အခန်း (၃) - ရှန်ယန်းသည် မြင်း၏အင်အားကိုသိပြီး၊ ပိကန်းသည် လူ၏နှလုံးသားကိုမြင်သည်
Viewers 10

“လုလင်းဟယ်… ငါတို့ ကွာရှင်းကြစို့”


အန်းမုန်သည် နှုတ်မှ သာမာန်ပြောနေခြင်း မဟုတ်ဘဲ အမှန်တကယ်ပင် ကွာရှင်းရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားခြင်း ဖြစ်သည်။


သူတို့သည် လက်ရှိတွင် တရားဝင် လင်မယားများ ဖြစ်ကြပြီး လင်မယားဖြစ်နေသည့်အတွက် လင်မယားအရာ၌ ပြုလုပ်အပ်သည့် ကိစ္စရပ်များကို ရှောင်လွှဲ၍ ရနိုင်မည်မဟုတ်ပေ။


သူမ၏ ဝိညာဉ်ထဲတွင် ‘ယောက်ျားစစ်စစ်ကြီး’ အဖြစ် ခံယူထားသည့်အတွက် ထိုအမျိုးသားသည် သူမကို ကုတင်ပေါ်တွင် ဖိထားမည့် အခြေအနေကို စိတ်ကူးယဉ်ကြည့်ရုံမျှဖြင့်ပင် တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထသွားခဲ့ရသည်။


အကြောက်ရွံ့ဆုံး အချက်မှာ သူမသည် နှစ်ပေါင်းများစွာ လက်ဝှေ့လေ့ကျင့်ခဲ့ပြီး ငယ်စဉ်ကတည်းကပင် တစ်ကြိမ်မျှ မရှုံးဖူးခဲ့သော်လည်း လုလင်းဟယ်နှင့် ယှဉ်လျှင်မူ လုံးဝ အရေးမသာခြင်းပင် ဖြစ်သည်။ 


အကယ်၍ ထိုသို့သော အခြေအနေမျိုးနှင့် တကယ် ကြုံတွေ့ရပါလျှင် သူမ၏ လက်သီးနှင့် ကန်ချက်များသည် လုလင်းဟယ်အတွက်မူ အရေးမလုပ်ခင် ဖျော်ဖြေရေး စွမ်းရည်ပြသနေသည်ဟုသာ ထင်မှတ်သွားပေလိမ့်မည်။


ထိုကောင်လေးသည် အတော်လေး အရိုက်ခံချင်စရာကောင်းသော မျက်နှာပေါက် ရှိသော်လည်း သူ၏ အရိုက်ခံချင်စရာ အကောင်းဆုံး အချက်မှာ မည်သူမှ သူ့ကို တကယ်ပင် ပြန်မခုခံနိုင်ခြင်းမှာ အမှန်ဖြစ်သည်ကို ဝန်ခံရမည် ဖြစ်သည်။


သို့သော်လည်း ဤစကားကို ကြားရသည့်အခါတွင် လုလင်းဟယ်၏ မျက်နှာအမူအရာသည် တုန်လှုပ်ခြင်း မရှိကာ နောက်ကြည့်မှန်မှတစ်ဆင့် သူမကို တစ်ချက် မျှော်ကြည့်လိုက်ရုံမျှသာ ပြုလုပ်ခဲ့သည်။


“အကြောင်းပြချက်”


“အကြောင်းပြချက်က… ငါ ရှင့်ကို မချစ်တော့လို့ပဲ”


ထိုအမျိုးသား၏ နှုတ်ခမ်းလွှာသည် ထူးဆန်းစွာ ပြုံးယောင်သန်းသွားခဲ့သည်။ 


“မစ္စအန်းမုန်… ငါမှတ်မိသလောက်ဆိုရင် ငါတို့ရဲ့ အိမ်ထောင်ရေးက မူလကတည်းက အတုအယောင် လက်ထပ်ထားကြတာ မဟုတ်ဘူးလား”


“ဟင်… အိမ်ထောင်ရေးအတု ဟုတ်လား” 


အန်းမုန်သည် ထိုစကားကို ကြားလိုက်သည်နှင့် ဆွံ့အသွားခဲ့ရသည်။


ထိုအချိန်တွင် မီးပွိုင့်သည် အနီရောင်သို့ အချိန်ကိုက် ပြောင်းလဲသွားခဲ့သည်။ 


လုလင်းဟယ်သည် ကားကို ရပ်လိုက်ပြီး အကန့်တစ်ခုကို ဖွင့်ကာ သူမထံသို့ စာချုပ်တစ်ခု ကမ်းပေးလိုက်သည်။


စာချုပ်ကို လှမ်းယူလိုက်စဉ် အန်းမုန်၏ ဦးနှောက်ထဲတွင် လျှပ်စီးလက်သွားသကဲ့သို့ ဖြစ်သွားပြီးနောက် ထိန်းချုပ်၍မရသော မှတ်ဉာဏ်များစွာသည် ဦးနှောက်ထဲသို့ တိုးဝှေ့ဝင်ရောက်ရှိလာခဲ့သည်။


ထိုမှတ်ဉာဏ်များထဲတွင် ကြယ်တာရာများ စုံလင်နေသော ညဉ့်နက်သန်းခေါင်ယံအချိန် ဖြစ်သည်။ 


သူမ၏ ရှေ့တွင် ရှိနေသည်မှာ လုလင်းဟယ်၏ ကျယ်ပြန့်သော ကျောပြင်ကြီး ဖြစ်သည်။


“မင်း ငါ့ကို ကျေးဇူးဆပ်ချင်တာလား”


“အင်း… အင်း”


“အခု မင်းငါ့ကို ကျေးဇူးဆပ်နိုင်မယ့် ကိစ္စတစ်ခု ရှိတယ် ဒါပေမယ့် မင်း လိုလိုလားလား ရှိမရှိတော့ ငါမသိဘူး”


“ပြောလေ”


“အလုပ်တစ်ခု ရှိတယ် မင်း အဲဒီအလုပ်ကို လက်ခံဖို့ ဆန္ဒရှိမလားလို့ သိချင်တယ်”


“လက်ခံပါတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်မလုပ်ဖို့ ဆန္ဒရှိပါတယ်”


“ငါ့ရဲ့ ဇနီး လုပ်ပေးပါ”


အန်းမုန်သည် အတိတ်မှ သူမနှင့် လုလင်းဟယ်၏ သဘောတူညီချက် အကြောင်းအရာများကို သူမ၏ မှတ်ဉာဏ်ထဲတွင် ပြန်မြင်ယောင်နေခြင်း ဖြစ်သည်။


ထိုမှတ်ဉာဏ် အပိုင်းအစသည် တိုတောင်းလှသော်လည်း အန်းမုန်သည် အဓိက အချက်ကို သဘောပေါက်သွားခဲ့သည်။ 


သူမသည် လုလင်းဟယ်၏ ကယ်တင်ခြင်းကို ခံခဲ့ရဟန်ရှိပြီး သူသည်လည်း အိမ်ထောင်ရေး ပြဿနာတစ်ခုကို ဖြေရှင်းရန် လိုအပ်နေချိန် ဖြစ်သောကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့ကြခြင်း ဖြစ်သည်။


“အော်… အမှန်တကယ်ကို အိမ်ထောင်ရေးအတု ဖြစ်နေခဲ့တာပဲ” ဟု အန်းမုန် တွေးလိုက်လေသည်။


အန်းမုန် သက်ပြင်းအသာချလိုက်မိပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားခဲ့သည်။ 


“နေပါဦး… အိမ်ထောင်ရေးအတုဆိုရင် ရှင် စောစောက ငါ့ကို ဘာလို့ ပွေ့ချီတာလဲ”


“အပိုဒ် ၃၂ ကို ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ” ဟု လုလင်းဟယ်မှ အေးဆေးစွာ ပြန်လည်ဖြေကြားခဲ့သည်။


အန်းမုန်သည် စာရွက်အချို့ကို လှန်လှောကြည့်ရှုလိုက်သည်။ 



အပိုဒ် ၃၂ ကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်ဝန်းများသည် နောက်တစ်ကြိမ် ပြူးကျယ်သွားခဲ့ရပြန်သည်။


【စာချုပ်သက်တမ်းအတွင်း အပိုင်း (ခ) သည် အပိုင်း (က) ၏ နေအိမ်တွင် နေထိုင်ရမည် ဖြစ်ပြီး လိမ္မာသစ္စာရှိသော ဇနီးကောင်းတစ်ဦးအဖြစ် တာဝန်ကျေပွန်ရမည်။ အပိုင်း (က) ၏ မိသားစုရှေ့မှောက်တွင် အပိုင်း (က) အနေဖြင့် ရင်းနှီးပွင့်လင်းစွာ ပြသရန် လိုအပ်ချက် ရှိလာပါက အပိုင်း (ခ) သည် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရမည်။】


“ဒါက ဘာကို ဆိုလိုတာလဲ”


“နားလည်ရ လွယ်ကူပါတယ် အိမ်ထောင်ရေးအတု ဆိုပေမယ့် အခြားသူတွေ ရိပ်မိသွားလို့ မဖြစ်ဘူး သူတို့ကို လှည့်စားနိုင်ဖို့အတွက် လင်မယားအကြား သာမန်ရှိတတ်တဲ့ ရင်းနှီးတဲ့ အပြုအမူအချို့ကတော့ ရှောင်လွှဲလို့ ရမှာမဟုတ်ဘူး” ဟု လုလင်းဟယ်မှ ဖြေကြားခဲ့သည်။


“အော်… ဒါဆိုရင် ရှင့်မိသားစုက ကလေးလိုချင်တယ်ဆိုရင် သူတို့ကို လှည့်စားဖို့အတွက် ငါက ကလေးမွေးပေးရမှာလား”


“မဟုတ်ဘူး” 


လုလင်းဟယ်သည်လည်း ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ 


“ဒါက အမွေဆက်ခံခွင့်တွေနဲ့ သက်ဆိုင်တယ် ဒါပေမယ့် မင်း တကယ်ပဲ အလိုရှိတယ်ဆိုရင်တော့…”


“သွားစမ်းပါ… ဘယ်သူက အလိုရှိမှာလဲ” 


အန်းမုန်သည် ပြောရင်းဖြင့်ပင် စာချုပ်ကို ပြန်လည်ပစ်ချလိုက်သည်။ 


“ငါ ဒီစာချုပ်ကို ဖျက်သိမ်းချင်တယ်”


ထိုအရာမှာ အန်းမုန်အတွက် ရယ်စရာကောင်းလှသည်။ 


ထိုလူ၏ မျက်နှာကို ကြည့်ရုံမျှဖြင့်ပင် စိတ်တိုရသည့်အပြင် အမိုးတစ်ခုတည်းအောက်၌ အတူတူ နေထိုင်ရမည်မှာ အန်းမုန်အတွက် ခက်ခဲသည့်အရာတစ်ခု ဖြစ်ပေသည်။ 


သူမကို အဓမ္မ မပြုကျင့်နိုင်ဟု ဆိုသော်လည်း စာချုပ်အရ သူမသည် သူ့ကို ‘လင်ယောက်ျား’ ဟု ခေါ်ဝေါ်ရမည် ဖြစ်ပြီး သူမကို ဖက်ခွင့်ပေးရမည်မှာ လင်မယားကြား မှန်ကန်သော အနေအထားတစ်ခု ဖြစ်နေသည်။


ထို့အပြင် လုလင်းဟယ်သည် အန်းမုန်ကို မည်သည့် ရည်ရွယ်ချက်အစစ်အမှန်ဖြင့် လက်ထပ်ခဲ့သည်ကို မည်သူမှ မသိနိုင်ပေ။


သူသည် အိမ်ထောင်ရေးအတုဟု ပြောနေသော်လည်း လက်တွေ့တွင်မူ ‘ဖားကို ရေနွေးပူဖြင့် ဖြည်းဖြည်းချင်း ပြုတ်သည့်’ အကြံမျိုးကို သုံးနေခြင်းလည်း ဖြစ်နိုင်သည်။


ထိုအရာကိုတောင် သည်းခံနိုင်လျှင် မည်သည့်အရာကိုမှ သည်းမခံနိုင်ခြင်းဟူ၍ မရှိတော့ပေ။ 


လူကြီးလူကောင်းတစ်ယောက်အနေဖြင့် သည်းခံနိုင်သည်ဆိုလျှင်တောင် ဤသခင်လေးမှာမူ သည်းခံနိုင်မည်မဟုတ်ပေ။


“ရတာပေါ့ စာချုပ်ဖောက်ဖျက်ကြေးကို အရင်ပေးလိုက်လေ”


“စာချုပ်ဖောက်ဖျက်ကြေး ဟုတ်လား ဘယ်လောက်လဲ”


“နောက်ဆုံးအပိုဒ်မှာ ရှိတယ်”

စိတ်ပျက်ဒေါသထွက်မှု အရိပ်အယောင်များသည် အန်းမုန်၏ နဖူးပေါ်တွင် ပေါ်ပေါက်လာခဲ့သော်လည်း လုလင်းဟယ်၏ အင်အားကို မယှဉ်နိုင်သဖြင့် စာချုပ်ကို အသာတကြည် ပြန်လည်ကောက်ယူကာ နောက်ဆုံးစာမျက်နှာသို့ လှန်ကြည့်လိုက်ရုံသာ တတ်နိုင်ခဲ့သည်။


【စာချုပ်သက်တမ်းအတွင်း မည်သည့်အဖွဲ့မဆို သဘောတူညီချက်ကို ဖျက်သိမ်းလိုပါက အပိုင်း (ခ) သည် မည်သည့်အရာကိုမျှ ယူဆောင်ခွင့်မရှိဘဲ ထွက်ခွာရမည်။ စာချုပ်ဖောက်ဖျက်သည့် အဖွဲ့သည် စာချုပ်ကြေး၏ ဆယ်ဆနှင့် ညီမျှသော စာချုပ်ဖောက်ဖျက်ကြေးကို ပေးဆောင်ရမည်။】


“စာချုပ်ကြေးက ဘယ်လောက်လဲ”


“ဒါဟာ အလုပ်တစ်ခုလို့ ငါမင်းကို ပြောခဲ့ပြီးပြီပဲ မင်္ဂလာပွဲမတိုင်ခင်က ငါမင်းကို သုံးသိန်း ပေးခဲ့တယ် ဒါကို တင်တောင်းငွေလို့ ခေါ်ပေမယ့် လက်တွေ့မှာတော့ မင်းရဲ့ လစာပဲ အဲဒီတုန်းက မင်းကပဲ စတင်တောင်းဆိုခဲ့တာ ဆိုပေမယ့် ငါတို့ စာချုပ်ချုပ်ဆိုထားတဲ့အတွက် တရားဝင် လုပ်ထုံးလုပ်နည်းအတိုင်း သွားရမယ်”


“အော်… သုံးသိန်းရဲ့ ဆယ်ဆဆိုတော့ ငါ ရှင့်ကို ပြန်ပေးရမှာက…” 


အန်းမုန်သည် လက်ချောင်းလေးများဖြင့် ရေတွက်လိုက်သည်။


“သုံးသန်း ဒါကို တကယ်ကြီး ရေတွက်နေဖို့ လိုသေးလို့လား” 


လုလင်းဟယ်သည် သူမကို တစ်ချက် ကြည့်လိုက်သည်။


ဤမိန်းကလေးသည် သတိရလာပြီးနောက်ပိုင်း ပို၍ အူကြောင်ကြောင်နိုင်သွားသည်ဟု ဘာကြောင့် ခံစားနေရသည်ကို နားမလည်နိုင် ဖြစ်နေသည်။


“သုံးသန်း ဟုတ်လား ဒီလောက်တောင် များတာလား ရှင် လူဓားပြတိုက်တာကမှ ပိုမြန်ဦးမယ်”


“ငါ အခု လုပ်နေတာက ဓားပြတိုက်နေတာ မဟုတ်လို့လား”


“အကယ်၍ ငါ မပေးရင်ကော”


“ဒါဆိုရင်တော့ မင်း ပစ္စည်းနှစ်ခု ရလိမ့်မယ်”


“ပစ္စည်း ဟုတ်လား”


“ဒဏ္ဍာရီလာ ငွေရောင်လက်ထိပ်နဲ့ အကန့်အသတ်ထုတ်လုပ်ထားတဲ့ အဝါရောင်ရင်ဖုံးအင်္ကျီပေါ့ မင်း အထဲမှာ သုံးနှစ် အချိန်ဖြုန်းချင်သလား ဒါမှမဟုတ် အိမ်မှာပဲ သုံးနှစ် နေချင်သလားဆိုတာ ကိုယ်တိုင်ပဲ ချင့်ချိန်ကြည့်လိုက်တော့”


“…” 


အန်းမုန်သည် အံကိုသာ တင်းတင်းကြိတ်လိုက်သည်။ 


“ကောင်းပြီ… ရှင် ငါ့ကို အကျပ်ကိုင်နေတာဆိုတော့ ဤသခင်လေးဆီမှာ ရှိတဲ့ တုန်လှုပ်စရာ လျှို့ဝှက်ချက်တစ်ခုကို ပြောပြလိုက်ရင်တော့ ငါ့ကို လာအပြစ်မတင်နဲ့တော့”


သူမသည် သူမကိုယ်ကိုယ် အသစ်တစ်ဖန် မွေးဖွားလာသူဖြစ်ကြောင်း ဝန်ခံလိုခဲ့သည်။ 


မည်သို့ပင်ဆိုစေကာမူ သူမတွင် အန်းမုန်အဖြစ် နေထိုင်ခဲ့သည့် မှတ်ဉာဏ်များ ရှိနေဆဲ ဖြစ်သဖြင့် သက်သေပြရန် ဆွေးမျိုးမိတ်ဆွေများကို ရှာဖွေရန် မခဲယဉ်းနိုင်ပေ။


ထိုအချိန်တွင် လုလင်းဟယ်သည် သူမကို တစ်ချက်ကြည့်ကာဖြင့် ပြောလိုက်သည်။ 


“မင်းက မင်းကိုယ်မင်း ယောက်ျားတစ်ယောက်လို့ ပြောမလို့တော့ မဟုတ်ပါဘူးနော်” 


အန်းမုန် ပါးစပ်အနည်းငယ် ဟသွားခဲ့ရသည်။ 


“ရှင်က ဘယ်လိုလုပ်ပြီး အရင်ပြောနိုင်ရတာလဲ”


“မင်းက မင်းကိုယ်မင်း ‘သခင်လေး’ လို့ တင်စားပြောဆိုနေတာကို တော်တော်လေး ထင်ရှားနေတာပဲဥစ္စာ ပြီးတော့ ဘာလဲ… မင်းက လိင်ပြောင်းထားသူလို့ ပြောချင်တာလား”


“မဟုတ်ဘူး၊ အမှန်တော့ ငါက အသစ်တစ်ဖန် မွေးဖွားလာသူပဲ ငါက အစစ်အမှန် အန်းမုန် မဟုတ်ဘူး”


သူမ ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လုလင်းဟယ်သည် တိတ်ဆိတ်သွားခဲ့သည်။ 


အန်းမုန်သည် သက်သေအထောက်အထားများ ထပ်မံပြသရန် ပြင်လိုက်စဉ်တွင် မျှော်လင့်မထားကာဖြင့် လုလင်းဟယ်သည်လည်း ခေါင်းညိတ်ပြလိုက်သည်။ 


“ဩော်… ဒါကြောင့်မလို့ကိုး”

အန်းမုန်လည်း အံ့အားသင့်သွားခဲ့ရသည်။ 


“နေပါဦး… ရှင်က ပြောသမျှကို ဒီအတိုင်း ယုံကြည်လိုက်တာလား”


သူမ၏ စကားကို အလွယ်တကူ ယုံကြည်သွားသည်ကို တွေ့ရသဖြင့် အန်းမုန်သည်ပင် သူမကိုယ်ကိုယ် ပြန်လည်ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။


“ဒါပေါ့… ကဲ… ငါနဲ့အတူ လိုက်ခဲ့” 


ထိုသို့ပြောပြီးနောက် လုလင်းဟယ်သည် ကားကို ရပ်လိုက်သည်။


“လိုက်ခဲ့ရမယ် ဟုတ်လား ဘယ်လဲ” 


အန်းမုန်၏ လှပသော မျက်ဝန်းအိမ်များ မျက်တောင်ခတ်လိုက်မိပြီးနောက် ဝင်းလက်သွားခဲ့သည်။ 


“အော်… အော်… လက်ထပ်ကွာရှင်းရေးရုံး ကို မဟုတ်လား”


“မဟုတ်ဘူး သုတေသနအဖွဲ့အစည်းကို”


“သုတေသနအဖွဲ့အစည်း ဟုတ်လား အဲဒါက ဘာလုပ်တာလဲ”


“ဝတ္ထုတွေထဲမှာ ခဏခဏ ပါတတ်တယ် မဟုတ်လား လူသားတွေရဲ့ ခန္ဓာကိုယ်ထဲက ဆန်းကြယ်မှုတွေကို အထူးပြု စူးစမ်းလေ့လာတဲ့ သုတေသနအဖွဲ့အစည်းမျိုးလေ”

“!?” 


အန်းမုန်၏ မျက်စိသူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားခဲ့ရသည်။


အမှန်ပင်ဖြစ်သည်။ 


သူမကဲ့သို့ သိပ္ပံနည်းကျ အယူအဆများကို ဆန့်ကျင်ပြီး အသစ်တစ်ဖန် မွေးဖွားလာသူမျိုးသည် သိပ္ပံပညာရှင်များ အနှစ်သက်ဆုံး သုတေသနပြုလုပ်မည့် အရာ ဖြစ်သည်။ 


ကံကောင်းလျှင် စမ်းသပ်ခံအဖြစ် အကျဉ်းချခံရမည် ဖြစ်ပြီး ကံမကောင်းလျှင်မူ အခြေအနေတစ်ခု ပြောင်းလဲသွားနိုင်သည်။


ရှန်ယန်းသည် မြင်း၏အင်အားကိုသိပြီး ပိကန်းသည် လူ၏နှလုံးသားကိုမြင်သည် ဆိုသကဲ့သို့ပင် ခန္ဓာကိုယ်ကို ခွဲစိပ်အစမ်းသပ်ခံရခြင်းမျိုး သူမထံတွင် ဖြစ်ပျက်လာနိုင်ခြေ ရှိသည်။


“ခဏနေဦး… ငါ သုတေသနကျောင်းအတွက် လမ်းညွှန်မြေပုံကို အရင်ဖွင့်လိုက်ဦးမယ်”


အန်းမုန် ပျာပျာသလဲ ဖြစ်သွားခဲ့ရပြီး လက်ကလေးများကို ရမ်းခါရင်း ပြောလိုက်သည်။


“အာ… အဲဒါကြီးက မလိုဘူး မဟုတ်လား ငါ စောစောက အပျော်ပြောလိုက်တာပါ အစ်ကိုကြီးရဲ့” 


ထိုစကားကို ကြားရသည့်အခါတွင် ထိုအမျိုးသား၏ နှုတ်ခမ်းလွှာသည် အနည်းငယ် ကွေးညွတ်သွားခဲ့သည်။

“ငါလည်း အပျော်ပြောတာပဲ”


“?”


နာရီဝက်ခန့် ကားမောင်းနှင်ပြီးနောက် လုလင်းဟယ် နောက်ကြည့်မှန်ကို ကြည့်လိုက်သည့်အခါ အနောက်ခုံမှ မိန်းကလေးသည် ထိုင်ခုံကို မှီလျက် မျက်လုံးများ မှိတ်နေပြီး သူမ၏ ခေါင်းလေးမှာ ဆန်ဖွတ်သည့် ကြက်ကလေးကဲ့သို့ အပေါ်အောက် တငြိမ့်ငြိမ့် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။


“မအိပ်နဲ့တော့ ရောက်ပြီ”


“ဟင်” 


အန်းမုန်သည် မျက်လုံးကို ဖွင့်လိုက်ပြီး နှုတ်ခမ်းထောင့်မှ သွားရည်များကို မသိမသာ ပြန်လည်သုတ်လိုက်သည်။


သူမသည် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါတွင်မူ ကျန်ရှိနေသေးသော အိပ်ချင်စိတ်များအားလုံး ချက်ချင်းပင် ကွယ်ပျောက်သွားခဲ့ရသည်။


အပြင်ဘက်တွင် ဥရောပဆန်ဆန် အနက်ရောင် တံခါးကြီးနှစ်ချပ် ရှိနေခဲ့သည်။ 


တံခါး၏ အပေါ်ဘက်တွင် ‘ဟန့်ထင်စံအိမ်’ ဟု ရေးသားထားသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားပြီး တံခါးကြီးများပေါ်တွင်လည်း လက်ရာမြောက်သော ပန်းပုဒီဇိုင်းများ ထုဆစ်ထားသည်။ 


လုလင်းဟယ်လည်း ကားဟွန်းတီးလိုက်သည့် အသံကြောင့် လုံခြုံရေးဝန်ထမ်းနှစ်ဦးသည် ဘေးတစ်ဖက်တစ်ချက်စီမှ ထွက်ပေါ်လာပြီး တံခါးကြီးကို ဆွဲဖွင့်ပေးခဲ့ကြသည်။


ကားသည် ဖြည်းညှင်းစွာ မောင်းနှင်ဝင်ရောက်သွားခဲ့သည်။ 


တံခါးကြီးများ၏ အတွင်းဘက်တွင် သေသပ်စွာ ညှိထားသော သစ်ပင်ပန်းမန်များ ခြံရံလျှက်ရှိသည့် ရှည်လျားကျယ်ပြန့်သော လမ်းတစ်ခု ရှိနေခဲ့သည်။ 


အန်းမုန်သည် ကတ်ကြေးဖြင့် အလုပ်ရှုပ်နေသော ဥယျာဉ်မှူးတစ်ဦးကိုပင် လှမ်းမြင်လိုက်ရသည်။


မလှမ်းမကမ်းတွင် လေးထပ် သို့မဟုတ် ငါးထပ်ခန့် မြင့်သော ဗီလာအိမ်ကြီးတစ်လုံး ရှိနေခဲ့သည်။ 


အိမ်ဖော်ဝတ်စုံ ဝတ်ဆင်ထားသော အိမ်စေအချို့သည် သူတို့နှစ်ဦး ရောက်ရှိလာခြင်းကို ကြိုဆိုရန် အိမ်အဝင်ဝတွင် ရပ်စောင့်နေကြသည်။


ကားသည် တံခါးရှေ့တွင် ရပ်တန့်သွားခဲ့သည်။ 


လုလင်းဟယ်မှ လှည့်ကြည့်လိုက်သည့်အခါတွင်မူ ထိုမိန်းကလေး၏ မျက်ဝန်းများထဲ၌ မကျေနပ်မှုများ ပြည့်နှက်နေသည်ကိုသာ တွေ့လိုက်ရသည်။



“ငါ့ကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ”


“ယုတ်မာတဲ့ အရင်းရှင်ကြီးကို ကြည့်နေတာ တောက်… ငါက ဘာလို့ မချမ်းသာရတာလဲ တကယ်ကို မနာလိုဖြစ်မိတယ်”


လုလင်းဟယ်သည်လည်း ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ 


“မနာလိုဖြစ်စရာ ဘာမှမရှိပါဘူး”


“ဒါကတော့ တကယ့်ကို အထက်စီးဆန်တဲ့ ပုံစံပဲ ဒါဆိုလည်း ရှင့်ပိုက်ဆံတွေ ငါ့ကို ပေးလေ”


“စိတ်မကောင်းပါဘူး၊ ငါ့ပိုက်ဆံတွေက သုံးစရာ နေရာရှိသေးတယ်” 


လုလင်းဟယ်သည် ပြောရင်းဖြင့် ထိုနူးညံ့သော ပန်းရောင်လက်ကလေးကို အသာအယာ ပုတ်လိုက်သည်။ 


“ကားပေါ်ကဆင်းတော့၊ ရောက်ပြီ”


“ဟွန်း… ဘယ်သူ့ပိုက်ဆံကကော သုံးစရာ နေရာမရှိလို့လဲ…ကပ်စေးနဲကြီး သူရဲ့ CEO ပုံစံကတော့ လုံးဝကို အလဟဿ ဖြစ်သွားခဲ့ရပြီ”


ထိုအချိန်တွင် အိမ်စေတစ်ဦးသည် ကားတံခါးကို လှမ်းဖွင့်ပေးခဲ့သည်။ 


အန်းမုန်သည် အပြင်သို့ ခြေလှမ်းစတင်ရန် ပြင်လိုက်သော်လည်း သူမ၏ ခြေထောက်တွင် အဖြူရောင် ခြေအိတ်မျှသာ ဝတ်ဆင်ထားသည်ကို မြင်လိုက်ရသည့်အခါတွင်မူ ရုတ်တရက် ကြောင်သွားခဲ့ရပြန်သည်။

“နေပါဦး… ငါ့မှာ ဖိနပ်မပါဘူး ငါ ဘယ်လိုဆင်းရမှာလဲ” 


လက်ရှိတွင် ဆောင်းရာသီ ဖြစ်သောကြောင့် မြေပြင်ပေါ်သို့ ဤအတိုင်း ခြေချလိုက်ပါလျှင် သူမ၏ ခြေထောက်များ ဧကန်မုချ ခဲသွားပေလိမ့်မည်။


“လွယ်ကူပါတယ်” 


လုလင်းဟယ်သည်

ကားတံခါးဝသို့ လျှောက်လာပြီး သူမထံသို့ လက်တစ်ဖက် ကမ်းပေးလိုက်သည်။


“ဒီကိုလာ… မင်းကိုယ်ကို ရွှေ့လိုက်”


“!?”

----------------------------------------------------------------------------------------------------------------------------------------------------------------