Chapter 12
Viewers 59

Chapter ( 12 )

ယိရွှယ်က ထိုအချိန်တွင် လမ်းလျှောက်နေတာကို ရပ်လိုက်ပြီး “ရောက်ပြီ” ဟု ပြောလိုက်သည်။


လုရွှယ်ကျန်း၏ အဆောင်ခန်းမှာ ခွဲခြားရ လွယ်ကူလှ၏။အကြောင်းမှာ အခန်းတစ်ခုလုံးသည် ကြောက်စရာကောင်းသော အငွေ့အသက်များ ဖုံးလွှမ်းနေပြီး တစ္ဆေခြောက်သည့် အိမ်တစ်လုံးကဲ့သို့ ဖြစ်နေသောကြောင့်ပင်။


ယိရွှယ်သည် သူမ၏ စိတ်ထဲတွင် ရွံရှာဖွယ်ကောင်းပြီး ဒုက္ခပေးတတ်သော ယောက်ျားသရဲတစ်ကောင်ဟု ထင်ထားခဲ့သော်လည်း သူမ တံခါးဖွင့်ကာ အတွင်းပိုင်းက မြင်ကွင်းကို မြင်လိုက်ရသောအခါ ခဏတာ မှင်သက်သွားမိ၏။


“အယ်…”


လုရွှယ်ကျန်း၏ အခန်းဖော်များသည် သရဲ၏ အတင်းအကျပ် သန့်ရှင်းရေးလုပ်ခိုင်းခြင်း ခံနေရပြီး မျက်ရည်လည်ရွဲဖြင့် ပြတင်းပေါက်များကို တိုက်ချွတ်ခြင်း၊ တံမြက်စည်းလှည်းခြင်းနှင့် ကြမ်းတိုက်ခြင်းများ ပြုလုပ်နေကြရလေသည်။


“ငါ ပြောပြီးသားပဲ၊ ဒီနေရာကို ဖုန်တစ်စက်တောင် မရှိစေရဘူး! 'ပြောင်လက်နေရမယ်လို့၊

အစွန်းအထင်းကင်းစင်တယ်’ ဆိုတာ ဘာကို ဆိုလိုမှန်းတောင် မင်းတို့နားလည်ရဲ့လား?”


ကုလားထိုင်ပေါ်တွင် ထိုင်နေသော သရဲမက သူတို့ကို ဒေါသတကြီး ဆူပူနေခဲ့သည်။


“မင်းတို့ အခုထိ ဘာလို့ singleတွေ ဖြစ်နေလဲဆိုတာ ငါ အခုနားလည်ပြီ။ မင်းတို့ ဒီလိုအကျင့်ဆိုးတွေနဲ့ ဘယ်လိုအကန်းက မင်းတို့ကို သနားမှာလဲ?”


လုရွှယ်ကျန်း၏ အခန်းဖော်များမှာ အလွန်အမင်း စိတ်ဆင်းရဲနေကြရသည်။ သန့်ရှင်းရေးလုပ်ရုံသာမက နှုတ်ဖြင့်လည်း အနိုင်ကျင့်ခံနေရ၏။


ဒီသရဲက အရမ်းလွန်နေပြီ။


သူ့အခန်းဖော်တစ်ဦးက နာကျင်နေသော မျက်နှာဖြင့် ကြမ်းတိုက်နေစဉ် သရဲသည် ခဏရပ်သွားပြီး တစ်စုံတစ်ခုကို အာရုံခံမိသွားဟန်ဖြင့် တံခါးဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ရှုကျိုးကို မြင်သောအခါ မျက်ခုံးပင့်လိုက်ပြီး ''အိုးး တာအိုဆရာပါလား''


လုရွှယ်ကျန်းသည် သရဲ၏ အကြည့်ကို

အလိုလို လိုက်ကြည့်မိသည်။ သူသည် သရဲကို မမြင်နိုင်သော်လည်း သူ၏အခန်းဖော်နှင့် တွဲနေသော မှေးမှိန်သောပုံရိပ်က ယောက်ျားတစ်ယောက်နှင့် မတူပေ။


ခဏလေး—


“ဘာတုန်းဟ?! မိန်းမကြီးလား?!”


သူသည် အံ့အားသင့်စွာဖြင့် အော်လိုက်မိသည်။


သူတို့တစ်သိုက်လုံး မိန်းမသရဲတစ်ကောင်နဲ့

အဆောင်တစ်ခုတည်း မျှဝေနေခဲ့ကြတာလား?!


“ငါ မိန်းမဖြစ်ရင်ရော ဘာဖြစ်လဲ?နင်တို့လို နံစော်နေတဲ့ ယောက်ျားတွေနဲ့ အတူနေရတာကို ငါရော ပျော်နေတယ်လို့များ ထင်နေတာလား?!”


သူမ၏ အသွင်မှန် ပေါ်သွားသောအခါ ထိုသရဲမှာ ဟန်ဆောင်မနေတော့ပေ။ ဝိညာဉ်ခွာလိုက်သည်နှင့် လုရွှယ်ကျန်း၏ အခန်းဖော်မှာ ကြမ်းပြင်ပေါ်သို့ ခွေကျသွားပြီး သူ၏ မျက်နှာမှာ ရေပုံးထဲသို့ တည့်တည့်ကျသွားတော့သည်။


အခြားသော အခန်းဖော်များက ဘာဖြစ်သွားလဲဆိုတာကို အပြည့်အဝ နားမလည်လိုက်ဘဲ အံ့အားသင့်သွားကြကာ သူ့ကို ဆွဲထုတ်ရန် အနည်းငယ် အားစိုက်ထုတ်လိုက်ပြီး ညစ်ပတ်သော ရေထဲမှ သူ့ခေါင်းကို ဆွဲထုတ်လိုက်သည်။


ယိရွှယ်က ထိုအမျိုးသမီးတစ္ဆေကို ကြည့်လိုက်ရာ သူမမှာ အတော်လေး လှပသူတစ်ဦး ဖြစ်ကြောင်း သတိပြုမိ၏။ ဖြူဖျော့နေသော်လည်း သူမ၏ လှပသော အသွင်အပြင်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။


လုရွှယ်ကျန်းမှာလည်း မှင်တက်နေမိသည်။ သူတို့ကို နှိပ်စက်နေသည့် ထို "သရဲမ" မှာ ဤမျှအထိ လှပလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထိုအမျိုးသမီးတစ္ဆေက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ လှပစွာမျက်ခုံးပင့်ရင်း ပြောလိုက်သည်။


''ဘာတွေလာကြည့်နေတာလဲ၊ ငါကအရမ်းဆွဲဆောင်မှုရှိလို့ ဝိုင်းဝိုင်းလည်နေတာမှန်ပေမယ့် မင်းလိုကြက်ကလေးက ဖီးနှစ်ငှက်တစ်ကောင်နဲ့ထိုက်တန်လို့ မဆိုလိုဘူး''


“ ' တောင်ကြက်တစ်ကောင်က ဒဏ္ဍာရီလာဖီးနစ်ငှက်တစ်ကောင်နဲ့ ဘယ်လိုထိုက်တန်နိုင်မှာလဲ’ ဆိုတာက ဘာကိုဆိုလိုတာလဲ? ‘အရှေ့နှင့်အနောက် ဆုံစည်းခြင်း’ ရုပ်ရှင် အကြည့်လွန်သွားတာလား?”


လုရွှယ်ကျန်းသည် တုံ့ပြန်ရန်စကားများပင် မရှိတော့ပေ။သို့သော် ယိရွှယ်နှင့် အခြားသူများ အနားမှာရှိနေခြင်းကြောင့် သူအနည်းငယ်သတ္တိရှိနေသဖြင့် သူ မဝံ့မရဲထပ်ပြောလိုက်သည်။


“အစ်မကြီးရဲ့ ရုပ်ကိုတောင် ကျွန်တော် တို့မြင်ရတာမဟုတ်ပဲနဲ့ကို...''


ထိုအမျိုးသမီးတစ္ဆေမှာ ချက်ချင်း ဒေါသထွက်သွားကာ “ဘယ်သူ့ကို ‘အစ်မကြီး’ လို့ လာခေါ်နေတာလဲ? စကားကို ကောင်းကောင်း မပြောတတ်ရင် နင့်ရဲ့ ပါးစပ်ကို လိုအပ်တဲ့သူ တစ်ယောက်ယောက်ဆီကို သွားလှူလိုက်တော့"


ထိုစကားကို ကြားသည်နှင့် လုရွှယ်ကျန်း၏ အခန်းဖော်သည် နောက်ဆုံးတွင် အဖြစ်အပျက်ကို သဘောပေါက်သွားပြီး မျက်နှာတစ်ခုလုံးကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။


“ဘာကို ‘အစ်မကြီး’ လို့ ပြောနေတာလဲ? အဲဒီသရဲက မိန်းမလား?”


ထိုအမျိုးသမီးတစ္ဆေက မျက်လုံးလေးကို လှလှပပ လှန်လိုက်ပြီး ပြန်ပြောလိုက်သည်။


“ဘယ်လိုထင်လို့လဲ? ယောက်ျားတစ်ယောက်က ဒီလောက် သန့်သန့်ရှင်းရှင်း နေပါ့မလား၊အိပ်မက်မက်မနေနဲ့ အညစ်အကြေးကောင်တွေရဲ့''


ထို့နောက် သူမက ဆက်ပြောပြန်သည်။ "ဒါပေမဲ့ တကယ်ပါပဲ။ နင်တို့တွေက အသုံးကိုမကျဘူး။ တာအိုဆရာတစ်ပါး ခေါ်ဖို့ကို ဒီလောက်တောင် ကြာရသလား။ ငါတောင် စိတ်မရှည်တော့လို့ နင်တို့ကို သတ်ပစ်ချင်စိတ် ပေါက်နေပြီ!"


ထိုစကားကို ကြားသည်နှင့် ယိရွှယ်သည် ခဏတာ ကြောင်အသွားပြီး အနည်းငယ် ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ သရဲတစ်ကောင်သည် ကိုယ့်ကိုကိုယ် နှင်ထုတ်ရန် တက်တက်ကြွကြွ တောင်းဆိုသည်ကို သူမ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။


လုရွှယ်ကျန်းလည်း အံ့အားသင့်သွားပြီး “ဒါကို တမင်လုပ်ခဲ့တာလား?” ဟု မေးလိုက်သည်။


ထိုသရဲမသည် စော်ကားခံရသလို မျက်လုံးပြူးကာ ဒေါသတကြီးဖြင့် “နင် ဘာထင်လို့လဲ! နင့်ရဲ့ ပိန်ခြောက်နေတဲ့ကိုယ်လုံးနဲ့  ငါသာ နင့်ကို လျစ်လျူမရှုခဲ့ရင် ဒီအဆောင်ကနေ ထွက်သွားနိုင်မယ်လို့ ထင်နေတာလား?” ဟု ပြောလိုက်သည်။


“လာစမ်းပါ၊ ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုမပါဘဲ စကားပြောကြရအောင်လေ”


လုရွှယ်ကျန်းသည် ဒေါသထွက်သွားသော်လည်း အသံထွက်ပြီးမပြောရဲခဲ့ပေ။


သူမ ပြောလိုက်သည့် စကားကို ကြားပြီးနောက် ရှုကျိုးက သဘောပေါက်သွားသည်။ "ဩော်... ဒါဆို မင်းက သူတို့ ဝိညာဉ်ခေါ်တုန်းက သုံးခဲ့တဲ့ ခဲတံထဲမှာ ပိတ်မိနေတာပေါ့?"


သူမတွင် အေးစက်သော အရောင်အဝါသာရှိပြီး မကောင်းသော ရည်ရွယ်ချက် မရှိသည်မှာ အံ့ဩစရာ မဟုတ်ပေ။သူမသည် မည်သူ့ကိုမျှ ထိခိုက်အောင်မလုပ်ဖူးသော တစ္ဆေတစ်ကောင်ဖြစ်သောကြောင့်ပင်။


လုရွှယ်ကျန်း နားမလည်နိုင်စွာ မေးလိုက်မိသည်။


“ဆရာ၊ ဒါ ဘာကို ဆိုလိုတာလဲ?”


ယိရွှယ်သည် သူမဆရာ၏ မှတ်စုများတွင် အလားတူ အခြေအနေများကို ဖော်ပြထားသည်ကို ပြန်သတိရသွားသည်။


ရှုကျိုး : " ခင်ဗျားတို့ အဲဒီတုန်းက လုပ်ခဲ့တဲ့ ဝိညာဉ်ခေါ်ပွဲက အဆုံးမသတ်ခဲ့ဘူးလေ။ခင်ဗျားတို့က ဝိညာဉ်ကို အတင်းခေါ်ပြီးတော့ ဘေးကင်းကင်းနဲ့ ပြန်မပို့ပေးခဲ့ကြဘူး။ အဲဒါကြောင့် သူမက ခဲတံထဲမှာ ပိတ်မိသွားပြီး သူမရဲ့ ဝိညာဉ်က အဆောင်ထဲမှာပဲ လှုပ်ရှားလို့ရတယ်။ တကယ်လို့ သူမက တစ်ယောက်ယောက်ကိုသာ ပူးကပ်မထားရင် ဒီတံခါးပြင်ပကိုတောင် ထွက်လို့မရဘူး"


လုရွှယ်ကျန်း အခုမှ သဘောပေါက်သွားတော့သည်။ "ဒါဆို သူမ လုပ်သမျှ အားလုံးက ကျွန်တော်တို့ကို ပညာရှင်တစ်ယောက်ယောက် ရှာလာအောင် အတင်းအကျပ် လုပ်နေတာပေါ့?"


ယိရွှယ်က ခေါင်းညိတ်ပြလိုက်သည်။


ရှစ်ဖူ တစ်ခါက ပြောခဲ့ဖူးသည်မှာ အကြမ်းဖက်မှုကို အကြမ်းဖက်မှုဖြင့် တားဆီးခြင်းသည် လက်ခံနိုင်ဖွယ်မရှိသောကြောင့် ဝိညာဉ်များနှင့် တွေ့ဆုံသောအခါတွင် သူတို့သည် အများအားဖြင့် လမ်းမှန်ရောက်အောင် လမ်းညွှန်ရန် သာ အာရုံစိုက်ကြရမည်။ အထူးသဖြင့် မည်သူ့ကိုမျှ မထိခိုက်စေခဲ့သော ဝိညာဉ်များနှင့်ဆိုလျှင် သူတို့၏ အသက်ကို အလွယ်တကူ မနှုတ်သင့်ပေ။ သို့မဟုတ်ပါက မိမိတို့၏ ကုသိုလ်ကို ထိခိုက်စေနိုင်ပေသည်။


ခဏကြာ စဉ်းစားပြီးနောက် လုရွှယ်ကျန်းမှာတစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။


“ခဏလေး၊ အစ်မကြီးက ကျွန်တော်တို့ကိုနှိပ်စက်နေတာ ထားပါတော့။ ဒါပေမဲ့ ကျွန်တော်တို့အတန်းထဲက မိန်းကလေးတွေကျတော့ရော? ဘာလို့ သူတို့ကို သွားထိခဲ့တာလဲ?”


ထိုအမျိုးသမီးတစ္ဆေကြောင့် သူ၏ အဆောင်ဖော်မှာ အတန်းထဲက မိန်းကလေးတွေကြားမှာ "နှာဗူးကြီး" လို့ အထင်ခံနေရပြီ ဖြစ်သည်။ သူနိုးလာသည်နှင့် တစ်ပြိုင်နက် အမှန်တရားကိုသိသွားရင် လူရယ်စရာ ဖြစ်သွားလိမ့်မည်။


“ငါ သူတို့ကို မထိခဲ့ပါဘူး!”


သရဲမက အော်ဟစ်လိုက်ပြီး မတရား စွပ်စွဲခံနေရသည့်ပုံစံဖြင့် “သူတို့ရဲ့ ရေမွှေးနံ့လေးကို သဘောကျလို့ ဘာတံဆိပ်လဲလို့ သိချင်ရုံပဲ!”


“ပြီးတော့ သူတို့ကို ထူးဆန်းတဲ့ စကားတွေ ပြောခဲ့တာရော?” လုရွှယ်ကျန်းက ဆက်ပြီး ဖိအားပေး မေးလိုက်ပြန်သည်။


“သူတို့ရဲ့ အသားအရေကို ချီးကျူးပြီး ခြေအိတ်မပြဲတဲ့ တခြားတံဆိပ်တစ်ခုကို အကြံပေးခဲ့တာ! ဒါ ဘာများ မှားသွားလို့လဲ?”


အမျိုးသမီးတစ္ဆေမှာ နားမလည်နိုင် ဖြစ်နေရှာသည်။ "နင်တို့ ယောက်ျားတွေ အဆောင်ထဲမှာ ဘယ်အပြာကားက ပိုကောင်းလဲဆိုတာ ပြောနေတုန်းကတောင် ငါဘာပြောခဲ့လို့လဲ!"


လုရွှယ်ကျန်းသည် စကားလုံးများ ဆို့နင့်သွားကာ ချောင်းသာဆိုးနေလိုက်သည်။


ယိရွှယ်မှာ ခဏတာ တိတ်ဆိတ်သွားရ၏။


“…”


အကယ်၍ ထိုအရာများကို မိန်းကလေးအနေနဲ့လုပ်ခဲ့လျှင် ပြဿနာမရှိနိုင်သော်လည်း ယခုမှာ ယောက်ျားကြီးတစ်ယောက်ကို ပူးကပ်ပြီး လုပ်နေခြင်းဖြစ်ရာ အထင်လွဲစရာ ဖြစ်သွားခြင်းမှာ မဆန်းပေ။


လုရွှယ်ကျန်း၏ အခန်းဖော်များမှာမူ ဘာမှနားမလည်ဘဲ ကြောင်တောင်တောင် ဖြစ်နေကြသည်။ သူတို့သာ အခြေအနေကို မသိပါက လုရွှယ်ကျန်းမှာ တစ်ကိုယ်တည်း စကားတွေပြောပြီး ရူးနေပြီဟု ထင်ကြပေလိမ့်မည်။


“ကဲပါ၊ အဲဒီလိုဖြစ်ခဲ့ရင်တောင် ခင်ဗျား ရှင်းပြလို့မရတဲ့ အချက်တစ်ချက်တော့ ရှိသေးတယ်”


လုရွှယ်ကျန်းသည် ပြီးခဲ့သည့် ရက်အနည်းငယ်က သူ၏ စိုးရိမ်ပူပန်မှုများကို ပြန်သတိရကာ သူမကို စွပ်စွဲလိုက်သည်။


“ညဘက်မှာ ဘာလို့ ဓားနဲ့ ကျွန်တော့ကို ခြောက်လှန့်ခဲ့တာလဲ? အဲဒါကနေ ခင်များဘာအကျိုးအမြတ် ရမှာမို့လဲဗျ”


“နင့်ကို ခြောက်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး၊ ငါ့ ခြေသလုံးမွှေးတွေကို ရိတ်နေတာ! နင်ပဲ အရမ်းကြောက်တတ်ပြီး ငါ့ကို အထင်လွဲနေတာ”


ထိုအမျိုးတစ္ဆေက မျက်ခုံးပင့်ကာ ဆက်ပြောလိုက်သည်။


"နင်တို့ အဆောင်မှာကလည်း ဘာမှမရှိဘူးလေ။ ငါက ယဉ်ကျေးလို့ မုတ်ဆိတ်ရိတ်ဓားတောင် မသုံးဘဲ နေပေးတာနော်''


“အော်၊ ဒါဆို မင်းက ခြေထောက်မွှေးတွေကို ရိတ်ဖို့ ဓားကို သုံးနေတာကိုး”


လုရွှယ်ကျန်းက သူမသည် သူ့ကို ခြောက်လှန့်ရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်သောကြောင့် ဝမ်းသာအားရဖြင့် ထိုရှင်းပြချက်ကို လက်ခံလိုက်သည်။


ခဏလေး!


သူသည် တစ်ခုခုကို သဘောပေါက်သွားသလို ခဏရပ်လိုက်သည်။


သစ်သီးလှီးဓား?!


သူက အမျိုးသမီးတစ္ဆေကို လှည့်ကြည့်ကာ "ခင်ဗျားက ကျွန်တော်တို့ သစ်သီးလှီးတဲ့ဓားနဲ့ ခြေသလုံးမွေး ရိတ်တယ်ပေါ့? ဒါဆို လွန်ခဲ့တဲ့ ရက်တွေက ကျွန်တော်တို့ စားခဲ့တဲ့ သစ်သီးတွေကရော....''


ထိုပုံရိပ်သည် အလွန် စက်ဆုပ်ဖွယ်ကောင်းသောကြောင့် လုရွှယ်ကျန်းမှာ ပျို့အန်ချင်သွားရကာ အိမ်သာသို့ အလျင်အမြန် ပြေးသွားပြီး အန်ချလိုက်တော့သည်။


" အုဂ်..ဝေါ့.."


သူ၏ အခန်းဖော်မှာ အဖြစ်အပျက်ကို မသိသေးသော်လည်း လုရွှယ်ကျန်း ပြောခဲ့သည့် စကားကို ချက်ချင်း တုံ့ပြန်ကာ မျက်နှာဖြူဖျော့သွားပြီး အိမ်သာသို့ အလျင်အမြန် ပြေးသွားကြသည်။


“ဝေါ့ ဝေါ့...!”


ပျို့အန်သံများမှာ ဆက်တိုက် ထွက်ပေါ်လာတော့သည်။