အိမ်ဖော် အေ မှ မှတ်ချက်ပေးလေသည်။
“ကြည့်စမ်း၊ ကြည့်စမ်းပါဦး သခင်လေးက မမလေးကို ပွေ့ချီပြီး ပြန်လာတာဟ”
အိမ်ဖော် ဘီမှလည်း မှတ်ချက် ထပ်ပေးလိုက်သည်။
“ဝိုးးးး… မင်းသမီးလေးကို ပွေ့ချီသလိုမျိုး ပွေ့ချီလာတာပါလား”
စားဖိုမှူးမှလည်း အားကျသောအကြည့်များဖြင့် ပြောလေသည်။
“မမလေးကို တကယ်အားကျတာပဲ ရုပ်လည်းချော၊ ချမ်းလည်းချမ်းသာပြီး ကိုယ့်ကို အလိုလိုက်တဲ့ ယောက်ျားမျိုးကို ပိုင်ဆိုင်ထားရတာ တကယ်လို့ သူသာ ငါ့ကို ပွေ့ချီပေးမယ်ဆိုရင်…”
အိမ်ဖော် အေ မှ ထပ်မံကာ ပြောလိုက်ပြန်သည်။
“ဘယ်သူကကော အဲဒီလို မတွေးဘဲ နေမလဲ နေပါဦး… မင်းက ယောက်ျားကြီးမလား...ဘာတွေတွေးနေတာလဲ”
လုလင်းဟယ် လျှောက်လှမ်းလာစဉ် လမ်းဘေးတစ်ဖက်တစ်ချက်စီရှိ အိမ်စေများသည် တိုးတိုးတိတ်တိတ်ဖြင့် အလုပ်ရှုပ်နေကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် ထိုနတ်သက်ကြွေသည့်အလား လိုက်ဖက်လွန်းသော မောင်နှံအပေါ် အားကျမှုများ ပြည့်နှက်စွာဖြင့် ကြည့်နေခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် အန်းမုန်၏ နှလုံးသားထဲ၌ မည်သည့် ချိုသာမှုမျှ ရှိမနေကာ စိတ်ပျက်အားလျော့ခြင်းနှင့် ဒေါသတရားတို့သည်သာ ကိန်းအောင်းနေခဲ့သည်။
လုလင်းဟယ်သည် သူမကို နောက်တစ်ကြိမ် ထပ်မံပွေ့ချီတော့မည် ဖြစ်ကြောင်း သိလိုက်ရသည့်အချိန်တွင် သူမသည် အဆမတန် ငြင်းဆန်လိုခဲ့သည်။
အစောပိုင်း ဆေးရုံတွင် ကြည့်ရှုသူ တစ်ယောက်တည်း ရှိစဉ်ကပင် သူမ၏ အရှက်တရားသည် ပေါက်ကွဲလုနီးပါး ဖြစ်ခဲ့ရပြီးပြီ ဖြစ်သည်။
အကယ်၍ လူအများကြီး၏ ရှေ့မှောက်တွင် ဤသို့ ထပ်မံပြုလုပ်ရမည်ဆိုပါလျှင် သူမအနေဖြင့် ကမ္ဘာမြေပြင်ပေါ်မှ ရက်အနည်းငယ်ခန့် ထွက်ပြေးပုန်းအောင်းနေရုံမှတစ်ပါး အခြားမရှိပေ။
ထို့ကြောင့် သူမသည် ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သော်လည်း လုလင်းဟယ်မှ တံခါးကို ပိတ်ဆို့ထားခဲ့သည်။
သူမသည် ဘာမှမတတ်နိုင်ကာ ကား၏ အခြားတစ်ဖက်မှ ဆင်းရန်အတွက် တင်ပါးကို အနောက်သို့ ရွှေ့ကာဖြင့် ကြိုးစားခဲ့ရသည်။
သို့သော်လည်း သူမသည် ခြေလှမ်းအနည်းငယ်မျှ မရွှေ့ရသေးခင်မှာပင် လုလင်းဟယ်သည် ရုတ်တရက် လက်လှမ်းကာ သူမ၏ ခြေကျင်းဝတ်ကို ဆွဲကိုင်လိုက်ပြီး တစ်ချက်တည်းဖြင့် အနောက်သို့ ပြန်လည်ဆွဲယူကာ ကိုယ်ကို အလျားလိုက် ပွေ့ချီလိုက်လေသည်။
ခဏမျှ ကြောင်တောင်တောင် ဖြစ်သွားပြီးနောက် သူမသည် အပြင်းအထန် စတင်ရုန်းကန်တော့သည်။
“ငါ့ကို အောက်ချပေး”
လုလင်းဟယ်သည် နားထောင်မည်မဟုတ်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း မျှော်လင့်မထားပါပဲ သူသည် ခေါင်းညိတ်ပြလိုက်လေသည်။
“ကောင်းပြီ”
ထိုသို့ပြောပြီးနောက် လုလင်းဟယ်သည် ရုတ်တရက် လက်ကို လွှတ်ချ ပစ်လိုက်သည်။
သူ၏ ပင့်မထားမှု မရှိတော့သဖြင့် အန်းမုန်၏ ခန္ဓာကိုယ်သည် လေထဲမှနေ၍ အောက်သို့ လျှင်မြန်စွာ ပြုတ်ကျသွားခဲ့သည်။
သူမ၏ အသစ်တစ်ဖန် မွေးဖွားလာခြင်းသည် ဘန်ဂီဂျမ် ခုန်ကျရာမှ စတင်ခဲ့ခြင်း ဖြစ်သည်ကို သတိပြုရမည် ဖြစ်သည်။
ဤပြင်းထန်လှသော ကိုယ်အလေးချိန်မဲ့ ပြုတ်ကျသောအာရုံသည် သူမ၏ မှတ်ဉာဏ်ထဲရှိ ကြောက်ရွံ့မှုများကို ပြန်လည်နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
သူမသည် ထိတ်လန့်တကြား အော်ဟစ်လိုက်မိပြီး အလိုအလျောက်ပင် လက်နှစ်ဖက်ဖြင့် လုလင်းဟယ်၏ လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်တွယ်လိုက်မိသည်။
“မင်းပဲ အောက်ဆင်းချင်တယ်ဆို အခုကျတော့ ဘာလို့ တင်းတင်းကြပ်ကြပ် ဖက်ထားရတာလဲ”
လုလင်းဟယ်သည် သူမကို စနောက်ကျီစယ်နေခြင်း ဖြစ်ကြောင်း အန်းမုန် သိလိုက်ရသဖြင့် သူမ၏ လှပသော မျက်နှာထက်တွင် ရှက်သွေးဖြာမှုများမှာ ပို၍ ထင်ရှားလာခဲ့ကာ လက်ကို အမြန်ပင် ပြန်လည်လွှတ်လိုက်မိသည်။
သူမ လက်ကို လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် လုလင်းဟယ်သည်လည်း ရုတ်တရက် လက်ကို ထပ်မံလွှတ်လိုက်ပြန်သဖြင့် အန်းမုန်သည် မည်သို့မှမလုပ်နိုင်တော့ကာ သူ့ကိုပင် ပြန်လည်ဖက်တွယ်လိုက်ရသည်။
ဤသို့ အကြိမ်ကြိမ် ပြုလုပ်ပြီးနောက်တွင်မူ အန်းမုန်သည် နောက်ဆုံး၌ ရုန်းကန်ရန် လက်လျှော့လိုက်ရပြီး သူမ၏ မာနတလူလူ ထောင်ထားသော ခေါင်းလေးသည်လည်း ငုံ့ချလိုက်ရလေသည်။
“ကောင်းပြီ… ကောင်းပြီ ရှင့်သဘောအတိုင်းသာ လုပ်ပါတော့”
အမှန်အားဖြင့်ဆိုလျှင် ထိုမိန်းကလေး၏ အရပ်အမောင်းမှာ ပုလှသည်တော့ မဟုတ်ပေ။
သူမသည် အရပ် ၁၆၅ စင်တီမီတာခန့် ရှိသည်။
သို့သော်လည်း လုလင်းဟယ်၏ ရှေ့တွင်မူ သူမသည် ကစားစရာ အရုပ်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
ဘေးပတ်ဝန်းကျင်မှ အကြည့်များသည် ပူလောင်လွန်းလှပြီး သူမကို အစဉ်အမြဲ လောင်ကျွမ်းစေသကဲ့သို့ ဖြစ်နေသဖြင့် သူမ၏ မျက်နှာပေါ်ရှိ အပူချိန်မှာလည်း တရိပ်ရိပ် တက်လာခဲ့ရသည်။
လွန်ခဲ့သော အချိန်အနည်းငယ်ခန့်တွင် သူမသည် ဘန်ဂီဂျမ် စင်မြင့်ထက်တွင် လူတကာကို အံ့ဩမှင်သက်အောင် စွမ်းဆောင်နိုင်ခဲ့သည့် ယောက်ျားကြမ်းကြီး ဖြစ်ခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အခြားသူတစ်ဦး၏ ရင်ခွင်ထဲရှိ နုနယ်လှသော ဇနီးငယ်လေး ဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။
“အိမ်မက်ဆိုးပဲ… ဒါဟာ တကယ့်ကို အိမ်မက်ဆိုးပဲ” ဟု အန်းမုန် တွေးနေမိသည်။
လုလင်းဟယ်သည် ထိုကြည့်နေသောလူများကို သူတို့နှစ်ဦးမှာ မည်မျှအထိ ချစ်ခင်ကြသည်ကို ပြသရန်အတွက် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သူမ သိပေသည်။
ထိုကဲ့သို့သော အရှက်ရဖွယ် အခြေအနေကို ရှောင်လွှဲရန်အတွက် အန်းမုန်သည် နည်းလမ်းတစ်ခုကိုသာ စဉ်းစားမိတော့သည်။
ထိုအရာမှာ ငှက်ကုလားအုတ် နည်းဗျူဟာဟု ခေါ်သည့် မျက်လုံးမှိတ်ထားခြင်းနည်းဗျူဟာပင် ဖြစ်သည်။
အမှန်ပင်ဖြစ်သည်။
ရှေးစကားပုံ ရှိသည့်အတိုင်းပင် ‘မျက်စိကွယ်ရာ စိတ်ကွယ်ရာ’ ဟု တင်စားကြသကဲ့သို့ အန်းမုန်သည်လည်း သူမ မမြင်ရသရွေ့ ဤအရှက်ရဖွယ် ကိစ္စကြီး မရှိခဲ့သကဲ့သို့ ‘ဟန်ဆောင်’ နေနိုင်မည် ဖြစ်သည်။
သို့သော်လည်း သူမ မျက်လုံးမှိတ်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း အတင်းအဖျင်း စကားသံအသစ်များသည် နေ့လယ်ကျောင်းဆင်းချိန်တွင် ထမင်းစားဆောင်ဆီသို့ ပြိုင်တူပြေးလွှားကြသော ကျောင်းသားများကဲ့သို့ သူမ၏ နားထဲသို့ တိုးဝှေ့ဝင်ရောက်လာခဲ့သည်။
ထိုအရာမှာ လေကဲ့သို့ လျင်မြန်လှပြီး တစ်ဦးကိုတစ်ဦး လုယက်ကာ စိတ်မရှည်ကြသည့် စကားသံများပင် ဖြစ်သည်။
အိမ်ဖော် အေ မှ ပြောပြန်သည်။
“မစ္စအန်းက တကယ်ကို လှတာပဲ မျက်လုံးမှိတ်ထားတာက ပုံပြင်ထဲက အိပ်ပျော်နေတဲ့ အလှပဂေးလေးအတိုင်းပဲ”
အိမ်ဖော် ဘီ မှလည်း အိမ်ဖော် အေ ပြောလိုက်သည်နှင့် ထပ်တူ ပြောလိုက်သည်။
“ဟုတ်ပဗျာ သူမက ဥက္ကဋ္ဌလုကို သူမရဲ့ မင်းသားလေးအဖြစ် သတ်မှတ်ပြီး အနမ်းနဲ့ နိုးထပေးဖို့ အရိပ်အမြွက် ပြနေတာ ဖြစ်ရမယ်”
စားဖိုမှူးသည်လည်း အားကျသော ပုံရိပ်များဖြင့် ပြောပြန်သည်။
“အာ… တကယ်လို့ သူသာ ငါ့ကို နမ်းပေးမယ်ဆိုရင်…”
“တော်စမ်းပါကွာ သွားစမ်းပါ… ဒီအခြောက်ကြီးကတော့”
အန်းမုန်သည် မျက်လုံးကို ဖွင့်လိုက်မိပြီး နောက်ဆုံးတွင်တော့ ဒေါသတကြီးဖြင့် ပေါက်ကွဲမိလေသည်။
လုလင်းဟယ်သည် သူမကို သုံးထပ်မြောက်အထိ ပွေ့ချီလာခဲ့ပြီး အိပ်ခန်းတစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုအိပ်ခန်းကို ပန်းရောင်နှင့် အဖြူရောင် ကာလာများဖြင့် အလှဆင်ထားသည်။
အခန်း၏ အလယ်တွင် ကျယ်ဝန်းသော နှစ်ယောက်အိပ် ကုတင်ကြီးတစ်လုံး ရှိနေခဲ့သည်။
ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ရှိ သာယာလှပသော ရှုခင်းများကို လှမ်းမြင်နိုင်သည်။
လုလင်းဟယ်သည် ကုတင်ဘေးသို့ ချဉ်းကပ်လာပြီး ကိုယ်ကို ငုံ့ကာ ထိုမိန်းကလေးကို ကုတင်ပေါ်သို့ ညင်သာစွာ ချပေးလိုက်သည်။
“ခဏလောက် နားလိုက်ဦး ခဏနေရင် ထမင်းစားကြမယ်”
ချုပ်နှောင်မှုများမှ လွတ်မြောက်သွားပြီးနောက် အန်းမုန်သည် မျက်လုံးများကို ချက်ချင်းဖွင့်လိုက်ပြီး ကိုယ်ကိုလှည့်ကာ ထထိုင်လိုက်သည်။
သူမသည် ကုတင်ပေါ်ရှိ ခေါင်းအုံးတစ်လုံးကို လှမ်းယူကာ အပြင်းအထန် စတင်ထုရိုက်တော့သည်။
“မင်း…. ဘာလုပ်နေတာလဲ”
လုလင်းဟယ်၏ မျက်ဝန်းများ အနည်းငယ် မှေးမှိန်သွားခဲ့သည်။
သူသည် စီးပွားရေးလောက၏ အနိမ့်အမြင့်များကြားတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရသူ ဖြစ်သဖြင့် ထက်မြက်သော ထိုးထွင်းသိမြင်မှုနှင့် စူးရှသော အကဲခတ်နိုင်စွမ်းတို့ ရှိပြီးသား ဖြစ်သည်။
စီးပွားရေးလောကရှိ မြေခွေးအိုကြီးများပင်လျှင် သူ၏ မျက်ဝန်းများမှ ရှောင်လွှဲနိုင်ခြင်း မရှိခဲ့ပေ။
သို့သော်လည်း သူသည် သူ့ကိုယ်သူ အရာအားလုံးကို ထိုးထွင်းသိမြင်နိုင်သည်ဟု ယူဆထားသော်လည်း ယခုအချိန်တွင်မူ ထိုမိန်းကလေး၏ အပြုအမူကြောင့် သူ အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။
“ဘာဖြစ်လဲ ဟုတ်လား ရှင့်ကို ပြန်မခုခံနိုင်ပေမယ့် ဒေါသပြေသွားအောင်တော့ ဒီလို ထုလို့ရတယ် မဟုတ်လား”
မိန်းကလေးသည် သူမ၏ မျက်နှာလေးကို အပေါ်သို့ မော့ကာ မာထန်သော လေသံကို အသုံးပြု၍ ကြောက်စရာကောင်းသော စကားလုံးများကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
လုလင်းဟယ်လည်း ခဏမျှ မှင်သက်သွားခဲ့ရသည်။
အတန်ကြာမှ သူ၏ နှုတ်ခမ်းထောင့်များသည် အလိုအလျောက်ပင် အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
“ဒါဆိုလည်း ဖြည်းဖြည်းချင်း ထုနေလိုက်ဦး”
လုလင်းဟယ် ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အန်းမုန် တစ်ခုခုကို သတိရသွားပြီး သူ့ကို အမြန်ပင် လှမ်းခေါ်လိုက်သည်။
“ခဏနေရင် အပြင်သွားမယ်”
“ဘာ ဘယ်ကိုသွားမှာလဲ မင်းက”
“ဘယ်ကိုသွားရမှာလဲ ဟုတ်လား အိမ်ကိုလေ အိမ်ကိုပေါ့ ဟွန့်”
သူမသည် လုလင်းဟယ် မေးလိုက်သည်ကို စိတ်ထဲမှနေ၍ ခပ်ငေါ့ငေါ့ ပြန်ဖြေလိုက်လေသည်။
သူမသည် ဤကဲ့သို့ အူကြောင်ကြောင်နိုင်စွာဖြင့် အသစ်တစ်ဖန် မွေးဖွားလာခဲ့ခြင်း ဖြစ်ပြီး သူမ၏ မူလခန္ဓာကိုယ် မည်သို့ဖြစ်သွားခဲ့သည်ကို သူမ ယခုထိ မသိရသေးပေ။
ဖြစ်နိုင်သည်မှာ သူမ၏ မူလခန္ဓာကိုယ်သည် သေဆုံးခြင်း မရှိသေးကာ သူမ၏ ဝိညာဉ် ပြန်လည်ဝင်ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်းလည်း ဖြစ်နိုင်သည်။
သို့သော်လည်း လက်တွေ့တွင်မူ သူမသည် အမှန်တရားကို ပြောပြ၍ မရနိုင်ပေ။
သူမ၏ ရှေ့တွင် ရှိနေသော ထိုလူသည် အလွန် စိတ်ပျက်စရာကောင်းသော်လည်း သူ၏ ဦးနှောက်မှာမူ အတော်လေး ထက်မြက်လှသည်။
သူမ တစ်ခုခု ပြောလိုက်လျှင် သူ ရိပ်မိသွားမည်ကို စိုးရိမ်ရသည်။
“အာ… ငါ ဒီအတိုင်းပဲ လမ်းလျှောက် ထွက်မလို့ပါ”
“မရဘူး မင်းက နေကောင်းကာစပဲ ရှိသေးတယ် ဆေးရုံကဆင်းလာတာ ဘယ်မှ သွားလို့မရဘူး”
“အင်းပါ… ကောင်းပါပြီ”
မိန်းကလေးသည် လိမ္မာယဉ်ကျေးစွာဖြင့် သဘောတူလိုက်သည့် ပုံစံမျိုး ပြသခဲ့သော်လည်း သူမ၏ ရင်ထဲတွင်မူ လှောင်ပြောင်နေခဲ့သည်။
“ဟွန်း… ရှင်က သွားလို့မရဘူးဆိုရုံနဲ့ ငါက မသွားဘဲ နေရမှာလား ရှင်က ဘာမလို့လဲ ခြေထောက်က ငါ့ခန္ဓာကိုယ်ပေါ်မှာ ရှိတာ ငါ ဘယ်သွားသွား ရှင့်အပူပါလို့လား” ဟု စိတ်ထဲမှ တွေးကာ ပြောနေလေသည်။
သို့သော်လည်း သူမ၏ မျက်နှာအမူအရာလေးများကို လုလင်းဟယ်မှ အကဲခတ်မိသွားခဲ့သည်။
သူသည် လက်နှစ်ဖက်ကို ရင်ဘတ်တွင် ပိုက်လိုက်ရင်း “မင်းက လူလစ်ရင် ခိုးထွက်ဖို့ စဉ်းစားနေတာ မဟုတ်လား” ဟု ပြန်လည်မေးမြန်းလိုက်သည်။
အန်းမုန် ထိုသို့ကြားလိုက်ရသောအခါ ထိတ်လန့်သွားခဲ့ရသည်။
သူမ၏ ခေါင်းလေးကို အပြင်းအထန် ရမ်းခါရင်း ရယ်မောလိုက်ကာဖြင့် ပြောလေသည်။
“မဟုတ်ပါဘူး အဲ့လိုအတွေးမျိုး လုံးဝမရှိပါဘူး”
“မင်း အဲဒီလို အတွေးမျိုး မတွေးဖို့ ငါ အကြံပြုချင်တယ် ဒီဗီလာအိမ်ကြီးက ဝေးလံတဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ ရှိတာ ပတ်ဝန်းကျင် မိုင်အကွာအဝေးအထိက တောအုပ်တွေကြီးပဲ ပြီးတော့ မင်းက လမ်းလည်းမသိဘူး တကယ်လို့ မင်း ဇွတ်ထွက်သွားမယ်ဆိုရင် ဒီည တောထဲမှာပဲ အိပ်ရလိမ့်မယ်”
မိန်းကလေး၏ ပါးစပ်မှာ ချက်ချင်းပင် ‘အို’ ပုံသဏ္ဌာန် ဖြစ်သွားခဲ့ရပြီး သက်ပြင်းချလိုက်မိသည်။
ဤနေရာမှ ထွက်ခွာရန်အတွက် အခြားနည်းလမ်းတစ်ခုကို ရှာဖွေရဦးမည်ဟု သူမ တွေးလိုက်ခြင်း ဖြစ်သည်။
“လင်းဟယ်”
တံခါးအပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။
သူမ လှမ်းကြည့်လိုက်သည့်အခါ တံခါးဝတွင် အမျိုးသမီးသုံးဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။
ရှေ့ဆုံးမှ ဦးဆောင်လာသော အလှပဂေးမှာ အသက်သုံးဆယ်ဝန်းကျင်ခန့် ရှိပုံရပြီး လုလင်းဟယ်နှင့် ရုပ်ချင်းဆင်တူလှသည်။
ထိုနေရာတွင် ရပ်နေရုံမျှဖြင့်ပင် သူမထံမှ မြင့်မြတ်ပြီး ချမ်းသာကြွယ်ဝသော အရှိန်အဝါများ ထွက်ပေါ်နေသည်ကို အန်းမုန် ခံစားလိုက်ရသည်။
သူမ၏ အနောက်မှ မိန်းကလေးနှစ်ဦးမှာမူ သူမနှင့် အသက်အရွယ်တူ အသက်နှစ်ဆယ်ဝန်းကျင်ခန့် ရှိပုံရသည်။
ထိုလူသုံးယောက်သည် လုလင်းဟယ်၏ ညီမများ ဖြစ်ဟန်တူသည်ဟု အန်းမုန် တွေးလိုက်သည်။
လုမိသားစုပီပီ တစ်မိသားစုလုံး အလှအပဂေးတွေကြီးသာ ဖြစ်ကြောင်းကိုလည်း ထပ်မံတွေးလိုက်သေးသည်။
ထိုသုံးယောက်နှင့်အတူ နေထိုင်ရမည်ကို တွေးကြည့်ရင်းဖြင့်ပင် အန်းမုန်အနေနှင့် ငြင်းဆန်လိုစိတ် မရှိတော့ပေ။
သို့သော်လည်း သူမ၏ စိတ်ထင်၍လားပင် မသိ ထိုသုံးဦးမှ သူမကို ကြည့်သည့် အကြည့်များသည် လှိုက်လှိုက်လှဲလှဲ ရှိလှသည်တော့ မဟုတ်ပေ။
သူမသည် အနာဂတ်တွင် အတူတူ နေထိုင်ရမည့် ပျော်ရွှင်စရာ ဘဝကို စိတ်ကူးယဉ်နေဆဲမှာပင် လုလင်းဟယ်မှ စကားစတင် ပြောကြားခဲ့သည်။
“ဟုတ်ကဲ့ပါ မေမေ၊ ကျွန်တော် မုန်မုန်ကို ခေါ်လာခဲ့ပါပြီ”
လုလင်းဟယ်မှ “မုန်မုန်” ဟု သုံးနှုန်းလိုက်ခြင်းကြောင့် သူမ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားခဲ့ရသည်။
သို့သော်လည်း ထိုအရာပြီးနောက် သူမသည် အဓိက အချက်ကို သတိပြုမိသွားခဲ့သည်။
“မေမေ ဟုတ်လား…သူ ဘယ်သူ့ကို ခေါ်လိုက်တာလဲ”
အန်မုန်းလည်း တီးတိုးရေရွတ်လိုက်သည်။
ထို့အပြင် အန်းမုန် အကြာကြီး စိုက်ကြည့်နေမိသည်။
ထိုအခါ ရှေ့ဆုံးတွင်ရှိနေသည့် လှပသောအမျိုးသမီးမှ ခေါင်းညိတ်ပြလိုက်သည်။
“မင်း သူ့ကို ပွေ့ချီပြီး ဝင်လာတယ်လို့ အမေ ကြားခဲ့တယ် အဲ့ဒါက ဘယ်လိုအပြုအမူလဲ”
“မုန်မုန်က နေကောင်းကာစပဲ ရှိသေးတာပါ ပြီးတော့ သူမရဲ့ ဖိနပ်ကလည်း ပါမလာခဲ့ဘူး ဒါကြောင့် မြေပြင်ပေါ် ကို ခြေချဖို့ အဆင်မပြေလို့ပါ”
“ဒါဆိုရင်လည်း တံခါးဝအထိ ပွေ့ချီလာပြီး အိမ်စီးဖိနပ် လဲပေးလိုက်ရင် ရတာပဲဥစ္စာ ဘာဖြစ်လို့ သုံးထပ်မြောက်အထိ ပွေ့ချီလာရတာလဲ သူကတော့ အပင်ပန်းမခံပဲ မင်းကိုပဲ ပင်ပန်းစေတာပေါ့လေ ဟုတ်လား”
ဤသို့ပြောပြီးနောက် ထိုအမျိုးသမီးသည် အန်းမုန်ကို တစ်ချက် မျှော်ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေခဲ့သည်။
အန်းမုန်၏ အကြည့်များသည် ထိုနှစ်ဦးကြားတွင် အပြေးအလွှား ကူးလူးနေခဲ့သည်။
ရုတ်တရက်ဆိုသလိုပင် တစ်ခုခုကို သဘောပေါက်သွားခဲ့ပြီးနောက် သူမသည် ရှေ့မှ လှပသောအမျိုးသမီးကို ထိတ်လန့်တုန်လှုပ်သော မျက်နှာအမူအရာဖြင့် လှမ်းညွှန်ပြလိုက်သည်။
“ဟာ… သွားပြီ ရှင့်အမေ ဟုတ်လား”
ထိုလှပသောအမျိုးသမီးသည် ထိုနေရာတွင်ပင် မှင်သက်သွားခဲ့ရသည်။
သူမသည် မျက်လုံးများကို ပြူးကျယ်စွာ စိုက်ကြည့်ရင်း အနောက်မှ မိန်းကလေးနှစ်ဦးကို လှည့်ကြည့်လိုက်သည်။
သူတို့သုံးဦးစလုံး
သည် ဝေခွဲမရ ဖြစ်စွာဖြင့် တစ်ဦးကိုတစ်ဦး ပြန်လည်ကြည့်ရှုနေကြလေသည်။
“သူမ… အခု ငါ့ကို ကျိန်ဆဲလိုက်တာလား”
---------------------------------------------------------------------------------------------------------------------------------------