အခန်း ၆
Viewers 1k



ဒီနေ့လည်း ရာသီဥတုက သာယာမြဲ သာယာနေဆဲ။ ကောင်းကင်ပြာပြာလွင်လွင်ကြီးက ကြည့်လိုက်ရုံနဲ့တင် စိတ်နှလုံးကို လန်းဆန်းသွားစေတယ်။ ပင်လယ်ဇင်ယော်တွေရဲ့ အော်မြည်သံတွေနဲ့အတူ ချန်ပေါ်ရင် တစ်ယောက် ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ပင်လယ်ပြင်ထဲ လှေစီးပြီး ထွက်လာခဲ့ပြီ။


 ဟုတ်တာပေါ့... သူတို့စီးလာတဲ့လှေက လက်မောင်းအားကိုပဲ အားကိုးပြီး ခတ်နေရတဲ့ သစ်သားလှေအစုတ်လေး ဆိုတာကိုသာ မေ့ထားနိုင်ရင် ဒီခရီးက ပိုပြီး စိတ်ကြည်နူးစရာ ကောင်းနေမှာ အမှန်ပဲ။


သူ့အစ်ကိုကြီး အမောတကောနဲ့ လှေခတ်နေရတာကို ကြည့်ပြီး ပေါ်ရင်ခမျာ မရယ်မိအောင် အတော်အောင့်ထားရတယ်။


သူ့ညီမလေးက ပါးစပ်လေးပိတ်ပြီး ခိုးရယ်နေတာကို မြင်တော့ ချန်ပေါင်အန်း က သက်ပြင်းမောကို ချလိုက်ရင်း -


"အစ်ကိုကြီး လှေမခတ်ရတာ ကြာလို့ လက်နည်းနည်း တောင့်နေလို့ပါဟ။ နောက်ထပ် နှစ်ချက်သုံးချက်လောက် ခတ်လိုက်ရင် အရှိန်ရသွားမှာပါ။ ဒီနေ့ သိပ်အဝေးကြီး သွားမှာလည်း မဟုတ်ပါဘူး... ဘာမှ နောက်ကျမှာ မဟုတ်ဘူး၊ စိတ်မပူနဲ့"


ပုံမှန်ဆိုရင်တော့ ပင်လယ်ငါးဖမ်းကွက်တွေက ပိုက်အကြီးကြီးတွေ ချနိုင်ဖို့ စက်လှေအကြီးကြီးတွေနဲ့ ပင်လယ်ဝေးဝေးကို ထွက်ကြတာ။ သူတို့ရဲ့ သစ်သားလှေလေးမှာလည်း ပိုက်ပါပေမယ့် အကောင်အထည် အကြီးကြီးတွေကိုတော့ မနိုင်ဘူး။ ပြီးတော့ ကမ်းခြေနဲ့ နီးလွန်းတော့ ဒီနားက ပင်လယ်စာတွေက အဖမ်းခံရဖူးလွန်းလို့ ပြောင်သလင်းခါနေပြီ။ ဒါကြောင့်မို့လည်း ချန်ပေါင်အန်းတစ်ယောက် ဒီနေ့အတွက် ဘာကောင်မှ မိလိမ့်မယ်လို့ သိပ်ပြီး မျှော်လင့်မထားတာ ဖြစ်တယ်။


သူက ညီမလေး ပင်လယ်ပြင်ကို လိုက်ချင်လို့ အဖော်လုပ်ပေးတဲ့ သဘောသက်သက်ပဲ ထွက်လာခဲ့တာ။ ဒါပေမယ့်လည်း သူ့ညီမလေးရဲ့ ကံကတော့ တကယ့်ကို ထူးခြားဆန်းပြားလွန်းပါတယ်။ မနေ့က မိခဲ့တဲ့ ငါးကြီး ဆိုရင်လည်း... သူ့တစ်သက်မှာ တစ်ခါမှ ထိုမျှလောက် အကောင်ကြီးတာမျိုး မမြင်ဖူးခဲ့ဘူးလေ။


ပေါ်ရင်ကတော့ သူ့အစ်ကို ဘာတွေတွေးနေမှန်း မသိဘဲ ဒီနေ့ ဘာငါးတွေ မိမလဲဆိုတာကိုပဲ ရင်ခုန်စိတ်လှုပ်ရှားစွာ မျှော်လင့်နေမိတယ်။ အဲ့ဒီအချိန်မှာပဲ အစ်ကိုဖြစ်သူဆီက စိုးရိမ်တကြီး စကားသံ ထွက်လာခဲ့တယ် -


"ညီမလေး... ဟို ငါးဖမ်းကွက် ကန်ထရိုက်ကိစ္စအတွက် သိပ်ပြီး စိတ်မညစ်ပါနဲ့ကွာ။ အဖေ၊ အမေနဲ့ အစ်ကိုကြီးတို့ တိုင်ပင်ပြီးပြီ။ တကယ်လို့ ငွေမလောက်လို့ မယူနိုင်ရင်လည်း မယူတော့ဘူးပေါ့။ အဖေနဲ့ အစ်ကိုကြီးက လူပျို လူသန်တွေပဲ... ရှန်းကျိန်းမြို့ကို သွားပြီး အလုပ်လုပ်ကြတာပေါ့။ ဒါကြောင့် စိတ်ထဲမှာ အရမ်း ဖိအားမထားပါနဲ့။ ငါတို့မိသားစုက မိန်းကလေးတစ်ယောက်ကို ရှာကျွေးခိုင်းရလောက်အောင်အထိ ရက်စက်တဲ့ မိသားစုမဟုတ်ပါဘူး။ ညီမလေး လုပ်ချင်တာကိုသာ စိတ်လွတ်ကိုယ်လွတ် လုပ်ပါ"


အစ်ကိုဖြစ်သူရဲ့ အစိုးရိမ်လွန်ပြီး အားနာရိုသေနေတဲ့ လေသံကြောင့် ပေါ်ရင် တစ်ခုခု ထူးဆန်းနေမှန်း ရိပ်မိလိုက်တယ်။ ဒါနဲ့ပဲ မနေနိုင်ဘဲ မေးလိုက်မိတယ် -


"အစ်ကိုကြီး... အစ်ကိုတို့က ညီမလေးရဲ့ တက္ကသိုလ်ကျောင်းသားဘဝကို အရမ်း ဒုက္ခရောက်ခဲ့တယ်လို့ ထင်နေတာလား။"


ပေါင်အန်းတစ်ယောက် ဆတ်ခနဲ ဆွံ့အသွားပြီး 'ညည်း ဘယ်လိုသိလဲ' ဆိုတဲ့ မျက်နှာပေးကြီး ဖြစ်သွားတော့တယ်။


ပေါ်ရင် သက်ပြင်း အသာချလိုက်မိသည်။


သူမ ဖြတ်သန်းခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားဘဝက တကယ်ပဲ မကောင်းမွန်ခဲ့တာတော့ အမှန်ပင်။


 သို့သော်လည်း မရှုမလှ ဖြစ်ရလောက်အောင်အထိတော့ မဆိုးဝါးခဲ့ပါဘူး။ တကယ် ဒုက္ခရောက်ခဲ့ရတာကတော့... အဲ့ဒီဝတ္ထုထဲက အလိုလိုက်ခံထားရတဲ့ မင်းသမီးနဲ့ အဆောင်ခန်းတစ်ခုတည်း အတူတူ နေခဲ့ရလို့ နောက်ပိုင်းမှာ ဘဝတစ်ခုလုံး ကမောက်ကမ ဖြစ်သွားခဲ့ရတာပဲ။


"ညီမလေး အရင်က မပြောခဲ့ပေမယ့် အခု တကယ် အဆင်ပြေနေပါပြီ။ အစ်ကိုကြီးတို့၊ အဖေတို့ အမေတို့ ဘာမှ စိတ်ပူစရာမလိုဘူး။ မနေ့ကလည်း မြင်သားပဲမလား... နာရီပိုင်းလေးအတွင်းမှာတင် ယွမ် ရှစ်ရာတောင် ရခဲ့တာ။ ဒီနေ့လည်း အဲ့ဒီထက် မနည်းနိုင်ပါဘူး"


သူ့ညီမလေးက ယုံကြည်မှုအပြည့်နဲ့ ပြောနေတာကို မြင်တော့ ချန်ပေါင်အန်းတစ်ယောက် နည်းနည်းတော့ ရှက်ကိုးရှက်ကန်း ဖြစ်သွားမိတယ်။ မနေ့ညကတင် သူနဲ့ မိဘတွေဟာ ညီမလေး ရန်မြို့မှာ ဘာဒုက္ခတွေ တွေ့ခဲ့လဲဆိုတာကို စိုးရိမ်တကြီး တတွတ်တွတ် တိုင်ပင်ခဲ့ကြတာလေ။


သူက စကားတွေ ထပ်ပြောဖို့ ပြင်လိုက်စဉ်မှာပဲ ပေါ်ရင်က ချက်ချင်း လက်ကာပြပြီး တားလိုက်တယ်။


လှေလေးက ပင်လယ်ပြင်ထဲ ဖြည်းဖြည်းချင်း မျောပါနေတုန်း ပေါ်ရင်က အစ်ကိုဖြစ်သူကို လှေခတ်တာ ရပ်ဖို့ ချက်ချင်း အချက်ပြလိုက်တာ ဖြစ်တယ်။ အကြောင်းပြချက် မရှိဘဲ လုပ်တာတော့ မဟုတ်ဘူး... သူတို့လှေရဲ့ အောက်တည့်တည့်မှာ ပင်လယ်ရေအောက်စီးကြောင်းတွေ အလုံးအရင်းနဲ့ စီးဆင်းနေတာကို သူမရဲ့ အာရုံနဲ့ ခံစား သိရှိလိုက်လို့ပဲ။


ပင်လယ်ထဲ ထွက်လာကတည်းက သူမဟာ ပင်လယ်ရေစီးကြောင်းကို ထောက်လှမ်းနိုင်တဲ့ စွမ်းအားကို သုံးနေခဲ့တာ။ ရေအောက်စီးကြောင်းတွေ ဆုံတွေ့တဲ့ နေရာမျိုးဟာ ပင်လယ်ရေအောက်ခြေက အာဟာရဓာတ်တွေ မျက်နှာပြင်ပေါ်ကို လွင့်တက်လာတဲ့ နေရာမျိုး ဖြစ်တယ်။


 ဒီအာဟာရဓာတ်တွေက ငါးအုပ်ငယ်လေးတွေကို ဆွဲဆောင်ပြီး၊ ငါးအုပ်ငယ်လေးတွေ စုဝေးတဲ့နေရာဆိုရင်တော့ ငါးကြီးတွေကလည်း အမဲလိုက်ဖို့ နောက်ကနေ မဆုတ်မဆိုင်း လိုက်လာကြတော့တာပေါ့။


ပြီးတော့ အဲ့ဒီလို ငါးအမဲလိုက်သတ္တဝါကြီးတွေက ရောင်းရင်... ရွှေပုံငွေပုံ ရနိုင်တဲ့ အကောင်တွေချည်းပဲ။


သူ့ညီမလေးက ရုတ်တရက် ရပ်ခိုင်းလိုက်တော့ ချန်ပေါန်းအန်းလည်း နာခံမှုရှိရှိနဲ့ လှေတက်တွေကို ရုပ်သိမ်းလိုက်တယ်။ ဒါပေမယ့် သူတို့က သွားမယ့် ပန်းတိုင်နဲ့ နည်းနည်း လိုသေးတာ။


"ပေါ်ရင်... ဒီနားမှာ ဘာမှမရှိဘူး ထင်တယ်ဟ။ ကြည့်စမ်း... တခြားငါးဖမ်းလှေတွေ တစ်စီးမှတောင် ဒီနားမှာ မရှိကြဘူး"


သူမ ခေါင်းညိတ်ပြလိုက်ပြီး -

"ဒီနေရာက ကောင်းမယ်လို့ ညီမလေး ထင်တယ်။ ဒီမှာပဲ ပိုက်တစ်ခါလောက် အရင်ချကြည့်ရအောင်။ တကယ်လို့ ဘာမှမမိရင်လည်း အစ်ကိုကြီးသွားချင်တဲ့ နေရာကို ဆက်သွားတာပေါ့"


ချန်ပေါင်အန်းက ခေါင်းမာတဲ့သူ မဟုတ်တာမို့ ငါးဖမ်းပိုက်ကို မကာ ပင်လယ်ထဲကို ကျွမ်းကျင်စွာ ပစ်ချလိုက်တော့တယ်။


ပေါ်ရင်လည်း အနားမှာ ဒီတိုင်း ငြိမ်မနေပါဘူး။ အစ်ကိုဖြစ်သူ ပိုက်ချလိုက်တဲ့ တစ်ပြိုင်နက်ထဲမှာတင် သူမဟာ လက်ချောင်းလေးတွေကို သုံးပြီး 'ရေဓာတ်အဆီအနှစ်'  အစက်ကလေး နှစ်စက်ကို ဖန်တီးကာ ပိုက်ထဲကို အမြန် ပစ်ထည့်လိုက်တယ်။


ဂျယ်လီလို ပုံစံရှိတဲ့ ရေဓာတ်အဆီအနှစ် အကြည်ရောင်စက်လေးတွေက ပင်လယ်ရေထဲ ရောက်တာနဲ့ ချက်ချင်း ပျောက်ကွယ်သွားခဲ့တယ်။ ဒါပေမယ့် ပတ်ဝန်းကျင်က ပင်လယ်သတ္တဝါတွေကတော့ အဲ့ဒီအာဟာရဓာတ်ကို ချက်ချင်း အာရုံရသွားပြီး ပိုက်ရှိတဲ့နေရာဆီကို အလုအယက် တိုးဝှေ့လာကြတော့တယ်။


 သဘာဝအတိုင်း ရေစီးကြောင်း ဆုံတဲ့နေရာလည်း ဖြစ်နေတာကြောင့်...

မိနစ်ပိုင်းအတွင်းမှာတင် ပေါ်ရင်ရဲ့ အာရုံထဲမှာ ငါးပါးနီ  အုပ်ကြီး တိုးဝှေ့ဝင်ရောက်လာတာကို ခံစားလိုက်ရတယ်။ ငါးပါးနီဆိုတာ ဒီဒေသမှာ အတွေ့ရအများဆုံး ငါးအမျိုးအစား ဖြစ်ပြီး အကြေးခွံလေးတွေက နီရဲကာ အရသာလည်း အရမ်းရှိလှတယ်။ သူတို့ဆီကို ဦးတည်လာနေတဲ့ ငါးအုပ်ကြီးက တကယ့်ကို အလုံးအရင်းပဲ။ ပေါ်ရင် စိတ်ထဲကနေ နှမြောတသ ဖြစ်သွားမိတယ်...

ငါးအုပ်ကြီးက ထုနဲ့ထည်နဲ့... ဒါပေမယ့် သူတို့ရဲ့ ပိုက်ကလေးက သေးလွန်းတော့ တစ်စိတ်တစ်ပိုင်းကိုတောင် ကုန်အောင် မဖမ်းနိုင်ဘူးလေ။


ချန်ပေါင်အန်းက ညီမလေးရဲ့ မျက်နှာပျက်သွားတာကို မြင်တော့ ငါးမမိမှာ စိုးရိမ်နေတယ်လို့ပဲ ထင်နေတာ။ ဒါပေမယ့် အဲ့ဒီအချိန်မှာတင် သူ့လက်မောင်းနှစ်ဖက်ဆီကနေ အဆမတန် လေးလံတဲ့ အလေးချိန်ကြီးကို ရုတ်တရက် ခံစားလိုက်ရတယ်။ ငါးဖမ်းပိုက်ကြီးက ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားလာပြီး... ငါးတွေက အလုအယက် တိုးဝှေ့ဝင်နေကြလွန်းလို့ ပိုက်ကြိုးကိုတောင် လွတ်ထွက်လုနီးပါး ဖြစ်သွားခဲ့ရတယ်။


ပေါ်ရင်လည်း ချက်ချင်းပြေးသွားပြီး ပိုက်ကို အတူတူ ဝိုင်းဆွဲပေးခဲ့တယ်။


လက်နဲ့ ပိုက်ဆွဲရတာက စက်နဲ့ဆွဲရသလို ဘယ်ဟုတ်ပါ့မလဲ။ ပြီးတော့ ဒီငါးပါးနီအုပ်ကြီးကလည်း အကောင်ရေ နည်းတာမဟုတ်။ တော်တော်လေး လုံးပန်းလိုက်ရပြီးတဲ့နောက်မှာတော့ လှေကို ငြိမ်အောင်ထိန်းပြီး ပိုက်ကို ဆွဲတင်နိုင်ခဲ့ကြတယ်... ဒါပေမယ့် ပိုက်ထဲမှာ ငါးတွေက ပြည့်ညှပ်နေလွန်းလို့ ပိုက်ကွက်ကြားထဲကနေ ရုန်းထွက်ပြီး ပင်လယ်ထဲ ပြန်ခုန်ဆင်းသွားကြတာကို တွေ့လိုက်ရတယ်။


နှမြောစရာကြီး။


"အာ... ငါတို့မှာသာ စက်လှေအကြီးကြီးတစ်စီး ရှိရင် သိပ်ကောင်းမှာပဲ။ ဒီဇယ်အင်ဂျင်ပါတဲ့ လှေအလတ်စားလေး ရှိရင်တောင် ရတာပဲကို"


ငါးပါးနီတွေ လွတ်သွားတာကို ကြည့်ပြီး ပေါ်ရင်လည်း ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။ ကြည့်ရသလောက်တော့ ပိုက်ထဲမှာ ငါးအကောင်ရေ တစ်ရာကျော်လောက် ကျန်နေသေးပြီး... သစ်သားလှေအိုလေးလည်း ငါးတွေရဲ့ အလေးချိန်ကြောင့် ရေပြင်နဲ့ မလွတ်တလွတ် ဖြစ်နေရှာပြီ။


ချန်ပေါင်အန်းက လွတ်သွားတဲ့ ငါးတွေအတွက် သက်ပြင်းချ နှမြောနေပေမယ့် ပေါ်ရင်ကတော့ သူ့ကို မနှစ်သိမ့်ပါဘူး။ အစ်ကိုဖြစ်သူကို ဒီလို နှမြောတသ စိတ်နာသွားစေချင်တာ... ဒါမှသာ အဖေ့ကို အတင်းပူဆာပြီး စက်လှေအကြီးကြီးတစ်စီး အမြန် ငှားခိုင်းမှာလေ။


"ဟော... ဒီမှာ ခရုကြီးတွေတောင် ပါလာသေးတယ်"


ချန်ပေါင်အန်းက ငါးတွေကို ရွေးထုတ်ပြီး ပင်လယ်မှော်တွေကို ရေထဲ ပြန်ပစ်ချရင်း ပြောလိုက်တယ်။ ငါးပုံကြီးရဲ့ အောက်ဆုံးမှာတော့ ယောက်ျားကြီးတစ်ယောက်ရဲ့ လက်သီးဆုပ်ခန့်ရှိတဲ့ ပင်လယ်ခရုကြီး အချို့ကို တွေ့လိုက်ရတယ်။


ဒီခရုတွေက အသားက နူးညံ့ပြီး ကျစ်လျစ်တယ်၊ ချဉ်စပ်သုပ်စားစား၊ ဟင်းရည်ပဲသောက်သောက် အရမ်းကောင်းပြီး ဈေးလည်း အတော်ရတတ်တယ်။


"ဒီခရုတွေက ဈေးကောင်းရမှာ။ ပေါ်ရင်... ဒီနေ့တော့ ငါတို့ ကံတရားက တကယ့်ကို အခွင့်သာနေပြီ"


ခရုကြီးတွေကို ကြည့်ပြီး ပေါ်ရင် ခဏလောက် စဉ်းစားလိုက်ကာ -

"ဒါတွေကို မရောင်းရအောင် အစ်ကိုကြီး။ အိမ်ကိုပဲ ယူသွားပြီး မိသားစုဝင်တွေ အကုန်လုံး အတူတူ ချက်စားကြတာပေါ့"


အကောင်းစား ပစ္စည်းမှန်သမျှကို ရောင်းချည်းပဲ မပစ်သင့်ပါဘူး... မိသားစုလည်း ကောင်းကောင်းမွန်မွန် စားသောက်သင့်တယ်လေ။ ပြီးတော့ ဒီငါးပါးနီပုံကြီးတင် ယွမ် နှစ်ရာ၊ သုံးရာလောက် ရနေပြီပဲဟာ။ ဒါ့အပြင် ဒီပင်လယ်ခရုကြီးတွေက... တစ်မျိုးလေး ထူးခြားနေသလို သူမ ခံစားရတယ်။


မောင်နှမနှစ်ယောက် ကမ်းစပ်ကိုပြန်ပြီး မြို့ပေါ်ကို ငါးသွားရောင်းဖို့အတွက် သယ်ယူပို့ဆောင်ရေး အစီအစဉ်ကို တိုင်ပင်နေကြတယ်။


ဒါပေမယ့် လှေကို လှည့်ဖို့ ပြင်လိုက်စဉ်မှာတင် ပေါ်ရင်က ရေအောက်ကနေ ဧရာမ သတ္တဝါကြီးတစ်ကောင် အရှိန်အဟုန်နဲ့ နီးကပ်လာတာကို အာရုံရလိုက်ပြန်တယ်။ သူမ ချက်ချင်းပဲ လက်ကို ပင်လယ်ရေထဲ နှစ်လိုက်တော့တယ်။


သူမရဲ့ လက်ဝါးပြင်ကနေ ရေစီးကြောင်းကြိုးတွေ ဖြာထွက်သွားပြီး ရေအောက်က ကပ်လာတဲ့ ဧရာမ သတ္တဝါကြီးကို တုတ်တုတ်မျှ မလှုပ်နိုင်အောင် ရစ်ပတ် တုပ်နှောင်လိုက်တယ်။


တော်သေးတာပေါ့... သူမ လက်မြန်သွားလို့။ ဘာလို့လဲဆိုတော့ အဲ့ဒီသတ္တဝါကြီးက ငါးပါးနီအုပ်နောက်ကို လိုက်အမဲဖြတ်တဲ့ ငါးရွက်တိုက် (Marlin) ကြီး ဖြစ်နေလို့ပဲ။ သူ့ရဲ့ ချွန်ထက်ပြီး ရှည်လျားလှတဲ့ နှုတ်သီးကြီးက သူတို့ရဲ့ သစ်သားလှေလေးကို စက္ကန့်ပိုင်းအတွင်းမှာတင် အပေါက်ကြီးဖြစ်အောင် ထိုးဖောက် ပစ်နိုင်တယ်လေ။


တကယ်လို့ လှေပေါက်သွားရင်တော့... သူမကတော့ စွမ်းအားရှိလို့ ဘာမှမဖြစ်ပေမယ့် အစ်ကိုဖြစ်သူကို ပင်လယ်ပြင်ကြီးထဲ ဆွဲခေါ်သွားရမှာက အတော်လေး ဒုက္ခများမယ့် ကိစ္စပဲ။


ချန်ပေါင်အန်းကတော့ ဘာတွေဖြစ်ပျက်နေမှန်း ဝေခွဲမရသေးဘူး။ သူ့ညီမလေးက ရေထဲ လက်နှစ်ပြီး ငြိမ်သက်နေတာကို ကြည့်ပြီး မျက်မှောင်ကုတ်ကာ ဇဝေဇဝါ မေးလိုက်တယ် -

"ပေါ်ရင်... ညည်းလက်က ဘာဖြစ်လို့လဲ"

သူမ အစ်ကိုဖြစ်သူကို မော့ကြည့်လိုက်ပြီး ဘယ်လို ဆင်ခြေပေးရမလဲ တွေးနေမိတယ်။ 'အစ်ကိုကြီး... လှေအောက်မှာ ငါးရွက်တိုက်ကြီး ရှိနေလို့ ညီမလေးရဲ့ ရေကြိုးစွမ်းအားနဲ့ ချည်ထားတာ' လို့တော့ သွားပြောလို့ မဖြစ်ဘူးလေ။


"ရှစ်ယောက်မြောက် ဦးလေးရဲ့ လှေနဲ့ ဆုံရတာ တကယ် ကံကောင်းတာပဲဗျာ"

ဒီဇယ်အင်ဂျင်ရဲ့ တဒုန်းဒုန်း မြည်သံကြီးကို ကျော်လွန်ပြီး ချန်ပေါင်အန်းက ထိုလူလတ်ပိုင်း အမျိုးသားကြီးကို စိတ်လှုပ်ရှားစွာနဲ့ ကျေးဇူးတင်စကား ဆိုလိုက်တယ်။


 "ကျွန်တော်တို့ သစ်သားလှေလေးနဲ့ဆိုရင် ဒီငါးတွေကို အကုန် သယ်နိုင်မှာ မဟုတ်ဘူး"


ချန်ပေါ်ရင်ကတော့ ဘေးနားမှာ ရပ်ရင်း သင်္ဘောသားတွေ ငါးရွက်တိုက်ကြီးကို ကိုင်တွယ်နေတာကို စောင့်ကြည့်နေမိတယ်။ ငါးရဲ့ အသားအရည် အရည်အသွေး မပျက်စီးစေဖို့အတွက် ဖမ်းမိပြီးတာနဲ့ ချက်ချင်း သွေးဖောက်ပြီး ရေခဲရိုက်ထားရတာ ဖြစ်တယ်။


ဒါမှမဟုတ်ရင် အသားက ညှီသွားပြီး ဈေးကောင်း ရတော့မှာ မဟုတ်ဘူး။ သူတို့ရဲ့ သစ်သားလှေလေးမှာ ချည်နှောင်ထားဆဲဖြစ်တဲ့ ငါးပါးနီပုံးတွေကိုတော့ ဒီဇယ်ငါးဖမ်းလှေကြီးရဲ့ နောက်ကနေ တွဲပြီးဆွဲ ခေါ်လာခဲ့ကြတယ်။


ဒီငါးဖမ်းလှေကြီးရဲ့ ပိုင်ရှင်ကတော့ ရှစ်ယောက်မြောက် ဒေါ်လေးရဲ့ ခင်ပွန်း နှင့် သုံးယောက်မြောက် ဦးလေးရဲ့ သားတို့ ဖြစ်တယ်။ သုံးယောက်မြောက် ဦးလေးမှာ သားနှစ်ယောက်ရှိပြီး နှစ်ယောက်လုံးက ရှန်းကျိန်းမြို့မှာ အလုပ်လုပ်ကြတာ၊ ဒီငါးဖမ်းလှေက အဲ့ဒီ ညီအစ်ကိုနှစ်ယောက် ပိုင်တာ ဖြစ်တယ်။


ပေါ်ရင်နဲ့ သူ့အစ်ကိုအတွက်တော့ တကယ့်ကို အချိန်ကိုက်ပါပဲ။ ပေါ်ရင်တစ်ယောက် ငါးရွက်တိုက်ကြီးကို ဖမ်းပြီးလို့ အစ်ကိုဖြစ်သူကို ဘယ်လို ဆင်ခြေပေးရမလဲ စဉ်းစားနေတုန်းမှာတင်  ဦးလေးရှစ်ရဲ့လှေက ရှန်းကျိန်းကနေအပြန် ဒီလမ်းကနေ ကံသီချင်တော့ ဖြတ်မောင်းလာခဲ့တာ။ အစ်ကိုဖြစ်သူကလည်း ချက်ချင်းပဲ အကူအညီလှမ်းတောင်းလိုက်လို့ အခုလို မြင်ကွင်းမျိုး ဖြစ်လာရတာပေါ့။


 ဦးလေးရှစ်က ချန်ပေါင်အန်းရဲ့ ပုခုံးကို အားရပါးရ ပုတ်လိုက်ရင်း -


"မင်းကတော့ တကယ့် ဉာဏ်ကြီးရှင်ပဲ ဟေ့။ သစ်သားလှေအစုတ်လေးနဲ့ ဒီလို အကောင်ကြီးကို မိအောင် ဖမ်းနိုင်တယ်ပေါ့။ ဒီငါးရွက်တိုက်ကို မြို့နယ်ဈေးမှာ သွားရောင်းရင်တော့ ဈေးကောင်းရမှာ မဟုတ်ဘူး။ ငါလည်း ဒီနေ့ အားနေတာနဲ့ပဲ မြို့ကြီးပေါ်အထိ လိုက်ပို့ပေးမယ်"


ချန်ပေါင်အန်းလည်း မငြင်းတော့ပါဘူး။ ငါးရောင်းရတဲ့ ပိုက်ဆံထဲကနေ  ဦးလေးရှစ် ရဲ့ လှေအတွက် ဒီဇယ်ဆီ အပြည့် ဖြည့်ပေးလိုက်မယ်လို့ စိတ်ထဲကနေ ဆုံးဖြတ်လိုက်တယ်။


ဒီနေ့ကတော့ သူတို့အတွက် တကယ့်ကို ကံထူးတဲ့နေ့ပဲ။

မြို့ကို မရောက်ခင်မှာတင် ပင်လယ်ပြင်ရဲ့ မိုးကုတ်စက်ဝိုင်းဆီကနေ ဇိမ်ခံရွက်လှေ (Yacht) အချို့ ထွက်ပေါ်လာတာကို တွေ့လိုက်ရတယ်။ ကြည့်ရတာ အပျော်စီးထွက်လာတဲ့ သူဌေးကြီးတွေရဲ့ အုပ်စုပဲ ဖြစ်ရမယ်။


ပေါ်ရင်က လှေကုန်းပတ်ပေါ်မှာ ရပ်နေရင်း အဲ့ဒီဇိမ်ခံရွက်လှေပေါ်က လူတွေက မှန်ပြောင်းတွေနဲ့ သူတို့ဆီကို လှမ်းကြည့်နေတာကို သတိထားမိလိုက်တယ်။ မိနစ်ပိုင်းအတွင်းမှာတင် အဲ့ဒီရွက်လှေတွေက သူတို့လှေအနား ကပ်လာပြီး ငါးဈေး စကားပြောကြတော့တယ်။


မျှော်လင့်ထားတဲ့အတိုင်းပါပဲ... သူတို့က ငါးရွက်တိုက်ကြီးကို ဝယ်ချင်နေကြတာ။ ငါးက နှုတ်သီးရှည်ကြီးကို မပါဘဲ တိုင်းတာရင်တောင် တစ်မီတာကျော်ကျော် ရှိပြီး လတ်လတ်ဆတ်ဆတ်ကြီးမို့ ချမ်းသာတဲ့သူတွေ စိတ်ဝင်စားတာ မဆန်းပါဘူး။


သူတို့က ဈေးတောင် ဆစ်မနေပါဘူး။ ယွမ် နှစ်ထောင်ကို ချက်ချင်း ထုတ်ပေးပြီး ငါးကို ယူသွားကြတော့တယ်။ တစ်ပွဲလုံး ပြီးသွားတာ တစ်ဆယ့်ငါးမိနစ်တောင် မပြည့်ချင်ဘူး... ပေါ်ရင်တစ်ယောက် ဆွံ့အလို့ ကျန်ရစ်ခဲ့ရတယ်။


'ချမ်းသာတဲ့သူတွေရဲ့ ကမ္ဘာကတော့ တကယ့်ကို ကွာခြားလွန်းပါတကား' လို့ သူမ စိတ်ထဲက တွေးမိလိုက်တယ်။

သူတို့ရဲ့ စကားပြော လေယူလေသိမ်းအရဆိုရင် ဟောင်ကောင်က လာတဲ့သူတွေ ဖြစ်ရမယ်။


ဇိမ်ခံရွက်လှေတွေ ထွက်ခွာသွားပြီးတဲ့နောက် အစ်ကိုကြီး ချန်က -


"ဟိုတစ်နေ့က ငါးကရုဝေကြီးကို ဝယ်သွားတာလည်း သူတို့ပဲလေ" ဟု အတည်ပြုပေးခဲ့တယ်။

သူတို့ ငါးကိုမြင်တာနဲ့ ဘာလို့ အလုအယက် ပြေးလာလဲဆိုတာ မဆန်းတော့ပါဘူး။ သူတို့က အစ်ကိုကြီးကို မှတ်မိနေကြတာကိုး... ဒါကြောင့်မို့လည်း တိုက်ရိုက် တန်းလာဝယ်ကြတာ။


ဒါပေမယ့်လည်း အဲ့ဒီရွက်လှေတွေ ကပ်လာတုန်းက အချမ်းသာဆုံးနဲ့ အလှဆုံး ရွက်လှေကြီးပေါ်ကနေ လူတစ်ယောက်က သူမကို စူးစူးစိုက်စိုက် စိုက်ကြည့်နေတာကို ပေါ်ရင် သတိထားမိလိုက်တယ်။ အဲ့ဒီအကြည့်က တစ်မျိုးကြီးပဲ... ဖော်ပြရခက်ပေမယ့် သူမကို စိတ်မသက်မသာ ဖြစ်စေတယ်။


သူမအနေနဲ့ ဟောင်ကောင်က ဘယ်သူ့ကိုမှ မသိတာမို့ စိတ်ထင်လို့နေမှာပါဆိုပြီးပဲ လျစ်လျူရှုလိုက်တော့တယ်။


ဒါပေမယ့်လည်း ပေါ်ရင်ရဲ့ အာရုံခံစားမှုက မှန်ကန်နေခဲ့ပါတယ်။ အဲ့ဒီ အဆန်းပြားဆုံး ဇိမ်ခံရွက်လှေကြီးပေါ်မှာ အရပ်ရှည်ရှည်၊ ရုပ်ချောချောနဲ့ အမျိုးသားတစ်ယောက်ဟာ သူမကို တကယ်ပဲ စူးစိုက်ကြည့်နေခဲ့တာ ဖြစ်တယ်။ ရွက်လှေတွေ အဝေးကို ပျောက်ကွယ်သွားတဲ့ အခါကျမှသာ သူက အကြည့်ကို လွှဲလိုက်တယ်။ ဒါပေမယ့် ပေါ်ရင်ရဲ့ ပုံရိပ်ကတော့ သူ့ရဲ့ စိတ်ထဲမှာ စွဲထင်ကျန်ရစ်ခဲ့ပြီ။ သူ အခု လက်ရှိ ကိုင်တွယ်နေတဲ့ စီးပွားရေးကိစ္စတွေ ပြီးသွားတာနဲ့... သူ့ရဲ့ သံသယအချို့ကို အတည်ပြုနိုင်ဖို့အတွက် အဲ့ဒီမိန်းကလေးကို မဖြစ်ဖြစ်အောင် ပြန်ရှာဖွေမယ်လို့ စိတ်ပိုင်းဖြတ်လိုက်တော့တယ်။


ငါးရွက်တိုက်ကြီးကို ရောင်းပြီးတဲ့နောက် ပေါ်ရင်နဲ့ သူ့အစ်ကိုက မြို့ကြီးကို မသွားတော့ဘဲ မြို့နယ်ဈေးကိုပဲ တန်းသွားပြီး ငါးပါးနီ အကောင်တစ်ရာကျော်ကို ရောင်းချလိုက်ကြတယ်။ ပြီးတော့မှ ရှစ်ယောက်မြောက် ဦးလေးရဲ့ လှေနဲ့ပဲ ငါးဖမ်းကွက်ဆိပ်ကမ်းကို ပြန်လာခဲ့ကြတယ်။


သူတို့က  ဦးလေးရှစ်ကို ကျေးဇူးတင်စကား ပြောကြားပြီး၊ ငါးရွက်တိုက် မိတဲ့ကိစ္စကို လျှို့ဝှက်ပေးထားဖို့ တောင်းဆိုကာ အိမ်ကို အပြေးအလွှား ပြန်လာခဲ့ကြတော့တယ်။


သူတို့မိသားစုက ငါးရွက်တိုက်ကြီး မိတဲ့အကြောင်းနဲ့ ယွမ် နှစ်ထောင် ရလာတဲ့အကြောင်း ကြားရတော့ တကယ့်ကို ဝမ်းသာအားရ ဖြစ်သွားကြပြီး  ဦးလေးရှစ်ရဲ့ ကူညီမှုအတွက်လည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေကြတယ်။ အဲ့ဒီအချိန်မှာတင် အစ်ကိုကြီး ချန်က သူ့အဖေကို လှေအကြီးကြီးတစ်စီးသာ ရှိရင် ဒီထက်မက ပိုက်ဆံရနိုင်ကြောင်း တတွတ်တွတ်နဲ့ ရင်ဖွင့်နေတော့တယ် -


"အဖေ... လှေအကြီးကြီး ရှိရင် တကယ် ကောင်းမှာဗျာ။ ဒီနေ့ ငါးပါးနီတွေချည်းပဲတောင် ယွမ် နှစ်ရာကျော် ရတာ။ တကယ်လို့ ငါးအုပ်ကြီးတစ်ခုလုံးကိုသာ မိအောင် ဖမ်းနိုင်ရင် ပေါင်ချိန် ထောင်ချီပြီး အသာလေး ရနိုင်တယ်"

ပေါ်ရင်လည်း ဒီအခွင့်အရေးကို သုံးပြီး မိဘတွေကို အတင်း တိုက်တွန်းတော့တယ်... သူတို့ အဲ့ဒီ ငါးဖမ်းလှေအကြီးကြီးကို မဖြစ်ဖြစ်အောင် ငှားရမယ်လေ။


ဒီနေ့ 'ရေဓာတ်အဆီအနှစ်' နဲ့ စမ်းသပ်ခဲ့တာက ငါးကြီးတွေကို တကယ့်ကို ဆွဲဆောင်နိုင်တယ်ဆိုတာ သက်သေပြလိုက်တာပဲ။ တကယ်လို့ ဒီလို တန်ဖိုးရှိတဲ့ ငါးတွေကို နေ့တိုင်း ဖမ်းမိနိုင်ရင်... နှစ်လမပြည့်ခင်မှာတင် ငါးဖမ်းကွက်ကို ကန်ထရိုက်ယူဖို့ လိုအပ်တဲ့ ငွေတွေကို အသာလေး စုမိသွားမှာ။


သူမ စကားပြောရင်းနဲ့ပဲ ဒီနေ့ရလာတဲ့ ယွမ် နှစ်ထောင်ကို ထုတ်လိုက်ပြီး အစ်ကိုကြီးကို တစ်ဝက် ခွဲပေးလိုက်တယ်။

ချန်ပေါင်အန်းကတော့ သဘာဝအတိုင်း ငြင်းတာပေါ့... ဒါပေမယ့် ပေါ်ရင်က အတင်း ပေးခဲ့တယ်။ အစ်ကိုကြီးက တကယ့်ကို ပင်ပင်ပန်းပန်း လုပ်ခဲ့ရတာလေ၊ ပြီးတော့ နောက်ပိုင်း ပင်လယ်ဝေးထွက်ပြီး ငါးဖမ်းရင်လည်း လုပ်အားအပေါ် မူတည်ပြီး မျှမျှတတ ခွဲဝေပေးဖို့ သူမ စိတ်ကူးထားတာ။


မိသားစုကတော့ သူမကို ပိုက်ဆံတွေ အများကြီး သိမ်းထားစေချင်ပေမယ့်... သူမကတော့ ဒီငါးဖမ်းလုပ်ငန်းကို ကန်ထရိုက်ယူပြီး မိသားစုရဲ့ ဘဝကို မြှင့်တင်ပေးချင်တာ။ ဒီလို အခွင့်အရေးမျိုးကိုတော့ သူမ ဘယ်တော့မှ လက်လွတ်ခံမှာ မဟုတ်ဘူး။


ဒါ့အပြင် လှေအကြီးကြီး ရှိရင် မြို့ပေါ်အထိ တန်းသွားရောင်းပြီး ပိုကောင်းတဲ့ ဈေးနှုန်းတွေကို ရနိုင်သေးတယ်။


 ဒီနေ့ သူမ ကျောက်ဆောင်ဘက်ကို မသွားခဲ့ပေမယ့်... လူတွေက သူမရဲ့ နေရာဟောင်းအတွက် အလုအယက် လုဖမ်းရင်း ခေါင်းတွေ ကွဲ၊ သွေးတွေထွက်တဲ့အထိ ရန်ဖြစ်နေကြတယ်လို့ ကြားခဲ့ရတယ်။


ဒါကြောင့်မို့လည်း သူတို့ ငါးတွေ အများကြီး မိနေတဲ့ကိစ္စကို လျှို့ဝှက်ထားတာက အကောင်းဆုံးပဲ။ တကယ်လို့ သူတို့ ငါးဖမ်းကွက်ကို မပိုင်ဆိုင်ရသေးခင် တခြားသူတွေ သိသွားရင် မလိုလားအပ်တဲ့ ပြဿနာတွေ၊ မနာလိုမှုတွေ ဝင်လာနိုင်တယ်လေ။


ပေါ်ရင်နဲ့ သူ့အစ်ကို သဘောတူညီမှု ရသွားတာကို မြင်တော့ ရွှီအာမေ ကလည်း ဝင်မရှုပ်တော့ပါဘူး။ သူမက လှေပေါ်က ပါလာတဲ့ ငါးတွေကို ရွေးထုတ်ဖို့ ကုန်းငုံ့ကြည့်လိုက်စဉ်မှာပဲ ဧရာမ ပင်လယ်ခရုကြီး အချို့ကို တွေ့သွားပြီး နှမြောတသစွာ အော်လိုက်မိတယ် -


"ဟယ်... ဒါတွေကို ဘာလို့ မရောင်းခဲ့တာလဲ။ အိမ်မှာ ချက်စားဖို့ဆိုရင်တော့ နှမြောစရာကြီး အကောင်တွေက!"

ပေါ်ရင် တခိခိ ရယ်လိုက်ရင်း -

"ကျွန်မတို့ မိသားစု အတူတူ အရသာရှိရှိ စားရတာပဲ... ဘာလို့ နှမြောစရာ ရှိရမှာလဲ အမေရဲ့။ အမေတို့ကလည်း... ကျွန်မတို့က တစ်ခါတလေကျရင် ကောင်းကောင်းမွန်မွန် စားသင့်တာပေါ့။ ငါးဖမ်းသမား ဖြစ်ပြီးတော့မှ အကောင်းစား ပင်လယ်စာတွေကို တစ်ခါမှ မစားဖူးဘူးဆိုရင် ဘာ အဓိပ္ပာယ် ရှိတော့မှာလဲ"


ဒါက တကယ့်ကို ရင်နာစရာကောင်းတဲ့ အမှန်တရားပဲ... ရွာသားအများစုက သူတို့ဖမ်းမိတဲ့ အရသာရှိတဲ့ ပင်လယ်စာတွေကို ကိုယ်တိုင် မစားရက်ကြဘဲ ပိုက်ဆံရဖို့အတွက်ပဲ အကုန် ရောင်းပစ်ကြတာ။ ပေါ်ရင်ကတော့... သူမ ပိုက်ဆံရှာတယ်ဆိုတာ မိသားစုဝင်တွေကို အရသာရှိတာတွေ ကျွေးချင်လို့လေ။ ဒါကြောင့်မို့လည်း မိသားစုကို ဒုက္ခခံပြီး မစားမသောက်ဘဲ နေခိုင်းမှာ မဟုတ်ဘူး။


"အိုးဟို... ဒီခရုကြီးတွေက တကယ့်ကို စားချင်စရာလေးတွေပဲ။ ညည်းတို့ရဲ့  ဦးလေးနှစ် နေ့လယ်စာအတွက် တောင့်တနေတဲ့ ချဉ်စပ်အစိမ်းသုပ် (Raw Marinated) လေး လုပ်စားဖို့ တကယ့်ကို အကွက်ပဲ..."


ပေါ်ရင်တစ်ယောက် ရင်းနှီးနေတဲ့ အသံကြီးကြောင့် စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်မိတယ်။ ဟော... ဟို အရှက်မရှိတဲ့  ဒေါ်လေး ရောက်လာပြန်ပြီ။ အိမ်ဝင်းထဲကို သူမအိမ်လိုလို ဘာလိုလိုနဲ့ အတင်းဝင်လာပြီး ခရုဇလုံကြီးဆီကို လက်က အလိုလို ရောက်လာတော့တာပဲ။


လုံးဝ မရဘူး။ ခရုတွေက တန်ဖိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ... ပေါ်ရင်ကတော့ အဲ့ဒီဒေါ်လေးကို လုံးဝ အချောင်နှိုက်ခွင့် ပေးမှာမဟုတ်ဘူး။ ရွှီအာမေကလည်း ချက်ချင်း လက်သွက်ခြေသွက်နဲ့  ဒေါ်လေး လက်မတင်လေးမှာတင် ခရုဇလုံကြီးကို ဆွဲလုယူလိုက်တော့တယ်။


 ဒေါ်လေးကတော့ တန်ဖိုးရှိတဲ့ အရာကြီးတစ်ခုကို အလုခံလိုက်ရသလိုမျိုး မျက်နှာ ပျက်သွားရှာတယ်။ ပေါ်ရင်ကတော့ စိတ်တိုတိုနဲ့ပဲ အဲ့ဒီ ဇလုံကြီးကို ယူလိုက်ပြီး... ဒီ  ဒေါ်လေးရဲ့ မိသားစုကို အပြတ်အသတ် ကတောက်ကဆ ဖြစ်ပြီး ရှင်းပစ်မယ့် နေ့ကို စိတ်ထဲကနေ ကြိုတင် ကြံစည်နေတော့တယ်။


သူမရဲ့ အဖေကလည်း မျက်နှာ ညိုမည်းသွားပေမယ့်... ဒေါ်လေးက သူ့ရဲ့ ညီအရင်းရဲ့ ဇနီး ဖြစ်နေတာကြောင့် ဘာမှမပြောဘဲ ပါးစပ်ပိတ်နေခဲ့တယ်။


သူ့ရဲ့ အစ်ကိုကြီးနဲ့ မရီးဖြစ်သူတို့ရဲ့ တင်းမာနေတဲ့ မျက်နှာပေးတွေကို မြင်တော့  ဒေါ်လေးလည်း နေရခက်စွာနဲ့ တတွတ်တွတ် ညည်းတွားလိုက်တယ် -

"ပင်လယ်ခရု အနည်းငယ်လေးကိုပဲ... ဘာဖြစ်လို့ ဒီလောက်တောင် အရေးလုပ်ပြီး ရန်ရှာနေကြတာလဲ မသိဘူး"


ပြောပြောဆိုဆိုနဲ့ပဲ သူမ အမြန် လစ်ထွက်သွားတော့တယ်။ အိမ်ကို ရောက်လို့ လင်ဖြစ်သူက ဘာကိစ္စ ထူးလဲလို့ မေးတဲ့အခါကျမှပဲ သူမ... နဖူးကို ဖြတ်ခနဲ ရိုက်လိုက်မိပြီး သတိရတော့တယ်။ အချောင်လိုချင်စိတ်တွေ ကြီးစိုးနေလွန်းလို့ အစ်ကိုကြီးတို့ အိမ်ကို သွားရတဲ့ မူလ အကြောင်းအရင်းကို လုံးဝ မေ့သွားခဲ့တာကိုး။


ချန်ရှောင်းချန် တစ်ယောက် ဒေါသတကြီးနဲ့ သူ့ဇနီးကို အကြီးအကျယ် ဆူပူကြိမ်းမောင်းတော့တယ်။ နောက်ဆုံးတော့ သူကိုယ်တိုင်ပဲ အစ်ကိုကြီးတို့အိမ်ကို သွားပြီး ရှင်းပြဖို့ကလွဲလို့ အခြားနည်းလမ်း မရှိတော့ဘူးလေ။ သူက မူလကတော့ အစ်ကိုကြီးကို အရက်ဖိတ်တိုက်ရင်း အေးအေးဆေးဆေး တိုင်ပင်ဖို့ စိတ်ကူးထားတာ။


 တကယ်လို့ အစ်ကိုကြီးသာ ကူညီဖို့ သဘောတူရင်... သူ ပိုက်ဆံကိစ္စအတွက် သိပ်ပြီး ပူစရာလိုတော့မှာ မဟုတ်ဘူး။


အဲ့ဒီအချိန်မှာတော့ ပေါ်ရင်တစ်ယောက် ဒေါ်လေးနှစ်ရဲ့ မိသားစုက ဘာတွေ ကြံစည်နေမှန်း လုံးဝ မသိသေးပါဘူး။ သူမက ရေတွင်းနားမှာ ဆောင့်ကြောင့်ထိုင်ရင်း ပင်လယ်ခရု ဇလုံကြီးကို ကိုင်ထားကာ... ခရုတွေကို ခွာဖို့အတွက် ကိရိယာတန်ဆာပလာတွေ ယူခဲ့ပေးဖို့ အစ်ကိုဖြစ်သူကို လှမ်းအော်ခေါ်လိုက်တော့တယ် ......