း
ထိုလက်ဆောင်ကို ဝမ်းမြောက်ဝမ်းသာ
လက်ခံလိုက်ပြီး
တူလေးနှစ်ယောက်အတွက် သူမ ပြင်ဆင်ထားသည့် လက်ဆောင်များကို အမြန်ထုတ်ယူလာခဲ့သည်။
ယန်ရှီ
ဝမ်မိသားစုသို့
ဝင်ရောက်လာသည်မှ ခြောက်နှစ်ရှိပြီဖြစ်ပြီး
သူမက ဝမ်အိမ်တော်အတွက် သားနှစ်ယောက် မွေးဖွားပေးခဲ့သည်။ အကြီးဆုံးသားကို
ဝမ်ချမ်ဟု ခေါ်ပြီး အသက်ငါးနှစ် ရှိနေပြီ ဖြစ်သည်။
ဝမ်ချဲက
အသက်တစ်နှစ်ကျော်သာရှိသေးပြီး
မကြာသေးမီကမှ
လမ်းလျှောက်ရန်
သင်ယူနေခဲ့သည်။ လောလောဆယ်တွင်
သူ့က
သူ့နို့ထိန်းအမေ၏လက်ပေါ်တွင် ရှိနေပြီး ထိုအမျိုးသမီးက ဘေးတွင် ရပ်နေခဲ့သည်။
လျိုရှီက
ကိုယ်တိုင်
ချုပ်လုပ်ထားသော လက်ရာမြောက်လှသည့် အရုပ်လေးများနှင့် သေးငယ်သောအ၀တ်အထည်များ၊ ဖိနပ်များကို
ဝမ်ချဲ့အတွက်
လက်ဆောင်ပေးခဲ့ပြီး ပညာစတင်သင်ကြားနေပြီ
ဖြစ်သည့်
ဝမ်ချမ်ကတော့ မှင်ကျောက်ကောင်းတစ်တုံး
လက်ဆောင်ရခဲ့သည်။
ထိုလက်ဆောင်များက ရင်းနှီးမှုနှင့်
သင့်လျော်သော ကျင့်ဝတ်များကို အပြည့်အဝ ပြသနိုင်ခဲ့သည်။
သားနှစ်ယောက်
ဆက်တိုက်ဖွားမြင်ပြီးနောက်
ဝမ်အိမ်တော်အတွင်းမှ
ယန်ရှီ၏အနေအထားက
တည်ငြိမ်နေပြီ ဖြစ်သည်။ သို့သော်လည်း သူမ၏ပင်ကိုစရိုက်က နူးညံ့သိမ်မွေ့ပြီး သူမ
မကျေမနပ်ဖြစ်နေလျှင်ပင် သည်းခံတက်သူ ဖြစ်သည်။ သို့သော်လည်း သူမက အိမ်မှုကိစ္စများကို
ကူညီစီမံခန့်ခွဲရာတွင်
ကောင်းမွန်စွာ လုပ်ကိုင်နိုင်ခဲ့ပြီး သခင်မရှန်းကို အမျာကြီး ကူညီပေးနိုင်ခဲ့သည်။ ထို့အပြင်
သူမက ခြောက်နှစ်တာကာလအတွင်း
သခင်မရှန်း၏စည်းမျဥ်းများကို
တစ်ကြိမ်မျှ မဖောက်ဖျက်ခဲ့သောကြောင့်
သခင်မရှန်း၏
မျက်နှာသာပေးမှုကို ရရှိနိုင်ခဲ့သည်။
ယန်ရှီက သူမ၏သားနှစ်ယောက်အတွက်
လက်ဆောင်များကို လက်ခံပေးခဲ့ပြီး
သူမသားများ၏ ဒုတိယအဒေါ်ဖြစ်လာမည့်သူကို အပြုံးလေးဖြင့် ချီးကျူးလိုက်သည်။ "ယောင်းမလေးက အရမ်းတော်တာပဲ။ ငါ ဆိုရင် ဒီလောက် လက်ရာသေသပ်တဲ့
အဝတ်အစားသေးသေးလေးတွေကို
ဘယ်တော့မှ
မချုပ်နိုင်ဘူး"
လျိုရှီကလည်း
အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
"ယောင်းမက နှိမ်ချလွန်းနေပါပြီ"
ထို့နောက်
သူမက
ပင်မခုံတွင် ထိုင်နေသည့် ယောက္ခမဖြစ်သူ သခင်မရှန်းအား လှည့်ကြည့်လိုက်ပြီး ရှက်ရွံ့နေသောမျက်နှာလေးဖြင့်
လှမ်းပြောလိုက်သည်။
"အမေက
အရမ်းအရည်အချင်းရှိတဲ့ ချွေးမတစ်ယောက် ရထားတယ်လို့ ကျွန်မအမေပြောတာကို
ကျွန်မ ခဏခဏ
ကြားဖူးတယ်၊ ကျွန်မရဲ့အမေက
အမေ့ကို အရမ်း အားကျနေတာပါ"
လျိုရှီ၏မိခင်က သခင်မရှန်းနှင့် ငယ်စဉ်ကတည်းက
ခင်မင်ရင်းနှီးခဲ့သော သူငယ်ချင်းများ ဖြစ်ကြပြီး သူမတို့၏ဆက်ဆံရေးက ဆယ်စုနှစ်များစွာ ကောင်းမွန်နေခဲ့သည်။
ဤဝါကျတိုလေးဖြင့်
သူမက
သခင်မရှန်းနှင့်
ယန်ရှီတို့
နှစ်ဦးစလုံးကို
ချီးမွမ်းပြောဆိုနိုင်ခဲ့ပြီး သူမတို့နှစ်ဦးစလုံးနှင့် ပိုမိုရင်းနှီးလာခဲ့သည်။
ဝမ်ယဲ့က
ဤအရာကို
တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး သူမ၏ ဒုတိယယောင်းမက အမှန်တကယ်ပင်
ဉာဏ်ရည်ထက်မြက်သည်ဟု သူမစိတ်ထဲမှ တွေးနေခဲ့သည်။
ထိုစကားကို
ကြားလိုက်ရချိန်တွင်
သခင်မရှန်း၏ ပုံမှန် တင်းမာနေ့လေ့ရှိသော အမူအရာတွင် အပြုံးရိပ်တစ်ခု
ပေါ်လာပြီး သူမ၏မျက်နှာအမူအရာက ပိုပျော့ပြောင်းသွားခဲ့သည်။
"ကောင်းပြီ၊
ကောင်းပြီ၊ မင်းတို့
အားလုံး တော်ကြပါတယ်"
ထို့နောက်
ဝမ်ယဲ့က
ကျောက်စိမ်းလက်ကောက်ကို
လက်ခံရရှိခဲ့ပြီး သူမ၏ညီမငယ်လေးဖြစ်သူ ဝမ်ရန်က လှပသော ၀တ်စုံအသစ်လေးတစ်စုံ ရရှိခဲ့သည်။
ဝမ်မိသားစုက ရှန်ကျင်း၏ အထက်တန်းလွှာများမှ အကြွင်းမဲ့
ထိပ်တန်းခေါင်းဆောင်များထဲတွင် မပါဝင်သော်လည်း သူတို့ ရာစုနှစ်ပေါင်းများစွာ စုဆောင်းထားသော
ကြွယ်ဝမှုက
များပြားလှပြီး သူတို့၏ပိုင်ဆိုင်မှုများတွင် လယ်ယာမြေများ၊
ဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများစွာ
ပါဝင်နေခဲ့သည်။
ယနေ့မနက်စာင်လျှင်
ထူးခြားသော ဟင်းလျာများ
ဆယ့်ခြောက်မျိုး
ပါ၀င်နေပြီး သူတို့၏ကြွယ်ဝမှုကို
ထင်ဟပ်နေစေခဲ့သည်။
ပင်မစားပွဲတွင်
ဝမ်သခင်ကြီး၊ သခင်မရှန်းနှင့်
သူတို့၏မိသားစုဝင်များ
ထိုင်နေကြပြီး ဝမ်ယဲ့ အပါအဝင် မောင်းမမိဿံများမှ
မွေးဖွားလာသူများက
ဒုတိယစားပွဲတွင်
ထိုင်ကြရသည်။ ဝမ်ယဲ့က သူမ၏မွေးမိခင်
ကိုယ်လုပ်တော်ချန်းနှင့် ညီမငယ်လေးဝမ်ရန်တို့၏
အကြားတွင်
ထိုင်နေခဲ့ပြီး
ကိုယ်လုပ်တော်ကွေ့က ကိုယ်လုပ်တော်ချန်း၏ဘေးတွင် ထိုင်နေလေသည်။
ကိုယ်လုပ်တော်ကွေ့ထံတွင်
ဝမ်ယဲ့ထက်
အသက်တစ်နှစ်ပိုငယ်သော သမီးတစ်ယောက်
ရှိခဲ့သော်လည်း
သူမက လွန်ခဲ့သည့် နှစ်အတော်ကြာကတည်းက
အိမ်ထောင်ကျသွားခဲ့ပြီး ဖြစ်သည်။
သခင်ကြီး၀မ်က သူ့၏အနောက်ဘက်ခြံဝင်းတွင်
ဇနီးတယောက်နှင့် ကိုယ်လုပ်တော်သုံးယောက်သာ ရှိသည်။ လက်ရှိ
အခြား အင်အားကြီးမိသားစုများနှင့် နှိုင်းယှဉ်ပါက သူက အမျိုးသမီးများနှင့်
ပတ်သတ်ပြီး ထိန်းထိန်းသိမ်သိမ်းရှိသော အမျိုးသားတစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။
ကိုယ်လုပ်တော်ကွေ့နှင့် ငယ်ငယ်ရွယ်ရွယ်ဖြင့်
မကျန်းမမာ ဖြစ်ကာ လွန်ခဲ့သောနှစ်များကတည်းက
သေဆုံးသွားခဲ့သည့် ကိုယ်လုပ်တော်ပိုင်တို့ နှစ်ယောက်စလုံးက သခင်မရှန်း
သခင်ကြီးဝမ်နှင့် လက်ထပ်ပြီ ဝမ်အိမ်တော်သို့ ဝင်ရောက်လာခဲ့စဥ်က သူမနှင့်အတူ
လိုက်ပါလာခဲ့သော ရှန်းအိမ်တော်မှ ငယ်မွေးအစေခံများ ဖြစ်ကြသည်။ သခင်မရှန်း
သားဦးကို
ကိုယ်ဝန်ရှိစဉ်ကတည်းက
သူမတို့ကို ကိုယ်လုပ်တော်အဖြစ် သတ်မှတ်ပေးခဲ့သော်လည်း သခင်မရှန်းက သူမ ဒုတိယသားကို
မွေးဖွားပြီးသည့်နောက်မှာသာ
သူမတို့အား သခင်ကြီးဝမ်၏ အိပ်ယာကို ဝေမျှခွင့် ပေးခဲ့သည်။
နောက်ပိုင်းတွင်
သူမတို့က
လွန်ခဲ့သည့်
နှစ်များကတည်းက အိမ်ထောင်ကျသွားခဲ့သည့် ဝမ်ယဲ့၏ သွေးကွဲညီအစ်မများဖြစ်သည့်
သမီးနှစ်ယောက်ကို မွေးဖွားပေးခဲ့ကြသည်။
ဝမ်ယဲ့၏မွေးမိခင်
ကိုယ်လုပ်တော်ချန်းကိုတော့ ဝမ်မိသားစု၏အစေခံများထဲမှ သခင်မရှန်းကိုယ်တိုင်
ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ရုပ်ရည်က အလွန်ကြည့်ကောင်းနေသည်မျိုး
မဟုတ်သော်လည်း ဆွဲဆောင်မှုရှိလွန်းသည့် ကိုယ်လုပ်တော်ပိုင်၊
ရှက်ရွံ့လွန်းပြီး သူရဲဘောကြောင်လွန်းသည့်
ကိုယ်လုပ်တော်ကွေ့တို့နှင့် နှိုင်းယှဉ်လျှင် ကိုယ်လုပ်တော်က သပ်သပ်ရပ်ရပ်နှင့်
စိတ်ကို ရွှင်လန်းမှုပေးနိုင်သည့် အမူအရာမျိုးကို ပိုင်ဆိုင်သည်။
သခင်မရှန်းက
သူမ၏ထိုအသွင်အပြင်ကို အလွန်သဘောကျခဲ့သည်။
သာမာန်နေ့များတွင်
ကိုယ်လုပ်တော်ချန်းနှင့် ကိုယ်လုပ်တော်ကွေ့က
ပင်မခြံဝင်းသို့ ရောက်လာခဲပြီး သခင်မရှန်းကလည်း သူမတို့ကို
ခစားခိုင်းရန်
စိတ်မ၀င်စားပေ။ သို့သော်လည်း ယနေ့တွင် မိသားစုဝင်တစ်ဦးကို ထပ်တိုးလာသောကြောင့်
သူမတို့နှင့် တွေ့ဆုံပေးရန် ခေါ်လိုက်ရသေးသည်။
ဝမ်မိသားစုက 'ထမင်းစားချိန်
သို့မဟုတ် အိပ်နေစဉ် စကားမပြောခြင်း' စည်းမျဥ်းကို လိုက်နာလေ့ရှိသည်။ ယနေ့ကတော့ အနည်းငယ် ကွဲပြားနေပြီး သခင်မရှန်းက သူမ၏ချွေးမနှစ်ယောက်ကို စကားအနည်းငယ်
ထပ်ပြောနေခဲ့သည်။ ဝမ်ယဲ့က သူမတို့၏ ပြတ်တောင်းပြတ်တောင်း
ပြောဆိုမှုကို နားထောင်ရင်း အဆက်မပြတ် စားသောက်နေခဲ့သည်။
သူမက ပထမဆုံး သိုးသားစွပ်ပြုတ်တစ်ပန်းကန်
စားခဲ့ပြီး ထို့နောက်
တစ်ဒါဇင်ထက်ပိုသော
အခြားဟင်းပွဲများကို အနည်းငယ်စီ
လိုက်မြည်းနေခဲ့သည်။
အဓိကခြံဝင်းအတွင်းရှိ
နံနက်စာက
သူမတို့၏ကိုယ်တိုင်
ခြံဝင်းငယ်လေးအတွင်းရှိ မီးဖိုချောင်ငယ်လေးမှ
အစားအသောက်များထက် အဆများစွာ
ပိုကောင်းသည်ဟု ဆိုရပေမည်။
ကိုယ်လုပ်တော်ချန်းက
သည်းမခံနိုင်တော့ဘဲ ဝမ်ယဲ့ကို အကြိမ်ပေါင်းများစွာ
တိတ်တဆိတ် ဆွဲဆိတ်နေခဲ့သော်လည်း
ဘာမှ မထူးလာခဲ့ပေ။
မိခင်နှင့်သမီးတို့က ကျောက်စိမ်းပြားများကဲ့သို့ ဝိုင်းစက်ချောမောသောမျက်နှာများက သိသိသာသာ တစ်ထပ်တည်း
ဖြစ်နေခဲ့သည်။
ကွာခြားချက်မှာ
ကိုယ်လုပ်တော်ချန်း၏မျက်လုံးများက များစွာမပြောင်းလဲဘဲ သူမ၏ငယ်ရွယ်စဉ်
အချိန်များနှင့်
တူညီနေဆဲဖြစ်ကာ ဖြူစင်မှုနှင့်
ရိုးရှင်းမှုများ
ဖြာထွက်နေဆဲ
ဖြစ်သည်။
သူမ၏မွေးမိခင်နှင့်
နှိုင်းယှဉ်လျှင် ဝမ်ယဲ့က ခေါင်းမှ ခြေဖျားအထိ ပိုပိန်ပုံရသည်။
သူမက ရံဖန်ရံခါ
ပါးနပ်ပြီး ကောက်ကျစ်သော အရိပ်အယောင်များကို
ပြသလာတက်သော်လည်း ပုံမှန်အားဖြင့် သူမ၏မွေးမိခင်နှင့်
အတော်လေး
ဆင်တူပြီး
ဖြူစင်ဟန်လေးကိုသာ တွေ့မြင်နိုင်သည်။
သူမ
ဗိုက်ပြည့်သွားကြောင်း
သေချာသွားပြီးနောက်တွင်တော့ ဝမ်ယဲ့က စားသောက်ခြင်းကို သေသေသပ်သပ်
ရပ်တန့်လိုက်သည်။ သူမ ဘေးတွင် ရှိနေသည့် ယွင်ကျီက ရေစွတ်ထားသည့်
လက်သုတ်ပုဝါတစ်ထည်ကို
အမြန် လှမ်းပေးလာခဲ့ပြီး
ဝမ်ယဲ့က သူမ၏ပါးစပ်ထောင့်လေးများကို ညင်ညင်သာသာ
သုတ်လိုက်သည်။
ထို့နောက်မှသာ သူမကို စိုက်ကြည့်နေသည့် သူမ
အမေ၏မျက်လုံးကို ပျင်းတိပျင်းတွဲ
ပြန်ကြည့်ကာ
တစ်ခုခုကို
မေးချင်နေပံရသည်။
‘ဘာလို့ စောစောက
သမီးကို ဆွဲဆိတ်နေရတာလဲ?’
ကိုယ်လုပ်တော်ချန်း:
"......"
ထမင်းစားချိန်က
အလျင်အမြန် ကုန်ဆုံးသွားခဲ့ပြီး
သခင်ကြီးဝမ်က
သူ့သားနှစ်ယောက်ကို
စာကြည့်ခန်းသို့
ခေါ်သွားပြီး ယန်ရှီက သူမနှင့် လျိုရှီတို့ကြားမှ
ညီအစ်မများချစ်ခြင်းမေတ္တာကို
ပျိုးထောင်ရန် လျိုရှီကို ဆွဲခေါ်သွားခဲ့သည်။
ကိုယ်လုပ်တော်ကွေ့ကလည်း အစောကြီး ပြန်ထွက်သွားခဲ့သည်။
ကိုယ်လုပ်တော်ချန်းတစ်ဦးတည်းသာ
ပင်မခြံဝင်းထဲတွင် အချိန်အတော်ကြာအောင်
နေနေခဲ့ပြီး ဝမ်ယဲ့က သူမကို ကြိုးစားပမ်းစား ဆွဲဆောင်နေခဲ့သော်လည်း
ထိုနေရမှ ပြန်မထွက်နိုင်ကြသေးပေ။
နောက်ဆုံးတွင်
ဝမ်ယဲ့က
သူမ၏ညီမလေးကို အရင်ပြန်ခေါ်သွားရန် ယွင်ကျီကို တောင်းဆိုလိုက်ပြီး သူမလည်း
ကျန်နေခဲ့ရတော့သည်။
"ယိနျန်း၊ ရက်တော်တော်ကြာနေပြီ၊ ဒီကိစ္စက မပြီးသေးဘူးလား? ယိနျန်းက
အခုထိ ဒေါသထွက်နေတုန်းလား?"
ခြံဝင်းထဲတွင်
သန့်ရှင်းရေးလုပ်နေသည့်
အစေခံအနည်းငယ်သာ ရှိနေသောကြောင့်
ဝမ်ယဲ့က သူမ၏အသံကို
လျှော့အနေတော့ဘဲ သူတို့ကို
အထင်းသား စိုက်ကြည့်နေရင်း စကား စလိုက်သည်။
‘သူမ
ဘယ်လောက်ပဲ
တိုးတိုးတိတ်တိတ် ပြောနေပါစေ
အချိန်တန်ရင် ဒီစကားတွေက သခင်မရှန်းရဲ့နားထဲကို ပြန်ရောက်မှာ အသေအချာပဲ။’
ထိုစကားကို ကြားလိုက်ရချိန်တွင်
ကိုယ်လုပ်တော်ချန်း၏မျက်လုံးများမှ ဝမ်းနည်းမျက်ရည်များ ကျဆင်းလာပြီး
တိုးတိုးလေး ဆူပူလာသည်။
"တွေ့လား၊ နင်က ငါ့ကို အမြဲတမ်း ဒီလိုစိတ်ဆိုးအောင်
လုပ်နေတော့တာပဲ"
ဝမ်ယဲ့:
"......"
‘နေပါဦးဟ၊
ငါတို့ကြားထဲမှာ ဘယ်သူက "သမီး"
လဲ?
ဘယ်သူက အမေလဲ?’
......။......။.......
ကဲ.....ဒီ Translator အမကြီးမှာ ပြောစရာ ရှိပါတယ်... အဲ့တာကတော့ ရှေးခတ်က အမျိုးသမီးတွေရဲ့
သနားစရာကောင်းပုံလေးပါပဲ။ သူတို့ရဲ့ဓလေ့မှာ ယောကျ်ားတစ်ယောက်အနေနဲ့ ဇနီးတစ်ယောက်၊
ကိုယ်လုပ်တော်သုံးယောက်နဲ့ မောင်းမလေးယောက် ရှိတာက ပုံမှန်ပါတဲ့၊ အဲ့ရှစ်ယောက်မှာ
တရားဝင် အဆင့်အတန်း ရှိပြီး အဆင့်အတန်း မသတ်မှတ်ပေးတဲ့ မရေမတွက်နိုင်တဲ့
အိပ်ယာဝင်အစေခံတွေလည်း ရှိသေးပါသတဲ့။ အားလုံးထဲမှာ ပင်မဇနီး(ပမာဏဇနီးသည်)ကသာ
တရားဝင် ဇနီးဖြစ်ပြီး ကျန်တဲ့သူတွေကတော့ အစေခံတပိုင်းပါပဲ၊ အစေခံစာချုပ်ရှိပြီး
ပင်မဇနီးရဲ့စိတ်ကြိုက် ရောင်းချပိုင်ခွင့် ရှိပါသတဲ့... တော်ဝင်မင်းသားစုက
မင်းသမီးတွေနဲ့ ထိမ်းမြားထားတဲ့ သားမက်တော်တွေ (မင်းသမီးတွေရဲ့ကြင်ယာတော်တွေ)ကတော့
ဇနီးတစ်ယောက်ပဲ ယူခွင့် ရှိပါတယ်တဲ့ကွယ်၊ အဲ့တာတောင်မှ မင်းသမီးတွေ ကိုယ်ဝန်ဆောင်
ကာလ ဆိုရင် ယောကျာ်းရဲ့ဆန္ဒကို ဖြေလျှော့ဖို့ အိပ်ယာဝင် အစေခံနှစ်ယောက်
စီစဥ်ပေးရပြီး ကလေးမွားပြီး ဇနီးသည်က ပြန်ခစားနိုင်ပြီးဆိုရင် အစေခံလေးတွေကို
ရောင်းထုတ်လိုက်ကြရောတဲ့....
ပြီးတော့ ဇနီးနဲ့ ကလေးတွေမှာလဲ ပင်မဇနီးက မွေးတဲ့
ကလေးကို တရားဝင်သား၊ တရားဝင်သမီးလို့ ခေါ်ပြီး ကိုယ်လုပ်တော်တို့
မောင်းမတို့ကမွေးရင်တော့ ကိုယ်လုပ်တော်ဖွားသား/သမီး စသည်ဖြင့် ခေါ်ပါတယ်။
ပင်မဇနီးက အိမ်တော်ရဲ့သခင်မ ဖြစ်ပြီး အိမ်တော်တစ်လုံးရဲ့အရေးကိစ္စတွေကို
စီမံခွင့်ရှိပါတယ်။ အဲတာကြောင့် တရားဝင်ကလေးပဲ ဖြစ်ဖြစ် ကိုယ်လုပ်တော်မွေးကလေးပဲ
ဖြစ်ဖြစ် အိမ်တော်သခင်မရဲ့ အုပ်ချုပ်မှူအောက်မှာပဲ ရှိပြီး ပင်မဇနီးကိုပဲ အမေလို့
ခေါ်ခွင့် ရှိပါတယ်၊ ကိုယ်လုပ်တော်ဖွားကလေးတွေက သူတို့ရဲ့မွေးမိခင်ကို
အမေခေါ်ခွင့် မရှိပါဘူး၊ သူတို့က အဖေဘက်က မြင့်မြတ်တဲ့ သွေးတစ်ဝက်ပါလို့ အစေခံ
မဟုတ်ပေမယ့် သူတို့ရဲ့မွေးမိခင်တွေကတော့ အစေခံသဘောမျိုးမို့ ကလေးတွေက မိခင်ထက်
ပိုမြင့်မြတ်တယ်လို့ ယူဆပါတယ်တဲ့၊ တချို့စာအုပ်တွေမှာဆိုရင် ကိုယ်လုပ်တော်မွေးကလေးတွေကို
သူတို့ရဲ့မွေးမိခင်တွေက သခင်လေး၊ သခင်မလေးလို့တောင် ခေါ်ရတာကို ဖတ်ဖူးပါတယ်....
နောက်တစ်ခုက တရားဝင်ကလေးတွေနဲ့ တရားမဝင် ကလေးတွေ
ရတဲ့အဆင့်အတန်းကလည်း ကွာပါတယ်၊ ဥပမာ ဆိုရင် တရားဝင်သမီးကပဲ
အဆင့်မြင့်အရာရှိရဲ့ဇနီးအနေနဲ့ လက်ထပ်ခွင့်ရမှပါ၊ ကိုယ်လုပ်တော်ဖွားသမီးကတော့
ကိုယ်လုပ်တော်ပဲ ဖြစ်ခွင့်ရတာမျိုးပါ.....တစ်ခါတစ်လေတော့ ခြွင်းချက်တွေ ရှိပါတယ်၊
တရားမဝင်သမီးဆိုပေမယ် အဖေက ရာထူးအရမ်းကြီးပြီး သတို့သားဘက်က
ရာထူးအရမ်းနိမ့်နေတာမျိုးတို့ ဘာတို့ပေါ့
ဒီစာအုပ်မှာ ဝမ်သခင်ကြီးက ဇနီးနဲ့ ကိုယ်လုပ်တော်
သုံးယောက်ပဲရှိတော့ မိန်းမ မလိုက်စားဘူးလို့ သတ်မှတ်တယ်ပေါ့.... ပြီးတော့ သူ
ယူထားတဲ့ ကိုယ်လုပ်တော် သုံးယောက်ကလည်း သူ့ဘာသာရှာယူတာ
မဟုတ်ပဲ သူ့ဇနီးက ရှာပေးထားတော့ သူက လူကောင်းတဲ့.... ငါနဲ့.... ရှေ့ခေတ်က
မိန်းမတွေ သနားဖို့ ကောင်းချက်က ကိုယ့်ယောကျာ်းအတွက် မိန်းမကို
ကိုယ်တိုင်ရှာပေးရတာ၊ အဲ့တာကြောင့်လည်း သူတို လက်ထပ်ရင် မိဘတွေက
ခန်းဝင်အစေခံဆိုပြီး ရုပ်ရည် အသင့်အတင့်ရှိပြီး နာခံတက်တဲ့ သူတို့ရဲ့လူရင်း
အစေခံမလေးတွေကို ထည့်ပေးတက်ကြတယ်၊ ဖိတ်ချင်ဖိတ် ကိုယ့်အိတ်ထဲ ကိုယ်ဖိတ်ပေါ့၊
စတာပါ၊ သခင်မတို့ကို လာပြိုင်တာမျိုး မလုပ်ရဲအောင်ထင်ပါတယ်.... စာက စာလုံးရည်
များရတဲ့ကြားတဲ့ Note ကလဲ အရှည်ကြီးရေးရသေးတယ်....
တော်ပြီ...လက်ညောင်းတယ်... ဒီလောက်ပဲ ရပ်ပြီ
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟