Chapter ( 11 )
ထိုအချိန်တွင် ရက်အနည်းငယ်ကြာ ကျောင်းတော်မှ ထွက်ခွာသွားသော ဆရာပိုင်သည် ယခု တိုင်းယိကျောင်းမှ ကျီအန်းနှင့် သူ၏ဖခင်အပါအဝင် အခြားတာအို ဆရာများနှင့်အတူ ဇိမ်ခံအိမ်ကြီးတစ်လုံးတွင် ရှိနေခဲ့သည်။
ကျီကိုင်ယိက စာကြည့်ခန်းရှိ ပြတင်းပေါက်ဘေးတွင် ထိုင်နေသော လူငယ်လေးကို စိုက်ကြည့်နေလေသည်။ထိုလူငယ်၏ မျက်နှာမှာ အလွန်တရာ ချောမောလှပလွန်းပြီး မျက်တောင်များမှာ ရှည်လျားထူထဲကာ နတ်ဘုရားတစ်ပါး ထုဆစ်ထားသကဲ့သို့ အပြစ်ပြောစရာ မရှိပေ။
သူသည် ထိုကဲ့သို့ ထူးခြားသော အသွင်အပြင်ရှိသူ နှစ်ဦးကိုသာ မြင်ဖူးလေသည်။တစ်ဦးမှာ ယုချီဖြစ်ပြီး၊ နောက်တစ်ဦးမှာ ရွမ်ကျန်း ကျောင်းတော်မှ ထိုဒေါသထွက်စရာကောင်းသော ကောင်းကင်တမန်ဆရာဖြစ်သည်။
ယုချီသည် မတ်မတ်ထိုင်ကာ ပြတင်းပေါက်မှ အပြင်ဘက်ကို ငေးစိုက်ကြည့်နေပြီး အတွေးများ နက်နေ၏။ သူ၏ မျက်နှာသည် ဖြူရော်နေပြီး အရေပြားအောက်တွင် သွေးကြောများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။
သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး အရေပြားအောက်ရှိ သွေးကြောများကိုပင် အထင်အသား မြင်နေရလေသည်။ထိုအချိန်တွင် ပြင်းထန်သော ချောင်းဆိုးသံတစ်ခုကြောင့် စာကြည့်ခန်းအတွင်း တိတ်ဆိတ်မှု ပျက်ပြားသွားပြီး သူသည် နှုတ်ခမ်းပေါ်မှ သွေးစများကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်ကာ ပတ်ဝန်းကျင်ကို အေးဆေးစွာ ဆက်ကြည့်နေပြန်သည်။
သူ့ဖခင်က အခြားသူများကို တိုးတိုးလေး မေးနေသည်ကို ကျီကိုင်ယိ ကြားလိုက်ရသည်။
"အခုထိ ဘာမှ မထူးသေးဘူးလား"
တာအိုဂိုဏ်းမှ အကြီးအကဲတစ်ဦးက ခေါင်းခါယမ်းလိုက်ရင်း “ရှာလို့ရရင် အခုလောက်ဆို ရနေပြီပေါ့။ သူ့ရဲ့ ရှစ်ဖု ကိုယ်တိုင်တောင် သူ့အသက်ကို မနည်းထိန်းပေးထားခဲ့ရတာ။ အခုတော့ အဲဒီ ရှစ်ဖုကလည်း ကွယ်လွန်သွားပြီဆိုတော့ ကံတရားအတိုင်းပဲပေါ့လေ''
အခြားသူများက ယုချီ၏ သေဆုံးမှုအကြောင်းကို ခန့်မှန်းနေစဉ် ထိုလူငယ်မှာ မတုန်မလှုပ်ဘဲ အပြင်ကမ္ဘာကိုသာ အာရုံစိုက်နေခဲ့သည်။
ယုချီ မွေးဖွားသောအခါ ဟိုင်ချန်း၏ ကောင်းကင်ယံတွင် ထူးဆန်းသော ဖြစ်ရပ်များ ပေါ်ပေါက်လာခဲ့၏။ ကျန်းကျီးဂိုဏ်း၏ ဝါရင့်ပုဂ္ဂိုလ်ပင်လျှင် တပည့်အဖြစ် ခေါ်ယူရန် အထီးကျန်ဘဝမှ ထွက်လာပြီး “မသေမျိုးအရိုးနှင့် မွေးဖွားလာသူ၊ သဘာဝ တာအိုကိုယ်ထည်” ဟူသော ရှစ်လုံးပါ ကံကြမ္မာစာတမ်းကို ပေးခဲ့သည်။
ယုချီသည်လည်း ထိုစကားနှင့်အညီ အရာရာကို မြန်မြန်ဆန်ဆန် သင်ယူနိုင်ခဲ့သည်။ သူသည် တစ်ခါမျှ မည်သူမှ မသင်နိုင်ခဲ့ဖူးသော "ကြယ်ခုနစ်ပွင့် မိစ္ဆာနှိမ်နင်းရေးဓား" ကိုပင် မြှောက်နိုင်ခဲ့သူ ဖြစ်သည်။
တာအိုကျင့်ကြံခြင်းလောကမှ လူများက သူ့ကို ပါရမီရှင်တစ်ဦးအဖြစ် မျှော်လင့်ခဲ့ကြသော်လည်း ကံတရားက ရက်စက်ခဲ့သည်။ သူသည် သင်ယူမှု မြန်သော်လည်း သူ၏ စွမ်းအားများကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ပေ။
သူသည် ခုနစ်လုံးကြယ်ဓားကို ကိုင်နိုင်သော်လည်း ၎င်း၏ စွမ်းအားကို မထိန်းချုပ်နိုင်ခဲ့ချေ။ သူ၏ ကိုယ်ခန္ဓာမှာ တစ်နေ့ထက်တစ်နေ့ အားနည်းလာသဖြင့် ဈေးကြီးသော ဆေးဝါးများဖြင့်သာ အသက်ဆက်နေရခြင်းပင်။
တာအိုလောကတွင် အလေးစားခံရဆုံးသော သူ၏ဆရာသည် ဖြေရှင်းနည်းကို အဆုံးမရှိ ရှာဖွေခဲ့သော်လည်း ယုချီ အားနည်းရခြင်း၏အကြောင်းရင်းကို ဘယ်သောအခါမှ မတွေ့ခဲ့ပေ။
မကြာမီမှာပင် ယုချီ၏ဆရာ ကွယ်လွန်သွားခဲ့သည်။ ထို့နောက် ယုချီ၏ မိဘများပါ ကားအက်စီးဒင့်ဖြင့် ဆုံးပါးသွားပြန်သည်။ သူသည် မိဘများ၏ အမွေကို ဆက်ခံခဲ့သော်လည်း သူ၏ သေဆုံးမည့်အချိန်ကိုသာ စောင့်မျှော်နေကြသည့် ဆွေမျိုးများ ဝန်းရံခြင်းကို ခံနေရရှာသည်။
သူသည် အမှန်တကယ် တစ်ကောင်ကြွက်ဖြစ်သွားခဲ့သည်။ သူ၏ ကျန်ရှိသော မိသားစုဝင်များသည် သူ့ကို ကျိန်စာသင့်သော “တစ်ကိုယ်တော်ကြယ်” အဖြစ် မြင်ကြပြီး မည်သူမျှ သူ့ကို မချဉ်းကပ်ဝံ့ပေ။
ကျင့်ကြံသူအချင်းချင်းကြားတွင် ယုချီကို "အသုံးမကျတဲ့ ပါရမီရှင်" ဟု ကွယ်ရာတွင် ကဲ့ရဲ့ကြတာကို မကြာခဏ ကြားရလေ့ရှိသည်။စစ်မှန်သော ကျင့်ကြံခြင်း မရှိသူတစ်ဦးသည် သူတို့၏ အကြီးအကဲဖြစ်နေခြင်းကို ရှင်းရှင်းလင်းလင်း မကျေနပ်ကြပေ။ သို့သော် သူတို့၏ အတွင်းစိတ်များ မည်သို့ပင် ရှိစေကာမူ ယုချီနှင့်တွေ့ဆုံတိုင်း သူတို့သည် “မစ္စတာယု” ဟု လေးစားစွာခေါ်နေကြရစမြဲပင်။
သူတို့ စာကြည့်ခန်းထဲမှ ထွက်လာသောအခါ အပြင်တွင် စောင့်နေကြသော ဆွေမျိုးများက ဝိုင်းမေးကြတော့သည်။
ယုချီ၏ အဒေါ်ဖြစ်သူက စိုးရိမ်ဟန်ဆောင်ကာ မေးလိုက်၏။
"ဆရာတို့...ယုချီရဲ့အခြေအနေဘယ်လိုရှိလဲဟင်..''
၎င်းကို ကြားသောအခါ ကျီကိုင်ယိက မျက်လုံးလှန်လိုက်မိသည်။ သူမ၏ စိုးရိမ်မှုမှာ ယုချီ အသက်ရှင်ဖို့ မဟုတ်ဘဲ သူ ဘယ်တော့ သေမလဲဆိုတာကို သိချင်နေခြင်းသာ ဖြစ်သည်။
ယုချီ၏ မိဘများသည် ယုချီ၏အမွေခံအဖြစ် သူမကို အဓိကထား၍ သေတမ်းစာ ရေးခဲ့သည်။
သူ၏ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သော ဆွေမျိုးအဖြစ် ယုချီ သေဆုံးသောအခါ သူမသည် ပိုင်ဆိုင်မှုများကို အမွေရရှိမည်ဖြစ်သည်။
ယုချီ၏ မိဘများမှာ ညီမဖြစ်သူကို သူတို့၏သားဖြစ်သူအား ဂရုစိုက်စေလိုခဲ့သော်လည်း သူမက သူ့ကို ကျိန်စာသင့်သော ပုံရိပ်တစ်ခုအဖြစ်မြင်ကာ ကူးစက်ရောဂါကဲ့သို့ ဆက်ဆံခဲ့သည်။ ယခု သူမသည် ယုမိသားစု၏ ချမ်းသာကြွယ်ဝမှုကို အမွေခံရန် အခွင့်အရေးကို မြင်သောအခါ ဂရုစိုက်ဟန်ဆောင်နေလေသည်။
ယုချီ၏ အဒေါ်သာမက သူ၏ ဆွေမျိုးများအားလုံးသည် ယုချီ၏ စောစီးစွာ သေဆုံးမှုကို မျှော်လင့်နေကြပြီး အမွေများကို အမြဲတမ်း လှည့်ပတ်ကြံစည်နေကြသည်။
ဆရာပိုင်ကလည်း ယုမိသားစု၏ စရိုက်ကို ကောင်းစွာ သိရှိထားသဖြင့် သူတို့ကို လျစ်လျူရှု့လိုက်သည်။ ထို့အစား သူက ကျီကိုင်ယိဘက်သို့ လှည့်ကာ “တာအိုညီတော်၊ ရွမ်ကျန်းဘုရားကျောင်းကို ထောက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
အခြားသော တာအိုဆရာများကလည်း အံ့အားသင့်သွားကြသည်။
ဘာ? တိုင်ယိကျောင်းတော်နှင့် ရွမ်ကျန်းကျောင်းတော်က ရန်သူတွေမဟုတ်ဘူးလား? သူတို့မှာတစ်ဦးကိုတစ်ဦး လှောင်ပြောင်ရယ်မောခဲ့ကြပြီး ဆရာပိုင်သည် ကျီကိုင်ယိကို မတွေ့ချင်လို့တောင် ဖျားနာဟန်ဆောင်ခဲ့တာလေ..ယခု သူတို့က ရုတ်တရက် ကောင်းမွန်တဲ့ဆက်ဆံရေး ရှိသွားကြပြီလား?
ကျီကိုင်ယိ၏ မျက်နှာသည် အရောင်အမျိုးမျိုး ပြောင်းလဲသွားပြီး လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ၏ကျောင်းတော်သည် ထိုကိစ္စနှင့် ပတ်သက်၍ မေးခွန်းထုတ်ခံခဲ့ရပုံကို တွေးမိသွားရသည်။
သူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ရာ ပြန်ဖြေလိုက်ရသည်။
“ရပါတယ်”
ယဉ်ကျေးသော စကားအနည်းငယ် ပြောပြီးနောက် လူတိုင်းသည် စိတ်ဝင်တစား စောင့်ကြည့်နေသော ယုမိသားစုကို တိတ်တဆိတ် လျစ်လျူရှုခဲ့ကြသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ယုမိသားစုသည် ယုချီ၏ အခြေအနေကို အကြိမ်ပေါင်းများစွာ သွယ်ဝိုက်၍ မေးမြန်းခဲ့ကြသည်။
ဤအရာကို တွေးတောရင်း ဆရာပိုင်သည် ညင်သာစွာ သက်ပြင်းချကာ ယုချီ၏ ကိုယ်ရံတော်နှင့် လက်ထောက်ဘက်သို့ လှည့်ကာ “မင်းရဲ့သခင်ကို သေချာဂရုစိုက်ပါ။ ငါတို့ သွားတော့မယ်”
ယုချီ၏ အဒေါ်မှာလုံးဝ လျစ်လျူရှုခံခဲ့ရလေသည်။ သူတို့ ထွက်သွားသည်ကို ကြည့်ရင်း သူမ၏ မျက်နှာသည် ဒေါသကြောင့် စိမ်းဖန့်သွားပြီး စိတ်တိုတိုဖြင့် ကျိန်ဆဲလိုက်သည်။
“နံစော်နေတဲ့ သောက်တာအိုဆရာ အုပ်စု! တစ်နေ့ နင်တို့အားလုံး ငါ့ဆီ လာပြီး တောင်းပန်ခယကြရလိမ့်မယ်”
..........
လုရွှယ်ကျန်းကို နတ်ဆိုးနှင်ထုတ်ခြင်း ကူညီရန် သဘောတူထားသော်လည်း တစ်စုံတစ်ဦးသည် ကျောင်းတော်တွင် ကျန်ရစ်ကာ စောင့်ရှောက်ရမည်ဖြစ်သည်။
ကျောက်တုံး၊ ကတ်ကြေး၊ စက္ကူနှင့် ဆုံးဖြတ်ပြီးနောက် ပိုင်လုသည် ရွမ်ကျန်းကျောင်းတော်ကို စောင့်ရှောက်ရန် ကျန်ရစ်ခဲ့ပြီး ယိရွှယ်နှင့် ရှုကျိုးတို့သည် လုရွှယ်ကျန်းနှင့်အတူ သူ၏ကျောင်းသို့ လိုက်ပါသွားကြသည်။
သူတို့နှစ်ဦးသည် လုရွှယ်ကျန်း၏ ဆွေမျိုးများဟန်ဆောင်ကာ ကျောင်းထဲသို့ ဝင်ခဲ့ကြသည်။
အစပိုင်းတွင် အဆောင်မှူးက သံသယဝင်ကာ မျက်နှာစိမ်းနေသောသူတို့ကို အပေါ်ထပ်သို့ တက်ခွင့်ပေးရန် တွန့်ဆုတ်နေခဲ့သည်။ သို့သော် ယိရွှယ်၏ ချိုမြသော အသွင်အပြင်နှင့် ဆွဲဆောင်မှုရှိသော အပြုံး၊ သူမ၏ သဘာဝကျသော နွေးထွေးမှုတို့ကြောင့် အဆောင်မှူးကချက်ချင်း သဘောကျသွားခဲ့သည်။ ထို့နောက်တွင် အဆောင်မှူးသည် ပြုံးရွှင်စွာဖြင့်ဆောင်းရာသီ စွန်ပလွံသီးများကိုပင် လက်ဆောင်အဖြစ် ပေးခဲ့သေးလေသည်။
၎င်းကို မြင်သောအခါ လုရွှယ်ကျန်းမှာ
အံ့အားသင့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ကျောင်းသားများက “အာဏာရှင်” ဟု အမည်ပြောင်ပေးထားသော အဆောင်မှူးမှာ ယိရွှယ်ရှေ့တွင် ကြင်နာတတ်သော အိမ်နီးချင်း အဒေါ်ကြီးတစ်ဦးကဲ့သို့ ပြုမူနေသည်။အထင်ကြီးစွာဖြင့် သူသည် ဤသည်မှာ ကျောင်းတော်မှ ဧည့်သည်များကို ဆက်ဆံသည့် အထူးနည်းစနစ်တစ်ခုလားဟု တွေးတောနေခဲ့သည်။
ကျောင်းတော်သည် ယိုယွင်းနေသော်လည်း ဧည့်သည်များကို ဆွဲဆောင်နိုင်ခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။ နောက်ဆုံးတွင် သူသည်လည်း ယိရွှယ် အလွန်လှပသောကြောင့်သာ ဝင်ရဲခဲ့ခြင်းဖြစ်သည်။
ယိရွှယ်၏ အကူအညီဖြင့် သူတို့သုံးဦးသည် ယောက်ျားလေးများ အဆောင်သို့ အလွယ်တကူ ဝင်ရောက်နိုင်ခဲ့သည်။
စနေ၊ တနင်္ဂနွေ ဖြစ်သောကြောင့် ကျောင်းသားများများစားစား မရှိသဖြင့် ယိရွှယ်နှင့် ရှုကျိုးတို့ ရှိနေခြင်းသည် အာရုံစိုက်ခံရခြင်း မရှိပေ။
လုရွှယ်ကျန်း၏ အဆောင်မှာ ခြောက်လွှာတွင် ရှိပြီး ဓာတ်လှေကားမရှိသောကြောင့် တက်ရသည်မှာ အနည်းငယ် ပင်ပန်းလှသည်။
ရုတ်တရက် လုရွှယ်ကျန်းက တစ်ခုခုကို သတိရသွားပြီး " ဒါနဲ့ မင်းတို့နှစ်ယောက်… ငါ့ကို သရဲကို မြင်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းများ ရှိလား?” ဟု မေးလိုက်သည်။
ဤအရာကို ကြားသောအခါ ယိရွှယ်ကမျက်ခုံးပင့်လိုက်သည်။
ခုနတုန်းက လုရွှယ်ကျန်း၏ ငိုယိုနေတဲ့ပုံရိပ်သည် သူမ၏ စိတ်ထဲတွင် လတ်ဆတ်နေသေးပြီး ယခု သူသည် သရဲကို မြင်လိုသော သတ္တိရှိနေပြန်သည်။ သူမက ပြုံးရင်း " သေချာလား? တကယ် ကြောက်စရာကောင်းနိုင်တယ်နော်”
လုရွှယ်ကျန်းက အတွေ့အကြုံရှိသူကဲ့သို့ ဟန်ဆောင်ကာ “ကိစ္စမရှိပါဘူး။ ကျွန်တော် သရဲကားတွေ အများကြီး ကြည့်ဖူးတယ်လေ။ ဘာမှကြောက်စရာမရှိပါဘူး”
ဟုတ်တာပေါ့၊ သူတို့ အနီးအနားမှာ မရှိရင် သူ ဒီလို မေးရဲမှာ မဟုတ်ဘူး။ ဒါကြောင့် ဒါက သူတို့ရဲ့ အာဏာကို ခဏလောက် ငှါးသုံးနေရတာ။
အလုပ်ရှင်က တောင်းဆိုလာသောကြောင့် သူ့ကို တားမြစ်ရန် အကြောင်းမရှိပေ။
ရှုကျိုးက ပုလင်းတစ်လုံးကို ကမ်းပေးလိုက်၏။
"ဒါက နွားမျက်ရည်ပဲ။ မျက်လုံးထဲကို နှစ်စက်လောက် ထည့်လိုက်ရင် မြင်ရလိမ့်မယ်"
လုရွှယ်ကျန်းက တွန့်ဆုတ်စွာဖြင့် “အဲဒီလောက် လွယ်တာလား? မန္တန်တွေ ဘာတွေ မပါဘူးလား? ‘ရှူးရှူးရှူး’ ဒါမှမဟုတ် ‘ဝူးဝူးဝူး’ တို့လိုမျိုးပေါ့?”
ရှုကျိုးသည် အံ့အားသင့်သွားပြီး ယိရွှယ်လည်း အလားတူ ရှုပ်ထွေးသွားရသည်။
“ 'ရှူးရှူး’ နဲ့ ‘ဝူးဝူး’ လား?”
“မင်း သိတယ်မလား ရုပ်ရှင်ထဲက အရေးပေါ် မန္တန်တွေလိုမျိုး! Lam Ching-ying နဲ့ Sammo Hungတို့ရဲ့ဇာတ်ကားထဲကလိုမျိုးလေ။သူတို့ရိုက်တဲ့သရဲကားတွေကို ကြည့်ရတာ အရမ်းကြိုက်တယ်”
လုရွှယ်ကျန်းသည် စကားပြောရင်း စိတ်အားထက်သန်စွာဖြင့် သရုပ်ဖော်ပြလိုက်သည်။
ယိရွှယ်သည် သူ၏စိတ်အားထက်သန်နေသည်ကို ရယ်မောလိုက်မိ၏။
“မန္တန်တွေ ရှိတာပေါ့၊ ဒါပေမဲ့ ကျွန်မတို့ သုံးလိုက်ရင် ရှင်တစ်ရက်၊ နှစ်ရက် လောက် ကံဆိုးမိုးမှောင် ကျလိမ့်မယ်။ ရှင့်လိုလူမျိုးဆို ပိုဆိုးတာပေါ့..သုံးပြီးရင် နောက်တစ်လခွဲလောက် သရဲတွေနဲ့ ပတ်သတ်နေရလိမ့်မယ်လို့ အာမခံတယ်”
ကြောက်ဖို့ကောင်းလိုက်တာ.....။
လုရွှယ်ကျန်းသည် အလျင်အမြန် လက်ဝှေ့ယမ်းလိုက်သည်။
“ဒါဆိုရင်လည်း ထားလိုက်ပါတော့”
ထို့နောက် မျက်လုံးထဲသို့ နွားမျက်ရည် ထည့်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း ဘာမှ ထူးခြားမှု မရှိပေ။
“ဟင်၊ ဘာမှလည်း မပြောင်းလဲသွားဘူး”
ရှုကျိုးက စိတ်ရှည်ရှည်ဖြင့် ရှင်းပြလိုက်သည်။ “အဲဒါက အနီးအနားမှာ သရဲတွေ မရှိလို့လေ”
“အိုး၊ ဟုတ်ပါပြီ”
လုရွှယ်ကျန်းက ခေါင်းညိတ်လိုက်ပြီး သရဲတွေ နေရာတိုင်းမှာ ရှိနေရင် ပိုကြောက်စရာကောင်းမယ်ဆိုတာကို သဘောပေါက်သွားရသည်။