" အမှန်တရား နှင့် ဒူးထောက်ခြင်း "_အခန်း ၁၄
Viewers 323



"ဘာတွေဖြစ်နေတာလဲ"

ဖန်ဟိုင်ဖန်းက သူ့ကို အခန်းထဲပေးဝင်လိုက်ရင်း အိစက်ညက်ညောလှသည့် ဆိုဖာပေါ်တွင် ဝင်ထိုင်ကာ မျက်လုံးအစုံကို ဝိုင်းစက်လျက် ပြောလိုက်သည်။


"ငါ အခုမှ တိုးတက်မှုလေး နည်းနည်းရလာတာကို ဘာလို့ လက်လွှတ်လိုက်ရမှာလဲ"


လုယုံကျန်း မျက်မှောင်ကြုတ်လိုက်မိသည်။ လီမင်လန် ရုတ်တရက် ပေါ်ပေါက်လာခြင်းက သူ့ကို အံ့အားသင့်သွားစေရုံသာမက သူ သတိမမူမိဘဲ ကျော်လွန်သွားခဲ့သည့် အရေးကြီးသော သဲလွန်စတစ်ခု ရှိနေကြောင်း ထင်ထင်ရှားရှား ညွှန်ပြနေသည်။

ဤသို့ မဖြစ်သင့်ခဲ့ပါချေ။


"ပထမဆုံးအနေနဲ့ လီမင်လန်အကြောင်းကို စုံစမ်းစမ်း"

သူက ဆိုဖာလက်တင်ပေါ်ကို လက်ချောင်းများဖြင့် ခပ်ဖွဖွလေး တောက်ရင်း အမိန့်ပေးလိုက်သည်။


"သူမနဲ့ ချန်ချန်းကြားမှာ ပတ်သက်နေတဲ့သူတွေဆီကနေ စပြီး ရှာကြည့်"


"ခဏလေးနေဦး"


ဖန်ဟိုင်ဖန်းသည် ထိုနာမည်ကို ဒုတိယအကြိမ်မြောက် ကြားလိုက်ရချိန်တွင် ရုတ်တရက် ရင်းနှီးနေသလို ခံစားလိုက်ရသည်။


သူသည် နံရံတွင် ချိတ်ထားသော လက်ဆွဲအိတ်ကို ဖြုတ်ယူလိုက်ပြီး ဖောင်းကားနေသော မနီလာစာအိတ်ညိုတစ်လုံးကို ဆွဲထုတ်ကာ စက္ကူစုတ်များကို စားပွဲပေါ်သို့ ပုံချလိုက်သည်။


"နေဦး... ငါ ကြည့်ပါရစေဦး။ ဒီနာမည်က အရင်က တစ်ခါ ပေါ်ဖူးသလိုပဲ"


စာအိတ်ထဲမှ စက္ကူစုတ်လေးများပေါ်တွင် လုယုံကျန်းက သူ့ကို သင်ကြားပြသပေးခဲ့ဖူးသည့် မှတ်စုများ ရှိနေသည်။ အချို့မှာ လုယုံကျန်း၏ ညွှန်ကြားချက်အရ အလျင်အမြန် ချရေးထားသော မှတ်စုများဖြစ်ပြီး အချို့မှာ ထျန်းရှောင်အော်နှင့် အခြားသော ညီအစ်ကိုများက လှမ်းပေးလိုက်သည့် မည်သူမျှ ဖတ်၍မရနိုင်လောက်အောင် ရှုပ်ထွေးပွေလီလှသော လက်ရေးအက္ခရာများ ဖြစ်ကြသည်။


ခဏမျှ ရှာဖွေပြီးနောက် သူသည် စာရွက်တစ်ရွက်ကို မြှောက်ကိုင်ကာ ကြွားဝါချင်ဟန်ဖြင့် လုယုံကျန်းထံ ကမ်းပေးလိုက်သည်။


"လီမင်လန်ဆိုတာ ချန်ချန်းရဲ့ အတန်းဖော် ချန်ကျောက် ပဲဟ"


ထိုခဏ၌ လုယုံကျန်း၏ ဦးနှောက်ထဲတွင် ပြတ်တောက်နေသော သဲလွန်စတစ်ခုက လျှပ်စစ်ကြိုးနှစ်ခု ထိစပ်သွားသလိုမျိုး ဝင်းခနဲ လက်ခနဲ လင်းပွင့်သွားတော့သည်။


ဪ... ဒီလိုကိုး။


"မင်း ဒါကို ဘာလို့ ကြိုမပြောတာလဲ"


လုယုံကျန်း၏ နက်မှောင်သော မျက်ဝန်းအစုံတွင် ပြင်းထန်ပြီး မုန်တိုင်းထန်လုလု ခံစားချက်တို့က လှိုင်းထလာသည်။ ထိုမျှလောက် ပြင်းထန်သော အကြည့်မျိုးကို ဖန်ဟိုင်ဖန်း တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ၎င်းသည် ဖိအားပေးလွန်းသော အင်အားတို့ဖြင့် ပြည့်နှက်နေသည့် မုန်တိုင်းမတိုက်ခတ်မီ ညတာ၏ ခဏတာ ငြိမ်သက်ခြင်းနှင့်ပင် တူလှတော့သည်။


ဖန်ဟိုင်ဖန်းက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောရှာသည်။


"ဒါက အရေးကြီးမှန်း ငါမှမသိတာ။ အဲဒီ ချန်ချန်းဆိုတဲ့ကောင် ရာထူးဘယ်လိုရလဲဆိုတာကို လိုက်မစုံစမ်းခင်အထိ သူ့မိသားစုနောက်ကြောင်းကို စစ်ဆေးတဲ့နေရာမှာ လီမင်လန်က အရေးပါလိမ့်မယ်လို့ ငါလည်း မတွေးမိခဲ့ဘူး... အာ... သူငယ်ချင်း၊ မင်း ဒီအချက်အလက်ကို လိုလိမ့်မယ်လို့ ငါ တကယ်မသိခဲ့တာပါ"


ဖန်ဟိုင်ဖန်းသည် မသိစိတ်ကပင် တောင်းပန်လိုက်မိသည်။ သူသည် လုယုံကျန်းကို ကြည့်ရင်း မိမိကိုယ်တိုင်ပင် သတိမထားမိဘဲ အသံထဲတွင် တုန်လှုပ်ခြောက်ခြားမှုများ စွက်ဖက်နေတော့သည်။ ငယ်သူငယ်ချင်းဖြစ်သော ဤလူသားသည် ယခုအချိန်တွင် အလွန်ပင် စိမ်းသက်လွန်းနေပြီး သူ့အဖေ စိတ်ဆိုးဒေါသထွက်သည်ထက်ပင် ပို၍ ကြောက်စရာကောင်းနေ၏။


အခန်းငယ်လေးထဲတွင် ခဏမျှ တိတ်ဆိတ်ခြင်းက ကြီးစိုးသွားသည်။ အပေါ်ထပ် အခန်းငယ်လေးဆီသို့ ဦးတည်ထားသည့် ကျဉ်းမြောင်းသော လှေကားထစ်များပေါ်မှ ဖန်ဖေဖေ သတင်းစာဖတ်ရင်း စိတ်ကျေနပ်စွာ ညည်းညူလိုက်သော အသံသဲ့သဲ့လေးတစ်ခုသာလျှင် ဤငြိမ်သက်နေသော လေထုထဲ၌ တစ်ခုတည်းသော နောက်ခံအသံအဖြစ် ကျန်ရစ်တော့သည်။


လုယုံကျန်းက သူ့ကို တစ်ချက်ကြည့်ကာ လက်ကို ခါယမ်းပြလိုက်ရာ မျက်ဝန်းထဲမှ ဝေ့ဝဲနေသော ပြင်းထန်သည့် စိတ်လှုပ်ရှားမှုများက ချက်ချင်းဆိုသလိုပင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားပြီး လေထုသည်လည်း ပြန်လည်ပေါ့ပါးသွားတော့သည်။


သူက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဆောရီး၊ ငါ့အမှားပါ"


သူသည် လက်အောက်ငယ်သားများက ပေးလာသမျှ အချက်အလက်အသေးစိတ်ကို လက်ခံပြီးမှ မည်သည့်အရာက အသုံးဝင်သည်၊ မဝင်သည်ကို ကိုယ်တိုင် ဆုံးဖြတ်လေ့ရှိသည့် အကျင့်အတိုင်း ဖြစ်သွားခြင်းပင်။


သူ ယခုပြောင်းလဲသွားသော အခြေအနေသစ်ကို ချက်ချင်း အသားမကျသေးခြင်း ဖြစ်သည်။


"ငါ့အမှားမို့လို့ မင်း အပြစ်ရှိသလို ခံစားမနေပါနဲ့"


လုယုံကျန်းသည် စက္ကူစုတ်များပေါ်မှ ရှုပ်ပွနေသော လက်ရေးများကို ငေးကြည့်လိုက်သည်။ လီမင်လန်၏ အိမ်လိပ်စာသည် စန်းကျူမြို့နယ်နှင့် နှစ်လမ်းကျော်ရုံသာ ဝေးတော့သည်။


"စိတ်ထဲမထားပါနဲ့တော့၊ မနက်ဖြန်မနက်ကျရင် ဒါကို ငါ အကုန်အပြတ်ရှင်းပေးမယ်"


ဖန်ဟိုင်ဖန်းသည် စိတ်ဆိုးလွယ် စိတ်ပြေလွယ်သော လူစားမျိုး ဖြစ်သည်။ လုယုံကျန်းလို မာနကြီးလွန်းသူကပင် သူ့ကို တောင်းပန်ပြီးပြီဖြစ်ရာ သူက ဘာကြောင့် စိတ်ခုနေတော့မည်နည်း။


သူ့စိတ်ထဲတွင် ဘာအငြိုးအတေးမျှ မရှိတော့ဘဲ နေ့ခင်းက လုယုံကျန်းကို ပြောပြခွင့်မရသေးသည့် အချက်အလက်များအကြောင်းကို ဝါကြွားစွာ စတင်ပြောဆိုတော့သည်။


"ငါ ဒီနေ့ ဘာသိလာလဲ သိလား... ခန့်မှန်းကြည့်စမ်း"


လုယုံကျန်းက နားထင်ကို ဖွဖွလေးနှိပ်ရင်း ပြောလိုက်သည်။

"ချန်ချန်းက မိသားစုအသိုင်းအဝိုင်း အဆက်အသွယ်တွေနဲ့ ရာထူးရတာမလား"


"တောက်..."

ဖန်ဟိုင်ဖန်းက အံ့အားသင့်တုန်လှုပ်စွာဖြင့် မျက်လုံးအစုံ ဝိုင်းစက်သွားရင်း သူ့ကို စိုက်ကြည့်လိုက်သည်။


"မင်း ဘယ်လိုသိတာလဲ။ ငါ စုံစမ်းရသလောက်တော့ သူ့အမေက ရွှန်းထိုက်ရုပ်ရှင်ရုံ အကြီးအကဲရဲ့ ဇနီးနဲ့ သူငယ်ချင်းတွေ ဖြစ်နေကြတာ"


"မဆန်းပါဘူး"


လုယုံကျန်းက လက်နှစ်ဖက်ကို ဒူးပေါ်တင်ကာ မတ်တတ်ရပ်လိုက်သည်။

"ငါ ပြန်ရတော့မယ်။ မျက်နှာအမာရွတ်နဲ့ လော် ဘယ်ရောက်နေလဲဆိုတာကို ငါ့အတွက် မျက်ခြေမပြတ် စောင့်ကြည့်ပေးထားဦး၊ ပြီးတော့ ရွှန်းထိုက်အကြီးအကဲရဲ့ အရှုပ်ထုပ်တွေကိုလည်း အမည်းစက်ရှိရင် ရှာထားပေးပါဦး"


ဖန်ဟိုင်ဖန်းက သူ့ကို ပြန်မလွှတ်ချင်သေးပေ။


"မပြန်ပါနဲ့ဦး၊ စောပါသေးတယ်။ ဒါနဲ့... ဒါရိုက်တာလုက မကြာသေးခင်က ငါ့အကြောင်း ထည့်ပြောသေးလား။ ငါ တိုးတက်မှု အများကြီးရနေပြီမလား"


သူက မျှော်လင့်ချက်အပြည့်ဖြင့် သူ့သူငယ်ချင်းကို ကြည့်ကာ လက်နှစ်ဖက်ကို ပွတ်သပ်ရင်း မေးလိုက်သည်။

လုယုံကျန်းက သူ့ခေါင်းကို အသာအယာ ပုတ်လိုက်ရင်း—

"သူ မင်းကို မဆူဘူးဆိုရင်ပဲ မင်းကို ချီးမွမ်းနေတာလို့ မှတ်လိုက်တော့။ ကျေးဇူးတင်စမ်းပါ"


သူက လှည့်ကာ တံခါးကို ဖွင့်ပြီး ညမှောင်မှောင်ထဲသို့ လျင်မြန်စွာပင် တိုးဝင်ပျောက်ကွယ်သွားတော့သည်။


ဤအချိန်တွင် စန်းကျူမြို့နယ်၏ လမ်းကြားငယ်များက ခြောက်ကပ်တိတ်ဆိတ်နေပြီ ဖြစ်သည်။ လူအများစုမှာ ညစာစားပြီးနောက် အိပ်ရာဝင်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။


လုယုံကျန်း အိမ်ပြန်ရောက်သောအခါ သူ့ပစ္စည်းများကို ချလိုက်ပြီး ပေါ့ပါးသော အနက်ရောင် ဝတ်စုံတစ်စုံကို အမြန်လဲလိုက်သည်။ ပြီးနောက် ဗီရိုထဲမှ မကြာသေးမီကမှ သူကိုယ်တိုင် စပ်ထားသော ဆီဆေးဘူးအချို့ကို ထုတ်လိုက်သည်။


လိုက်ကာများကို သေချာဆွဲပိတ်ပြီးနောက် စားပွဲတင်မီးအိမ်လေးကို ဖွင့်ကာ ထိုဆီဆေးများကို သူ့မျက်နှာပေါ်သို့ ကျွမ်းကျင်စွာ လိမ်းကျံလိုက်ပြီး ထင်ရှားပေါ်လွင်သော ရုပ်ရည်သွင်ပြင်များကို ဖုံးကွယ်ကာ ရိုးရိုးရှင်းရှင်းနှင့် သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်အောင် ပြောင်းလဲလိုက်တော့သည်။


အားလုံးပြီးစီးသွားသောအခါ သူက လှေကားထစ်များအတိုင်း တိတ်တဆိတ် ဆင်းလာပြီး ညအမှောင်ထုကို အကာအကွယ်ယူကာ အိမ်ဝင်းနံရံပေါ်သို့ အသံမထွက်ဘဲ တွားတက်လိုက်ပြီးလျှင် မြင့်မားသော တံတိုင်း၏ တစ်ဖက်သို့ လျင်မြန်စွာပင် ခုန်ဆင်းကျော်လွှားသွားခဲ့သည်။


ကျန်းရှောင်ရို့သည် ကျန်းထန်းလေး၏ မှတ်စုများကို ဖတ်ရှုပြီးနောက် မော့အကြည့်တွင် လုယုံကျန်း၏ အခန်းထဲမှ မီးလင်းလာသည်ကို အချိန်ကိုက် မြင်လိုက်ရသည်။ သို့သော် သူမ နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သောအခါတွင်မူ ထိုမီးက ဘာမှမရှိခဲ့ဖူးသည့်အလား မှောင်မည်းသွားခဲ့ပြီ ဖြစ်သည်။


"မမ... အဲဒါတွေကို ကြည့်မနေနဲ့တော့၊ စောစောအိပ်တော့လေ"


ကျန်းထန်းလေးက သစ်သားကာဘုတ်ပြား၏ တစ်ဖက်ခြမ်းမှနေ၍ သူမကို လှမ်းသတိပေးလိုက်သည်။


ကျန်းရှောင်ရို့က ပြန်ထူးလိုက်ပြီး လျောင်းစက်ကာ မညီမညာဖြစ်နေသော မျက်နှာကျက်ကို ငေးကြည့်နေမိသည်။ သူမက သစ်သားပြားကို တောက်တောက်ဟု ခေါက်ရင်း မေးလိုက်သည်။


"ထန်းလေး... မင်း ဒီတနင်္ဂနွေကျရင် မင်းရဲ့ အစ်ကိုကြီးအိမ်ကို သွားဦးမှာလား"


ထိုစကားကို ကြားရုံမျှဖြင့် ကျန်းထန်းလေး စိတ်တက်ကြွသွားသည်။


"သွားရမှာပေါ့၊ ငါ သွားချင်တာပေါ့။ ငါ အစ်ကိုလုကို ကာကွယ်ပေးရမယ်။ မေမေနဲ့ ဖေဖေက ပေးမသွားမှာပဲ ကြောက်တာ၊ ပြီးတော့ ငါ့အစ်ကိုအရင်းကလည်း ငါ့ကို လူစိမ်းဘက်က ကူရမလားဆိုပြီး ဆူမှာကိုလည်း ကြောက်တယ်"


ကျန်းရှောင်ရို့က ရယ်မောလိုက်သည်။


"မင်း အမြဲတမ်း အပြင်ဘက်ကို လက်ညှိုးညွှန်တတ်တာ မင်းကိုယ်မင်း သိသားပဲ၊ ဒါပေမဲ့ မင်းအစ်ကိုကြီးက သူ့ကို ဒုက္ခပေးမှာ မဟုတ်ပါဘူး"


သူမ၏ အစ်ကိုကြီးသည် သူမကို အချစ်ဆုံးဖြစ်သည်။ သူမကသာ စကားဟလိုက်လျှင် သူက လုယုံကျန်းကို ပြဿနာရှာမည် မဟုတ်ချေ။ သို့သော်လည်း သူမနှင့် လုယုံကျန်းကြားရှိ ပတ်သက်မှုများက တဖြည်းဖြန်း ပိုမိုတင်းကျပ်လာနေသည်ကို တွေးမိသောအခါ သူမ ခေါင်းခဲသွားရသည်။ နောင်ကျလျှင် ဤကြိုးကို ဖြေဖျောက်ဖို့ရန် ပို၍ပင် ခက်ခဲလိမ့်ဦးမည်။


ရှုပ်ထွေးလှသော ဤအခြေအနေကို တွေးမိရုံမျှဖြင့် စိုးရိမ်စိတ်တို့ကြောင့် ဦးရေပြားများပင် ထုံကျဉ်လာရသည်။


ထိုသို့သော တွေးပူမှုများဖြင့်ပင် သူမသည် ဟိုဘက်ဒီဘက် လူးလှိမ့်နေရင်း နောက်ဆုံးတွင်တော့ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့တော့သည်။


နောက်တစ်ကြိမ်တွင်လည်း လုယုံကျန်းသည် သူမ၏ အိပ်မက်ထဲသို့ ကျူးကျော်ဝင်ရောက်လာပြန်သည်။


သူမသည် ရှေးဟောင်းဇာတ်လမ်းတစ်ပုဒ်ထဲသို့ ရောက်ရှိနေသကဲ့သို့ ခံစားရပြီး လေးလံသော ကျောက်စိမ်းသရဖူနှင့် ထပ်ဆင့်ထားသော နန်းတွင်းဝတ်စုံများကို ဝတ်ဆင်ထားသည်။ သူမသည် ထိုကဲ့သို့ပင် ဆန်းကြယ်လှသော ဝတ်စုံကို ဝတ်ဆင်ထားသည့် သူ့အနားမှ ဖြတ်လျှောက်သွားချိန်တွင် အရပ်ရှည်ရှည်နှင့် ထိုလူသားက လုံးဝညွတ်ကိုင်းပေးခြင်းမရှိသော မိုးမခပင်ကြီးကဲ့သို့ပင် ငုံ့ကြည့်လာခဲ့သည်။


မကြာမီမှာပင် သူမသည် အခြားအိပ်မက်တစ်ခုထဲသို့ ထပ်မံဝင်ရောက်သွားပြန်သည်။ အသက် ဆယ်နှစ်ထက်မပိုသော ကောင်လေးတစ်ယောက်၏ မျက်နှာတွင် ဖုန်မှုန့်များ ပေကျံနေသော်လည်း မျက်ဝန်းအစုံကမူ တောက်ပနေသည်။ သူသည် ကြွေဖြူပန်းကန်လုံးတစ်လုံးကို ကိုင်ထားပြီး ဆန်ပြုတ်ကို သောက်ရင်း ပြောနေခဲ့သည်။

"ရှောင်ရို့... ဒီဆန်ပြုတ်က တကယ် အရသာရှိတာပဲ"


နောက်တစ်နေ့ နံနက်တွင် သူမ နိုးလာသောအခါ ခေါင်းအုံးလေးမှာ အနည်းငယ် စိုစွတ်နေခဲ့ပြီ ဖြစ်သည်။ ကျန်းရှောင်ရို့၏ စိတ်အစဉ်က အိပ်မက်များထဲမှ လုံးဝမပြတ်သားသေးဘဲ အိပ်မက်တစ်ခုပြီးတစ်ခုမှ ပေးစွမ်းခဲ့သော ဝမ်းနည်းမှုလှိုင်းတံပိုးများကို ခံစားနေရဆဲ ဖြစ်သည်။


"မမ... ထတော့လေ"


ကျန်းထန်းလေး၏ ကျယ်လောင်လှသော ခြေသံများက သစ်သားလှေကားထစ်များပေါ်တွင် ပဲ့တင်ထပ်သွားပြီး သူမကို အိပ်ချင်မူးတူးအခြေအနေမှ ရုန်းထွက်လာစေသည်။


သူက ဝရံတာတံခါးကို ဖွင့်လိုက်သောအခါ အောက်ထပ်မှ ဆူညံသံများက လှိုက်ခနဲ တိုးဝင်လာသည်။ ကျန်းထန်းလေး၏ အသံတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။


"မမ... မြန်မြန်လုပ်။ တစ်ယောက်ယောက်က မမကို လာတောင်းပန်နေတယ်"


ကျန်းရှောင်ရို့က အိပ်ရာပေါ်တွင် ထိုင်လိုက်ရင်း—

"ဘာကို တောင်းပန်တာလဲ"


ကျန်းထန်းလေးက သွားကြိတ်ရင်း ဒေါသတကြီး ခပ်ပြင်းပြင်း အသံဖြင့် ပြောလိုက်သည်။

"မမအကြောင်း သတင်းအမှားတွေ လျှောက်ဖြန့်နေတဲ့ အဲဒီကောင်စုတ်က လာတောင်းပန်နေတာ။ မြန်မြန် ဆင်းလာကြည့်စမ်း"


ကျန်းမိသားစု အိမ်ရှေ့တွင် ဆူညံအုံကြွနေသည်။ အရပ်ရှည်ရှည် အမျိုးသားတစ်ဦးက တံခါးဝတွင် ခေါင်းငုံ့ကာ မတ်တတ်ရပ်နေပြီး သူ့ပတ်ပတ်လည်တွင် စန်းကျူမြို့နယ်မှ ရင်းနှီးသော အိမ်နီးနားချင်းများက ဝိုင်းအုံနေကြသည်။ ထိုအထဲတွင် ယခင်က သတင်းအမှားများကို မီးလောင်ရာလေပင့် လုပ်ခဲ့ကြသူများလည်း ပါဝင်သည်။


သူတို့အထဲတွင် အိမ်နီးနားချင်း အဘွားအိုနှင့် သူမ၏ ချွေးမဖြစ်သူတို့က ပို၍ ပေါ်လွင်နေပြီး နှစ်ယောက်စလုံး၏ မျက်နှာတွင် မခံမရပ်နိုင်ဖြစ်ကာ ဒေါသထွက်နေကြသည့် အမူအရာများ ရှိနေကြသည်။


ကျန်းရှောင်ရို့သည် လှေကား၏ နောက်ဆုံးအဆင့်တွင် မတ်တတ်ရပ်လိုက်စဉ် အဝေးတစ်နေရာမှ လူအုပ်ကြီး၏ အစွန်းတွင် မတ်တတ်ရပ်နေသော လုယုံကျန်းကို အလွယ်တကူပင် လှမ်းမြင်လိုက်ရသည်။


သူမ သူ့ကို မြင်လိုက်ရသည့် ထိုခဏ၌ပင် သူကလည်း သူမဘက်သို့ လှည့်ကြည့်လာခဲ့သည်။ ဘာကြောင့်ရယ်မှန်းမသိ၊ သူ စိတ်အခြေအနေ ကောင်းနေပုံရသည်ဟု သူမ ခံစားလိုက်ရသည်။


သူမ ဆင်းလာသည်ကို သတိပြုမိသွားချိန်တွင် တံခါးဝမှ လူငယ်က မျက်နှာကို မော့လိုက်ရာ သူ့တွင် ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများ ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှသာ ကျန်းရှောင်ရို့သည် ထိုလူ၏ ပါးတစ်ဖက်က ဖူးရောင်နေပြီး နှုတ်ခမ်းထောင့်တွင်လည်း သွေးစိမ်းရှင်ရှင် ထွက်နေကာ မျက်လုံးအထက်တွင်လည်း ညိုမဲစွဲနေသည်ကို သတိပြုမိတော့သည်။


သူ ဘာဖြစ်လာခဲ့သည်ဆိုသည်မှာ တစ်ချက်ကြည့်ရုံမျှဖြင့် ထင်ရှားလှပေသည်။


ထိုခဏ၌ ဝိုင်းကြည့်နေကြသော အိမ်နီးနားချင်းများက ပွက်လောရိုက်သွားကြသည်။

"မင်းက တောင်းပန်ဖို့ လာတာမဟုတ်ဘူးလား။ သူ ရောက်လာပြီပဲ၊ မြန်မြန် တောင်းပန်လိုက်စမ်းပါ"


"ဒီလို သတင်းအမှားတွေ လျှောက်ဖြန့်ရတာ တကယ့်ကို အသိတရား မရှိတာပဲ၊ သနားစရာကောင်းတဲ့ ကောင်မလေးကိုကျတော့ ထည့်မတွေးဘူး"


"ဟုတ်ပတ်၊ တကယ့်ကို နှလုံးသားမရှိတဲ့ကောင်"

ဤအချိန်တွင် ဖေဖေကျန့်နှင့် မေမေကျန့်တို့ကလည်း တံခါးဝတွင် မတ်တတ်ရပ်လျက် ဖြစ်ပျက်နေသည့် အခြေအနေကို ကြည့်ရင်း ဘာပြောရမှန်းမသိဘဲ တုံ့ဆိုင်းနေကြသည်။


လုယုံကျန်းက အပြင်ဘက်တွင် ရှိနေပေးသဖြင့် ကျန်းရှောင်ရို့က သတ္တိမွေးကာ မေးလိုက်သည်။

"ရှင်... ဘယ်သူလဲ"


"လီမင်ချီ"


သူက လက်ဖမိုးဖြင့် နှုတ်ခမ်းထောင့်ကို သုတ်လိုက်စဉ် လက်ဖမိုးပေါ်တွင် သွေးများ စွန်းထင်သွားသည်ကို မြင်လိုက်ရသည်။

သူက ခနဲ့တဲ့တဲ့ဖြင့် နှာခေါင်းရှုံ့လိုက်ရင်း—

"မဆိုးဘူးပဲ၊ ငါ့ကိုတောင် လိုက်ရှာနိုင်တယ်။ ဘယ်နေရာကနေ ရှာတွေ့ခဲ့တာလဲ"


ကျန်းထန်းလေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းက ဘာကောင်မို့လို့လဲ။ မင်းက တောင်းပန်ဖို့ လာတာမဟုတ်ဘူးလား။ တောင်းပန်ပြီးရင်လည်း လစ်တော့။ မကျေနပ်ရင် ငါနဲ့ တစ်ပွဲလောက် နွှဲမလား"


လီမင်ချီ၏ မျက်နှာ ပျက်သွားရသည်။ မနေ့ညက သူ့ကို အသေအလဲ ထုထောင်းပြီးနောက် ထိုလူ ပြောခဲ့သည့် စကားများကို ပြန်လည် အမှတ်ရသွားခြင်း ဖြစ်သည်။


သူ စိတ်မသက်မသာဖြင့် ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်ပြီးနောက် မလိုလားအပ်ဘဲ ငုံ့ကုန်းလိုက်ရင်း—

"ကျန်းရှောင်ရို့... မင်းကို ကွယ်ရာမှာ အိမ်ထောင်ရှိတယ်လို့ ငါ မပြောခဲ့သင့်ဘူး။ ငါ့အမှားပါ။ မင်း ငါ့ကို ရိုက်ချင်သလိုရိုက်၊ ဆဲချင်သလိုဆဲနိုင်ပါတယ်"


ထိုသို့ပြောပြီးနောက် သူက သစ်သီးများ ပြည့်နေသော ပိုက်ကွန်အိတ်ကို ချန်ထားရစ်ခဲ့ကာ မတ်တတ်ပြန်ရပ်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။


"ဒီလောက်ဆို ရပြီလား"


ထိုစကားသည် ဤနေရာတွင် ရှိနေသော တစ်စုံတစ်ယောက်ကို ရည်ရွယ်၍ ပြောလိုက်ခြင်းဖြစ်ပုံရသည်။


အိမ်နီးနားချင်းများက လီမင်ချီကို ဝိုင်းဝန်းပြစ်တင် ဝေဖန်ကြပြန်ရာ ထိုအသံများက ကျန်းရှောင်ရို့အတွက် အလွန်ပင် စိုးရိမ်ပူပန်ပြီး နာကျင်စရာကောင်းသော ခံစားချက်များကို ပြန်လည်နှိုးဆွပေးလိုက်သလို ဖြစ်သွားသည်။ သူ့ထံမှ ပြီးစလွယ် တောင်းပန်မှုက သူမ၏ မျက်ဝန်းများကို နာကျင်မှုများဖြင့် စူးရှသွားစေသည်။


"ရှင်က တကယ် စိတ်ရင်းနဲ့ လာတောင်းပန်တာမှ မဟုတ်တာ။ ဒီလို တောင်းပန်မှုမျိုးက ဘာအဓိပ္ပာယ် ရှိမှာလဲ"


လီမင်ချီက ဂရုမစိုက်ဟန်ဖြင့်—

"ငါလည်း မင်း ရိုက်ချင်ရိုက်၊ ဆဲချင်ဆဲလို့ ပြောပြီးပြီပဲ။ မင်းက ဘာတွေ ပိုလိုချင်နေသေးတာလဲ"


"ဒါဆိုလည်း သူ့ကို ရိုက်လိုက်"

လုယုံကျန်းက လူအုပ်ထဲမှ တိုးထွက်လာပြီး လီမင်ချီ၏ ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။


ရုပ်ပိုင်းဆိုင်ရာအရ ကြည့်မည်ဆိုလျှင် လီမင်ချီသည် လုယုံကျန်းထက် အရပ်မရှည်သော်လည်း သူက ထွားကျိုင်းပြီး အင်္ကျီအောက်မှ ကြွက်သားများက ဖောင်းကြွနေသဖြင့် အလွယ်တကူ ဆော့ကစား၍ရမည့် လူစားမျိုး မဟုတ်ကြောင်း ထင်ရှားနေသည်။


အခြားတစ်ဖက်တွင်မူ လုယုံကျန်းက အရပ်ရှည်ပြီး သွယ်လျကာ ခန့်ညားထည်ဝါလွန်းသဖြင့် ရန်ပွဲများတွင် ပါဝင်ပတ်သက်မည့်သူမျိုးနှင့် လုံးဝမတူချေ။


သို့သော်လည်း လီမင်ချီသည် သတိလက်လွတ် မနေဝံ့ပါချေ။ အဘယ်ကြောင့်ဆိုသော် လုယုံကျန်းသည် စန်းကျူမြို့နယ်တွင် တိုက်ခိုက်ရေးစွမ်းရည် ကောင်းမွန်လွန်းလှသည်ဟု နာမည်ကြီးနေသူ မဟုတ်ပါလား။


သူက လှောင်ပြုံးပြုံးလိုက်ရင်း—

"ဒါက ဘာလဲ... မင်းနဲ့ ဘာမှမတော်စပ်တဲ့သူကို မင်းက ကူညီပေးနေတာပေါ့ ဟုတ်လား"


"အချိန်ဖြုန်းမနေနဲ့"

လုယုံကျန်းက ကိုင်ထားသော အိတ်ကို ကျန်းထန်းလေးထံ လွှဲပစ်ပေးလိုက်ပြီး ခါးကို အနည်းငယ်ညွှတ်ကာ စူးရှသော အကြည့်တို့ဖြင့်—

"မင်း ရှုံးရင် ရှောင်ရို့ရဲ့ ရှေ့မှာ ဒူးထောက်ရမယ်"


"မင်း ရှုံးရင်လည်း ငါ့ရှေ့မှာ ဒူးထောက်ရမှာပဲ"

စကားပင် မဆုံးသေးမီမှာပင် လီမင်ချီက ရှေ့သို့ အဟုန်ပြင်းစွာ တိုးဝင်လာပြီး လုယုံကျန်း၏ ခါးကို ဖက်လျက် သူ့ကို မြေပြင်ပေါ်သို့ ပစ်လှဲရန် ကြိုးပမ်းတော့သည်။


သို့သော်လည်း လုယုံကျန်းက ခါးကို အနည်းငယ် ညွှတ်ကာ တိမ်းစောင်းလိုက်ရာ မည်သူမျှပင် သူ့လှုပ်ရှားမှုကို သဲသဲကွဲကွဲ မမြင်လိုက်ရမီမှာပင် သူသည် လီမင်ချီကို သူ့ကျောပြင်ပေါ်မှတစ်ဆင့် မြေပြင်ပေါ်သို့ အမှိုက်တစ်စကဲ့သို့ပင် ပစ်ချလိုက်တော့သည်။


သူက အလွန်ပင် ကျွမ်းကျင်ညင်သာစွာဖြင့် လီမင်ချီ၏ ရင်ဘတ်ကို ခြေထောက်ဖြင့် နင်းခြေလိုက်သည်။ ၎င်းသည် မနေ့ညက လီမင်လန်၏ လည်ပင်းကို ဆွဲညှစ်ခဲ့သည့် ပုံစံမျိုးနှင့်ပင် ဆင်တူလှပေသည်။


ထိုခဏ၌ စုရုံးလာကြသော လူအုပ်ကြီးက ပိုမိုကြီးထွားလာသည်။

လုယုံကျန်းက သူ့ရင်ဘတ်ကို ခြေထောက်ဖြင့် ဖိနင်းထားသော အားကြောင့် လီမင်ချီသည် သူ့စိတ်ရှည်နိုင်စွမ်းများ လျင်မြန်စွာ ကုန်ဆုံးသွားသလို ခံစားလိုက်ရသည်။ ရန်ပွဲတစ်ခုမှ မည်သည့်အခါမျှ နောက်ဆုတ်လေ့မရှိသော လူစားမျိုးဖြစ်သော်လည်း သူက အကျယ်ကြီး အော်ဟစ်လိုက်ရတော့သည်။


"အေးပါ... ငါ ဒူးထောက်မယ်။ ကျေနပ်ပြီလား"


လုယုံကျန်းက သူ့ခြေထောက်ကို ဖယ်လိုက်ပြီး လီမင်ချီကို လက်တစ်ဖက်တည်းဖြင့် ဆွဲထူကာ ကျန်းရှောင်ရို့၏ ရှေ့သို့ ပစ်ချလိုက်သည်။


လီမင်ချီသည် ကျန်းရှောင်ရို့၏ ရှေ့တွင် တုန်တုန်ရင်ရင်ဖြင့် ဒူးထောက်ကာ တောင်းပန်ရှာသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာအသစ်များနှင့် ဒဏ်ရာအဟောင်းများကို မြင်တွေ့နေရသဖြင့် သူသည် အမှန်တကယ်ပင် သနားစရာကောင်းလှပေသည်။

လုယုံကျန်းက လူအုပ်ကြီးကို ကျော်လွန်၍ ကျန်းရှောင်ရို့ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

"ဒီနေရာကို နောက်တစ်ခါ ဘယ်တော့မှ ခြေဦးမလှည့်နဲ့တော့။ လစ်တော့"


ပြီးနောက် သူက သူမဘက်သို့ လှည့်ကာ လေသံကို ပျော့ပျောင်းလိုက်ရင်း—

"မြန်မြန် မျက်နှာသစ်လိုက်တော့။ မနက်စာစားပြီးရင် ငါ မင်းကို အလုပ်လိုက်ပို့ပေးမယ်"


ကျန်းထန်းလေးက မျောက်တစ်ကောင်လိုမျိုး လုယုံကျန်း၏ လက်မောင်းကို ဖက်တွယ်ထားရင်း အော်ဟစ်လိုက်သည်။


"အစ်ကိုလု... အစ်ကိုက တကယ့်ကို လန်းတာပဲ"


လူတိုင်း မိမိတို့အလုပ်ခွင်သို့ သွားရန် ပြင်ဆင်နေကြပြီဖြစ်ရာ အိမ်နီးနားချင်းများကလည်း တဖြည်းဖြည်းချင်း လူစုခွဲသွားကြတော့သည်။


သို့သော်လည်း စန်းကျူမြို့နယ်၏ လေထုထဲတွင် ပျံ့လွင့်နေသော စကားသံများ၌ ကျန်းရှောင်ရို့အပေါ် စွပ်စွဲထားသည့် ဆိုးရွားလှသော သတင်းအမှားများ တစ်ခုမျှ မပါဝင်တော့ချေ။


ကျန်းရှောင်ရို့၏ မျက်ဝန်းအစုံက ရုတ်တရက် နီမြန်းလာပြီး—

"ကျေးဇူးတင်ပါတယ်"