အခန်း (၂၆) အခြေခံအတတ်ပညာ
Viewers 2k

ဇာတ်ကောင် - ကျန်းရှောင်

ကြယ်တာရာ မြေပုံ : နက္ခတ်ခုနစ်လုံး၊ ကြယ်မှုန်အဆင့် ၃


ကြယ်တာရာအတတ်ပညာ : 

၁။ ကောင်းချီးပေးခြင်း (ကြေးဝါအဆင့် ၁)

၂။ လှည့်စားခြင်း (ကြေးဝါအဆင့် ၁)

၃။ အစိမ်းရောင်အလင်းတန်း (ကြေးဝါအဆင့် ၅)

၄။ ခံနိုင်ရည် (ကြေးဝါအဆင့် ၅)


အခြေခံ အတတ်ပညာ :

၁။ လက်ဗလာတိုက်ခိုက်မှု (ကြေးဝါအဆင့် ၅)

၂။ ကြယ်တာရာစွမ်းအင်ကြွယ်ဝမှု (ကြေးဝါအဆင့် ၂)


အရည်အသွေးပွိုင့် : ၃


“နင် မျက်စိကန်းနေတာလား” 


ရှယန်က မကျေမနပ် ဆဲဆိုလိုက်သည်။ 


သူမသည် လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်ပိုက်ထားပြီး သစ်ပင်ကြီးတစ်ပင်ကို မှီကာ သူတို့နှင့်မနီးမဝေးရှိ သစ်ပင်အောက်တွင် ဝပ်နေသော ဘီလူးဖြူကို စိုက်ကြည့်နေသည်။


“ကျွန်တော်တို့က နောင်ကျရင် အသင်းဖော်တွေဖြစ်မှာလေ အစ်မ ရှယန်၊ နည်းနည်းလောက် ယဉ်ကျေးစမ်းပါ” 


ကျန်းရှောင်က သစ်ပင်နောက်ကွယ်တွင် ဂရုတစိုက် ဆောင့်ကြောင့်ထိုင်လိုက်သည်။ 


ရှယန် ဘာကိုဆိုလိုမှန်း သူနားလည်၏။


ဘီလူးဖြူသည် သူတို့၏ မြင်ကွင်းထဲသို့ ရောက်ရှိနေပြီဟု ဆိုလိုခြင်းဖြစ်သော်လည်း...


ကျန်းရှောင်ကမူ ၎င်း၏တည်ရှိမှုကို မရိပ်မိသေးပေ။


ဒါက တော်တော်လေး အနေရခက်စရာပင်။


“အခု ငါက နင့်ရဲ့ဆရာပဲ” 


ရှယန်က စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောလိုက်သည်။ 


သူမက သူ့ထံမှ ဒီထက်ပိုပြီး မျှော်လင့်ထားပုံရ၏။


သူမက ဆက်ပြောသည်မှာ “ပြီးတော့ ငါ့ရဲ့ဆုံးဖြတ်ချက် မှားသွားပြီလို့ ငါထင်နေပြီ"


“ကောင်းတာပေါ့၊ ကျွန်တော်လည်း အစ်မအဖွဲ့ထဲဝင်ဖို့ အသည်းအသန် ဖြစ်မနေပါဘူး” 


ကျန်းရှောင်က မျက်မှောင်ကြုတ်ကာ ရှေ့က တောအုပ်ကို အသေအချာ စစ်ဆေးကြည့်

လိုက်၏။


 'ဘီလူးဖြူက ဘယ်မှာလဲ' ဟု သူတွေးနေမိသည်။


'ငါ့ထက်တောင် ပါးနပ်တဲ့ကောင် ရှိနေတာလား'


“သစ်ပင်ပေါ်မှာ...သစ်ပင်ပေါ်မှာ..."


"နင့်ရဲ့ ၁၁ နာရီအရပ်က သစ်ပင်ပေါ်မှာ"


ရှယန်က ဒေါသတကြီး အံကြိတ်ကာ အော်ပြောလိုက်သည်။


"အဲဒါ နင့်ကို စိုက်ကြည့်နေတာ ကြာလှပြီ"


“အော်...” 


ကျန်းရှောင် ခေါင်းပြူကြည့်လိုက်ရာ နှင်းထူထူများ ဖုံးလွှမ်းနေသော သစ်ကိုင်းပေါ်တွင် သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေသည့် သွေးရောင်လွှမ်းသော မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။


ကျန်းရှောင် ထရပ်ပြီး အပြင်သို့ ထွက်လာကာ ဘီလူးဖြူကို လက်ယပ်ခေါ်လိုက်သည်။ 


ဘီလူးဖြူကို ရှာဖွေတွေ့ရှိသွားပြီဖြစ်၍ ၎င်းကို ချောင်းမြောင်းတိုက်ခိုက်မှုဟု မသတ်မှတ်နိုင်တော့ပေ။


သို့သော် အံ့သြစရာကောင်းသည်မှာ ဘီလူးဖြူသည် ကျန်းရှောင်ကို ဂရုမစိုက်ဘဲ နှင်းဖုံးနေသော သစ်ကိုင်းနောက်တွင် ပုန်းကာ ဆက်လက်စိုက်ကြည့်နေခြင်းပင်။


'ငါက နင့်ကို တည့်တည့်ကြည့်နေတာလေ'


'မျက်လုံးကို မလွှဲတော့ဘူးလား'


ကျန်းရှောင် ခေါင်းကုတ်ကာ တွေးလိုက်မိသည်မှာ 'ဒီကောင် ငါ့ကို လှောင်နေတာလား' ဟူ၍။


ကျန်းရှောင် ပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးပြီး အခြား ဘီလူးဖြူများ မရှိကြောင်း အတည်ပြုပြီးနောက် ထိုသစ်ပင်ဆီသို့ လျှောက်သွားလိုက်

သည်။ 


ထို့နောက် ထင်းရှူးပင်ကြီးကို ကန်လိုက်၏။


"ရှဲ...ရှဲ..."


နှင်းထုကြီးသည် မြေပြင်ပေါ်သို့ ပြိုကျလာသော်လည်း ကျန်းရှောင် ကံကောင်းထောက်မစွာ အမြန်ရှောင်တိမ်းနိုင်ခဲ့သည်။ 


မဟုတ်လျှင် သူ နှင်းအောက်တွင် အရှင်လတ်လတ် မြှုပ်နှံခံရပေလိမ့်မည်။


ရှယန်က သူမ၏နဖူးကို လက်ဖြင့်ရိုက်ကာ အော်လိုက်သည်မှာ...


"နင့်နောက်မှာ...နင့်နောက်မှာ"


ပြေးနေရင်းနှင့် ကျန်းရှောင်၏လက်မှ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ 


သူ ချက်ချင်းလှည့်ကာ ရှေ့သို့ လက်သီးဖြင့် ထိုးနှက်လိုက်၏။


သူ့၏ အတတ်ပညာကို စတင်အသုံးပြုလိုက်ပြီ။


သို့သော် ကျန်းရှောင်သည် ခြေချော်ကာ နှင်းပေါ်သို့ ပက်လက်လန်လဲကျသွားသည်။


"ဝူးးး"


ကြမ်းကြုတ်သော ဘီလူးဖြူသည် ကျန်းရှောင်၏ ခေါင်းပေါ်မှ ချက်ချင်းခုန်ကျော်သွားပြီး မြေပြင်ပေါ်တွင် လိမ့်ကာ အရှိန်သတ်လိုက်သည်။ 


ထို့နောက် ၎င်း၏ ခြေလက်များဖြင့် မြေပြင်ကို ကုတ်တွယ်ကာ ဖြည်းညှင်းစွာ ရပ်တန့်လိုက်၏။


ဘီလူးဖြူသည် ကျန်းရှောင်ကို စိုက်ကြည့်ရင်း နှာမှုတ်ကာ မြူခိုးများကို မှုတ်ထုတ်လိုက်သည်။


ကျန်းရှောင် အမြန်ထရပ်ကာ ကိုယ်ပေါ်က နှင်းများကို ခါချလိုက်သည်။ 


ထို့နောက် တိုက်ခိုက်ရေးအနေအထား ပြင်ကာ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ 


သို့သော် သစ်ပင်နှစ်ပင်ကြားသို့ ရောက်သောအခါ သူရပ်လိုက်၏။


ရှယန်က ကျန်းရှောင် ရွေးချယ်လိုက်သော နေရာကို ကြည့်ပြီး ခေါင်းငြိမ့်လိုက်သည်။ 


သူမက 'ဒါမှ ဟုတ်တာပေါ့' ဟု တွေးလိုက်သည်။


ဘီလူးဖြူသည် ကျန်းရှောင်၏ ရည်ရွယ်ချက်ကို နားလည်ပုံရသည်။


၎င်း၏ မည်းမှောင်သော မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းအောင် စူပုပ်နေပြီး ကျန်းရှောင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးလာကာ ဟိန်းဟောက်လိုက်သည်။


'ထွက်သွားစမ်း'


ကျန်းရှောင်၏ ညာလက်တွင် အစိမ်းရောင်အလင်းများ ဖုံးလွှမ်းသွားပြီး သူ့ထံ ခုန်အုပ်လာသော ဘီလူးဖြူကို လက်သီးဖြင့် ထိုးလိုက်သည်။


သန်မာပြီး ကြမ်းကြုတ်သော ဘီလူးဖြူသည် ပိန်လှီသော ကျန်းရှောင်ကို မြေပြင်ပေါ်သို့ ဖိချလိုက်ပြီး နှစ်ယောက်သား နှင်းထဲတွင် လုံးထွေးသတ်ပုတ်နေကြသည်ကို ရှယန် ကြည့်နေမိသည်။ 


သူတို့သည် အစိမ်းရောင်အလင်းတန်းများ တိုက်ခိုက်နေရင်း ပျော်ရွှင်နေကြသလိုပင်။


ရှယန်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ဓားကို ကိုင်ကာ ရှေ့သို့ တိုးသွားလိုက်သည်။


မီးလျှံရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး လေးလံသော ဓားကြီး ကျဆင်းလာမှုနှင့်အတူ ဘီလူးဖြူ၏ ခေါင်းသည် မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။


နောက်ဆုံးတွင် နှင်းထဲတွင် လိမ့်နေသော ကလေးနှစ်ယောက်အနက် တစ်ယောက် သေဆုံးသွားပြီး ငြိမ်သက်ခြင်း ပြန်လည်ရောက်ရှိလာသည်။


'ဒီမိန်းမ တကယ်တော်တာပဲ'


'ဘီလူးဖြူက ငါ့ကျောပေါ်မှာ ခွစီးထားတာတောင်၊ ရှယန်က ငါ့ကို ဘာမှမထိခိုက်စေဘဲ ဘီလူးဖြူရဲ့ခေါင်းကို သေသေသပ်သပ် ဖြတ်

ပစ်နိုင်ခဲ့တယ်'


'ငါတို့ ဒီလောက်နီးကပ်နေတာတောင်မှပဲ'


သူမ၏ တိကျမှုနှင့် ပတ်ဝန်းကျင် အကဲဖြတ်နိုင်စွမ်းမှာ အမှန်တကယ် ထူးချွန်လှ၏။


“နင် အနည်းဆုံးတော့ နှစ်ချီလောက် တောင့်ခံနိုင်လိမ့်မယ်လို့ ငါထင်ထားတာ” 


သူမက အလွန်စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောလိုက်သည်။


ဘီလူးဖြူ၏ ဦးခေါင်း မြေပေါ်ကျသွားချိန်တွင် ကျန်းရှောင်သည် သူ၏ကျောပေါ်မှ ခေါင်းမရှိသော အလောင်းကြီးကို အပင်ပန်းခံ ဖယ်ရှားနေရသော်လည်း ရှယန်၏ စိတ်ပျက်နေသော အကြည့်နှင့်သာ ရင်ဆိုင်လိုက်ရသည်။


ထိုအကြည့်နှင့်စာလျှင် သူမ၏ ဆဲဆိုမှုနှင့် စော်ကားမှုများကို ခံယူရသည်က ပိုကောင်းဦးမည်။


ကျန်းရှောင်ကဲ့သို့ လူစားမျိုးအတွက် စော်ကားမှုနှင့် လှောင်ပြောင်မှုများသည် မျက်နှာချင်းဆိုင် ပြောခံရလျှင်ပင် သူ့ကို မနာကျင်စေနိုင်ပေ။ 


သူတို့ မည်မျှပင် အထင်သေးပါစေ ကျန်းရှောင်သည် စိတ်အနှောင့်အယှက် မဖြစ်တတ်ပေ။


ကျန်းရှောင်ကို နာကျင်စေနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ စိတ်ခံစားမှုဆိုင်ရာ တိုက်ခိုက်မှုပင်။


ယခုအချိန်တွင် ရှယန်၏ စိတ်ပျက်နေသော အကြည့်က ကျန်းရှောင်ကို အနည်းငယ် ဇဝေဇဝါဖြစ်စေပြီး စိတ်မသက်မသာ ဖြစ်စေသည်။


“ငါတို့ ကြယ်တာရာ ပုတီးစေ့တွေကို ယူပြီး ထွက်သွားရအောင်"


"သွေးနံ့က ဘီလူးဖြူတွေ အများကြီးကို ဆွဲဆောင်လိမ့်မယ်"


ရှယန်က ဓားရှည်ကို ကျောပိုးကာ ထွက်ခွာရန် လှည့်ထွက်သွားပြီး ကျန်းရှောင်ကို သူမ၏ ကျောပြင်ကိုသာ ကြည့်ရင်း ကျန်ရစ်စေခဲ့သည်။


ကျန်းရှောင် နှုတ်ခမ်းကို စေ့ကာ အစွမ်းကုန် ကြိုးစားပြီး ထရပ်လိုက်သည်။ 


သူ့မျက်နှာပေါ်က အဖုအကျိတ်ကို ခံစားမိပြီး စုတ်ပြဲနေသော အဝတ်အစားများကို ကြည့်ကာ မိမိကိုယ်ကို ကောင်းချီးပေးခြင်း ကုသခြင်းချက်ချင်း ပြုလုပ်လိုက်သည်။


ကျန်းရှောင် ဘီလူးဖြူ၏ ဦးခေါင်းဆီသို့ အမြန်လျှောက်သွားရာ သွေးများစွန်းထင်းနေသော နှင်းပုံထဲရှိ မည်းမှောင်သော မျက်နှာကို မြင်လိုက်ရသည်။


ကမ္ဘာကြီးက မှောင်မိုက်နေပြီး ဘီလူးဖြူ၏ မျက်နှာမည်းကြီးမှာ အိပ်မက်ဆန်သော Aurora အလင်းတန်းများအောက်တွင် ပို၍ပင် ထိတ်လန့်စရာ ကောင်းနေသည်။


ကြက်တစ်ကောင်တောင် မသတ်ဖူးသော လူတစ်ယောက်အနေဖြင့် လူဝံနှင့်တူသော ဘီလူးဖြူ၏ ဦးခေါင်းကို ကျန်းရှောင် မည်သို့ ခွဲစိတ်ရမည်နည်း။


ကျန်းရှောင်က သူ၏စစ်လွယ်အိတ် ဘေးအိတ်ကပ်ထဲမှ ဓားမြှောင်ကို ထုတ်လိုက်ပြီး ဘီလူးဖြူ၏ မျက်နှာကို မြေပြင်ပေါ်သို့ ဖိကာ လှည့်လိုက်သည်။


“ငါ နင့်ကို တစ်ခါပဲ သင်ပေးမယ်” 


ကျန်းရှောင်ကို တုန်လှုပ်သွားစေသော အသံတစ်ခု ထွက်ပေါ်လာ၏။


'သူမ လမ်းလျှောက်တာ ဘာလို့ အသံမထွက်တာလဲ'


'နှင်းတွေ ဒီလောက်ထူတာကို ဘယ်လိုလုပ်ပြီး အသာလေး ရောက်လာတာလဲ' သူ တွေးနေမိသည်။


ရှယန်က ကျောပေါ်က ဓားကို စောင်းလိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ သူမ၏ ဘယ်ဘက်ပေါင်ဘေးမှ ဓားမြှောင်တစ်လက်ကို ထုတ်ယူလိုက်သည်။ 


သူမက ၎င်းကို လက်ချောင်းများဖြင့် လှည့်ပတ်လိုက်ပြီး ဘီလူးဖြူ၏ ခေါင်းနောက်ဘက်သို့ ထိုးစိုက်ကာ ခွဲလိုက်သည်။


ထို့နောက် သူမ၏ ဖြူစင်နုနယ်သော လက်ချောင်းကို သွေးစွန်းနေသော ဦးခေါင်းထဲသို့ ထည့်ကာ ကြယ်တာရာ ပုတီးစေ့တစ်ခုကို ထုတ်ယူလိုက်သည်။


ရှယန်က ကြယ်တာရာ ပုတီးစေ့ကို ကျန်းရှောင်ထံသို့ ပစ်ပေးလိုက်ပြီး နှင်းတစ်ဆုပ်ကို ယူကာ သွေးစွန်းနေသော လက်ဖဝါးကို ပွတ်တိုက်

ဆေးကြောလိုက်သည်။ 


ထို့နောက် သူမ ထရပ်ကာ ထွက်သွား၏။


ကျန်းရှောင်သည် ရှယန်၏ သဘောထား ပြောင်းလဲသွားမှုကို ခံစားမိပြီး သက်ပြင်းချလိုက်သည်။ 


ထို့နောက် ကြယ်တာရာ ပုတီးစေ့ကို ကောက်ယူကာ သူမနောက်သို့ အမြန်လိုက်သွားသည်။


ယနေ့သည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်၊ နံနက် ၉:၁၅ နာရီ ဖြစ်ပြီး သူတို့ နှင်းတောထဲသို့ စတင်ဝင်ရောက်သည့် ပထမဆုံးနေ့ ဖြစ်၏။


၎င်းသည် သူတို့နှစ်ဦး ရင်ဆိုင်ခဲ့ရသော ပထမဆုံး ဘီလူးဖြူလည်း ဖြစ်သည်။


၁၅ မိနစ်အကြာတွင် ရှယန်က ရုတ်တရက် ရပ်လိုက်ရာ ကျန်းရှောင်က သူ၏ စစ်လွယ်အိတ်ကို ချလိုက်ပြီး ဓားမြှောင်ကို ကိုင်ကာ ပတ်ဝန်းကျင်ကို သတိရှိရှိ ကြည့်လိုက်သည်။


ရှယန်က ဖြည်းဖြည်းချင်း နောက်ဆုတ်ကာ သစ်ပင်ကို မှီလျက် လက်ပိုက်ကာ တိတ်ဆိတ်နေသည်။


ကျန်းရှောင် ပတ်ဝန်းကျင်ကို အမြန်ရှာဖွေလိုက်၏။


ဓားမြှောင်ကို ကိုင်ထားသော သူ့လက်များ တုန်ယင်နေသော်လည်း ၎င်းမှာ ကြောက်ရွံ့ခြင်း သို့မဟုတ် အေးစိမ့်ခြင်းကြောင့် မဟုတ်ပေ။


“တိုက်ပွဲကို ကွင်းပြင်ထဲရောက်အောင် ကြိုးစား၊ သူတို့ကို သစ်ပင်တွေနဲ့ မနီးစေနဲ့” 


ရှယန်က နောက်ဆုံးတွင် စကားစပြောလိုက်သည်။


ကျန်းရှောင် ခေါင်းငြိမ့်ပြသည်။ 


သီးခြားကမ္ဘာမှ လာသည့် ဤလူဝံနှင့်တူသော သတ္တဝါများသည် ထူထပ်သော တောအုပ်ထဲတွင် တိုက်ခိုက်ရေးစွမ်းအား ပိုမိုမြင့်မားကြောင်း သူနားလည်သည်။


သို့သော် သူတို့သည် နှင်းဖုံးနေသော တောအုပ်ထဲတွင် ရောက်ရှိနေပြီ ဖြစ်သည်။ 


ကွင်းပြင်ရှာတွေ့လျှင်ပင် ထိုနေရာမှာ အလွန်ကျဉ်းမြောင်းပေလိမ့်မည်။


နောက်ဆုံးတွင် ကျန်းရှောင်သည် နီရဲသော မျက်လုံးတစ်စုံကို တွေ့ရှိသွားပြီး ညာဘက်သို့ ဖြည်းဖြည်းချင်း ရွှေ့လိုက်သည်။


ကျန်းရှောင်သည် ရှယန်၏ လှောင်ပြောင်မှုနှင့် ဆဲဆိုမှုများကို ခံနိုင်ရည်ရှိသော်လည်း သူမ၏မျက်လုံးထဲမှ စိတ်ပျက်နေသော အကြည့်ကိုမူ လုံးဝမခံစားနိုင်ပေ။ 


သူ နောက်ပြောင်နေခြင်းကို ရပ်တန့်လိုက်ပြီး ယခင်ကထက် ပိုမိုအလေးအနက်ထားကာ ကြိုးစားရန် ပြင်ဆင်လိုက်သည်။ 


ထို့နောက် သစ်ပင်နောက်ကွယ်က အရိပ်မည်းကြီးကို လေချွန်၍ စိန်ခေါ်လိုက်သည်။


သူ့၏ စိန်ခေါ်မှု အောင်မြင်ပုံရ၏။


အရပ်ရှည်ပြီး ကြီးမားသော ဘီလူးဖြူသည် ကျန်းရှောင်၏ ရည်ရွယ်ချက်ကို နားလည်သွားပုံရပြီး သူ့ထံသို့ ဖြည်း

ဖြည်းချင်း လျှောက်လာသည်။


သူတို့နှစ်ဦးစလုံး ချက်ချင်း တိုက်ခိုက်ရန် အသင့်ဖြစ်သွားကြသည်။


တိုက်ပွဲစတင်သည့် အခိုက်အတန့်တွင် ကျန်းရှောင်၏ စိတ်ထဲတွင် သတင်းစကားတစ်ခု ရုတ်တရက် ပေါ်လာ၏။


“အခြေခံအတတ်ပညာကို ရရှိသည်"


"ဓားမြှောင်ကျွမ်းကျင်မှု"