အခန်း (၆၅) ငါတို့ဟာ ချန်ပီယံတွေပဲ
Viewers 2k

အမြီးရှည်ကင်းမြီးကောက် ကြယ်တာရာပုတီးစေ့ : ငွေအဆင့်


ကြယ်တာရာအတတ်ပညာများ : 


သဲဆူးချွန် : သဲများကို လှုပ်နှိုးပြီး သဲဆူးချွန်

တစ်ခုအဖြစ် ပုံဖော်သည်။ (ကြေးဝါအဆင့်၊ အဆင့်မြှင့်တင်နိုင်သည်)


သဲစက်လုံး : ကြယ်တာရာစွမ်းအား အမြောက်အမြားကို အသုံးပြုပြီး ထူထဲသောသဲများထဲတွင် သဲစွမ်းအားကို ထည့်သွင်းသည်။ ထိုသဲထူထူထဲတွင် ပုန်းကွယ်နေပါက ၃-၅ စက္ကန့်ကြာ ခုခံမှုအာနိသင် ရရှိမည်ဖြစ်သည်။ (ငွေအဆင့်၊ အဆင့်မြှင့်တင်နိုင်သည်)


"ဒါကို အတူတူ စုပ်ယူချင်လို့လား"


'ကြေးဝါအဆင့်နဲ့ ငွေအဆင့်၊ ကြယ်တာရာ ပုတီးစေ့တစ်လုံးတည်းမှာ တကယ်ပဲ မတူညီတဲ့ ကြယ်တာရာ အတတ်ပညာ နှစ်မျိုးရှိနေတာလား'


သဲဆူးချွန် အတတ်ကတော့ နားလည်ရလွယ်ကူသည်။ 


သို့သော် ထိုငွေအဆင့် သဲစက်လုံးကတော့...


ကျန်းရှောင်ခေါင်းကို ကုတ်ရင်း တွေးလိုက်

မိသည်မှာ 'အထင်ကြီးစရာပဲ၊ ဒါက ခုခံရေး ကြယ်တာရာ အတတ်ပညာ တစ်မျိုးထင်တယ်'


'ကြယ်တာရာ စွမ်းအားကို အသုံးချပြီး ထူထဲတဲ့ သဲလွှာတစ်ခု ဖန်တီးတာလား'


'သဲနဲ့လုပ်ထားတဲ့ ဒိုင်းတစ်ခု ပုံဖော်တာမျိုးလား'


ကြယ်တာရာစွမ်းအား အကုန်အကျ အရမ်းများမယ်လို့ ဆိုပေမဲ့ အနည်းဆုံးတော့ အသက်ဘေးကနေ ကာကွယ်ပေးနိုင်လိမ့်မည်။


အာနိသင်က ၃-၅ စက္ကန့်ပဲ ကြာတာဖြစ်သော်လည်း စစ်တလင်းပေါ်တွင် တစ်စက္ကန့်ဆိုသည်မှာပင် အောင်ပွဲကို အဆုံးအဖြတ်ပေးနိုင်ပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သည်။


'ကျောင်းအုပ်ကြီး ယန်က ဒါကို ဆေးဘက်ဆိုင်ရာ နိုးထသူတွေအတွက် အထူးပြင်ဆင်ပေးထားတာလား'


'ဒါမှမဟုတ် ငါ့အတွက်ပဲလား'


တခြားဆေးဘက်ဆိုင်ရာ နိုးထသူတွေကိုဆိုရင်တော့ ခေါင်းလောင်း အတတ်ပညာလိုမျိုး ဆေးကုသမှု အတတ်ပညာတွေပဲ ပေးမှာ မဟုတ်လား။


ကျောင်းအုပ်ကြီးယန်က ကျန်းရှောင်တွင် ခေါင်းလောင်း အတတ်ပညာ ရှိနှင့်ပြီးသားမှန်း သိနေ၍ ချဉ်းကပ်ပုံပြောင်းကာ ကျန်းရှောင်အတွက် ပိုကောင်းသော ခုခံရေး အတတ်ပညာတစ်ခု ပေးခဲ့ခြင်း ဖြစ်နိုင်မည်လား။


ထိုကြယ်တာရာ ပုတီးစေ့မှာ တိုက်စစ်နှင့် ခုခံစစ် အတတ်ပညာ နှစ်မျိုးလုံး ပါဝင်နေသောကြောင့် ငွေအဆင့် ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ 


သို့သော်လည်း ကြယ်တာရာ ပုတီးစေ့ကို စုပ်ယူနိုင်ခြင်း ရှိ၊ မရှိမှာတော့ ကံတရားအပေါ်တွင်သာ မူတည်သည်။


သို့သော်လည်း ကျန်းရှောင်အတွက်တော့ ဒါက ပြဿနာမဟုတ်ပေ၊ အကြောင်းမှာ သူက နှစ်မျိုးလုံးကို စုပ်ယူနိုင်သောကြောင့်ဖြစ်၏။


သို့သော် သူ့တွင် ကြယ်တာရာနေရာ ကိုးခုသာ ရှိသည်။ 


ဤအတတ်ပညာကို သူ၏ နေရာ တစ်ခုတွင် ထည့်သင့်ပါသလား။


"ဒါက ကန်ပြည်နယ်၊ ရစ်ဂ်ကန္တာရ ထဲက နယ်ပယ်တစ်ခုကနေ ရလာတာပါ"


"ဒါကို အမြီးရှည်ကင်းမြီးကောက် ကြယ်တာရာ ပုတီးစေ့လို့ ခေါ်တယ်၊ သဲဆူးချွန်တွေနဲ့ သဲဒိုင်းတွေကို ဆော်သြရာမှာ သုံးနိုင်တယ်"


"အင်တာနက်မှာ အသေးစိတ် ရှာကြည့်လို့ရပါတယ်"


"ဒါက မင်းရဲ့ စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်" ဟု ကျောင်းအုပ်ကြီးယန်က ကျန်းရှောင်၏ ပခုံးကို ပုတ်ရင်း အားပေးသော အပြုံးဖြင့် ပြောလိုက်သည်။


"ကျောင်းအုပ်ကြီး... ကျွန်တော့်ရဲ့ အရည်အချင်းက သိပ်နိမ့်လွန်းပါတယ်"


"ဒီငွေအဆင့် ကြယ်တာရာ ပုတီးစေ့ကို ဖြုန်းတီးမိသလို ဖြစ်မှာ စိုးရိမ်မိတယ်" ဟု ကျန်းရှောင်က အံ့အားသင့်မှုမှ သတိပြန်ဝင်လာပြီးနောက် ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။


"မင်း ဒီကြယ်တာရာ ပုတီးစေ့အကြောင်း သိနေတာလား"


"မင်း ကြိုတင်လေ့လာထားပုံပဲ၊ ကဲ... ဆင်းသွားလို့ ရပါပြီ" ဟု ကျောင်းအုပ်ကြီးယန်က ကျေနပ်စွာ ခေါင်းညိတ်ရင်း ဆိုသည်။


'ခုနတင် ငါနဲ့ စကားကောင်းနေပြီး အခုကျတော့ မောင်းထုတ်နေပြီလား'


'ဆရာနဲ့ ရင်းနှီးအောင် လုပ်ဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်'


အမှန်တကယ်ပင် ကျန်းရှောင်တွင် အချိန်များစွာ ရှိသည်။ 


စင်အောက်တွင် ကျောင်းသားများစွာ ကျန်ရှိနေသေးသဖြင့်။


ကျန်းရှောင်နှင့် သူ၏ အဖွဲ့သားများ စင်ပေါ်မှ ဆင်းလာသည်ကို အားလုံးက မနာလိုစွာ ကြည့်နေကြသည်။ 


ထို့နောက် ကျောင်းအုပ်ကြီးက အားပေးစကားအချို့ ပြောကြားရာ ကျောင်းသားများမှာ အလွန်ပင် စိတ်အားထက်သန်သွားကြသည်။


ကျန်းရှောင်သည် ပထမနှစ်၊ အတန်း (၂) ၏ စခန်းတွင် အာရုံစိုက်ခံရဆုံး လူဖြစ်လာသည်။


"ငွေအဆင့် ကြယ်တာရာပုတီးစေ့"


"အမြီးရှည်ကင်းမြီးကောက် ကြယ်တာရာပုတီးစေ့"


ကျောင်းအုပ်ကြီးက မိတ်ဆက်ပေးလိုက်ပြီးနောက် ကျောင်းသားများကြားတွင် ဆူညံသွားသည်။


ကျူဝမ်က တစ်ခုခုကို သတိထားမိပြီး ကျန်းရှောင်ကို အဖွဲ့၏ နောက်နားသို့ ခေါ်ဆောင်သွားကာ လူအများ၏ အကြည့်နှင့် ဝေးရာသို့ ရှောင်ထွက်ရန် ကြိုးစားလိုက်သည်။


ငါးယောက်အဖွဲ့ ပြန်လည် ဆုံစည်းကြသော်လည်း ယခုတစ်ကြိမ်တွင်မူ သူတို့အားလုံး အောင်မြင်မှုနှင့် အောင်ပွဲ၏ ပျော်ရွှင်မှုကို ခံစားနေကြ၏။


"လျှိုခယ်...ပြန်ရောက်ရင် ဒီကြယ်တာရာ ပုတီးစေ့ကို နင့်ကို ပေးမယ်" ဟု ကျန်းရှောင်က ပြောလိုက်ရာ အားလုံး အကြီးအကျယ် အံ့အားသင့်သွားကြသည်။


"ဟင်...နင် ဘာပြောလိုက်တာလဲ"


လျှိုခယ်က မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း မေးလိုက်သည်။ 


သူမ၏ ချစ်စဖွယ် မျက်နှာလေးပေါ်တွင် အံ့အားသင့်မှုများ အထိုင်းသား ရှိနေသည်။


"ငါ နင့်အတွက် တိုက်ပွဲဝင်ပေးမယ်၊ နင်က ဆုကို လက်ခံမယ်လို့ ငါတို့ သဘောတူထားတယ်လေ" ဟု ကျန်းရှောင်က ပြန်ဖြေသည်။


"အဲဒါက... မဟုတ်ဘူးလေ၊ ငါ့မှာ အရည်အချင်း နိမ့်တယ်"


"ငါ ဒါကို စုပ်ယူနိုင်မှာ မဟုတ်ဘူး ထင်တယ်..." ဟု လျှိုခယ်က တံတွေးကို မြိုချရင်း စိုးရိမ်တကြီး ပြောလိုက်သည်။


ကျန်းရှောင်က ရယ်မောကာ "ငါ့ထက်တောင် နိမ့်နိုင်ဦးမလား" ဟု မေးခွန်းထုတ်လိုက်သည်။


အားလုံး ဆွံ့အသွားကြသည်။


ကျန်းရှောင် ပြောတာ မှန်သည်။ 


အရည်အချင်းပိုင်းအရ ပြောရလျှင် တစ်ကမ္ဘာလုံးတွင် ကျန်းရှောင်ထက် ပိုညံ့သူ တစ်ယောက်မှ ရှိမည်မဟုတ်ပေ။


"မဟုတ်ဘူး၊ မဟုတ်ဘူး"


"ငါက မတိုက်ခိုက်တတ်ဘူး၊ ငါ့ကိုပေးတာက အရမ်း ဖြုန်းတီးရာ ရောက်လိမ့်မယ်" ဟု လျှိုခယ်က လက်ကို ခါယမ်းရင်း ငြင်းဆိုသည်။


ကျန်းရှောင်က "လူတိုင်းက ကြီးပြင်းလာရတာပဲ၊ ဘယ်သူမှ မွေးကတည်းက တိုက်ခိုက်ရေး ကျွမ်းကျင်လာတာ မဟုတ်ဘူး" ဟု နှစ်သိမ့်လိုက်သည်။


"ဟင့်အင်း၊ ဒါက အရမ်း တန်ဖိုးကြီးလွန်းတယ်"


"ငါ မယူနိုင်ဘူး" ဟု လျှိုခယ်က ခေါင်းကို တရစပ် ခါယမ်းနေသည်။


"ဘာလို့ ဒီလောက် ဝေခွဲမရ ဖြစ်နေတာလဲ"


"နင် တကယ်ပဲ နိုးထသူ တစ်ယောက် မဖြစ်ချင်ဘူးဆိုရင် ဒါကို ကုမ္ပဏီတစ်ခုခုမှာ ရောင်းပြီး နင့်မိသားစုကို ပိုက်ဆံပေးလိုက်လို့ ရတာပဲ"


"နင့်မိသားစုက ပိုက်ဆံတွေ အများကြီး ကုန်ခဲ့ရတယ်လို့ ပြောဖူးတယ် မဟုတ်လား" ဟု ကျန်းရှောင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။


"ရှောင်ဖီ...နင်ကတော့..." 


ရီလျန်နာက ကျန်းရှောင်ဖီကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။ 


အမှန်အတိုင်း ပြောရလျှင် သူမသာ ကျန်းရှောင်ဖီ နေရာမှာဆိုလျှင် ဤကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကို ချနိုင်လိမ့်မည် မဟုတ်ပေ။


အထက်တန်းကျောင်း စတက်ခါစ ကျောင်းသားများအတွက် ကြယ်တာရာ ပုတီးစေ့တစ်လုံးဆိုသည်မှာ အလွန်ပင် မက်မောစရာ ကောင်းလှသည်။


ကျန်းရှောင်က ပြုံးပြီး "ဒါ ငါတို့ သဘောတူထားတဲ့ အတိုင်းပဲ"


"မင်းတို့အားလုံးက ငါ့ကို ယုံကြည်မှုနဲ့ ပံ့ပိုးမှုတွေ အပြည့်ပေးခဲ့ပြီး ငါ့ရည်မှန်းချက်တွေ ပြည့်ဝအောင် အစွမ်းကုန် ကူညီပေးခဲ့ကြတယ်"


"ငါလည်း ငါ့ရဲ့ ကတိကို တည်ရမှာပေါ့" ဟု ဆိုသည်။


ဘဝဆိုသည်မှာ အရောင်းအဝယ် သက်သက်ထက် ပိုပါသည်။


ကျန်းရှောင်က သူတို့နှင့် ဆက်ဆံရေး ကောင်းမွန်စေရန် လုပ်ဆောင်ခြင်း ဖြစ်စေ၊ ကတိတည်ရမည်ဟု တကယ်ယုံကြည်၍ ဖြစ်စေ၊ သူ၏ လုပ်ရပ်များက စကားလုံးများထက် ပိုမို ကျယ်လောင်နေပြီး မည်သူမျှ ဝေဖန်နိုင်မည် မဟုတ်ပေ။ 


အကြောင်းမှာ သူက အမှန်တကယ်ပင် လုပ်ဆောင်ပြခဲ့သောကြောင့် ဖြစ်သည်။


ကျူဝမ်က "မင်းကြောင့်သာ မဟုတ်ရင် ငါတို့ ဒီအဆင့်အထိ ရောက်လာမှာ မဟုတ်ဘူး" ဟု ပြောသည်။


"တော်ပြီဗျာ...မင်းကလည်း ဘာလို့ မိန်းကလေးတစ်ယောက်လို ဖြစ်နေတာလဲ"


"စကားတွေ သိပ်များတာပဲ" 


ကျန်းရှောင်က လက်ဝှေ့ယမ်းရင်း ဆက်

ပြောလေ၏။


"တခြားကျောင်းသားတွေ အကုန်လုံး ငါတို့ကို ကြည့်နေကြတယ်"


"ပြန်ရောက်မှ ဒီကြယ်တာရာ ပုတီးစေ့ကို သီးသန့် ပေးမယ်"


"ကျောင်းအုပ်ကြီး ပြောတာတော့ ဒါက ကန်

ပြည်နယ်၊ ရစ်ဂ်ကန္တာရက ကြယ်တာရာပုတီးစေ့တဲ့"


"အမြီးရှည်ကင်းမြီးကောက် ကြယ်တာရာပုတီးစေ့လို့ ခေါ်တယ်"


"ငါတို့ အင်တာနက်မှာ ရှာကြည့်ကြမလား"


"ကျောင်းအုပ်ကြီး မိတ်ဆက်တာကို ငါ ကြားပါတယ်"


"ဒါပေမဲ့ ကျန်းရှောင်ဖီ... ငါတို့ တကယ်တော့ တွေ့တာ ရက်ပိုင်းပဲ ရှိသေးတာလေ" ဟု လျှိုခယ်က တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။ 


လူတစ်ယောက်၏ မျှော်မှန်းချက်နှင့် အတွေ့အကြုံမှာ အရေးကြီးသော အချက်များဖြစ်သည်။ 


အထူးသဖြင့် သာမန်မိသားစုမှ လာသော လျှိုခယ်ကဲ့သို့ ကျောင်းသားများအတွက် ငွေအဆင့် ကြယ်တာရာပုတီးစေ့တစ်လုံးမှာ အလွန်ပင် ကြီးလေးသော လက်ဆောင်ဖြစ်နေရှာ၏။


ကျန်းရှောင်က ပြုံးပြီး "ဒါပေမဲ့ ငါက အသက် ၂၅... မဟုတ်ဘူး၊ ၁၆ နှစ်တောင် ရှိနေပြီလေ"


"ဒီကမ္ဘာပေါ်မှာ တခြားသူတွေနဲ့ မဆိုင်တဲ့အရာတွေ အများကြီး ရှိပါတယ်"


"ဒီကြယ်တာရာ ပုတီးစေ့ကို အဖွဲ့အတွက် ထောက်ပံ့ကြေးပေးတယ်လို့ပဲ သဘောထားလိုက်ပါ"


ကျန်းရှောင်က ထွက်ခွာသွားရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ 


သူတို့က သူ့ကို အများကြီး ကူညီပေးခဲ့သောကြောင့် သူတို့အတွက် တစ်ခုခု ချန်ထားပေးခဲ့သင့်သည်ဟု သူ တွေးထားသည်။


"ကောင်းလိုက်တဲ့ စကား"


ကျူဝူက လက်ခုပ်တီးရင်း လျှိုခယ်ကို ကြည့်

လိုက်သည်။


"လက်ခံလိုက်ပါ...သူက နင့်အပေါ်မှာ ဘာခံစားချက်မှ ရှိနေတာ မဟုတ်ဘူး၊ တခြားအဓိပ္ပာယ်

လည်း မရှိဘူး"


"သူက ကတိတည်တာကို ပိုဦးစားပေးတာ"


လျှိုခယ်က ကျူဝူကို ဝေခွဲမရစွာ ကြည့်ရင်း 'နင် ဘာဖြစ်နေတာလဲ' ဟု တွေးလိုက်မိသည်။


လူတစ်ယောက်ချင်းစီ၏ ရပ်တည်ချက် မတူညီသောကြောင့် တွေးတောပုံများမှာလည်း ကွဲပြားကြသည်။ 


ကျူဝူသည် လျှိုခယ်ကို သဘောကျနေသူဖြစ်သဖြင့် ကျန်းရှောင်က ထိုကဲ့သို့ တန်ဖိုးကြီးသော လက်ဆောင်ကို ပေးသည်ကို မြင်သောအခါ စိတ်ထဲတွင် တစ်မျိုး ဖြစ်သွားခဲ့သည်။


သို့သော် ကျန်းရှောင်၏ စကားများက ကျူဝူကို များစွာ စိတ်သက်သာရာ ရစေခဲ့သည်။


ကျန်းရှောင်သည် လျှိုခယ်အပေါ်တွင် ဘာအစီအစဉ်မှ မရှိဘဲ ကတိတည်သော လူတစ်

ယောက်သာ ဖြစ်ကြောင်း ပြသနေခြင်းပင်။


ရီလျန်နာက ကျန်းရှောင်ကို တိတ်တဆိတ် ကြည့်ရင်း သူသည် ပုံမှန်ဆိုလျှင် မည်မျှ နောက်ပြောင်တတ်ကြောင်း၊ စစ်တလင်းပေါ်တွင် မည်မျှ ပါးနပ်ကြောင်းနှင့် သူငယ်ချင်းများအပေါ်တွင် မည်မျှ ရိုးသားကြောင်းတို့ကို တွေးတောနေမိသည်။ 


ထို့ပြင် သူသည် ကတိတည်ရန် မည်မျှ ဇွဲရှိကြောင်းကိုလည်း သတိထားမိသည်။


'ကျန်းရှောင်ဖီမှာ ကြယ်တာရာ နေရာ ကိုးခုပဲ ရှိပေမဲ့ သူ့မှာ ထူးခြားတဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံ ရှိတယ်'


'နောင်ကျရင် သူ့မှာ သူငယ်ချင်းတွေ အများကြီး ရှိလာမှာပဲ'


'သူကသာ ကံကောင်းလို့ တတိယနှစ် အဖွဲ့ထဲကို ဝင်ခွင့်ရသွားရင် ဒါဟာ သူတို့ အဖွဲ့လိုက် အတူတူရှိရတဲ့ နောက်ဆုံးအချိန် ဖြစ်သွားလိမ့်မယ်'


'လမ်းကြုံ လူတစ်ယောက်'


ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းတဲ့ စကားလုံးလဲ။


ရီလျန်နာက ရုတ်တရက် အကြံပြုလိုက်သည်။ 


"အမှတ်တရဖြစ်အောင် ငါတို့ အတူတူ ဓာတ်ပုံရိုက်ကြရအောင်! ဒါဟာ ငါတို့ရဲ့ အောင်ပွဲအတွက် အထိမ်းအမှတ် ဖြစ်လိမ့်မယ်"


"စိတ်ကူးကောင်းပဲ၊ ဟားဟား" ဟု ကျူဝူက ပြုံးရင်း ထောက်ခံသည်။


ထိုအချိန်မှာပင် အသံချဲ့စက်မှတစ်ဆင့် တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။


"ပထမနှစ် ချန်ပီယံအဖွဲ့ ခဏ အနားယူပါ"


"ဒုတိယနှစ်နဲ့ တတိယနှစ် ချန်ပီယံအဖွဲ့တွေကတော့ သရုပ်ပြပွဲဆင်နွှဲဖို့ စင်ပေါ်ကို တက်လာနိုင်ပါပြီ"


"သရုပ်ပြပွဲ...ဒါက ကျောင်းရဲ့ ထိပ်သီး ခေါင်းဆောင်တွေနဲ့ ယှဉ်ပြိုင်ရမှာ မဟုတ်လား"


အကယ်၍ ထိုပွဲတွင် အနိုင်ရပါက ဆုလာဘ်များ ရှိလိမ့်မည်။


လျှိုခယ်က အလျင်အမြန် တိုက်တွန်းလိုက်သည်။ 


"လာလေ၊ လာ၊ မြန်မြန်လုပ်"


"မကြာခင် ငါတို့ အလှည့် ပြန်ရောက်တော့မှာ"


"အင်း... သူတို့က နင်တို့ကို အနားပေးပြီး မနက်ဖြန်မှ ဆက်ခိုင်းသင့်တာ"


"လူဝကြီး...လျှိုပုဖန် ဒီကိုလာဦး၊ ငါတို့ကို ဓာတ်ပုံရိုက်ပေးပါဦး" ဟု လျှိုခယ်က အတန်းကိုယ်စားလှယ်ကို အော်ခေါ်လိုက်သည်။


"ရတာပေါ့"


လျှိုပုဖန်က တဟားဟား ရယ်မောရင်း ပြေးလာကာ ရီလျန်နာ၏ ဖုန်းကို ယူပြီး ငါးယောက်အဖွဲ့ကို ချိန်လိုက်သည်။


ရီလျန်နာက လျှိုခယ်ကို ဆွဲကာ မြေပြင်ပေါ်တွင် အတူတူ ထိုင်လိုက်သည်။ 


လျှိုခယ်၏ ခြေထောက်က ပိုတိုသဖြင့် သူမက ထည့်တွက်ပေးခြင်း ဖြစ်နိုင်သည်။



ကျူဝူက သူ၏ ဘယ်ဘက်လက်ဖြင့် ကျူဝမ်ကို ဖက်ကာ၊ ညာဘက်လက်ဖြင့် ကျန်းရှောင်ကို ဖက်လိုက်ပြီး မိန်းကလေး နှစ်ယောက်၏ နောက်တွင် ပျော်ရွှင်သော အပြုံးဖြင့် မတ်တပ်ရပ်လိုက်သည်။


လျှိုပုဖန်က ဖုန်းမျက်နှာပြင်ကို အသာအယာ နှိပ်လိုက်သည်။


"ချပ်"


'ငါတို့ဟာ ချန်ပီယံတွေပဲ'