ကျန်ပင်းမြို့၏ ဗဟိုလမ်းမထက်တွင်။
အရပ်ရှည်ရှည်၊ လှပကျော့ရှင်းပြီး ဆွဲဆောင်မှုရှိသော မိန်းကလေးနှစ်ဦးသည် ခပ်အေးအေးပင် ဈေးဝယ်ထွက်ရင်း မညီညာသော ကျောက်ပြားလမ်းပေါ်တွင် လမ်းလျှောက်နေကြသည်။
သူတို့နှစ်ဦးမှာ မြင်ရသူတိုင်း ငေးမောရလောက်အောင် လှပသော မြင်ကွင်းတစ်ခုသဖွယ် ဖြစ်နေပြီး လမ်းသွားလမ်းလာတိုင်းက လည်ပြန်ကြည့်ရသည်အထိ ဆွဲဆောင်မှုရှိနေကြ၏။
Beige အရောင် လေကာအင်္ကျီကို ဝတ်ဆင်ထားသော ဆံပင်တိုနှင့်မိန်းကလေးမှာ ဦးဆောင်သူပုံစံ ပေါက်နေသည်။
သူမက ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်မှာ...
"သူ နေကောင်းပါတယ်၊ သူ့မှာ ဘာဖြစ်စရာ အကြောင်းရှိလို့လဲ"
"ငါ့ဆီမှာ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ လေ့ကျင့်ရေးကိုလည်း ပြင်းပြင်းထန်ထန် လုပ်နေတာပဲ၊ စွမ်းဆောင်ရည်လည်း ကောင်းတယ်လေ"
သူမဘေးမှ မိန်းကလေးမှာမူ လေကြောင့် ဖွာလန်ကြဲသွားသော သူမ၏ နက်မှောင်သည့် ဆံနွယ်ရှည်များကို သပ်တင်ရင်း ဝေခွဲမရသည့် လေသံဖြင့် "သူက..."
"ဟေး၊ နင်က သူ့အကြောင်းပဲ တောက်လျှောက် ပြောနေတာပဲ၊ ငါနဲ့ ဈေးဝယ်ဖို့ရော စိတ်ပါရဲ့လား"
ရှယန်က ခေါင်းကိုတစ်စောင်းစောင်းလုပ်ကာ ဟန်ကျန်းရွှယ် ကို မကျေမနပ် ကြည့်လိုက်သည်။
"ကောင်းပါပြီ"
ဟန်ကျန်းရွှယ်က ညင်သာစွာ သဘောတူလိုက်ပြီး တိတ်ဆိတ်သွားသည်။
"အဲဒါမှပေါ့"
ရှယန်က လက်တစ်ဖက်ကို အင်္ကျီအိတ်ကပ်ထဲ ထည့်ထားပြီး ကျန်လက်တစ်ဖက်ကို ဟန်ကျန်းရွယ် တွဲနိုင်ရန် အနည်းငယ် မြှောက်ပေးလိုက်
သည်။
ဟန်ကျန်းရွှယ်မှာ သက်ပြင်းချရင်း မျက်လုံးလှန်ပြလိုက်သော်လည်း ရှယန်၏ လက်မောင်းကို တွဲလိုက်ရလေ၏။
ရှယန်၏ တည်ငြိမ်သော မျက်နှာပေးအောက်တွင်မူ ဝမ်းသာကြည်နူးမှုများ ပြည့်နှက်နေသည်။
သူမ စိတ်ထဲမှ တွေးလိုက်သည်မှာ 'ငါကပဲ အမြဲ မျက်နှာပြောင်တိုက်ပြီး နင့်လက်မောင်းကို အရင်တွဲခဲ့ရတာ၊ အခုတော့ ငါ အခြေအနေကို ပြောင်းပြန်လှန်နိုင်ပြီဟေ့'
ရှယန်၏ နှုတ်ခမ်းများ ကွေးညွတ်သွားပြီး စိတ်ထဲမှ သီချင်းဆိုနေမိသည်။
'ငါတို့လို လူတွေက တကယ်ကို ပျော်စရာကောင်းတာပဲ...'
"သူ့ရဲ့ မကြာသေးခင်က အပြုအမူတွေက ပုံမှန်
မဟုတ်ဘူးလို့ ငါထင်တယ်"
"ဒီလောက် ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေ လုပ်နေတာတောင် ဖုန်းဆော့ဖို့ အချိန်ရှိသေးတယ်လေ"
ဟု ခြေလှမ်း တစ်ဆယ်ပင် မပြည့်သေးခင်မှာပင် ဟန်ကျန်းရွှယ်က ပြန်ပြောလာသည်။
ရှယန် ပျာယာခတ်သွားပြီး...
"ဩော်... ဟုတ်လား၊ အိမ်ပြန်ရောက်ရင် ငါ သွားကြည့်လိုက်ဦးမယ်"
"ဖုန်းဆော့နေမှာစိုးလို့ ဖုန်းကို သိမ်းထားလိုက်
မယ်"
"ဒီကလေးက ပင်ပန်းရကောင်းမှန်း မသိသေးဘူးထင်တယ်"
"လေ့ကျင့်ရေး အရှိန်ကို မြှင့်ရမယ်"
"အင်း၊ အဲဒါ ကောင်းတဲ့ အစီအစဉ်ပဲ"
ဟန်ကျန်းရွှယ်က သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။
တစ်ချိန်တည်းမှာပင်၊ ရှယန်နှင့် ဟန်ကျန်းရွှယ်တို့ ဈေးဝယ်ထွက်သွားပြီး နာရီဝက်ခန့်အကြာတွင် ရှယန်တို့အိမ်ရှေ့သို့ အနက်ရောင် ကားတစ်စီး ဆိုက်ရောက်လာ၏။
လူခေါ်ဘဲလ်တီးသံ ကြားရပြီးနောက် အန်တီကျိုးက တံခါးမှန်ပေါက်မှ ချောင်းကြည့်လိုက်ပြီး ပျာပျာသလဲ တံခါးဖွင့်ပေးလိုက်၏။
"မစ္စတာရှ ပါလား"
အန်တီကျိုးက နှုတ်ဆက်လိုက်သည်။
"ကျိုးလေး၊ ယန်ယန် အိမ်မှာ ရှိလား"
လေးထောင့်ကျကျ မျက်နှာနှင့် အရပ်ပုပြတ်ပြတ် အလယ်အလတ်အရွယ် အမျိုးသားက မေးလိုက်သည်။
အန်တီကျိုးက ရှရှန်းဟိုင်ထက် အသက်ကြီးသော်လည်း သူကတော့ သူမကို ထိုသို့ပင် ခေါ်လေ့ရှိ၏။
"မမလေးက လွန်ခဲ့တဲ့ နာရီဝက်လောက်ကပဲ သူငယ်ချင်းနဲ့ ဈေးဝယ်ထွက်သွားပါတယ်"
ဟု အန်တီကျိုးက ဖြေသည်။
"ဩော်... ဟုတ်လား၊ သူ အခုတလော ဘယ်လိုနေလဲ"
ရှရှန်းဟိုင်က စိုးရိမ်တကြီးဖြင့် အိမ်ထဲသို့ လှမ်းဝင်လာသည်။
"သိတဲ့အတိုင်းပဲလေ၊ သူ့အရွယ် ကလေးတွေက မိဘတွေနဲ့ စကားပြောခဲတယ် မဟုတ်လား"
"မစ္စတာရှ... မမလေးက အခုတလော စိတ်ဓာတ်ကျနေသလိုပဲ၊ နေ့တိုင်းလည်း ပြင်းပြင်းထန်ထန် လေ့ကျင့်နေတယ်"
"သူမပြောတာကတော့ မနက်ဖြန်ကျရင် နှင်းတောထဲကို လေ့ကျင့်ရေးဆင်းဖို့ သွားမယ်တဲ့"
အန်တီကျိုးက ရှယန်ကို ချီးကျူးစကားဆိုရင်း ရှရှန်းဟိုင်အတွက် ဖိနပ်များကို ပြင်ဆင်ပေးလိုက်သည်။
"အင်း... အဲဒါ ကောင်းတာပေါ့၊ သူ နားလည်လာတာ ဝမ်းသာစရာပဲ"
ရှရှန်းဟိုင်က အိမ်ထဲသို့ လျှောက်ဝင်ရင်း ဆက်ပြောသည်။
"အိမ်မှာ တခြားထူးထူးခြားခြား ပြောင်းလဲတာ မရှိဘူး မဟုတ်လား"
"ဟို... အဲဒါက..."
အန်တီကျိုး ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ဆက်
ပြောလာ၏။
"မမလေးက လွန်ခဲ့တဲ့ ၇ ရက်က တခြားကလေးတစ်ယောက်ကို အိမ်ခေါ်လာတယ်၊ ဒါပေမဲ့ သူ့ကို မြေအောက်ခန်းမှာပဲ တိုက်ရိုက် နေခိုင်းထားတာ"
"အဲဒီကတည်းက သူ အပြင်ကို တစ်ခါမှ မထွက်လာသေးဘူး"
ရှရှန်းဟိုင် အံ့အားသင့်သွားပြီး တွေးလိုက်
သည်မှာ...
'ဘာတွေဖြစ်နေတာလဲ၊ ရှယန်က ကျန်းရှောင်ဖီကို မြေအောက်ခန်းထဲ ပစ်ထည့်ထားတာလား"
'ခုနစ်ရက်တောင် ရှိပြီလား၊ ငါ့သမီးလေးက တစ်ပါးသူရဲ့ သားကို အကျဉ်းချထားတာလား'
သူ့သမီးက အပျော်သဘောဖြင့် သူမ၏ ချစ်သူကို အိမ်မှာ ဝှက်ထားသည်ဟု ထင်ခဲ့သော်လည်း ရှယန်က တစ်ဖက်လူကို တရားမဝင် ဖမ်းဆီးထားသည်ဟု သူထင်သွားမိသည်။
ကျန်းရှောင်ဖီသည် ကလေးကောင်းတစ်ယောက် မဟုတ်သည်ကို သိသောကြောင့် သူနှင့် ဇနီးဖြစ်သူက ထိုပတ်သက်မှုကို လုံးဝ သဘောမတူသော်လည်း ကျန်းရှောင်ဖီမှာ သူတို့ သူငယ်ချင်းအရင်းကြီး၏ သားဖြစ်သဖြင့် ထိခိုက်နစ်နာအောင် မလုပ်လိုကြပေ။
"ဘာတွေ ဖြစ်နေတာလဲ"
ရှရှန်းဟိုင်က စိုးရိမ်တကြီး မေးလိုက်သည်။
"အဲဒီကလေးက တကယ်ကို ကလေးလိမ္မာလေးပါ"
အန်တီကျိုးသည် အသက် ၅၀ ကျော်အရွယ်ဖြစ်ပြီး အတင်းအဖျင်း ပြောရသည်ကို ဝါသနာပါသူပင်။
ကျန်းရှောင်အကြောင်း တွေးမိလိုက်သည်နှင့် သူမမျက်နှာတွင် အပြုံးများ ပေါ်လာပြီး သနားသလိုလည်း ဖြစ်နေမိသည်။
သူမက ရှင်းပြသည်မှာ...
"သူက မြေအောက်ခန်းထဲမှာ နေ့တိုင်း လေ့ကျင့်နေတာ၊ လွန်ခဲ့တဲ့ တစ်ပတ်က မမလေးက သူ့အတွက် ကိုယ်ပိုင်သင်တန်းဆရာတစ်
ယောက် ငှားပေးခဲ့တယ်"
"သူတို့နှစ်ယောက်က အတူတူစား၊ အတူတူနေကြတာ"
"ကျွန်မကတော့ သူတို့အတွက် ရေနဲ့ ထမင်းကို နေ့တိုင်း ပို့ပေးပါတယ်"
"သူ့ကို မြင်တိုင်း ချွေးတွေနဲ့ ရွှဲနေတာ ရေချိုးထားသလိုပဲ၊ ဒဏ်ရာတွေလည်း ဗရပွနဲ့... မြင်ရတာ တကယ် စိတ်မကောင်းစရာပါပဲ"
ရှရှန်းဟိုင် အနည်းငယ် မှင်တက်သွားသည်။
အခြေအနေက သူထင်ထားသလို မဟုတ်ဘဲ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခြင်း။
"ကျန်းရှောင်ဖီက မြေအောက်ခန်းမှာ လေ့ကျင့်နေတာလား"
"ဟုတ်ပါတယ် မစ္စတာရှ...သွားကြည့်ချင်လား"
"ညစာစားဖို့ အချိန်တန်ပြီဆိုတော့ သူတို့ကို သွားခေါ်လို့ရတာပေါ့"
"ဆရာလည်း ညစာ အတူတူစားသွားပါ၊ နေမဝင်သေးဘူးဆိုတော့ ကလေးတွေကို အပြင်ထွက်ပြီး နေရောင်လေး ပေးကြည့်ခိုင်းလိုက်ပါဦး"
ကလေးတွေကို အပြင်ထွက်ပြီး နေရောင်လေး ပေးကြည့်ခိုင်းလိုက်ပါဦး...
နေရောင်ကြည့်ခိုင်းလိုက်ဦး...
ထိုစကားလုံးများသည် ရှရှန်းဟိုင်၏ စိတ်ထဲတွင် ဝဲလည်နေပြီး သူ့ကို အံ့အားသင့်စေသည်။
"ကောင်းပြီလေ"
ရှရှန်းဟိုင် ခေါင်းငြိမ့်လိုက်သော်လည်း သူလွှတ်ထားသော သူလျှိုအပေါ် မကျေမနပ် ဖြစ်သွားသည်။
ဒီသူလျှိုကတော့ ညံ့လိုက်တာ။
'သူက ကျန်းရှောင်ဖီနဲ့ ရှယန် အိမ်ပြန်လာတာကိုပဲ မြင်ပြီး သင်တန်းဆရာ အိမ်ထဲဝင်သွားတာကို မမြင်ဘူးလား'
'ဘယ်လို စောင့်ကြည့်နေတာလဲ'
မြေအောက်ခန်း တံခါးမှာ ပွင့်နေသဖြင့် ရှရှန်းဟိုင် အထဲသို့ ဝင်သွားလိုက်သည်။
လှေကားအတိုင်း ဆင်းသွားစဉ် လေဝင်လေထွက် ပိုက်လိုင်းသံများနှင့်အတူ တစ်ခုခုကို ရိုက်နှက်ထုရိုက်နေသည့် အသံများကို ကြားလိုက်ရ၏။
သန်မာထွားကြိုင်းသော လေကျင်းသည် လက်နှင့် ခြေထောက်များတွင် အခုအခံများ ဝတ်ဆင်ထားပြီး ကျန်းရှောင်ကို ဖိအားပေးရင်း ရှေ့တိုးနောက်ဆုတ် လုပ်နေသည်။
ကျန်းရှောင်အား သူ၏ အခုအခံများကို အစွမ်းကုန် ရိုက်နှက်ခွင့် ပေးထားသည်။
လေကျင်းကလည်း တစ်ခါတစ်ရံ ပြန်လည် တိုက်ခိုက်၏။
ကျန်းရှောင်မှာ အကာအကွယ်ပစ္စည်းများကို ဝတ်ဆင်ထားပြီး ချွေးများ စိုရွှဲနေကာ သူ၏ ပစ်မှတ်ကိုသာ စူးစူးစိုက်စိုက် ကြည့်နေသည်။
သူ၏ မျက်ဝန်းထဲတွင် ပြတ်သားမှုနှင့် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည်။
သူ၏ ငယ်ရွယ်သော မျက်နှာပေါ်မှ ထိုအကြည့်များမှာ အမှန်တကယ်ပင် လေးစားဖွယ် ကောင်းလှ၏။
ကလေးများကို နေရောင်ပြလိုသော အန်တီကျိုးက သူတို့၏ လေ့ကျင့်ခန်းကို အလျင်အမြန်ပင် ဖြတ်ပြောလိုက်သည်။
ခဏအကြာတွင် နေဝင်ချိန်သို့ ရောက်ရှိလာသည်။
"ရှောင်ဖီ၊ ခဏရပ်ပါဦး"
အန်တီကျိုးက သူမဘေးမှ လူကို ညွှန်ပြကာ မိတ်ဆက်ပေးလိုက်၏။
"ဒါက မစ္စတာရှ၊ ရှယန်ရဲ့ ဖခင်လေ"
"ဗျာ"
ကျန်းရှောင် အံ့အားသင့်သွားသည်။
သူ့ရှေ့မှ အရပ်ရှည်ရှည် လူကြီးကို ကြည့်ရင်း တွေးလိုက်မိသည်မှာ...
'ရှယန်က ဘာလို့ ဒီလောက် အရပ်ရှည်တာလဲ ဆိုတာ မထူးဆန်းတော့ပါဘူး'
'သူ့အဖေက အကြီးကြီးပဲ၊ ၁.၉ မီတာလောက် ရှိမယ် ထင်တယ်'
သေချာစဉ်းစားပြီးနောက် ကျန်းရှောင်သည် ထိုလူမှာ မည်သူဖြစ်ကြောင်း မှတ်မိသွားသည်။
ကျန်းရှောင်ဖီသည် ရှရှန်းဟိုင်ကို အနည်းငယ်သာ မြင်ဖူးခဲ့ခြင်း။
မူလတန်းကျောင်းသားဘဝက မိသားစုနှစ်စု တွေ့ဆုံပွဲတစ်ခုတွင် တစ်ကြိမ်သာ တွေ့ဖူးလေ၏။
နောက်ပိုင်းတွင် မိဘများ တာဝန်ထမ်းဆောင်ရန် မထွက်ခွာမီ ရှရှန်းဟိုင် တံခါးဝတွင် စောင့်
နေသည်ကို တစ်ခါတစ်ရံ တွေ့ဖူးသည်။
သို့သော် ထိုအတွေ့အကြုံမှာ မူလတန်းတုန်းက ဖြစ်ပြီး မကြာခဏလည်း မဟုတ်ပေ။
"ဦးလေး... ရှ"
ကျန်းရှောင်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလိုက်
သည်။
အသက် ၂၅ နှစ်အရွယ် လူကြီးတစ်ယောက်အတွက် အသက် ၄၀ ကျော် အမျိုးသားတစ်ဦးကို "ဦးလေး" ဟု ခေါ်ရန်မှာ မခက်ခဲလှပေ။
၎င်းအပြင် ရှယန်၏ ဖခင်ဖြစ်ပြီး ရှယန်က သူ့အပေါ် အလွန်ကောင်းသောကြောင့် ရှရှန်းဟိုင်ကို ယဉ်ကျေးရမည်။
"ဟား...ရှောင်ဖီက အခုတော့ လူလားမြောက်နေပြီပဲ"
"မင်း ဒီလောက် ကြိုးစားနေတာ မြင်ရတော့ ငါ တကယ် ဝမ်းသာပြီး အားရမိတယ်"
ရှရှန်းဟိုင်၏ တင်းမာသော မျက်နှာပေးမှာ ပျော့ပြောင်းသွားပြီး အားရကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။
"လာပါ၊ အပေါ်တက်ပြီး နားရအောင်...ပြီးခဲ့တဲ့ နှစ်တွေက မင်းအပေါ် ငါ သိပ်ပြီး ဂရုမစိုက်နိုင်ခဲ့ဘူး၊ အဲဒါ ငါ့အမှားပါ"
ကျန်းရှောင်က ခေါင်းကို ကုတ်ရင်း လေကျင်းကို လှမ်းကြည့်လိုက်သည်။
သူ အံ့အားသင့်သွားရသည်မှာ လေကျင်းသည် အခုအခံများကို ချွတ်ပြီး တံခါးဆီသို့ ဦးတည် လျှောက်သွားနေပြီ။
ဒီဆရာလည်း ဒါတွေ လုပ်ရတာ ငြီးငွေ့နေပြီ ထင်တယ်... ဟု သူ တွေးလိုက်သည်။
ကျန်းရှောင် မြေအောက်ခန်းမှ ထွက်လာသောအခါ စင်္ကြံပြတင်းပေါက် ပွင့်နေသည်ကို တွေ့ရပြီး လေကျင်းမှာ သဘာဝတရားကို ပွေ့ဖက်ထားသကဲ့သို့ လက်မောင်းများကို ဖြန့်ကာ နေဝင်ချိန်ကို ငေးကြည့်နေသည်။
နေရောင်ခြည်သည် မှိန်ဖျော့သော မီးချောင်းများထက် အဆပေါင်းများစွာ ပို၍ ကောင်းမွန်လှ၏။
ကျန်းရှောင်သည် ပြတင်းပေါက်နားသို့ လျှောက်သွားပြီး လေကျင်း၏ ဘေးမှနေ၍ အပြင်ဘက်ကို ကြည့်လိုက်သည်။
နေဝင်ချိန်၏ ရွှေရောင်အလင်းတန်းများသည် တိမ်တိုက်များပေါ်တွင် ပျံ့နှံ့နေပြီး
ဖြူစင်သော တိမ်တိုက်များကို အနီရောင် ဆိုးထားသကဲ့သို့ပင်။
ပြတင်းပေါက်အပြင်ဘက်မှ လတ်ဆတ်သော လေကို ရှူရှိုက်လိုက်စဉ်မှာပင် ကျန်းရှောင်၏ စိတ်ထဲ၌ သတင်းစကားတစ်ခု ပေါ်လာသည်။
"ကြယ်တာရာ စွမ်းအား အဆင့်တက်ပါပြီ"
"ကြယ်တာရာ စွမ်းအား - ကြယ်မှုန် အဆင့် ၃"